အပိုင်း ၁၁
Viewers 13k

Chapter 11

 ဒေါသတကြီး


ရွေ့ရွှယ် ဖုန့်မင်၏နေအိမ်မှ အလျင်စလိုထွက်လာပြီး နံနက်ခင်းညီလာခံမှ ပြန်လာသော ကျူးလုထံသို့ အပြေးသွားခဲ့သည်။


ရွေ့ရွှယ်က ကျူးလုကို နှုတ်ဆက်ပြီး ဆိုလိုက်သည်။


"သခင်  တာ့ဝမ်က သခင့်ကို သတိရနေတယ်၊   သူ့ကို တွေ့ဖို့မသွားဘူးလား''


ကျူးလုက စိတ်ရှုပ်စွာဖြင့် မျက်မှောင်ကျုံ့လိုက်သည်။၊ သို့သော် ရွေ့ရွှယ်က မည်သူမှသတိမထားမိမှီ သူ့လက်ထဲသို့ ပါးလွှာသောစာရွက်ခေါက်လေး ထိုးထည့်ပေးလာသည်ကို တွေ့လိုက်ရသောအခါ လျင်မြန်စွာပင်  ပြေလျော့သွားခဲ့သည်။


ကျူးလုကဆိုသည်။


"မင်းငါ့ကို ဒီလိုအသေးအမွှားကိစ္စလေးအကြောင်း လာပြောနေမယ့်အစား သူ့ဆီသွားလည်သင့်တယ်၊ တာ့ဝမ်ကိုပြောလိုက်ပါ၊ ငါသူ့ကိုတွေ့ချင်ပေမယ့် အရမ်းအလုပ်ရှုပ်နေတယ်လို့"


ရွေ့ရွှယ်က တစ်ခုခုထပ်ပြောချင်နေပုံပေါ်နေသော်လည်း ခေါင်းညိတ်လိုက်ပြီး သူ့ကိုယ်သူ ရပ်တန့်လိုက်သည်။


ကျူးလုကပြော၏။


"ဒါကဘာလဲ"


ရွေ့ရွှယ်က...


“သခင်… ၊ဒီအကြောင်းပြောဖို့ ကျွန်မမှာအရည်အချင်းမရှိတာကိုသိပါတယ်၊ တာ့ဝမ်.. သူ့ဆီကို သခင်နောက်ဆုံးသွားခဲ့တာ တစ်လခွဲရှိနေပါပြီ၊ အဲဒီ့အချိန်ကစပြီး တာ့ဝမ်က သူ့အိပ်ရာထဲက မထဘဲ တော်ဝင်သမားတော်ခေါ်ဖို့တောင် ငြင်းဆန်နေခဲ့ပါတယ်''


ကျူးလုကနှာမှုတ်လိုက်ကာဖြင့်...


"ဒါကို ပြောဖို့ အရည်အချင်းမရှိဘူးလို့ မင်းပြောတာမဟုတ်ဘူးလား၊  ပြောစရာမရှိတော့ရင် သွားတော့''


“ဟုတ်ကဲ့…” 


ရွေ့ရွယ် နှုတ်ခမ်းကိုကိုကာ ဆိုလိုက်သည်။


“နားလည်ပါပြီ”


အမတ်မင်းကျူးလု ထွက်ခွာသွားသည်ကိုကြည့်ကာ ရွေ့ရွှယ်က ခဏတာတုံ့ဆိုင်းသွားပြီး တော်ဝင်ဆေးကုသဆောင်ဘက်သို့ လှည့်သွားခဲ့သည်။ သူမက  ရောင်ရမ်းခြင်းနှင့် သွေးထွက်ခြင်းတို့အတွက် လိမ်းဆေးအဆီတစ်ချို့ကို  တောင်းပြီးနောက် ဖုန့်ဝမ်၏နေရာသို့ ပြန်သွားခဲ့သည်။



ကျူးလုက သူ၏မှတ်စုကိုကိုင်ကာ နန်းတော်တွင်းမှထွက်၍ မိမိနေထိုင်ရာသို့ ပြန်လာခဲ့သည်။  

အဆိုပါအရာမှာ ဖုန့်မင်နှင့်ဝန်မင်းကျိုးတို့ကြား သဘောထားကွဲလွဲမှုဖန်တီးရန် သူ့ကို ညွှန်ကြားထားသည့်  ရွှယ်ကျွင်းလျန်ထံမှပြန်စာပင်။


ဝန်ကြီးကျိုးသည် အသက်ကြီးနေပြီဖြစ်သော်လည်း သစ္စာရှိပြီး ထက်မြက်သူအဖြစ် သတ်မှတ်ခံထားရ၏။  ရွှယ်ကျွင်းလျန်က ဝန်မင်းကို သူ့ဘက်ပါစေရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် သူနှင့်ကျိုးလုတို့က ၀န်မင်းကျိုးကို တရားရုံးမှ နှုတ်ထွက်စေရန် တွန်းအားပေးဖို့ရာ အဖွဲ့လိုက်လုပ်ဆောင်ခဲ့သည်။ ထို့နောက်တွင် ရွှယ်ဝမ်က သူ့ကို သူရဲကောင်းပမာ ခေါ်ဆောင်သွားမည်ဖြစ်သည်။


ကျူးလုက ဖယောင်းတိုင်မီးဖြင့် စာရွက်ကို မီးရှို့လိုက်ပြီး  စက္ကူမီးလောင်နေသည့်အနံ့ကို ဖယ်ရှားရန် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။


သူက ပြတင်းပေါက်ဘေးတွင် ရပ်ကာ မှီထားရင်း အပြင်ဘက် ရေကန်ကို စိုက်ကြည့်နေသည်။  ရုတ်တရက် သူက သက်ပြင်းချလိုက်သည်။  သူ့မျက်နှာပေါ်မှ အေးစက်ပြီး ကြမ်းတမ်းသည့် မျက်နှာထားက နူးညံ့သိမ်မွေ့သောအသွင်သို့ ပြောင်းလဲသွားသည်။


ကျူးလုက မူလကတည်းက ရွှယ်တွင် နေထိုင်ခဲ့သည်။  ထိုအချိန်တွင် ဖုန့်ဝမ်မှာ  ကွယ်လွန်သွားခဲ့ပြီး သူ၏သားတော်တစ်ဦးက ပုန်ကန်ကာ ပရမ်းပတာအဖြစ်ကို ဖန်တီးခဲ့သည်။   အိမ်ရှေ့မင်းသားဖုန့်မင်ကလည်း တိုင်းပြည်မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။  သူက မုဆိုးမိသားစုကြားတွင် ပုန်းရှောင်နေရင်း အခြားမိသားစုတစ်ခုကို မတော်တဆ သေဆုံးစေခဲ့သည်။


သူတို့က ကျူးလု၏မိသားစုဖြစ်ကြောင်း ယနေ့အချိန်အထိ ဖုန့်မင်မသိချေ။


နောက်ပိုင်းတွင် ကျူးလုကို  ရွှယ်ကျွင်းလျန်မှ ခေါ်ယူရွေးချယ်ခဲ့ပြီး ဖုန့်ပြည်၏ စစ်တန်းလျားတွင် သူလျှိုအဖြစ် ထားလိုက်သည်။ သို့ဖြင့် သူ ယနေ့အချိန်သို့ ရောက်ရှိလာခဲ့သည်။


ကျူးလုက အနှစ်၃၀လုံးလုံး မိဘမဲ့ဖြစ်ခဲ့ရသည်။   ယခုအချိန်တွင် ကျူးလုသည် ဖုန့်မင်အား သူ၏လက်များဖြင့် ကိုယ်တိုင်ချုပ်နှောင်ထားရသော်လည်း ထိုနာကြည်းမှုကို မစွန့်လွှတ်နိုင်သေးပေ။  ဖုန့်မင်၏ခံစားချက်များကို အဆုံးစွန်အထိ နင်းချေပစ်ချင်သေးသည်။  ဖုန့်မင်က တိတ်တဆိတ် ခံစားနေရင်း ခံနိုင်ရည်ရှိအောင်နေနေတာကို မြင်ရတိုင်း ကျူးလုက နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုကို အချည်းနှီးမဖြုန်းတီးမိသလို၊ သူ့အကြွေးကို ပြန်ပေးလိုက်ရသလို ခံစားရသည်။


သို့ပေသိ သူ့ရင်ထဲတွင် အမှန်တကယ် မပျော်ရွှင်ရသလို ခံစားရသည်။ ဘာအတွက်ကြောင့်ဆိုတာကိုတော့ မသိပေ။


.....


ရွေ့ရွှယ် ဖုန့်မင်၏အိပ်ဆောင်ထဲသို့ ဝင်လာသောအခါ အိပ်ယာခင်းက အောက်ကို လျှောကျနေသည်ကို မြင်လိုက်ရသည်။ 


သူမက အိပ်ယာဆီလျှောက်သွားလိုက်ပြီး ကန့်လန့်ကာကို ညင်သာစွာမတင်လိုက်သော်ငြား ဖုန့်မင် အိပ်မနေတာကို တွေ့လိုက်ရသည်။ သူကလဲလျောင်းရင်း စောင်ပေါ်မှ ပုံစံကွက်များကို စိုက်ကြည့်လျက်ရှိသည်။


ရွေ့ရွှယ်ကပြောသည်။


"တာ့ဝမ်၊ ထချင်လား၊ သခင်က အသင့်အတွက် လိမ်းဆေးအချို့ကိုယူလာပေးဖို့ ကျွန်တော်မျိုးမကို အမိန့်ပေးလိုက်တယ်"


ရွေ့ရွှယ်မှ ကျူးလုအားရည်ညွှန်းလာသည်ကို ဖုန့်မင်ကြားလိုက်ရသောအခါ သူ့မျက်လုံးတွေနှင့် ပင့်ကြည့်လာသည်။ သို့သော်လည်း ယင်းတို့မှာ အမြန်ပင် မှိုင်းညို့သွားခဲ့ပြန်သည်။ ကျူးလု၏ပင်ကိုယ်စရိုက်ကိုသူသိတာမို့ လိမ်းဆေးအား သူ့ထံပေးပို့ရန်မှာ မဖြစ်နိုင်ပေ။ အဖြစ်နိုင်ဆုံးကတော့ ရွေ့ရွှယ်က သူမကိုယ်သူမ ယူလာပြီး သူ့အား လိမ်ညာပေးခြင်းမျှသာ။

11.2


ဖုန့်မင်က ထရန်လှုပ်ရှားခြင်းဟူ၍ အလျဥ်းမရှိ၊ လှဲနေလျက်က သူကပြောသည်။


"ထန့်မင်းသမီးက ရွှယ်ပြည်နယ်နိမိတ်ထဲ ရက်အနည်းငယ်အတွင်း ဝင်တော့မယ်မလား"


"ဟုတ်ပါတယ်၊ ဒီအစေခံကြားတာတော့ ရွှယ်ဟုန်ယန်၊ အမတ်မင်းဝမ်နျန်ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြိုဆိုခဲ့ပါတယ်တဲ့၊ သခင်က ဒါကြောင့် နောက်ကျတဲ့အထိ အလုပ်များနေတာ၊ တာ့ဝမ် သခင် အသင့်ဆီကို လာမလည်နဲ့အတွက် စိတ်မဆိုးပါနဲ့ ၊ သခင်က အသင်စိတ်ဆိုးနေတယ်လို့တွေးမိတာနဲ့ သူစိတ်ဆိုးလာတယ်လို့ပြောပါတယ်"


ဖုန့်မင်က ပြုံးကာဆိုသည်။


"ငါသိပါတယ် "


ထိုအချိန်မှာပင် အပြင်ဖက်မှ အစေခံက ဝန်မင်းကျိုး တွေ့ဆုံခွင့်တောင်းကြောင်း လျှောက်တင်လာသည် 


ရွေ့ရွှယ်က မျက်မှောင်ကြုတ်လိုက်ပြီး


"တာ့ဝမ်၊ အရှင်နေလိုမကောင်းသေးရင် ကျွန်တော်မျိုးမ ဝန်မင်းကျိုးကို ပြန်လွှတ်လိုက်ပါ့မယ်"


" မလိုဘူး"


ဖုန့်မင်ထလာပြီး ရွေ့ရွှယ်အား သူ့ကိုကူညီသန့်ရှင်းကာ အဝတ်လဲပေးခွင့်ပေးလိုက်သည်။ ပြီးနောက် ဝန်မင်းကျိုးကို စာကြည့်ခန်းသို့ ခေါ်သွားလိုက်သည်။ 


ဝန်မင်းကျိုးက မထိုင်ခဲ့ပေ။ ဖုန့်ဝမ်အခန်းထဲဝင်လာသည်နှင့် သူက ချက်ချင်း ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်၏။


"ကျေးဇူးပြုပြီး.. တာ့ဝမ်၊ ဒီအစေအပါးအိုကြီးကို နှုတ်ထွက်ပြီး မွေးရပ်ကိုပြန်ခွင့်ပြုတော်မူပါ"


ဖုန့်မင်က သက်ပြင်းချကာ ဝန်မင်းကျိုးအား မြေမှကူညီထူမလိုက်ကာ ပြောသည်။


"ဝန်မင်း၊ ဘာလို့ဒီလိုပြောရတာလဲ၊ မောင်မင်းအနေနဲ့ ကိုယ်တော်နဲ့ပတ်သက်ပြီး မကျေနပ်တာရှိလို့လား"


"ဒီအစေခံအိုကြီးကမလုပ်ရဲပါဘူး၊ ကျွန်တော်မျိုးသေရဲပေမယ့် မင်းကြီးကိုတော့ မကျိန်ဆဲဝံ့ပါဘူး၊ ဒါပေမယ့် တာ့ဝမ်သာ ဒီအစေခံအိုကြီးကို ရှင်းပြခွင့်ပေးမယ်ဆိုရင် အရာရှိအများကြီးက အမတ်မင်းကျူးလုနဲ့ပတ်သက်ပြီး တိုင်ကြားထားကြပါတယ်၊ ပြီးတော့ ဒီနေ့မနက်ညီလာခံမှာ သူက အရာရှိတော်တော်များများကို ရာထူးကဖယ်ရှားလိုက်ပါတယ်"


မျက်ရည်များက ဝန်မင်းကျိုးမျက်လုံးမှ ကျဆင်းလာသည်။ သူက ဒူးထောက်ရာကမထပဲ ဆက်ပြောသည်။


"အရှင်မင်းကြီးအနေနဲ့ အမတ်မင်းကျူးလုနဲ့ အလွန်နီးကပ်တာကို ဒီအစေအပါးအိုကြီးသိပါတယ်၊ တာ့ဝမ် ဒီအစေခံအိုကြီးကို သွားခွင့်ပေးဖို့ တောင်းဆိုပါရစေ၊ နှုတ်ထွက်ပြီး မွေးရပ်မြေကို ပြန်ခွင့်ပြုပါ"


သနားခံပြီးနောက်တွင် ဝန်မင်းကျိုးမှာ နှလုံးခုန်မြန်လာ၏။ သူ့၏အသနားခံမှုကို အရှင်မင်းကြီးက နှောင့်ယှက်သည်ဟူ၍ ယူဆလိုက်လေမလား မသေချာပေ။ သို့သော်လည်း အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် သူက တာ့ဝမ်ကို လှမ်းမျှော်ကြည့်လိုက်မိသည်။


ဖုန့်ဝမ်က ဝန်မင်းကျိုးကို ကျောပေးကာ စားပွဲတစ်လုံးတွင် သူ့ကိုယ်သူ ထောက်မှီထားသည်။ သူဘာကိုစဥ်းစားနေလဲ ဘယ်သူမှမသိနိုင်ပေ။


ပြီးနောက် ရုတ်တရက်ကြီး ရွေ့ရွှယ်က  ဖုန့်မင် တုန်ယင်ပြီး မြေပေါ် လဲကျသွားသည်ကို တွေ့လိုက်ရသည်။ 


ရွေ့ရွှယ် ဖုန့်မင်ထံပြေးကာ ဖမ်းလိုက်ချိန်သည်။ သူမသူ့ကိုထိတွေ့မိသည်နှင့် တစ်ကိုယ်လုံး ခြစ်ခြစ်တောက်ပူနေတာကို တွေ့လိုက်ရသည်။ သူ့မျက်လုံးတွေက တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး သူ၏မျက်ခုံးကြားတွင် တွန့်ချိုးနေ၏။ ဖုန့်မင်၏ပုံစံမှာ အလွန်နာကျင်နေပုံရသည်။


ကျူးလု၏အိမ်သို့ ရုတ်တရက်ကြီး ဧည့်သည်တွေရောက်လာသည်။ ထိုအချိန် စိုးရိမ်ထိတ်လန့်မှုအပြည့်ဖြင့် ရွေ့ရွှယ်က သူ့ထံပြေးလာပြီး ပြောလိုက်သည်။


"သခင်၊ မြန်မြန် နန်းတွင်းဝင်ရပါမယ်၊ တာ့ဝမ်မေ့လဲကျသွားတယ်"


ကျူးလု၏နှလုံးသားမှာ တစ်စုံတစ်ယောက်က ဖျစ်ညှစ်လိုက်သလို တင်းကြပ်သွားသည်။ ထိုအခိုက် သူခုံမှထလိုက်သော်လည်း သူ့ကိုယ်သူ ရပ်တန့်လိုက်သည်။ 


ဝန်မင်းများအားလုံးက လိမ္မာပါးနပ်စွာဖြင့် ရှောင်ထွက်ကာ နောက်မှပြန်လာမည်ဟုဆိုရင်း ထွက်သွားကြသည်။


ဧည့်သည်အားလုံးပြန်သွားသည်နှင့် ရွေ့ရွှယ်က ထပ်ပြောပြန်သည်။


"သခင်၊ ကျေးဇူးပြုပြီး မြန်မြန်လုပ်ပါ၊ အခု ဝန်မင်းကျိုးလုက နန်းတော်ထဲဝင်ပြီး သခင့်အကြောင်း တိုင်ကြားနေပါတယ်၊ တာ့ဝမ်က ဘာမှမပြောခဲ့ပေမယ့် သူက သခင်နဲ့ပတ်သက်ပြီး သိပ်မကျေလည်သလိုပဲ၊ ဒီကိစ္စမှာ သခင် တာ့ဝမ်ကို ဆွဲဆောင်သင့်တယ်မဟုတ်လား"


ကျူးလု ခဏကြာအောင် တုန့်ဆိုင်းနေပြီးပြောလိုက်သည်။


"ငါ့မြင်းကိုပြင်ထား၊ နန်းတွင်းဝင်မယ်"



ကြင်ယာတော်အသစ် နန်းတော်ထဲဝင်လာသောကြောင့် အတွင်းဆောင်၏လူဦးရေထက်ဝက်ခန့်က မကျေနပ်ကြပေ။ သို့သော်လည်း အခြားတစ်ဝက်အတွက်မူ ယင်းက ကိစ္စကြီးမဟုတ်ဟု မှတ်ယူကြသည်။ ထန့်ပြည်က အားလုံးဆုံးရှုံးပြီးသည့်နောက်တွင် ကြင်ယာအသစ်က အလွန်ထက်မြက်လှပနေပါစေဦး သူမ၏အခြေအနေက အရေးမပါတော့ပေ။


ရွှယ်ကျွင်းလျန်က တော်ဝင်သမားတော်ကို သူ့အား ဆေးပေးရန်အတွက် အမိန့်ပေးခဲ့ပြီးကတည်းက ထန့်ယွင်သည် သူ့မျက်နှာထက်မှ နာကျင်မှုက ပို၍သက်သာလာသည်ဟု ခံစားရသည်။


ရှို့ယောင်က အားလုံးထဲတွင် အပျော်ဆုံးဖြစ်သည်။ သူမအရှင်မ၏အသွင်အပြင်မှာ ပို၍လှလာ၏ သူမ၏နှစ်လိုဖွယ်သဏ္ဍာန်ကိုပါ ထပ်ပေါင်းထည့်လျှင် ရွှယ်ဝမ်က နောက်ထပ်မိဖုရားသစ်များစွာ ယူလျှင်ပင် မစိုးရိမ်တော့ချေ။


ရှို့ယောင်က သင်ယူမှုကောင်းသူတစ်ဦးဖြစ်သည်။သူမက သူမသခင်မ၏အစားအသောက်ကို ဂရုတစိုက် စီမံသည်။ ဧကရီအား ဆေးသောက်ရန်နှင့် ဆေးလိမ်းရန် သတိပေးသည်။ ယေဘူယျအားဖြင့် တိုးတက်မှုက ပိုသိသာလာသည်။


ကြင်ယာတော်အသစ် ရောက်ရှိလာတော့မည်ဟု ကြေငြာလိုက်သောအခါ အတွင်းဆောင်၏ အခြေအနေမှာ ဆူညံလာတော့သည်။ ဤအချိန်တွက် သတင်းအသစ်တစ်ခုကလည်း ထွက်လာသေးသည်။ အကျည်းတန်ဧကရီ၏မျက်နှာမှာ နတ်ဘုရားမတစ်ပါးပမာ လှပသည်ဟူ၍။ စိုးရိမ်ပူပန်နေကြသည့် ကြင်ယာတော်များစွာသည် ဧကရီထံသို့ လာလည်ကြသည်။ သူတို့က သတင်းမှန်ဟုတ်မဟုတ် စစ်ဆေးရန် ယွင်ဖုန့်နန်းဆောင်တံခါးကိုပင် ဖြတ်လျှောက်နေကြသေးသည်။


တာ့ဖေးက အေးဆေးတည်ငြိမ်စွာ နေနိုင်ခဲ့သည်။ သူမ ယွင်ဖုန့်နန်းဆောင်ထံ သွားခဲ့စဥ်က ထန့်ယွင်က ထိုနေရာတွင် မရှိချေ။ အိမ်ရှေ့စံငယ်လေး ရွှယ်ဖေက ထန့်ယွင်ကို လေ့ကျင့်ရေးကွင်းသို့ ဆွဲခေါ်သွားခဲ့သည်။


ထန့်ယွင်က သူ၏မြှားပစ်ကျွမ်းကျင်မှုကို ပြပြီးကတည်းက အိမ်ရှေ့စံသည် ဧကရီအား တိတ်တဆိတ် လေးစားနေခဲ့၏။ ရွှယ်ဖေက ဧကရီအား ထပ်မံ၍ စစ်မက်ရေးရာတို့တွင် စာတွေ့သာရှိ၍ လက်တွေ့မပိုင်နိုင်သူဟူ၍ မတွေးတော့ချေ။


ထန့်ယွင်က အိမ်ရှေ့စံနှင့် မနီးကပ်လိုပါချေ။ အားလုံးပြီးသည့်နောက်တွင် သူက ရွှယ်ပြည်၏မင်းသားတစ်ပါးဖြစ်ကာ နောက်ထပ် ပုလ္လင်ပေါ်ကိုတက်မည့် ရွှယ်ဝမ်လည်းဖြစ်သည်။ ထန့်ရွှယ်သည် ဆယ်စုနှစ်ကြာအောင် ရန်သူများဖြစ်ခြကြပြီး သူတို့၏အပြန်အလှနန် နားကျည်းမုန်းတီးမှုမှာလည်း နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီပင်။ ဘဝအသက်နှင့်သွေးကြွေးမှလွဲ၍ သူတို့တိုင်းပြည်နှစ်ခုကြားတွင် အပြန်အလှန် ဘာကိုများပေးနိုင်သလဲိဆုတာ ထန့်ယွင် အမှန်ပင်မသိတော့ချေ။


အိမ်ရှေ့စံကမူ ထန့်ယွင်တွန့်ဆုတ်နေသည်ကို မသိပါချေ။ သူက ဧကရီနှင့် နီးကပ်စွာနေရန် ဆုံးဖြတ်ထားခဲ့သည်။ သူကအမြဲလိုလို ဧကရီမှသူ့အား စစ်ပရိယာယ်နှင့် သီအိုရီနှစ်ခုခုလုံးကို သင်ပေးစေလိုခဲ့သည်။


ဤအချင်းအရာက ထန့်ယွင်အား အတိတ်မှအရာများစွာကို သတိရစေသည်။ သူအလွန်တရာမှ ငယ်ရွယ်စဥ်က သူ၏အစ်ကိုတော်များသည် စစ်ပရိယာယ်တို့ကို အတူတကွ သင်ယူလေ့ကျင့်လို့ ပြီးစီးနေပြီဖြစ်သည်။ နောက်ပိုင်း သူတို့အရွယ်ရောက်လာသည့်အခါ ကိုယ်ပိုင်အဖွဲ့များ ဖွဲ့လာကြ၏။


ဖြစ်နိုင်တာက ရွှယ်ကျွင်းလျန်၏များစွာသော မောင်းမဆောင်ကြီးတွင် သားတော်တစ်ဦးတည်းရှိနေသည်က ကောင်းသောအရာဖြစ်နိုင်ပေသည်။


တာ့ဖေး လေ့ကျင့်ရေးနေရာသို့ရောက်သည့်အခါ အိမ်ရှေ့စံက မြင်းစီးရင်းလေးပစ်သည့်အတတ်ကို ပြရန် ဧကရီအား ပူဆာနေသည်ကို တွေ့လိုက်ရသည်။


ထန့်ယွင်က လက်ထဲတွင် ပေါ့ပါးသည့်လေးကို ကိုင်ထားပြီး မြင်းတစ်ကောင်၏ကျောထက်တွင် ထိုက်နေသည်။ ရေတစ်ပွက်စာမျှအချိန်တွင် ထန့်ယွင်က သူ့နောက်ကျောရှိ ဝါ်တေားကျည်တောက်ထဲမှ မြှားတစ်ချောင်းကိုယူကာ ချိန်ရွယ်ပြီး ပစ်လိုက်သည်။ မြှားက နွားသိုးမျက်လုံးတည့်တည့်ကို သွားစိုက်လေသည်။


(ရေနွေးဆူတာကိုဆိုလိုတာမဟုတ်ပါဘူး၊ ငါးပွက်သလိုမျိုးပါ)


တာ့ဖေးက လက်ခုပ်တီးကာ ရယ်မောလိုက်သည်။


"ဧကရီက တကယ်ကို စစ်မက်အနုပညာကို ကျွမ်းကျင်တာပဲ၊ လူတိုင်းက ဖုန့်ပြည်ကလူတွေက မြင်းစီးကျွမ်းတယ်လို့ပြောကြတယ်၊ အခုတော့ ကျွန်မမျက်လုံးနဲ့ မြင်ခွင့်ရလိုက်ပါပြီ"


xxxxxx