Chapter 22
မင်္ဂလာပွဲ
ရွှယ်ဟုန်ယန် လည်ချောင်းကိုရှင်းလိုက်ကာ ဆိုသည်။
"နောက်ကျနေပြီ၊ ဝန်မင်းရှန် ခင်များနားသင့်ပြီ၊ ကျွန်တော်.. ကျွန်တော် ဧည့်ခန်းမှာ အိပ်လိုက်ပါ့မယ်"
သူကတံခါးထံ လှည့်ထွက်သွားပေမယ့် ထန့်ရှန်၏စကားလုံးတွေက သူ့ကို တားဆီးလာသည်။
"နယ်စားမင်းက ကျွန်တော့်အတွက် ဧည့်ခန်းမှာအိပ်ဖို့ လုပ်တာကိုသိပါတယ်၊ ဒါပေမယ့် လူတွေက ဒီလိုတွေးမှာမဟုတ်ဘူး၊ သူတို့ကတော့ မသင့်တော်ဘူးလို့ပဲ တွေးကြမှာပဲ"
ရွှယ်ဟုန်ယန် ရပ်တန့်သွားရ၏။ ကြည့်ရတာ သူလုံးဝ သတိမရသေးပုံပင်။ သူ၏တုန့်ပြန်မှုက နှေးကွေးလို့နေသည်။ ခေါင်းကိုငြိမ့်ကာ သူကပြောသည်။
"ခင်များမှန်တယ်၊ ကျွန်တော် အဲ့အကြောင်း မတွေးလိုက်မိဘူး၊ ကျွန်တော် ကြမ်းပြင်ပေါ်မှာ အိပ်ပါ့မယ်"
ရွှယ်ဟုန်ယန်က အလွန်ရိုးသားလေသည်။ ယင်းက ထန့်ရှန်ကိုပြုံးစေကာ ပြောလိုက်သည်။
"နယ်စားမင်း၊ မင်းကိုကြည့်ရတာ အတော်လေး မူးနေပုံပဲ၊ ဘယ်လိုလုပ် မင်းက ကြမ်းပြင်မှာအိပ်ရမှာလဲ၊ မင်းအအေးမိသွားမှာကို ကျွန်တော်စိုးရိမ်မိပါရဲ့"
ရွှယ်ဟုန်ယန်က ထိုအပြုံးကိုကြည့်ကာ သူ့လည်ချောင်းတွေတင်းကြပ်လာသလို ခံစားလိုက်ရသည်။ ခြောက်သွေ့နေမှုကို သက်သာစေရန် သူကတံတွေးမြိုချလိုက်ပြီး သူ့အကြည့်တွေကို လွှဲလိုက်လေသည်။
ထန့်ရှန်ကပြောလိုက်သည်။
"ဒီအိပ်ယာက ယောက်ျားနှစ်ယောက် အိပ်လောက်အောင် ကြီးပါတယ်၊ ကျွန်တော်တို့အတူအိပ်လို့ရတယ်၊ ဒါပေမယ့် နယ်စားမင်း ကျွန်တော့်ကို သံသယဝင်နေသေးရင်တော့ ရပါတယ် ထားလိုက်ပါ"
သူ့နှလုံးသားက စူးလာသလိုခံစားလိုက်ရပြီး ရွှယ်ဟုန်ယန်က နောက်ဆုံးတွင် ကုတင်ဆီလာကာ ထန့်ရှန်ဘေးသို့ ဝင်လိုက်လေသည်။ ဖယောင်းတိုင်တွေက ထွန်းညှိထားဆဲဖြစ်ကာ အခန်းတစ်ဝှိုက်တွင် မှိန်ဖျော့ဖျော့အလင်းရောင်များ ဖြန့်ကျက်နေသည်။ လေထူအခြေအနေက ရွှယ်ဟုန်ယန်ကို ထူးဆန်းစွာ ခံစားရစေသည်။
"ဝန်မင်းရှန်၊ ဖြစ်နိုင်တာက ခင်.. ခင်များ အခုအခြေအနေအတွက် ကျွန်တော့်ကို အပြစ်တင်နေလား"
ရွှယ်ဟုန်ယန်မှာ သူ့စိတ်ထဲတွင် တစ်ချိန်လုံးပြဿနာဖြစ်နေခဲ့သည့် မေးခွန်းအတွက် ဘယ်ကသတ္တိများ ရလာသလဲဆိုတာ မသိတော့ပေ။
ထန့်ရှန် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူက ဘယ်လိုလုပ် သူ့ကို အပြစ်တင်နိုင်မှာတဲ့လဲ။ ရွှယ်ဟုန်ယန်ကသာ ထန့်ရှန်ကို ကယ်တင်ဖို့ ကြိုးစားခဲ့သူပင်။
သူကသာ ဆိုးယုတ်သည့်အတွေးတို့ဖြင့် ရွှယ်ဟုန်ယန်အပေါ် အခွင့်ကောင်းယူခဲ့သူမှာ ထန့်ရှန်သာဖြစ်၏။
ထန့်ရှန် ပြုံးကာဖြင့် "ဟင့်အင်း၊ ကျွန်တော်က မင်းကို ကျေးဇူးတင်နေတာပါ၊ နယ်စားမင်း မင်းဘယ်လိုလုပ် သူစိမ်းတစ်ယောက်ရှေ့မှာ မူးအောင်သောက်ရဲရတာလဲ၊ မင်းအသိလွတ်နေချိန် ကျွန်တော်မင်းကို သတ်လိုက်မှာကို မကြောက်ဘူးလား"
"ကျွန်တော်... ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော် အဲ့အကြောင်း မတွေးမိဘူး"
"ကျေးဇူးတင်ပါတယ် နယ်စားမင်း၊ကျွန်တော့်ကို ယုံကြည်ပေးတဲ့အတွက်..၊ ကျွန်တော်ကတော့ တကယ်ကို အရှက်ရမိပါတယ် "
ပြောပြီးသည်နှင့် ထန့်ရှန် သူ့ဘေးမှလူ၏ အသက်ရှူသံမှန်မှန်ကို ကြားလိုက်ရသည်။ ကြည့်ရတာ မြန်မြန်အိပ်ပျော်သွားပုံပင်။
ထန့်ရှန် သက်ပြင်းချလိုက်၏။ ရွှယ်ဟုန်ယန်က သူစိမ်းများနှင့်ဆိုလျှင် သူ့ကိုယ်သူ စောင့်ကြပ်မှုကို ချလိုက်မယ့်လူမဟုတ်ချေ။(သတိလက်လွတ်မနေ)
စစ်မြေပြင်တွင် သူက အမြဲသတိအပြည့်ဖြင့်နေလေ့ရှိပြီး ရန်သူက သူ့ထက်ပိုပြီးထက်မြက်တာကို သိရကား သူ့ထံနီးကပ်လာနိုင်သည့် အန္တရယ်ဖြစ်နိုင်ချေတို့ကို ဘယ်တော့မှ လျစ်လျူရှုခြင်းမရှိ။
သို့သော် ယခုမူ ရွှယ်ဟုန်ယန်အတွက် ထန့်ရှန်က အလွန်ထူးခြားသည်ဟု ဆိုရပေမည်။ ပြီးနောက်တွင် ထန့်ရှန်က ထိုအခွင့်အရေးကိုယူကာ သူ၏အကျိုးအမြတ်အတွက် ကျွမ်းကျင်စွာ အသုံးချလိုက်သည်။
အခြားလူများ၏အမြင်တွင် ထန့်ရှန်ကသာ အစော်ကားခံရပြီး အရှက်ရသူဖြစ်သော်လည်း ရွှယ်ကျွင်းလျန်၏ စကားများအရတော့ အရာအားလုံးက ထိုသို့ဟုတ်ပုံမရချေ။
ထိုသို့ ရွှယ်ဟုန်ယန်၏ သတိလက်လွတ်နေမှုနှင့်ကြုံရသည့်အခါ ထန့်ရှန်အနေနှင့် တစ်ခုခုစပြီးလုပ်သင့်သည်။ ထန့်ရှန်နှင့်ထန့်ယွင်က တကယ်တူညီကြသည်။ နှစ်ယောက်လုံးက ထန့်ပြည်၏ မဟာစစ်သူကြီးများဖြစ်သည်။ ထန့်ယွင်ကတော့ သေဆုံးသွားခဲ့ပြီ။
ထန့်ရှန်တော့ အသက်ရှင်နေဆဲဖြစ်၏။ ထန့်ရှန်သာ ထန့်ပြည်ကို အင်အားရှိသည့်တိုင်းပြည်တစ်ခု ဖြစ်စေလိုလျှင် ရွှယ်ဟုန်ယန်ဟာ သေကိုသေပေးရလိမ့်မည်။
-
ရွှယ်ကျွင်းလျန်၏အဆောင်က အလင်းရောင်ရှိနေဆဲဖြစ်ပြီး သူက အစီရင်ခံစာများကို ကြည့်နေဆဲဖြစ်သည်။ ကျန်းယွီကပြောလိုက်သည်။
"အရှင်မင်းကြီး... စကားများလွန်းတဲ့အတွက် ဒီအ စေခံအိုကြီးကို ခွင့်လွှတ်ပါ၊ ဒါပေမယ့် အမတ်မင်းဝမ်နျန်အတွက် တော်ဝင်အစောင့်တချို့ စေလွှတ်ပေးသင့်တယ်လို့ မထင်ပါဘူးလား"
"ရွှယ်ကျွင်းလျန်က ပြုံးကာ ပြောလိုက်သည်။
"ဘာလို့လဲ၊ ထန့်ရှန် အမတ်မင်းဝမ်နျန်ကို သတ်လိုက်မှာ စိုးရိမ်နေတာလား"
ရွှယ်ကျွင်းလျန်မှာ ပူပန်သောက ကင်းနေပုံရသည်။ ကျန်းယွီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
" ဒီအစေခံအိုကြီးက အရှင်မင်းကြီးထက် ပိုစိုးရိမ်မိသွားပုံပါပဲ"
ရွှယ်ကျွင်းလျန်က ပြောလိုက်သည်။
''အဲဒါက လူတွေ ထန့်ရှန်ကို လေးစားနေကြတဲ့ အကြောင်းရင်းက သူကဂရုဏာကြီးသလို ဟန်ဆောင်ထားလို့ပဲ''
အတုအယောင်ကြင်နာခြင်းကလည်း ကြင်နာမှုဖြစ်နေဆဲပင်။ တစ်နည်းအားဖြင့် ထန့်ရှန်၏ စွမ်းဆောင်မှုအပေါ် အခြေခံကာ လက်ရှိထန့်ဝမ်က မတူညီသောလူတစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်သည်။
ထို့နောက် ရွှယ်ကျွင်းလျန်က ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။ သူရေးလက်စ စုတ်တံကိုချပြီး မေးလိုက်သည်။
"ဧကရီ ဒီနေ့ ဘယ်လိုနေလဲ"
''အရှင်မင်းကြီးကို လျောက်တင်ပါတယ်၊ ဧကရီက ဒီနေ့ သိပ်ပြီးနေမကောင်းတဲ့အတွက် တော်ဝင်ဆေးကုသဆောင်က တစ်စုံတစ်ဦးကို စစ်ဆေးပေးဖို့ စေလွှတ်လိုက်ပါတယ်"
"ကောင်းပြီ...၊ တခြားရှိသေးလား"
"ပြီးတော့..."
ကျန်းယွီက သူ့ဦးနှောက်ကိုအလုပ်ပေးလိုက်ကာဖြင့်
"ယွင်ဖုန့်နန်းဆောင်မှာ အမှုထမ်းနေတဲ့ နန်းတွင်းအစေခံတွေဆီက ကြားရတာတော့ ဒီရက်ပိုင်းမှာ ဧကရီက စိတ်မချမ်းမသာ ဖြစ်နေပုံရပါတယ်တဲ့၊ ပြီးတော့ စိတ်ဓာတ်ကျနေပုံပေါက်ပြီးတော့ အစာစားချင်စိတ်လည်းမရှိဘူး ဖြစ်နေတယ်လို့လည်း ကြားရပါတယ်"
''ဘာကြောင့်လဲဆိုတာ သိကြလား''
"ဒါ... ဒီအစေခံအိုကြီးအနေနဲ့ မသိပါဘူး၊ ဒီအစေခံအိုကြီးက ဧကရီ့စိတ်ထဲမှာ ရှိနေတဲ့အရာကို မခန့်မှန်းရဲပါဘူး"
"အိုး..."
ရွှယ်ကျွင်းလျန်က သူဘာတွေတွေးနေလဲဆိုတာ မထုတ်ပြဘဲ တုံ့ပြန်လိုက်သည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပျန်းယွီက ရွှယ်ဝမ် အစီရင်ခံစာများကို ဖတ်ရှုပြီးသွားကြောင်း သတိပြုမိသွားခဲ့သည်။ ထို့ကြောင့် သူကပြောလိုက်၏။
''အရှင်မင်းကြီး၊ ဒီည အရှင်နဲ့အတူနေဖို့ တစ်ယောက်ယောက် ခေါ်ချင်ပါသလား”
တစ်ခဏမျှ စဥ်းစားကာ သူကဆိုသည်။
"တာ့ဖေးကို လာဖို့ပြောလိုက်''
''ကောင်းပါပြီ''
22.2
ထန့်ယွင်တစ်ယောက် ပြတင်းပေါက်နားမှာ ရပ်နေခဲ့သည်။ အပြင်မှာ အရမ်းမှောင်နေသော်လည်း လရောင်အောက်မှ ရေကန်ငယ်အား မြင်နေရဆဲဖြစ်သည်။ သစ်ပင်အားလုံးက ခြောက်သွေ့ကာ သစ်ရွက်များကင်းစင်နေသည်။ ဧကရာဇ်မောင်းမဆောင်ရှိ အတွင်းဥယျာဉ်သည် အလွန်ကျယ်ပြောသော်လည်းနွေတွင် အလွန်အထီးကျန်ရသည်။ ဆောင်းရာသီတွင်တော့ ဝမ်းနည်းစရာကောင်းနေတတ်သည်။
ထန့်ယွင်က ထန့်ရှန်အကြောင်းကို စဉ်းစားနေခဲ့သည်။ ယနေ့မှာ ထန့်ရှန်၏မင်္ဂလာပွဲကျင်းပသောနေ့ဖြစ်သည် ။
ရွှယ်ကျွင်းလျန်က သူကိုယ်တိုင် မင်္ဂလာပွဲကို ကြီးမှူးလုပ်ပေးခဲ့တာကြောင့် ထန့်ရှန်မှာ သုံးကြိမ်ဒူးထောက်ရပြီး ရွှယ်ကျွင်းလျန်ကို ကိုးကြိမ်တိုင်တိုင် အရိုအသေပေးရလေသည်။ ယင်းကို တွေးမိသည့်အခါ ထန့်ယွင် ဒေါသထွက်မိ၏။
ထန့်ရှန်က ထန့်ပြည်အတွက် များစွာသော အရာများကို လုပ်ဆောင်ခဲ့ပြီး သူ၏ သက်တမ်းသုံးဆယ်ကျော်ကို တိုင်းပြည်အတွက် မြှုပ်နှံထားခဲ့သည်။ သူ၏ ဖြူစင်ရိုးသားသော နှလုံးသားသည်လည်း စုတ်ပြတ်သွားခဲ့သည်။ သူ့ကို လူလိမ်လူညာ၊ ကြောင်သူတော်တစ်ဦး စသည်ဖြင့် သတ်မှတ်ခံရနိုင်သော်လည်း ထန့်ပြည်အတွက် သူကြိုးစားခဲ့သည်ပင်။ သူ၏ တစ်သက်တာဆန္ဒများအားလုံးကို တိုင်းပြည်အပေါ်တွင်သာ ပုံအပ်ထားခဲ့၏။
ထန့်ယွင် သူအဖမ်းခံခဲ့ရသော အချိန်ကို သတိရမိသည်။ အကျဉ်းခန်းထဲတွင် ပိတ်လှောင်ခံထားရကာ သူ့လက်အောက်ငယ်သားများ အားလုံး ရိုက်နှက်ခံရပြီး သွေးထွက်လွန်ကာ သေဆုံးသွားကြသည်ကို ကြည့်နေခဲ့ရသည်။ ထိုအချိန်က ထန့်ယွင်သည် လုံးဝကိုစိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။ ယနေ့အချိန်ထိ သူအသက်ရှင်နေမည်ဟု မည်သူကမှထင်ထားမည်မဟုတ်ပေ။
အမတ်မင်းဝမ်နျန်၊ ရွယ်ဟုန်ယန်သည် မင်္ဂလာပွဲအပြီးတွင် ထန့်ယွင်ကို ဖုန့်ပြည်သို့ လိုက်ပါပို့ဆောင်ပေးမှာဖြစ်သည်။ ယင်းက လွတ်မြောက်ဖို့ အကောင်းဆုံးအခွင့်အရေးပင်။ သို့သော်လည်း ထန့်ရှန်က သူတို့နှင့်အတူ လိုက်ပါမည်မဟုတ်သောကြောင့် ထန့်ယွင်မှာ သူ့အား မည်သို့ကူညီနိုင်မလဲမသိတော့ပေ။
ထန့်ယွင် အဖြေရှာဖို့ ရုန်းကန်နေစဥ် ရှို့ယောင်က တံခါးကို ဖွင့်လိုက်ကာ အစီရင်ခံလာသည်။
"ဧကရီ ဒီည အရှင်မင်းကြီးက သူ့ကိုခစားဖို့ တာ့ဖေးကိုခေါ်လိုက်တယ်''
"အင်း"
ရှို့ယောင်က ညှိုးငယ်စွာဖြင့်
"ဧကရီ၊ 'အင်း' လို့ မပြောပါနဲ့၊ ဧကရီ့ကိုကြည့်ရတာ ဒီရက်ပိုင်း ဖြူဖပ်ဖြူရော် ဖြစ်နေတယ်၊ ဘုရင်မင်းမြတ်က ဧကရီကိုတွေ့တဲ့အခါ မပျော်မရွှင်ဖြစ်သွားလိမ့်မယ်၊ မနက်ဖြန်မှာ အစွမ်းကုန်လှပနေအောင် ကျွန်တော်မျိုးမ ပြင်ဆင်ပေးပါ့မယ်"
သူမက တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီးနောက် ထပ်ပေါင်းပြောလိုက်သည်။
"ဘုရင်မင်းမြတ်သာ ပျော်နေရင် ဖုန့်ပြည်ကို မသွားရတာလည်း ဖြစ်နိုင်တယ်''
ထန့်ယွင်က ပြတင်းပေါက်မှ အနည်းငယ် ခွာ၍ ထိုင်လိုက်ကာပြောသည်။
"မင်းစကားပြောရင် သတိထားပါ၊ လူတွေကြားရင် မင်းဒုက္ခရောက်လိမ့်မယ်"
ရှို့ယောင်က ခေါင်းညိတ်ကာ
"ဒီအစေအပါး မှားသွားပါတယ်"
သူမ၏အရှင်မ အလွန်အေးဆေးတည်ငြိမ်နေသည်ကို တွေ့လိုက်ရသဖြင့် ရှို့ယောင်မှာ ပို၍ပင် စိုးရိမ်လာသည်။
အခြားသော မိဖုရားများနှင့် ကြင်ယာတော်များသည် ဘုရင်မင်းမြတ်၏ အကြိုက်ပုံစံများကို စုံစမ်းရန် သို့မဟုတ် ဘုရင်မင်းမြတ်နှင့်အတူအိပ်ခဲ့သော သူများကိုစုံစမ်းရန်နှင့် ရံဖန်ရံခါ သူတို့၏ခံစားချက်များ၊ အတင်းအဖျင်းများကိုပြောရန် အချင်းချင်းတွေ့ဆုံကြသည်။. သို့သော် သူ့သခင်မသည် အထက်ပါအချက်များအား တစ်ခုမျှပင် မလုပ်ခဲ့ပေ။ အရှင်မင်းကြီး လာလျှင်ပင် သူမကပျော်ရွှင်ပုံမရပေ။
အခြားလူတွေ၏နှလုံးသားကို အောင်နိုင်ဖို့ရာ တစ်ယောက်ထဲ ကြိုးစားဖို့ထား ဧကရီမေးသမျှတိုင်းမှာ ထန့်ရှန်အကြောင်းသာ။
ရှို့ယောင်သာ ဧကရီနောက်သို့ အကြာကြီးမလိုက်ခဲ့ပါက သူမအနေဖြင့် ဧကရီမှာ ထန့်ရှန်ကို ချစ်မိနေပြီဟုပင် ထင်မိပေလိမ့်မည်။ အဆုံးတွင်မူ ထန့်ရှန်သည် အရည်အချင်းရှိကာကျော်ကြားသူဖြစ်ပြီး လူအများကို ဆွဲဆောင်မိမည်မှာ မလွဲမသွေဖြစ်သည်။
-
ရွှယ်ကျွင်းလျန်က တာ့ဖေးကို လာဖို့ ခေါ်ခဲ့ပေမယ့် သူနှင့်အတူအိပ်ဖို့ မရည်ရွယ်ခဲ့ပေ။
တာ့ဖေး ရွှယ်ဝမ်၏အဆောင်သို့ရောက်သောအခါတွင် အတွင်းဆောင်သို့ မဝင်မှီ ကျန်းယွီက ဘုရင်မင်းမြတ်သည် အစီရင်ခံစာများကိုပြန်လည်သုံးသပ်ခြင်းမပြီးသေးရကား ကျေးဇူးပြုပြီး အပြင်တွင်စောင့်နေပါဟူ၍ တားဆီးလာခဲ့သည်။
တာ့ဖေးမှာ ကျန်းယွီလာပြီး အရှင်မင်းကြီးမှာ အလွန်အလုပ်များနေပြီး မိဖုရားအား စိတ်ပျက်စေခဲ့မိပြီဟု ပြောလာသည်အထိ သူမက အတော်ကြာအောင် စောင့်ခဲ့ရလေသည်။
တာ့ဖေးကို လက်ဆောင်အချို့ ချီးမြှင့်ပေးပြီး တစ်ညတာခေါ်ထားကာ နောက်နေ့မနက်တွင် ထွက်သွားခွင့်ပြုခဲ့သည်။
တာ့ဖေးမှာ ဘုရင်မင်းမြတ်အား ခစားရန်ဆင့်ခေါ်ခံရသဖြင့် ကိုယ့်ကိုယ်ကို အကောင်းဆုံးဝတ်စားဆင်ယင်ကာသွားခဲ့သော်လည်း ဘုရင်မင်းမြတ်အား တွေ့ခွင့်တောင်မရခဲ့ပေ။ သူမ၏ ဒေါသများက မခံမရပ်နိုင်လောက်အောင် လောင်ကျွမ်းကာ နှလုံးသားထဲတွင် ပူလောင်မှုများပြည့်နေခဲ့သည်။ သို့သော် ပျော်ရွှင်နေသောအပြုံးဖြင့် ဒူးထောက်ကာ ကျေးဇူးတင်ကြောင်း အတင်းအကြပ် ဖော်ပြခဲ့ရသည်။
နောက်တစ်နေ့ သူမနေထိုင်ရာသို့ ပြန်ရောက်သောအခါ တာ့ဖေး ငြိမ်မနေနိုင်တော့ပေ။ သူမက ဒေါသကို မည်သည့်နေရာတွင် ဖြေဖျောက်ရမှန်းမသိ ဖြစ်နေခဲ့သည်။ တာ့ဖေးက ဘုရင်မင်းမြတ်၏ အနှစ်သက်ဆုံးဖြစ်ခဲ့ရစဥ်က ဧကရီအား ဒေါသဖြေစရာအဖြစ် အသုံးချခဲ့သည်။ သိူ့ပေသိ ယခုမူ မတူတော့ပေ။ ယခုအခါတွင် ဧကရီက မျက်နှာသာပေးခြင်းခံနေရသည်။ ဧကရီကဇာမဏီတံဆိပ်တော်ကိုလည်း လက်ဝယ်ကိုင်ဆောင်ထားသည်။ တာ့ဖေးအနေဖြင့် သူ့ကိုယ်သူ ဘေးဆိုးကို ဖိတ်ခေါ်ကာ ဧကရီကို သွားမထိဝံ့ပေ။
တာ့ဖေးမှာ ယခင်က သူမ ဧကရီအပေါ် ပြုလုပ်ထားခဲ့သည်များအား လက်တုံ့ပြန်ခံရမည်ကို နေ့စဥ်တွေးပူနေမိသည်။ ဤသည်မှာ တာ့ဖေးတစ်ယောက် ဧကရီကို မနှောင့်ယှက်ရဲသော အခြားအကြောင်းရင်းတစ်ခုလည်းဖြစ်သည်။
သို့သော်ငြား သူမက ဒေါသကို မထိန်းနိုင်သောကြောင့် ကြင်ယာတော်အသစ် ထန့်ချမ် ယီကို ပစ်မှတ်ထားခဲ့သည်။
ထန့်ချမ်ယီသည် ယခင်က အလိုလိုက်သဘောကျနှစ်သက်ခံရသော မင်းသမီးတစ်ပါးဖြစ်သည်။ သူမသည် လက်ထပ်ခါစတွင် ဧကရာဇ်မောင်းမဆောင်၏ စည်းမျဉ်းများကို မသိခဲ့ပေ။ သူမက အခြားကြင်ယာတော်များ၏ နေအိမ်သို့ လာ၍ ဂါရဝပြုခြင်းမပြုဘဲ ဧကရီအားနှုတ်ဆက်ရန်သာ သူမ၏အစေခံကို စေလွှတ်ခဲ့သည်။ ထို့ကြောင့် အခြားကြင်ယာတော်များက ထန့်ချမ်ယီအား သဘောမကျသည်မှာ ထင်ရှားလှပေသည်။
-
ရွှယ်ဟုန်ယန်နှင့် ထန့်ရှန်၏မင်္ဂလာပွဲနေ့ပြီးနောက် သူတို့က တော်ဝင်မိသားစုမှ အကြီးအကဲများနှင့် လက်ဖက်ရည်အတူသောက်ဖို့ရာ နန်းတွင်းဝင်ခဲ့ကြသည်။ ရွှယ်ကျွင်းလျန်က မနက်ခင်းညီလာခံတက်ရသဖြင့် သူက ကျန်းယွီကို ဧကရီအား ဖိတ်ကြားစေခဲ့သည်။
ထန့်ရှန် ရွှယ်ဟုန်ယန်နှင့်အတူ နန်းတွင်းဝင်ရာတွင် ညီလာခံသို့ လိုက်ပါခွင့်မရချေ။ သူ့ကို ရွှယ်ဝမ် အားလပ်ချိန်ရသည်အထိ နံဘေးကအဆောင်တွင် စောင့်နေဖို့ရာ ပြောကြားထားလေသည်။
အတော်ကြာအောင် စောင့်ပြီးနောက်တွင် တော်ဝင်အစေခံတစ်ဦးက ထန့်ရှန်အား ဝင်လာရန် ဖိတ်ခေါ်လာ၏။ ထိုအချိန်တွင် ထန့်ယွင်သည် ရောက်လာရုံမျှရှိသေးကာ ထန့်ရှန်နှင့် အဝင်ဝတွင် တွေ့ဆုံကြလေသည်။
-
xxxxx