Chapter 20
အမတ်ကျူးလု၏ တုန်လှုပ်ချောက်ချားမှုက သူ့မျက်နှာအနှံ့ တောက်လောင်နေချိန် ဖုန့်မင်က စောင့်ကြည့်နေခဲ့သည်။ မလွှဲမရှောင်သာ၊ ဖုန့်မင်သည် အမတ်ကျူးလုက မင်းသမီးအား ချစ်ခင်တွယ်တာမှု ရှိနေကြောင်း ကောက်ချက်ချခဲ့ရသည်။ ဒီအသိတရားက သူ့နှလုံးသားကို ပင်ပန်းနွမ်းနယ်လာသလို ခံစားရစေခဲ့သည်။ မျက်လုံးတွေကို သူ့လက်တွေနှင့် ပိတ်ထားရင်း အေးစက်စက်ပြောလိုက်သည်။
"နယ်စားမင်း ဘာမှပြောစရာမလိုတော့ပါဘူး။ ကိုယ်တော် ရွှယ်နိုင်ငံကို သံတမန် စေလွှတ်ပြီးပြီ၊ အခု ဒီကိစ္စကို ပြောဖို့ နောက်ကျသွားပြီ။”
[ET/N : ဖုန့်မင်က ကျူးလု နဲ့ စကားပြောတဲ့အခါ ကိုယ်တော်လို့ သုံးတာ ဒါပထမဆုံးအကြိမ်ပဲ။ ကိုယ်တော်ဆိုတဲ့ စာလုံးအရ ‘ဒီမိဘမဲ့' ကို ဘုရင်တွေက အောက်ခြေအဆင့်ရှိ လူတွေရှေ့မှာ စကားပြောတဲ့အခါ အသုံးပြုကြတယ်။]
ကျူးလု အံ့အားသင့်သွားသည်။ ဖုန့်မင်က အုပ်စိုးသူဘုရင်ဖြစ်သော်လည်း ကျူးလုကို အမြဲလိုက်နာပြီး ဘယ်သောအခါမှ မနာခံတာမျိုး မရှိခဲ့ပါပေ။ ကျူးလုသည် တစ်နေ့နေ့တွင် ဖုန့်မင်က သူ့အား ဆန့်ကျင်လာမည်ဟု ထင်မထားခဲ့ပေ။ စကားတစ်ခွန်းမှ မပြောဘဲ ကျူးလု ဖုန့်မင်၏ နန်းဆောင်မှ လှည့်ထွက်လာခဲ့သည်။
စိုးရိမ်တကြီးနှင့် အပြင်မှာ ရပ်စောင့်နေတဲ့ လွေ့ရွှယ် က ကျူးလု ထွက်လာတာကိုတွေ့တော့ ချက်ချင်း နှုတ်ဆက်လိုက်ပြီးဆိုသည်။
“သခင်… ဘယ်လိုလဲ”
ကျူးလုက ဘာမှမပြောဘဲ သူ့အမူအရာက အေးစက်နေသည်။ ခဏလောက်စဉ်းစားပြီးမှ “ပြန်ရအောင်၊ မင်းအတွက် အလုပ်ရှိတယ်” ဟုပြောလိုက်၏။
—
ရှို့ယောင်က ယွင်ဖုန့် နန်းတော်ထဲကို အမြန်ပြေးသွားပြီး "အရှင်မ မကောင်းတော့ဘူး!"
ထန့်ယွင် သည် ထန့်ရှန်အကြောင်း သတင်းမေးဖို့ သူမကို စေလွှတ်ခဲ့သည်။ ထိုသို့ပြောရင်း ပြန်လာတဲ့အခါ ထန့်ယွင်သည် ရွှယ်ကျွင်းလျန်က ထန့်ရှန်ကို ကွပ်မျက်လိုက်ပြီဟု ချက်ချင်းပင် တွေးလိုက်မိသည်။
ရှို့ယောင်က "ကျွန်မ ဟိုဟိုဒီဒီမေးကြည့်တော့ တခြားအကြောင်းတွေ ကြားလိုက်ရတယ်။"
ရှို့ယောင်က ထန့်ရှန်ကွပ်မျက်ခံရတာအကြောင်း မပြောဘူးဆိုတာ သိလိုက်ရတော့ ထန့်ယွင်၏ နှလုံးသားက သူ့ရင်ထဲ ပြန်ကျသွားသည်။ သူက
“အရင်ဆုံး ထန့်ရှန်အကြောင်း ပြော”
"အိုး... ထန့်ရှန်ရဲ့ သတင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ"
ရှို့ယောင်က
"ဘုရင်မင်းမြတ်က အမတ်မင်းဝမ်နျန် နဲ့ ထန့်ရှန်ကို လက်ထပ်ထိမ်းမြားပေးခဲ့တယ်"
"ဘာလဲ... ဘယ်သူနဲ့ လက်ထပ်မှာလဲ"
"ထန့်ရှန်နဲ့ အမတ်မင်းဝမ်နျန်။ ဘုရင်ကြီး၊ သိပ်ရယ်စရာကောင်းတာမဟုတ်လား တရားဝင်လက်ထပ်ထားတဲ့ ယောကျ်ားမယား။”
ထန့်ယွင်သည် လုံးဝတိတ်ဆိတ်အံ့သြသွားကာ သူ့စိတ်က ခဏတာပင် ဗလာကျင်းသွားရသည်။ ထို့နောက်
“ဒါဆို ထန့်ရှန်ဘာလုပ်လဲ။ သူ သဘောတူလား..."
"သေချာပေါက် တူရတာပေါ့"
ရှို့ယောင်က ဆက်ပြောသည်။
"ဒါက ရှင်းနေတာမဟုတ်ဘူးလား။ အမတ်မင်း ဝမ်နျန် ကိုလက်ထပ်တာနဲ့ ဒါမှမဟုတ် အသတ်ခံရတာကြားက ဘယ်လူက အသတ်ခံရဖို့ ပိုကြိုက်မလဲ။ အရှင်မ အဲဒါကို သိသင့်တယ်။”
ထန့်ယွင် က ကုလားထိုင်ပေါ် လှဲချလိုက်ပြီး စားပွဲကို ဆုပ်ကိုင်လိုက်သည်။ ထန့်ရှန်၏စရိုက်ကို သူအမြဲသိသည်။ ထန့်ရှန်က သူ့ကိုယ်သူ အလွန်အမင်း အလေးထားသည်။ တခြားယောကျ်ားတစ်ယောက်နှင့် လက်ထပ်ဖို့ သဘောတူပြီး နိမ့်ကျစွာ ဝပ်တွားနေဖို့ မဖြစ်နိုင်ပေ။ သူ့ရန်သူလည်းဖြစ်ခဲ့သည့် ယောကျ်ားတစ်ယောက်ကိုပေါ့။
"ဧကရီ၊ ဒီကိုလာတဲ့လမ်းမှာ ဖုန့်ဘုရင်က အရှင်မရဲ့မွေးရပ်မြေကို အလည်လာဖို့ တောင်းဆိုတာကို မတော်တဆ ကြားခဲ့ရပေမယ့် အရှင်မ ဘယ်ချိန်သွားရမယ် ဆိုတာတော့မသိခဲ့ရဘူး။ ဆိုတော့ ဒါက ကောင်းတာပဲ မဟုတ်လား။ ထိမ်းမြားပြီးနေတဲ့ ဧကရီက သူ့မွေးရပ်မြေကို အလည်လာဖို့ ခွင့်ပြုခံခဲ့ရတာဆိုတော့လေ။”
ရွှယ်နှင့် ဖုန့် နိုင်ငံများကြား ဆက်ဆံရေးသည် အမြဲတမ်း တင်းမာနေခဲ့ပြီး အထူးသဖြင့် ယခုအချိန်တွင် ထန့်ဘုရင်သည် သမီးဖြစ်သူကို ရွှယ်ဘုရင်နှင့် ထိမ်းမြားပြီး မဟာမိတ်ဖွဲ့ရန် ကမ်းလှမ်းခဲ့သည်ကို လူအများသိထားကြသည်။ ဖုန့်ဘုရင်သည် သေချာပေါက် မကျေမနပ်ဖြစ်ခဲ့ပေလိမ့်မည်။ အကယ်၍ ဖုန့်ဘုရင်သာ ဧကရီအိမ်ကို ပြန်လာရန် တောင်းဆိုခဲ့ပါက စစ်ပွဲတစ်ခု ကျရောက်လာတော့မည်ဖြစ်သည်။
ထန့်ယွင်၏ လက်ရှိအထောက်အထားမှာ ရွှယ်နိုင်ငံ၏ဧကရီဖြစ်ပြီး ဖုန့်ပြည်၏ အိမ်ရှေ့စံမင်းသမီး ဖြစ်သည်။ လမ်းခရီးအလယ်မှာ ဖမ်းခံရမယ်ဆိုတာ မလွဲမသွေပင်။
သို့သော် ထန့်ယွင်က သတင်းကြားပြီးနောက် စိုးရိမ်မှုတစ်ခုမျှ မခံစားခဲ့ရဘဲ အခွင့်အလမ်းကောင်းတစ်ခုအဖြစ် တွေးခဲ့သည်။ အင်ပါယာမောင်းမဆောင်၏ အရှင်မတစ်ယောက်အနေဖြင့် သူ့ကို တော်ဝင်နန်းတော် အပြင်ဘက်သို့ ထွက်ရန် တားမြစ်ထားသည်။ သို့သော် ဖုန့်နိုင်ငံသို့ အလည်အပတ်သွားချိန်ရောက်ရင်တော့ ထန့်ယွင်၏ဆန္ဒကို ဖြည့်ဆည်းရန်အတွက် အသုံးချနိုင်ပေမည်။
ရှို့ယောင်သည် သူ့သခင်မ၏ သတင်းကို မအံ့သြသလို အေးဆေးတည်ငြိမ်စွာ နားထောင်နေသည်ကို ကြည့်နေခဲ့သည်။ ရှို့ယောင်က ဧကရီသည် ဧကန်မုချဧကရီဘွဲ့နှင့်ထိုက်တန်သည်ဟု တွေးထင်ခဲ့တော့သည်။
—
ရွှယ်ကျွင်းလျန်သည် မွန်းလွဲပိုင်းတွင် နန်းတွင်းစည်းဝေးပွဲမှ ဆင်းလာသောအခါ ယွင်ဖုန့် နန်းတော်သို့ တည့်တည့်သွားခဲ့သည်က အလေ့အထတစ်ခုလို ဖြစ်နေသည်။
ရွှယ်ကျွင်းလျန် က "အိုက်ဖေး ကြားမိလားမသိဘူး။ ဖုန့်ဘုရင်က မင်းကိုသတိရလို့ သူ့ဆီလာလည်ခဲ့ဖို့ တောင်းဆိုထားတယ်။ မင်းဘယ်လိုထင်လဲ..."
ထန့်ယွင်.... "အရှင်မင်းကြီး ပြောသမျှ လိုက်နာပါ့မယ်"
ရွှယ်ကျွင်းလျန်က သူ့ကို စမ်းသပ်နေတယ်လို့ ထန့်ယွင် ပြောနိုင်သည်။ သူသွားချင်သည်ဖြစ်စေ၊ နေချင်သည်ဖြစ်စေ ထုတ်ဖော်မပြခြင်းက အမြဲတမ်း ပိုဘေးကင်း၏။
ထန့်ယွင်၏ 'နာခံမှု' သည် ရွှယ်ကျွင်းလျန်ရဲ့ မျှော်လင့်ချက်နှင့် ကိုက်ညီသည်။ ရွှယ်ကျွင်းလျန်သည် ဘုရင်တစ်ပါးက သားတော်တစ်ပါးတည်းသာ ရှိရမည်မဟုတ်ဟု ပြောခဲ့သော ကျန်းယွီကို သတိရသွားပြီး ရုတ်တရက် စိတ်ဓာတ်ကျသွားသည်။ သူသည် ဧကရီ၏သဘောဆန္ဒမပါဘဲ ဧကရီကို မထိ သို့မဟုတ် အတင်းအကြပ်ကိုင်ဆောင်မည် မဟုတ်ကြောင်း ကတိပြုထားပြီးပြီမို့ သူမကို စောင့်ဆိုင်းရန်သာရှိသည်။
သို့သော် တစ်ဖက်လူရဲ့ လျစ်လျူရှုမှုကို ကြည့်ရင် ဘယ်လ ဘယ်နှစ်ရောက်မှ ခွင့်ပြုချက်ပေးမယ် မသိပါပေ။
ရွှယ်ကျွင်းလျန်၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသော ထန့်ယွင်သည် ရွှယ်ဘုရင်က သူ့ကို စေ့စေ့ကြည့်နေသည်ကို သတိမထားမိပေ။
ရွှယ်ကျွင်းလျန်သည် နောက်ထပ်သားတစ်ယောက်ယူရန် စိတ်ကူးထားပြီးသားဖြစ်သောကြောင့် သေချာပေါက် ဖုန့်ဘုရင်၏ အိမ်ရှေ့စံမင်းသမီးကို အလည်အပတ်ခေါ်တဲ့ တောင်းဆိုမှုအစီအစဥ်ကို အလေးမထားပဲ ဧကရီကို ပြန်လွှတ်လိုက်ဖို့ သူမနှစ်မြို့တော့ပေ။
ရွှယ်ကျွင်းလျန်သည် စိတ်ကူးကို အခြားအချိန်အတွက် ဖယ်ထားလိုက်ပြီး အနားယူရန် ရက်အနည်းငယ် ကျန်သေးသည်။ ယွင်ဖုန့် နန်းဆောင်မှာ ညစာစားမယ်ဆိုတဲ့ သတင်းကို ရှို့ယောင်ကို မပြောပြခင် သူစာရင်းစာအုပ်တွေကို
ဖတ်နေလေသည်။
20.2
"အိုး ဟုတ်သား! ရက်အနည်းငယ်အတွင်း အမတ်မင်းဝမ်နျန်အတွက် မင်္ဂလာပွဲတစ်ခု ကျင်းပဖို့ စီစဉ်ထားတယ်။ ဟုန်ယန်က အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်နေဆဲမို့ အိုက်ဖေးလည်း တက်ရောက်ရမယ်နော်”
"အမတ်မင်းဝမ်နျန် က ထန့်နိုင်ငံက ဝန်ကြီးကို လက်ထပ်တော့မယ်ဆိုတာ ကျွန်မကြားပါတယ်"
ထန့်ယွင် သတိကြီးစွာထား၍ စူးစမ်းလိုက်သည်ယ
ရွှယ်ကျွင်းလျန်က ခေါင်းညိတ်ပြီး "ဟုတ်တယ် အဲ့ဒါ ထန့်ရှန်ပဲ"
"... ထန့်ရှန်က ဖြောင့်မတ်တည်ကြည်တဲ့ လူတစ်ယောက်လို့ ကျွန်မကြားတယ်၊ သူယောက်ျားတစ်ယောက်နဲ့ လက်ထပ်ဖို့ သဘောမတူမှာကို စိုးရိမ်မိသား"
ထိုစကားအဆုံး ရွှယ်ကျွင်းလျန်က ရယ်လိုက်သောကြောင့် ထန့်ယွင်ကို စိတ်ရှုပ်သွားစေသည်။
ရယ်မောပြီးမှ ရွှယ်ကျွင်းလျန် က
"အိုက်ဖေးပြောတာမှန်တယ်၊ ဒါပေမယ့် ထန့်ရှန်က စဉ်းစားတတ်တဲ့လူတစ်ယောက်ပါ.. သူက နှစ်ပေါင်းသုံးဆယ်နီးပါး အရာရှိဘဝမှာ တာဝန်ထမ်းဆောင်ခဲ့ပြီးပြီ.. သူ့ပခုံးပေါ်မှာ ဦးခေါင်းမြဲအောင်နေဖို့နဲ့ သူ့ဂုဏ်သိက္ခာကို မျက်နှာပေါ် ထိန်းသိမ်းထားဖို့ရယ်မှာ ဘယ်ဟာက အရေးပါသလဲဆို သူနားလည်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက်ဆိုရင်တော့ သူ့ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့က သေးငယ်တဲ့ကိစ္စတစ်ခုပဲလေ။”
ထို့နောက် သူက သက်ပြင်းချလိုက်ပြီး..
“အဲဒါက အမတ်မင်း ဝမ်နျန် ကို စိတ်ပူလို့ အကြိမ်ကြိမ်တော့ ပြန်စဉ်းစားရမယ်… ဟုန်ယန်ရဲ့ ရည်ရွယ်ချက်က ထန့်ရှန်ထက် ပိုပြီဖြူစင်နေမှာကို စိုးမိသည်။ ကိုယ်တော် ဘယ်လိုပဲကြည့်ကြည့် ဒီပေါင်းဖက်မှုမှာ ဟုန်ယန်က အကျိုးအနည်းဆုံးပဲ။ သူ့ကို နားလည်အောင်လုပ်ရတာ တွင်းထဲကို လှမ်းကြည့်နေရသလိုပဲ.. ကိုယ်တော်က အဲ့ဒီတွင်းကို မြေတွေအပြည့်ဖြည့်ပေးရမယ့်လူပဲဖြစ်နေတယ်။”
ထန့်ယွင်က "ဒါဆို အရှင် ဒီလက်ထပ်ပွဲကို ဘာကြောင့် ခွင့်ပြုခဲ့တာလဲ"
"ဘာကြောင့်လဲ..."
ရွှယ်ကျွင်းလျန်က သူ့ခေါင်းကို ခါလိုက်ပြီး..
"ဘာလို့လဲဆိုတော့ ကိုယ်တော့်ညီလေးအတွက် အမြဲတမ်း စိတ်ပူနေရတယ်လေ။ သူက ခေါင်းမာတယ်၊ နွားကိုးကောင် ဆွဲခံရရင်တောင် မတုန်လှုပ်လောက်တဲ့အထိပဲ.. သူ့မှာ ထန့်ရှန်အပေါ် လေးနက်တဲ့ ခံစားချက်တွေ ရှိနေတယ်ဆိုတာ ကိုယ်တော်သိတယ်၊ အစ်ကိုတစ်ယောက်အနေနဲ့ ဘေးမှာထိုင်ပြီး ဘာမှမလုပ်ပဲ မနေနိုင်ဘူးလေ”
ထန့်ယွင်က သူ့စကားကို လေးလေးနက်နက် နားထောင်နေသည်။ ရွှယ်ကျွင်းလျန်က သူ့ညီအတွက်ကြောင့်လို့ ပြောခဲ့ပေမယ့် သူ့အကြောင်းပြချက်က အမှန်ဟုတ်လား မဟုတ်လားဆိုတာကို ထန့်ယွင် မယုံကြည်နိုင်သေးပေ။
သူလေးလေးနက်နက် တွေးတောရင်းနှင့် သူ့ခါးပေါ်ကို တစ်ခုခုကျနေမှန်း ခံစားလိုက်ရသည်။
ရွှယ်ကျွင်းလျန်က သူ့ကို အနီးဆွဲခေါ်လိုက်ခြင်းဖြစ်သည်။ ရွှယ်ကျွင်းလျန်က လှပသွယ်လျပြီး အသားမာတက်နေသော လက်ချောင်းများကို ထန့်ယွင်ရဲ့ ခါးကို ဖုံးအုပ်ရန် အသုံးပြုထားလေသည်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်၏လက်ကို တစ်ချိန်လုံးကိုင်ထားပြီး ထန့်ယွင်ကို မသက်မသာဖြစ်အောင် လုပ်နေသည်။ အခါအခွင့်သင့်တိုင်း သူ့လက်ကို ရွှယ်ကျွင်းလျန်ဆီမှ ဆွဲထုတ်ဖို့ကြိုးစားပေမယ့် သူကတော့ သတိတောင်မထားမိပေ။
ညစာအချိန်ရောက်သည့်အခါ သူက ထန့်ယွင်၏ပန်းကန်ထဲကို ဟင်းတွေ ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးနေသည်။
ရှို့ယောင်က ထိုမြင်ကွင်းကိုကြည့်ပြီးနောက် သူမအရှင်မ၏ကောင်းမွန်သောအနာဂတ်အတွက် ပျော်ရွှင်နေ၏။ ညစာစားပြီးနောက် ရှို့ယောင်ကို တော်ဝင်သမားတော်အား ခေါ်ဖို့ စေလွှတ်လိုက်သည်။ ထန့်ယွင်မျက်နှာပေါ်က အမာရွတ်တွေက ပျောက်လုနီးပြီဖြစ်ပြီး ပန်းရောင်သန်းနေသည့်နူးညံ့သောအသားအရည်လေး ပြန်ဖြစ်နေပြီပင်။ သို့ပေမယ့်လည်း ခြောက်နေပြီဖြစ်သည့်အရေပြားတွေက ယားယံစေပြီး သူတို့ပတ်ပတ်လည်မှအသားအရည်က နီရဲပြီး ခြောက်သွေ့နေသည်။
ထန့်ယွင်ကိုယ်တိုင်က အဲဒါတွေကို ဂရုမစိုက်ပေမယ့် ရွှယ်ကျွင်းလျန်ကတော့ အနာတွေကို အနီးကပ်ကြည့်ပြီး သမားတော်ကို လိမ်းဆေးပေးဖို့ ပြောလိုက်သည်။
သမားတော်က အနာဖေးများကွာကျပြီးရင် မည်သည့်ခြေရာလက်ရာမှကျန်ခဲ့မှာမဟုတ်ဘူးဟူ၍ အကြိမ်ကြိမ်ကတိပေးသည်ကိုကြားပြီးမှ ရွှယ်ကျွင်းလျန်က သမားတော်ကို ထွက်သွားခွင့်ပြုခဲ့၏။
ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို လိမ်းဆေးလိမ်းဖို့ ကူညီရင်း သူက ရုတ်တရက် ပြုံးပြီး
"အိုက်ဖေးက အရမ်းမွှေးတာပဲ"
ထန့်ယွင်က အခြားလူက သူ့ကိုနောက်နေပြန်ပြီလို့တွေးရင်း "အဲဒါက လိမ်းဆေးရဲ့အနံ့ပါ"ဆိုတာကလွဲပြီး ဘာမှပြန်မပြောခဲ့ပေ။
ရွှယ်ကျွင်းလျန်က လိမ်းဆေးဘူးကိုအနံ့ခံပြီး သူ့ခေါင်းကိုခါလိုက်ကာ
"အဲဒါက အိုက်ဖေးရဲ့ကိုယ်သင်းနံ့ပဲ၊ လိမ်းဆေးနံ့မဟုတ်ဘူး"
ပြီးနောက်မှာတော့ သူကထန့်ယွင်ကို သူ့ရင်ခွင်ထဲဖက်လိုက်ပြီး နဖူးလေးကို ငြင်ငြင်သာသာနမ်းလိုက်သည်။ အနမ်းက ထန့်ယွင်၏နဖူးမှာ အငွေ့အသက်နွေးနွေးကို ချန်ထားခဲ့၏။ ထိုအရာကတိုတောင်းပေမယ့် ထန့်ယွင်၏နှလုံးသားကို ဒရမ်တစ်လုံးမပါဖြစ်သွားစေသည်။ ဒီရိုးရှင်းသောအနမ်းက ရွှယ်ကျွင်းလျန်၏နက်ရှိုင်းသည့်အနမ်းထက် ပိုပြီး ကြောက်စရာကောင်းသည်။ မျက်မှောင်ကြုတ်လိုက်ပြီး ထန့်ယွင်က နောက်ကိုဆုတ်ကာ သူတို့ကြားက အကွာအဝေးကို ပိုခြားစေလိုက်သည်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်၏ထိတ်လန့်ပြီးအံ့သြသွားသည့် တုန့်ပြန်မှုအပေါ် အပြစ်ကင်းသလိုဟန်ဆောင်ပြီး
"ကိုယ်ကအရမ်းလေးလို့လား၊ ကိုယ်မင်းကို နာကျင်သွားစေမိလို့လား"
သေချာပေါက် ထန့်ယွင်က အကြောင်းပြအမှန်ကို ဘယ်ပြောနိုင်ပါ့မလဲ။ သူက နှုတ်ခမ်းကို ဖိကိုက်ပြီးပြောလိုက်သည်။
"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ဒုက္ခမပေးချင်ပါဘူး၊ ဆေးကို ကိုယ့်ဟာကိုယ် လိမ်းနိုင်ပါတယ်"
ဒီအချိန်မှာ ရွှယ်ကျွင်းလျန်က ထပ်ပြီးတွန်းအားမပေးတော့ပေ။ သူက ထန့်ယွင်ကို ဆေးဘူးကိုပေးပြီး ပြောလိုက်သည်။
"အရမ်းနောက်ကျနေပြီ၊ ကိုယ်ပြန်သွားတာ ပိုကောင်းတယ်၊ ရက်အနည်းငယ်အတွင်း ထန့်ရှန်က မင်းကို အရိုအသေပေးဖို့ နန်းတွင်းဝင်လိမ့်မယ်၊ သူက ရွှယ်မိသားစုထဲကို လက်ထပ်ပြီးဝင်လာမှာ၊ အိုက်ဖေးက ဧကရီအနေနဲ့ သူ့ကို ကျင့်ဝတ်အချို့ကို သင်ပေးလိုက်ပါ၊ ဒါဆို သူလည်း အခြားလူတွေ လှောင်တာမျိုး ခံရတော့မှာမဟုတ်ဘူး"
ရွှယ်ကျွင်းလျန် ထွက်သွားတော့ ထန့်ယွင် ရွှယ်ဟုန်ယန်၏ရည်ရွယ်ချက်တွေကို လွတ်လွတ်လပ်လပ် ပူပန်ခွင့်ရလာသည်။
ရွှယ်ဝမ်ပြောတာကိုအခြေခံရလျှင် ရွှယ်ဟုန်ယန်က ထန့်ရှန်အပေါ် ခံစားချက်ရှိနေတယ်ဆိုခြင်းက အမှန်ပဲလား။ ထန့်ယွင် သိနိုင်သလောက်ဆိုပါက ထန့်ရှန်နှင့် အမတ်မင်းဝမ်နျန်တို့ကြား၌ အပြန်အလှန် ဆက်ဆံရေးဆိုတာ မရှိခဲ့ဖူးသလို စစ်မြေပြင်မှာလည်း တိုက်ရိုက်မဆုံဖူးပေ။
ရွှယ်ဟုန်ယန် စစ်သူကြီးအဖြစ်ခန့်အပ်ခံရတော့ ထန့်ရှန်ကို ထန့်ဝမ်က နန်းမြို့တော်ကို ပြန်ခေါ်ပြီးနေပြီ။ အချိန်တစ်ခုကြာပြီးနောက် အသေးအဖွဲ့ကိစ္စလေးကြောင့် ထန့်ဝမ်က ထန့်ရှန်၏အခွင့်အာဏာအားလုံးကို ရုတ်သိမ်းလိုက်ပြီး နန်းမြို့တံခါးအပြင်ဘက်ကို ခြေတစ်လှမ်းပင်ချခွင့်မပြုဘဲ ပိတ်ပင်ခဲ့သည်။ ထန့်ရှန်နှင့် အမတ်မင်းဝမ်နျန်က ရင်းနှီးသည့်ဆက်ဆံရေး ရှိဖို့နေနေသာသာ တစ်ယောက်နှင့်တစ်ယောက် ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပေ။
ထန့်ရှန် ရွှယ်ဟုန်ယန်ကို လက်ထပ်ရန်သဘောတူခဲ့သည်နှင့် ပတ်သက်ပြီး အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ထန့်ယွင်က ထန့်ရှန်၏ဆုံးဖြတ်ချက်ကို အနည်းငယ်နားလည်နိုင်လာသည်။ ထန့်ရှန်က ထန့်ပြည်အပေါ် အလွန်သစ္စာရှိပြီး မကြာခင် သူသေတော့မှာကိုလည်း ခွင့်မပြုနိုင်တာ သေချာသည်။
အမှန်တော့ ရွှယ်ကျွင်းလျန်က ခွင့်ပြုထားသရွေ့ ရွှယ်ဟုန်ယန်က သူကြိုက်တာဘာမဆို လုပ်နိုင်၏။ ထန့်ရှန်နှင့်လက်ထပ်မယ်ဆိုသော သူ့ရည်ရွယ်တွေနောက်မှာ ထန့်ရှန်၏လွှမ်းမိုးမှု ရှိနိုင်သည်။
သို့ပေမယ့် သူဘယ်လောက်ပဲစဥ်းစားစဥ်းစား ထန်ယွင်အနေနှင့် ဘာလို့ရွှယ်ကျွင်းလျန်က ဒါကိုဖြစ်ခွင့်ပေးလိုက်ရသလဲဆိုတာ နားမလည်သေးပေ။ ရန်သူတစ်ယောက်ကို လက်ခံလိုက်ခြင်းက ဘေးဆိုးကြီးကို ဖိတ်ခေါ်နေသလိုပင်။ ရွှယ်ကျွင်းလျန်က သူ့ညီလေးကိုဘယ်လောက်ပဲချစ်ပါစေ ဒီလို အဆင်အခြင်မဲ့တာမျိုးကို လုပ်မယ့်လူမဟုတ်ချေ။
xxxxxx