အပိုင်း ၁၀
Viewers 14k

Chapter 10

 သံတမန်အဖွဲ့ကို ကြိုဆိုခြင်း



ထန့်ယွင် အလွန်ကောင်းမွန်စွာ အိပ်ပျော်ခဲ့သည်။ လွန်ခဲ့တဲ့ရက်တွေက သူ၏အာရုံကြောများတင်းနေခြင်း(အလုပ်များခဲ့ခြင်း)ကြောင့်  ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့၏။


ထန့်ယွင်အိပ်နေစဥ်တစ်ချိန်လုံး ရွှယ်ကျွင်းလျန်က အချို့သောတရားရေးလျှောက်တင်လွှာတို့ကိုဖတ်ရန်အလို့ငှာ အနွေးခန်းထဲ ပြောင်းရွေ့သွားခဲ့သည်။ ကျန်းယွီကို ပြန်ပို့ပေးဖို့အမိန့်မပေးမှီ ကျူးလု၏ပြန်စာကိုလည်း ရေးခဲ့၏။


သူ ထိုင်ခုံထံပြန်ရောက်သည့်အခါ ဧကရီကအိပ်ပျော်နေဆဲဖြစ်သည်ကို ရွှယ်ကျွင်းလျန် တွေ့လိုက်သည်။ ပြီးနောက် သူက တော်ဝင်သမားတော်အား အခြား အနာသက်သာဆေးတစ်ကရားကို ယွင်ဖုန့်နန်းဆောင်ထံပို့ပေးဖို့ ပြောလိုက်သည်။


ဧကရီကိုမနှိုးဘဲ ရွှယ်ကျွင်းလျန်က အစေခံတစ်ဦးကို ဧကရီထံခြုံပေးဖူးသည့်စောင်အား ရှာခိုင်းလိုက်သည်။ နူးညံ့ပျော့ပြောင်းသည့်ခုံမှာ သက်တောင့်သက်သာဖြစ်တာမှန်သည့်တိုင် တစ်စုံတစ်ဦးက ထိုအပေါ်တွင် တစ်ညလုံးအိပ်လျှင် သေချာပေါက် အအေးမိပေလိမ့်မည်။


ထန့်ယွင်နိုးလာပြီးနောက် နှိုးဆော်သံ(alarm)ကြောင့် သူတကယ်အိမ်မောကျသွားကြောင်း သတိပြုမိသွားသည်။ ဆူညံစွာအိပ်ခဲ့တာပင်။

(ဟောက်တဲ့သဘောထင်ပါတယ်)


ကျန်းယွီက သူ့ဘေးတွင်ရှိနေကာ သူ့အားနှိုးရန် စောင့်နေသည်။


"ဧကရီ၊ နိုးပါပြီလား၊ တာ့ဝမ်က မနက်ခင်းညီလာခံတက်ဖို့ စောစောထသွားပါပြီ၊ သူက အရှင်မကိုမှာခဲ့ပါတယ်၊ တာ့ဝမ်နဲ့အတူ မနက်စာစားဖို့အတွက် ပြန်မသွားပါနဲ့ဦးတဲ့"


ထန့်ယွင်ထသည်နှင့် အစေခံမိန်းကလေးအချို့ ဝင်လာပြီး သူ့ကိုသန့်ရှင်းရန်နှင့် အဝတ်အစားလဲရန် ကူညီပေးသည်။ သူအကြာကြီးအိပ်ခဲ့ခြင်းကြောင့် ထန့်ယွင် ခေါင်းမကြည်သေးရာ သူမတို့ကို ပြင်ဆင်ခွင့်ပေးလိုက်လေသည်။


ထိုအစေခံမိန်းကလေးများမှာ ရွှယ်ကျွင်းလျန်နှင့်အနီးကပ်ဆုံးဖြစ်ကာ သူအယုံကြည်ရဆုံးအစေခံများဖြစ်သည်။ သဘာဝကျကျပင် သူတို့က ဘုရင်မင်းမြတ်၊ ရွှယ်ဝမ်က ဘယ်လိုပုံစံကိုကြိုက်သလဲ သိကြ သည်။ သူတို့က ဧကရီ၏ဆံပင်ကို ရိုးရှင်းပြီးချိုမြိန်သည့်သဏ္ဍာန်ထုံးဖွဲ့ပေးလိုက်လေသည်။ ထို့အတူ ရိုးရှင်းသည့်တိုင် ကြော့ရှင်းစေသည့် လက်ဝတ်ရတနာတို့အား ဆင်ယင်ပေးကြ၏။


ရွှယ်ကျွင်းလျန်က အကြာကြီးမနေခဲ့ပဲ ပြန်လာခဲ့သည်။ မနက်ခင်းညီလာခံတွင် ဆွေးနွေးစရာအကြောင်းအရာ သိပ်မများလှပေ။ အများစုက ထန့်ဝမ်၏သမီးတော်နှင့် လက်ဆက်မည့်အကြောင်းသာဖြစ်ပြီး ဖုန့်မင်ကို သတိထားစောင့်ကြည့်ရန်အကြောင်းမျှသာဖြစ်သည်။


ဖုန့်မင်မှာ အမြဲလိုလို ရက်စက်ကြမ်းကြုတ်ပြီး ရည်မှန်းချက်ကြီးသူဖြစ်ကြောင်း သိကြ၏။ သူ၏အင်္ကျီလက်ထဲတွင် ကောက်ကျစ်သည့်အကြံများကို ဝှက်ထားလေ့ရှိသည်။ အဲဒါက ရုံးတော်မှအမှုထမ်းများက အဘယ်ကြောင့် ပိုမိုသတိထားရန် လိုအပ်သည်ဟု ယူဆကြခြင်း၏ အကြောင်းအရင်းပင်။ သို့သော်လည်း သူတို့က ရွှယ်ကျွင်းလျန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း မသိကြပေ။ သူက သစ္စာရှိပြီး ကောင်းစွာလေ့ကျင့်ထားသည့်လူယုံတစ်ဦးကို ဖုန့်ပြည်တွင် ထည့်ထားပြီးနေပြီ။ ထိုသူလျှိုသည် ဖုန့်ဝမ်နှင့်နက်နက်ရှိုင်းရှိုင်း ချစ်ခင်စုံမက်နေပြီး ပြည့်ရှင်မင်းကိုပင် သူ့ရှေ့ဦးညွတ်လာအောင် စေနိုင်၏။


ရွှယ်ကျွင်းလျန်က သူ၏ကိုယ်ပိုင်အောင်မြင်မှုများအတွက် အလွန်ဂုဏ်ယူလျက်ရှိသည်။ သူ၏ရန်သူတော်နှစ်ဦးဖြစ်သော ထန့်ဝမ်နှင့်ဖုန့်ဝမ်တို့၌၊ တစ်ဦးမှာ သူရဲဘောကြောင်သူဖြစ်ကာ တစ်ဦးကတော့ ပြဿနာကြီးနေပြီပင်။ ယခုအချိန်တွင် ထန့်ပြည်က ပြီးဆုံးသွားပြီဟု ယူဆနိုင်၏။ ယင်းသည် အခွံလွတ်တစ်ခုပမာမျှသာ ဖြစ်ချေတော့သည်။ တစ်ဖက်တွင် ဖုန့်ပြည်ကမူ အမတ်မင်းကျူးလု၏ စီမံအုပ်ချုပ်မှုအောက်သို့ လုံးလုံးလျားလျားရောက်နေခဲ့ပြီဖြစ်ကာ ရွှယ်ကျွင်းလျန်အား ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။


သူ၏အဆောင်ထံ ရွှယ်ကျွင်းလျန် ပြန်ရောက်သောအခါ၊ ကျန်းယွီက ချက်ချင်းပင် စားသောက်ဖွယ်ရာတို့ကို ပြင်ဆင်ပေးလေသည်။ ထန့်ယွင်က ရွှယ်ကျွင်းလျန်နှင့်အတူ မနက်စာအတွက် တိတ်တဆိတ် နေ,နေခဲ့သည်။ အစမှအဆုံးထိ သူက ဘာစကားမှမဆိုပေ။ အဆိုပါအချက်က ရွှယ်ဝမ်အား ရှုပ်ထွေးသွားစေသည်။


မိန်းမတွေ၏နှလုံးသားက ဖတ်ဖို့ခက်သည်(မိန်းမတို့စိတ်၊ ခန့်မှန်းရမလွယ်)ဟု လူတွေပြောကြသည်။ သူ့နှလုံးသားတစ်ခုလုံးဖြင့်ပင် ထောက်ခံပါသည်။ အထူးသဖြင့် ဤဧကရီပင်။ စစ်ပွဲတိုင်း၌ အနိုင်ရသူ ရွှယ်ကျွင်းလျန်ပင်လျှင် သူမဘာတွေးနေသလဲ နားမလည်ပေ။


စားသောက်ပြီးနောက် ရွှယ်ကျွင်းလျန်က ကျောက်စိမ်းလှည်းယာဥ်ကို ပြင်ဆင်ခိုင်းလိုက်သည်။ ပြီးနောက် ထန့်ယွင်ကို ကိုယ်တိုင် အပေါ်ရုံခြုံပေးလိုက်သည်။ ယနေ့မှာ အမတ်မင်းဝမ်နျန်၊ ရွှယ်ဟုန်ယန်တစ်ယောက် နယ်စပ်သို့ထွက်ခွာသောနေ့ဖြစ်သည်။ သူက တာ့ဝမ်၏မိဖုရားအသစ်ကို ကိုယ်တိုင် တရားဝင်သွားရောက် ကြိုဆိုရမှာဖြစ်သည်။ သို့သော် တကယ်တမ်းတွင်မူ ရွှယ်ကျွင်းလျန်က ထန့်ရှန်အား ခြောက်လှန့်လို၍ သူ့ကို စေလွှတ်ခြင်းသာ။

  

ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို နန်းမြို့မျှော်စင်ပေါ်တက်ရန် ကူညီလိုက်သည်။ အမတ်မင်းဝမ်နျန်- ရွှယ်ဟုန်ယန်က သူတို့နောက်မှလိုက်လာသည်။


မြို့တံခါးပေါက်အောက်တွင် စစ်သည်ငါးထောင် စီတန်းရပ်နေကြသည်။ သူတို့အားလုံးက ရွှယ်ဟုန်ယန်၏ကိုယ်ပိုင် သစ္စာခံစစ်သည်တော်များဖြစ်၏။ သူတို့က ငွေရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး လူတိုင်းက သန်မာကြီးမားသည့်မြင်းတစ်ကောင်စီတိုင်း၏ဇက်ကြိုးကို ကိုင်ဆွဲထားကြသည်။ မျှော်စင်အမြင့်မှမြင်ရသည့်အခါ မြေပြင်တွင် နှင်းတို့ဖုံးလွှမ်းနေသယောင်ထင်ရသည်။

10.2


ယခင်က ရွှယ်ဟုန်ယန်သည် စစ်မြေပြင်ထံ စစ်သည် ၂၀၀၀ သိူ့ ၃၀၀၀မျှသာ ခေါ်ယူသွား၏။ ယခုအခါ သူက ကြင်ယာတော်အသစ်ကို ကြိုဆိုရန် အဆင့်မြင့်စစ်သည်ငါးထောင်ကို ခေါ်သွားခဲ့သည်။


စစ်သည်အားလုံးက ဒူးထောက်ပြီး နန်းမြို့မျှော်စင်ထံ ဦးတည်အော်ဟစ်ကြသည်မှာ 'အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ'ဟူ၍။


ထန့်ယွင်၏အမူအယာမှာ မပြောင်းလဲပေ။ သို့သော်ငြား သူ၏အတွင်းစိတ်တွင်မူ ထိတ်လန့်သွားသည်။ ထိုသို့သော စစ်သည်များ၊ ထိုသိူ့သော အင်အားများဖြင့် စစ်တပ်ကို ဦးဆောင်သူအား ထန့်ယွင် သဘောကျမိမည်မှာ အမှန်ပင်။ သို့သော်လည်း စစ်သည်များက သူ့အပိုင်မဟုတ်ပေ။ သူတို့က ရန်သူ့တပ်သားများသာဖြစ်ချေ၏။


ရွှယ်ကျင်းလန်က သူ၏အင်္ကျီလက်များကို ပေါ့ပါးစွာ ဝေ့ယမ်းလိုက်ပြီး အားလုံးကို ထခိုင်းလိုက်သည်။  အဖြူရောင်ချပ်ဝတ်နှင့် အနီရောင်ဦးထုတ်ဝတ် လူသားကောဇောကြီးက ညီညာစွာရွေ့လျားသွားသည်။ တစ်ဦးထက်ပို၍ နှေးသူမြန်သူဟူ၍မရှိ။


"အိုက်ဖေး၊ ဒီစစ်သည်တွေနဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲ"


ရုတ်တရက် ထန့်ယွင်အခေါ်ခံလိုက်ရသည်။ ရွှယ်ကျွင်းလျန်က သူ၏တပ်အင်အားကို ပြသခြင်းဖြစ်ကြောင်း သူသိလေသည်။ သို့သော်လည်း လက်ရှိသူ၏အထောက်အထားအရ ဖုန့်ပြည်၏တော်ဝင်အမျိုးအနွယ်တစ်ဦးဖြစ်သည်။ ထို့အပြင် အတွင်းဆောင်၏ဧကရီလည်းဖြစ်၏။ ဤသို့သော သရုပ်ပြမှုမျိုးက မူလဧကရီအတွက်လည်း ပထမဆုံးဖြစ်လိမ့်မည်။


ထို့ကြောင့် အေးတိအေးစက်မဖြစ်သလို စိတ်လှုပ်ရှားခြင်းလည်းမရှိသည့်အသံဖြင့် ထန့်ယွင်ဆိုလိုက်သည်။


"ကျွန်တော်မျိုးမက မိန်းမတစ်ယောက်ပါ၊ ဒီလိုအရာမျိုးတွေကို နားမလည်ပါဘူး"


သူ၏စကားက မမျှော်လင့်ထားစွာ ရွှယ်ကျွင်းလျန်အား ကျေနပ်သွားစေခဲ့သည်။ တကယ်တော့ ဘယ်ဘုရင်က နူးညံ့ပြီးနာခံတတ်တဲ့ဧကရီကို မနှစ်သက်မှာတဲ့လဲ။ သူ၏အောင်မြင်မှုကို အမြဲတစေချီးကျူးပေးကာ သူ့အားဘယ်တော့မှ မဆန့်ကျင်သည့်အမျိုးသမီးမျိုးကိုပင်။


ရွှယ်ကျွင်းလျန်က သူ၏လက်မောင်းကို ဆန့်တန်းလိုက်စဥ် ကျန်းယွီကအနီရောင်ပုဝါဖြင့်အုပ်ထားသည့် ဗန်းတစ်ခုကိုသယ်ကာရောက်လာသည်။ သေရည်နှစ်ခွက်က ထိုအပေါ်တွင်ရှိနေသည်။


ရွှယ်ကျွင်းလျန်က တစ်ခွက်ယူလိုက်ကာ၊ ပြီးနောက် ကျန်းယွီသည် ကျန်တစ်ခွက်ကို ရွှယ်ကျွင်းလျန်၏နောက်ဘက်နားတွင် ရပ်နေသည့် အမတ်မင်းဝမ်နျန်ထံ လှမ်းလိုက်သည်။


ရွှယ်ကျွင်းလျန်က ဘာကိုမှမပြောခဲ့ပေ။ ထိုအစား သူက သေရည်ခွက်ကိုလက်နှစ်ဖက်ဖြင့် အနည်းငယ် မြှောက်လိုက်သည်။ ပြီးနောက် မျှော်စင်အောက်ရှိ စစ်သည်တို့ထံ မရည်ရွယ်မှီ ရွှယ်ဟုန်ယန်ထံ စက္ကန့်ပိုင်းမျှ ဦးတည်လိုက်၏။


စစ်သည်များက ဦးညွတ်ကြသည်။ ရွှယ်ကျွင်းလျန်က တစ်ကျိုက်တည်းအကုန် သောက်လိုက်လေသည်။ ပြီးနောက် ခွက်အား သူ့ခြေထောက်အောက်နား ကြမ်းပြင်ထံ လွှတ်ချလိုက်သည်။ ရွှယ်ဟုန်ယန်နှင့် စစ်သည်အားလုံးကလည်း သူတို့၏သေရည်ကို သောက်လိုက်သည်။ သူတို့၏ခွက်များ မြေပြင်ပေါ်ကို ကျကွဲသံ ဆူညံစွာထွက်ပေါ်လာသည်။


ရွှယ်ဟုန်ယန် သူ၏ခေါင်းဆောင်းကိုကိုင်ထားရင်း မျှော်စင်ထက်မှဆင်းသွားကာ သူ၏မြင်းပေါ်တက်လိုက်လေသည်။ စစ်သည်များက သူ၏ဦးဆောင်မှုနောက်မှလိုက်ကာ ထွက်ခွာသွားကြ၏။


ယင်းကား ကောင်းမွန်စွာလေ့ကျင့်ထားသည့် အင်အားရှိသောတပ်တစ်ခု၏ပြယုဂ်ပင်။ တစ်ချက်ကြည့်ရုံမျှဖြင့် ရွှယ်ဝမ်၏အာဏာစက်ကို သိမြင်နိုင်၏။ ယနေ့တွင် ဘုရင်တစ်ပါးက သူ၏လူများအား စိတ်ခွန်အားပေးပြီးတက်ကြွအောင် စကားတစ်ခွန်းပင်မဆိုပဲ မည်သို့မည်ပုံလုပ်ပေးပုံကို ထန့်ယွင်မြင်လိုက်ရသည်။


ဘယ်လိုဘုရင်မျိုးက သူ့ပြည်သူတွေ၏စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ခိုင်မာတောင့်တင်းသည့်တိုင်းပြည်ကို မတည်ဆောက်ချင်ပဲနေမည်တဲ့လဲ။ သို့သော်ငြား ထိုဘုရင်များက တစ်ခါတစ်ရံ တစ်စုံတစ်ရာကိုမေ့နေလေ့ရှိကြသည်။ ယင်းကား ပြည်သူတစ်ယောက်ချင်းစီနှင့် စစ်သည်တစ်ဦးချင်းအား ယုံကြည်မှုနှင့် လေးစားမှုပေးဖို့သာဖြစ်တော့၏။ ရိုးသားစွာပြုမူခြင်းဖြစ်စေ၊ အလိမ်အညာအပြုအမူတစ်ခုဖြစ်စေ အရေးမကြီးပေ။ အဘယ်ကြောင့်ဆိုသော် အရာရာတိုင်းအတွက် တန်ကြေးဆိုတာ ပြန်ပေးရမည်ပင်။


ပြီးနောက် ယနေ့တွင် ရွှယ်ကျွင်းလျန်က သူမည်သို့ပြုသည်ကို ပြသခဲ့၏။ သူ၏ကိုယ်ကို အနည်းငယ်ကိုင်းညွတ်ရင်း၊ သူ၏သေရည်ခွက်ကို ကိုင်မြှောက်ရင်းဖြင့်။



ရွှယ်ဟုန်ယန်နှင့်သူ့စစ်တပ်သည် သူတို့ဦးတည်ရာကို တိုက်ရိုက်ချီတက်သွား၏။ အမှန်မှာ သူတို့က အဝေးကြီးမသွားကြပေ။ ရက်အနည်းငယ်ကြာပြီးနောက် ရောက်ရှိသွားသည်။ ထိုစစ်သည်များက စတည်းချပြီးတဲထိုးကာ ထန့်ရှောင်၏အဖွဲ့ကို စောင့်နေကြသည်။


သုံးရက်ကြာပြီးနောက် ထန့်ရှောင်ကဆုံရပ်ကို ရောက်လာသည်။ ရွှယ်ဟုန်က သူ၏စစ်သည်ငါးထောင်နှင့် စတည်းချပြီးဖြစ်နေ၏။ စီတန်းနေသည့်  ချပ်ဝတ်တန်ဆာဝတ်ကာ ဦးထုပ်အနီတွေဆောင်းထားသည့် စစ်သည်ငါးထောင်က ကြီးကျယ်ခမ်းနားသောမြင်ကွင်းကို ဖြစ်ပေါ်စေသည်။


ရွှယ်ဟုန်ယန်က သူ၏မြင်းပေါ်တွင်ထိုင်ကာ သူ့နောက်ရှိ နယ်စပ်ဂိတ်တံခါးကို ကျယ်ဝန်းစွာ ဖွင့်ထားသည်။


ထန့်ရှန်က မြင်းတစ်ကောင်ကို စီးနင်းထားကာ မင်းသမီး၏ဝေါယာဥ်မှာ သူ့နောက်မှပါလာသည်။ အကွာအဝေးတစ်ခုမှနေ၍ လူတစ်ဦး တံခါးရှေ့တွင်ရပ်နေသည်ကို ထန့်ယွင်မြင်လိုက်ရသည်။ အဲဒါက ကြင်ယာတော်ကို လာကြိုသည့် အမတ်မင်းဝမ်နျန်၊ ရွှယ်ဟုန်ယန်ဟူ၍ သူကြား၏။ ထိုလူက ထူးချွန်သည်ဟူ၍လည်း သူကြားခဲ့ပြီး တွေ့ခွင့်ကားမသာခဲ့ချေ။ နောက်ဆုံး ဤအချိန်တွင် ထိုလူ့ကိုတွေ့ရသည့်အခါ ထန့်ရှန် အတော်လေးအံ့သြသွားရတော့၏။


 အပြာရောင်အမှုထမ်းဝတ်စုံကို ဝတ်ထားသော ထန့်ရှန်က ရွှယ်ဟုန်ယန်နှင့်နီးလာသည့်အခါ မြင်း၏ကျောပေါ်မှဆင်းလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်၍ ပြုံးလျက် အရိုအသေပေးလိုက်သည်။


"အမတ်မင်းဝမ်နျန်ကိုယ်တိုင် မင်းသမီးကိုလာကြိုတာက တကယ်ကို ဂုဏ်ယူစရာပါဗျာ"


ထန့်ရှန်၏အပြုအမူတို့က အေးအေးဆေးဆေးဖြစ်နေကာ အပြောအဆိုမှာလည်း စုစုစည်းစည်းရှိ၏။ သူက ရွှယ်ဟုန်ယန်၏အင်အားကြောင့် တွန့်ဆုတ်ကြောက်ရွံ့သွားခြင်းမျိုး မရှိပေ။


ရွှယ်ဟုန်ယန် ရယ်မောကာ သူ၏မြင်းပေါ်မှဆင်းလိုက်ပြီးဆိုသည်။


"ဝန်မင်း၊ ခင်များမှားနေပါပြီ၊ ဟုန်ယန်  ဒီနေ့ဒီကိုရောက်နေတာက ရွှယ်ဝမ်ကိုယ်စား သင့်ကိုကြိုဆိုဖို့ပါ"


ထန့်ရှန်က သူ့အကြည့်တွေကို မြေပြင်ပေါ်သာပို့ထားပြီး ဘာမှပြန်မဖြေချေ။ ရွှယ်ဟုန်ယန် အဆိုပါစကားတို့ကိုဆိုခြင်းက မင်းသမီးကြားစေလို၍ဖြစ်ကြောင်း သူသိသည်။ ထို့အပြင် ထန့်ပြည်၏အမှုထမ်းအများကြားတွင်လည်း ကြားသိသွားစေ၏။ အမတ်မင်းဝမ်နျန်က မင်းသမီးမဟုတ်ပဲ ထန့်ရှန်အား ကြိုဆိုခဲ့သည်။ ဤသည်မှာ ထန့်ရှန်က ရွှယ်ပြည်နှင့် နက်နဲသည့်ဆက်ဆံရေးရှိသည်ဟူသောအဓိပ္ပါယ် မဟုတ်ပါလား။


ထန့်ရှန်က မသက်မသာရယ်လိုက်သည်။ သခင်ကအစေခံကို သေစေလိုပြီး အစေခံကလည်း နာခံရုံမျှဖြင့် မသေချေ။ အနည်းဆုံးတော့ ဤမြင်းတပ်က သူ၏အုတ်ဂူထံ သူနှင့်အတူ လိုက်ပါသင့်၏။




“ဧကရီ... အရှိန်လျှော့ပါဦး၊ သင်က ဒီအစေခံကို ခေါင်းကိုက်အောက်လုပ်နေတာပဲ"


ရှို့ယောင်မှာ သူမ၏အရှင်မ ရှေ့နောက်အပြန်ပြန်အလှန်လှန်လျှောက်နေသည်ကို ကြည့်နေရသည်။ သူမက တာ့ဝမ်မှ ယနေ့သူမ၏အရှင်မကို မဖိတ်ခေါ်ခဲ့သလို မိဖုရားအသစ်လည်း ရောက်မှာမို့ သူမ၏အရှင်မ ယခုလိုစိတ်ပူနေသည်ဟု တွေးလိုက်မိသည်။ 


စာလွှာမှာမှန်ပေသည်။ ထန့်ပြည်မင်းသမီးလေးနှင့်ထန့်ရှန် နန်းမြို့တော်ကို ဝင်ပြီးသည်နှင့်အသက်ရှင်လိမ့်မည်မဟုတ်ချေ။ ထန့်ရှန်၏အသက်ဘေးကို စိုးရိမ်ရလွန်းသဖြင့် ထန့်ယွင်မှာ ဂနာမငြိမ်တော့ပေ။


သူက ရွှယ်ဝမ် ထန့်ရှန်ကိုသတ်ခြင်းမှတားဆီးရန် အကြောင်းပြချက်တစ်ခုကို ရှာဖွေနေမိသည်။ သို့သော်လည်း သူ့အတွေးတို့မှာ မလုံလောက်ပေ။ တိုင်းပြည်တွင် ထန့်ရှန်က အမြန်ဆွဲထုတ်ရမည့် ဆူးတစ်ချောင်းနှင့်တူသည်။


သို့သော်လည်း ထန့်ယွင်က ကောင်းစွာသိထားသည်။ သူ့လိုပင် ထန့်ရှန်သည်လည်း သူ့ဘဝနှင့်ထပ်၍ သူ၏တိုင်းပြည်အပေါ်ကတိသစ္စာတည်ထား၏။ လက်နက်ချကာဖြင့် သူ၏တန်ဖိုး၊ ဂုဏ်သိက္ခာတို့ကို လျှော့ချပစ်မည်မဟုတ်ပေ။


xxxxx