Chapter - 16
ရုတ်တရက် လက်ထပ်ခြင်း
ထန့်ယွင် သူ့လည်ချောင်းထဲရှိ အဖုအထစ်များကို ပြန်မြိုချလိုက်သည်။ ချက်ချင်းဆိုသလို သူသတိရသွားသည်။ ဟိုအရင် သူငယ်ရွယ်စဥ်က ခမည်းတော်ထံမှ ချီးကျူးမှုကိုရရန် ထန့်ယွင်နှင့် သူ၏အစ်ကိုတော်များက အကြီးဆုံးသားကောင်ကို ပြိုင်၍အမဲလိုက်ခဲ့ကြသည်။ ပြီးရင် ထိုမင်းသားက အရဲရင့်ဆုံးဖြစ်လိမ့်မည်။ ထန့်ရှန်တစ်ဦးသာလျှင် ထန့်ယွင်ကို ဂရုစိုက်ပြီး သူ့ထံလာလည်လေ့ရှိသည်။
ထန့်ယွင်ကို စစ်မြေပြင်ထံပို့ပြီးနောက် ထန့်ရှန်သည် နန်းမြို့တော်မှ အဝေးတွင်ရှိနေကာ ထန့်ယွင်အား မည်သူကမျှ အဆင်ပြေနေရဲ့လားဟူ၍ ဂရုမစိုက်ခဲ့ပေ။
ထန့်ယွင်ကလည်း ယင်းနှင့်ပတ်သက်၍ ဘယ်တော့မှ မမျှော်လင့်ခဲ့ပေ။ နှစ်များစွာကြာပြီးနောက် သူယခု ရွှယ်ကျွင်းလျန်၏ပါးစပ်မှ ထိုစကားလုံးကို ကြားခဲ့ရပြီ။
ထန့်ယွင် အာရုံပြန့်နေစဥ် အရိပ်တစ်ခု သူ့အပေါ်အုပ်မိုးလာတာကို ခံစားလိုက်ရပြီး သူ့နှုတ်ခမ်းကို နွေးထွေးသည့်အရာတစ်ခု ထိတွေ့လာလေသည်။
အမှန်ပင် ထန့်ယွင်က ရွှယ်ကျွင်းလျန်မှာ ဤသရဲသဘက်ကဲ့သို့ ရုပ်ဆိုးအကျည်းတန်သောမျက်နှာကို ဘယ်တော့မှ စိတ်မဝင်စားလောက်ဟု သေချာနေခဲ့တာဖြစ်သည်။ အကျည်းတန်ဧကရီက မူလကလောက် ရုပ်မဆိုးတော့ရင်တောင် ဘယ်သူကမှ ဒီမျက်နှာကို လှသည်ဟု တွေးမည်မဟုတ်။ အထူးသဖြင့် ပုံမှန်ပင် လှပသည့်မျက်နှာများကို မြင်နေရသော ရွှယ်ဝမ်ကတော့တွေးမည်မဟုတ်ချေ။
သို့သော်လည်း ထန့်ယွင်မှာ ရွှယ်ကျွင်းလျန်၏စရိုက်ကို မှားယွင်းစွာ တွက်ချက်ခဲ့မိလေသည်။ လူတွေက သူမလုပ်နိုင်ဘူးဟုတွေးလေလေ သူလုပ်နိုင်ကြောင်းကို သက်သေပြလိုလေလေပင်။ ထို့ကြောင့်လည်း ရွှယ်ကျွင်းလျန်က သာမန်မင်းသားတစ်ဦးဟုထင်ရသည့်တိုင် ထီးနန်းကို အချိန်တိုအတွင်း ရယူနိုင်ခဲ့တာပင်။
ပထမတွင်၊ ရွှယ်ကျွင်းလျန်က ဧကရီကို ကျီစယ်လိုခြင်းသာဖြစ်သည်။ သူတစ်ဖက်လူ၏ နှုတ်ခမ်းကို သူ၏လက်ထိပ်ဖြင့် စမ်းမိပြီးနောက်တွင် သူ၏လက်ချောင်းများကို ဖယ်မပစ်လိုက်ချင်တော့ပေ။ ထိုနှုတ်ခမ်းများက နူးညံ့ပြီး ပျော့ပြောင်းနေလေသည်။ ဧကရီ၏'ဒေါသ'ကိုပါ ထပ်ပေါင်းထည့်လိုက်လေလျှင် ရွှယ်ကျွင်းလျန်မှာ တကယ်ပင် ကိုယ်ကိုကိုင်းချကာ ထိုနူးညံ့သောနှုတ်ခမ်းများအား သူ၏နှုတ်ခမ်းဖြင့် ထိတွေ့လိုက်လေသည်။
ဒေါသဖြင့်ထိန်းချုပ်ခံလိုက်ရပြီး ထန့်ယွင်မှာ အချိန်တစ်ခုလုံး မတုန့်ပြန်နိုင်ခဲ့ပေ။ ရွှယ်ကျွင်းလျန်၏နှုတ်ခမ်းများက ပူနွေးကာစိုစွတ်လို့နေသည်။ ရွှယ်ကျွင်းလျန်က သူ၏အောက်နှုတ်ခမ်းလေးကိုပင် ကိုက်လာပြီး သူ၏လျှာကိုပါ သုံး၍လာ၏။
ထန့်ယွင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူက တစ်ချိန်က ကြီးမြတ်တဲ့ စစ်သူကြီးတစ်ဦးဖြစ်ခဲ့ပြီး ယခုမူ သူ၏အင်အားအလုံးစုံမှာ ဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်၏နှုတ်ခမ်းသားတို့ကို သူ၏နှုတ်ခမ်းလွှာတို့ဖြင့် ဖိလာစဥ် ထန့်ယွင်၏ခန္ဓာကိုယ်တစ်ခုလုံးက သူ့နှုတ်ခမ်းတို့ပမာ တုန်ယင်သွားခဲ့သည်။
သူ့အောက်ရှိလူထံမှာ တုန်ခါသွားမှုကို ရွှယ်ကျွင်းလျန် ခံစားလိုက်ရပြီး ရုတ်တရက် သူ့တစ်ကိုယ်လုံး မီးထတောက်လာသည်။ တစ်ဖက်လူ၏မေးရိုးကို ထိန်းကိုင်ကာ သူက အနမ်းကိုနက်ရှိုင်းစေလိုက်သည်။
ရွှယ်ကျွင်းလျန်၏ ကျန်လက်တစ်ဖက်က လှုပ်ရှားခြင်းမရှိတာမဟုတ်ပေ။ သူက ထန့်ယွင်၏ခါးပတ်ကို ဖြည်လို့နေကာ သူ၏လက်က အဝတ်အစားတွေကိုဖြတ်ဝင်ကာ ထန့်ယွင်၏ ချောမွေ့နေသည့်ခါးကို ပွတ်သပ်နေခဲ့သည်။
ထိုအချိန်တွင် ထန့်ယွင် အသိစိတ်ပြန်ဝင်လာသည်။ ပြန်ရရှိလာသည့် အင်အားအသစ်များဖြင့် သူက ရွှယ်ကျွင်းလျန်ကို တွန်းထုတ်လိုက်ပြီး ကုတင်ထောင့်ကို လှည့်ပြေးကာ သူ၏နှုတ်ခမ်းတို့ကို အင်္ကျီလက်ဖြင့် ပွတ်သုတ်ပစ်လိုက်လေသည်။
-
ထန့်ယွင်၏ တုံ့ပြန်မှုကို ဒေါသဖြစ်လာရမည့်အစား ရွှယ်ကျွင်းလျန်မှာ ရယ်မောမိတော့သည်။
"မင်းက ကိုယ်တော့်ကို ပထမဆုံးငြင်းပယ်ဝံ့တဲ့ သူပဲ"
ထန့်ယွင်မှာ မီးကို သူ့ပါးစပ်ဖြင့် ဝါးမြိုမိသလို ခံစားရ၏။
စစ်မြေပြင်သို့ သူ့အား စေလွှတ်ခြင်းခံရချိန်က သူသည် ဆယ့်ကိုးနှစ်သာ ရှိသေးပြီး ဆယ်နှစ်ကြာ ထိုနေရာတွင် နေထိုင်ခဲ့ရသည်။ ဘယ်ချိန်က စတင်ခဲ့သည်ကို မမှတ်မိသော်လည်း ထန့်ယွင်သည် အမြဲတမ်း ရိုးသားမှန်ကန်အောင် ကြိုးစားနေထိုင်ခဲ့သည်။ သူသည် မြို့များကို တိုက်ခိုက်ကာ စစ်သုံ့ပန်းများကို ဖမ်းဆီးရသည်ဖြစ်သလို စစ်သားတစ်ယောက်အနေဖြင့် အမိန့်နာခံကာ စည်းကမ်းလိုက်နာဖို့ လိုအပ်သည်။ ထန့်ယွင်မှာ အကြီးအကဲစစ်သူကြီးဖြစ်သည်ကိုပါ ထပ်ပေါင်းလိုက်သောအခါ သူ့၏ အမူအကျင့်ကို ပိုမိုသတိထားရမည်ဟု သူ့ကိုယ်သူ ခံယူထားသည်။
ထို့ကြောင့် နမ်းခြင်း၌ သူ၏ အတွေ့အကြုံများသည် ရိုးရှင်းသည်ဟု ယူဆနိုင်သည်။ အခုကဲ့သို့ သူအတင်းအကြပ် ပြုလုပ်ခဲ့သော နက်နဲရှည်လျားသော အနမ်းမျိုးကို ထည့်ပြောရန်မလိုပေ။ ထိုအချက်မှာ ရွှယ်ကျွင်းလျန်နှင့် လုံးဝဆန့်ကျင်ဘက်အချက်ပင်။
ထန့်ယွင်၏ နားသံသီးလေးမှာ နီရဲတောက်နေသည်။ သူ့အင်္ကျီ၏ အနည်းငယ်ပွင့်ဟနေသည့် ကော်လံကြားမှ ထွက်ပြုနေသည့် ရင်ဘတ်သည်ပင် ပန်းရောင်ဖြစ်နေသည်။ ထိုအရာများအားလုံးကို ကောက်ချက်ချရသော် ဒီရုပ်ဆိုးသော ဧကရီမှာ ရှက်နေသည်ဟု ရွှယ်ကျွင်းလျန်က တွေးလိုက်သည်။
မူလမိဖုရား၏ ခန္ဓာကိုယ်နှင့် အစိတ်အပိုင်းများမှာ ရွှယ်ကျွင်းလျန်၏ တခြားမိဖုရားများထက် တကယ်ပင် သာလွန်သည်။ ရှက်သွေးဖြာနေသည့် လည်တိုင်ကို ကြည့်ရှုရင်း ခန္ဓာကိုယ်မှာ ပူလောင်ပြီး မီးတောက်လာသလို ဖြစ်လာသောကြောင့် ရွှယ်ကျွင်းလျန်မှာ အရက်တော်တော်များများ သောက်ခဲ့မိသလားဟုပင် ထင်မိလေသည်။
အိပ်ရာအစွန်းတဖက်တွင် ထိုင်ရင်း ရွှယ်ကျွင်းလျန်မှာ ထန့်ယွင်၏ နားသီးများကို ထိရန် လှမ်းလိုက်သည်။
ထန့်ယွင် ထိတ်လန့်ကာ တုန်လှုပ်သွားပြီး မျက်လုံးများက ဓားမြှောင်များအလား ရွှယ်ကျွင်းလျန်ကို စိုက်ကြည့်လိုက်သည်။
ရွှယ်ကျွင်းလျန်မှာ သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့၏ ဒီဧကရီမှာ လုံးဝထူးခြားဆန်းကြယ်သည်ကို တွေးမိသည်။သူသည် ဒီဧကရီနှင့် လက်ထပ်ပြီးကတည်းက သူမနှင့် တခါမှ မကုန်ဆုံးခဲ့ဖူးပေ။ သူ ဧကရီနှင့် လက်ဆက်စဉ်က သူသည် အလုပ်အရမ်းများနေခဲ့ပြီး အနောက်နန်းဆောင်ကို ခြေချဖို့ စိတ်မဝင်စားခဲ့ပေ။ ထို့နောက် သူသည် သူမအား မေ့လျော့သွားကာ ဧကရီဘွဲ့အမည်ကို ထိန်းသိမ်းထားရန်သာ သူမအား ပေးထားခဲ့သည်။
ဧကရီ၏ ထို့ကဲ့သို့ တုန့်ပြန်မှုက ရွှယ်ကျွင်းလျန်အား အလွန်ဝမ်းမြောက်စေပြီး တစုံတရာကို တင်းတိမ်ရောင့်ရဲလာစေသည်။ အိပ်ရာကို ပုတ်ကာ သူက ပြုံးပြီး ပြောလိုက်သည်။
"ကောင်းပြီ... လာ ဒီနားလာပြီး လှဲလိုက်ချည်... ၊ မင်းကို ဘာမှ မလုပ်ပါဘူး"
ထန့်ယွင်က မတုန်မလှုပ်ဖြင့် ဆက်ငြိမ်နေသောအခါ ရွှယ်ကျွင်းလျန်မှာ ပို၍ ကျေနပ်သွားသည်။ သို့သော် ရွှယ်ကျွင်းလျန်မှာ ဧကရီအား စနောက်နေသည်ကို ရပ်လိုက်သည်။ သူသည် သူ့၏ အပြင်ဝတ်ကို စတင်ဖယ်ရှားလိုက်ပြီး သရဖူကိုပါ လွှင့်ပစ်လိုက်သည်။ ဖယောင်းတိုင်မီးမှုတ်ကာ ငြိမ်းပြီးနောက် အိပ်ရာပေါ်သို့ လှဲချလိုက်ပြီး သူ့ဘေးမှ နေရာလွတ်ကို ပုတ်ပြလိုက်သည်။
"ဒီနားကို လာခဲ့... အေးလာပြီ"
ရွှယ်ကျွင်းလျန် တကယ်လှဲချလိုက်သည်ကို သေချာအောင် ပြုလုပ်ပြီးနောက် ထန့်ယွင်လည်း ဖြေးညှင်းစွာ တွားသွားတက်လာသည်။ ထန့်ယွင်သည် ရွှယ်ကျွင်းလျန်နှင့် အဝေးဆုံးနေရာတွင် ယူလိုက်ပြီး အဝတ်အစားများကို မချွတ်ဘဲ လှဲချလိုက်သည်။
အိပ်ရာပေါ်တွင် စောင်တထည်တည်းသာ ရှိရာ စောင်မှာ မသေးငယ်သော်လည်း လူနှစ်ဦးကြားက ကြီးမားသောအလှမ်းကွာဝေးမှုကြောင့် ထန့်ယွင်မှာ သူ့ကိုယ်ကို စောင်ခြုံရန် မဖြစ်နိုင်ပေ။
16.2
ရွှယ်ကျွင်းလျန် ရယ်မောလိုက်သည်။ သူက သူ့ဘက်ကို လှည့်လိုက်ပြီး ထန့်ယွင်ကို သူ့လက်မောင်းကြား ဆွဲသွင်းလိုက်ကာ စောင်ဖြင့် ထန့်ယွင်ကို လွှမ်းခြုံပေးလိုက်သည်။ တဖက်လူ၏ ကျောပြင်ကို ညင်သာစွာ ပုတ်ပေးလိုက်ရင်း သူက ဆိုသည်။
"အိပ်တော့... ကိုယ် ဒီနေ့ ပွဲတော်တွေ အများကြီးပဲ ရှိခဲ့တာ... ကိုယ် အရမ်းပင်ပန်းနေပြီ"
သဘာဝအားဖြင့် ၎င်းမှာ ထန့်ယွင်၏ အိပ်ပျက်ညတညပင် ဖြစ်ခဲ့သည်။
နောက်တနေ့ မနက်စောစောတွင် ကျန်းယွီနှင့် ရှို့ယောင်တို့သည် သူတို့၏ သခင်နှင့် သခင်မအား ခစားရန် ဝင်ရောက်လာသည်။ အဝတ်များ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့်အပြင် ရွှယ်ကျွင်းလျန်၏ သရဖူပင်လျှင် အခန်းထောင့်တွင် လှိမ့်နေသည်ကို သူတို့ မြင်တွေ့ခဲ့ရသည်။ ဧကရီ၏ အိပ်ရေးပျက်နေသော ပုံစံကို ထပ်ပေါင်းလိုက်သော် မနေ့ညက ဖြစ်ပျက်ခဲ့သော စိတ်အားထက်သန်စရာ မြင်ကွင်းကို သူတို့က အလိုအလျောက်မှန်းဆမိလိုက်သည်။
_
မင်းသမီးက ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲ ရှိသောအခါ ဦးလေးဖြစ်သူအနေဖြင့် နန်းတော်တွင် တညလုံး နေရမည်မှာ သဘာဝပင်။ ထိုသည်မှာ စည်းမျဉ်းတော့ မဟုတ်ပေ။
လူအများက ဂုဏ်ပြုရန်လာရောက် တောင်းဆိုကြသောအခါ ထန့်ရှန်မှာ ဝိုင်အများအပြားသောက်ရန် တွန်းအားပေးခြင်း ခံရသည်။ မင်းမှုထမ်းအသိုင်းအဝိုင်းကို သူ ဝင်ရောက်စဉ်ကတည်းက သူက အရက်သောက်ခဲသောကြောင့် သူ၏ အရက်ခံနိုင်ရည်စွမ်းမှာ သိပ်မကောင်းပေ။
မနေ့က ထန့်ရှန်မှာ ရွှယ်ပြည်ညီလာခံရှိအရာရှိများ ဝန်းရံခံထားရသည့် ထန့်ပြည်မှလာသောသူတစ်ဦးမျှသာ။ မလွှဲသာပဲ သူသည် သေရည်အလွန်အကျွံသောက်ဖို့ရာ အနိုင်ကျင့်ခံလိုက်ရသည်။
ထန့်ရှန်လန့်နိုးလာသည့်အခါ စိတ်တွေရှုပ်ထွေးနေခဲ့သည်။ သူ့ခေါင်းက ကြည်လင်မနေဘဲ အရက်နာကျခြင်းက သူ့အား မထိုင်နိုင်စေခဲ့ပေ။ ရိုးသားစွာဆိုရသော် ပျို့အန်သည်ထက်စာလျှင် အရက်နာကျတာက ပို၍သက်သာပါသေး၏။
ထန့်ရှန်က ထထိုင်လိုက်ပြီး အမြင်အာရုံရှင်းလင်းစေရန်အလို့ငှာ မျက်တောင်အမြန်ခတ်လိုက်သည်။ ရုတ်တရက် သူ့မျက်နှာက စိမ်းပြာရောင်ပြောင်းသွား၏။ သူက အကြိမ်ကြိမ် တံထွေးမြိုချလိုက်ပြီး လည်ချောင်းတွင်းမှ ခြောက်သွေ့နေမှုကို လျှော့ချလိုက်သည်။ ယင်းက အလွန်နာကျင်ရ၏။
သူကစောင်ကို ဆုပ်ကိုင်လိုက်မိစဥ် သွေးများစွန်းပေနေပြီး စကားဖြင့်ဖော်ပြ၍မသင့်လျော်သောအရာကို တွေ့လိုက်ရသည်။
လက်တွေကြားထဲ ခေါင်းမြှုပ်ထားလိုက်ရင်း ထန့်ရှန် ပေါင်တွေကို ဖျစ်ညှစ်လိုက်မိသည်။ သူ့နောက်ကျောဘက်ရှိ တစ်ချို့သောနေရာတွေက တစ်စုံတစ်ရာ စီးကျလာ၏။ သူ၏အသက်ရှူသံတွေ မြန်ဆန်လာကာ သက်ပြင်းချလိုက်မိသည်။
လွန်ခဲ့သည့်ညက ဘာဖြစ်ခဲ့သလဲ ထန့်ရှန်မှတ်မိသည်။ ရွှယ်ကျွင်းလျန်၏ သူ့အပေါ်မှာရှိသည့် သဘောထားကို သူနားလည်ဖို့ရာ မခက်ခဲပေ။ တစ်နည်းအားဖြင့် ထန့်ရှန်က ထန့်ယွင်ကဲ့သို့ပင် အသက်ရှင်နိုင်မည်မဟုတ်ပေ။ ထန့်ရှန်က မည်မျှပင်အရည်အချင်းရှိပြီး အောင်မြင်သူဖြစ်ပါစေ ကိစ္စမရှိပေ။ သူက ယဥ်ပါးအောင်မပြုသင့်သည့် ကျားရိုင်းတစ်ကောင်မျှသာ။
သူငယ်စဥ်ကတည်းက ထန့်ရှန်သည် အရင်ဘုရင်ထန့်ဝမ်ထံမှ နှစ်သက်ခြင်းခံခဲ့ရပြီး ယင်းကြောင့်ပင် သူကထန့်ပြည်ကို သစ္စဖောက်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။ သိူ့သော် သူ့အတွက် ထန့်ပြည်တွင် နေစရာမရှိတော့ပေ။
ယခုအချိန်ကဲ့သို့ပင် သူရွှယ်ဟုန်ယန်နှင့်တွေ့ခဲ့ရတာက ကံကောင်းခြင်းသာဖြစ်၏။
လူအများက ထန့်ရှန်နှင့်ထန့်ယွင်တို့အား စရိုက်ချင်း အလွန်တူသည်ဟု ပြောလေ့ရှိသည်။ သူတို့နှစ်ဦးလုံး ကြင်နာတတ်သည့်နှလုံးသားရှိပြီး ဆုံးဖြတ်နိုင်စွမ်းရှိကြသည်။ သို့ပေသိ ထန့်ရှန်ကတော့ ယင်းမှာ လုံးဝမမှန်ကြောင်း သိသည်။ ထန့်ရှန်က မွေးစားခံရသည့် မိဘမဲ့တစ်ဦးသာဖြစ်သည်။ နှစ်များစွာကြာပြီးအောင်ရယူထားသည့် အရာရှိရာထူးဟာ သူနှင့်မထိုက်တန်ကြောင်း တွေးမိသွားချိန်တွင် ထန့်ရှန်၏နှလုံးသားဟာ အတော်ကြာအောင် နစ်မြှုပ်သွားခဲ့သည်။ သူက ရှက်စရာကောင်းတဲ့လူလိမ်၊ ကြောင်သူတော်တစ်ဦးမျှသာ ဖြစ်၏။
ထန့်ယွင် စစ်ပွဲကို ထွက်သွားသည့်အခါ သူ့ဘဝတစ်လျှောက်လုံးလူမသတ်လိုသော်ငြား စစ်သူကြီးတစ်ဦးအနေဖြင့် အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့်နှိမ်နင်းရန် ဖိအားပေးခံခဲ့ရသည်။
သို့သော် ထန့်ရှန်ကတော့ ကွဲပြားသည်။ ထန့်ရှန်၏တစ်ဘဝလုံးစာဆုတောင်းမှာ သန်မာသည့်တိုင်းပြည်တစ်ခုဖြစ်၏။ အင်အားရှိသည့် ထန့်ပြည်အတွက် ၊ ရိုသေလေးစားမှုပြုရမည့် ဘိုးဘေးတို့အတွက် ထန့်ရှန် သူသည် ရွံရှာစက်ဆုပ်ဖွယ်လူတစ်ဦးဖြစ်လာသည်ဟု ခံစားရ၏။
ရွှယ်ဟုန်ယန်နှင့်တွေ့ဆုံခြင်းက သူတွေးမထားသည့် အလှည့်အပြောင်းတစ်ခုမျှသာ။ ရွှယ်ဟုန်ယန် သူ့ကိုကြည့်နေသည်ကို သတိထားမိသည်နှင့် ထန့်ရှန်ချက်ချင်း သိလိုက်သည်မှာ သူရွှယ်ပြည်ကိုဝင်သည်နှင့် လုံးဝအသတ်ခံရဖို့မလိုကြောင်းကိုပင်။
လွန်ခဲ့သောည၌ သူတို့ သေရည်ကိုအလွန်အကျူးသောက်ခဲ့ကြသည်။ ရွှယ်ဟုန်ယန်က ထန့်ရှန်ထံရည်ရွယ်သည့်ခွက်အချို့ကို ရှေ့မှပိတ်ကာ သူ့အစား ကူသောက်ပေးခဲ့သည်။ အမတ်မင်းဝမ်နျန်၏အကြောင်းပြချက်မှာ ထန့်ရှန်က သူ့အသက်ကိုကယ်ခဲ့သောကြောင့်ဟူ၍ ဆိုသည့်တိုင် လူတိုင်းကတော့ အဲဒါအမှန်မဟုတ်တာကို သိသည်။
ရွှယ်ဟုန်ယန်က မြင့်မြတ်သူတစ်ဦးဆိုတာ ယုံမှားသံသယဖြစ်ဖွယ်မရှိချေ။ ကံဆိုးစွာဖြင့် သူက ထန့်ရှန်နှင့်တွေ့ခဲ့ရသည်။
ထန့်ရှန်က ထရပ်လိုက်ပြီး အဝတ်တို့ကိုဝတ်ကာ သူ့ကိုယ်ပေါ်မှ ထင်ရှားသည့်အမှတ်အသားတို့ကို ဖုံးကွယ်လိုက်သည်။ အချို့အရာများက သူ့ပေါင်တံတစ်လျှောက် စီးကျသွားသော်ငြား သူက လျစ်လျူရှုလိုက်သည်။ အဝတ်အစားဝတ်ပြီးသွားသည့်အခါ သူကတံခါးကိုဖွင့်ပြီး ထွက်သွားတော့သည်။
—
xxxxx