အပိုင်း ၂၅
Viewers 14k

Chapter 25

ကိုယ်လက်သန့်စင်ပေးထားတယ် တဲ့လား ...


ရွှယ်ကျွင်းလျန်က ဘာလို့ ဒီနေရာ ရောက်နေတာလဲ... ထန့်ယွင် ထွက်ပြေးဖို့ကြံနေတာကို သိသွားတာများလား ...


ရွှယ်ကျွင်းလျန်၏ သနားစဖွယ်အခြေအနေကို ထန့်ယွင်ကြည့်လိုက်သည်။ ရွှယ်ကျွင်းလျန်က လုပ်ကြံသူတစ်အုပ်စုနှင့် ရင်ဆိုင်ရမည်ကို မကြောက်ရွံ့သော်လည်း သူ့ကိုယ်သူ ခက်ခဲသည့်အခြေအနေတွင်းကျရောက်နေကြောင်း သတိပြုမိပုံမပေါ်ပေ။ 


" ဘာလို့လဲ အိုက်ဖေး ဝမ်းနည်းသွားတာလား ... စိတ်မပူပါနဲ့ ...  နန်းတွင်းပြန်ရောက်ရင် ကိုယ်တော့်ကို တစ်နေကုန် ထိုင်ကြည့်နေလို့ရတယ် ..."

ရွှယ်ကျွင်းလျန်က စနောက်ကျီစယ်လိုဟန်ဖြင့် အသံဩဩဖြင့် တမင်ပြောလိုက်သည်။


ထန့်ယွင် သူ့ကိုလျစ်လျူရှု့ထားသည်။ သူ မတ်တပ်ရပ်ပြီး အနီးတစ်ဝိုက်တွင် သစ်ပင်ကြီးကြီးတစ်ပင် ရှာလိုက်သည်။ ထို့နောက် ရွှယ်ကျွင်းလျန်၏ဘေးတွင်ထိုင်ကာ သူ၏ပြဲနေသောဝတ်ရုံမှ။အဝတ်စအနည်းငယ်ကိုဖြဲကာ ကျိုးနေသောလက်ကို ယာယီချည်ထားပေးလိုက်သည်။


ရွှယ်ကျွင်းလျန်က အကောင်းပကတိရှိနေသောလက်ဖြင့် ပြဲသွားသောဝတ်ရုံကို နောင်တရသကဲ့သို့ ကြည့်နေသည်။ ထို့နောက် အေးအေးဆေးဆေးပင် ပြောလိုက်သည်။

" အိုက်ဖေးက တော်သားပဲ ..."


ထန့်ယွင် လုပ်လက်စကို ခဏရပ်သွားမိသော်လည်း ဆက်လုပ်ပြီး ဂရုမစိုက်ဟန်ဆောင်နေသည်။ ထန့်ယွင်က စစ်မြေပြင်တွင် တိုက်ခိုက်ရသည်ကို ကျင့်သားရနေသူဖြစ်၍ ထိုကဲ့သို့သေးငယ်သောအနာနှင့် ဒဏ်ရာလေးများကို သူကိုယ်တိုင် ကိုင်တွယ်နိုင်သည်။ သို့သော်လည်း နေမထိမိုးမထိ နေထိုင်ခဲ့ရသော အိမ်ရှေ့စံ မင်းသမီးလေးကမူ ထိုသို့လုပ်နိုင်မည်မဟုတ်ပေ။  ဒဏ်ရာကို အေးဆေးစွာကိုင်တွယ်ရန်မပြောနှင့် ဤအခြေအနေတွင် ပျာယာခတ်နေရမည်ဖြစ်သည်။


အခြေအနေအားလုံးကို ခြုံငုံတွေးတောလိုက်မိသော်လည်း ရွှယ်ကျွင်းလျန်၏လက်မှဒဏ်ရာကို ကူညီပေးနေဆဲဖြစ်သည်။


သူ၏ ဧကရီက အနည်းငယ်ထူးဆန်းနေသည်ဟု ရွှယ်ကျွင်းလျန်ထင်လိုက်သော်လည်း စိတ်ထဲ အထွေအထူးတွေးမနေတော့ပေ။


ဒဏ်ရာမရှိသောလက်ဖြင့် ဝတ်ရုံနက်ကို ဆွဲချွတ်လိုက်ပြီး မြေပေါ်ဖြန့်ခင်းလိုက်ပြီးနောက်  ထိုဝတ်ရုံကိုပုတ်ပြလိုက်သည်။

" ခဏထိုင်ပြီး အနားယူကြတာပေါ့ ... ဟုန်ယန်ရဲ့စစ်သားတွေက ကိုယ်တော်တို့ကို မကြာခင်ရှာတွေ့မှာပါ ..."


ထန့်ယွင် မြေပြင်ပေါ်မှ ဝတ်ရုံကိုကြည့်လိုက်သည်။ သူနှင့် စကားမပြောချင်တော့ပဲ အချေအတင်ဖြစ်နေရန် ခွန်အားလည်းမရှိပေ။ ယခု သူရောက်နေသော ခန္ဓာကိုယ်က အလွန်အမင်း အလိုလိုက်ခံထားရပုံပေါ်သည်။ ရုပ်ပိုင်းဆိုင်ရာခွန်အားက သုညဖြစ်နေသည့်အပြင် ခံနိုင်ရည်လည်းမရှိပေ။ ထန့်ယွင်၏လည်ချောင်းထဲ ယားကျိကျိဖြစ်နေသည်။ ယခုချိန်တွင် စကားပြောရန်ကြိုးစားပါက အန်ချမိတော့မည်ဖြစ်သည်။


ထန့်ယွင်က ရွှယ်ကျွင်းလျန်နှင့် အဝေးဆုံးနေရာတွင် ထိုင်နေသည်။ ရွှယ်ကျွင်းလျန်မြင်သည့်အခါ သူက ထန့်ယွင်အနားကပ်သွားသည်။ လက်တစ်ဖက်ဖြင့် ထန့်ယွင်၏ခေါင်းကို သူ့ပခုံးပေါ်မှီခိုင်းလိုက်ကာ ပြောလိုက်သည်။

" တကယ်လို့ ပင်ပန်းရင် မျက်လုံးမှိတ်ပြီး အနားယူနေလေ ..."


ထန့်ယွင်က အမှန်တကယ်ပင် ပင်ပန်း‌နွမ်းနယ်နေသော်လည်း ထိုင်ချလိုက်သည်နှင့် စိုးရိမ်မှုများက သူ့အပေါ် ရောက်ရှိလာသည်။ ရွှယ်ကျွင်းလျန်၏ ပခုံးပေါ်မှီထားရ၍ စိတ်အေးလက်အေးမနေနိုင်ပဲ ခန္ဓာကိုယ်က တောင့်တင်းနေသည်။


သူ၏ဧကရီက ပခုံးပေါ်တွင် သက်တောင့်သက်သာမှီနေရမည့်အစား တောင့်တောင့်ကြီးဖြစ်နေသည်ကို ရွှယ်ကျွင်းလျန်မြင်သွားသည့်အခါ မရယ်ပဲ မနေနိုင်တော့ပေ။ ထို့နောက် ဧကရီ၏ခါးကို နောက်မှ ဖက်ထားလိုက်သည်။


ထန့်ယွင် အိပ်ငိုက်နေရာမှ ထိတ်လန့်သွားသည်။ တစ်ဖက်လူက တသိမ့်သိမ့်တုန်သွားသည်ကို မြင်သောအခါ ရွှယ်ကျွင်းလျန်က သူ့ခါးကိုပို၍ တင်းတင်းဖက်ထားလိုက်ပြီး ပြောလိုက်သည်။

" ရာသီဥတုအေးတယ် ဒီတိုင်းနေတာ ပိုနွေးမယ်ထင်တယ် ..."


ရွှယ်ဟုန်ယန်၏ လှုပ်ရှားမှုများက မြန်ဆန်သည်။ အချိန်တိုအတွင်းမှာပင် ရွှယ်ဝမ်နှင့် ဧကရီကို ရှာတွေ့သွားပြီး လုပ်ကြံသူအတော်များများကို ဖမ်းမိသွားသည်။


ရွှယ်ဟုန်ယန်က မိမိကိုယ်ကို အပြစ်မကင်းသောကြောင့် ဒူးထောက်တောင်းပန်နေသော်လည်း ရွှယ်ကျွင်းလျန်က ဘာမှ ပြန်မပြောပေ။ အဘယ့်ကြောင့်ဆိုသော် ဧကရီက အိပ်ပျော်သွားပြီဖြစ်၍ သူမ နိုးလာမည်စိုးသောကြောင့် မည်သူမျှ အသံကျယ်ကျယ် မပြောရဲကြတော့ပေ။



ထန့်ယွင် အိပ်နေချိန်တွင် ပိုးကောင်အိမ်ကဲ့သို့ အလွန်နွေးထွေးသောအရာကို ဖက်ထားမိသည်။ ၎င်းက အလွန်နွေးသော်လည်း အမွေးကဲ့သို့အရာတစ်ခုက သူ့နှာခေါင်းကို လာထိ၍ အလန့်တကြားဖြင့် နိုးလာသည်။


ဧကရီက ရုတ်တရက်လန့်နိုးလာသည်ကို ရွှယ်ကျွင်းလျန်မြင်သောအခါ အိမ်မက်ဆိုးမက်သောကြောင့်ဖြစ်မည်ဟု ထင်လိုက်သည်။ တစ်ဖက်လူ၏ကျောကို ဖြည်းညင်းစွာပုတ်ပေးပြီး ပြောလိုက်သည်။

" ဘာမှမဖြစ်ဘူး ပြန်အိပ်ပါ ... ကိုယ်တော်တို့ ခဏနေရင် နန်းတော်ကို ပြန်ရောက်တော့မယ် ..."


အိပ်တစ်ဝကိ နိုးတစ်ဝက်ဖြစ်နေသော ထန့်ယွင်က ရွှယ်ကျွင်းလျန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။ ရထားလုံးက တငြိမ့်ငြိမ့်ဖြစ်နေရာ သူ့ခန္ဓာကိုယ်ကို သားမွေးစောင်ဖြင့် ခြုံထားပေးသည်ကို ခံစားမိနေသည်။ ရွှယ်ကျွင်းလျန်က ဝတ်ရုံပြန်လဲထးပြီးပြီဖြစ်၍ ယခုအခါ ခမ်းနားထည်ဝါ၍ ယုံကြည်ချက်ရှိသော အရှိန်အဝါပြန်လည်ရရှိနေသည်။


သူ့ပေါင်ပေါ်တွင် လှဲကာ အိပ်ချင်မူးတူးဖြစ်နေသော ဧကရီကို ရွှယ်ကျွင်းလျန် ငုံ့ကြည့်လိုက်သည်။ ဧကရီက နန်းတွင်းထဲ ပြန်ရောက်သည်အထိ မနိုးနိုင်တော့ဟု သူထင်လိုက်သည်။


ဧကရီ နိုးလာမည်စိုး၍ အစေခံများကိုလည်း သူမ အဝတ်အစားများကို မလဲခိုင်းခဲ့ပေ။ သူက ထပ်မံညစ်ပတ်သွားမည်ကို မစိုးရိမ်ပဲ သူမကို သူ့ပေါင်ပေါ်တွင် အိပ်ခိုင်းထားခဲ့သည်။


ယခုအချိန်၌ နွေးထွေး‌၍ သက်တောင့်သက်သာဖြစ်နေသောကြောင့် ဧကရီ၏ မျက်နှာက အနည်းငယ်နီမြန်းနေသည်။ သူမ မျက်လုံးများတွင် မြူခိုးများဝေနေသကဲ့သို့ဖြစ်ပြီး မျက်ဝန်းများက သူ့ကို ငေးငိုင်စွာကြည့်နေသည်။


ယခုက သင့်တော်သည့်အချိန်မဟုတ်သော်လည်း ထိုသို့သောမျက်ဝန်းများဖြင့် ကြည့်ခံနေရ၍ ရွှယ်ကျွင်းလျန်၏ ရင်ထဲတွင် စိတ်လှုပ်ရှားမိလာသည်။ ထို့အပြင် ဧကရီ၏ခေါင်းကလည်း သူ့ပေါင်ပေါ်ရောက်နေ၍ ဤကဲ့သို့သောအခြေအနေမျိုးက သူ့ကို အတွေးများလာစေသည်။


အကယ်၍ ထိုပုံစံအတိုင်းဆက်နေပါက တစ်ဖက်လူက သူ့ခန္ဓာကိုယ်မှ တုံ့ပြန်မှုများကို သိသွားနိုင်သည်။


သူက ဧကရီကို မွေ့ယာပေါ်မှီပေးလိုက်ပြီး သူမဆံပက်များကို နားရွက်နောက် သိမ်းပေးလိုက်သည်။ နားရွက်ဖျားကို ထိလိုက်မိချိန်၌ သူမ နှုတ်ဖျားမှ "အင်း" ဟူသောအသံကို ရေရွတ်လိုက်သည်။ ထိုအသံကြောင့်ရွှယ်ကျွင်းလျန်၏ နှလုံးသားကို တစ်ယောက်ယောက် ဆွဲလိုက်သကဲ့သို့ ‌တင်းကြပ်သွားသည်။

သူ့လက်များက ဧကရီ၏ နားရွက်ဖျားမှ မေးစေ့သို့ရောက်သွားကာ ခေါင်းကိုငုံ့ကိုင်း၍ သူမနှုတ်ခမ်းများကို သူ့နှုတ်ခမ်းနှင့် ဖိကပ်လိုက်မိသည်။


" ဒီ အစေခံအိုကြီးက ‌သေလောက်တဲ့အပြစ်ကို ကျူးလွန်မိပါတယ် ... ဒီအစေခံအိုကြီး သေသင့်ပါတယ် ... အစေခံအိုကြီးရဲ့အပြစ်က ခွင့်လွှတ်ပေးလို့မရတော့ပါဘူး ..."


ကျန်းယွီက ဒူးထောက်ပြီး  ကြမ်းပြင်နှင့်ခေါင်းကို ထပ်ခါထပ်ခါ ထိနေသည်။ သူ၏ အမှုထမ်းဦးထုပ်သည်လည်း ဘေးနားပြုတ်ကျနေပြီး နဖူးတွင်လည်း ဖူးယောင်နေသည်။


တောင်ဝင်သမားတော်က ရွှယ်ကျွင်းလျန်၏ ဒဏ်ရာများကို တုန်တုန်ယင်ယင်နှင့် ကုသပေးနေသည်။ ရွှယ်ဝမ်က လက်ကာပြလိုက်ပြီး ပြန်ခွင့်ပြုလိုက်သည့်အခါ ချက်ချင်းပင် မပြေးရုံတမယ် ခပ်သုတ်သုတ်လျှောက်သွားသည်။


တော်ဝင်သမားတော်အနေဖြင့် အလုပ်လုပ်ရသည်မှာလည်း တော်ဝင်ခုံရုံးမှ အမှူထမ်းများထက် မလွယ်ကူပေ။ တစ်ခါတစ်ရံတွင် ကြားခွင့်မရှိသော စကားများကိုလည်း ကြားရတတ်သည်။ ထိုစကားများက အတိအကျမဟုတ်သော်လည်း အပြင်လူများထံ ပေါက်ကြားသွားတတ်သည်။ သို့ဖြစ်၍ အရှင်မင်းကြီးက သူ့ကိုထွက်သွားခိုင်းသည့်အချိန်တွင် အလျင်အမြန်သွားမှ ဖြစ်မည်သာ။ အနည်းငယ်သာ သိရလေ ကောင်းလေဖြစ်သည်။

25.2


ရွှယ်ကျွင်းလျန်က ညာဘက်လက်ကိုထိလိုက်ပြီး သလွန်ပေါ် လှဲလျောင်းနေသည်။ သူ့မျက်နှာမှ ခြစ်ရာအနည်းငယ်က သူ၏ကြီးမြတ်သောအရှိန်အဝါကို မလျော့သွားစေပေ။ သူ စကားတစ်ခွန်းမှ မပြောလျှင်ပင် နှုတ်ခမ်းထက်၌ အပြုံးမမည်သော အပြုံးတစ်ခုက အမြဲတစေရှိနေတတ်၍ သူ့စိတ်ကိုခန့်မှန်းကြည့်ရန် ခက်ခဲလှသည်။


ကျန်းယွီက ရွှယ်ဝမ် ဘာမှမပြောသည်ကိုကြားသောအခါ ကြမ်းပြင်နှင့်နဖူးကို ထိမြဲထိနေသည်။


နောက်ဆုံးတွင် ရွှယ်ကျွင်းလျန်က စကားစပြောလာသည်။ 

" ကောင်းပါပြီ ထပါတော့ ..."


" ကျေး... ကျေးဇူးကြီးမားလှပါတယ် ... အရှင်မင်းကြီးရဲ့ သနားညှာတာမှုအတွက် ကျေးဇူးတင်ပါတယ် ..."


" ကျန်းယွီ ... ကိုယ်တော် ကြီးပြင်းလာချိန်တည်းက မောင်မင်းကို တလေးတစားဆက်ဆံတယ် စောင့်ရှောက်ပေးခဲ့တယ် ...  အရင်မင်းကြီးဆီမှာ ခစားခဲ့တဲ့သူဖြစ်လို့ တရိုတသေပဲ ထားခဲ့တယ် ... ဒီကိစ္စကျမှ မောင်မင်းက ဘယ်လိုအကြောင်းကြောင့် မကိုင်တွယ်နိုင် ဖြစ်သွားရတာလဲ ..."

ရွှယ်ကျွင်းလျန် ပြောလိုက်သည်။


" ဒီ အစေခံအိုကြီး ..."

ကျန်းယွီ၏ ခြေထောက်များက တုန်ယင်နေ၍ ခွေလဲကျသွားသည်။ သို့သော် မြေကြီးနှင့် ခေါင်းကိုထိထားပြီး အမြန်ပြောလိုက်သည်။


" ဒီအစေခံအိုကြီး သေသင့်ပါတယ် ..."


ရွှယ်ကျွင်းလျန် သူ့ကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။

" မောင်မင်း ကိုယ်တော့်နောက် လိုက်လာတာ အချိန်ကြာပြီပဲ ဘယ်အချိန်ပဲဖြစ်ဖြစ် အလုပ်ကြိုးစားပြီး  ဘယ်အလုပ်မှာမဆို စိတ်ကိုမြှုပ်နှံထားတတ်တယ်ဆိုတာသိတယ် ... ဒီတစ်ကြိမ်အမှားလုပ်ခဲ့ပေမယ့် အရင်ကကိစ္စတွေ ထောက်ထားပြီး ကိုယ်တော် အပြစ်မပေးတော့ဘူး ... ကိုယ်တော်ပဲ ဒဏ်ရာရခဲ့တာဆိုရင် ရေးကြီးခွင်ကျယ်မဟုတ်ပါဘူး ... ဒါပေမဲ့ ဧကရီက ဒီကိစ္စကြောင့် တော်တော်လန့်သွားတယ် ..."


" ဒီအစေခံအိုကြီး ... ဒီအစေခံအိုကြီး ..."

ကျန်းယွီ ဘာစကားမှ မပြောနိုင်တော့ပေ။ ဤတစ်ခေါက်တွင် သူ့ကို အကြိမ်ပေါင်းတစ်ထောင်ခန့် ကွပ်မျက်ပါကလည်း သူ့အပြစ်ကြေနိုင်မည် မဟုတ်တော့ပေ။ 


ဧကရီက သူမမွေးရပ်မြေသို့ အလည်အပတ်သွားသောခရီးစဉ်တွင် လုပ်ကြံသူများ၏ ဝင်ရောက်နှောင့်ယှက်ခြင်း ခံခဲ့ရသည်။ ဤကိစ္စကို ရွှယ်ကျွင်းလျန် ခန့်မှန်းထားပြီးသားဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းက ရွှယ်ကျွင်းလျန်ကိုယ်တိုင်စီမံထားသည့် လုပ်ဇာတ်ကြီးတစ်ခု ဖြစ်နေသည်။


ရွှယ်ကျွင်းလျန်က အကျင့်မကောင်းသောမြေခွေးအိုတစ်ကောင်ဖြစ်သည်။ ဖုန့်မင်က မကောင်းသည့်အကြံအစည်ပေါင်းစုံဖြင့် ပြည့်နေသူဖြစ်သော်လည်း သူက ရွှယ်ကျွင်းလျန်ကို မမှီပေ။ ဖုန့်မင်က ဧကရီကို ရွှယ်တိုင်းပြည်နယ်နိမိတ်တွင် လုပ်ကြံလိုက်စေမည့်အစား သူ၏လက်နှစ်ဖက်ဖြင့်သာ လုပ်ကြံမှုကို ကိုယ်တိုင်စီစဉ်လိုက်သည်။


ဧကရီမှာ လုပ်ကြံသူများကြောင့် ကြောက်လန့်သွားသဖြင့် အစီအစဥ်အတိုင်း ဖုန့်တိုင်းပြည်သို့ ခရီးဆက်သွားရန် မဖြစ်နိုင်တော့ပေ။ နန်းတော်ထဲတွင် အနားယူနေသည်ကသာ သူမအတွက် ပိုကောင်းလိမ့်မည်။ ဖုန့်မင်က အနည်းငယ်သာ စောဒကတက်နိုင်ပြီး ၎င်းကိုအသုံးပြု၍ ဖုန့်တိုင်းပြည်ကို တိုက်ခိုက်၍ မရတော့ပေ။ 


သူ၏ လုပ်ဇာတ်ကြီးက လမ်းကြောင်းမှ သွေဖယ်သွားလိမ့်မည်ဟု ရွှယ်ကျွင်းလျန် မမျှော်လင့်ထားခဲ့ပေ။ လုပ်ကြံသူများက လမ်းတစ်ဝက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုလူများက ဖုန့်မင်၏လူများ မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဖုန့်မင်၏လူများက နယ်စပ်တွင် ဧကရီကို ခြုံခိုတိုက်ရန် စောင့်ဆိုင်းနေကြသောကြောင့်ဖြစ်သည်။


သူတို့ကို တိုက်ခိုက်ခဲ့သော လုပ်ကြံသူများက သူခိုးများသာဖြစ်သည်။ သူတို့က နန်းမြို့တော်နှင့် ဆယ်မိုင်အကွာတွင် ကျိုးကြောင်းဆင်ခြင်မှု မရှိပဲ တိုက်ခိုက်ခဲ့ကြသည်။ ထိုနေရာတွင် အစောင့်နှင့် စစ်သားများစွာရှိနေ၍ လုပ်ကြံသူအားလုံးကို ရွှယ်ဟုန်ယန်က ဖမ်းဆီးရရှိခဲ့သည်။


ရွှယ်ကျွင်းလျန်သည်လည်း စစ်ဘက်ဆိုင်ရာအုပ်ချူပ်သူတစ်ယောက်ဖြစ်၍ ဒဏ်ရာအနည်းငယ်ခန့်က သူ့အတွက် ဘာမှမဟုတ်ပေ။  သူ့ကိုဒေါသထွက်စေသည်မှာ ကျန်းယွီက ဤကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားနေသောကြောင့်ဖြစ်သည်။


ရွှယ်ကျွင်းလျန်က တမင်တကာ စကားမပြောပဲ အချိန်အတော်ကြာ တိတ်ဆိတ်နေ၍  ကျန်းယွီထိတ်လန့်ပြီး ချွေးများပင်ပြန်လာသည်။ ကျန်းယွီ၏ ရာထူးအဆင့်အတန်းက မြင့်မားပြီး ရွှယ်ကျွင်းလျန်၏ မျက်နှာသာပေးခြင်း ခံရသည်ဟု လူအများစုက ထင်ကြသည်။ သို့ရာတွင် ရွှယ်ကျွင်းလျန်က အခြားဘုရင်များနှင့် မတူကြောင်းကို ကျန်းယွီ အသိဆုံးဖြစ်သည်။ သူက ကုန်းကုန်းတစ်ယောက်ကို အားလုံးအထက်တွင်ထားကာ မျက်နှာသာပေးမည့်လူမျိုး မဟုတ်ပေ။  ရွှယ်ကျွင်းလျန်၏ တစ်စုံတစ်ယောက်အပေါ် ယုံကြည်မှုက ပေးအပ်သောတာဝန်ကို ကျေပွန်ခြင်းဟူ‌သော အလွှာများပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။


ကျန်းယွီက အသက်ကြီးရင့်၍ အတွေ့အကြုံများသူတစ်ယောက်ဖြစ်ကာ ဘုရင်မင်းဆက်နှစ်ဆက်ကို ခစားခဲ့သူဖြစ်သည်။ ကျန်းယွီ၏ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် လိမ္မာပါးနပ်မှုက ရွှယ်ကျွင်းလျန်၏ပြိုင်ဘက်များနှင့် ရင်ဆိုင်ခဲ့ရစဉ်တွင် အလွန်ကူညီပေးခဲ့သည်။ ရွှယ်ကျွင်းလျန်အပေါ် ကျန်းယွီက အလွန်ကျေးဇူးရှိပြီး ထိုကျေးဇူးများကိုလည်း သူ မေ့သွားမည်မဟုတ်ပေ။ သူက ကျန်းယွီကို အပြင်းအထန် အပြစ်ပေးမည် မဟုတ်သော်လည်း ကျန်းယွီကို  စည်းကမ်းတင်းကျပ်ပြီး သတိပေးရန် လိုအပ်နေသည်။ ကျန်းယွီကို ဘာမှမပြောပဲ ကြောက်ရွံ့တုန်လှုပ်နေစေခြင်းကလည်း အပြစ်ပေးနည်းများထဲမှ တစ်မျိုးဖြစ်သည်။


ကျန်းယွီ အတော်အတန်ကြောက်လန့်သွားသည့်အခါမှ ရွှယ်ကျွင်းလျန်ပြောလိုက်သည်။


" ကိုယ်တော် မောင်မင်းကို အပြစ်မပေးဘူး ... မောင်မင်းက တာဝန်ကို သေချာမလုပ်ပဲ ကျရှုံးခဲ့တာ မှန်ပေမယ့် အလုပ်ကြိုးစားခဲ့တယ် ... အဲ့တော့ လုံလောက်ပြီလို့ ကိုယ်တော်တွေးလိုက်တယ် ... ဒါပေမဲ့ ဧကရီကို စိတ်ဖိစီးသွားစေခဲ့တဲ့အတွက် သူမဆီမှာ ရက်အနည်းငယ် သွားခစားလိုက် ... သူမ တစ်ခုခုလိုအပ်တယ်ဆိုတာနဲ့ ကိုယ်တော့်ကို ချက်ချင်းသတင်းပို့ပါ ..."


ကျန်းယွီက အပြစ်မပေးသည့်အတွက် ကျေးဇူးတင်သွားသော်လည်း ရွှယ်ဝမ်ကို သူနားလည်သည်။ ရွှယ်ဝမ်၏အမိန့်ကလည်း ယခုအခြေအနေနှင့် သင့်တော်လှသည်။ ရွှယ်ဝမ်က ကျန်းယွီကို ဧကရီ၏အနားတွင်ထားကာ စောင့်ကြည့်စေပြီး မူမမှန်သောလှုပ်ရှားမှုများရှိနေပါက သတင်းပို့စေလိုခြင်းဖြစ်သည်။


ကျန်းယွီ ဦးညွှတ်လိုက်ပြန်သည်။

" အရှင်မင်းကြီးက သနားညှာတာ ပေးလိုက်တာပါပဲ ... အစေခံအိုကြီးက အရှင်မင်းကြီးကို ပြန်ပေးဆပ်ဖို့ တစ်ဘဝလုံးကို မြှုပ်နှံထားပါ့မယ် ..."


ရွှယ်ကျွင်းလျန်ပြုံးလိုက်သည်။

" အရမ်း ယဉ်ကျေးနေစရာမလိုပါဘူး ... မောင်မင်းက သစ္စာရှိတဲ့သူဖြစ်လို့ ကိုယ်တော်ဝမ်းသာရပါတယ် ..."


ရွှယ်ကျွင်းလျန်က တံခါးဘက်သို့ လှမ်းကြည့်လိုက်သည်။ သူက အတွင်းဘက်အခန်းထဲတွင် ထိုင်နေခြင်းဖြစ်ကာ သူနှင့် တံခါးအကြားတွင် လိုက်ကာတစ်ခုရှိသည်။ လိုက်ကာ မရှိလျှင်ပင် တံခါးအပြင်ဘက်ကို မမြင်ရသော်လည်း ကျန်းယွီက ချက်ချင်းသဘောပေါက်လိုက်သည်။ 

" နယ်စား ဝမ်နျန်က အပြင်ဘက်မှာ စောင့်နေပါတယ် ... တာ့ဝမ် သူ့ကို တွေ့ချင်လားမသိဘူး ..."


ရွှယ်ကျွင်းလျန် ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

" သူ့ကို ဝင်လာခိုင်းလိုက် ..."


ကျန်းယွီ အပြင်ထွက်သွားပြီး ရွှယ်ဟုန်ယန်ကို ဝင်လာနိုင်ပြီဖြစ်ကြောင်း အသိပေးလိုက်သည်။


ရွှယ်ဟုန်ယန်က ပင်မခန်းမရှေ့မှ ကျောက်လှေကားထစ်တွင်  ဒူးထောက်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ လုပ်ကြံသူများက ရှစ်လီနန်းတော်တွင် ပြဿနာရှာခဲ့ခြင်းက အသေးအဖွဲ့ကိစ္စမဟုတ်ပေ။ ရှစ်လီက နာမည်အတိုင်းပင် နန်မြို့တော်ဂိတ်တံခါးဝနှင့် ဆယ်မိုင်အကွာတွင် တည်ရှိသည်။ ရန်သူများက မိမိမျက်စိအောက်တွင် ရှိနေသော်လည်း ရွှယ်ဟုန်ယန်က သတိလက်လွတ်ဖြစ်ခဲ့မိသည်။ ဤကဲ့သို့သော အမှားမျိုးက ရန်သူများကို နိုင်ငံတော်သစ္စာဖောက်မှု လုပ်ဆောင်ရာတွင် အားပေးအားမြှောက်ပြုနေသကဲ့သို့ ဖြစ်နေသည်။


[T/N : ရှစ်လီဆိုတဲ့နာမည်မှာ ရှစ်က တစ်ဆယ် ၊ လီက တရုတ်လို မိုင် ကို ပြောတာပါ ... အဲ့တော့ ရှစ်လီက ဆယ်မိုင်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်သွားပါတယ် ]


xxxxx