အပိုင်း ၁၇၅
Viewers 18k

Extra 


Chapter 175


ရမ်ရှန့် တော်ဝင်အကယ်ဒမီသို့ ရောက်ရှိချိန်တွင်တော့ အင်တာနက်ကွန်ယက်တစ်ခုလုံးတွင် ဧကရာဇ်ဟောင်း ယာဉ်ပျံတစ်စီးနှင့်အတူ လောယာကောင်းကင်သို့ ထွက်ပေါ်လာသည့် သတင်းတို့က ဖုံးလွှမ်းနေတော့သည်။ အချို့လူများက ထိုဗီဒီယိုကိုသုံးကာ ယာဉ်စည်းကမ်း ချိုးဖောက်ခြင်းရှိမရှိ သက်သေရှာနေကြသော်ငြား ယာဉ်ပျံမှာ ထူးထူးဆန်းဆန်း မောင်းနှင်နေသည့်တိုင် မည်သည့်စည်းကမ်းကိုမှ ချိုးဖောက်ထားခြင်းမရှိကြောင်း အံ့ဩဖွယ်ကောင်းအောင် တွေ့လိုက်ရသည်။ 


<< အိုမင်းပေမယ့် သန်မာသေးတဲ့ ဧကရာဇ်ဟောင်းက ယာဉ်ပျံမောင်းနှင်တဲ့စကေးကို ထုတ်ဖော်ပြသ>>ဟူသည့် ခေါင်းစဉ်ဖြင့် အင်တာနက်တွင်  ပွက်လောရိုက်နေသော်ငြား တော်ဝင်အကယ်ဒမီမက်ခါအတန်း၏ ကျောင်းသားများကိုမူ မသက်ရောက်ချေ။ အကြောင်းမှာ အတန်းချိန်အတွင်း သရုပ်ပြကွန်ယက် အသုံးပြုခြင်းကို ကန့်သတ်ထားသည့်အပြင် ကျောင်း ကွန်ယက်မှတစ်ပါး အခြား မည်သည့်အင်တာနက်ကွန်ယက်ကိုမှ အသုံးမပြုနိုင်ချေ။ 

သိူ့သော် အချင်းချင်း ဆက်သွယ်ခြင်းကိုတော့ မတားမြစ်ထားပေ။ 


စတူးဝပ်သည် ကွန်ပျူတာအတန်းသားတစ်ဦးဖြစ်ကာ ဂျိုရဝက်မိသားစုဝင်တစ်ဦးလည်း ဖြစ်သည်။ သူ့အရပ်မှာ အလွန်ရှည်လျားသည့်အတွက် ၁၆ နှစ်အရွယ်မှာပင် အရပ် ၂၃၀ စင်တီမီတာရှည်သော လူကြီးများထက်ပိုကာ လူကြီးပုံ ပေါက်နေတော့သည်။ 


ပြီးခဲ့သည့်နှစ်ပေါင်းများစွာက ဂျိုရာဝပ်များသည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် စွမ်းရည်နိမ့်ကျမှုများကြောင့် များစွာ ခွဲခြားဆက်ဆံခံခဲ့ရသည်။ သူတို့၏ ကိုယ်ဝန်ဆောင်နိုင်စွမ်းမှာ အခြားသူများထက် လွယ်ကူသဖြင့် တစ်စထက်တစ်စ ကျော်ကြားလာသည့်တိုင် စိတ်ထားရိုးရှင်းသော ဂျိုရဝက်များအဖို့ တော်ဝင်အကယ်ဒမီသို့ ဝင်ရောက်နိုင်ရန်မှာ မလွယ်ကူလှ။ စတူးဝပ်တစ်ဦးတည်းသာလျှင် ဝင်ခွင့်ရခဲ့ပေသည်။ သူ၏ ရှည်လျားလှသော အရပ်ကြောင့် အတန်းဖော်များအကြား ထင်းထွက်နေသော်ငြား နောက်ဆုံးတန်းတွင်သာ ထိုင်တတ်သည့်အတွက် အပေါင်းအသင်း မရှိချေ။ 


"A1, b2, A4,d6, c4, A3,b2,c4,d3,..." 


စတူးဝပ်က ပါးစပ်မှ ရေရွတ်ရင်း လက်ကလည်း သင်ကြားရေးပလက်ဖောင်းကို အလျင်အမြန် နှိပ်နေစဉ် လူငယ်လေးတစ်ဦးက သူ့ဘေးသို့ ဝင်ထိုင်လိုက်သည်။ သူက လူငယ်လေးကို စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက်တွင်တော့ သူ့ရှေ့ရှိ သင်ကြားရေးပလက်ဖောင်းမှ အချက်ပေးသံ ထွက်ပေါ်လာတော့သည်။ သူက ခလုတ်မှားနှိပ်မိလိုက်ခြင်းဖြစ်သည်။


စတူးဝပ်မှာ လက်လျော့လိုစိတ်ပင် ဖြစ်ပေါ်လာတော့သည်။ သူသည် ရုပ်ပိုင်းဆိုင်ရာတွင် မကြံ့ခိုင်သည့်အပြင် စိတ်စွမ်းအင်မှာလည်း မမြင့်မားသည့်အတွက် မက်ခါကို ထိန်းချုပ်ရာတွင် စိတ်စွမ်းအင်ကို အသုံးမပြုနိုင်၊ ခလုတ်များကို နှိပ်ရန် လိုအပ်နေပေသည်။ သို့သော် သူ၏ လက်အရှိန်မှာ အလွန်နှေးကွေးကာ ခလုတ်များကိုပင် မှန်ကန်အောင် မနှိပ်နိုင်သည့်အတွက် အတန်းထဲတွင် အညံ့ဆုံးကျောင်းသား ဖြစ်နေတော့သည်။ 


"အပေါ်က ပစ်မှတ်ကို နောက်ပြန်ကန်ချက်နဲ့ ကန်မလို့ မဟုတ်လား ..." 


ရမ်ရှန့်က သူ့ဘေးရှိ ကျောင်းသားကြီးကို မေးလိုက်သည်။ 


"ဟုတ်တယ် ..." 


စတူးဝပ်က ခေါင်းငြိမ့်ပြလိုက်သည်။ သူ့အကြည့်တို့က ဆယ်ကျော်သက်ကလေးထံ ကျရောက်နေပေ၏။ 


"ဒါပေမယ့် ငါက အဲဒါကို လုပ်ဖို့တောင် အသုံးမကျတာ‌ကတော့ တကယ်ကို နှမြောစရာပဲ ..." 


"မဟုတ်တာ မင်းလုပ်တာတွေက ကောင်းနေပြီပဲ မဟုတ်လား လှုပ်ရှားမှုတွေကို ထပ်ပြီး လေ့ကျင့်လိုက်ရင် သိပ်မကြာခင် လုပ်နိုင်မှာပါ ..." 


သူက ထိုသို့ပြောလိုက်လျှင် စတူးဝပ်မှာ ပထမဆုံးအကြိမ် အားတက်လာတော့သည်။ 


"တကယ်လား ..." 


"ဒါပေါ့ ..." 


ရမ်ရှန့်က ပြန်ပြောလိုက်သည်။ 


"မင်းသာ ပိုလေ့ကျင့်ပြီး အရှိန်မြန်လာရင် ကောင်းကောင်း လုပ်နိုင်မှာပဲ ..." 


သူက ထိုသို့ပြောရင်း စတူးဝပ်၏ သင်ကြားရေးပလက်ဖောင်းကိူယူကာ ခလုတ်များစွာကို အတိအကျ နှိပ်လိုက်သည်။ 


"ကြိုးစားကြည့်လိုက်မယ် ..." 


စတူးဝပ်က ပြောလိုက်သည်။ 


"မင်းကို တစ်ခါမှ မတွေ့ဖူးပါဘူး မင်းက ဘယ်သူလဲ ..." 


အတန်းထဲရှိ ကျောင်းသားအားလုံးကို သိထားသော်ငြား သူ့ရှေ့တွင် ရှိနေသူကိုမူ တစ်ခါမှ မတွေ့ဖူးချေ။ 


ဒါပေမယ့် နည်းနည်းလေး ရင်းနှီးနေ‌သလိုပဲ ... 


"ငါက ဧည့်ကျောင်းသားလေ ရှေ့လျှောက် စာသင်တာတွေကို လာနားထောင်မလို့ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"ဧည့်ကျောင်းသား ... ဒါနဲ့ မင်းက ဂရင်တန်မဟုတ်လား ..." 


စတူးဝပ်က ရုတ်ချည်း စိတ်လှုပ်ရှားသွားတော့သည်။ 


"မင်းက ငါ ဒုတိယအလေးစားရဆုံးသူပဲ ငါ့ကို မက်ခါဘယ်လိုမောင်းရမလဲ သင်ပေးလို့ရမလား ..." 


"‌ဒါဆို အလေးစားရဆုံးသူက ဘယ်သူလဲ ..." 


ရမ်ရှန့်မှာ သိလိုစိတ်ကို ထိန်းထား၍ပင် မရတော့ချေ။ 


"ချပ်မင်ကို မက်ခါနဲ့ တိုက်ခဲ့တဲ့ ဆံပင်ရွှေရောင်နဲ့ မင်းသားလေးလေ သူက ခွန်အားကြီးတဲ့အပြင် ခန္ဓာကိုယ်ကလည်း သေးသေးကွေးကွေးလေး သူက တကယ်ကို ငါ့ရဲ့အိုင်ဒေါပဲ..." 


စတူးဝပ်သည် လူကောင်သေးသေးကွေးကွေးလေးများကို အနှစ်သက်ဆုံးဖြစ်သည်။ 


ထားပါ အဲဒါလည်း သူပဲလေ ... 


သူ့အပေါ် ရမ်ရှန့်၏ အမြင်မှာ တစ်ဖြေးဖြေး ကောင်းမွန်လာတော့သည်။ 


"ငါ့ကို လေးစားမှတော့ သင်ပေးရမှာပေါ့ ဒါပေမယ့် ကျောင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာကိုတော့ ငါ့ကို ပြောပြရမယ် ..." 


သူက ကျောင်းနှင့်ပတ်သက်၍ တစ်ခုတစ်လေမှ သိမထားရာ လွတ်သွားခဲ့သော အသိပညာများကို ပြန်ဖြည့်ဆည်းနိုင်ရန် အလို့ငှာ ညီငယ်လေးတစ်ဦး ရှာထားရမည်ဖြစ်သည်။ 


သူက မက်ခါကို မောင်းနှင်နိုင်သော်လည်း စည်းမျဉ်းနှင့် ပြန်လည်ပြုပြင်နည်းများကိုမူ မသိချေ။ သို့သော် သူသာ မက်ခါနှင့် ဆိုင်သည့် ဗဟုသုတများကို လေ့လာကာ မက်ခါ၏ အစိတ်အပိုင်းတိုင်းကို သဘောပေါက်နိုင်ပါလျှင် မက်ခါကို မှော်လက်နက်အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်။ 


ဒါပေမယ့် အဲဒီ့လိုလုပ်ဖို့ဆိုရင် ကျောက်လင်းယွီရဲ့ ခန္ဓာကိုယ်ထဲက သန့်စင်မြေနဲ့တင် မလုံလောက်လောက်ဘူး ... 


ရမ်ရှန့်မှာ သူ့လက်တွဲဖော်အား ခြောက်ခန်းသွားသည်အထိ စုပ်ယူမိမည်ကို တစ်ဖန် စိုးရိမ်လာပြန်တော့သည်။


ရမ်ရှန့်မှာ တော်ဝင်အကယ်ဒမီ၏ ဧည့်ကျောင်းသား ဖြစ်လာသော်လည်း ကျောက်လင်းယွီကို ကလေးများအား နေ့တိုင်း ကျောင်းသို့ ခေါ်သွားခိုင်းရမည်ကိူလည်း အားနာသဖြင့် ကျောက်လင်းယွီ ကျောင်းသို့ ခေါ်မသွားသည့်နေ့များတွင် ကျောင်းမှ ခွင့်ယူကာ ကလေးများနှင့်အတူ နေပေးလိုက်သည်။ သူသည် ဧည့်ကျောင်းသားတစ်ဦးသာ ဖြစ်သည့်အတွက် အခြားနေ့များတွင် ကျောင်းသွားခြင်းသည် ကျန်ကျောင်းသားများ၏ အာရုံကို မဆွဲဆောင်နိုင်ချေ။ 


သို့သော် ကျောက်လင်းယွီကမူ ရမ်ရှန့်၏ အားတုံ့အားနာ အမူအယာအပေါ် ပိုပြီး သင်္ကာမကင်း ဖြစ်လာတော့သည်။ သို့သော် ဝဲလ်ကို မေးကြည့်၍ အကြောင်းအရင်းကို သဘောပေါက်သွားချိန်တော့ ထပ်ပြီး အာရုံစိုက်မနေတော့ချေ။ 


ရမ်ရှန့်က ကျောင်းသွားရတာ ကြိုက်ရင် သွားပါစေ ဘာပဲဖြစ်ဖြစ် သူပေးထားတဲ့ ပစ္စည်းသေးသေးလေးတွေ ရှိနေသေးတာပဲဆိုတော့ ရမ်ရှန့် ဘယ်နေရာမှာ ရှိသလဲ သိနိုင်ရုံတင်မကဘူး သူ ဘာတွေပြောနေသလဲဆိုတာကိုပါ နားထောင်လို့ ရနေတာပဲလေ ... 


ဘယ်လောက်ပဲ စိတ်ပူတယ်ဆိုဆို ရမ်ရှန့်က ရွှံ့ရုပ်မှ မဟုတ်တာ ပြီးတော့ သူက တော်ဝင်အကယ်ဒမီမှာ စာသင်ဖို့လာတာလေ သူ(ZLY)ကလည်း တော်ဝင်အကယ်ဒမီမှာပဲ ရှိနေမှာဆိုတော့ နှစ်ယောက်က တစ်နေရာတည်းပဲလေ တစ်ခုခု အန္တရာယ်ဖြစ်ရင်တောင် ချက်ခြင်း ပြေးသွားလို့ ရတာပဲ ဟုတ်တယ်မဟုတ်လား ... 


ရမ်ရှန့်၏ အခြေအနေကို ဆက်သွယ်ရေးစက်မှတစ်ဆင့် သိနိုင်နေသည့်အတွက် ကျောက်လင်းယွီလည်း ကလေးများကို ကျောင်းသို့ အမြဲခေါ်သွားပေးလိုက်တော့သည်။ 


သူနှင့် ရမ်ရှန့်တို့ တစ်လှည့်စီ ကလေးထိန်းနေကြကြောင်း သိလိုက်ရသည့်အခါ ရှန်းချိုးရှစ်က သဘောမတူကြောင်း လာပြောတော့သည်။ 


"ရမ်က ကိုယ်ဝန်ဆောင်ထားရတော့ ပင်ပန်းနေမှာလေ သူ့ကို ဘာလို့ ကလေးထိန်းခိုင်းနေရသေးတာလဲ ရှေ့လျှောက် အမေကူထိန်းပေးမယ် ..." 


"ညီမလေးကရော ..." 


ကျောက်လင်းယွီက ဆွံ့အသွားရတော့သည်။ 


"မင်းအဖေကို ထိန်းခိုင်းလိုက်မယ် ..." 


သူမက မဆိုင်းမတွ ပြန်ပြောလိုက်သည်။ 


ကျောက်ပန်ကျူသည် အခြားသူကို ပြန်လည်ရိုက်နှက်နိုင်သည့် အဆင့်မြင့်စွမ်းရည်ပိုင်ရှင်တစ်ဦး မဟုတ်ချေ။ 


အဖေကို ထိန်းခိုင်းဖို့က တကယ်ရော အဆင်ပြေပါ့မလား ... 


"မပူပါနဲ့ မင်းအဖေသာ ကောင်းကောင်း မထိန်းနိုင်ရင် အမေ သူ့ကို သင်ခန်းစာပေးလိုက်မယ် ..." 


ရှန်းချိုးရှစ်က ပြောလိုက်သည်။ 


"..." 


ကျောက်လင်းယွီမှာ သူ့အဖေအတွက် အနည်းငယ် စိတ်မကောင်းဖြစ်သွားတော့၏။ သူက ကလေးများကို ထိန်းပေးနေသည့်အတွက် ရမ်ရှန့်လည်း ကျောင်းသိူ့နေ့တိုင်းသွားကာ ညီငယ်လေးစတူးဝပ်နှင့် ပိုပြီး ရင်းနှီးလာပြီးနောက် ထိုလူထွားကြီး၏ ခေါင်းမှာ မည်မျှ ညံ့ဖျင်းကြောင်း နက်နက်ရှိုင်းရှိုင်း သဘောပေါက်လာတော့သည်။ 


မဟုတ်သေးဘူး ... ဒီတစ်ယောက်က နတ်ဘုရားအသိဉာဏ် မပါဘဲ မွေးဖွားလာတာလို့ ပြောရမယ် သူသာ ကျင့်ကြံရေးလောကကို ရောက်သွားရင် ဘယ်လောက်ပဲ အမြစ်တွေ၊ အရိုးတွေ သန်မာသန်မာ မသေမျိုးဖြစ်နိုင်မယ့် လမ်းစပေါ်ကိုတောင် ရောက်မှာ မဟုတ်ဘူး ... 


"ပြင်းပြင်းထန်ထန် လေ့ကျင့်ပေမယ့် လှုပ်ရှားမှုတွေကို ချိတ်ဆက်တဲ့နေရာမှာ အခက်တွေ့နေတုန်းပဲ ပြီးတော့ လက်အရှိန်ကို မြန်လာအောင် လေ့ကျင့်နိုင်မယ့်နည်းလမ်းလည်း မရှိဘူး  ..." 


သူက ရမ်ရှန့်ကို အားမလိုအားမရစိတ်ဖြင့် စိုက်ကြည့်လိုက်သည်။ သူ့စိတ်စွမ်းအင်မှာ အလုပ်မဖြစ်သည့်အပြင် လက်အရှိန်မှာလည်း မမြန်ဆန်လှပေ။ ထို့အပြင် သူ၏ အလွန်အကျူး ကြီးထွားနေသော ခန္ဓာကိုယ်ကြွက်သားတို့ကြောင့် ခန္ဓာကိုယ်မှာ ပျော့ပျောင်းမနေတော့ပေ။ 


ရမ်ရှန့်က ထိုခပ်ရိုးရိုး လူထွားကြီးကို သဘောကျသည့်တိုင် အကြံပေးချိန်တွင်တော့ အနည်းငယ် စိတ်မရှည်နိုင်ပေ။ 


ဒီလူက သူ့သားမှ မဟုတ်တာ အဲဒါဆိုတော့ အချိန်ရှိရင်တောင် သူ့သားတွေနဲ့ပဲ ဆော့နေမှာပေါ့ ပြီးတော့ သူ့မှာ ဘာအရည်အချင်းမှလည်း မရှိဘူးလေ လက်အရှိန်ကို တိုးတက်အောင် ဘယ်လိုလုပ်ရမှန်းတောင် မသိဘူးတဲ့ ... 


ဒါပေမယ့် စတူးဝပ်ကို ကူညီပေးနိုင်မယ့်နည်းလမ်းများ ရှိနေ‌နိုင်လောက်သေးလား ပြောရရင် သူ့ကိုယ်သူလည်း ကိုယ်ရည်သွေးထားမိတော့ ... 


Xxxxxxx