အပိုင်း ၁၇၄
Viewers 18k

Extra 


Chapter 174


လောယာမှ ရှာတွေ့ထားသော အချက်အလက်ပေါင်းများစွာကို ဖက်ဒရယ်သို့ ပြန်ပို့နိုင်ပြီဖြစ်သည့်တိုင် ရှင်းပြပေးမည့်သူ မပါဘဲ နားလည်နိုင်ရန် မလွယ်ကူလှချေ။ ယခု တော်ဝင်အကယ်ဒမီတွင် သင်ကြားခွင့် ရခြင်းမှာ အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်သည်။ 


"ရပါတယ် ..." 


ဝဲလ်က ထိုသို့ပြောရင်း ဗန်နစ်စာကို အနည်းငယ် ထိတ်လန့်နေဟန်ဖြင့် ညွှန်ပြလိုက်သည်။ 


"သူမက တော်ဝင်အကယ်ဒမီရဲ့ ဌာနမှူးပဲ ဘယ်ဘာသာရပ်ကို သင်ရမလဲ သိချင်ရင် သူမကိုသာ မေး အဆင်ပြေမယ့်ဆရာ စီစဉ်ပေးလိမ့်မယ် ..." 


ဗန်နစ်စာ၏ သွင်ပြင်မှာ အနည်းငယ် လော်လီသည်ဆိုသော်လည်း နှစ်ခြောက်ရာကျော် အသက်ရှင်လာသူ ဖြစ်သည့်အတွက် နာရီပိုင်းအတွင်းမှာပင် သံတမန်အဖွဲ့သားအားလုံးကို မည်သည့်အရာ သင်ကြားပေးသင့်ကြောင့် အကဲဖြတ်မှု ပြီးစီးသွားကာ ရမ်ရှန့်နှင့် ကလေးများသာ ကျန်တော့သည်။


သူတို့အားလုံးမှာ ထက်မြက်လှသော်ငြား အလွန်ငယ်ရွယ်သေးသည့်အတွက် အဆင့်မြင့်ဘာသာရပ်များကို မသင်ကြားနိုင်‌သေးချေ။ ရမ်ရှန့်မှာမူ ... ပြဌာန်းစာအုပ်များကို အလွယ်တကူ မှတ်မိနိုင်သော်လည်း နားလည်နိုင်ခြင်းတော့ မရှိပေ။  သူက ခေတ်ဟောင်းကွန်ပျူတာ၏ ဖွဲ့စည်းပုံကိုပင် နားမလည်နိုင်သည့်အတွက် ဖက်ဒရယ်အတွက် လိုအပ်သည့် သီအိုရီအမျိုးမျိုးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဗဟုသုတများကိုသာ သင်ကြားပေးနိုင်မည်ဖြစ်သည်။ 


သူ့အခြေအနေအရဆို မူကြိုပို့လိုက်တာက ပိုမသင့်တော်ဘူးလား ဒါပေမယ့် အဲဒါဆိုလည်း သူ့သားတွေနဲ့ ဂိမ်းပြိုင်ဆော့ခိုင်းသလို ဖြစ်နေမယ်ထင်တယ် ... 


ဗန်နစ်စာက သူ့ကို စိုက်ကြည့်ရင်း သံသည် သံမဏိ ဖြစ်မလာနိုင်ဟု ခံစားမိလာတော့သည်။ 


ဘာလို့ ဒီလိုချစ်စရာကလေးလေးက သူမရဲ့ကျောင်းကို မလာနိုင်ရတာလဲ ... 


"သူတို့က ငါ့နန်းတော်ထဲမှာ လာနေလို့ ရတယ်လေ မာရှယ်ရေမွန်ရဲ့ မိသားစုက အဲဒီ့မှာနေတဲ့သူတွေနဲ့ တစ်ခါမှ မကြုံဖူးဘူး ကိတ်နဲ့ Crohn ကလည်း ငါတို့နဲ့ အတူတူနေမှာဆိုတော့ အရမ်းကို သက်ဝင်လှုပ်ရှားနေမှာပဲ ..." 


ဝဲလ်က အကြံပေးလိုက်သည်။ 


"တကယ်တမ်းတော့လေ မက်ခါမောင်းတာဖြစ်ဖြစ် စစ်သင်္ဘောမောင်းတာဖြစ်ဖြစ် သင်ချင်တာ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ သူက ထိုအရာများကိုသာ အမြဲလိုလို သဘောကျခဲ့ပြီး သီအိုရီပိုင်း လေ့လာရာတွင် မကောင်းသည့်တိုင် ထိုအရာများကို လေ့လာရာတွင်တော့ ထူးချွန်ပေသည်။ 


"မက်ခါမောင်းနှင်တာကို လေ့လာဖို့ လိုသေးလို့လား ပြီးတော့ အဖွဲ့သားတွေအားလုံးက သီအိုရီပိုင်း လေ့လာနေတာဆိုတော့ မင်းသာ မက်ခါအကြောင်း လေ့လာရင် သူတို့နဲ့ ကွဲသွားမှာနော် ..." 


ဗန်နစ်စာက ပြောလိုက်သည်။ 


"နေ့ခင်းပိုင်းမှာ ကွဲနေလည်း ရပါတယ် ညပိုင်းကျ အတူတူ ရှိနေတာပဲကို ..." 


ရမ်ရှန့်က ကျောက်လင်းယွီကို ပြုံးပြလိုက်သည်။ ထိုအပြုံးကို မြင်လိုက်သည့် ဗန်နစ်စာ၏ အတွေးတို့မှာ ထုတ်မပြောနိုင်လောက်သည့် နေရာသို့ ရောက်ရှိသွားတော့သည်။ 


"ရမ် စစ်သင်္ဘောမောင်းတာက အန္တရာယ် မများလွန်းဘူးလား ..." 


ရှန်းချိုးရှစ်က ချက်ခြင်း ကန့်ကွက်လိုက်သည်။ 


သူ့မှာ ကလေးလွယ်ထားရတာတောင် စစ်သင်္ဘော မောင်းချင်နေသေးတယ် အဲဒါက အန္တရာယ် မများလွန်းဘူးလား ... 


"မေ့လိုက်တော့ မားလည်း ကျောင်းမသွားတော့ဘဲ မင်းနဲ့အတူတူပဲ နေပေးတော့မယ် ..." 


"မဟုတ်တာ မား ကျောင်းပဲ သွားလိုက်ပါ ..." 


ရမ်ရှန့်က အလောတကြီး ပြောလိုက်သည်။ ရှန်းချိုးရှစ် ချက်ပြုတ်ပေးသည့် ဟင်းလျာတိုင်းကို နှစ်သက်သည့်အချက်မှာ ငြင်းစရာ မရှိသော်ငြား သူ့ကို နေရာတိုင်း၌ ဟန့်တားနေသည်ကိုတော့ အနည်းငယ် ကြောက်ရွံ့မိပေသည်။ သူမ၏ ထိန်းချုပ်မှုအောက်မှ လွတ်စေရန် အလို့ငှာ ကျောင်းမသွားဘဲ အိမ်တွင်သာ ‌ကလေးထိန်းရန် ရွေးချယ်လိုက်သည်။ 


တကယ်တမ်းဆို ကလေးထိန်းတယ်လို့လည်း ပြောလို့တော့ မရပါဘူး ကလေးတွေက သူ့ကိုမှ မလိုအပ်တာ ကျောက်ပန်ကျူကိုကျ Crohn က သူ့သားနဲ့ ရင်းနှီးအောင်ဆိုပြီး ခေါ်သွားတတ်တာလေ သူ့သားတွေကတော့ စားစရာနဲ့ အိပ်ဖို့နေရာနဲ့ ကစားစရာ ရှိနေသရွေ့ သူ့ကလေးတွေက တကယ်ကို လိမ္မာကြပါတယ် ...


"တစ်ယောက်တည်းနေရတာ ပျင်းစရာကောင်းလိုက်တာ စားချင်စိတ်တောင် မရှိတော့ဘူး ..." 


ရမ်ရှန့်က သူ့ရှေ့ရှိ စားစရာများကို စားသောက်ရင်း ပြောလိုက်သည်။ သူသည် အခြားသူ၏နေအိမ်တွင် နေနေရသည့်အတွက် အစားစားချင်စိတ်ကို ချုပ်တည်းထားရန် တွေးထားခဲ့သော်လည်း အများအပြား စားချင်စိတ်မှာ အံ့ဩစရာကောင်းလောက်အောင်ပင် လုံလောက်သွားပြီဖြစ်သည်။ 


စားချင်စိတ် မရှိတာတောင် ဒီလောက်အများကြီး စားနိုင်သေးတယ်ပေါ့ ... 


ဝဲလ်၏ နှုတ်ခမ်းတို့ ကော့တက်သွားတော့သည်။ 


"တကယ်လို့ ကျောင်းကို သွားချင်ရင် သွားကြည့်လိုက်လေ ..." 


ကျောက်လင်းယွီနှင့် အခြားသူများ ကျောင်းတက်နေသည်မှာ တစ်လနီးပါးခန့် ရှိနေပြီဖြစ်သည်။ ဖက်ဒရယ်မှ ဒုတိယတစ်သုတ်ပင် ရောက်လာတော့မည်ဖြစ်သော်ငြား ရမ်ရှန့်ကမူ အိမ်ထဲတွင်သာ ဆက်နေနေသေးသည့်အတွက် အနည်းငယ် ငြီးငွေ့ဖွယ်ကောင်းလာတော့သည်။ သူ့အသက်အရွယ်မှာ မငယ်တော့သော်လည်း သူ့သွင်ပြင်ကြောင့် အရွယ်ရောက်ပြီးသူအဖြစ် သဘောထားရန် ခဲယဉ်းလှပေသည်။ 


"ကျောင်းကို သွားကြည့်လို့ ရတယ်လား ထားလိုက်ပါ ဘာပဲဖြစ်ဖြစ် ဆရာသင်တာတွေကိုလည်း နားလည်မှာမှ မဟုတ်တာ ..." 


ရမ်ရှန့်မှာ အနည်းငယ် လမ်းပျောက်နေတော့သည်။ ဖက်ဒရယ်မှ ရောက်လာသူများက သူတို့သင်ထားသည်များကို အပြန်အလှန် ဆွေးနွေးနေကြသော်ငြား သူကတော့ တစ်ခုတစ်လေကိုမှ နားမလည်ချေ။ 


သူ့သားတွေနဲ့အတူ အစကနေ ပြန်သင်သင့်လား ... 


"ဒါပေါ့ သွားလို့ရတာပေါ့ အရင်ကလည်း တော်ဝင်အကယ်ဒမီရဲ့ ဧည့်ကျောင်းသားအဖြစ် ရုပ်ဖျက်ဖူးတယ် မဟုတ်လား ဧည့်ကျောင်းသားတွေက ရိုးရိုးကျောင်းသားနဲ့ မတူဘူးလေ သူက ရိုးရိုးကျောင်းသားထက် ပိုသာတဲ့အပြင် နောက်ခံလည်း ရှိမှရမှာ ..." 


"ဟုတ်သားပဲ ..." 


ရမ်ရှန့်၏ အကြည့်တို့မှာ ဝင်းလက်သွားတော့သည်။ 


"ကျောင်းထဲကို ခိုးဝင်ပြီး ကျောက်လင်းယွီကို သွားကြည့်လေ ..." 


ဝဲလ်က ခပ်ပြုံးပြုံးဖြင့် အကြံပေးလိုက်သည်။ ရမ်ရှန့်က ရိုးရှင်းကာ သန်မာသော်ငြား ကျောက်လင်းယွီနှင့် အခြားသူများက သူ့ကို ကျောင်းမသွားခိုင်းရသည့် အကြောင်းအရင်းကို လုံးဝ သဘောမပေါက်ချေ။ 


ရမ်ရှန့်က စိတ်ဝင်စားသွားသော်လည်း ကလေးများကို ကြည့်လိုက်မိချိန်တွင်တော့ ထိုခံစားချက်တို့ လွင့်စင်သွားတော့သည်။ ပြီးခဲ့သည့် မတော်တဆမှု ဖြစ်ပွားသွားပြီးကတည်းက ကလေးများကို ချန်မထားရဲတော့ချေ။ 


"မနက်ဖြန်မှပဲ သွားတော့မယ် ..." 


မနက်ဖြန်ကျ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်အောင် ကျောက်လင်းယွီ ကျောင်းသွားရင် ကလေးတွေကိုပါ ခေါ်သွားပေးဖို့ ပြောရမယ် ... 


ထိုသို့ဆုံးဖြတ်ကာ ကျောက်လင်းယွီထံမှ အာဟာရတို့ကို ညှစ်ထုပ်ပြီးနောက်တွင်တော့ သူက မနက်ဖြန်တွင် ကလေးများကို ကျောင်းသို့ ခေါ်သွားပေးရန် တောင်းဆိုလိုက်သည်။ 


"ပင်ပန်းလို့လား ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ ရမ်ရှန့်က ကိုယ်ဝန်ကို အသေးအဖွဲအဖြစ် သဘောထားသော်ငြား "အာဟာရ"များကို မထိန်းထားနိုင်သည့်အချိန်တွင် အသည်းအသန် ငိုကြွေးခဲ့ကြောင်း သတိရခဲ့သဖြင့် ကျောက်လင်းယွီမှာ အနည်းငယ် ပူပန်လာတော့သည်။ 


"ဟုတ်တယ် နည်းနည်းလေး ပင်ပန်းလို့ ..." 


သူက မလူံမလဲဖြင့် ခေါင်းငြိမ့်ပြကာ အကြည့်လွှဲလိုက်သည်။ 


ကျောက်လင်းယွီကလည်း ထိုအပြုအမူကို သတိထားမိလိုက်သော်ငြား ရမ်ရှန့်မှာ အဆော့မက်သဖြင့် ကလေးမထိန်းလိုသောကြောင့်ဟုသာ တွေးလိုက်သည့်အတွက် များစွာ အမှုထားမနေခဲ့ချေ။ နောက်တစ်နေ့မနက် ကျောင်းသွားချိန်တွင် ကလေးများကိုပါ ခေါ်ရန် ပြင်လိုက်ပြီး ထိုအကြောင်းကို ကြားလိုက်သည့် ရှန်းချိုးရှစ်ကလည်း သူ့သမီးကိုပါ ခေါ်သွားရန် ပြင်လိုက်တော့သည်။ 


"ငါက သိပ္ပံသုတေသနသီအိုရီတွေ လေ့လာတဲ့နေရာမှာ မတော်တော့ လောယာရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေကိုပဲ လေ့လာနေတာလေ အဲဒါကြောင့် စာသင်တဲ့နေရာမှာ ကလေးကို ခေါ်သွားရင်တောင် ကိစ္စမရှိဘူး ကလေးကို ကိုယ့်ဘာသာကိုယ် ဂရုစိုက်လိုက်လို့ရတယ်  ..." 


သူမက သမီးဖြစ်သူကို ပွေ့ထားကာ နမ်းလိုက်သည်။ လောယာ၏ ပတ်ဝန်းကျင်မှာ အလွန်ကောင်းမွန်ကာ ကျောင်းထဲရှိ ရှုခင်းမှာ ပိုပြီး လှပသည့်အတွက် ခွင့်နှစ်ရက်ယူကာ သမီးဖြစ်သူကို ကျောင်းတစ်ပတ် လိုက်ပြရန်ပင် ကြံရွယ်ထားသေးသည်။ 


"ဒါဆိုလည်း အမေ သူမကို ဂရုစိုက်ပေးနော် ..." 


ကျောက်လင်းယွီက သူ့အမေ၏ လက်မောင်းထဲရှိ နူးညံ့သေးကွေးသော ညီမလေးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူတို့မိသားစုရှိ ကလေးများမှာ အဖိုးတန်ကာ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာကြသည့်အတွက် နေရာတိုင်းကို အပူအပင်ကင်းကင်းဖြင့် ခေါ်သွားနိုင်သည့်အပေါ် ဝမ်းသာ‌မိနေတော့သည်။ 


"ကိုယ့်ကလေးကို ဘာလို့ ဂရုမစိုက်နိုင်ရမှာလဲ ..." 


ရှန်းချိုးရှစ်က သူ့ကို စိုက်ကြည့်လိုက်သည်။ သူမသည် ကျောက်လင်းယွီကို ပျိုးထောင်ရန် စာအုပ်ပေါင်းများစွာ ဖတ်ထားခဲ့သည့်အတွက် သူမ၏ ကလေးထိန်းကျောင်းနည်းမှာ ပြဿနာ မရှိချေ။ သို့သော် သူမ၏ သား ကလေးများကို ချီထားသည့်ပုံစံမှာ အလွန် လက်လွတ်စပယ် ဖြစ်လွန်းနေပေသည်။ 


အမှန်အတိုင်း ပြောရရင် အဲဒီ့လိုပုံစံကြီးကို တကယ် သဘောမကျဘူး ...


ကျောက်ပန်ကျူကို ဂရုတစိုက် ချီထားသော ‌ရှန်းချိုးရှစ်နှင့် ကလေးများကို သယ်ထားသော ကျောက်လင်းယွီတို့အားလုံး ကျောင်းသို့ ထွက်သွားကြကာမှသာ ရမ်ရှန့်လည်း သက်ပြင်းချရင်း ရုပ်ဖျက်ရန် ပြင်ဆင်လိုက်တော့သည်။ စက်၏ အကူအညီနှင့်အတူ ဆယ်ကျော်သက်ကလေး၏ ရုပ်သွင်မှာ အင်တာနက်တစ်ခွင်လုံး ဂယက်ထစေခဲ့သည့် ဂရင်တန်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ လောယာပြည်သူတို့၏ အကြည့်အားလုံးမှာ ဖက်ဒရယ်သားတို့အပေါ် ကျရောက်နေသည့်အတွက် သူ့ပုံစံမှာ တစ်မျိုးကွဲထွက်မနေတော့ချေ။ 


သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပြီးနောက် ရမ်ရှန့်သည် နန်းတော်ထဲရှိ သာမန်အဖြစ်ဆုံး ယာဉ်ပျံတစ်စီးကိုယူကာ ဝမ်းသာအားရ ထွက်လာလိုက်တော့သည်။ အလိုအလျောက် မောင်းနှင်သည့်စနစ်မှ ကိုယ်တိုင်မောင်းနှင်သည့်စနစ်သို့ ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။ 


လေပေါ်မှာ ပျံသန်းရတဲ့ခံစားချက်က အရမ်းကို မိုက်တာပဲ ... 


သူက လေထဲတွင် အကြိမ်အနည်းငယ် လှည့်ပတ်ပျံသန်းလိုက်ကာ သစ်ကိုင်းများကို ဖြတ်ကာ အိမ်ခေါင်မိုးများ လန်သွားသည်အထိ အဆောက်အဦးအမြင့်များနား ကပ်ကာ အကိမ်အနည်းငယ် မောင်းနှင်လိုက်သည်။ 


သိူ့သော် အခြားယာဉ်ပျံများကို ရှောင်တိမ်းနိုင်ရန်တော့ အတိအကျ တွက်ချက်ထားဆဲဖြစ်သည်။ ထိုသည်မှာလည်း စစ်သင်္ဘောကိုပင် ချောချောမွေ့မွေ့ ထိန်းချုပ်နိုင်သူအတွက် မခဲယဉ်းလှချေ။ သို့သော် သူမောင်းနှင်လာသည့် အလွန်သာမန်ဆန်ကာ ခေတ်နောက်ကျနေဟန်ရှိသည့် ယာဉ်ပျံမှာ ဧကရာဇ်ဝဲလ်ငယ်စဉ်က အနှစ်သက်ဆုံးယာဉ်ပျံ ဖြစ်ခဲ့ကြောင်းကိုတော့ လုံးဝ မသိချေ။ ၎င်းမှာ တစ်ကြိမ်တစ်ခါက လောယာရှိ ယာဉ်ပျံဒီဇိုင်းများကို ဦးဆောင်ခဲ့ကာ နှစ်ရာပေါင်းများစွာ ကြာပြီးနောက် ဤယာဉ်ပျံမှာ တစ်ဖန်ပြန်ခေတ်စားလာသည့်အတွက် ခေတ်မီအောင် ပြန်ပြုပြင်ထားသည့်  အမျိုးအစားတူ ယာဉ်ပျံများ လမ်းမထက်တွင် ဟိုဟိုသည်သည် ပျံသန်းနေသည်ကို တွေ့ခဲ့ရပေသည်။ 


"ဒါက ... ဟိုးအရင်တုန်းက အရှင် စီးခဲ့တဲ့ယာဉ်ပျံ မဟုတ်လား ..." 


လူအိုကြီးတစ်ဦးက ကောင်းကင်ပေါ် မော့ကြည့်ကာ ပျံသန်းနေသည့် ယာဉ်ပျံကို  ဆက်သွယ်ရေးစက်ဖြင့် ရိုက်ကူးထားရင်း ရေရွတ်လိုက်သည်။ 


"ဟုတ်တယ် ငါ့မှာတောင် အဲဒီ့တုန်းက ဓာတ်ပုံတွေ ရှိသေးတယ် ..." 


နောက်ထပ် လူအိုကြီးတစ်ဦးက ပြောလိုက်သည်။ 


"ဒါပေမယ့် ငါတို့တွေ သူ့ကို အရှင်လို့ သုံးလို့ မရတော့ဘူးလေ လူကြီးမင်းဝဲလ်ပေါ့ ..." 


"ဟုတ်တယ် လူကြီးမင်းဝဲလ် ... သူက အရမ်းကို တက်ကြွနေသေးတာပဲ ..." 


"ကလေးနှစ်ယောက် ရလာတော့မှာကြောင့်များလား ..." 


လူအိုကြီးက ဗီဒီယိုကို အင်တာနက်ပေါ် အလွယ်တကူ တင်လိုက်သည်။ 


.... 


Xxxxxxx