အပိုင်း ၇
Viewers 14k

Chapter 7

ဇနီးသစ်ယူခြင်း

-


ထန့်ယွင်နှင့် ရွှယ်ဖေသည် တစ်စုံတစ်ဦး၏လက်ခုပ်သံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်ရာ ရွှယ်ကျွင်းလျန်က ရယ်မောလျက် လာနေသည်ကို မြင်လိုက်ရသည်။


"ဧကရီက တကယ့်ကို အမျိုးသမီးသူရဲကောင်းပါပဲ၊ ကိုယ်တော် မင်းကို လျှော့တွက်မိတယ်"


ပြီးနောက် သူကရွှယ်ဖေဘက်ကိုလှည့်ကာ ထပ်ပေါင်းပြောသည်။


"ဒါဖြင့် မင်းအခု သူမကိုခစားတော့မှာလား"


ရွှယ်ဖေတွင် လွတ်မြောက်ရန်လမ်းမရှိတော့ချေပြီ။ ရှက်ရွံ့နေသည့်အမူအယာဖြင့် သူက အသံသေးသေးလေးဖြင့်ဆိုသည်။


"ခစားမှာပါ"


ရွှယ်ကျွင်းလျန်က ရွှယ်ဖေထံမှ ထန့်ယွင်ထံ လှည့်သွားသည်။


"အိုက်ဖေး၊ ကိုယ်တော် မင်းကိုရှာဖို့ ဒီကိုလာတာ၊ မင်းနဲ့ဆွေးနွေးစရာရှိတယ်"


ယင်းကိုကြားပြီးနောက် ရွှယ်ဖေ၏သူ့ကိုယ်သူနှစ်သိမ့်ရန်ကြိုးပမ်းမှုလေးမှာ ရွှယ်ကျွင်းလျန်ကြောင့် ရပ်တန့်သွားရ၏။


ရွှယ်ကျွင်းလျန်က ဆိုသည်။


"ထန့်ပြည်ရဲ့ ဝန်မင်းရှန်က အကြီးဆုံးမင်းသမီးကိုငြိမ်းချမ်းရေးလက်ဆက်မှုအတွက် လာပို့ဆောင်နေပြီ၊ ဒါနဲ့ပတ်သက်ပြီး အိုက်ဖေးဘယ်လိုထင်လဲ"


ထန့်ယွင် အကြီးကြီး အံ့သြသွားရ၏။ သူကအတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။


"ဒီချန့်ချဲအနေနဲ့ တိုင်းပြည်ရေးမှာ ဝင်မစွက်ဖက်ဝံ့ပါဘူး"


[T/N : Chen-qie literally means 'this servant-wife']


ရွှယ်ကျွင်းလျန်က ရယ်သည်။


"ကိုယ်တော် ထန့်ပြည်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချင်တယ်၊ အိုက်ဖေး ပြောခဲ့သလိုပဲ၊ တစ်ထောင့်စာရန်သူလေးကို အာရုံထားဖို့ မလိုအပ်ဘူး၊ နှစ်အတော်ကြာ တိုက်ပွဲတွေအပြီးမှာ ကိုယ်တော့်ရဲ့ ရွှယ်စစ်သည်တွေ ပင်ပန်းနေပြီ၊ ဒါက ပြန်လည် ထူထောင်ဖို့ အခွင့်အရေးကောင်းပဲ"


ဤဟာကိုကြားပြီး ထန့်ယွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သို့ပေသိ ရွှယ်ပြည်က ပြန်လည်ထူထောင်ဖို့ရာ ကျောခိုင်းဖို့ လိုအပ်ခြင်းသာဖြစ်ပြီး ထိုငြိမ်းချမ်းရေးက ကြာရှည်မဟုတ်တာကို သူသိသည်။ ရွှယ်၏စစ်အင်အား ပြန်လည်ဖြည့်တင်းပြီးသည်နှင့် နောက်အစီအစဥ်မှာ ထန့်ပြည်ကိုဖျက်ဆီးဖို့ပင်။


ရွှယ်ကျွင်းလျန် ထန့်ပြည်ကို ယခုချက်ချင်း တိုက်လိမ့်မည်မဟုတ်ကြောင်းကိုလည်း ထန့်ယွင်သိသည်။ သူ့တွင် အခြားစိုးရိမ်စရာရှိနေသေးသည်။ ဖုန့်ပြည်က ဘေးမှနေ၍ အကြံအစည်တို့ကိုချနေစဥ်တွင် ရွှယ်ကျွင်းလျန်သည် သူ၏အင်အားအလုံးစုံကို ထန့်ပြည်အပေါ် မထားချင်ပေ။ ဖုန့်ဘက်မှသာ ရုတ်တရက် တိုက်ခိုက်လာလျှင် ရွှယ်နှင့်ထန့်ပြည် နှစ်ခုလုံး ထိခိုက်စေဖို့ရာလွယ်ကူပေသည်။


ဧကရီက ဘာမှပြောမလာတာကိုမြင်လျှင် ချက်ချင်းဆိုသလို ရွှယ်ကျွင်းလျန် ပျော်လာသည်။ ယခုမူ ဧကရီထံမှ မည့်သည့်အရာကိုမှ ဖုံးကွယ်ထား၍မရကြောင်း သေချာသွားပေပြီ။ 

သူက သူမကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ မိသားစုတစ်ခုတည်းမှလူများမဟုတ်ကြရကား တစ်ဦးနှင့်တစ်ဦး တွေးခေါ်ပုံလည်းမတူနိုင်သည်မှာပုံမှန်ပင်ဖြစ်သဖြင့် ဤအမျိုးသမီး၏အားနည်းချက်များနှင့် ဟာကွက်တို့ကို ရှာရန် ဆုံးဖြတ်ခဲ့သည်။


သူက ထန့်ပြည်နှင့် ငြိမ်းချမ်းရေးလက်ထပ်ပွဲအကြောင်းကို ဧကရီအား တမင်တကာပြောခဲ့ခြင်းဖြစ်သည်။ ဧကရာဇ်မောင်းမဆောင်၏အရှင်သခင်မအနေဖြင့် သူမ၏နေရာကိုင်လှုပ်ခံရမှာကို ဧကရီကြောက်သင့်သည်။ ဧကရီက နှစ်သက်ခံရမည့် ကိုယ်လုပ်တော်အသစ်အကြောင်းကို စိစစ်နေသည်ဟုထင်ကာ ရွှယ်ကျွင်းလျန် ရယ်မောလိုက်သည်။ ဤဧကရီသည် အမျိုးသမီးတစ်ဦးဖြစ်နေဆဲပင်။ ဘာမှမထူးခြားပါချေ။


ရွှယ်ကျွင်းလျန်က ပြုံးကာဆိုလိုက်သည်။


"အိုက်ဖေး၊ ဧကရီတစ်ပါးအနေနဲ့ ဇနီးအသစ်ကိုကြိုဆိုဖို့ မင်းရဲ့အကူအညီကို လိုအပ်တယ်၊ ထန့်ပြည်က သူတို့ရဲ့ရည်ရွယ်ချက်ကို ရိုးရိုးသားသား ဖော်ပြလာတာ၊ မင်းသမီးကို ဝန်ကြီးချုပ်ရှောင်ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးတာ၊ ကိုယ်တော်တို့ လူတွေကို နှိမ့်ချလို့မရဘူး"


ထန့်ယွင် စိတ်ထဲမှအော်လိုက်သည်။ သူက ရွှယ်ကျွင်းလျန်၏ ဖုံးကွယ်ထားသောအဓိပ္ပါယ်ကို မြင်နိုင်သည်လေ။ သူတို့က ဆယ်နှစ်မျှ ရန်သူတွေဖြစ်ခဲ့ပြီး ဘာမှမဟုတ်ကြပေ။


သို့သော်လည်း ထန့်ပြည်၏အကြီးဆုံးမင်းသမီးဟု တွေးလိုက်မိချိန်တွင် သူမတတ်နိုင်စွာ နောင်တအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။ ရှေးယခင်ကတည်းက တော်ဝင်မိသားစုများကြားတွင် သံသယဖြစ်ဖွယ်ဆက်ဆံရေးများစွာ ရှိခဲ့သည်။ အထူးသဖြင့် ထန့်ပြည် ယခုကဲ့သို့  အန္တရာယ်ကျနေချိန်တွင် ဤသို့သောကိစ္စများက များစွာ ကြုံလာရနိုင်သည်။


ထန့်ပြည်၏ အကြီးဆုံးမင်းသမီး၊ ထန့်ချမ်ယီသည် အရည်အချင်းအရှိဆုံးမိန်းမပျိုအဖြစ် လူသိများသည်။ လူအများစုက သူမ၏အမည်နှင့် အရည်အချင်း၊ ပညာဂုဏ်တို့ကို တွဲဖက်ပြောဆိုကြသော်လည်း ထန့်ချမ်ယီနှင့်ထန်ဝမ်တို့ကြားမှ ဆက်ဆံရေးကိုမူ လျစ်လျူရှုထားကြသည်။


ကန့်ကွက်သူတို့ကို လျှော့ချဖို့အတွက် သူတို့၏ဖုံးကွယ်ထားသောဆက်ဆံရေးကို ထုတ်ပြခဲ့သည်။ ထန့်ဝမ်က သူ၏အကြီးဆုံးသမီးတော်ကို ဆုတောင်းဝတ်ပြုရန်အတွက် ယာယီနေထိုင်ရာကို ပို့လိုက်သည်။ ထိုအခြေအနေကိုကျော်ဖြတ်ပြီးသွားသည်နှင့် ထန့်ဝမ်က ထန့်ချမ်ယီကို ပြန်ခေါ်ခဲ့သည်။ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ဘယ်တော့မှ ထပ်မပြောတော့ပေ။

[Eng translator noteအရဆို ထန်ဘုရင်နဲ့သူ့သမီးတော်ကြားမှာ ပုံမှန်မဟုတ်တဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိပုံပါပဲ😃]


တော်ဝင်မိသားစုနှင့် အခြားတော်ဝင်မျိုးနွယ်တို့သည် ထိုအကြောင်းအရာကို သဘာဝကျကျပင် စကားမဟတော့ပေ။ မှူးမတ်အမှုထမ်းအပေါင်းတို့ကလည်း ဤရှက်ဖွယ်လိလိကိစ္စကြီးအား ထန့်ဝမ်ရှေ့တွင် အသနားမခံရဲကြပေ။ အဆုံးတွင် ထိုပတ်သက်မှုက လူသိများသည့်လျှို့ဝှက်ချက်ဖြစ်လာသည်။


ထိုအကြောင်းက ရွှယ်ပြည်က သိစရာအကြောင်းမရှိသင့်ပေ။ ရွှယ်ကျွင်းလျန်သည် ထန့်ချမ်ယီက အရည်အချင်းရှိသည့် အမျိုးသမီးဆိုတာကိုသာ တွေးမိလိမ့်မည်ဖြစ်ကာ သူမနှင့်ပတ်သက်သည့် အမှန်တရားတစ်ခုလုံးအား မသိချေ။


ထန့်ယွင် အနည်းငယ်အပြစ်ရှိသလို ခံစားရပေမယ့် အဲဒီ့အကြောင်းကို ဘယ်လိုလုပ် ပြောရဲမှာတဲ့လဲ။ ရွှယ်ကျွင်းလျန်သာ ထန့်ပြည်ရဲ့အကြီးဆုံးမင်းသမီးက ဖြူစင်တဲ့ကျောက်စိမ်းတုံးလေးမဟုတ်တော့တဲ့ အရွယ်ရောက်ပြီးသူဆိုတာသာသိရင် သူဒေါသထွက်လိမ့်မယ်။ သူမကို ပို့ဆောင်ပေးခဲ့တဲ့ ထန့်ရှန်က ရှုတ်ချခံရပြီး ထန့်ပြည်လည်း တိုက်ခိုက်ခံရမှာပါပဲ။


ထန့်ယွင်က ချက်ချင်းပင် ထန့်ဝမ်က ထန့်ရှန်ကို မင်းသမီးအား ပို့ဆောင်ခိုင်းရသည့် ဟာကွက်ကြီးကို ရှာဖွေတွေ့ရှိသွားသည်။ သူ့ခမည်းတော်က ထန့်ရှန်အား ဘယ်တုန်းကမှ မယုံကြည်ခဲ့တာကို သူတွေ့ခဲ့ရသည်။ သူ၏ညစ်နွမ်းနေသည့်သမီးတော်အား ပို့ဆောင်ရန် ထန့်ရှန်ကို စေလွှတ်ခဲ့၏။ ဤအကြောင်းအရာသာ ပေါ်ပေါက်သွားလျှင် သူ့အနေဖြင့် ကွပ်မျက်ခံရမှာ သေချာသည်။

7.2


ထန့်ယွင် သက်ပြင်းကြီးချလိုက်သည်။သူ့ခမည်းတော်က ထန့်ရှန်ကို ဖြုတ်ပစ်ဖို့သာ စိတ်ကူးထားပြီး ရွှယ်ကျွင်းလျန်၏ အမျက်ဒေါသကြောင့် ထန့်ပြည်ကို ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာလဲဆိုတာကိုမူ ဘယ်တုန်းကမှ မတွေးခဲ့ပေ။


ဧကရီက သူမ၏ပါးစပ်ကို ပိတ်ထားဆဲဖြစ်သည်ကို မြင်ရသောအခါ ရွှယ်ကျွင်းလျန်၏စိတ်အစုံက ပို၍ရွှင်လန်းလာသည်။ အခြားလူတွေအတွက်တော့ ပြိုင်ဘက်ရှိလေကောင်းလေဆိုသော်ငြား ဘုရင်တစ်ပါးအတွက်မူ လူတိုင်းက သူ့ကိုလက်နက်ချလေ ပိုကောင်းလေပင်။


"အိုက်ဖေး စပြီးတော့ပြင်ဆင်သင့်ပြီ၊ တကယ်လို့ မင်းမကိုင်တွယ်နိုင်ဘူးထင်ရင် ကိုယ်တော့်ကို အခုပဲပြောပါ"


စကားပြောပြီးသွားသောအခါ ရွှယ်ကျွင်းလျန်က ပြန်ထွက်သွားပြီး ကျန်းယွီအား အမတ်မင်းဝမ်နျန်ကို နန်းတော်ထဲအခစားဝင်စေရန် အမိန့်ပေးခဲ့သည်။


အိမ်ရှေ့စံငယ်လေးက ဘေးမှနေ၍ နားထောင်နေသည်။ သူကငယ်ရွယ်ဆဲဖြစ်ပေမယ့် သူ့ဖခမည်းတော်က အကျည်းတန်ဧကရီအား ရရှိဖို့ရာ ခက်ခက်ခဲခဲကြိုးစားနေမှန်း သဘာဝကျကျပင် နားလည်လိုက်သည်။


ထိုအခိုက်အတန့်လေးတွင် နားလည်လိုက်ပြီး အိမ်ရှေ့စံသည် မျက်နှာတွင် မဖော်ပြခဲ့ချေ။ သူကထန့်ယွင်အား စတင်ပြီး ကွဲပြားစွာ ဆက်ဆံလာသည်။ ကိုယ်လုပ်တော်အသစ်ကို ကြိုဆိုရန်  သူ့ခမည်းတော်က ဧကရီကို တာဝန်ပေးလိုက်ခြင်းက ရှောင်လွှဲလို့မရဟု ထင်ရပေမယ့် ယုတ္တိတော့သိပ်မရှိချေ။


ရွှယ်ဖေက ထိုအရာကို ဘယ်တော့မှ မပြောခဲ့ပေ။ သို့သော်လည်း သူက ဧကရီနှင့် ပိုနီးကပ်အောင်နေဖို့ ဆုံးဖြတ်လိုက်တော့သည်။


-


ရွှယ်ဟုန်ယန်က သူ၏ဆင့်ခေါ်စာကို လွှဲပြောင်းပြီးသည်နှင့် ရွှယ်ဝမ်က သူ့အား ဝင်လာရန်ခေါ်လိုက်သည်။  စာကြည့်ခန်းထဲတွင် ရွှယ်ကျွင်းလျန်က မီးလင်းဖိုဘေး၌ ထိုင်နေလျက်ရှိသည်။


ရွှယ်ကျွင်းလျန်က ထန့်ဝမ်၏စာကို သူ့ဆီ ပေးပြီး မေးလိုက်သည်။


"မင်းဘယ်လိုထင်လဲ"


ရွှယ်ဟုန်ယန်က စာကို မြန်မြန်ဖတ်ပြီး ပြန်ဖြေလိုက်သည်။ 


"အရှင်မင်းကြီး ကြိခန့်မှန်းထားတဲ့အတိုင်း ထန့်ဝမ်က ထန့်ရှန်ကို ကျွန်တော်တို့ဆင်ထားတဲ့ ထောင်ချောက်ထဲကို တမင်တကာ လွှတ်လိုက်တာပဲ" 


"ဒါပေမယ့် ထန့်ရှန်ကို သတ်ဖို့ အကြောင်းပြချက်ကောင်းကို အရင်ရှာမှဖြစ်မယ်၊ သိပ်ပြီး မဆင်မခြင် လုပ်လိုက်လို့ မရဘူး၊ ဒါ့အပြင် ထန့်ရှန်က ပညာရှင်တွေကြားမှာ နာမည်ကြီးပဲ၊ သူ့ကို အကြောင်းပြချက်မရှိဘဲ သတ်ရင် လူတွေက တရားမဲ့လူသတ်သမားလို့ သမုတ်ကြလိမ့်မယ်"


ရွှယ်ဟုန်ယန်က အနည်းငယ်စဉ်းစားလိုက်ပြီး ရွှယ်ဝမ်ပြောတာမှန်သည်ယု ခံစားမိကာ ပိုကောင်းသည့် အကြောင်းပြချက်ကို မစဉ်းစားနိုင်ခဲ့ပေ။ သူက စစ်မြေပြင်တွင်သတ်ဖြတ်ရသည့်အခါ ပြဿနာမရှိသော်ငြား တရားရေးစနစ်နှင့်တော့ အမှန်ပင်လိုက်ဖက်မှုမရှိချေ။


"ဝန်မင်းရှန်က မင်းသမီးကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ဖို့ လာနေတာ၊ ဒါကြောင့် ဟုန်ယန်... မင်းကို မြို့တံခါးမှာ သွားကြိုဆိုစေချင်တယ်"


"ချန်တိ အမိန့်နာခံလျက်ပါ''


"မင်းနဲ့သူက စစ်မြေပြင်က အသိအကျွမ်းဟောင်းတွေဆိုပေမယ့် ဒီတခေါက်တော့ ငါတို့က တိုက်ခိုက်မှာမဟုတ်ဘူး၊ ဧည့်သည်တွေကို သာတူညီမျှ ကြိုဆိုပြီး ဆက်ဆံရမယ်၊ ထန့်လူမျိုးတွေဆီက ငါတို့ကို ရိုင်းတယ်လို့ အထင်မခံနိုင်ဘူး"


"အရှင်မင်းကြီး စိတ်မပူပါနဲ့၊ ဟုန်ယန် မင်းကြီးကို စိတ်မပျက်စေပါဘူး"


_


ထန့်ယွင်က  ဒုက္ခရောက်တော့မည့်ထန့်ရှန်ကို  ကယ်တင်လိုသော်လည်း မတတ်နိုင်ပေ။ ထန့်ရှန် ရွှယ်ပြည်ပိုင်နက်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ချိန်တည်းမှာ နန်းတော်ထဲက ခိုးထွက်ဖို့အထိပင် စဉ်းစားခဲ့သည်။ သူက ဖုန့်မှလူမဟုတ်သလို ရွှယ်၏လူလည်းမဟုတ်ချေ၊၊ သူသသည် ထန့်ယွင်ဖြစ်နေဆဲပင်။ ထို့ကြောင့် ဘေးတွင်သာထိုင်နေရင်း ဘာမှမလုပ်ပဲနေရန်မှာ မဖြစ်နိုင်ပေ။


သို့သော်လည်း ပြဿနာက ထန့်ရှန်ကို သူကဘယ်သူလဲဆိုတာ မပြောပြနိုင်ခြင်းပေ။ သူ့ကိုရော ဘယ်သူကယုံမှာတဲ့လဲ။ပြီးတော့ သူကလည်း ထန့်ရှန်ကို ကာကွယ်ဖို့ရာ လှည့်ပင်မကြည့်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော်  ခြေတစ်လှမ်းမှားရုံနှင့် သူတို့နှစ်ယောက်စလုံး အသတ်ခံရနိုင်သည်ကို သိ သောကြောင့်ဖြစ်သည်။


ဤသို့သော မျက်နှာမျိုး၊  ဤမျှရုပ်ဆိုးပြီးအကျည်းတန်သောမျက်နှာမျိုးသည် လူအုပ်ကြားတွင် ထင်ရှားနေလိမ့်မည်။  လူတွေက သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်သည်နှင့်  သူ့ကို မှတ်မိသွားလျှင် ကိုယ်လွတ်ရုန်းဖို့နေနေသာသာ၊ ဖမ်းဆီးခံရခြင်းကို ရှောင်နိုင်မည်မဟုတ်ပေ။


ထန့်ယွင်သည် ရှို့ယောင်ကို ထန့်ပြည်၏ သံတမန်အား စုံစမ်းရန် စေလွှတ်ခဲ့သော်လည်း  ရှို့ယောင်က ယင်းအား သိပ်စိတ်မဝင်စားချေ။ သူမကတော့ ဧကရီက အတွင်းနန်းတော်၌ ထိုင်နေသရွေ့ အားလုံးအဆင်ပြေသည်ဟု တွေးထားသည်။ သို့သော်လည်း သူမက အမိန့်ကို မဖီဆန်ဝံ့သောကြောင့် စိတ်မပါတစ်ပါဖြင့် သတင်းအချက်အလက်ကို စုံစမ်းပေးနေဆဲဖြစ်၏။


ကျန်းယွီက ဧကရီအတွက် လက်ဆောင်များကိုဆက်သရန် အကြိမ်အနည်းငယ်မျှ လာခဲ့သော်လည်း သူ၏ ရည်ရွယ်ချက်အမှန်မှာ ရှို့ယောင်ထံမှ အတင်းအဖျင်းစကားများကို နှိုက်ထုတ်ရန်ဖြစ်သည်။


ရှို့ယောင်သည်လည်း လုံးဝအရူးမဟုတ်ပေ။ သူမ၏ အသက်မွေးဝမ်းကြောင်းက ဘုရင်မင်းမြတ်အပေါ်တွင် မှီခိုနေရကြောင်းကို သိသည်၊၊ ထို့ကြောင့် ဧကရီက ထန့်ရှန်နှင့်ပတ်သက်သည့် အချက်အလက်ကို ရှာဖွေနေကြောင်းအား သူမ မည်သို့ပြောဝံ့မည်နည်း။ ဧကရီက တာ့ဝမ်မှ ဇနီးအသစ်ကို ကြိုဆိုလိုကြောင်း သိပြီးနောက် ပြင်ဆင်မှုများကို စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်နေကြောင်း ကျန်းယွီအား လျှောက်တင်ခဲ့သည်။ သို့ပေသိ သူမ မပျော်တာက ထင်ရှားရကား ကျေးဇူးပြုပြီး ရွှယ်ဝမ်အနေဖြင့်  သူမ၏အရှင်မအား အမျိုးသမီးတစ်ဦးအဖြစ်သဘောထားကာ ငဲ့ညှာပေးဖို့ ဆိုလိုက်သည်။


ရွှယ်ကျွင်းလျန်က ကျန်းယွီ၏ လျှောက်တင်ချက်များနှင့် အိမ်ရှေ့စံ၏ ချီးကျူးစကားများကိုကြားခဲ့ရသည်။ သူ့အနေနှင့်  ဧကရီအပေါ် ပို၍ကြင်နာပေးသင့်သည်ဟု ခံစားလိုက်ရသည်။


သူမ၏မျက်နှာက ရုပ်ဆိုးလွန်းသော်ငြား ဧကရီသည် စစ်ပညာကို သင်ယူခဲ့ပြီး ရွှယ်ဖေအား ကောင်းစွာ သွန်သင်ဆုံးမနိုင်ခဲ့သည်။ ထို့ကြောင့် ရွှယ်ကျွင်းလျန်က ဧကရီအား အနီရောင်နေ့ရက်များကို လက်ဆောင်အဖြစ် ပေးမည်ဟု စိတ်ကူးလိုက်သည်။


ရှေးယခင်ကတည်းက ဘုရင်တစ်ပါးမည်သည် အလှတရားကို နှစ်သက်သည်ဟူသောအချက်ကို သိထားကြ၏။ရွှယ်ဝမ်က အကျည်းတန်ဧကရီနှင့် အိပ်ဆောင်မဝင်ချင်သော်လည်း၊ ထမင်းအတူစားရန် ကျန်းယွီအား ဧကရီကို ဖိတ်ခေါ်ခိုင်းခဲ့သည်။


xxxxxx