Chapter 6
အရိုးပြာများ
–
ရွှယ်ဟုန်ယန် ခေါင်းညိတ်ပြီး ဆိုလိုက်သည်။
"အရှင်မင်းကြီးက အမျှော်အမြင်ကြီးလှပါတယ်"
ရွှယ်ကျွင်းလျန်က အချို့အချိန်တွေ၌ ဘာမှမပြောချေ။ အခြားတစ်ယောက်ကိုသာ စိုက်ကြည့်နေတတ်၏။ ရွှယ်ဟုန်ယန်အနေဖြင့် အနည်းငယ်ထိတ်လန့်သွားတတ်ကာ သူ့ကိုယ်သူ ပိုမိုနှိမ့်ချပြီး ပို၍ရိုသေလေးစားပုံပြဖို့ ကြိုးစားနေသည်။
ရွှယ်ကျွင်းလျန်က သူ၏ပုခုံးကိုလှမ်း၍ ပုတ်ပေးကာပြုံးလျက်
"ဘာလို့ သူစိမ်းတွေလိုလုပ်နေရတာလဲ"
"ဒါက အရှင်သခင်နဲ့ကျွန်ကြားကဆက်သွယ်ရမယ့်နည်းလမ်းပါ၊ ဒီအစေခံကမလုပ်ရဲ..."
"တကယ်တော့...."
ရွှယ်ကျွင်းလျန်က ဆိုသည်။
"ဒီနှစ်အနည်းငယ်အတွင်းမှာ အတိတ်နဲ့ပတ်သက်ပြီး တွေးမိတယ်၊ ဟုန်ယန် မင်းသတိထားမိလား၊ ငါမင်းရှေ့မှာ 'ကု'ဆိုပြီး တစ်ခါမှ မသုံးနှုန်းဖူးဘူး၊ ဘာလို့လဲဆိုတော့ မင်းက ငါ့ရဲ့ထာဝရညီငယ်လေးမို့ပဲ"
ရွှယ်ကျွင်းလျန် သက်ပြင်းချလိုက်သည်။ ပြီးနောက် ရှေ့ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်၏။ သူက ရွှယ်ဟုန်ယန်ကို ကျောပေးကာ ထပ်ပေါင်းပြောလိုက်သည်။
"အရာတွေအများကြီးက ငါမျှော်လင့်သလို မပြောင်းလဲနိုင်ဘူး၊ အတိတ်တုန်းက ငါ ဒီတိုင်းပြည်ကို စစ်ပွဲတွေနဲ့ကင်းကွာပြီး ငြိမ်းချမ်းစေချင်ခဲ့တယ်၊ ဒါပေမယ့် အတိတ်ကရွှယ်ကျွင်းလျန်က သေဆုံးသွားခဲ့ပြီ၊ လက်ရှိငါကတော့ ရန်သူ့မြေတွေကို တိုက်ခိုက်နယ်ချဲ့ပြီး ကိုယ့်တိုင်းပြည်ကို ကာကွယ်နေတဲ့ အာဏာရှင်ဖြစ်နေပြီ၊ အခုကစ နောင်နှစ်တစ်ရာအထိ လူတွေက ငါ့ရဲ့အုပ်ချုပ်ပုံကို အကဲခတ်ကြလိမ့်မယ်၊ မင်းငါ့ကို အပြစ်တင်မှာလား"
"အရှင်မင်းကြီး..."
ရွှယ်ဟုန်ယန် ပြတ်သားသောအသံဖြင့်ထပ်ဆိုသည်။
"ဟုန်ယန် နန်းမြို့ကို နှစ်အတော်ကြာအောင် မပြန်ခဲ့ဘူး၊ ဒါပေမယ့် ကျွန်တော် မင်းကြီးရဲ့အလုပ် ဘယ်လောက်ခက်ခဲလည်း လုံးဝကိုနားလည်ပါတယ်၊ တစ်နေ့မှာ ဟုန်ယန်က ကြီးမြတ်တဲ့စစ်သူကြီး ဒါမှမဟုတ် သာမန်လူ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး ၊ လေးစားဖို့ကောင်းတဲ့အစ်ကိုတော်ရှိနေတဲ့အတွက် နောင်တမရဘူး၊ ကျွန်တော် အရှင်မင်းကြီးကို ဘယ်တော့မှ အပြစ်မတင်ဘူး"
ရွှယ်ကျွင်းလျန်က ခေါင်းညိတ်ကာ ပြုံးသည်။
"မင်းအခုပြန်လာပြီ၊ အဲဒါကြောင့် စိတ်ပူစရာမလိုပါဘူး ၊ တကယ်လို့ ပြဿနာမရှိရင် ငါ့ကို အစ်ကိုတော်လို့တစ်ခါလောက် ခေါ်နိုင်မလား"
ရှင်ဘုရင်နှင့်နေရတာက ကျားနှင့်အတူနေရသလိုပဲဟု လူတွေကဆိုကြသည်။ သူတို့၏စကားများက လေးနက်ပြီး စစ်မှန်ပုံရသည့်တိုင် ယင်းက အမှန်တကယ် စစ်မှန်သည်ဖြစ်စေ၊ အတုအယောင်မျှသာဖြစ်စေ ပြောရန်ခက်ခဲသည်။ အဆုံးတွင် ရွှယ်ကျွင်းလျန်က ရှင်ဘုရင်ဖြစ်နေဆဲသာ။ သူ၏စကားလုံးမျင ၆၀ရာခိုင်နှုန်းကမှန်နေလျှင် ၄၀ရာနှုန်းက အလိမ်အညာများသာ ဖြစ်ချေ၏။ သို့သော်လည်း သူသည် ထက်မြက်သည့်ခေါင်းဆောင်ပင်။ သူက သူ၏ညီတော်ကဲ့သို့ပင် လူတို့၏နှလုံးအိမ်ကို လွယ်လင့်တကူ ထိတွေ့နိုင်သည်။
ရွှယ်ဟုန်ယန် သူ၏လက်များကို ဖြောင့်တန်းကာ ဒူးထောက်ပြီး တိုးညှင်းညင်သာစွာ ခေါ်လိုက်သည်။
"အစ်ကိုကြီး"
ပြီးနောက် သူကထကာ လှည့်ထွက်သွားတော့၏။
ရွှယ်ကျွင်းလျန်က သူ့နောက်ကျောရှိ ခြေသံများ တိုးလျသွားသည်အထိစောင့်ပြီးမှ ကိုယ်ကိုလှည့်ကာ အမတ်မင်းဝမ်နျန်၏ကျောကို ကြည့်နေသည်။
သူတို့က စမ်းသပ်မှုများစွာနှင့် ဘေးဒုက္ခများကို အတူကျော်ဖြတ်ဖူးသည့် ညီအစ်ကိုများ ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း ဘုရင်တစ်ပါးအနေဖြင့် သူသည် တကယ့်ကို အထီးကျန်ငှက်တစ်ကောင်ပင်။ သူ့အနေနှင့် ပန်းတိုင်နှင့် တာဝန်တို့ကိုသာ မျှဝေနိုင်ပြီး ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းသည့်ဘဝတို့ကိုမူကား မျှဝေနိုင်ခြင်း မရှိတော့ပေ။
ရွှယ်ဟုန်ယန်က သူ့နံဘေးတွင် ယခုအချိန်အထိ ရှိနေဆဲဖြစ်သဖြင့် ရွှယ်ဝမ်အနေဖြင့် သူ့အပေါ်ရက်စက်လိမ့်မည်မဟုတ်ပေ။ အမတ်မင်းဝမ်နျန်၏ လေးစားမှုအပြည့်နှင့် လုပ်ရပ်များကြောင့် ရွှယ်ဝမ်သည်လည်း ကျေးဇူးတင်မိသည်။
သူတို့ညီအစ်ကိုနှစ်ယောက် ရေရှည်တည်တံ့ခိုင်မြဲနိုင်ပါစေ။
6.2
ထန့်ယွင် ရွှယ်ဟုန်ယန်ခေါ်သည့် တိုးညှင်းသော 'အစ်ကိုကြီး'ဟူသော။အသံကို ကြားလိုက်ရစဥ် နှလုံးသားက တုန်ယင်သွားသည်။ သူ၏ညီငယ်များကသာ သူ့အား ထိုသို့ခေါ်လျှင် တစ်ယောက်ထဲ စစ်သည်များကိုဦးစီးကာ နယ်စပ်ကို ထာဝရ စောင့်ကြပ်ပေးနိုင်သည်။
တော်ဝင်မင်းသားများက ထိုသို့ ဘယ်တော့မှမလုပ်ပေ။ ထန့်ပြည်ကျရှုံးရသည်မှာလည်း မဆန်းတော့။
ထန့်ယွင်အနေနှင့် သူ့တွင် အခြေအနေအား ပြောင်းပြန်လှန်ရန် အင်အားမရှိတာကို သိသည်။ယခု သူသည် ဖုန့်ပြည်မှ လက်ထပ်ထားသော မင်းသမီး၏ကိုယ်ထဲတွင် နေထိုင်နေပြီး ထန့်ပြည်နှင့် ဆက်စပ်မှုမရှိတော့သော်လည်း သူက ထန့်ပြည်ကို စိတ်ပူနေဆဲဖြစ်ချေတော့၏။
ရွှယ်ကျွင်းလျန်က ဝေးရာသို့ ထွက်ခွာမသွားမီ ထိုနေရာတွင် အချိန်အတော်ကြာနေခဲ့သည်။ သူက လျှောက်သွားရင်း အမိုးတဲလေးထံ သင်္ကာမကင်းစွာ ကြည့်သွားခဲ့သည်။
—
သူပြန်သွားပြီးမကြာမှီ ရွှယ်ကျွင်းလျန်သည် ကျန်းယွီအား သူ၏အဓိပတိများထံ စာရေးဖို့ အမိန့်ပေးလိုက်သည်။ ပြီးနောက် ထိုစာကို ထန့်ပြည်ကို ပို့ခိုင်းလိုက်သည်။
အဓိပတိများက သူတို့ရေးတဲ့ ပထမဆုံးစာနှင့်ပတ်သက်ပြီး ကျေနပ်နေပေမယ့် ရွှယ်ကျွင်းလျန်က သူ့လက်ကို ဝှေ့ယမ်းကာ ပြန်ရေးခိုင်းသည်။
နောက်ဆုံးရလဒ်မှာ အကျည်းတန်သော စာတစ်စောင်သာဖြစ်သည်။ရွှယ်ဝမ်နှင့်ထန့်ရှန်တို့က မိတ်ဆွေဟောင်းများဖြစ်ကြသကဲ့သို့ပင် စကားလုံးတစ်လုံးစီတိုင်းသည် အလွန်ချောမောလှပ၏။ စာထဲတွင် ဆိုထားသည်မှာ စစ်သူကြီးယွင်၏အရိုးပြာများကို ထန့်ပြည်သို့ပြန်ပို့ဆောင်ဖို့ရာဖြစ်သော်ငြား ရွှယ်ဝမ်အနေဖြင့် ကြီးမြတ်သည့်စစ်သူကြီးယွင်အပေါ် အရိုအသေမဲ့ရာကျမည်ကို ကြောက်လှကြောင်း၊ ထို့ကြောင့် ဝန်မင်းရှန်အ ရွှယ်သို့လာဖို့ရာ ဖိတ်ကြားလိုကြောင်းတို့ပင်။
ပထမတွင် အဓိပတိများသည် ရွှယ်ကျွင်းလျန်၏ ရည်ရွယ်ချက်ကို နားမလည်ခဲ့သလို မေးခွန်းလည်း မထုတ်ရဲကြချေ။ နောက်ဆုံးစာကို ဖတ်ပြနောက်တွင်မူ သူတို့သည် ချက်ချင်းပင် ဖုံးကွယ်ထားသောအဓိပ္ပါယ်ကို နားလည်သွားကြ၏။
သံတမန်သည် အမြန်ရောက်လာပြီး ထန့်ရှန်ကို တောင်းဆိုလိုက်သည်။ ညီလာခံခန်းမသို့ဝင်ရောက်ကာ ထန့်ဝမ်အား တိုက်ရိုက်အရိုအသေပေးပြီးနောင် ထန်ရှန့်ကို စာကို ကိုယ်တိုင်ဖွင့်ပေးဖို့ရာ တောင်းဆိုခဲ့သည်။
ထန့်ဝမ်၏မျက်နှာမှာ သူပါးရိုက်ခံလိုက်ရသလို မည်းသွားခဲ့သည်။ ဤအချင်းအရာကြောင့် ထန့်ရှန်သာလျှင် ထန့်ပြည်၏ စစ်မှန်သည့်အုပ်စိုးသူနှယ် ဖြစ်သွားသည်။
ထန့်ရှန်နှင့်ထန့်ဝမ်မှာ မျိုးဆက်တူသူများဖြစ်ကြသည် ။ သူ၏ချီးကျူးထိုက်ဖွယ် အောင်မြင်မှုများကြောင့် ထန့်ရှန်သည် ယခင်မင်းကြီး၏ သားအဖြစ်မွေးစားခြင်းကိုခံခဲ့ရသည်။ ထိုအချိန်က ထန့်ရှန်သည် ငယ်ရွယ်နေဆဲဖြစ်ပြီး ထန့်ယွင်ထက် ငါးနှစ်မျှသာကြီး၏။
ထန့်ရှန် ဝန်မင်းအဖြစ် ခန့်အပ်ခံရသောအခါ ထန့်ဝမ်သည် သူ့ထံမှ စစ်တပ်အာဏာရပိုင်ခွင့်များကို ယူသွားခဲ့ပြီး သူသည် တပ်များကို ဦးဆောင်ခွင့်မရတော့ပေ။ ယခုနူ သူက အရပ်သားအရာရှိတစ်ဦးမျှသာ ဖြစ်ချေ၏။
ထန့်ရှန်သည် ထန့်ဝမ်၏ခေါင်းထဲမှ အတွေးများကို ရှင်းရှင်းလင်းလင်းသိနေသည့်တိုင် သူက ထောင်ယွင်မှတစ်ပါး မည်သည့်အရာကိုမှ ဂရုမစိုက်ခဲ့ပါချေ။ ထို့ကြောင့် သူကစာလွှာကိုယူလိုက်သည်။
တစ်ချက်ကြည့်လိုက်သောအခါ စာထဲတွင် 'အရိုးပြာ' အကြောင်းကို ရှင်းရှင်းလင်းလင်း ရေးထားသည်။ ရုတ်တရက် ထန့်ရှန်၏ကမ္ဘာကြီး ပြိုပျက်သွားခဲ့သည်။ သူ၏လက်များက အပြင်းအထန် တုန်ရင်လာပြီးနောက် စာကအောက်ကိုကျသွားခဲ့သည်။
ထန့်ရှန်၏လည်ချောင်း ခြောက်သွေ့နေပြီး မျက်ရည်များကျဆင်းလာသည်။ သူနှင့်ထန့်ယွင်မှာ သွေးသားမတော်စပ်သော်ငြား သူတို့ကမကြာခဏဆိုသလို တူညီသည့်ပန်းတိုင်တို့ကိုဆွေးနွေးလေ့ရှိသည်။ ဤကဲ့သို့မျိုးစုံသောအဖွဲ့စည်းများရှိသည့် နန်းတော်အတွင်းတွင် နက်ရှိုင်းသည့်ခင်မင်မှုနှင့်အတူ ကူညီထောက်ပံ့ပေးသည့် တစုံတယောက်ရှိရန်မှာ ခက်ခဲလှသည်။
ပြီးတော့ယခုမူ ထန့်ယွင်မှာသေဆုံးသွားခဲ့ပြီဖြစ်သည်။ သူ့ကို တစ်ဦးတည်း ချန်ထားခဲ့ကာဖြင့်။
ထန့်ဝမ်က ထန့်ရှန်၏မျက်နှာ အသက်မရှိတော့သလို ဖြူဖျော့သွားတာကို တွေ့လိုက်ရပြီး စာလွှာကို သူ့အားတင်ပြရန် အမိန့်ပေးလိုက်သည်။ အမြန်ဖတ်ပြီးနောက် သူထိတ်လန့်သွားသည်။ ထန့်ယွင်က သူ၏သားဖြစ်ပြီး ထန့်ပြည်၏နှလုံးခုန်သံလည်းဖြစ်သည်။ ထန့်ပြည်တွင် ဆယ်နှစ်ကျော်ကြာဖြစ်နေသည့် ပြည်တွင်းစစ်ကြောင့် သူတို့၏နယ်စပ်ကို ကာကွယ်ရန် ထန့်ယွင်ကိုသာ အားကိုးခဲ့ရသည်။
ပြီးတော့ ယခုမူ ထန့်ဝမ်သည် သားတော်တစ်ပါးကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ ထို့အပြင် သူ့အသက်ကို ကယ်တင်နိုင်သည့် နောက်ဆုံးသောလူကို ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်းကိုလည်း သူသိနေပြီပင်။
ခန်းမအထက်ပိုင်းမှ ငိုသံထွက်ပေါ်လာသည်။ ထိုးနှက်ချက်ကို မခံနိုင်တော့ဘဲ ထန့်ဝမ် သတိလစ်သွားသည်။ လူအများက တော်ဝင်သမားတော်ကို ခေါ်လိုက်ပြီး ဆဌမမင်းသားထောင်ယွင်၏ သေဆုံးမှုအတွက် ပူဆွေးဝမ်းနည်းနေကြသည်။
ထန့်ရှန် သူ့အိမ်သို့ရောက်သည်နှင့် တာ့ဝမ်၏အမိန့်ကို လက်ခံရရှိခဲ့သည်။ အမိန့်တော်မှာ ဆဌမမင်းသား၏ အရိုးပြာများကို ပြန်လည်ယူဆောင်ရန်နှင့် ငြိမ်းချမ်းရေးသံတမန်လက်ထပ်မှုအတွက် တော်ဝင်မင်းသမီးကို ရွှယ်သို့ လိုက်ပါပို့ဆောင်ရန်တို့ဖြစ်သည်။
ထန့်ရှန်က မငြင်းဘဲ အမိန့်တော်ကို လက်ခံလိုက်သည်။ ထန့်ဝမ်က သူ၏နေရာ၊အာဏာနှင့်ပတ်သက်ပြီး ကြောက်ရွံ့နေတာကို သူသိသည်။ အားလုံးပြီးတဲ့နောက် သူက မူလကတည်းက ထန့်မျိုးရိုးမဟုတ်ချေ။ သူက မျိုးရိုးခံယူထားသည့် အမတ်တစ်ဦးမျှသာဖြစ်၏။
ထိုအခိုက်အတန့်၌ ထန့်ရှန်ကိုဖယ်ရှားပြီးနောက် ထန့်ဝမ် ဘာဆက်လုပ်ရမလဲမသိတော့ပေ။ သူကစိတ်တစ်ဝက်၌ ထန့်ရှန်ကအခြေအနေကို ပိုကောင်းအောင်လုပ်နိုင်ဖို့ မျှော်လင့်ပြီး ကျန်တစ်ဝက်ကမူ ထန့်ရှန်အား မထီမြမြင်ပြုလျက်ရှိသည်။
....
အမှန်အားဖြင့် ရွှယ်ကျွင်းလျန်က အလောင်းအစားလုပ်ခြင်း မဟုတ်ပါချေ။ ထန့်ဝမ်က ထန့်ရှန်အား ရွှယ်သို့ပို့မည်ကို သူသိပြီးဖြစ်သည်။ သူကနိုင်ဖို့သေချာသည့်ဘက်ကို လောင်းခြင်းမျှသာ။ အဘယ်ကြောင့်ဆိုသော် ထန့်ဝမ်၏သံသယများသည့်သဘာဝကို သူသိ၍ပင်။
ဒီအချက်ကို သူဘယ်ရှုထောင့်ကမဆို မြင်နိုင်သည်။ ထန့်ဝမ်က ဝန်မင်းရှန်ကို စေလွှတ်လိုက်မှာ သေချာနေတာကြောင့် သူ့အတွက် အသက်ရှူရလွယ်နိုင်သည်။
-
ထန့်ယွင်သည် ရက်အနည်းငယ်ခန့် စိတ်ဆိုးနေခဲ့သည်။ ရွယ်ကျွင်းလျန်မှ ထောင်ပြည်သို့ စာလွှာပို့ပြီးချိန်ကတည်းက သူ့နှလုံးသားမှာ ရူးမတက်ခုန်ပေါက်နေခဲ့သည်။ ဤသို့သော အချိန်မျိုးမှာပင် အိမ်ရှေ့စံမင်းသားငယ်သည် သူအား ဆွပေးဖို့ရာ သည်းခြေကြိုက်နေသေးသည်။
ရွှယ်ဖေအတွက်မူ ဤရုပ်ဆိုးသောဧကရီသည် ယုတ္တိရှိပြီး ကျိုးကြောင်းသင့်သည့် နည်းဗျူဟာတို့ကို ထောက်ပြခဲ့သော်လည်း ဤအရာများမှာ စာရွက်ပေါ်တွင် ရေးထားတော့အရာများသာဖြစ်သည်ဟု သူကတွေးနေဆဲပင်။ ထောင်ယွင်မှ တသူ့ကိုတုန့်ပြန်တိုင်း သူသည် ဧကရီကို ရွေးချယ်ဖို့ရာ ပိုပြီးပြင်းပြလာခဲ့သည်။
ယနေ့တွင် ရွှယ်ဖေက သူ၏မယ်တော်ဆိုသူကို မြင်းစီးခြင်းနှင့် မြှားပစ်ခြင်းတို့ကို လေ့ကျင့်ရန် ဖိတ်ခေါ်ခဲ့သည်။ အိမ်ရှေ့စံမင်းသားငယ်သည် ငယ်ရွယ်စဉ်ကတည်းက မြင်းစီးခြင်းကို သင်ယူခဲ့သည်။ ထို့ကြောင့် သူက ထိုအရာ၌ ကောင်းစွာတတ်ကျွမ်းသည်။ သူက အလွန်ငယ်ရွယ်နေဆဲဖြစ်သော်လည်း ပေါ့ပါးသည့်လေးကို ဆွဲနိုင်၏။ သူ၏ချိန်ရွယ်မှုမှာ ကောင်းမွန်လှသည်။ ထို့ကြောင့် သူက ပြီးပြည့်စုံသည်ဟု ယူဆထားသည်။
ထန့်ယွင်တွင် သူ့ကိုဖျော်ဖြေလိုစိတ်မရှိသော်လည်း အိမ်ရှေ့စံက သူ့ကိုနှောင့်ယှက်နေသောအခါ နောက်ဆုံးတွင် ပေါ့ပါးသည့်လေးကို ယူလိုက်သည်။ လေးက တကယ်ကို မကြီးပေ။ ထောင်ယွင်ပင်လျှင် အလွယ်တကူ ဆွဲနိင်သည်။
ထန့်ယွင်က သူ၏ကိုယ်ဟန်အနေအထားကို တည်ငြိမ်စေလိုက်ပြီး မြှားကိုယူကာ လေးကိုဆွဲလိုက်သည်။ သူမျက်လုံးကို အသာမှိတ်ထားလိုက်သည်။ ဤနေ့ရက်များတွင် သူ အာရုံသိပ်မစိုက်နိုင်ပေ။ သူကမြှားကိုလွှတ်လိုက်ပြီး ထိုအရာက ပျံသန်းသွားတော့သည်။
ထို့နောက် သူ့အနားမှ ရွှယ်ဖေ ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သီအိုရီတွေကို သိတာက စစ်ပွဲရဲ့ အနုပညာကို သိတာနဲ့မတူဘူး၊ တကယ်လို့ ကျွန်တော်တို့သာ စစ်မြေပြင်မှာဆို ခင်များ.. ခင်ဗျားဘက်ကတပ်မှူးကိုပဲ ပစ်သတ်မိလိမ့်မယ်"
ထန့်ယွင်က သူကိုကြည့်လိုက်ပြီး နောက်ထပ်မြှားသုံးချောင်းကို ယူလိုက်သည်။
ရွှယ်ဖေ က ပိုမိုရယ်မောလိုက်ပြီး သူကအထူးတလည်ပင် ပျော်နေသည် ။
"မြှားသုံးစင်းလား၊ ခင်များ အဲဒါတွေကို အတိအကျပစ်နိုင်ရင် ကျွန်တော် ခင်များရဲ့အစေခံလုပ်မယ်၊ ယောက်ျားကတိပါဗျ"
သူက သူ့ရင်ဘတ်သူပုတ်ကာ အရွယ်ရောက်သူပမာ ဂုဏ်ယူစွာဆိုသည်။
ထန့်ယွင် ပြန်မဖြေပဲ မြှားကိုဆွဲကာ မျက်လုံးကိုမှိတ်လိုက်သည်။ သူ့အရင်ဘဝက အရာများစွာကို ပြန်တွေးကြည့်မိသည်။ သူ၏မွေးရပ်မြေ၊ သူ၏သစ္စာရှိရောင်းရင်းထန့်ရှန်၊ ဓားဖြင့် ခုတ်ဖြတ်ခံရချိန် ဖြာထွက်သွားသည့် သူ့သွေးများ။ သူမျက်လုံးတွေကို ဖွင့်လိုက်သည့်အခါ ယင်းတို့က လောင်ကျွမ်းနေခဲ့သည်။
"ဝှစ်!"
မြှားသုံးစင်းကို တစ်ခုပြီးတစ်ခု ပစ်ခတ်ပြီးနောက် ယခုအခါတွင် မြှားသုံးချောင်းလုံးက ပစ်မှတ်တစ်ခု၏အလယ်တွင် အခိုင်အမာရှိနေတာကို ရွှယ်ဖေတွေ့လိုက်ရသည်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်မြှားတွေကိုလွှတ်လိုက်ချိန်နှင့်ကွက်တိ ရောက်လာတာဖြစ်သည်။ ဆောင်းလေထုကဲ့သို့ အေးစက်နေသော အကြည့်တို့အား သူမြင်ဖူးခဲ့တာ သိပ်မကြာသေးပေ။
-
xxxxx