အပိုင်း ၁၇၃
Viewers 18k

Extra 


Chapter 173


သူက ထိုသို့တွေးနေစဉ်မှာပင် ရမ်ရှန့်က ပန်းကန်လုံးသုံးလုံးနှင့်အတူ ရောက်လာသည်။ ပန်းကန်လုံးများကို အကြီးဆုံးသား၊ ဒုတိယသားနှင့် စတုတ္ထသားတို့ထံ ကမ်းပေးရင်း ကျောက်လင်းယွီကို မေးလိုက်သည်။ 


"ဂျန်ခင်က ဘာလုပ်နေတာလဲ ..." 


"သူက သီးသန့်ပါတီပွဲအတွက် လာဖိတ်နေတာ ကိုယ်တို့နဲ့ စီးပွားရေးလုပ်မယ့်သူတွေ အများကြီး လာကြလိမ့်မယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"ဒီရက်ပိုင်းမှာ လူသိပ်မသိအောင် နေခဲ့ပေမယ့် တစ်ချိန်လုံး ဒီလိုမျိုးပဲ နေနေလို့ မရဘူးလေ ..." 


"အဲဒီ့မှာ အရသာရှိတဲ့ စားစရာတွေရော ပါမှာလား ..." 


ရမ်ရှန့်က မေးလိုက်သည်။ 


ဘာတွေဖြစ်နေမှန်းကို မသိပါဘူး တစ်နေ့ထက်တစ်နေ့ကို လောဘကြီးလာတာပဲ... ဒုတိယသားဆီကနေများ အကျင့်တွေ ကူးလာတာလား ... အဟမ်း .. ဘာပဲဖြစ်ဖြစ်ပါ အခု သူ့ရဲ့ အစာစားတဲ့နှုန်းက တအားများနေတာကို ဖုံးကွယ်ထားဖို့ မလိုတော့ဘူးလေ ဟိုးအရင်တုန်းကသာ ဟင်းတစ်အိုးလုံး စားလိုက်မိရင် အကုန်အံ့ဩသွားကြမှာ ဆိုပေမယ့် အခုတော့ သာမန်ပါပဲ ... 


"ဒါပေါ့ ..." 


ကျောက်လင်းယွီက ရမ်ရှန့်ဆံပင်လေးကို သပ်ပေးနေရင်း သူသာ တစ်မိသားစုလုံးကို ခေါ်သွားပါလျှင် ပါတီတွင် ရှိရှိသမျှ စားစရာတိုင်းကို စားပစ်လိုက်လေမလားဟု တွေးနေမိတော့သည်။ 


"ဒါဆို သွားရအောင်လေ ..." 


ရမ်ရှန့်က သူ့လက်ကို ဆွဲကာ ပြောလိုက်သည်။ 


"လူရှေ့မှာဆို ဒီနေရာကို မထိနဲ့ ..." 


ရှန်းချိုးရှစ်က သဘောမတူ။ 


"ရမ် အိမ်မှာပဲ နေပါ့လား အရသာရှိတာတွေ အများကြီး ချက်ကျွေးပြီးတော့ အပြင်ကနေလည်း မှာပေးမယ်လေ ..." 


ထို့နောက် သူမက ကျောက်လင်းယွီကို ပြောလိုက်သည်။ 


"ရမ်က ကလေးပဲရှိသေးတာလေ ဘာလို့ သူ့ကိုပဲ ပတ်ပြေးနေရအောင် လုပ်နေတာလဲ ကိစ္စရှိရင် ဖန့်ချန်ကျွင့်ကိုပဲ လုပ်ခိုင်းလိုက်ပါလား မင်းကတော့ အိမ်မှာနေပြီး ရမ့်ကိုပဲ အဖော်လုပ်ပေးလိုက် ..." 


"ရမ်က အဆင်ပြေ ..."


"ဘာအဆင်ပြေတာလဲ သူက ကလေးသုံးယောက်ကို ထပ်လွယ်ထားရပြန်ပြီလေ အရင်မွေးထားတာတောင် သိပ်မကြာသေးဘဲနဲ့ နောက်ထပ်ကိုယ်ဝန်လွယ်ခိုင်းတာ ဘယ်လောက်ဆိုးလဲ မသိဘူးလား အခု မင်းက သူ့ကို သွားရှုပ်နေပြန်ပြီ နောက်တစ်ခေါက်ကျ မင်းအတွက် ကွန်ဒုံးတွေအများကြီး ဝယ်လာပေးမယ် သားဆက်ခြားတဲ့နေရာမှာ ဂရုတစိုက်လုပ်စမ်း ..." 


သူမက ပြောလိုက်သည်။ ရမ်ရှန့်၏ ကိုယ်ပေါ်မှ အမှတ်အသားများကို မတွေ့ရခင်အထိ သူမက သူတို့ကို အနှောင့်အယှက် မဖြစ်မိသေးချေ။ မြေးများကလည်း သူတို့၏ အဖေများသည် ညတိုင်း အခန်းတံခါး ပိတ်ထားကြကြောင်း လာတိုင်နေကြပေသည်။ 


ဒီသားကတော့ တကယ်ကို အလိုကြီးတာပဲ ... 


ကျောက်လင်းယွီမှာ ပြောစရာစကားပင် မရှိတော့။ 


သူ့ရဲ့ အလိုဆန္ဒနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်ဖို့ တက်ကြွနေတဲ့သူက ရမ်ရှန့်ပါနော် သူကလည်း စိတ်ပါပြီး နောက်ထပ်အကြိမ်အနည်းငယ်လောက် ထပ်လုပ်ချင်တာပေါ့ ဒါပေမယ့် ရမ်ရှန့်က ခြောက်ခမ်းသွားတဲ့အထိ စုပ်ယူသွားမှာကြောက်လို့ဆိုပြီး တစ်ကြိမ်ပဲ လုပ်ခိုင်းတယ်လေ ... 


"ကွန်ဒုံး ဟုတ်လား အဲဒါကြီးကို မကြိုက်ပါဘူး မား ကိုယ့်ဘာသာကိုယ်ပဲ သုံးလိုက်လေ ..." 


ရမ်ရှန့်က ဝင်ပြောလိုက်သည်။ 


ဗီဒီယိုဖြင့် စတင်လေ့လာခဲ့ကတည်းက ထိုပစ္စည်းအကြောင်း သိခဲ့သော်ငြား ၎င်းတို့မှာ ကြောက်မက်ဖွယ်ကောင်းလှသည်ဟုသာ ခံစားရပေသည်။ 


ဒီပစ္စည်းနဲ့ဆို တူနှစ်ကိုယ်ကျင့်ကြံလို့ မရဘူးလေ အရမ်းကို ဆိုးဝါးတာပဲ ဒါပေမယ့် ရှန်းချိုးရှစ်နဲ့ ကျောက်ဖမ်းက တူနှစ်ကိုယ်ကျင့်ကြံတာမျိုး မလုပ်တော့ သူတို့က သုံးလို့ရတယ်လေ ... 


ရှန်းချိုးရှစ် "..."


........


သံတမန်အဖွဲ့ဝင်အားလုံး ဝဲလ်၏နန်းတော်ထဲသို့ ရောက်ရှိလာကြလေသည်။ ကျောက်လင်းယွီ၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ ဝဲလ်က သူတို့နှင့် စီးပွားရေးအကြောင်း ဆွေးနွေးလိုသူများကို ဖိတ်ခေါ်ခဲ့သော်ငြား လူဦးရေမှာ သိပ်မများပေ။ ထို့အပြင် သူက အမျှော်အမြင်ကြီးစွာဖြင့် စားစရာအမြောက်အများ ပြင်ဆင်ပေးခဲ့သည့်အတွက် ခန်းမထဲသို့ ဝင်လာသော ကလေးများ၏ မျက်နှာမှာ ဝင်းလက်တောက်ပသွားတော့သည်။ 


ရမ်ရှန့်က ကလေးများကို အလုပ်ကိစ္စဆောင်ရွက်ရန် ခေါ်သွားလိုက်တော့သည်။ ထိုသည်မှာလည်း အခြားမဟုတ်။ စားစရာအမျိုးမျိုးကို မြည်းစမ်းရန်ပင်ဖြစ်သည်။ 


လောယာအင်ပါယာမှာ လူဦးရေနည်းပါးလှသော်ငြား အစားကောင်းကြိုက်တတ်သူတို့အဖို့ နိဗ္ဗာန်ဘုံပင်ဖြစ်သည်။ ရမ်ရှန့်က လောယာစားစရာမျိုးစုံကို မြည်းစမ်းခဲ့ဖူးသော်ငြား စားပွဲပေါ်တွင် ခင်းကျင်းထားသည့် အများစုကိုမူ မမြည်းစမ်းဖူးသေးပေ။ 


အရမ်းအရသာရှိတာပဲ ... 


တစ်ခြားသူတွေကို ခြောက်လှန့်မိသလို ဖြစ်သွားမှာကြောက်လို့သာ မဟုတ်ရင် အပင်ပုံစံပြောင်း၊ စားပွဲပေါ်လူးလိမ့်ပြီးတော့ကို ပန်းကန်တွေအကုန်လုံးကို စုပ်ယူမိမှာပဲ ... 


စားစရာများအနားတွင်သာ ရစ်ဝဲလိုနေသည့် ဆန္ဒကို ချိုးနှိမ်ရင်း ရမ်ရှန့်က တစ်‌ဖြည်းဖြည်းချင်းသာ စားနေလိုက်သည်။ တတိယသားနှင့် စတုတ္ထသားကို တစ်လုပ်စီ ကျွေးပြီးချိန်တိုင်း သူက လေးလုပ်စားလိုက်သည်။ အကြီးဆုံးသားနှင့် ဒုတိယသားမှာမူ ... အကြီး‌ဆုံးသားက စားပွဲပေါ်တက်တော့မည့် ဒုတိယသားကို တားဆီးရင်း ခွံကျွေးရန် ကြိုးပမ်းနေရသည်။ 


သားကြီးက တကယ်ကို သူသဘောအကျဆုံးသားပဲ ... 


"ချစ်စရာကောင်းလိုက်တာ ..." 


လှပေသော လက်ဖောင်းဂါဝန်တစ်ထည်ကို ဝတ်ထားကာ ရမ်ရှန့်နှင့် သက်တူရွယ်တူဟု ထင်ရသော မိန်းကလေးတစ်ဦးက သူ့အရှေ့သို့ လာရပ်ရင်း တောက်ပနေသည့် မျက်လုံးတစ်စုံတို့ဖြင့် စိုက်ကြည့်လိုက်သည်။ 


"ကျွန်တော်လည်း ဒီလိုပဲ ထင်ပါတယ် ကျွန်တော့်ကလေးတွေက တကယ်ကို ချစ်စရာကောင်းတာလေ ..." 


ရမ်ရှန့်က မကျေနပ်သည့်အကြည့်တို့ဖြင့် စိုက်ကြည့်နေသော စတုတ္ထသားကို မျက်နှာလွှဲပေးလိုက်သည်။ 


"ရှင်လည်း ချစ်စရာကောင်းပါတယ် ..." 


သူမက ခပ်ပြုံးပြုံးပြောလိုက်သည်။ 


"လူတိုင်းလည်း ပြောကြပါတယ် ..." 


ရမ်ရှန့်က သဘောတူဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


"မင်းလည်း ချစ်စရာကောင်းပါတယ် ဒီဝတ်စုံက တော်တော်လှတယ် ..." 


"ဟုတ်တယ်နော် ငါတို့က အကြိုက်ချင်းတူသားပဲ ..." 


သူမက စက်ဝိုင်းပုံ လှည့်ပတ်ပြလိုက်လျှင် ချည်ရောင်စုံတို့ဖြင့် ပုံဖော်ထားသည့် ပန်းပွင့်တို့က တဖျတ်ဖျတ် လူးလွန့်လာတော့သည်။ မီးရောင်အောက်တွင် တလက်လက်တောက်နေသော ဂါဝန်ကို ရမ်ရှန့်မှာ ကြည့်လေလေ သဘောကျမိလေလေပင်ဖြစ်သည်။ သူ့အဝတ်အစားအားလုံးကို လွှင့်ပစ်လိုက်ပြီးဖြစ်၍ အသစ်ပြန်ဝယ်ရန် သတိရသွားတော့သည်။ သူ အင်္ကျီအသစ် ဝတ်ပြလေတိုင်း ကျောက်လင်းယွီမှာ ဟန်မဆောင်နိုင်လောက်အောင် စိတ်လှုပ်ရှားတတ်ပေသည်။ 


"ဒီစကတ်ကို ဘယ်ကနေ ဝယ်လာတာလဲ ..." 


သူက မေးလိုက်သည်။ 


"ကိုယ့်ဘာသာ လုပ်ထားတာလေ မင်းအတွက်ရော လုပ်ပေးစေချင်လား  ..." 


သူမက မေးလိုက်သည်။ 


"ဟုတ်ကဲ့ ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဒီစကတ်က မိန်းကလေးတွေအတွက် မဟုတ်လား ကျွန်တော်က ဒီတစ်ခုကို ယူမယ် ..." 


သူ လက်ထပ်သည့်နေ့က ပုံကို ထုတ်ပြရင်း ပြောလိုက်သည်။ ထိုနေ့ကပုံမှာ ယခုလက်ရှိထက် ငယ်ရွယ်ကာ တောက်ပ‌သည့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ရင်း အပြုံးကြီးကြီးတစ်ပွင့်ကိုပါ ချိတ်ဆွဲထားသည်။ သူမက မျက်နှာကို လက်ဖြင့်အုပ်ရင်း ရမ်ရှန့်၏ပုံကို တအံ့တဩ ကြည့်လိုက်သည်။ 


"စိတ်ချနော်‌ သေချာပေါက်ကို လုပ်ပေးမယ် ရှင်က တအားကို ချစ်စရာကောင်းတာပဲ ..." 


"ကျေးဇူးတင်ပါတယ် ..." 


ရမ်ရှန့်က ခေါင်းသေးသေးလေးကို ဝံ့ဝံ့ကြွားကြွားမော့ကာ ပြောရင်း အရသာရှိသည့် အနှစ်တို့ဆမ်းထားသော ပဲစေ့ကို လေးဇွန်းအပြည့်ခပ်ကာ  စားလိုက်သည်။ ထို့နောက် တတိယသားနှင့် စတုတ္ထသားတို့ကိုပါ တစ်လုပ်စီ ကျွေးလိုက်သည်။ 


အဆက်မပြတ်စားနေသော ရမ်ရှန့်ကိုကြည့်ကာ ရေခဲရိုက်မျက်နှာထားနှင့် စတုတ္ထသားက စက္ကူတစ်ရွက်ကိုယူကာ သူ့မျက်နှာကို သုတ်ပေးလိုက်သည်။ မိန်းကလေးက သူ့ကို တအံ့တဩ စိုက်ကြည့်နေလိုက်၏။ 


"ဘာလို့ ကလေးတွေကို အရင်ကျွေးပြီးမှ မစားတာလဲ ကလေးတွေကို အရင်ကျွေးသင့်တာ မဟုတ်ဘူးလား ဒါမှမဟုတ် သူတို့ကို နည်းနည်းလောက် ကြာကြာဝါးစေချင်လို့လား ..." 


ဒီလိုပဲမျိုးက ပါးစပ်ထဲမှာတင် ပျော်ဆင်းသွားလို့ ဝါးစရာတောင် မလိုဘူး မဟုတ်လား ... 


"လျှို့ဝှက်ချက်လေ ..." 


ရမ်ရှန့်က သွားဖြူဖြူတို့ကို လှစ်ဟရင်း ပြောလိုက်သည်။ ကလေးလေးယောက် ရှိနေသည့်အပြင် နောက်ထပ်သုံးယောက်ကိုလည်း လွယ်ထားရကြောင်း ထုတ်ပြောလိုက်၍ မရပေ။ 


လေးဇွန်းစားတာက မျှတအောင်လို့ ဆိုပေမယ့် သူစိမ်းတွေကို ထုတ်ပြောလိုက်လို့တော့ မရဘူးလေ ... 


"အဝတ်တွေကို အစိမ်းရောင်လေးပဲ လုပ်ပေးလို့ ရမလား မိုးကျပြီးကာစ အစိမ်းရောင်လွင်လွင်လေးလေ ..." 


"ကိစ္စမရှိဘူး မင်းရဲ့ အသားအရေက အရမ်းကို ဖြူတော့ အစိမ်းနဲ့ဆိုလည်း သေချာပေါက် ကြည့်လှမှာပဲ ..." 


သူမက လက်ဖဝါးအရွယ် light screen တစ်ခုကို ထုတ်ယူကာ ပုံကြမ်းဆွဲပြလိုက်သည်။


"ဗန်နစ်စာ ငယ်ချင်ယောင်ဆောင်ပြီး ကလေးတွေကို ဖြားယောင်းပြန်ပြီလား ..." 


ဘုရင်အဆောင်‌အယောင်တို့ကို မဝတ်ဆင်တော့သည့်အတွက် ဝဲလ်မှာ ကြင်နာတတ်သော အမျိုးသားတစ်ဦးအသွင်သာ ဖြစ်သွားတော့သည်။ သို့သော် ထိုအမျိုးသားမှာ ဗန်နစ်စာဟု အမည်ရသော မိန်းကလေးကို နှစ်မြို့ဟန် မတူပေ။ 


ဗန်နစ်စာက ခါးကိုမတ်ကာ ပြောလိုက်သည်။ 


"ဘာလို့ ချစ်စရာကောင်းချင်ယောင် ဆောင်ရမှာလဲ ငါ တကယ် ချစ်စရာကောင်းတာပဲကို ဒီအလှလေးကတောင် ငါ့ကို ချစ်စရာကောင်းတယ်လို့ ချီးကျူးလိုက်သေးတယ် ရှင့်လို လူအိုကြီးကတော့ အားကျလည်း အလကားပဲ ..." 


"လူအိုကြီး ဟုတ်လား ..." 


ဝဲလ်၏ မျက်လုံးတို့မှာ ပေါက်ထွက်လုနီးပါး ဖြစ်လာတော့သည်။ 


"ငါ့ကိုများ လူအိုကြီးလို့ ခေါ်ရဲတယ်ပေါ့ မင်းကလည်း ငါ့ထက် အများကြီး မငယ်ဘူးဆိုတာ မေ့မနေနဲ့ဦး အဘွားကြီး ..." 


သူက ဤအမျိုးသမီးကို စိတ်ပျက်နေခဲ့သည်မှာ ကာလရှည်ကြာနေပြီဖြစ်သည်။ သူမ ရောက်လာချိန်တိုင်း ဇနီးဖြစ်သူက သူ့ကို စွန့်ပစ်ကာ သူမနှင့်သာ အချိန်ကုန်ဆုံးရုံသာမက ရံဖန်ရံခါတွင် တစ်ညလုံးပင် အတူတူအိပ်လိုက်သေးသည်။ 


တကယ်ကို မုန်းစရာကောင်းလိုက်တာ ဒီလိုလူမျိုးက‌ တော့ သူငယ်ချင်းဖြစ်ဖြစ် ဘာဖြစ်ဖြစ် လုံးဝ သည်းမခံနိုင်ဘူး ... 


ဒီမိန်းမရဲ့ သည်းမခံနိုင်စရာအကောင်းဆုံး အချက်ကတော့ ချစ်စရာကောင်းချင်ယောင် ဆောင်တာပဲ အဲဒါကြောင့် သူ့ဇနီးကအစ ဒီမိန်းမကိုပဲ အဝတ်အစားတွေ ဆင်ပေးချင်နေတာလေ သူမအတွက်သာ အဝတ်အစားတွေ ဝယ်ပေးနေတာ သူ့ကိုတော့ တစ်ခါမှ ဝယ်မပေးဖူးဘူး ... 


"ကျွန်မက ဘယ်လောက်ပဲအိုအို ရှင့်ထက်တော့ နှစ်တစ်ရာကျော် ငယ်သေးတာပဲလေ အဲဒီ့အချိန်တုန်းကဆို ကျွန်မနဲ့ လိုလာက ရှင့်ကို အန်ကယ်လို့တောင် ခေါ်ခဲ့သေးတာ မဟုတ်လား တကယ်ဆို မြက်နုနုလေးကို စားဖို့ ဖြားယောင်းခဲ့တဲ့ ရှင်ကမှ အရှက်မရှိတာလေ ..." 


ဗန်နစ်စာက အားနည်းချက်ကို ချပြလိုစိတ် မရှိပေ။ 


ဝဲလ်မှာ ခွန်းတုန့်မပြန်နိုင်တော့သည့်အတွက် ရမ်ရှန့်ထံသို့သာ စကားလမ်းကြောင်း ပြောင်းလိုက်ရတော့သည်။ 


"ရမ်ရှန့် သူမ သွေးဆောင်တာကို မခံမိစေနဲ့ သူ့ကို ငယ်ငယ်လေးလို့ မထင်နဲ့နော် အသက်က နှစ် ၆၀၀ ကျော်နေပြီ သူက ငယ်ချင်ယောင်ဆောင်တဲ့နေရာမှာ ထူးချွန်တဲ့ အဘွားကြီးတစ်ယောက်ပဲ ..." 


ဗန်နစ်စာက သူ့ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေလိုက်သည်။ 


ဒီလိုဝတ်ရတာ သူမရဲ့ ဝါသနာလေ တစ်ခြားသူတွေနဲ့ ဘာဆိုင်လို့လဲ ဒီလူအိုကြီးက သူများနုပျိုတာကို မနာလိုဖြစ်နေတာပဲ ဒါပေမယ့် တစ်ချို့သူတွေကတော့ သူမရဲ့အသက်ကို ထည့်တွက်ချင်မှာပဲ လောယာမှာတောင် နှစ်ခြောက်ရာဆိုတာ ငယ်မှမငယ်တော့တာ ... 


ဗန်နစ်စာက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ရမ်ရှန့်ကို ကြည့်နေလိုက်သော်ငြား သူကတော့ နားဝေတိမ်တောင် ဖြစ်နေဆဲဖြစ်သည်။ 


"နှစ်ခြောက်ရာဆို ငယ်သေးတာပဲလေ ငယ်ချင်ယောင်ဆောင်စရာမှ မလိုအပ်တာ ..." 


"..." 


နှစ်ခြောက်ရာက ငယ်တယ် ဟုတ်လား ဒါက မင်းတို့ အပင်လူသားမျိုးနွယ်တွေ တွေးတဲ့ပုံစံပေါ့ ... 


တိုက်ပွဲအပြီးတွင် ရမ်ရှန့်က အပင်မျိုးနွယ်ဖြစ်ကြောင်း သိလိုက်ရသည့် ဝဲလ်မှာ စောဒက မတက်ဘဲ မနေနိုင်တော့ချေ။ 


သို့သော် ဗန်နစ်စာကမူ ဂုဏ်ယူဝင့်ကြွားသည့် အပြုံးတစ်ပွင့် လှစ်ဟလိုက်သည်။ 


"တော်လိုက်တဲ့ကလေး ‌အနာဂတ်မှာ ဒီအစ်မကြီးနဲ့အတူတူ စာသင်ချင်လား ..." 


"စာသင်ရမယ် ..." 


ရမ်ရှန့်က သူမကို တအံ့တဩ ‌ပြန်မေးလိုက်သည်။ 


ဝဲလ်က သူမထက်အရင်ဦးစွာ ရှင်းပြလိုက်သည်။ 


"ဟုတ်တယ် စာသင်တာ ဒီတစ်ခေါက်က သန္ဓေတည်ဆေးနဲ့ အာဟာရဆေးရည် ထုတ်လုပ်ရေးတင် မကဘဲ စာသင်ရတာ စိတ်ဝင်စားလားပါ မေးချင်လို့ တကယ်လို့ စိတ်ဝင်စားရင် ငါ တော်ဝင်အကယ်ဒမီမှာ အထူးတန်းတစ်တန်း ဖွင့်ပြီး သက်ဆိုင်ရာဆရာတွေကို သင်ကြားခိုင်းပေးမယ်လေ ..." 


ပြီးခဲ့သည့်နှစ်ပေါင်းများစွာက တော်တင်အကယ်ဒမီကို တော်ဝင်မိသားစုနှင့် အထက်တန်းလွှာအချို့သာ သွားရောက်နိုင်ကြပြီး အချို့ သူဌေးလက်သစ်များမှာ မသွားရောက်နိုင်ကြပေ။ သိူ့သော် ယခုမူ လောယာရှိ ကလေးအားလုံးကို လက်ခံပေးနေလေရာ ကျောင်းတွင် အထက်တန်းလွှာကျောင်းသားဟူ၍ မရှိတော့ပေ။ 


"ကျေးဇူးတင်ပါတယ် ..." 


ဘေးနားတွင် ရပ်နေသည့် ကျောက်လင်းယွီက ကျေးဇူးတင်စကား ပြောလိုက်သည်။ 


Xxxxxx