အပိုင်း ၁၄
Viewers 17k

Chapter 14

 ကြင်ယာတော်အသစ် နန်းတွင်းဝင်ပြီ

-


ရွှယ်ဟုန်ယန်က ထန့်ရှန်ကို အတူသောက်ရန် ဖိတ်ခေါ်ခဲ့သော်လည်း စားသောက်ပွဲအား တဲတစ်လုံးအတွင်း၌ ကျင်းပခြင်းမဟုတ်ပေ။ ထိုအစား ထင်သာမြင်သာရှိသော ကွင်းပြင်ကြီးထဲတွင် မီးပုံတစ်ခုပြုလုပ်ကာ စားပွဲငယ်တစ်လုံးပေါ်တွင် ရိုးရှင်းသော ဟင်းပွဲအနည်းငယ်နှင့် ဝိုင်ကရားကြီးများကိုတင်ထားသည်။


စားပွဲက အလွန်နိမ့်သည်။ သို့သော် ရွှယ်ဟုန်ယန်က သူ့ဆီကို ကုလားထိုင်မယူလာစေပဲ စားပွဲဘေးက မြေပြင်တွင် ထိုင်နေခဲ့သည်။ ထန့်ရှောင်က စာပေပညာရှင်တစ်ယောက်၏ပုံစံပေါက်နေသော်လည်း သူသည် ယုတ္တိမတန်သူတော့ မဟုတ်ပေ။ သူက စစ်မြေပြင်တွင် ကြီးပြင်းလာသူဖြစ်ပြီး ရန်သူများ၏ သွေးများစွာကို ဖြာကျစေခဲ့သည်။ ထန့်ရှောင်သည်လည်း ရွှယ်ဟုန်ယန်ကဲ့သို့ပင် မြေပြင်ပေါ်တွင် ထိုင်နေခဲ့သည်။


ရွှယ်ဟုန်ယန်က ဝိုင်ကရားမှ အပိတ်ကို ဆွဲထုတ်ပြီး ဝိုင်ခွက်နှစ်ခွက်ကို အပြည့်ဖြည့်လိုက်ကာ


"မနက်ဖြန်ဆို ကျုပ်တို့ မြို့တော်ထဲကို ဝင်ရတော့မယ်၊ ပိုပြီး ပြည့်ပြည့်စုံစုံနဲ့ ဧည့်ခံနိုင်ဖို့ မစီစဉ်လိုက်ရဘူး၊ ဝန်မင်းရှန် ကျုပ်ကို အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်"


"မင်းကို ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ" 


ထန့်ရှန်က ခွက်တစ်ခွက်ကို ယူလိုက်ပြီး ဝိုင်ကို တစ်ကျိုက်တည်း သောက်ရင်း ပြုံးကာ


"ကျုပ်ကို မသတ်ခင် နှုတ်ဆက်အရက်သောက်ဖို့ ကမ်းလှမ်းတဲ့သူကို အထူးသူငယ်ချင်းလို့ သတ်မှတ်လို့ ရတယ်မလား''


ရွှယ်ဟုန်ယန် ခဏတာငြိမ်သက်သွားပြီးမှ ထန့်ရှန်၏ခွက်ကို ထပ်ဖြည့်ပေးရင်း ပြောလိုက်သည်။ 


"ဒီဝိုင်က ဘာအတွက်လဲဆိုတာ ခင်များသိထားပြီးသားလို့ ထင်တယ်" 


"ကျုပ်က အမြဲတမ်း ကိုယ့်ကိုယ်ကိုသိတဲ့သူတစ်ယောက်ပါ၊ အမတ်မင်းဝမ်နျန်ကိုယ်တိုင်ကနှုတ်ဆက်ပွဲလုပ်ပေးတာဆိုတော့ အခု ကျုပ်ဘဝတစ်ခုလုံး တန်ဖိုးရှိသွားပါပြီ" 


ထန့်ရှန်က အေးဆေးတည်ငြိမ်စွာပင် ပြောသည်။


ဆောင်းရာသီအလယ်ပိုင်း၊ ၈ လပိုင်း ၁၅ ရက်နေ့ မရောက်မှီ ရက်အနည်းငယ်အလိုမှာဖြစ်သောကြောင့် ရာသီဥတုက ပိုအေးနေခဲ့သည်။ မြို့တော်၏ အစွန်အဖျားသည် သစ်ပင်များမရှိသော နေရာတစ်ခုဖြစ်သည်နှင့်အညီ လေပြင်းများက ထူထပ်သော ဖုန်မှုန့်များကိုသယ်ဆောင်လာပြီး မီးပုံမှ မီးတောက်များကလည်း ကသုတ်ကယက်နှင့်ကခုန်နေသည်။ ယင်းကား ညအချိန်တွင် မြင်ရသည့် အထီးကျန်ဆန်သည့် မြင်ကွင်းတစ်ခုလိုပင်။


ထန့်ရှန်ကမူ ထိုသို့သေးငယ်သော အဆင်မပြေမှုများအတွက် စိတ်ရှုပ်နေမည့်သူတစ်ဦးမဟုတ်ပေ။ သူ့အဝတ်အစားတွင် တွယ်ကပ်နေသော ဖုန်မှုန့်များကို သူကစိတ်မ၀င်စားပါချေ။


ရွှယ်ဟုန်ယန်က တစ်ဖက်လူကို အကြာကြီးကြည့်နေခဲ့သည်။ ထန့်ရှန်က ၄င်းကိုသတိထားမိသွားပြီး သူ့အဝတ်အစားကိုပြန်ငုံ့ကြည့်လိုက်သည်အထိထိ ဖြစ်သည်။ ထန့်ရှောင် ပြောလိုက်သည်။ 


''ကျုပ်မှာ တစ်ခုခုမှားနေလို့လား''


''မဟုတ်ဘူး၊ အဲလိုမဟုတ်ပါဘူး" 


ရွှယ်ဟုန်ယန် သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။


အမျိုးသားနှစ်ဦးသည် ဝိုင်သုံးခွက်ခန့်သောက်ပြီးနောက် အနည်းငယ်မူးလာကြသည်။ ဝိုင်က သူတို့ကို နွေးထွေးစေကာ အေးနေသည့်ရာသီဥတုကို အံတုစေနိုင်သည်။


ရုတ်တရက်ပင် ရွှယ်ဟုန်ယန်က ဆိုလာသည်။ 


"ဝန်မင်းရှန် ၊ ခင်များမှတ်မိလား ၊ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ထန့်ဝမ်ရဲ့ အမဲလိုက်ပွဲမှာ မင်းက ကလေးတစ်ယောက်ကို လူသတ်သမားအဖြစ် စွပ်စွဲခံရတာကနေ လွတ်မြောက်အောင် ကယ်တင်ခဲ့တယ်လေ"


ထန့်ရှန်က ချက်ချင်းပြန်မဖြေခဲ့ပေ။ သူတကယ်ကို မမှတ်မိသည်မှာ ထင်ရှားသည်။ သို့သော် အချိန်အကြာကြီးစဥ်းစားပြီးနောက် ထိုမတော်တဆမှုနှင့်ပက်သက်၍ သူ့အပေါ် ထင်မြင်ချက်တစ်ချို့ ရှိလောက်သည်ဟု တွေးလိုက်မိသည်။ သူကပြုံးကာ ပြောလိုက်သည်။


''အမတ်မင်းက ဒါကိုဘယ်လိုသိတာလဲ၊ မင်းမှာ မျက်လုံးတစ်ထောင်များ ရှိနေတာလား'' 


" အဲ့ဒါကကြာနေပါပြီ၊ အရင်ထန့်ဝမ် အသက်ရှိစဥ်တည်းကလေ၊ သူက ကလေးလေးကို လူသတ်သမားလို့ မှားယွင်းစွပ်စွဲပြီး ကွပ်မျက်ဖို့လုပ်နေတာ၊ ဒါပေမယ့် ကျုပ်မှာလည်း နူးညံ့တဲ့နှလုံးသား ရှိနေတော့....''


"ခင်များမှာ ဒီလောက် နူးညံ့တဲ့ နှလုံးသား မရှိသင့်ဘူး"


ရွှယ်ဟုန်ယန်ထံမှ အေးစက်စက်အသံဖြင့် ပြောလိုက်သည်ကို ကြားပြီးနောက် ထန့်ရှန်က သူ အရက်သောက်တာ များသွားလို့များလားဟု သံသယဝင်လာသည်။ သူ့ခေါင်းက သွေးများဆောင့်တိုးနေပြီး သူ့စိတ်များက လေးလံနေကာ မေးလိုက်သည်။ 


"ဘာလို့ ဒီလိုပြောတာလဲ"


ရွှယ်ဟုန်ယန်က တစ်ဖက်လူကို စိုက်ကြည့်နေရင်း တုန့်ဆိုင်းသွားသည်။ နောက်ဆုံးတွင် သူထုတ်ပြောလိုက်သည်။ 


"ခင်များရဲ့ ကြင်နာမှုက ခင်များရဲ့ စစ်သည်တွေ အများကြီးကို သေစေခဲ့ပြီ၊ ခင်များအဲဒါအတွက် နောင်တရနေမှာကို ကျုပ်ကြောက်တယ်"


ထန့်ရှန် ဝိုင်ကြောင့် အမြင်အာရုံ မှုန်ဝါးလာသည်။သူက အမတ်မင်းဝမ်နျန်ကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် သူ့စိတ်ထဲတွင် အဖြေတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး မသက်မသာ ခံစားချက်တစ်ခုက သူ့နှလုံးသားတစ်ခွင်သို့ ပျံ့နှံ့သွားကာ ပြောလိုက်သည် ။


''ဘာလို့လဲ''


"ဘာလို့လဲဆိုတော့ ခင်များကယ်ခဲ့တဲ့ ကလေးက ကျုပ်ပဲ"


ထန့်ရှန်၏ နှလုံးသားသည် လေးလံသော ကျောက်တုံးကြီးအောက်တွင် ကြေမွသွားသကဲ့သို့ ခံစားလိုက်ရပြီး စကားတစ်ခွန်းပင်မပြောနိုင်သည်အထိ နာကျင်သွားရသည်။ 

အချိန်အတော်ကြာပြီးနောက် သူ လည်ချောင်းကို နှစ်ကြိမ်ခန့်ရှင်း၍ ပြုံးလိုက်ကာ 


"တကယ်ပဲ....တကယ်ကိုပဲ နောင်တရတယ်

14.2


ရွှယ်ဟုန်ယန်က သိသားပဲဆိုသည့် ခံစားချက်မျိုး ဖြင့် ကြည့်နေသည်။ သူက ထရပ်လိုက်ပြီး ထန့်ရှန်ကို ပြန်လှည့်ကြည့်ကာ 


"ဝန်မင်းက ဒီကိစ္စကို ကြားဖူးလား မသိဘူး၊ တစ်ခါက ရှေ့ဖြစ်ဟောဆရာတစ်ယောက်က ကျုပ်ရဲ့ စရိုက်က ရက်စက်တယ်လို့ ပြောဖူးတယ်၊ တစ်နေ့ကျရင် ဘေးဆိုးကြီး ကြုံရလိမ့်မယ်တဲ့၊ အဲဒီအချိန်က ကျုပ်က အရမ်းငယ်သေးပြီး မရင့်ကျက်သေးဘူး၊ ဒေါသကြောင့် ထွက်ပြေးလာခဲ့ပေမယ့် မင်းနဲ့တွေ့ဖို့တော့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး''


ထန့်ရှန်က နာကျင်စွာရယ်လိုက်သည်။ သူလည်းပဲ သူကယ်တင်ခဲ့တဲ့ကလေးက ကြီးပြင်းလာပြီး ရန်သူအဖြစ်နဲ့ ပြန်ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


ထန့်ရှန်မှာ ဘာဆက်ပြောရမှန်း မသိတော့ပေ။


ရွှယ်ဟုန်ယန်က ကိုယ်ကိုလှည့်ကာ သူ့ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ခါတည်း မော့ချလိုက်သည်။ ထို့နောက် ခွက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက် ပြီး ရယ်မောကာ 


"ခင်များထွက်ပြေးသွားမှာစိုးရိမ်လို့ ဝိုင်တိုက်ဖို့ ဒီကို ဆွဲခေါ်လာမှန်း ကျုပ်ကိုယ်ကျုပ်သိပါတယ်၊ ဒါပေမယ့် ဆန့်ကျင်ဘက်အနေနဲ့ ခင်များကို လွှတ်ပေးချင်လာတယ်... ၊ ခင်များသွားလို့ရပြီ''


ထန့်ရှန်ကလည်း မတ်တပ်ထရပ်လိုက်သည်း ဝိုင်များက သူ့ဦးခေါင်းထဲကို ဖြတ်ကာစီးသွားသကဲ့သို့ ဖြစ်သွားပြီး သူ၏ခြေလက်များ ပျော့ခွေကာ လဲကျလုနီးပါးဖြစ်နေသည်။ 

သူက ရယ်လိုက်ရင်းဆိုသည်။


"သွားလို့ရပြီဟုတ်လား၊ ကျုပ်က ဘယ်ကိုသွားရမှာလဲ ၊ အမတ်မင်းက ကျုပ်ကို လွှတ်ပေးချင်ပေမယ့် ကျုပ်မှာသွားစရာ မရှိဘူး...၊ ကျုပ်ကိုသွားခွင့် ပြုလိုက်လို့ မင်းကို ကျေးဇူးတင်နေမယ်လို့ မင်းထင်ကောင်းထင်နိုင်ပေမယ့် တွေးကြည့်လိုက်ရင် မင်းအသက်ကို ကယ်တင်ခဲ့တဲ့အတွက် ပြန်ပေးဆပ်နေတာပဲ၊ ကောင်းပြီ အခု ကျုပ်မင်းကိုဘက်ပြောင်းပြီး မင်းရဲ့စစ်တပ်ကို ဦးဆောင်ပြီး ရွှယ်ကျွင်းလျန်ကို သတ်ပစ်စေချင်တယ်၊ မင်းသဘောတူနိုင်ရဲ့လား"


ထန့်ရှန်က မူးကောင်းမူးနေနိုင်သော်လည်း သူ့အသံက မတိုးပေ။ သူတို့ရပ်နေသည့် လယ်ကွင်းဘေးတွင် ညဘက်ကင်းလှည့်နေသော စစ်သားတချို့ ရှိနေသည်။ ထန့်ရှန်၏ စကားကြောင့် စစ်သည်များက လမ်းလျှောက်တာကို ရပ်လိုက်ကာ သူတို့၏ ချွန်ထက်သော လှံများကို မီးပုံကြီးဆီသို့ ဦးတည်လိုက်သည်။


ထန့်ရှန်က အပြုံးဖျော့ဖျော့လေးနှင့် ပြောလိုက်သည်။ 


'' မင်းလုံးဝငြင်းမှာပါ၊ ကျုပ်ဘယ်လိုလုပ် သွားရဲမှာလဲ၊ ဒါပေမယ့် အမတ်မင်းဝမ်နျန်ရဲ့ဖိတ်ခေါ်မှုအတွက် ကျုပ်ကျေးဇူးတင်ပါတယ်"


ရွှယ်ဟုန်ယန်က ထန့်ရှန်ကို စူးစူးစိုက်စိုက်ကြည့်ကာ ဘာမှပြန်မပြောခဲ့ပေ။ လူနှစ်ယောက်လုံးက သူတို့ဘေးမှ ဝိုင်ပုလင်းအလွတ်များကို လဲလှယ်ကာ ဝိုင်ခွက်ကို မြှောက်၍ ဆက်သောက်လိုက်ကြသည်။


-


ထန့်ယွင်က တစ်ညလုံး မျက်လုံးမမှိတ်နိုင်သော်လည်း ရွှယ်ကျွင်းလျန်ကတော့ လျင်မြန်စွာ အိပ်ပျော်သွားပုံရသည်။ ထန့်ယွင်က သူ့နံဘေးတွင် အိပ်နေရင်း နံရံကို စိုက်ကြည့်ကာ မလှုပ်ရှားရဲဘဲ သူ့နောက်ကျော တဖြည်းဖြည်း ထုံကျင်လာသည်ကိုပင် ခံစားရသည်။


ထိုသို့ အနေအထားဖြင့် အချိန်မည်မျှကြာသွားမှန်းမသိသည့် အချိန်တွင် ရုတ်တရက် လက်တစ်ဖက်က သူ့ခါးပေါ်သို့ရောက်လာခဲ့သည်။ ရွှယ်ကျွင်းလျန်က ထန့်ယွင်၏ ခါးပေါ်သို့ လက်တစ်ဖက်ကို တင်လိုက်ပြီး သူ့တစ်ကိုယ်လုံးကို ထန့်ယွင်၏ နောက်ကျော၌ မှီလိုက်သည်။


ထန့်ယွင် တောင့်တင်းသွားပြီး တစ်ဖက်ကို အနည်းငယ် ရွေ့လိုက်သော်လည်း တစ်ဖက်လူက အမှန်တကယ်နောက်မှ လိုက်တိုးရွှေ့လာခဲ့သည်။ 

ရွှယ်ကျွင်းလျန်သာ အသက်ပုံမှန် မရှူနေလျှင် သူ့နောက်သို့ တမင်တကာ လိုက်တိုးနေသည်ဟု သူထင်မိမည် ဖြစ်သည်။


ထန့်ယွင်က တစ်ဖက်လူ မလှုပ်ရှားပဲ ရပ်တန့်သွားသည်အထိ အချိန်အတော်ကြာအောင် ငြိမ်နေပြီးနောက်မှ ပြန်လှုပ်ရှားခဲ့သည်။ သူ့နောက်မှ လူကလည်း တဖန်သူ့နောက် လိုက်လှုပ်ပြန်သည်။


ရုတ်တရက် ရွှယ်ကျွင်းလျန်က သဘောတကျ ရယ်မောလိုက်သည်။ သူအိပ်မပျော်သေးပေ။ သူ၏ လက်မောင်းများနှင့် ထန့်ယွင်၏ခါးကို ပိုနီးကပ်သွားအောင် သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာတင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူက ရယ်မောလိုက်ပြီး ထန့်ယွင်၏နားထဲသို့ နွေးထွေးသည့်လေများ ဝင်ရောက်လာ၏။ 


"အိုက်ဖေး ကိုယ့်ကိုရှောင်နေတာ တစ်ခုခုမှားနေလို့လား"


ဤတိတ်ဆိတ်ငြိမ်သက်လွန်းလှသော နန်းတော်အတွင်း၌ သူ၏ တိုးညင်းသော မေးသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သိူ့သော်ငြား ထန့်ယွင်က မဖြေဘဲ ရွှယ်ကျွင်းလျန်၏ အမေးကို မကြားချင်ယောင်ဆောင်ကာ မျက်လုံးများကိုမှိတ်ထားလိုက်သည်။ 


ရွှယ်ကျွင်းလျန်က စိတ်အနှောင့်အယှက်မဖြစ်သွားဘဲ၊ ထန့်ယွင်ကို စောင်အောက်မှ လက်တစ်ဖက်ဖြင့် ဖွဖွပုတ်ကာ ကလေးကို အိပ်ရန် နှိုးဆော်သကဲ့သို့ ငြင်သာစွာပြောလိုက်သည်။


"အိပ်တော့''


-


နောက်နေ့မနက်စောစောတွင် ကျန်းယွီက ရွှယ်ကျွင်းလျန်ကို အပြင်မှနေ၍ ခေါ်လိုက်သည်။ ရွှယ်ကျွင်းလျန်ထံမှ မည်သည့်တုန့်ပြန်သံမှ မကြားရပေ။ ခဏကြာသောအခါ ထပ်မံ၍ကျယ်လောင်စွာ အော်ခေါ်လိုက်သော်လည်း မည်သူကမှ တုံ့ပြန်မှု မရှိသေးပေ။


တာ့ဝမ် သူ့ဇနီး၏အခန်းထဲမှာရှိနေသောအချိန်တွင် မည်သူကမှ အထဲကိုမဝင်သွားရဲကြပါ။သို့ပေသိ အပြင်မှလူများက စိုးရိမ်စပြုလာကြသည်။ ယနေ့မှာ ထန့်ပြည်၏ အကြီးဆုံးမင်းသမီး နန်းတော်ထဲသို့ ဝင်ရောက်မည့်နေ့ ဖြစ်သည်။ 

ယနေ့မနက်စောစောတွင် အမတ်မင်းဝမ်နျန်က ဦးဆောင်ပြီး သူ၏တပ်များနှင့်မြို့တော်ထဲသို့ ဝင်ရောက်လာပြီး ယခုအခါတွင် ရွှယ်ကျွင်းလျန် မနက်ခင်းညီလာခံသို့ ရောက်ရှိရန် စောင့်ဆိုင်းနေကြပြီဖြစ်သည်။


အမှန်တော့ ရွှယ်ကျွင်းလျန် နိုးနေတာ အတော်ကြာပြီ ဖြစ်သည် ။ သူက ချက်ချင်းမထသေးပဲ ထန့်ယွင်ကို သူ့ရင်ခွင်ထဲ၌ ဖက်ထားကာ ကမ္ဘာပေါ်ရှိ အချိန်တိုင်းကို သူပိုင်စိုးသလို ခံစားနေခဲ့သည်။


ထန့်ယွင်လည်းနိုးနေခဲ့ပြီး မနေ့ညက မျက်လုံးကမှိတ်လိုက်ဖွင့်လိုက်ဖြစ်နေကာ အိပ်မရခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ကျန်းယွီ၏အသံသည် ပိုကျယ်လောင်လာပြီး စိုးရိမ်ပူပန်နေကြောင်း ဖော်ပြနေသည်။ သို့တိုင် သူ့နောက်မှလူက မလှုပ်မယှက်ဖြစ်နေဆဲပင်။


ထန့်ယွင်က တစ်ဖက်လူ မည်သည်အား ကြံစည်နေသည်ကို သိနေသော်ငြား ဘာမှမပြောပေ။


ရွှယ်ကျွင်းလျန်၏ ရည်ရွယ်ချက်မှာ ထန့်ပြည်မှ သံတမန်များကို စောင့်ဆိုင်းခိုင်းထားပြီး ယမန်နေ့က ဧကရီ၏အဆောင်၌ ဘုရင်မင်းမြတ်သည် တာဝန်များကို မေ့သွားသည်အထိ ကျေနပ်စွာ အိပ်ရာဝင်ခဲ့ကြောင်း၊ အရေးမပါသော ထန့်ပြည်မှ မင်းသမီးငယ်လေးသည် အရေးမကြီးကြောင်း၊ သူမသည် ဘာမှမဟုတ်ကြောင်း သူတို့အား သိသွားစေချင်တာ ဖြစ်သည်။


အချိန်အတော်ကြာသောအခါ အပြင်မှ ဗုံသံများ ကျယ်လောင်စွာကြားလိုက်ရသည်။ ထို့နောက် ရွှယ်ကျွင်းလျန်က ဖြည်းညှင်းစွာထလိုက်ပြီး ကျန်းယွီကို အထဲဝင်ခိုင်းလိုက်သည်။


ကျန်းယွီက အထဲသို့ အလျင်စလို ပြေးဝင်သွားခဲ့သည်။ ဗုံတီးသံက အသေးအဖွဲကိစ္စမဟုတ်ကြောင်း သူသိသည်။ ရွှယ်ပြည်၏နန်းတော်တွင် အလွန်ကြီးမားသော ဗုံတစ်လုံးရှိသည်။ ယင်း၏အသံကို နန်းတော်၏အဝေးဆုံးထောင့်မှပင် ရှင်းရှင်းလင်းလင်းကြားနေရသည်။


ဗုံအား ဘုရင်မင်းမြတ်၏ တာဝန်များကို သတိရစေရန်အတွက် အသုံးပြုခဲ့သည်။ တစ်ကြိမ်ပြီးသည်နှင့် တာ့ဝမ်က နံနက်ခင်းညီလာခံတွင် ပေါ်မလာခဲ့ပါက သူ၏ အမှုထမ်းများက ဗုံကို စတင်တီးခတ်ကြမည်ဖြစ်သည်။ ထိုသို့တစ်ခါဖြစ်တိုင်းတွင် ဗုံတစ်ခါတီးကြမည်ဖြစ်သည်။ ဗုံကို သုံးကြိမ်တီးပြီးလျှင် တာ့ဝမ်ကို နန်းချကာ ဘုရင်အသစ်ဖြင့် အစားထိုးကြမည် ဖြစ်သည်။


သို့ပေသိ ရွှယ်ကျွင်းလျန်က အမြန်လည်းမလှုပ်ရှားသလို နှေးကွေးစွာလည်းမလှုပ်ရှားပဲ ကျန်းယွီကို ခက်ခဲသောအချိန်တစ်ခုပေးလိုက်လေသည်။ သူက မျက်နှာနှင့် ပါးစပ်ကို ဆေးကြောကာ အဝတ်အစားများ လဲလှယ်၍ အစေခံများကို အိမ်ရှေ့တံခါးဆီသို့ ပို့ဆောင်ခိုင်းစေခဲ့သည်။


သူမထွက်ခွာမှီတွင် ရွှယ်ကျွင်းလျန်က ရှို့ယောင်အား ဧကရီကို ကောင်းကောင်း ဂရုစိုက်ဖို့ သတိပေးခဲ့သည်၊၊ ဆေးကို အချိန်မှန် တိုက်ပြီး နာကျင်မှုသက်သာစေသော လိမ်းဆေးကို ပုံမှန်လိမ်းပေးရမည်ဟူ၍။


ဆေးက အရမ်းခါးလျှင် စားဖိုဆောင်၌ ချိုမြိန် သောဟင်းလျာများအား ချက်ပြုတ်ပေးလိုက်'ပါ' ဟုပင် မှာကြားခဲ့သည်။


-

xxxxxxx