Chapter 21
တွေ့ဆုံခြင်း
-
အမတ်မင်းဝမ်နျန်၏လက်ထပ်ပွဲက ရွှယ်ပြည်၏အဓိကပွဲတစ်ခုဖြစ်သဖြင့် အခမ်းအနားကို စနစ်တကျ လုပ်ဆောင်ရမည်။ ရွှယ်ကျွင်းလျန်က သူကိုယ်တိုင် ကြီးမှူးကျင်းပပေးမယ်ဆိုတာကိုပါ ပေါင်းထည့်လျှင် သဘာဝကျကျပင် ဘယ်သူကမှ ယင်းနှင့်ပတ်သက်ပြီး မကောင်းတာမပြောရဲကြပေ။
ရွှယ်ဟုန်ယန်နှင့် ထန့်ယန်က နန်းတော်ထဲကို အတူဝင်လာကြသည်။ မကြာခင်မှာ ဇနီးတစ်ယောက်ဖြစ်လာတော့ည့် ထန့်ရှန်က နန်းတွင်းဝင်ပြီး ဧကရီကို အလေးအမြတ်ထား အရိုအသေပေးရသည်။ အခြားတစ်ဖက်မှာတော့ ရွှယ်ဟုန်ယန်က ရွှယ်ကျွင်းလျန်နှင့်စကားပြောဖို့ ထွက်သွား၏။ ရွှယ်ဟုန်ယန်၏အသွင်အပြင် ဘယ်လောက်တောက်ပနေလဲဆိုတာကိုကြည့်ပြီး ရွှယ်ကျွင်းလျန်က မပြုံးပဲမနေနိုင်တော့ပဲ ပြောလိုက်သည်။
"ကြည့်ပါဦး၊ ဒီလက်ထပ်ပွဲအတွက် မင်းဘယ်လောက်ဂုဏ်ယူနေလဲဆိုတာ၊ ငါသိတဲ့ ရည်မှန်းချက်ကြီးတဲ့ အမတ်မင်းက ဘယ်မှာလဲ၊ လူတွေကို ဒီအမတ်မင်းက ဇနီးကြောက်ရတဲ့လူဆိုတာ မသိစေနဲ့"
ရွှယ်ဟုန်ယန်က ရှက်ရွံ့စွာရယ်ပြီး
"အရှင်မင်းကြီး ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို စနောက်နေတာရပ်ပါတော့"
ရွှယ်ကျွင်းလျန်ကပြောသည်။
"ငါ မင်းရဲ့လက်ထပ်ပွဲကို သဘောတူလိုက်ပေမယ့်၊ ထန့်ရှန်က ရိုးရှင်းတဲ့လူမဟုတ်ဘူး၊ သူ့စိတ်က မင်းထက်တောင် နက်ရှိုင်းနေနိုင်တယ်၊ မင်းသူ့ကို ထိန်းချုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်ဘူးဖြစ်စေ၊ အဲဒါက မင်းအပေါ်မှာပဲ မူတည်တယ်၊ ဒါနဲ့ပတ်သက်ပြီး ငါမင်းကို ဘာမှမကူညီနိုင်ဘူး"
ရွှယ်ဟုန်ယန် သက်ပြင်းချကာ
"အမှန်အတိုင်းဆို ကျွန်တော် ဒါကအတည်ဖြစ်လာမယ်ဆိုတာ စိတ်တောင်မကူးဖူးဘူး"
ရွှယ်ကျွင်းလျန်က ပြောသည်။
"မင်းတို့နှစ်ယောက် အကြာကြီးအတူရှိနိုင်မယ်ဆိုတာ ငါမြင်နေရတယ်၊ အနည်းဆုံးတော့ သူကမင်းကို မငြင်းဆန်ဘူး"
သူကထပ်မံမဆိုခင် လည်ချောင်းကိုရှင်းလိုက်ကာ
"ဟုန်ယန် ၊ တကယ်လို့ ဇနီးသည်က ခင်ပွန်းကို အမြဲငြင်းဆန်နေရင် အဲဒီဇနီးသည်ထပ်မငြင်းဆန်တော့အောင် ခင်ပွန်းအနေနဲ့ဘာလုပ်သင့်လဲ"
"ဟင်..."
ရွှယ်ဟုန်ယန် တုန့်ဆိုင်းသွား၏။
"အရှင်မင်းကြီး၊ ချန်တိက လက်မထပ်ရသေးပါဘူး၊ ဒါကြောင့် အဲလိုပြဿနာမျိုးကို မသိပါဘူး"
ရွှယ်ကျွင်းလျန်က သူ့လက်ကိုယမ်းကာ
"ဘာမှမဟုတ်တော့ဘူး ၊ စိတ်မပူပါနဲ့"
ရွှယ်ကျွင်းလျန်က ထိုသိူ့ပြောသော်လည်း ရွှယ်ဟုန်ယန်ကတော့ ရွှယ်ကျွင်းလျန်ပြောနေတာက အခြားအကြောင်းအရင်းဟု ခံစားနေရဆဲပင်။ သူက အဖြေကို ပေးချင်ရကား ဘာကိုမှဂရုမစိုက်ပဲ ပြောလိုက်လေသည်။
"ဖြစ်နိုင်တာက အဲဒီ့ဇနီးရဲ့ရင်ထဲမှာ အခြားယောက်ျားရှိနေလို့များလား"
ဤအရာကိုကြားပြီးနောက် ရွှယ်ကျွင်းလျန်၏မျက်နှာက မျက်တောင်တစ်ခတ်စာအတွင်း မည်းမှောင်သွားသည်။
ရွှယ်ဟုန်ယန်က သူမပြောသင့်တာကို ပြောလိုက်မိသလားလို့ မတွေးပဲမနေနိုင်တော့။
ထန့်ချမ်ယီပြောသည့် ဧကရီနှင့်ထန့်ရှန်က မိတ်ဆွေဟောင်းတွေ ဖြစ်နိုင်တယ်ဆိုတာကိူ သတိရသွားသလို သူက ထန့်ရှန်ကို ဧကရီကိုတွေ့ဖို့ လွှတ်လိုက်သေး၏။
ရွှယ်ဟုန်ယန်က သူမပြောသင့်တာကို ပြောလိုက်မိသလားလို့ မတွေးပဲမနေနိုင်တော့။
သူချွေးတွေစထွက်လာချိန် ရွှယ်ကျွင်းလျန်ပြောတာကို ကြားလိုက်ရသည်။
"ယွင်ဖုန့်နန်းဆောင်ကို သွားကြရအောင်၊ နေ့လည်စာ စားချိန်ရောက်နေပြီ၊ ငါတို့အတူစားလို့ရတာပေါ့"
_
ထန့်ရှန်က လက်ထပ်ပြီး မိသားစုထဲ ရောက်လာပြီမို့ ဧကရီကိုတွေ့ဖို့ အပို့ခံရသည်။ သို့သော်လည်း ထန့်ရှန်က ယောက်ျားတစ်ယောက်ဖြစ်တာကြောင့် သူက ဧကရီ၏မျက်နှာကို အလွယ်တကူ ကြည့်ခွင့်မရပေ။ သူတို့ကြားမှာ ပုတီးစေ့ကန့်လန့်ကာနှင့် ခြားထားမှာဖြစ်သည်။
အမျိုးသားအစေခံက ထန့်ရှန်ကို ပင်မအခန်းထံ ခေါ်လာသည်။ ရှို့ယောင်က ဧကရီဟာ လက်ဖက်ရည်ခန်းမတွင်ရှိကြောင်းပြောကာ သူ့ကို ထိုနေရာကို ဦးဆောင်ခေါ်သွားသည်။
လက်ဖက်ရည်ခန်းမက ပင်မအခန်း၏ဘေးမှာဖြစ်သည်။ တံခါးကိုဖြတ်ပြီးနောက် ထိုနေရာမှာ ကန့်လန့်ကာတစ်ခုရှိနေ၏။ ကန့်လန့်ကာနောက်တွင် စာအုပ်စင်အသေးလေးနှင့် စားပွဲတစ်လုံးရှိပြီး ဘေးတွင် ပုတီးစေ့ကန့်လန့်ကာ ရှိသည်။ ပုတီးစေ့ကန့်လန့်ကာအတွင်းတွင် လှပသောအမျိုးသမီးတစ်ဦး ရှိနေသည်။
ထန့်ရှန်က သူ့ကိုယ်သူ မြေပြင်ပေါ် နှိမ့်ချပြီး ရိုသေမှုအပြည့်ဖြင့် ဆိုသည်။
"ထန့်ရှန် ဧကရီအရှင်မကို အရိုအသေပေးပါတယ်"
ပုတီးစေ့ကန့်လန့်ကာကိုဖြတ်ပြီး ထန့်ယွင် ထန့်ရှန်ကို ကောင်းကောင်းမြင်ရသည်။ ဒါပေမယ့် သူက ခေါင်းကို အလွန်နှိမ့်ထားသဖြင့် အမူအယာကိုတော့ မမြင်ရပေ။
မိတ်ဖွဲ့ချိန်ကလွဲ၍ အခြားတိုင်းပြည်မှ ဝန်မင်းများက အခြားတိုင်းပြည်၏တော်ဝင်သူများကို ဒူးမထောက်ပေ။ သူတို့က သူတို့ကိုယ်တိုင်၏စစ်မှန်သောဘုရင်နှင့် မွေးဖွားပေးသည့်မိဘတွေကိုသာ ဒူးထောက်သည်။
21.2
ယနေ့မတိုင်ခင် ထန့်ရှန်က ကြင်ယာအသစ်ကို လိုက်ပို့ပေးသူသာဖြစ်သဖြင့် ထန့်ယွင်ရှေ့မှာ ဒူးမထောက်ပေ။ ဒါပေမယ့် အခုတော့ သူက ထန့်ပြည်ကဝန်မင်းမဟုတ်တော့။ သူက အမတ်မင်းဝမ်နျန်၊ ရွှယ်ဟုန်ယန်၏ ဇနီးဖြစ်လာတော့မည်။ သူဒူးထောက်ရပေမည်။
ထန့်ယွင် သူ့ကိုယ်သူ တည်ငြိမ်အောင် အကောင်းဆုံးကြိုးစားပြီး ပြောလိုက်သည်။
"ထပါ၊ ရှို့ယောင် ခုံယူလာ"
ထန့်ရှန်၏ ယဉ်ကျေးသည့်အပြုအမူက တစ်ခါပင် မယိမ်းယိုင်သွားပေ။ ထိုင်ရာကမထခင်မှာ ဧကရီကို ကျေးဇူးတင်စကားဆိုလိုက်သည်။
_
လူနှစ်ဦးစလုံးက ဘာသိဘာသာနေတတ်သောပုံစံတွေ ဖြစ်ကြသည်။ သူ့ရှေ့ကလူက ထန့်ယွင်ဆိုတာကို ထန့်ရှန်မသိချေ။ သူ့မှာ ဘာမှပြောစရာမရှိတာ သဘာဝကျလေသည်။ ထန့်ယွင်က စကားစမြည် ဘယ်လို စတင်ပြောဆိုရမည်ကို မသိပေ။
ထန့်ရှန်က ယောက်ျားသားတစ်ယောက်ဖြစ်သည်။ နန်းဆောင်ထဲမှ အစေခံအားလုံးကို အပြင်ထွက်သွားခိုင်းလိုက်ပြီး သူ့အပေါ်သံသယကို ဆွဲဆောင်ဖို့လည်း မဖြစ်နိုင်ပေ။ အင်ပါယာမောင်းမဆောင်ရှိ နံရံများတွင် မျက်လုံးနှင့် နားများစွာပါရှိပြီး သူက ပြဿနာဖန်တီးလောက်အောင်တော့ မမိုက်ပါလေ။ ထိုလူများရှေ့တွင် ထန့်ယွင် ပွင့်ပွင့်လင်းလင်း မပြောနိုင်ပေ။
အချိန်အတော်ကြာအောင် သူတို့နှစ်ယောက်လုံး ဘာမှမပြောဖြစ်ကြပဲ လေထုက ကိုးရို့ကားယားဖြစ်နေသည်။ ရှို့ယောင်က ကြမ်းပြင်ပေါ်သို့ တလေးတစား ငုံ့ကြည့်နေရသော်လည်း သူ့သခင်မက ဤထန့်ရှန်ကို မကြိုက်လောက်ပါဘူးလို့ မတွေးမိပဲ မနေနိုင်ပေ။ အံ့ဩစရာတော့လည်း မဟုတ်ပေ။ အမျိုးသားဇနီးသည်တစ်ယောက်က လူ့အဖွဲ့အစည်းအတွက် အလွန်တုန်လှုပ်စေသော အရာတစ်ခုဖြစ်သည်ပင်။
အမှန်ကို.. ဧကရီက သူ့ကို မကြိုက်ဘူး။ သူမက ကြိုက်တယ်ဆိုရင်မှ ထူးဆန်းနေလိမ့်မယ်။
ရှို့ယောင် လက်ဖက်ရည်အိုးကို ပြန်ဖြည့်ဖို့ မသိမသာထွက်လာသည်။ သူမသည် လက်ဖက်ရည်သောက်ခန်းမှ ထွက်လာပြီး ပင်မအခန်းထဲသို့ ဝင်လာစဉ် ရွှယ်ကျွင်းလျန်သည် သူ့နောက်မှ ရွှယ်ဟုန်ယန်နှင့်အတူ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။
ရှို့ယောင်က ရွှယ်ဝမ် ရောက်ရှိလာကြောင်း အစေခံ ကြေငြာတာကို မကြားသောကြောင့် သူမ အလွန်အံ့ဩသွားသည်။ သူမ ပါးစပ်ကို ဖွင့်ခါနီးတွင် ရွှယ်ကျွင်းလျန်က ရပ်တန့်ခိုင်းခဲ့သည်။
ရွှယ်ကျွင်းလန်က လက်ဖက်ရည်ခန်းထဲကို တည့်တည့်မသွားပဲ
“ထန့်ရှန်ရောက်ပြီလား” ဟု မေးသည်။
“အရှင့်ကို ပြန်ဖြေပါတယ်.. ဝန်မင်းက ရောက်လာပေမယ့် အခုထိ မပြန်ရသေးဘူး၊ သူက လက်ဖက်ရည်ခန်းထဲမှာပါ”
ရွှယ်ကျွင်းလျန် လက်ဖက်ရည်ခန်းဘက်သို့ လှည့်လိုက်ရင်း ရှို့ယောင်ကို စိတ်ရှုပ်ထွေးသွားစေခဲ့သည်။
ရွှယ်ကျွင်းလျန်သည် လူများကို သူရောက်ရှိလာကြောင်း ကြေငြာခွင့်မပြုခဲ့ပေ။ သူရောက်ရှိလာမှုက လက်ဖက်ရည်ခန်းဆီသို့ တိတ်တိတ်လေး ဝင်ရောက်ပျောက်ကွယ်သွားသည်။ သူ လိုက်ကာစကို ဖြတ်ကျော်ပြီးနောက် ထန့်ရှန်က ဘေးမှာထိုင်နေပြီး ဧကရီက ပုတီးစေ့လိုက်ကာနောက်တွင် ထိုင်နေတာကို တွေ့လိုက်ရပြီး မည်သည့် လွဲချော်မှု သို့မဟုတ် မလျော်ကန်မှုကိုမှ မတွေ့ရပေ။ ထိုမှပင် သူ့နှလုံးသား ငြိမ်သက်သွားသည်။
ထန့်ရှန် ရွှယ်ကျွင်းလျန်ကို မြင်သောအခါ ရွှယ်ကျွင်းလျန်ကို ကြိုဆိုရန် ကြမ်းပြင်ပေါ်တွင် မတ်တပ်ရပ်ပြီး ဒူးထောက်လိုက်သည်။ ထန့်ရှန်၏ အပြင်ပန်းက ငြိမ်သက်နေပုံရကာ ဒါက ရွှယ်ဟုန်ယန်ကို စိတ်မသက်မသာဖြစ်စေသည်။
သူသည် ထန့်ရှန်ကို တစ်ကြိမ်ထက်ပို၍ မတွေ့ဆုံခဲ့ရတာမျိုး ဖြစ်နိုင်သော်လည်း ၎င်းတို့နှစ်နိုင်ငံသည် နှစ်ပေါင်းများစွာ စစ်မက်ဖြစ်ပွားနေခဲ့သည်။ ရွှယ်ဟုန်ယန်သည် ဝန်ကြီးရှန့်၏ စရိုက်အကြောင်း အကြိမ်များစွာ ကြားသိခဲ့ရသည်မှာ မလွဲဧကန်ပင်။
ထန့်ရှန်က ရွှယ်နိုင်ငံ၏ တော်ဝင်သူများရှေ့ ဒူးထောက်နေတာကို ကြည့်နေရင်း ရွှယ်ဟုန်ယန်သည် ထန့်ရှန့်တစ်ယောက် ခါးသီးသောခံစားချက်များ ဖြစ်ပေါ်နေမည်ကို သိသည်။
ရွှင်ကျွင်းလျန်သည် ထန့်ယွင်ဆီသို့ လျှောက်သွားသည်။ နန်းတော်အစေခံတစ်ဦးသည် အမိန့်မရပဲ ပုတီးစေ့ကန့်လန့်ကာကို ဖယ်လိုက်သည်။ ထန့်ယွင်ကလည်း ရွှယ်ကျွင်းလျန်ကို နှုတ်ဆက်ဖို့ ရပ်နေသည်။
ရွှယ်ကျွင်းလျန်က ထန့်ရှန်ကို မပြောမှီ ထန့်ယွင်ထနိုင်စေရန် အရင်ကူညီပေးခဲ့သည်။
“သခင်ထန့်ရှန် ဒီလောက်ထိ ယဉ်ကျေးနေဖို့မလိုဘူး ဟုန်ယန် သူ့ကို မတ်တပ်ရပ်ခိုင်းလိုက်ပါ။”
ရွှယ်ဟုန်ယန်သည် ထန့်ရှန်ကို ကြမ်းပြင်ပေါ်မှ ထဖို့ ကူညီရန် ရှေ့တိုးလာခဲ့သည်။ ထန့်ရှန်က သူ့ရဲ့ထိတွေ့မှုကို မငြင်းဆန်ခဲ့ပေ။ သာမန်ထက် ဘာမှမထူးခြားသလိုပဲ သူ့အမူအရာက ငြိမ်သက်နေဆဲ။
ရွှယ်ကျွင်းလျန်က “တော်ဝင်သမားတော် ဒီကိုလာသွားလား”
ရွှယ်ကျွင်းလျန် သူ့ကို စကားပြောနေတာကို ကြားတော့ ထန့်ယွင်က “သူလာပါတယ်”
“လိမ်းဆေးလိမ်းဖို့ မမမေ့နဲ့နော်။ ရလဒ်တွေပြသဖို့ ပုံမှန်လိမ်းပေးဖို့ လိုအပ်တယ်လို့ သမားတော်က ပြောတယ်”
ရွှယ်ကျွင်းလျန်က သူတကယ်ကို စိုးရိမ်နေသလိုပင် ထန့်ရှန်နှင့်ရွှယ်ဟုန်ယန်တို့ကို ကြားလည်း ဂရုမစိုက်သလိုမျိုး။
ထန့်ယွင်ကို ရှည်ရှည်ဝေးဝေးသတိပေးပြီးနောက် ရွှယ်ကျွင်းလျန်က ရွှယ်ဟုန်ယန်ဘက်လှည့်ပြီး
“ဟုန်ယန် မင်္ဂလာဆောင်ပြီးရင် ဖုန့်နိုင်ငံကို သွားလည်တဲ့အခါ မင်းဧကရီကို လိုက်ပို့ပေးဖို့ လိုအပ်တယ်”
“ဒီငယ်သားက နာခံမှာပါ” ဟု ရွှယ်ဟုန်ယန်က
“ချန်တိ အရှင်မကို နန်းတော်ဆီ ဘေးကင်းစွာ ပြန်လာဖို့ သေချာပါတယ်” ဟုဆိုသည်။
ရွှယ်ကျွင်းလျန်က ပြုံးပြီးပြောသည်။
“သေချာပေါက် မင်းကို ကိုယ်တော်ယုံတယ်.. ဟုန်ယန် မင်းထက် ကိုယ်တော်ယုံတဲ့လူမရှိဘူး”
ထိုအချိန်တွင် ကျန်းယွီက “အရှင်မင်းကြီး.. အရှင့်အတွက် လျှို့ဝှက်စာတစ်စောင်ရှိပါတယ်” ဟူ၍ သတင်းပို့လာသည်။
ရွှယ်ကျွင်းလျန်က မှတ်စုကို ချက်ချင်းယူလာစေသည်။
ရွှယ်ကျွင်းလျန်က မှတ်စုကို ဖွင့်လိုက်သည်။ စာရွက်တစ်ရွက်က သေးသေးလေးဖြစ်ပြီး စာရွက်ပေါ်က စာသားက ပိုသေးပါသည်။ ထန့်ယွင်က ရွှယ်ကျွင်းလျန်နှင့် အလွန်နီးကပ်စွာ ရပ်နေသော်လည်း စာသားကို မမြင်နိုင်သည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။
သို့သော် သူ တမင်သက်သက် လုပ်မလုပ် မသိသော်လည်း ရွှယ်ကျွင်းလျန် မှတ်စုကို ဖတ်လိုက်သောအခါ အနည်းငယ်စောင်းသွားပြီး ထန့်ယွင်က စာလုံးသေးသေးများကို ရှင်းလင်းစွာ မြင်သွားရသည်။
--ဖုန့်ဘုရင်မှာ လျှို့ဝှက်အစီအစဉ်တွေရှိတယ်။
သို့သော် ထိုအကြံအစည်ကို ရွှယ်ကျွင်းလျန်၏ လက်မဖြင့်ဖုံးအုပ်ထားတာကြောင့် ထန့်ယွင် ဖတ်၍မရပေ။
မှတ်ချက်ကို ဖတ်ပြီးနောက် ရွှယ်ကျွင်းလျန်သည် ၎င်းကို သူ၏လက်စွပ်ကျယ်ထဲသို့ ထည့်လိုက်ပြီး နောက်ထပ်မပြောတော့ပေ။ သူက ကျန်းယွီကို ယွင်ဖုန့်နန်းဆောင်မှာ နေ့လည်စာပြင်ခိုင်းပြီး ရွှယ်ဟုန်ယန်နှင့်ထန့်ရှန်ကိုပါ နေပြီး နေ့လည်စာအတူစားဖို့ ဖိတ်ခေါ်လိုက်သည်။
ထန့်ရှန်နှင့်ရွှယ်ဟုန်ယန်၏လက်ထပ်ပွဲနေ့တွင် ထန့်ရှန်၏မင်္ဂလာသတင်းကို သွားပို့သော ရွှယ်ကျွင်းလျန်၏ သံတမန်သည် ထန့်ပြည်ကိုရောက်သွားခဲ့၏။ ထိုအချိန်တွင် သတင်းက နောက်ကျသွားပြီဟူ၍ ယူဆ၍ရသည်။ အားလုံးပြောပြီးသလို ပြီးစီးသွားပြီပင်။
ပထမတွင် ထန့်ဝမ်က ရွှယ်ကျွင်းလျန်၏သံတမန်မှာ ထန့်ယွင်၏အရိုးပြာတို့ကို ယူလာခြင်းဟု ထင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းကို ထန့်ရှန်က ပြန်ယူလာဖို့ဆိုတာ မဖြစ်နိုင်၍ပင်။ သူ၏အိမ်မက်ထဲ၌ပင် ရွှယ်သံတမန်က သူ့ထံကို ဂုဏ်ပြုစရာမင်္ဂလာသတင်းအတွက် လာလိမ့်မည်ဟု အိမ်မက်ပင်မမက်ဖူးပါပေ။
ထန့်ဝမ်သာမဟုတ် မင်းမှုထမ်းအားလုံးသည်လည်း ထိတ်လန့်သွားကြသည်။ ထန့်ရှန်သာ ရွှယ်ပြည်၏မင်းသမီးနှင့် လက်ထပ်လိုက်လျှင် ယင်းကို နားလည်ပေး၍ရပါသည်။ သို့သော်လည်း လက်ရှိမှာ ရွှယ်ပြည်တွင် မင်းသမီးမရှိပေ။
ထန့်ရှန်ကသာ ဇနီးဖြစ်သွားတဲ့ တစ်ယောက်ပဲလား။
သံတမန်က ထန့်ရှန်၏မင်္ဂလာသတင်းကို ယူလာခြင်းဖြစ်သည့်တိုင် ဤသည်မှာ သတိပေးချက်တစ်ခုဖြင့် ပို၍တူလေသည်။ အားလုံးပြီးတဲ့နောက် ထန့်ပြည်သည် အမည်ခံသာရှိသည့် တိုင်းပြည်တစ်ခုမျှသာဖြစ်တော့သည်။
ထို့အပြင် ထန့်ဝမ်၏သမီးတော်မှာလည်း ရွှယ်ကျွင်းလျန်၏လက်တွင်း ကျရောက်နေပြီဖြစ်ကာ တရားဝင်အားဖြင့် သူမကဧကရာဇ်၏ကိုယ်လုပ်တော်တစ်ပါး ဖြစ်သော်လည်း အမှန်တော့ သူမက ဓားစာခံတစ်ဦးမျှသာဖြစ်ကြောင်းကို ထန့်ဝမ်က ရှင်းလင်းစွာသိထားလေသည်။
-
ရွှယ်ဟုန်ယန်က သူ့ကိုယ်သူ သေရည်ထဲမှာနှစ်မြှုပ်ပစ်လိုက်သည်။ အခန်းပြန်သွားတဲ့တစ်လျှောက်လုံး သူက သေရည်များစွာကို သောက်ခဲ့သည်။ အချို့အရာရှိများက ရွှယ်ဟုန်ယန်မှာ သူ့ဇနီးကိုမမြင်ချင်ဘူးတွေးနေကြကာ ဇနီးသစ်က ယောက်ျားတစ်ယောက်ဖြစ်နေခြင်းကို နားမလည်နိုင်ဖြစ်နေသည်ဟု ထင်ကြသည်။ သို့သော်လည်း အချို့ကတော့ ရွှယ်ဟုန်ယန်က ကံကောင်းလွန်းသည်ဟု တွေးကြ၏။ ဤလက်ထပ်ပွဲက ရွှယ်ဟုန်ယန်၏အခွင့်အာဏာကို သက်သေပြချက်တစ်ခုအဖြစ် ဖြစ်ပေါ်လာဖြင်းဖြစ်သည်။
အကြောင်းပြချက်နှစ်ခုကို အခြေခံလိုက်လျှင် လူတွေက ရွှယ်ဟုန်ယန်အား ဂုဏ်ပြုဖို့ သူ့အနားကပ်လာကြသည်။
အဆုံးတွင်မူ ရွှယ်ဟုန်ယန်မှာ သူ့အခန်းကို ပြန်ဆွဲပို့ခံလိုက်ရ၏။
သူတို့ တံခါးကိုဖွင့်လိုက်သည့်အခါ ထန့်ရှန်တစ်ယောက် အိပ်ယာပေါ်မှာထိုင်နေတာကို သူတို့မြင်လိုက်ရသည်။ သူက သတို့သားမင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားလျက်။ သူတို့က ထန့်ရှန်မှာ သတို့သမီးဝတ်စုံကို ဝတ်ထားမည်ဟုထင်ခဲ့ကြသော်လည်း ထန့်ရှန်ကို ကြည့်ရသည်မှာ သတို့သားတစ်ဦးဆိုတာထက် အလွန်ခန့်ညားသည့် သတို့သားတစ်ဦးနှင့် တူလေသည်။
လူတိုင်းက ရယ်မောပြီးစနောက်ကြသည့်တိုင် မည်သူမှ ကြာကြာမနေရဲကြချေ။ ယင်းက လက်ထပ်ပွဲ၏အဆင်မပြေသည့်အပိုင်းဖြစ်၏။ လူတွေက သူတို့မင်္ဂလာဦးညကို ဘယ်လိုဖြတ်ကျော်မလဲမသိပေမယ့် သူတို့ဝင်မပါတာက ပိုကောင်းတာကိုတော့ သိကြလေသည်။ သူတို့ထွက်သွားသည်နှင့် သူတို့နောက်ရှိတံခါးက ပိတ်သွားခဲ့သည်။
ရွှယ်ဟုန်ယန်က အိပ်ယာထံ ယိုင်တိယိုင်တိုင်လျှောက်သွားကာ ရပ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ထောက်လိုက်သည်။ ကုတင်ပေါ်ရှိ ပြန်ကျဲနေသည့်အဝတ်စကို စမ်းမိရာ သူခဏမျှ ငြိမ်သက်သွားခဲ့သည်။ သူ့ခေါင်းကိုလှည့်ကာ မျက်လုံးတို့ကတော့ ထန့်ရှန်ကို ရှာနေခဲ့သည်။
သူထန့်ရှန်ကို မြင်သည်နှင့် သူကအမြန်ပင်အကြည့်လွှဲလိုက်ပြီး သူ့ခြေထောက်တွေ လှုပ်ယမ်းသွားသည်။
xxxxxx