Chapter 15
- အနမ်း
ရှို့ယောင်က ပါးစပ်ကနားရွက်တက်ချိတ်မတတ်အထိအောင် ပြုံးကာ ထန့်ယွင်ကိုကြည့်လိုက် ပြုံးလိုက် ဖြစ်နေလေသည်။ သူမက အရယ်တစ်ဝက် စပ်စုခြင်းတစ်ဝက်ဖြင့်ပြောသည်။
"ဧကရီ... သင့်ရဲ့ ခန္ဓာကိုယ်... အမ်၊ သင် အဆင်ပြေရဲ့လား၊ အဆင်မပြေတဲ့နေရာရောရှိပါလား၊ ကျွန်တော်မျိုးမကတော့ အရှင်မ နည်းနည်း ဖြူဖပ်ဖြူရော်ဖြစ်နေတယ်လို့ထင်တယ်၊ ပင်ပန်းနေလားဟင်၊ ကျွန်မ အရှင်မအတွက် ရေချိုးကူမယ်လေ"
ထန့်ယွင်က ရှို့ယောင်၏ စကားများက ထူးဆန်းနေသည်ကို သိလိုက်သည်၊၊ သူမ၏ မရေရာသော အပြုံးက သူမ၏ စကားလုံးများကို ပို၍ ထူးဆန်းသွားစေသည်။ ရွှယ်ကျွင်းလျန်က ရှို့ယောင်ကို ရှုပ်ထွေးအောင်ပြောပြီး သူမနားလည်မှုလွဲအောင် ပြုခဲ့ခြင်းဖြစ်ပေလိမ့်မည်။
"ရေချိုးစရာမလိုပါဘူး၊ မျက်နှာနဲ့ပါးစပ်ကိုပဲ ရိုးရိုးရှင်းရှင်းပဲ ဆေးကြောလိုက်လို့ရတယ်"
သူက မနေ့ညကပင် ရေချိုးခဲ့သည်။ ထန့်ယွင်၏ ခန္ဓာကိုယ်သည် ယခုအခါ အမျိုးသမီးတစ်ဦးဖြစ်သော်လည်း မကြာခဏ ရေချိုးရန် မလိုအပ်ဟုထင်မိသည်။ ယင်းက အသားအရည်ကို ပျက်စီးစေနိုင်သည်။
ရှို့ယောင်က အံ့အားသင့်သွားပြီး
"ရေချိုးစရာ မလိုဘူးလား?၊ အရှင်မ ... အဲဒါကလေ ... ရေမချိုးဘူးဆိုရင်...၊ အရှင်မအနေနဲ့ သေသေချာချာ သန့်ရှင်းရေးလုပ်ရမယ်လေ... "
ထန့်ယွင်မှာ ခေါင်းကိုက်နေပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း ယင်းက တစ်ညလုံး တောင့်တင်းနေခဲ့သဖြင့် သူ အိပ်မပျော်နိုင်ခြင်းကြောင့်သာဖြစ်သည်။ ရွှယ်ကျွင်းလျန်က သူ့ဘေးမှာ အိပ်နေမှတော့ သူ ဘယ်လိုလုပ် အနားယူနိုင်မယ်တဲ့လဲ။
-
နောက်ဆုံးတွင် ရွှယ်ကျွင်းလျန်က မနက်ခင်းညီလာခံကို တက်ခဲ့သည်။သူက ထန့်ပြည်၏သံတမန် ထန့်ရှန်ကို လက်ခံကြိုဆိုခဲ့ပြီး ထန့်ပြည်မင်းသမီးအတွက် အသစ်တည်ဆောက်ထားသောနန်းဆောင်တစ်ခုကို စီစဉ်ပေးသည်။ နန်းဆောင်ကို တည်ဆောက်ထားသည်မှာ အချိန်ကြာမြင့်နေသလိုဖြစ်နေပြီဖြစ်သော်လည်း တစ်ကြိမ်မှအသုံးမပြုရသေးသဖြင့် မိဖုရားအသစ်အတွက် အဆောင်ပြုလုပ်လိုက်သည်။
နေရာသစ်က ဧကရီ၏ယွင်ဖုန့်နန်းဆောင်နဲ့ သိပ်မဝေးပေ။
ထန့်ယွင်မှာ အကြီးဆုံးမင်းသမီးနှင့်မရင်းနှီးသော်ငြား သူတို့ကသွေးသားအရ တော်စပ်ပေသည်။ သူကထန့်ချမ်ယီကို တွေ့မယ့်အကြောင်းစဥ်းစားမိသော်လည်း မတွေ့ရဲပါချေ။ သူ၏သွေးချင်းနှင့်ဆုံသည့်အခါ မည်သည့်ကိုယ်ရေးအချက်အလက်ကို သုံးသင့်သလဲ သူမသိပေ။
လက်ထပ်ပွဲက ဆောင်းရာသီအလယ်ပွဲတော်ပြီး နှစ်ရက်အတွင်းမှာဖြစ်သည်။
ထိုလွန်ခဲ့သည့်နှစ်ရက်အတွင်း ရွှယ်ကျွင်းလျန်က ကြင်ယာအသစ်အတွက်ကောင်းမွန်သည့် ယွင်ဖုန့်အဆောင်မှာ မကြာခဏနေလေ့ရှိသည်။ သူမသာ အချက်အလက်တွေသိချင်လျှင် အလွန်အဆင်ပြေလေသည်။
ထန့်ယွင်၏တည်ရှိမှုက ရွှယ်ကျွင်းလျန်၏ချီအပိုင်းအစများထဲမှ တစ်ခုဖြစ်လာသည်။ သူက ရွှယ်နှင့်ဖုန့်ပြည်ကြားမှ ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးနေရပြီး ထန့်ပြည်ကိုလည်း စစ်ဆေးနေရသေးသည်။
ရွှယ်ကျွင်းလျန်က သူ၏ကိုယ်ကျင့်တရားနှင့် စိတ်ဝိဥာဥ်ကို ကောင်းစွာမပျိုးထောင်နိုင်ပေ။ သို့သော်လည်း ချီကစားရာတွင်တော့ အလွန်တော်၏။ သူကပြိုင်ဖက်ကိုအနိုင်ယူရန်အတွက် ပြုလုပ်ရာမှာ သူ့လှုပ်ရှားမှုတွေက စနစ်ကျပြီး ဂရုတစိုက်ရှိလှသည်။
—
ကြင်ယာတော်အသစ်မှာ ကပ်ရက်အဆောင်တွင် နေသည့်တိုင် တရားဝင်လက်မဆက်ရသေးသဖြင့် သွားချင်သလိုလျှောက်သွားခွင့်မရှိပေ။ ထို့ကြောင့် ဧကရီအား ဂါဝရပြုရန် သူမ၏အစေခံအားစေလွှတ်ခဲ့သည်။
ထန့်ယွင် ထန့်ပြည်တွင် နေထိုင်ခဲ့စဉ်အချိန်ကပင် ထိုအစေခံမိန်းကလေးအား သတိပြုမိခဲ့၏။ သူမ၏ လိမ္မာပါးနပ်မှုကြောင့် သူမအား ပို၍နှစ်သက်ခြင်း ခံခဲ့သည်။ သူမက ထန့်ချမ်ယီ သဘောအကျဆုံးအစေခံဖြစ်ရုံမျှမက ထန့်ဝမ်ကပင် သူမအား အမှန်ပင်ထက်မြက်သည်ဟုဆိုကာ ချီးကျူးခဲ့သည်။ ထန့်ချမ်ယီအတွက်သာ မဟုတ်လျှင် သူစိမ်းတစ်ယောက်၏အစေခံအား သူသဘောကျလိမ့်မည်မဟုတ်ပေ။ ထန့်ယွင်က ထိုအစေခံမိန်းကလေးသည် သူမ၏အကိုင်းအခက်ကိုစွန့်ခွာကာ ဇာမဏီတစ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု တွက်ချက်မိသည်။
သူမအား ဤသို့သောနေရာမျိုး၊ အချိန်မျိုးတွင် တွေ့ရသောအခါ မည်သို့တွေးရမည်ကိုပင် မသိတော့ပေ။
...
၈လပိုင်း ၁၅ရက်နေ့ တွင် ရွှယ်ကျွင်းလျန်သည် ဆောင်းလယ်ပွဲတော်ကျင်းပရန် အလွန်အလုပ်များနေခဲ့သည်။ သူက ထန့်မင်းသမီးကို ကြိုဆိုရန်အတွက်လည်း အလုပ်များနေသည်။ ထို့ကြောင့်ထန့်ယွင်သည် မည်သူ၏ အနှောင့်အယှက်မှမရှိဘဲ အားလပ်ရက်ကို ပိုင်ဆိုင်နေရသလို ခံစားနေရသည်။
ထို့အစား အိမ်ရှေ့စံရောက်လာလိမ့်မည်ဟူ၍တော့ သူမမျှော်လင့်ခဲ့ပေ။
ရွှယ်ဖေက ယွင်ဖုန့်နန်းဆောင်ကိုလာပြီး ထန့်ယွင် စာရေးနေသည်ကို ပြီးအောင်စောင့်ဆိုင်းကာ စစ်ရေးနည်းဗျူဟာနှင့်ပတ်သက်သည့် မေးခွန်းများကို ဗုံးကြဲသလို အဆက်မပြတ် မေးမြန်းလေသည်။
ထန့်ယွင်က အိမ်ရှေ့မင်းသား၏ အမျှော်အမြင်ရှိပြီး ဉာဏ်ကောင်းမှုကို အမှန်တကယ် သဘောကျသော်လည်း အိမ်ရှေ့စံမှာ ရွှယ်ကျွင်းလျန်၏ သားတော်ဖြစ်သည်။ ထို့ကြောင့် ထန့်ယွင်က သူ့အား အလေးအမြတ်မထားချေ။
သူက အိမ်ရှေ့စံအား သင်ပေးရာတွင် စိတ်ပါဝင်စားမှုလည်းမရှိချေ။ အကြောင်းမှာ အိမ်ရှေ့စံသင်ယူသမျှဗျူဟာများသည် ထန့်ယွင်၏တိုင်းပြည်အား တိုက်ခိုက်ရန် ဖြစ်နေခြင်းကြောင့်ဖြစ်သည်။
အိမ်ရှေ့စံငယ်လေးက ထန့်ယွင်စိတ်ထဲရှိ အတွေးများကို မသိပေ။ မည်မျှပင် ဉာဏ်ကောင်းနေပါစေ ရွှယ်ဖေက ရှစ်နှစ်မျှသာရှိသေးပြီး အရွယ်မရောက်သေးသူဖြစ်၏။
ရွှယ်ဖေက တစ်ဖက်လူ စာသင်ချိန်အတွင်း စိတ်အားထက်သန်မှုမရှိတာကို မြင်လိုက်ရပြီး ပြောလိုက်သည်။
"ဒီနေ့ မြင်းစီးရင်းမြှားပစ်တာကိုလေ့ကျင့်တော့ ဆရာက အရမ်းကောင်းတဲ့မြင်းတစ်ကောင် ယူလာတယ်၊ သူက ရှားပါးမျိုးစိတ်လို့ပြောတယ်၊ မယ်မယ် သူ့ကို ကြည့်ချင်လားဟင်"
ထန့်ယွင်က မြင်းတွေကို တကယ်သဘောကျသော်ငြား ယနေ့တွင် အားလပ်ရက်က တစ်ရက်သာကျန်တော့တာကြောင့် ယင်းအား သိပ်စိတ်မဝင်စားတော့ပေ။ ရွှယ်ဖေက ခဏမျှ စဉ်းစားကာ ထပ်မေးလိုက်သည်။
15.2
"မယ်မယ့်မျက်နှာက ဒဏ်ရာတွေ သိသိသာသာသက်သာလာတာပဲ၊ အဲ့ဒါက တော်ဝင်သမားတော် ပေးတဲ့ ဆေးကြောင့်လား "
ထန့်ယွင်က ကလေးမှာ သတိကြီးကြီးထားပြီးအကြောင်းအရာတစ်ခုမှ နောက်တစ်ခုအကြောင်းကာ စကားစနေသည်ကို တွေ့လိုက်ရသည်။ သူက အကူအညီမဲ့စွာ ပြုံးလိုက်ပြီး
"မင်းဘာအကြောင်းပြောဖို့ ကြိုးစားနေတာလဲ"
ဖော်ထုတ်ခံလိုက်ရသည့် ရွှယ်ဖေမှာ ရှက်ရွံ့သွားသော်လည်း သူကပြောလိုက်သည်။ "
"ဒီနေ့ ရှို့ယောင်က မယ်မယ်မပျော်မရွှင်ဖြစ်နေပုံရတယ်လို့ ပြောတယ်၊ တာ့ဝမ်အတွက် ကြင်ယာတော်အသစ်မြှောက်တယ်ဆိုတာက ထမင်းစားသလိုပါပဲ၊ ဒီသားတော်က မယ်မယ့်ကို မေးမိတဲ့ အတွက် စိတ်မဆိုးပါနဲ့"
ထန့်ယွင် တစ်စက္ကန့်မျှ ဗလာဖြစ်သွားပြီးနောက် ချက်ချင်းသဘောပေါက်သွားခဲ့သည်။အိမ်ရှေ့စံငယ်လေးက ရွှယ်ကျွင်းလျန်ရဲ့ကြင်ယာတော်အသစ်ကြောင့် ဧကရီမပျော်မရွှင်ဖြစ်နေသည်ဟု ထင်နေခြင်းသာ။ ရွှယ်ဖေ၏အတွေးရထားက အဓိပ္ပါယ်မရှိသည့်တိုင် ထန့်ယွင်က သူ့ကို အမှန်ပြင်မပေးနိုင်ပေ။
သူ့မယ်တော်ကို အားပေးမည်ဟူသော သူ၏ရည်ရွယ်ချက်ကို ပြီးမြောက်အောင် ထမ်းဆောင်ပြီးနောက် ရွှယ်ဖေသည် ဧကရီ၏နန်းဆောင်မှ စိတ်သက်သာရာရကာဖြင့် ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။
ရှို့ယောင်က အပြုံးလေးဖြင့်
"ကြည့်ရတာ အရှင်မနဲ့ အိမ်ရှေ့စံကြားမှာ အတော်လေးရင်းနှီးလာပုံပဲ"
-
ရွှယ်ကျွင်းလျန်နှင့်ထန့်ချမ်ယီသည် ခမ်းနားသည့်လက်ထပ်ပွဲကို ညနေခင်းအထိ ကျင်းပခဲ့ကြ၏။
ထန့်ယွင်ညစာစားနေရင်း အပြင်ဘက်မှ ဗျောက်အိုးသံကြားသည့်အချိန်တွင် မှောင်နေပြီဖြစ်၏။ သူက လက်ထပ်ပွဲက ပျော်ပွဲရွှင်ပွဲတစ်ခုဆိုတာသိသော်ငြား ထိုမျှမဆူညံသင့်ဟု တွေးမိသည်။
ရှို့ယောင်က တံခါးကိုဖွင့်ကာ အထဲကို လျင်မြန်စွာဝင်လာသည်။ သူမက ထိတ်လန့်နေသည့်အသံဖြင့် ပြောလာ၏။
"ဧကရီ၊ တာ့ဝမ်ဒီကိုလာနေပြီ"
"ဘာ"
ထန့်ယွင်ကဲ့သို့ ပုံမှန်ဦးနှောက်ပိုင်ဆိုင်သူပင်လျှင် အလွန်အံ့သြသွားရပြီး အတော်ကြာအောင် မတုန့်ပြန်နိုင်ခဲ့ချေ။ သူ့အံ့အားသင့်နေခြင်းက ဖြစ်သင့်သည်ပင်။ တာ့ဝမ်က သူ၏ကြင်ယာအသစ်နှင့်အတူ မင်္ဂလာအိပ်ဆောင်မှာ သေရည်အတူသောက်နေသင့်၏။ အဘယ်ကြောင့် သူကဒီကို ပြေးလာရသည်လဲ။
သို့ပေသိ ထန့်ယွင်အား သဘောပေါက်စေဖို့ရာ အချိန်သိပ်မယူလိုက်ရပေ။ ကြည့်ရတာ ရွှယ်ကျွင်းလျန်၏ သရုပ်ပြပွဲကမပြီးသေးပုံပင်။ သူက ထန့်ချမ်ယီ၏မျက်နှာကို လူထုအမြင်တွင် အမှိုက်တစဖြစ်အောင် ရည်ရွယ်နေခြင်းသာဖြစ်၏။
ကြင်ယာတော်အသစ်လေးက မင်္ဂလာဦးအခန်းမှာ စောင့်နေချိန်တွင် တာ့ဝမ်ကတော့ သူ၏ အခြားမိဖုရားထံ ပြေးသွားသည်ဟူ၏။ ဒါက တကယ်ကို လှောင်ပြောင်စရာဖြစ်သွားတာပဲ မဟုတ်လား။
အခြားလူတွေကတော့ ဧကရီသည် လူပေါင်းတစ်ထောင်အထက်ရှိ တာ့ဝမ်၏အနှစ်သက်ဆုံးလူတစ်ဦးဟူ၍ မြင်ကြလိမ့်မည်။ သို့သော် ထန့်ယွင်ကတော့ ဧကရီမှာ နစ်နာသူဟုသာ ထင်မိလေသည်။
မျက်နှာထက်ရှိ ပြောင်းလဲမသွားသည့်အမူအယာဖြင့် ထန့်ယွင် နှုတ်ခွန်းဆက်လိုက်သည်။
"အရှင်မင်းကြီး၊ ကြိုဆိုပါတယ်"
ရွှယ်ကျွင်းလျန်က နန်းတော်မှအစေခံအုပ်စုကြီးဖြင့် ဝန်းရံထားပြီး သူက သူနှင့်အံဝင်ခွင်ကျတိတိပပဖြစ်နေသည့် ဝတ်စုံအသစ်စက်စက်ကို ဝတ်ဆင်ထားခြင်းဖြစ်သည်။ သူ၏မြိတ်သရုဖူပင်လျှင် ပုံမှန်ထက်ကို ပို၍ရှုပ်ထွေးနေ၏။
ရွှယ်ကျွင်းလျန်၏ပုံစံမှာ မူးနေသယောင်ရှိပြီး ကျန်းယွီ၏ထိန်းကူထားမှုနှင့်တောင်မှ သူ၏ခြေလှမ်းတွေက မတည်ငြိမ်ချေ။ ဘယ်ညာ ယိမ်းထိုးနေ၏။ သရဖူရှိကျောက်စိမ်းများကလည်း အချင်းချင်း ထိခတ်ကာ ဆူညံနေလေသည်။
ရွှယ်ကျွင်းလျန်က ဧကရီ၏အိပ်ခန်းထဲရှိ ဇာမဏီပုံဖြင့်အလှဆင်ထားသည့်အိပ်ယာပေါ် ကူညီပို့ပေးခြင်းခံလိုက်ရသည်။ မည်သူကမှ ဘာကိုမှမပြောရဲကြပဲ အမြန်ပြန်ထွက်သွားကြ၏။
ထန့်ယွင်က မူးနေသော ရွှယ်ကျွင်းလျန်ကို ငုံကြည့်ရင်း ခြေလှမ်းအနည်းငယ်အကွာက ရပ်နေခဲ့သည်။
အကယ်၍ ရွှယ်ကျွင်းလျန်သာ အမှန်တကယ် မူးနေခဲ့ပါလျှင် ထန့်ယွင်သည် အနှီမောက်မာပြီးသည်းမခံနိုင်ဖွယ်ဘုရင်အား အလွယ်တကူ သတ်ပစ်နိုင်၏။ လက်ရှိ သူ၏ ခန္ဓာကိုယ်နှင့်အင်အားမှာ အမျိုးသမီးတစ်ယောက်ဖြစ်နေသည့်တိုင် အရက်မူးနေသည့် ယောက်ျားတစ်ယောက်အား သတ်ရန်မှာမူ လွယ်ကူလွန်းလှပြီဖြစ်သည်။
သို့သော် ထန့်ယွင်သည် ရွှယ်ကျွင်းလျန်က လုံးဝမူးမနေပဲ သရုပ်ဆောင်နေရုံသက်သက်ဆိုတာကို ကောင်းစွာသိထားသည်။
လူတိုင်း၏နှလုံးသားကို ကစားတတ်သူတစ်ဦးသည် ဘယ်တော့မှမူးလိမ့်မည်မဟုတ်သလို သူ၏ချစ်ဇနီးဆိုသူရှေ့တွင် အားနည်းပြလိမ့်မည်မဟုတ်ပေ။ အထူးသဖြင့် ထိုဇနီးသည်က သူ၏မိသားစုထဲမှ မဟုတ်လျှင်ပင်။
ပြီးတော့ ရွှယ်ကျွင်းလျန်မမူးနေတာကို မှန်ကြောင်း ပြလိုက်သည်မှာ သူရုတ်တရက်ပြောလိုက်တဲ့စကားဖြစ်သည်။
"ဘာလို့အိုက်ဖေးက အဝေးကြီးမှာရပ်နေတာလဲ၊ ဒီလာပြီး ကိုယ်နဲ့နေ"
ထန့်ယွင်က အနီးကိုမလာပဲ ပြောလိုက်သည်။
"ဒီနေ့က မင်းကြီးနဲ့ကြင်ယာတော်အသစ်ရဲ့ လက်ထပ်ပွဲနေ့ပါ၊ ဒီတော့ အရှင်မင်းကြီး ကျေးဇူးပြုပြီး အမြန်သွားပါ၊ လူတွေဆီက ဝေဖန်ခံရအောင်မလုပ်ပါနဲ့"
သူကရှင်းရှင်းလင့းလင်းပြောနေပေမယ့် ရွှယ်ကျွင်းလျန် ပါးနပ်တာကိုလည်း သူသိသည်။ ရွှယ်ကျွင်းလျန်က သဘာဝကျကျပင် ထန့်ယွင်၏တကယ့်ဆိုလိုရင်းကို နားလည်လေသည်။ သူကရွှယ်ကျွင်းလျန်ကို ထွက်သွားစေချင်မျှသာဖြစ်ပြီး ထန့်ယွင်သည် နှစ်သက်ခံရခြင်းနှင့်ပတ်သက်ပြီး ယှဥ်ပြိုင်ဖို့ရာ ဂရုစိုက်နေသည့် ခပ်တုံးတုံးဇနီးမဟုတ်ကြောင်းကို သူကသိ၏။
ရွှယ်ကျွင်းလျန်က ရယ်လိုက်သည်။ သူ ထလိုက်ပြီး ထန့်ယွင်၏ခါးကို ဆွဲလိုက်သည်။ တစ်ဖက်လူ၏မျက်လုံးထဲရှိ ထိတ်လန့်သွားသည့်အမူအရာကိုမြင်လိုက်ရချိန်တွင် ရွှယ်ကျွင်းလျန်က ပိုပြီး ကျီစားချင်လာသည်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်ကိုအိပ်ယာပေါ်ဆွဲချပြီး လှဲပစ်လိုက်သည်။ ရွှယ်ကျွင်းလျန်၏ သရဖူမှ ကျောက်စိမ်းပုတီးစေ့များက ထန့်ယွင်၏နဖူးထံ ထိခတ်သွားကာ သူ့အားတုန်ယင်သွားစေသည်။ သို့သော်လည်း ထန့်ယွင်က စိတ်အေးအောင်ပြုကာ သူ၏အမူအယာက အရည်ပျော်ကျသွားပြီး အရေးမစိုက်ခြင်းသို့ ပြောင်းလဲသွား၏။
"အရှင်မင်းကြီး ၊ ကျွန်တော်မျိုးမကို နမ်းမလို့များလား"
ရွှယ်ကျွင်းလျန်က တစ်ဖက်လူက သူ့ကိုစိန်ခေါ်ပြီးရပ်တန့်စေဖို့ရာ ယုံကြည်မှုရှိနေတာကို သိလိုက်သည်။
ဧကရီ၏မျက်နှာကို ငုံ့ကြည့်လိုက်ရာ စိမ်းပြာရောင်ဒဏ်ရာများမရှိတော့သလို အသားအရည်က ပုံမှန်အတိုင်းနီးပါးဖြစ်နေတာကို တွေ့လိုက်ရ၏။ သို့သော် အနာများက အမာရွတ်အဖြစ် ပြောင်းသွားခဲ့သည်။ ဧကရီ၏မျက်နှာက မူလကထက် ပို၍ ကြည့်ကောင်းသွားပြီမှန်သော်လည်း ဤသိူ့ အလှလေးများဖြင့်ပြည့်နေသည့် မောင်းမဆောင်ထဲတွင် နေနေရသည်ကို စဥ်းစားကြည့်ပါလျှင် သူမသည် အဝေးမှနေ၍ သတိထားမိစရာလူမဟုတ်ပါချေ။
ရွှယ်ကျွင်းလျန်က ထန့်ယွင်၏နားရွက်လေးကို လက်မနှင့်ဖိချေလိုက်ရင်း ကျန်လက်တစ်ဖက်က ထန့်ယွင်၏ပါးကိုနမ်းရန် ညင်သာစွာထိန်းကိုင်လိုက်သည်။ ထန့်ယွင်၏မျက်နှာပေါ်မှ အမာရွတ်များနှင့် အဖုအထစ်များကို ခံစားရသည်။
ထန့်ယွင်၏အရေပြားက စတင်ပျောက်ကင်းနေပြီဖြစ်သည်။ ထိကြည့်လိုက်သည့်အခါ နာကျင်မှုကို မခံစားရပေ။ သို့သော်လည်း ပိုပြီးအထိအခိုက်မခံဖြစ်လာသည်။ ထန့်ယွင်၏ အာရုံခံစားမှုက ပိုကောင်းလာသည်။ သူက မျက်နှာကို အဝေးကိုလှည့်လိုက်ချင်သော်ငြား ရွှယ်ကျွင်းလျန်က မေးကိုဖျစ်ညှစ်ထားခဲ့ပြီး သူ့ခေါင်းကိုလှုပ်မရအောင် လုပ်ထားသည်။
ရွှယ်ကျွင်းလျန်က ဧကရီ၏ပါးပြင်များ၊ သူမ၏နှာတံနှင့် နှုတ်ခမ်းထောင့်တို့ပါမကျန် ပွတ်သပ်လိုက်ပြီး တိုးတိုးလေးမေးလေသည်။
"နာနေသေးလား"
xxxxxx