Chapter 23
လိုက်ပါပို့ဆောင်ခြင်း
ဧကရီက ထန့်ယွင်ဖြစ်နေကြောင်း ထန့်ရှန်က မသိသောကြောင့် သူမကို မြင်သည့်အခါ သူ မည်သို့မျှ မခံစားရပေ။ သူက ဧကရီကို ဂါရဝပြုရုံသာ ပြုလိုက်၍ ထန့်ယွင် စိတ်မသက်မသာဖြစ်သွားသည်။
သူတို့နှစ်ယောက်က ပင်မခန်းမဆောင်ထဲ အတူတကွ ဝင်သွားကြသည်။ ကျန်းယွီ ခေါင်းခါလိုက်မိသည်။ မင်းကြီး၏ စိတ်နေစိတ်ထားအရဆိုလျှင် ဧကရီ၏ ရင်ထဲတွင် အခြားယောက်ျားတစ်ယောက်ရှိနေလောက်ပြီဟု တွေးထင်နေနိုင်သည်။ ထန့်ရှန်နှင့် အရှင်မတို့က တစ်ဦးနှင့်တစ်ဦး မသိကြသော်လည်း အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ကြပြီးသည့်နောက် အရှင်မင်းကြီးက ထန့်ရှန်ကို အမြင်မကြည်တော့ကြောင်း ကျန်းယွီ ခံစားမိသည်။
ထို့အပြင် ထန့်ချမ်ယွီ ပြောခဲ့သည်ကိုလည်း ကျန်းယွီကြားခဲ့သည်။
ကျန်းယွီက စိတ်နေသဘောထားကောင်းမွန်သော ဧကရီကို ထောက်ပံ့ပေးရမည်ဖြစ်သော်လည်း သူက အာဏာရှိသူတစ်ယောက် မဟုတ်ပေ။ ဧကရီ၏သွင်ပြင်မှာ အချိန်တိုအတွင်း အလွန်ကောင်းမွန်လာခဲ့သည်ဖြစ်၍ သူမက ကောလဟာလများနှင့် မဟုတ်မမှန်ပြောဆိုခြင်းများကို ဆွဲဆောင်နေသကဲ့သို့ ဖြစ်လာသည်။
ရွှယ်ကျွင်းလျန်က ဧကရီနှင့် ထန့်ရှန်တို့ အတူတူဝင်လာသည်ကိုမြင်သောအခါ စိတ်တိုသွားသည်။ သူက ဘုရင်တစ်ပါးဖြစ်သည့်အတွက် သူ၏မိဖုရားများနှင့် ကိုယ်လုပ်တော်များအားလုံးကို သာတူညီမျှ ချစ်ခင်ပေးသည်။ သို့ရာတွင် ၎င်းက လိမ်ညာမှုတစ်ခုသာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့ထံတွင် အခြားဘုရင်များနှင့်တူညီသော ပြစ်ချက်တစ်ခုရှိသည်။ သူက ကောင်းကင်ဘုံ၏သားတော် သက်ဦးဆံပိုင်ဘုရင် ဖြစ်သည့်အတွက် ကောင်းကင်အောက်မှ အရာအားလုံးက သူ့အပိုင်ဖြစ်ပြီး ထိုအထဲတွင် ဧကရီသည်လည်း အပါအဝင်ဖြစ်သည်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို သူ့ဘေးနားတွင် ထိုင်ခိုင်းစေလိုက်ပြီး ပြုံးပြကာ ပြောလိုက်သည်။
" ဘယ်လိုဖြစ်လို့ နှစ်ယောက်သား တူတူဝင်လာကြတာလဲ ..."
ထန့်ယွင် ပြန်ဖြေလိုက်သည်။
" တံခါးဝမှာ ဆုံခဲ့တာပါအရှင် ..."
ရွှယ်ကျွင်းလျန်က ပြုံးနေလျက်နှင့်ပင် ကျန်းယွီကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ ကျန်းယွီ မဆိုင်းမတွပင် ခေါင်းငြိမ့်ပြလိုက်ပြီး ဧကရီက အမှန်တရားကိုပြောနေကြောင်း အသိပေးလိုက်သည်။
ရွှယ်ဟုန်ယန်၏ စိတ်နေ၏စိတ်ထားက အလွန်ရိုးစင်း၍ ဖြောင့်မတ်သည်။ သူနှင့် ရွှယ်ဝမ်က ကလေးဘဝတည်းက ရင်းနှီးခဲ့ကြသည်ဖြစ်၍ သူက ရွှယ်ဘုရင်အကြောင်းကို အသိဆုံးလူဖြစ်သည်။ ရွှယ်ကျွင်းလျန်၏အပြုံးကြောင့် ရွှယ်ဟုန်ယန် မတုန်လှုပ်ပဲ မနေနိုင်တော့ပေ။ သူ့ဦးနှောက်ထဲတွင် ထန့်ရှန်အား ဂရုတစိုက်နေရန် သတိပေးရမည့်နည်းလမ်းကို တွက်ချက်နေမိသည်။ ရွှယ်ဝမ် သံသယဝင်စေမည့် မည်သည့်ကိစ္စကိုမှမလုပ်ရန်လည်း ပြောပြချင်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူတစ်ခုခု လုပ်လိုက်ပါက အန္တရာယ်ရှိလာနိုင်သည်။
ရွှယ်တိုင်းပြည်၏ ယခင်ဘုရင်က နတ်ရွာစံသွားပြီးဖြစ်ပြီး ရွှယ်ကျွင်းလျန်နှင့် ရွှယ်ဟုန်ယန်တို့၏ မယ်တော်များလည်း စောစီးစွာ နတ်ရွာစံသွားကြပြီဖြစ်သည်။ ရွှယ်ဝမ်က အစ်ကိုကြီးဖြစ်၍ ရွှယ်ဟုန်ယန်နှင့် ထန့်ရှန်က ရွှယ်ဝမ်နှင့် ဧကရီအတွက် လက်ဖက်ရည်ငှဲ့ပေးရသည်။
လက်ဖက်ရည်သောက်ပြီးသည့်အခါ ရွှယ်ကျွင်းလျန်က စုံတွဲနှစ်ယောက်ကို ဤနေရာတွင် မနေခိုင်းတော့ပဲ စကားအနည်းငယ်ပြောပြီး ပြန်လွှတ်လိုက်ငည်။
ရွှယ်ကျွင်းလျန်က ထန့်ရှန်အကြောင်းကို စကားမစတော့ပေ။
" ကိုယ်တော့်မှာ အားလပ်ချိန်နည်းနည်းရှိတယ် ... ကိုယ်တော်နဲ့တူတူ လမ်းလျှောက်ပါလား ..."
ကျန်းယွီက အလွန်အကင်းပါးသည်။ အစေခံများကို သားမွေးဝတ်ရုံနှစ်စုံယူလာရန် ချက်ချင်းအမိန့်ပေးလိုက်ပြီး ရွှယ်ကျွင်းလျန်ကို ကူညီဝတ်ဆင်ပေးလိုက်သည်။ ထန့်ယွင်ကိုမူ ရွှယ်ကျွင်းလျန်က အခြားဝတ်ရုံတစ်ထည်အား သူကိုယ်တိုင် ဝတ်ဆင်ပေးလိုက်သည်။
ရွှယ်ကျွင်းလျန်က စိတ်ထဲတွင် အကြောင်းပြချက် ရေရေရာရာမရှိပဲ လမ်းလျှောက်ထွက်လာခြင်းသာဖြစ်သည်။ အစေခံတစ်အုပ်စုက ဝိုင်နှင့် သစ်သီးပန်းကန်အချို့ကိုကိုင်လျက် နောက်မှလိုက်လာပြီး။ခစားနေကြသည်။
ရွှယ်ကျွင်းလျန်ပြောလိုက်သည်။
" နယ်စားဝမ်နျန်ရဲ့ ထိမ်းမြားခြင်းကိစ္စလည်း ပြီးသွားပြီဆိုတော့ အိုက်ဖေး ဖုန့်တိုင်းပြည်ကို အလည်သွားမယ့်ကိစ္စကို မနှောင့်နှေးနေသင့်တော့ဘူးထင်တယ် ... ဘယ်အချိန်လောက်သွားချင်လဲ ..."
" အရှင်မင်းကြီး သင့်လျော်သလိုစီစဉ်တဲ့အချိန်ပဲ သွားလိုက်ပါ့မယ် ..."
ရွှယ်ကျွင်းလျန်ခေါင်းငြိမ့်ပြလိုက်သည်။ ဧကရီ၏ အဖြေကြောင့် သူ့စိတ်ထဲ ပေါ့ပေါ့ပါးပါးဖြစ်သွားသည်။ သို့သော်လည်း ထိုအဖြေက သူမျှော်လင့်နေသောအဖြေမဟုတ်ပေ။ ဧကရီက သူမ သွားချင်သောအချိန်ကို ပွင့်ပွင့်လင်းလင်းပြောမည်ကို သူမျှော်လင့်နေခြင်းဖြစ်သည်။ အကယ်၍ သူမ မသွားချင်ဟုဆိုပါကလည်း ရွှယ်ကျွင်းလျန်က သူမကိုသွားခိုင်းမည်မဟုတ်ပေ။
တစ်ဖက်တွင်မူ ထန့်ယွင်က ရွှယ်ကျွင်းလျန် သူ့ကိုသွားခွင့်ပြုမည်ကို စောင့်ဆိုင်းနေသည်။
ရွှယ်ကျွင်းလျန်ပြောလိုက်သည်။
" အိုက်ဖေးကို ကြည့်ရတာ အခုနောက်ပိုင်း စိတ်ဓာတ်ကျနေသလိုပဲ ... မျက်နှာပေါ်က နာကျင်မှုတွေ ပြန်ဖြစ်လာလို့လား ..."
ထန့်ယွင်က မြေပြင်ပေါ်ကိုသာစိုက်ကြည့်နေပြီး ရိုသေစွာပြန်ဖြေလိုက်သည်။
" ရာသီဥတုအေးနေလို့ပါ အရှင်မင်းကြီး ... ကျွန်တော်မျိုးမရဲ့မျက်နှာက နာကျင်မှုတွေက တော်တော်လေး သက်သာသွားပါပြီ ..."
ရွှယ်ကျွင်းလျန် ပြုံးပြလိုက်သည်။
" သက်သာသွားတယ်ဆိုရင် တော်သေးတာပေါ့..."
သူက ထန့်ယွင်မေးစေ့ကို ဆွဲမော့လိုက်ပြီး သူမမျက်နှာကို မျက်လုံးများမှေးစင်းကာ ကြည့်လိုက်သည်။
" အိုက်ဖေးက တစ်နေ့ထက်တစ်နေ့ ပိုပြီး ရင်သပ်ရှု့မောစရာကောင်းလာတာပဲ ..."
ထန့်ယွင်က ရွှယ်ကျွင်းလျန်၏လက်ကို ဖြတ်ရိုက်ပစ်ချင်စိတ်ကို မနည်းထိန်းထားရပြီး ဘာမှမပြောပေ။
ရွှယ်ကျွင်းလျန်က သူမ၏ တုံ့ပြန်ချက်ကိုစောင့်ဆိုင်းနေလျက် ထပ်ပြောလိုက်သည်။
" အိုက်ဖေးနဲ့ ဖန့်ဝမ်(ဖန့်ဘုရင်) တို့က အမြွှာတွေလို့ ကိုယ်တော်ကြားတယ် ... တစ်ယောက်နဲ့တစ်ယောက် တော်တော်တူကြမှာပဲ ..."
ဖန့်ဝမ်ကို ထန့်ယွင်က တစ်ကြိမ်မှ မမြင်ဖူးခဲ့သည်ဖြစ်၍ ဘာပြောရမည်မသိဖြစ်၍ ဝိုးတဝါးသာ ပြန်ဖြေလိုက်သည်။
" မှန်ပါတယ်အရှင် ..."
ရွှယ်ကျွင်းလျန်ပြောလိုက်သည်။
" ဒါဆို ကိုယ်တော့်ကို မင်းတို့ ကလေးဘဝအကြောင်းပြောပြလေ ..."
23.2
ထန့်ယွင်၏နှလုံးသားမှာ အစာအိမ်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
ရွှယ်ဝမ်က သူ့ကို သံသယဝင်လာလို့ ထန့်ယွင်ရဲ့ ကလေးဘဝအကြောင်းတွေ မေးနေတာများလား ..."
" အရှင့်မေးခွန်းကို ပြန်ဖြေပါတယ် ... အမှန်တော့ တော်ဝင်မိသားစုထဲမှာ နေရတဲ့ နေ့စဉ်ဘဝက ငြီးငွေ့စရာကောင်းလွန်းပါတယ် ... အရှင့်ကို ပျင်းရိသွားအောင် မလုပ်ဝံ့ပါဘူး ..."
" ကောင်းပါပြီလေ ..."
ရွှယ်ကျွင်းလျန်ကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် အဆောင်ငယ်လေးတစ်ခုထဲ ဝင်ထိုင်လိုက်သည်။ အစေခံများက ဝိုင်နှင့် သစ်သီးပန်းကန်များကို စားပွဲပေါ် နေရာချပေးပြီးနောက် ပြန်ထွက်သွားသည်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို လာထိုင်ရန် လက်ယပ်ပြလိုက်ပြီး ဆက်ပြောလိုက်သည်။
" ကိုယ်တော်က ငယ်ငယ်တည်းက မာနကြီးတဲ့ကလေးဆိုတော့ ညီတော် ညီမတော်တွေနဲ့ ချစ်ချစ်ခင်ခင် မနေခဲ့ဘူး အရမ်းလည်း မရင်းနှီးခဲ့ဘူးလေ ... အသက်ကြီးလာတော့မှ သဘောပေါက်သွားခဲ့တယ် ကိုယ်တော်တို့က မောင်နှမ မများလို့ မရင်းနှီးခဲ့တာမဟုတ်ပဲ ... အရမ်းများလွန်းနေလို့ ချစ်ချစ်ခင်ခင် မနေနိုင်ခဲ့တာဆိုပြီးတော့လေ ..."
ရွှယ်ကျွင်းလျန်က ခြောက်ကပ်စွာရယ်လိုက်သည်။
" အခုတော့ ကိုယ်တော့်မှာ ဟုန်ယန်တစ်ယောက်ပဲ ကျန်တော့တယ် ဒါပေမယ့်လည်း ပြီးပြည့်စုံတယ်လို့ ခံစားရပါတယ် ..."
ထန့်ယွင်က နားထောင်နေလျက်နှင့်ပင် ရွှယ်ကျွင်းလျန်က လိမ်ညာပြောနေသည်ဟု ထင်လိုက်သည်။ သို့သော်လည်း ထန့်ယွင်၏မိသားစုကလည်း ထိုသို့သာဖြစ်ကြောင်း သူသိလိုက်သည်။
ဘုရင်တိုင်းက သားများကို အလွန်စိတ်ပူကြသည်။ ထူးချွန်သောမင်းသားများက ပလ္လင်ကို လုယူသွားမည်ကို ကြောက်လန့်ကြသည်။ သူတို့ အရွယ်ရောက်လာလေ ပိုကြောက်ကြလေဖြစ်သည်။ မင်းသားတစ်ယောက်က လုပ်ရည်ကိုင်ရည်ရှိလေ အပြင်လောကသို့ထွက်၍ တာဝန်များကို လျင်မြန်စွာထမ်းဆောင်ရလေဖြစ်သည်။ မင်းသားများကို နန်းတော်အပြင်လွှတ်ပြီးလျှင်လည်း ထိုမင်းသားများက စစ်အင်အားစုစည်းကာ တော်လှန်မည်ကို ကြောက်လန့်နေရသေးသည်။
မင်းသားများကိုယ်တိုင်ကလည်း ကိုယ်ပိုင်စစ်တပ်ဖွဲ့နိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူနှင့်လာရောက် မပူးပေါင်းပါက သံသယဝင်ပြီး ထိုလူကို ရှင်းထုတ်ပစ်နိုင်သည်။ မင်းသားများက မှူးမတ်များ၏ သမီးများကို လက်ဆက်၍လည်း အာဏာရအောင် ပြုလုပ်နိုင်သည်။
ထန့်ယွင်သည်လည်း ၂၉နှစ်အထိ ရှင်သန်ခဲ့ရသူဖြစ်၍ ဇနီးသည်နှင့် ကလေးမရှိသူဟုပြောလျှင် မည်သူမျှယုံမည်မဟုတ်ပေ။ သို့သော် သူ သေဆုံးခဲ့စဉ်က လက်ဆက်ထားသော ဇနီးပင် မရှိခဲ့ပေ။
မင်းသားများ၏ ဇနီးအများစုက လွှမ်းမိုးမှုရှိသောမိသားစုများက သမီးများပင်ဖြစ်သည်။ ၎င်းတို့က ငယ်စဉ်ကလေးဘဝတည်းက ချမ်းသာသောမိသားစုမှ အလိုလိုက်ခံထားခဲ့ရသော မိန်းမပျိုလေးများ ဖြစ်ကြသည်။ သူတို့၏ ခင်ပွန်းသည်များနှင့်လည်း ဆယ်နှစ်မှတစ်ကြိမ်ခန့် တွေ့ရပြီး ရံဖန်ရံခါ အိမ်ပြန်လာပါကလည်း တစ်လမပြည့်မီမှာပင် စစ်မြေပြင်သို့ ပြန်သွားရတတ်သည်။
အိမ်ထောင်ဦးစီးက အမြဲတစေ အိမ်တွင်မရှိသောကြောင့် ဇနီးသည်များကလည်း မုဆိုးမများနှင့် ထူမခြားနားပင်ဖြစ်သည်။
ထန့်ယွင် စစ်ပွဲတွင် အောင်နိုင်လာပြီး အိမ်သို့ ပထမဆုံးအကြိမ် ပြန်သွားခဲ့ရစဥ်က ဇနီးဖြစ်သူကအော်ဟစ်ငိုယိုပြီးသူမနှင့် ကွာရှင်းခိုင်းခဲ့သည်။ သို့ဖြစ်၍ ထန့်ယွင်က သူမကောင်းကျိုးကိုသာရှေးရှု့ပြီး မိဘအိမ် ပြန်ပို့ပေးခဲ့သည်။
( T/N - အဲ့ဒါကြောင့်မို့ အပေါ်မှာ သူသေခဲ့တဲ့အချိန်က သူ့မှာဇနီး မရှိနေခဲ့ဘူးလို့ ပြောတာပါ )
ထိုစဉ်အချိန်က ထန့်ယွင် မပျော်မရွှင်ဖြစ်ခဲ့သည်။ ထို့နောက်တွင် သူ ဖမ်းဆီးခံရပြီးနောက် အသတ်ခံခဲ့ရသည်။ သံမဏိကဲ့သို့မာကျောလှသော စစ်သူကြီးနစ်ယောက်က သေဆုံးသည့်အချိန်၌ သားတစ်ယောက်ပင် မချန်ထားနိုင်ခဲ့ပေ။ သူ၏ အရိုးပြာများကို လာရောက်ယူဆောင်မည့်သူ မရှိသကဲ့သို့ အသုဘအခမ်းအနားကိုလည်း လာရောက်သူ မရှိခဲ့ပေ။
ရွှယ်ကျွင်းလျန်က ဧကရီ၏မျက်နှာကို တစ်ချိန်လုံးထိုင်ကြည့်နေသည်။ သူ့စကားများကြောင့် သူမစိတ်လှုပ်ရှားသွားသည်ကို သူသိလိုက်သည်။ ထို့အပြင် ဧကရီက ဖုန့်တိုင်းပြည်တွင်လည်း ပျော်ရွှင်ခဲ့ပုံမရဟု တွေးလိုက်မိသည်။
ဖုန့်ဝမ်က ရက်စက်၍ အညှာအတာကင်းမဲ့ပြီး စက်ဆုပ်စဖွယ်ကောင်းသောလူတစ်ယောက်ဖြစ်ကြောင်း ရွှယ်ကျွင်းလျန် ကြားဖူးခဲ့သည်။ အိမ်ရှေ့စံမင်းသမီး ဖုန့်ယွင်က ဖုန့်ဝမ်ကိုတစ်ကြိမ်ခန့် စော်ကားမိခဲ့၍ အပြစ်ပေးသောအနေဖြင့် နိုင်ငံမှနှင်ထုတ်ခံရကာ လက်ထပ်ထိမ်းမြားရန် ရောက်ရှိလာရသည်။ မင်းသမီး၏ စော်ကားမှုမှာ အမှန်က အလွန်ရိုးစင်းသော ကိစ္စတစ်ခုဖြစ်သည်။ ၎င်းမှာ ဖုန့်ဝမ်နှင့် နယ်စားကျူးလုတို့၏ ဆက်ဆံရေးကို သဘောမတူခဲ့သောကြောင့်ဖြစ်သည်။
ရွှယ်ကျွင်းလျန်က စကားများစွာပြောနေသော်လည်း ဧကရီ့ထံမှ စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။
ဖုန့်တိုင်းပြည်မှာ နေရတာ မပျော်ဘူးဆိုရင် ဒီမှာနေချင်တယ်လို့ပဲ ဘာလို့မပြောတာလဲ ...
အခြားလူများကို စော်ကားမိမည်ကြောက်၍ မိမိခံစားချက်များကို ဖုံးကွယ်ထားသောလူများကို ရွှယ်ကျွင်းလျန်သည်းမခံနိုင်ပေ။ သူ၏ မောင်းမဆောင်တွင် မိန်းမပေါင်းများစွာရှိသည်။ ဤမိန်းကလေးမရှိလျှင်ပင် သူ့ထံတွင် မရေမတွက်နိုင်အောင် ရှိနေသေးသည်။
ရွှယ်ကျွင်းလျန်ပြောလိုက်သည်။
" အိုက်ဖေးက မွေးရပ်မြေကိုလွမ်းနေတယ်ဆိုတာ ကိုယ်တော် နားလည်ပေးနိုင်ပါတယ် ... ဒါပေမဲ့ ဒီခရီးစဉ်အတွက် ပြင်ဆင်ဖို့က အချိန်နည်းနည်းလိုဦးမယ် ... မင်းက ရွှယ်တိုင်းပြည်ရဲ့ဧကရီပဲ ခရီးစဉ်ကို သေချာစီစဉ်သင့်တာပေါ့ ..."
—
ရွှယ်ဟုန်ယန်နှင့် ထန့်ရှန်တို့၏ လက်ထပ်ပွဲပြီးဆုံးသွပြီးနောက် ရွှယ်ဟုန်ယန်က သာမန်အလုပ်ကိစ္စများမရှိတော့ဘဲ သူ့အိမ်တော်မှ စောစောထွက်ခွာကာ အလွန်နောက်ကျမှပြန်လာခဲ့သည်။
ဧကရီ၏ မွေးရပ်မြေသို့ ခရီးစဉ်ကို ဂရုမစိုက်ပဲ ဖြစ်ကတတ်ဆန်းစီစဉ်၍ မရပေ။ အကယ်၍ သူမ၏ကိုယ်ရံတော်က နိုးနိုးကြားကြားမနေပါက ဆိုးရွားသည့်အရာများ ဖြစ်လာနိုင်ပြီး တိုင်းပြည်နှစ်ခုအကြား စစ်ပွဲဆင်နွှဲရနိုင်သည်။ ဖုန့်ဝမ်၏ အကျင့်စရိုက်ကို အားလုံးသိကြသည်။ ဧကရီ၏ ခရီးစဉ်အတွက် ပြင်ဆင်နေစဉ်မှာပင် ရွှယ်ဟုန်ယန်က သူ့တပ်စုများကို နန်းမြို့တော်သို့ တိတ်တဆိတ်စေလွှတ်ထားသည်။
တပ်စိတ်တစ်ခုကို ရွှေ့ထားရခြင်းက အသေးအမွှားကိစ္စမဟုတ်ပေ။ စစ်ဘက်ဆိုင်ရာစားနပ်ရိက္ခာများကိုလည်း ကြိုရွှေ့ထားရသည်။ ထိုအရာအားလုံးအတွက် ငွေကြေးလ်ိုအပ်ပြီး လျှို့ဝှက်စွာလုပ်ဆောင်ထားရသည်။ အဘယ့်ကြောင့်ဆိုသော် ဖုန့်ဝမ်က ဤသတင်းများကို ကြားသိသွား၍ မဖြစ်ပေ။
ကြိုတင်ပြင်ဆင်ခြင်းများပြီးဆုံးရန်က နှစ်လခန့်ကြာမြင့်သည်။ ဤကာလအတွင်းတွင် ထန့်ယွင်က ထန့်ရှန်ကို တစ်ကြိမ်မှ မတွေ့ခဲ့ပေ။
ထွက်ခွာရန် နေ့ရက်သတ်မှတ်ပြီးသောအခါ ထန့်ယွင်က ထိုင်မနေနိုင်တော့ပေ။
ရွှယ်တိုင်းပြည်တွင် နေထိုင်နေရခြင်းကပင် ထန့်ယွင်အတွက် အကြောက်တရားများဖြင့် ပြည့်နေပြီဖြစ်သည်။ ထို့အပြင် မလိုလားအပ်သောပြဿနာများလည်း ဖြစ်မလာစေချင်ပေ။ အထူးသဖြင့် အကျည်းတန်ဧကရီကို ရုတ်တရက် ကုသပေးလိုက်ချိန်တည်းမှစ၍ ဧကရီက မျက်နှာသာပေးခံရခြင်းဖြစ်ကြောင်း အားလုံးသိနိုင်ကြသည်။ ဘုရင့်ကိုယ်လုပ်တော်အများစုကလည်း ယွင်ဖုန့်နန်းဆောင်ကို သားကောင်ကဲ့သို့ မျက်စိဒေါက်ထောက်ကြည့်နေကြသည်။
ထန့်ယွင်က ပြဿနာများ တစ်ခုပြီးတစ်ခု ရောက်လာမည်ကို ရှောင်ရှားလိုသည်။ သို့သော်လည်း သူ၏ထွက်ခွာမှု နီးကပ်လာသည်နှင့် စိတ်မထိန်းနိုင်တော့ပေ။
ထန့်ရှန်ကို နန်းတော်အတွင်းသို့ ဖိတ်ကြားရန်အတွက် ရှို့ယောင်ကို စေလွှတ်လိုက်သည်။ ထန့်ရှန်က နယ်စားဝမ်နျန်၏ကြင်ယာတော်ဖြစ်၍ နန်းတော်သို့ဝင်ရောက်၍ ဧကရီနှင့် စကားစမြည်ပြောရခြင်းက သူ့အတွက် အဆင်ပြေသည်။
ထန့်ရှန်ကို လက်ဖက်ရည်ခန်းဆီသို့ ဦးဆောင်ခေါ်သွားသည်။ ဤတစ်ကြိမ်တွင် ထန့်ယွင်က ပုတီးလိုက်ကာနောက်တွင် ထိုင်မနေတော့ပေ။
xxxxxx