အပိုင်း ၅
Viewers 13k

Chapter 5

 အလောင်းအစား

_


ညီလာခံခန်းမ၏အထက်တွင် ပုလဲပုတီးခန်းဆီးကာကိုတပ်ဆင်ရန် ရွှယ်ကျွင်းလျန်မှ အမိန့်ပေးခဲ့သည်။ အားလုံးပြီးတဲ့နောက် နန်းတော်အတွင်း၌ ဧကရီ၏မျက်နှာတော်အား လူတိုင်းကိုမြင်ခွင့်ပြု၍မရချေ။


အမတ်မင်းဝမ်နျန်၊ ရွှယ်ဟုန်ယန်သည် ရွှယ်ကျွင်းလျန်၏ တစ်ဝမ်းတည်းဖွား ညီတော်ဖြစ်ပြီး သူတို့နှစ်ဦးက အမြဲတစေ ရင်းနှီးကြသည်။ ရွှယ်ကျွင်းလျန် ရာဇပုလ္လင်ထက်ထိုင်ကတည်းက အခြားသောညီအစ်ကိုများမှာ ဖယ်ရှားခြင်းခံရခြင်း သို့မဟုတ် အဝေးသို့ပို့ခံခြင်းများရှိကာ အမတ်မင်းဝမ်နျန်ဘွဲ့ပေးအပ်ခံရသည့် အငယ်ဆုံးညီတော်သာ ကျန်ခဲ့သည်။


တစ်ချိန်က အနာဂတ်ဟောပြောသူတစ်ဦးသည် ရွှယ်ဟုန်ယန်၏စရိုက်လက္ခဏာမှာ ရက်စက်ကြမ်းကြုတ်ပြီး သူကတစ်နေ့တွင် ဘေးအန္တရာယ်ကို သယ်လာလိမ့်မည်ဟုဆိုသည်။


သူရာထူးရစဥ်က အလွန်ငယ်ရွယ်နေဆဲဖြစ်ပြီး မည်သည့်အောင်မြင်မှုမျိုးကိုမှ မတည်ဆောက်ရသေးချေ။ လူများစွာက သူနှင့်ပတ်သက်ပြီး မကျေမနပ်ဖြစ်ကြပြီး အနာဂတ်ဟောပြောသူ၏စကားကိုပါ ပေါင်းထည့်လိုက်လျှင် လူတွေက ရွှယ်ဟုန်ယန်ကို အနိုင်ကျင့်ဖို့ရာ ပိုမိုပါဝင်လာကြသည်။


သို့သော်လည်း ရွှယ်ကျွင်းလျန်က သူ့ညီငယ်ကို တစ်ကြိမ်လေးပင် သံသယမဝင်ဘဲ အမြဲယုံကြည်ခဲ့သည်။


ရွှယ်ဟုန်ယန်အငယ်လေးမှာ နုံအပုံပေါ်သော်ငြား သူသည် တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်သောကြောင့် သူ့ပတ်ဝန်းကျင်ရှိလူများကို သတိပြုစောင့်ကြည့်ဖို့ရာ မလွဲမသွေသင်ယူခဲ့သည်။ ရွှယ်ကျင်းလျန်က သူ့အား အမြဲတစေကောင်းပေးသည်မှာ သူကရွှယ်ကျွင်းလျန်ထံမှ ရာဇပုလ္လင်ကိုရရှိရန် ယှဥ်ပြိုင်လိုခြင်းမရှိခြင်းကြောင်းဆိုတာကို သူသိ၏။ ရွှယ်ဟုန်ယန်အတွက်တော့ ညီအစ်ကိုများကြားရှိ ဤဆက်ဆံရေးက သိပ်မထူးဆန်းပေ။ အင်ပါယာနန်းတော်အတွင်း၌ပင် ရှားပါးပေ၏။


ရာထူးရပြီးသုံးလတွင် ရွှယ်ဟုန်ယန်က စစ်ပွဲအတွက် ထွက်သွားခဲ့သည်။ သူက နန်းမြို့တော်ကို ၈နှစ်မျှ စွန့်ခွာခဲ့ကာ တစ်ကြိမ်လေးပင် ပြန်မလာပေ။


မူးမတ်များစွာက ရွှယ်ဝမ်ထံ ရွှယ်ဟုန်ယန်အား နန်းမြို့တော်ကို ပြန်ခေါ်ဖို့ရာ အသနားခံခဲ့ကြသည်။ ရွှယ်ဟုန်ယန် အကြာကြီးထွက်သွားလျှင် သူ့အနေဖြင့် နောက်လိုက်နှင့်အင်အားတို့ကို စုဆောင်းသွားနိုင်မည်ကို ပူပန်နေကြသည်။


သူတို့က ဤအကြောင်းကို အဆိုပြုတိုင်း ရွှယ်ကျွင်းလျန်က ပြုံးလျက်ဖြင့်ဆိုသည်။


"ကိုယ်တော့်ညီတော်အရင်းကိုတောင် မယုံကြည်နိုင်ရင် အခြားဘယ်သူ့ကို သွားယုံရတော့မှာလဲ"


ဤတစ်ကြိမ်တွင် ရွှယ်ဟုန်ယန် နန်းမြို့တော်ကိုပြန်မလာရသည်မှာ အတော်ကြာပြီဖြစ်ရကား သူ့အနေဖြင့် အနည်းငယ်သောလွမ်းဆွတ်မှုတို့ကို ခံစားလိုက်ရ၏။ 


စစ်သူကြီးနှစ်ဦးခြံရံလျက် ရွှယ်ဟုန်ယန်သည် ချပ်ဝတ်တန်ဆာအပြည့်ဖြင့် ဝင်လာသည်။ သူ၏လက်နက်တို့ကိုမူ ခန်းမထဲမဝင်မှီကတည်းက ဖယ်လိုက်ပြီဖြစ်သည်။


ထန့်ယွင်က ခန်းဆီးကာ၏နောက်တွင် ထိုင်နေခဲ့သည်။ အိမ်ရှေ့စံက သူ့ဘေးတွင်ရှိနေကာ သူ(TY) ရွှယ်ဟုန်ယန် နီးကပ်လာတာကို ကြည့်နေခဲ့သည်။ ထိုလူနှင့်ပတ်သက်၍ သူဘယ်လိုခံစားရမလဲဆိုတာကို မသိချေ။


လွန်ခဲ့သော၁၀နှစ်က သန်မာသည့်ပြိုင်ဘက် လက်တစ်ဆုပ်စာခန့်နှင့် တွေ့ခဲ့သည့်တိုင် မည်သူကမှ အနှီအမတ်ပင်းဝမ်နျန်(စစ်သေနာပတိဝမ်နျန်)၊ ရွှယ်ဟုန်ယန်လောက် မသန်မာကြပေ။ လူအများက ရွှယ်ဟုန်ယန်မှာ ရဲရင့်သော်ငြား ထက်မြက်ခြင်းမရှိဟုဆိုကြသည့်တိုင် သူကတော့ ယင်းမှာ အမှန်မဟုတ်ကြောင့် အသေအချာသိထားသည်း။ ထိုရွှယ်ညီနောင်နှစ်ဦးမှာ အရည်အချင်းရှိသည့် ဦးဆောင်သူများဖြစ်ကြချေ၏။ ရွှယ်ကျွင်းလျန်က အမိန့်ချသူဖြစ်လျှင် ရွှယ်ဟုန်ယန်က ကွပ်မျက်သူဖြစ်သည်။ ရွှယ်ဟုန်ယန်နှင့် စစ်မြေပြင်တွင် တွေ့ရသူတိုင်းသည် အသက်နှင့်ခန္ဓာ အိုစားကွဲမည်ပင်။


ရွှယ်ဟုန်ယန်သည် ထန့်ယွင်အတွက် စိမ်းသက်မနေပေ။ သူ့အား ယခုအချိန်တွင် မြင်နေရသည်မှာ သူ၏သွေးများပင် စတင်ဆူပွက်လာချေသည်။


ဤအကြိမ်တွင် ရွှယ်ဟုန်ယန်သည် ထန့်ပြည်ကို သိမ်းပိုက်ပြီးမှ နန်းမြို့တော်ကို ပြန်လာခြင်းဖြစ်ကာ သဘာဝကျကျပင် ချီးမြှောက်ခံရမည်ဖြစ်သည်။ သို့သော်ငြား သူရာထူးတိုးမြှင့်ပေးအပ်ခြင်းခံရလျှင် သူ၏ရာထူးက အလွန်မြင့်မားနေသဖြင့် လူတွေက ကန့်ကွက်ပေလိမ့်မည်။


[အမတ်မင်းတစ်ယောက်ရဲ့ရာထူးက မြင့်မားနေရင် ရာဇပုလ္လင်ကို ခြိမ်းခြောက်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်နှင့် ရေးထားခြင်းပါတဲ့]


ရွှယ်ကျွင်းလျန်က ထရပ်ပြီး ရွှယ်ဟုန်ယန်ထံ သွားလိုက်ကာ ဒူးထောက်နေရာမှ မထူလိုက်သည်။ တစ်ချိန်လုံး သူသည် ရွှယ်ဟုန်ယန်အား ရာထူးတိုးမြှင့်ပေးအပ်မည့်အကြောင်းကို မဟချေ။ ထိုအစား နန်းတော်ထဲတွင် နေ့လည်စာအတူစားရန်သူ ဖိတ်ကြားလိုက်၏။


ထန့်ယွင်က စကားတစ်ခွန်းပင် မဆိုခဲ့သော်ငြား စိတ်ထဲမှနေ၍ လှောင်ရယ်နေခဲ့သည်။ ရွှယ်ကျွင်းလျန်က တကယ့်ကို လူယုတ်မာပင်။ သူကသူ၏ညီနောင်ကို နွေးထွေးကြင်နာစွာ ဆက်ဆံ၏။ ယင်းမှာ သူ၏ကိုယ်ပိုင်အကျိုးအမြတ်အတွက် ရွှယ်ဟုန်ယန်ကို အသုံးချခြင်းဟုတ်မဟုတ် မည်သူကသိနိုင်မည်နည်း။

5.2


ထန့်ယွင် သက်ပြင်းချလိုက်သည်။ သူက တိုင်းပြည်ပြင်ပ စစ်မြေပြင်တွင် ၁၀နှစ်မျှ နေခဲ့ပြီး ထို၁၀နှစ်အတွင်း ထန့်ပြည်တွင် ပြည်တွင်းစစ်လည်း ဖြစ်ပွားနေခဲ့၏။ သူ၏ညီနောင်များကြားတွင် တစ်ဦးမဟုတ်တစ်ဦး ပုန်ကန်ထကြွသူရှိနေကာ နန်းပုလ္လင်ကို သိမ်းပိုက်သူများ အမြဲရှိနေခဲ့သည်။ အမတ်များ၊ ဝန်မင်းများနှင့်


တော်ဝင်မျိုးနွယ်များစွာကလည်း တိုင်းပြည်မှစွန့်ခွာထွက်ပြေးနေရသည်။


တိုင်းပြည်းကျောရိုးကို တည်ဆောက်ပြီးချိန်တွင် တိဝမ် နှစ်သက်မြတ်နိုးရာ အရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။


ညီလာခံပြီးသည့်အခါ ရွှယ်ကျွင်းလျန်က အိမ်ရှေ့စံငယ်ကိုလည်း နေ့လည်စားတော်ပွဲအတွက် ခေါ်ခဲ့သည်။ အိမ်ရှေ့စံသည် သူ၏မောက်မာမှုနှင့်ဒေါသတွေကြားမှ ရွှယ်ဟုန်ယန်နှင့် အဆင်ပြေအောင် ပေါင်းသင်းနိုင်ခဲ့သည်။


ထန့်ယွင် ယွင်ဖုန့်နန်းဆောင်ကို ပြန်ရောက်ချိန်တွင် ရှို့ယောင်က စိုးရိမ်တကြီး စောင့်နေသည်။ သူမကမေးသည်။


"ဧကရီ၊ ဘယ်လိုပါလဲ"


"ဘယ်လိုဖြစ်သင့်သေးလို့လဲ"


ထိုစကားလုံးတွေက ရှို့ယောင်၏စိတ်လှုပ်ရှားမှုကို လျော့ကျမသွားစေပေ။ သူမကထပ်ပြောလိုက်သည်။


"အရှင်မ၊ ဒီနေ့ စားဖိုဆောင်က အရသာရှိတာတွေချက်ပါတယ်၊ အရှင်မအနေနဲ့ ဥယျာဥ်ထဲမှာ နေ့လည်စာသုံးဆောင်တော်မူလိုပါသလား"


ထန့်ယွင် သူမ၏ ကြင်နာသည့်အကြံကို မငြင်းပယ်လိုက်ပေ။ သူသည်လည်း နေ့တိုင်းလိုလို အခန်းတွင်းအောင်းနေခြင်းကို ပျင်းရိနေပြီပင်။ ထို့ကြောင့် အဲဒါက ကောင်းမွန်သည့်အကြံဟု သူထင်လိုက်သည်။


ရှို့ယောင်က အသေးစားအမိုးလေးအောက်တွင် အစားအသောက်တို့ကို ပြင်ဆင်လိုက်သည်။ ဤနေရာရှိမြင်ကွင်းမှာ မဆိုးလှပေ။ တစ်ဖက်က ရေကန်ကို မျက်နှာမူလျက်ရှိကာ စိမ်းလန်းသည့်အပင်များ ရောင်စုံပန်းများက အမိုးတဲဝန်းကျင်တွင် ဝန်းရံထား၏။ ရှို့ယောင်က ထန့်ယွင်ဘေးတွင် ပြင်းပြသောစိတ်အစဥ်ဖြင့် ရှိနေကာ ရေပက်မဝင်အောင် စကားဆိုလျက်ရှိသည်။


နေ့လည်စာစားရင်း တစ်ဝက်အရောက်တွင် သူတို့က ရွှယ်ကျွင်းလျန်နှင့် ရွှယ်ဟုန်ယန် ဘေးချင်းယှဥ်လျက် လာနေတာကို တွေ့လိုက်ရသည်။ ခပ်လှမ်းလှမ်းတွင် အစေအပါးတစ်စုက လိုက်ပါလာ၏။ ညီအစ်ကိုနှစ်ဦးက တစ်စုံတစ်ရာကို ဆွေးနွေးနေပုံပင်။


ထန့်ယွင်အနေဖြင့် ခိုးကြောင်ခိုးဝှက်မလုပ်သင့်တာကိုသိနေသော်ငြား ရွှယ်ဝမ်နှင့် အမတ်မင်းဝမ်နျန်ကြားမှ စကားအကြောင်းအရာဟာ သူအကြားချင်ဆုံးအရာဖြစ်နေမှာကိုလည်း သိနေသည်။


ရှို့ယောင်သည်လည်း ရှောင်ထွက်ဖို့ တွေးလိုက်သည် ။  သူမ၏သခင်မကို လှမ်းကြည့်သောအခါ ဧကရီသည် မလှုပ်မယှက်ဖြစ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။


ညီအစ်ကိုနှစ်ဦး ပိုမိုနီးကပ်လာသည့်အခါ ထန့်ယွင်သည် ရွှယ်ဟုန်ယန်၏စကားကို ကြားလိုက်ရသည်။


"ထန့်ယွင် သေပြီ ဆိုပေမယ့် ကျွန်တော်တို့ ထန့်ပြည်နဲ့ပတ်သက်ပြီး ဂရုစိုက်သင့်နေတုန်းပဲ"


"မင်းမှန်တယ်"


ရွှယ်ကျွင်းလျန် ရယ်သံတစ်ခုဖြင့် ဖြည့်စွက်လိုက်သည်။

"ထန့်ရှန်က ထန့်ယွင်နဲ့ အရမ်းကိုနီးကပ်တဲ့ ဆက်ဆံရေးရှိတယ်လို့ ငါကြားတယ်၊ ဟုတ်လား"


ရွှယ်ဟုန်ယန် ခေတ္တမျှစဥ်းစားပြီးမှ ပြောလိုက်သည်။


"ကျွန်တော်လည်း အဲလိုကြားမိတယ်"


ရွှယ်ကျွင်းလျန်က ခပ်သဲ့သဲ့ရယ်လိုက်ကာဆိုသည်။


"ငါကြားတာ ထန့်ရှန်က အစက မျိုးရိုးမတူတဲ့အမတ်တစ်ပါးတဲ့၊ ပြီးမှ တော်ဝင်မျိုးရိုးကို အပ်နှင်းခံရတာဆိုပဲ၊ နောက်ပိုင်း တဖြည်းဖြည်း အောင်မြင်မှုတွေရလာတော့ ဝမ်(ဘုရင်)အမျိုးအနွယ်တွေက မကျေနပ်ကြတော့ဘူးတဲ့"


[ဒီနေရာမှာ ရွှယ်ဟုန်ယန်နဲ့ပြောတဲ့အခါ ရွှယ်ကျွင်းလျန်က 'ကု' ဆိုတဲ့ ဘုရင်အသုံးအနှုန်းကိုမသုံးပါဘူး အဲ့အစား 'ဝေါ်'ဆိုတဲ့နာမ်စားကို သုံးထားပါတယ်]


"ဟုတ်ပါတယ်"


ရွှယ်ဟုန်ယန်အနေဖြင့် ရွှယ်ဝမ်က အဘယ်ကြောင့် ဤအကြောင်းအရာကို ဆွေးနွေးနေရသလဲ သူနားမလည်ချေ။ သူ့ကိုယ်သူနှင့် နှိုင်းယှဥ်ပြီးတဲ့နောက် သူ့စိတ်ထဲတွင် စတင်တုန်လှုပ်လာသည်။ ရိုးရိုးသားသားဆိုရလျှင် သူတွေးနေတာက အမှန်မဟုတ်ရင်တောင် သူ့ခေါင်းကို မမော့ရဲသေးချေ။ သူကြောက်၏။ ထန့်ရှန်ကဲ့သို့ပင် သူ၏ဘဝတစ်ခုလုံးနှင့်ရင်းပြီး သစ္စာစောင့်သိပေမယ့် စွန့်ပစ်ခံရ၏။


ရွှယ်ကျွင်းလျန်က သူ့ကိုကြည့်ကာ ချက်ချင်းပင် ရွှယ်ဟုန်ယန် ဘာတွေးနေသလဲ နားလည်သွားသည်။ သို့သော်လည်း သူက ငြင်းလည်းမငြင်းသလို အတည်ပြုပေးခြင်းလည်းမရှိချေ။ ထိုအစား သူကဆက်ပြောသည်။


"ထန့်ပြည် ကို စာလွှာတစ်စောင်ပို့ဖို့ စီစဥ်ထားတယ်၊ စာကို ထန့်ရှန်တစ်ဦးပဲတွေ့လိမ့်မယ်၊ ပြီးတော့ သူက ရွှယ်ဝမ်ဟာ ထန့်ပြည်ရဲ့ ဆဌမမင်းသားဖြစ်သူ စစ်သူကြီးယွင်ရဲ့အရိုးပြာကို ပြန်လည်ပို့ဆောင်လိမ့်မယ်လို့ လျှောက်တင်လိမ့်မယ်၊ မင်းဘယ်လိုထင်လဲ"


ရွှယ်ဟုန်ယန် ရုတ်​တရက်​ရပ်​သွားပြီး နောက်ဆုံးတွင် သူနားလည်သွား၏။ ဤသည်မှာ ထန့်ဝမ်နှင့်ထန့်ရှန်တို့ကြားတွင် ဝေးကွာမှုကို ဖန်တီးရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထန့်ဝမ်၏ သံသယစိတ်ကြောင့် ရွှယ်ပြည်၏စာလွှာကို ထန့်ရှန်တစ်ဦးတည်းသာ မြင်လိုလျှင် ပို၍ပင် သတိထားထာပြီး အမတ်မင်းရှန်ကို အဝေးကို လွှတ်လိုက်လိမ့်မည်။ ထန့်ပြည်တွင် စစ်သည်များကို ဦးဆောင်မည့်သူမရှိတော့သဖြင့်  တိုက်ခိုက်ရန် အားနည်းလာလိမ့်မည်။


ထန့်ယွင် သူ၏ခေါင်းကို အရိုက်ခံလိုက်ရသလို ခံစားလိုက်ရပြီး ခြေလက်များအေးစက်လာသည်။ ထန့်ဝမ်က သူ၏ဖခင်အရင်းဖြစ်သည်။ ခမည်းတော်က အမတ်မင်းရှန် သံသယဝင်နေတာကို သူက ဘယ်လိုလုပ် မသိရသည်လဲ။ သူနှင့်ထန့်ရှန်က သွေးသားပင်မတော်စပ်သော်ငြား သူကတော့ သူ့အား ညီအစ်ကိုအရင်းပမာ အမြဲလိုလို တွေးခဲ့သည်။ ပြီးနောက် ထန့်ရှန်အတွက် ထောင်ချောက်ဆင်ထားသည်ကို ကြားလိုက်ရလျှင် သူအကူအညီမဲ့သလို ခံစားလိုက်ရ၏။


ရှို့ယောင် သူမ၏ဧကရီမှာ အမူအယာဖြူဖျော့သွားသည်ကို မြင်လိုက်ရပြီး ဧကရီ၏အင်္ကျီလက်ကို ဆွဲရုံမှအပ မည်သည့်အသံတစ်စုံတစ်ရာကိုမှ မထွက်ရဲပေ။


သူ့အင်္ကျီလက်ထံမှ တင်းကြပ်မှုကြောင့် ထန့်ယွင် အသိပြန်ကပ်သွားသော်လည်း သူ့လက်တွေကတော့ ပြင်းထန်စွာ တုန်ယင်နေဆဲဖြစ်သည်။ ရွှယ်ကျွင်းလျန်က စကားပြောလို့မပြီးသေးပေ။


"အဲဒါက အကုန်မဟုတ်သေးဘူး"


ရွှယ်ကျွင်းလျန်၏ အသံမှာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် သူကခက်ခဲသည့်အလုပ်အားလုံးကို လွယ်ကူစွာ လုပ်နိုင်သည့်နှယ်။ 


"ငါက ထန့်ပြည်သူတွေဆီ စစ်သူကြီးယွင်ရဲ့အရိုးပြာကို လွယ်လွယ်ကူကူ ယူခွင့်ပေးလိုက်မယ်လို့ထင်နေတာလား၊ ထန့်ရှန်သာ ထန့်ယွင်ရဲ့အရိုးပြာကိုလိုချင်ရင် သူ လူကိုယ်တိုင် လာရမှာပဲ"


ရွှယ်ဟုန်ယန် တုန်ယင်သွားသည်။


"ဒါပေမယ့် မင်းကြီးက ထန့်ရှန်ကို လာခွင့်ပြုမှာလား၊ အန္တရာယ်များလွန်းတယ်၊ ထန့်ရှန်က အရူးမှမဟုတ်တာ "


ရွှယ်ကျွင်းလျန်က ယိမ်းယိုင်ခြင်းမရှိ၊ အသံကိုနှိမ့်ကာဆိုလိုက်သည်။


"ငါက လူတွေရဲ့နှလုံးသားကို လောင်းကြေးထပ်နေတာ"


xxxxxx