အပိုင်း ၂၄
Viewers 17k

Chapter 24

လုပ်ကြံသတ်ဖြတ်မှု


ထန့်ရှန်က ဧကရီကို ဂါရဝပြုပြီးနောက် ထိုင်လိုက်သည်။


အကယ်၍ ဤတစ်ကြိမ်တွင် ဘာမှမပြောခဲ့ပါက နောက်တစ်ကြိမ်အခွင့်အရေး မရှိလာနိုင်တော့ပေ။ သူက ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု ဆုံးဖြတ်ထားသည်။ မထွက်ပြေးနိုင်ခဲ့ပါက အသက်ဆုံးရှုံးရမည်ဟုသော အဓိပ္ပါယ်ပင်။ ဖုန့်ဝမ်၏လက်ထဲတွင် အသတ်ခံရခြင်း သို့မဟုတ် ရွှယ်ကျွင်းလျန်၏ လက်ထဲတွင် နောက်တစ်ကြိမ် အသတ်ခံရခြင်း နှစ်ခုထဲကတစ်ခု ဖြစ်နိုင်သည်။


" ကျွန်မက နန်းတော်ထဲမှာပဲ အမြဲတမ်းနေရပေမယ့် ဖြောင့်မတ်ပြီး သစ္စာရှိတဲ့လူတွေရဲ့ သတင်းတွေတော့ အမြဲတမ်းကြားနေရတယ် ... သခင်လေးထန့်အကြောင်းလည်း အများကြီးကြားထားပါတယ် ..."


ဧကရီက သူ့ကိုဖိတ်ကြားရခြင်းမှာ အညံ့ခံရန်အတွက်စည်းရုံးမည်ဟု ထန့်ရှန် မူလက ထင်လိုက်မိသည်။ သို့သော်လည်း ဧကရီ၏ စကားပြောပုံဆိုပုံက အလွန်ရင်းနှီးနေသည်ဟု မတွေးပဲ မနေနိုင်တော့ပေ။ 


သူ ထန့်ယွင်ကို မမြင်ခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ထန့်ယွင်က မြို့တော်ကို အကြိမ်အနည်းငယ်ခန့် ပြန်လာခဲ့သော်လည်း နန်းတော်မှသားသောက်ပွဲကို တက်ရောက်ပြီးသည်နှင့် အလျင်စလို ထွက်ခွာသွားသည်က များသည်။


ထို့ကြောင့် ထန့်ယွင်ငယ်ရွယ်စဉ်ကအကြောင်းများကိုသာ ထန့်ရှန် အမှတ်ရနေတော့သည်။


ထန့်ရှန်ပြောလိုက်သည်။

" အရှင်မက ချီးကျူးလွန်းနေတာပါ ..."


ထန့်ယွင်က ခါးသီးစွာပြုံးလိုက်သည်။

" အခုနောက်ပိုင်း ရာသီဥတု ပိုအေးလာပြီး သခင်လေးထန့် နွေးထွေးတဲ့ အဝတ်အစားတွေ ဝတ်သင့်တယ် ..."


ထန့်ယွင်က ဧည့်သည်ကို ပြန်ပို့ရန်အတွက် ရှို့ယောင်ကို လက်ကာပြလိုက်သည်။


ဤထူးဆန်းသော ဧကရီက စကားပြောရန်မလိုအပ်သရွေ့ မည်သည့်အရာကိုမျှ မပြောတတ်သောလူတစ်ယောက်ဖြစ်ကြောင်း ထန့်ရှန်သိသည်။ သူမ၏ စကားက မည်သည်ကိုဆိုလိုကြောင်း သူ သဘောမပေါက်နိုင်ပေ။ သူ ပို၍တွေးလေ ပို၍ ထူဆန်းသည်ဟု ထင်လာလေဖြစ်သည်။ ဧကရီက ဖုန့်တိုင်းပြည်၏ အိမ်ရှေ့စံမင်းသမီးဖြစ်ပြီး သူက ထန့်တိုင်းပြည်မှဖြစ်သည်။ သူတို့နှစ်ယောက်ကြားတွင် ကိစ္စတစ်ခုခုရှိနေသည်မှာလည်း မဖြစ်နိုင်ပေ။ 


ပို၍ထူးဆန်းသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရွှယ်ဟုန်ယန်က ဧကရီနှင့် ခပ်ဝေးဝေးနေရန် သူ့ကို သတိပေးခဲ့သည်။


နန်းတော်၏တစ်ဖက်ခြမ်းမှ ရွှယ်ကျွင်းလျန်မှာ ကျန်းယွီ၏ တင်ပြချက်ကို နားထောင်နေသည်။ တည်ငြိမ်စွာဖြင့် စုတ်တံကိုချကာ မေးလိုက်သည်။

" ဧကရီက ထန့်ရှန်ကို နန်းတွင်းထဲခေါ်တ ဘာကိစ္စကြောင့်ဖြစ်မယ်လို့ မောင်မင်းထင်သလဲ ..."


ကျန်းယွီ ပြန်ဖြေလိုက်သည်။

" ဒီအစေခံအိုကြီးက အသိဉာဏ်ပညာနည်းပါးပါတယ်မင်းကြီး ... ဧကရီရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်မျိုး မသိပါဘူး ..."


" ကိုယ်တော်လည်း မသိဘူး ..."



နောက်နေ့မနက်စောစောတွင် ဧကရီက အခြွေအရံများနှင့် ထွက်ခွာတော့မည်ဖြစ်သည်။ ရွှယ်ဝမ်က သူမကို ကိုယ်တိုင်လိုက်ပါပို့‌ဆောင်ပေးသည်။


ရွှယ်ကျွင်းလျန်က အစေခံတစ်ယောက်၏ အကူအညီဖြင့် ရထားလုံးပေါ် တက်လာသည်။ ထို့နောက် ထန့်ယွင်တက်ရန်အတွက် လက်ကမ်းပေးလိုက်သည်။ သူက တစ်ဖက်သို့လှည့်ကာ လက်ကမ်းပေးလိုက်ခြင်းဖြစ်သော်လည်း အခြားလူများ အမြင်တွင် မင်းကြီးက သူ့ခါးက်ုအနည်းငယ်ကိုင်းညွတ်၍ ဧကရီအတွက် ခေါင်းအနည်းငယ်ငုံ့ပေးနေသကဲ့သို့ ဖြစ်နေသည်။


ရထားလုံးက အလွန်ကျယ်သည်။ အတွင်းထဲတွင် ဖြမွေ့ရာထိုင်ခုံရှည်တစ်လုံးရှိသည်။ ၎င်းက အလွန်ကြီးမား၍ လူငါးယောက် ခြောက်ယောက်ခန့် အတူတကွလှဲလျောင်း၍ ရနိုင်သည်။


ရွှယ်ကျွင်းလျန်နှင့် ထန့်ယွင်တို့က ဘေးချင်းကပ်လျက် တိတ်ဆိတ်စွာထိုင်နေကြသည်။ ရွှယ်ကျွင်းလျန်ကမူ အနားယူနေသကဲ့သို့ မျက်လုံးများမှိတ်ထားသည်။


ရထားလုံးက အကြိမ်အနည်းငယ်သာ လှုပ်ပြီး စီးရသည်မှာ အလွန်ငြိမ်လှသည်။ အချိန်အနည်းငယ်ကြာပြီးနောက် ရထားလုံးက ရပ်တန့်သွားပြီး အပြင်ဘက်မှ ကျန်းယွီ၏အသံကို ကြားလိုက်ရသည်။

" အရှင်မင်းကြီး ရှစ်လီနန်းတော်ကို ရောက်ပါပြီ ..."


ရွှယ်ကျွင်းလျန် မျက်လုံးဖွင့်ကာ လိုက်ကာကို မ'ကြည့်လိုက်သည်။ ချက်ချင်းပင် အစေခံတစ်ယောက်က ရွှယ်ကျွင်းလျန်အောက်ဆင်းရန်အတွက် ခုံပုတစ်လုံးလာချပေးသည်။


ရထားလုံးနှင့် မနီးမဝေးတွင် နန်းဆောင်ကြီးတစ်ခု တည်ရှိနေသည်။ နန်းဆောင်၏အရှေ့တွင် မှူးမတ်တစ်အုပ်စုက မြေပြင်ပေါ် ဒူးထောက်နေကြသည်။


ဆီးနှင်းများ ကျဆင်းနေ၍ မြေပြင်ပေါ်တွင် အဖြူရောင်အလွှာတစ်လွှာ ဖုံးအုပ်နေသည်။ ထိုနှင်းများကြောင့် ရှစ်လီနန်းဆောင်က ပို၍ခမ်းနားထည်ဝါနေသည်။


" အစောင့်တွေ ..."


ထန့်ယွင် ရထားလုံးထဲမှ မဆင်းလာသေးမီမှာပင် အပြင်ဘက်တွင် ကမောက်ကမ ဖြစ်နေပြီဖြစ်သည်။


ရွှယ်ကျွင်းလျန်က ရထားလုံးထဲမှ ထွက်လာပြီးဖြစ်သည်။ တစ်စုံတစ်ယောက်က ဧကရီ၏ခရီးစဉ်ကို ကြားဖြတ်နှောင့်ယှက်လိမ့်မည်ဟု ခန့်မှန်းထားခဲ့ပြီးဖြစ်သော်လည်း နန်းတော်နှင့် အလွန်နီးသည့် ရှစ်လီနန်းဆောင်ကဲ့သို့နေရာတွင် ပြောင်ပြောင်တင်းတင်းတိုက်ခိုက်လိမ့်မည်ဟု မထင်ခဲ့ပေ။ 


ရွှယ်ဟုန်ယန်က ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်သော်လည်း ဤနေရာ၌ ခြုံခိုတိုက်ခံရလိမ့်မည်ဟု မထင်ခဲ့ပေ။  ဤခရီးစဉ်က အထူးသဖြင့် ဧကရီအတွက် ဖြစ်သောကြောင့် အမျိုးသမီးအစေခံများစွာလည်း ပါဝင်လာ၍ ကမောက်ကမဖြစ်မှုများက ပိုမိုဆိုးလာသည်။


ထန့်ယွင်က မြင်းရထားလုံးထဲတွင် ထိုင်နေဆဲဖြစ်ပြီး ရင်တဒိတ်ဒိတ်ခုန်နေသည်။ ယခုချိန်က ထွက်ပြေးရန်အတွက် အပြည့်စုံဆုံးအချိန်ဖြစ်သည်။ သို့ရာတွင် သူ၏လက်ရှိခန္ဓာကိုယ်က အလွန်အားနည်းနေသည်။ ယခင်ကမူ ထွက်ပြေးနေချိန်တွင် ဖမ်းမိသွားမည်ကိုသာ စိတ်ပူနေခဲ့ရသော်လည်း ယခုအခါတွင်မူ လုပ်ကြံသူများ၏ သတ်ဖြတ်ခြင်းခံရမည်ကိုပါ ‌ကြောက်နေရသည်။


ထန့်ယွင်က လိုက်ကာအစွန်းကို အနည်းငယ်မပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ လုပ်ကြံသူများက ရွှယ်ကျွင်းလျန်ကို ပစ်မှတ်ထားနေပုံရသည်။


ရွှယ်ကျွင်းလျန်က တိုင်းပြည်၏ဘုရင်ဖြစ်၍ ဤမျှလွယ်လွယ်ဖြင့် အသတ်မခံရနိုင်ပေ။ လုပ်ကြံသူများက  ရွှယ်ကျွင်းလျန်ကိုသတ်လိုပါက ပိုမိုကောင်းမွန်သော အစီအစဉ် ရေးဆွဲလာခဲ့ရမည်ဖြစ်သည်။


သို့ရာတွင် ဤသို့ဖြစ်သွားခြင်းက ပိုကောင်းသည်ဟု ထန့်ယွင် တွေးနေမိသည်။ ရွှယ်ကျွင်းလျန်ကစ်မှတ်ထားခံနေရသည်မှာ လုပ်ကြံသူများဘက်မှ အကြံအစည်တစ်ခုခုရှိနေ၍ ဖြစ်နိုင်သည်။ ဤနေရာ၌ လူပေါင်းများစွာ ရှုပ်ယှက်ခတ်နေ၍ ရထားလုံးထဲမှ လူတစ်ယောက်ထွက်ပြေးသွားလျှင်လည်း သတိပြုမိကြမည်မဟုတ်ပေ။

24.2


ထိုအချိန်တွင် ရှို့ယောင်က ထိတ်ထိတ်ပျာပျာဖြင့် ရထားလုံးပေါ် တက်လာသည်။ ထန့်ယွင်ကိုဆွဲကာ သူမ ပြောလိုက်သည်။

" ဧကရီ မြန်မြန်ပြေးရအောင် ... အစောင့်တွေက ဒီလုပ်ကြံသူတွေကို ကြာကြာထိန်းထားနိုင်မှာမသးဟုတ်ဘူး ..."


ထန့်ယွင်ကမူ ဆန့်ကျင်ဘက်ကိုသာ တွေးနေသည်။ အကယ်၍ သူ ထွက်မပြေးပါက လုပ်ကြံသူများက သူ့ဆီသို့ ရောက်လာမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤစစ်သည်များက ရွှယ်ဟုန်ယန်ကိုယ်တိုင်ရွေးချယ်ထားသော လက်ရွေးစင်စစ်သားများ ဖြစ်သည်။ သို့သော် ယခုချိန်က ထွက်ပြေးရန်အကောင်းဆုံးအခွင့်အရေး ဖြစ်နေသည်။


ခဏတာ လေးလေးနက်နက်တွေးတောနေပြီးသည့်နောက် သူ့ခေါင်းပေါ်မှ ဇာမဏီသရဖူကို ဆွဲချွတ်လိုက်ပြီး လက်ဝတ်ရတနာများကိုလည်း ချွတ်လိုက်သည်။ ရှို့ယောင်က ငတုံးမဟုတ်သဖြင့် ဧကရီ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ သူမ ရထားလုံးထဲတွင် အလျင်အမြန်ရှာဖွေလိုက်သည့်အခါ အဖြူရောင်ဝတ်စုံတစ်ထည်ကို တွေ့သွားသည်။ ထို့နောက် ဧကရီဘုရင်မ၏ အပြင်ဝတ်ရုံကို ကူချွတ်ပေးလိုက်ပြီး ဝတ်စုံအသစ်ကို လဲလှယ်ပေးလိုက်သည်။


ရှို့ယောင်က ဘဝတွင် အဖြစ်အပျက်ပေါင်းစုံကို မြင်တွေ့ခဲ့ရသူဖြစ်၍ အပေါ်ယံတွင်မူ တည်ငြိမ်စွာနေနိုင်သည်။ သို့သော်လည်း ရင်ထဲတွင်မူ အလွန်ကြောက်လွန်းနေသဖြင့် သူမဝိညာဉ်ပင် လွင့်သွားတော့မည်ဖြစ်သည်။ သူမ လက်များ တုန်နေသည်။ ဝတ်စုံအသစ်ကူညီလဲပေးပြီးသည့်အခါ သူမတစ်ကိုယ်လုံး ချွေးများစိုရွှဲနေပြီဖြစ်သည်။ 


ရှို့ယောင် အပြင်ကို ချောင်းကြည့်လိုက်သည်။ လူရှင်းသွားသည်ကို မြင်သည့်အခါ အပြင်ခုန်ထွက်လိုက်ပြီး ဧကရီကိုလည်း ကူညီပေးလိုက်သည်။


ထန့်ယွင်က လက်ဝတ်ရတနာများကို ချွတ်ထားသည့်အပြင် သာမန်ဝတ်စုံသာ ဝတ်ထားသောကြောင့် သာမန်အစေခံများနှင့် တူနေသည်။ သူနှင့် ရှို့ယောင်က ပေါ်လွင်ထင်ရှားနေခြင်းမရှိတော့ပေ။


သူတို့၏ ရထားလုံးရပ်ထားသောနေရာ၏ ဘေးတစ်ဖက်တွင် တောအုပ်လေးရှိသည်။ သို့သော်လည်း ထန့်ယွင်က ရှို့ယောင်ကိုဦးဆောင်ကာ တောအုပ်ထဲ ဝင်သွားလိုက်သည်နှင့် တစ်စုံတစ်ယောက်က သူတို့နောက် လိုက်နေသကဲ့သို့ ခြေသံများကြားလိုက်ရသည်။


ရှို့ယောင် ထိတ်ထိတ်ပျာပျာဖြစ်သွားသည့်အခါ ထန့်ယွင်က သူမကို တီးတိုးပြောလိုက်သည်။

" လူခွဲသွားကြမယ် ..."


" ဧကရီ ..."

ရှို့ယောင်က မသွားချင်ပေ။ လူနှစ်ယောက် တူတူသွားပါက ပိုမိုလွယ်ကူသည့်ပစ်မှတ်ဖြစ်သွားနိုင်ကြောင်းကိုသိသော်လည်း သူမတစ်ယောက်တည်း သွားနိုင်မည်ဟု မထင်ပေ။  ထန့်ယွင်က သူမကို စဉ်းစားချိန်ပင် မပေးတော့ပဲ ချက်ချင်းပင် တစ်ဖက်သို့ပြေးသွားကာ သူမကို ထားခဲ့သည်။


သစ်တောထဲတွင် ပေါင်းပင်မြက်ပင်ရှည်များစွာရှိသည်။ ထန့်ယွင်က ဂါဝန်ရှည်ဝတ်ထားသည်ဖြစ်၍ မြက်ပင်များနှင့် ထိသွားတိုင်း အသံမြည်နေကာ ဖိနပ်ကလည်း မြက်ခင်းပေါ်နင်းလိုက်တိုင်း တကျွတ်ကျွတ်မြည်နေသည်။ သူ၏ ယခုလက်ရှိ ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ ခြေလှမ်းနှစ်လှမ်း လှမ်းပြီးသည့်အချိန်တိုင်း မောနေသည်။ လည်ပင်းထဲတွင်လည်း တစ်ခုခုဆို့နေသကဲ့သို့ အမောတကောဖြင့် အသက်ရှုနေရသည်။


ထန့်ယွင်က မြက်ပင်များကြားထဲ ပုန်းလျှိုးကွယ်လျှိုးထိုင်နေကာ အသက်ရှုသံကို မကြားရအောင် နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားသည်။


သူ အချိန်ကောင်းတွင် ပုန်းနေလိုက်မိသည်။ ခဏအကြာတွင် သူ ပုန်းနေသည့်နေရာနားတွင် အသံများကြားလိုက်ရသည်။ ထန့်ယွင် သူ့ကိုရှာတွေ့သွားမည်စိုး၍ အသက်အောင့်ထားမိလိုက်သည်။


ထိုလူများက သူပုန်းနေသည့်နေရာကို ကျော်သွားသည့်အခါမှသာ အနည်းငယ်စိတ်အေးသွားသည်။ သူ့မြင်ကွင်းထဲတွင် အရာအားလုံး ဝေဝါးလာပြီး ကမ္ဘာကြီးက လည်နေသကဲ့သို့ ခံစားလိုက်ရသည်။ ခဏအကြာတွင် မြေ‌ပြင်ပေါ် လဲကျသွားသည်။


လုပ်ကြံသူများက ကောင်းစွာလေ့ကျင့်ထားကြပုံပေါ်သည်။။ တစ်စုံတစ်ယောက် လဲကျသွားသည့်အသံ‌ကို ကြားလိုက်ရုံဖြင့် ချက်ချင်းပြန်လှည့်လာပြီးမြက်ပင်ရှည်များကို ဓားဖြင့် ဖြတ်လိုက်ကြသည်။


ထန့်ယွင်က လက်ဖြင့်မနည်းထူကာ ထွက်ပြေးရန်ပြင်လိုက်သော်လည်း လက်နှစ်ဖက်လုံးတုန်‌နေသည်။ သူ့ခန္ဓာကိုယ်တွင် ခွန်အားမရှိတော့သလိုပင် ခံစားလိုက်ရသည်။ ထို့နောက် သူ့ကို လူတစ်ယောက်က တွန်းလိုက်သည်။


ထန့်ယွင် သူ့နောက်မှ ဆင်ခြေလျှောထဲ ပြုတ်ကျသွားသည်။ ဆင်ခြေလျှောက မမတ်စောက်သော်လည်း အဆင်းက အလွန်နက်သည်။ ‌ဆင်ခြေလျှော၏အောက်ခြေက သစ်တော၏ မှောင်မဲနေသောအပိုင်းဖြစ်သည်။


တွန်းချခံလိုက်ရချိန်တွင် ထန့်ယွင်က ဟန်ချက်မညီဖြစ်သွားသည်။ ထို့နောက် တစ်ယောက်ယောက်က သူ့ကို ခိုင်မြဲစွာဖက်ထားလိုက်ပြီး နှစ်ယောက်လုံး ဆင်ခြေလျှောအောက် ပြုတ်ကျသွားသည်။


တစ်ဖက်လူက ထန့်ယွင်ခေါင်းကို ကျောက်တုံးများနှင့် မဆောင့်မိစေရန် လက်ဖြင့်အုပ်ထားပေးသည်။


သူတို့နှစ်ယောက် ပြုတ်ကျသွားပုံက ဖရိုဖရဲ ကမောက်ကမနှင့်ဖြစ်သည်။ ထန့်ယွင်က အန်ချင်စိတ်ဖြစ်ပေါ်လာ၍ ဗိုက်ကိုသာဖိထားပြီး မျက်လုံးများ တင်းတင်းမှိတ်ထားသည်။ 


သူတို့ မြေပြန့်ပေါ် ပြုတ်ကျသွားသည့်အခါ ထန့်ယွင် အသက်ပြင်းပြင်းရှုနေရသည်။ ကမ္ဘာကြီးလည်နေသည်မှာ မရပ်တန့်ဟုထင်မိ၍ ထန့်ယွင်မျက်လုံးများကို မှိတ်ထားဆဲဖြစ်သည်။ လည်နေသည်ကို မခံစားရသည့်အခါတွက် မြေပြင်ပေါ်မှထလိုက်သည်။ ခြေလှမ်းနှစ်ခြမ်းခန့် လှမ်းပြီးသောအခါတွင် မြေတွင်းတစ်ခုထဲ ဆွဲခေါ်ခံလိုက်ရသည်။


အန်ချင်စိတ်ပျောက်သွားမှသာ ထန့်ယွင်မျက်လုံးများကို တဖြည်းဖြည်းဖွင့်လိုက်မိသည်။ သူ ပထမဆုံးမြင်လိုက်သည်က ရွှယ်ကျွင်းလျန်ဖြစ်နေသည်။


ရွှယ်ကျွင်းလျန်၏ သရဖူက မရှိတော့ပေ။ ဆံပင်ကိုစုချည်ထားသော ဖဲကြိုးအပြားရှိသေးသော်လည်း သူ့ဆံပင်များက ဖွာလန်ကြဲကာ ရှုပ်ပွနေသည်။ အနက်ရောင်ဝတ်ရုံရှည်ကြီးက ဖုန်များကြောင့် မီးခိုးရောင်သန်းနေပြီး နေရာအနှံ့တွင် ခြစ်ရာ စုတ်ပြဲရာများလည်း ရှိနေသည်။ သူ့ပုံစံက ရှုပ်ပွနေသော်လည်း မျက်နှာအမူအယာက ယခင်ကဲ့သို့ တည်ငြိမ်ဆဲဖြစ်သည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို လက်တစ်ဖက်တည်းဖြင့် တွင်းထဲသို့  ဆွဲခေါ်သွားပြီး အခြားလက်တစ်ဖက်က ထန့်ယွင်၏ပါးစပ်ကိုပိတ်ထားကာ အသံမထွက်ရန် လက်အမူအရာလုပ်ပြနေသည်။


ဆင်ခြေလျှောမှ တစ်စုံတစ်ယောက် ပြုတ်ကျသွားသသည်ကိုသိ၍ လုပ်ကြံသူများက နောက်မှလိုက်လာသည်။ ကံကောင်းသည်မှာ ဤနေရာ၌ အလွန်မှောင်မည်းနေသည်။ လဲကျနေသောသစ်ပင်များနှင့် ပေါင်းပင်များက မြေပေါ်တွင်ရှိနေပြီး အနံ့ဆိုးများထွက်နေသော ချောင်းငယ်တစ်ခုလည်း စီးဆင်းနေသည်။ လုပ်ကြံသူများက အချိန်အတော်ကြာ ရှာဖွေပြီးသော်လည်း သူတို့၏ပစ်မှတ်များက ထွက်ပြေးသွားပြီဖြစ်၍ ဤနေရာတွင် ဝေ့မနေတော့ပဲ သစ်တော၏ အနက်ဆုံးနေရာသို့ ထွက်သွားကြသည်။


ရွှယ်ကျွင်းလျန်က သူ့လက်ဖြင့် ထန့်ယွင်၏ ပါးစပ်ကို ပိတ်ထားဆဲဖြစ်သည်။ လုပ်ကြံသူများ ဝေးဝေးရောက်သွားမှသာ လွှတ်ပေးလိုက်သည်။


ထန့်ယွင် ထိုအခါမှသာ အသက်ဝဝ ရှုနိုင်တော့သည်။ အချိန်အတော်ကြာ ပါးစပ်ကိုပိတ်ထား၍ အသက်ရှုကျပ်ကာ သေတော့မည်ဟုပင် ထင်လိုက်မိသည်။


တစ်ဖက်လူက မျက်နှာများနီမြန်းနေသည်ကိုမြင်မှ ရွှယ်ကျွင်းလျန် အသံတိုးတိုးဖြင့် ရယ်လိုက်မိသည်။ သူတို့နှစ်ယောက်က အလွန်နီးကပ်နေ၍ ရွှယ်ကျွင်းလျန်၏ ဝင်လေထွက်လေက ထန့်ယွင်၏ နားရွက်ဖျားကို လာထိနေ၍ သူကြက်သီးထလာသည်။ ထန့်ယွင် တစ်ဖက်သို့လှည့်ကာ ရွှယ်ကျွင်းလျန်ကို ကျောပေးပြီး ထိုင်လိုက်သည်။


အပြန်အလှန်နားလည်နေသည့်အလား ထိုနှစ်ယောက် လုံးဝမလှုပ်ရှားတော့ပေ။  လုပ်ကြံသူများ အချိန်အတော်ကြာသည်အထိ ပြန်မလာမှသာ တွင်းထဲက ထွက်လာကြသည်။


သူတို့နှစ်ယောက် ပြုတ်ကျခဲ့ချိန်က ရွှယ်ကျွင်းလျန်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများရလာခဲ့ပြီး သွေးအနည်းငယ်ထွက်နေသည်။ ဒဏ်ရာများက ကြည့်ရဆိုးစေသော်လည်း ကံကောင်းသည်မှာ အလွန်မပြင်းထန်ပေ။ သို့သော် သူ၏ညာဘက်လက်က ပုံမှန်နှင့်မတူပဲ တောင့်တင်းနေသည်။


ရွှယ်ကျွင်းလျန်က ဖုန့်နှင့် အညစ်အကြေးများကို စိတ်အနှောင့်အယှက် မဖြစ်သကဲ့သို့ ထန့်ယွင်‌၏ဘေးမှ မြေကြီးပေါ် ထိုင်ချလိုက်သည်။

" အိုက်ဖေး ဘယ်လိုလုပ်မလဲ ... ကိုယ်တော့်လက်ကျိုးသွားပြီထင်တယ် ..."


ဤလူက သူ့အသက်ကိုကယ်လိမ့်မည်ဟု ထန့်ယွင်မမျှော်လင့်ခဲ့မိပေ။ ရွှယ်ကျွင်းလျန်ကို ရှုပ်ထွေးသောစိတ်ခံစားချက်ပေါင်းစုံဖြင့် စိုက်ကြည့်နေလိုက်မိသည်။ သူတို့က တစ်ဘဝလုံးရန်သူဖြစ်ခဲ့ကြပြီး ထျန့်ယွင်က ရွှယ်ကျွင်းလျန်၏ လက်ထဲ၌ပင် အသက်ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ယခုအခါတွင် ဤလူက သူ့အသက်ကို ကယ်ထားပြန်သည်။


xxxxx