အပိုင်း ၂၆
Viewers 13k

Chapter 26


ရွှယ်ဟုန်ယန် အတွင်းခန်းထဲသို့ရောက်သည်နှင့် ချက်ချင်းဒူးထောက်ကာ ပြောလိုက်သည်။


" အပြစ်သား ရွှယ်ဟုန်ယန် မင်းကြီးကို ဂါရဝပြုပါတယ် ..."


ရွှယ်ကျွင်းလျန် မတ်တပ်ရပ်ကာ ရွှယ်ဟုန်ယန်ဆီသို့ လျှောက်သွားလိုက်သည်။ သူ့ဘယ်လက်ဖြင့် ရွှယ်ဟုန်ယန်ကို ထူ‌ပေးကာ ပြောလိုက်သည်။


" အမြန်မတ်တပ်ရပ်ပါ ... မင်း ‌ဒဏ်ရာရ မရ ကြည့်ပါရစေဦး ..."


ထိုစကားများကြောင့် ရွှယ်ဟုန်ယန်ရင်ထဲ ခံစားသွားရသည်။ သူ မတ်တပ်ရပ်လိုက်သော်လည်း ရှက်ရွံ့မှုနှင့် အပြစ်မကင်းမှုတို့ကြောင့် ခေါင်းငုံ့ထားသည်။


" ချန်တိက အသုံးမဝင်တဲ့လူပါ အပြစ်ကျူးလွန်မိပါတယ် ... တာ့ဝမ် ကျွန်တော့်ကို အပြစ်ပေးပါ ..."


" မင်း ဘာအမှားမှ မလုပ်ထားပါဘူး ... ဒါက ဒေသဆိုင်ရာအမှုထမ်းတွေရဲ့အပြစ်လေ ... ကိုယ့်ကိုကိုယ် အပြစ်မတင်နေပါနဲ့ ... ကိုယ်တော်က သူတို့ကို ဂိတ်ပေါက်ကို စောင့်ကြည့်ခိုင်းတယ် ပြီးတော့ စစ်တပ်ကိုတောင် ဦးဆောင်ခိုင်းထားသေးတာကို သေချာမစောင့်ကြပ်ဘူး ... ကိုယ်တော့်ကို ဟာသလုပ်နေသလိုပဲ ..."


ရွှယ်ဟုန်ယန်၏ ပခုံးကို ပုတ်လိုက်ကာ ရွှယ်ကျွင်းလျန် ထပ်ပြောလိုက်သည်။


" အဲ့လိုလူမျိုးတွေက ဘယ်နေရာမဆို ရှိနေတတ်တာပဲလေ ... ဒါပေမဲ့ ဟုန်ယန် မင်းက လုပ်ကြံသူတွေကို အမြန်ဖမ်းဆီးနိုင်ခဲ့တာပဲ ... အခုကစပြီး အဲ့ဒီစစ်တပ်တွေကို မင်းပဲလက်လွှဲယူပြီး ကွပ်ကဲလိုက်တော့ ..."


ရွှယ်ဟုန်ယန် အလွန် အံ့အားသင့်သွားသည်။ ရွှယ်ကျွင်းလျန်က သူ့ကို စနောက်နေသည်ဟုထင်၍ မော့ကြည့်လိုက်မိသည်။ ထို့နောက် ဒူးထောက်ပြီးပြောလိုက်သည်။

" ချန်တိက အပြစ်ရှိပေမယ့် တာ့ဝမ်ရဲ့ ယုံကြည်မှုကို ရနိုင်သေးတာပေါ့နော် ချန်တိ ..."


" မလိုအပ်တဲ့စကားတွေ မပြောပါနဲ့ ... ကိုယ်တော်က အလွန်အကြူးချိုသာနေတဲ့ စကားတွေဆိုရင် သိပ်သဘောမတွေ့တာ သိရဲ့သားနဲ့ ..."


ရွှယ်ဟုန်ယန်၏ မျက်နှာက ရှက်ရွံ့မှုကြောင့် ပူတက်လာသည်။

" အရှင်မင်းကြီးက ဉာဏ်အမျှော်အမြင် ကြီးမားပါပေတယ် ..."


ရွှယ်ကျွင်းလျန် ပြန်ထိုင်လိုက်သည်။

" လုပ်ကြံသူတွေအားလုံးကို ဖမ်းမိပြီလား ..."


ရွှယ်ဟုန်ယန်၏ အမူအယာက အနည်းငယ် မှုန်မှိုင်းသွားသည်။ သူက တောင့်တင်းစွာဖြင့်သာ ခေါင်းငြိမ့်ပြလိုက်သည်။


" ဖမ်းမိသွားပါပြီ ..."


ရွှယ်ကျွင်းလျန်က ရွှယ်ဟုန်ယန်၏မျက်နှာကို အကဲခတ်နေသည်။ သူ ဘာမှ မသိဟန်ဆောင်ကာ ပြုံးပြပြီး ထပ်မေးလိုက်သည်။


" မြန်လိုက်တာ ... နယ်စားမင်းဝမ်နျန်ဆိုတဲ့ နာမည်အတိုင်းပဲ ... သူတို့ကို ဘယ်သူလွှတ်လိုက်တာတဲ့လဲ ..."


" အဲ့ဒါက ..."

ရွှယ်ဟုန်ယန် ခေါင်းငိုက်စိုက်ကျသွားသည်။


" ချန်တိက သူတို့ကို စစ်မေးဖို့ အမိန့်ပေးထားပါတယ် ... အစကတော့ လုပ်ကြံသူတွေက ဘာမှမပြောကြဘူး နှိပ်စက်လိုက်တဲ့အခါမှ သူတို့ကို ဖုန့်ဝမ်လွှတ်လိုက်တဲ့အကြောင်း ဝန်ခံပါတယ် ... ဒါပေမဲ့ တချို့ကပြောတာတော့ သူတို့ကို ထန့်တိုင်းပြည်က အမတ်ကြီးရှန်ရဲ့ လက်အောက်ငယ်သားတွေက လွှတ်လိုက်တယ်ပြောပါတယ် ..."


ရွှယ်ကျင်းလျန် လေးလေးနက်နက်တွေးနေသည်။

" ဟမ် ထန့်ရှန်လား ..."


ရွှယ်ဟုန်ယန် အလျင်အမြန် ပြန်ဖြေလိုက်သည်။


" အရှင်မင်းကြီး သူတို့ ဝန်ခံတာတွေထဲမှာ ထူးဆန်းနေတာရှိတယ်လို့ ချန်တိထင်ပါတယ် ... ထန့်ရှန်က လိမ္မာပါးနပ်ပြီး ဂရုစိုက်တတ်သူတစ်ယောက်ပါ ... သူသာ လူတစ်ယောက်ကို တကယ်သတ်ချင်တယ်ဆို လူလွှတ်ပြီး မစဉ်းစားမဆင်ခြင်လုပ်မှာ မဟုတ်ပါဘူး ... ပြီးတော့ ..."


ရွှယ်ကျွင်းလျန်က သူ့ကို လက်ကာပြပြီး တားမြစ်လိုက်သည်။


" ကိုယ်တော်သိပါတယ် ထန့်ရှန်က မင်းရဲ့ကြင်ယာတော်ဆိုတော့ သူ့အတွက်စိတ်ပူတာ နားလည်ပေးနိုင်ပါတယ် ... ဒါပေမဲ့ လုပ်ကြံသူတွေက ထန့်ရှန်ရဲ့နာမည်တပ်တယ်ဆိုတည်းက မင်း ဒီကိစ္စမှာ မပါသင့်တော့ဘူး ... မဟုတ်ရင် လူတွေရဲ့အပြောအဆို ခံရလိမ့်မယ် ..."


ရွှယ်ဟုန်ယန်က ဒူးပြန်ထောက်လိုက်ပြီး ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ပြောလိုက်သည်။


" ဒါပေမဲ့ ချန်တိ အမြင်အရ ပြောရမယ်‌‌ဆို ဒီကိစ္စကို တခြားအရာရှိတွေကို လွှဲလိုက်ရင် တရားမျှတမှု မရှိနိုင်ဘူးလို့ ထင်ပါတယ် ..."


" သူတို့က ထန့်ရှန်ကို အဆင်မပြေဖြစ်အောင် တမင်တကာလုပ်မယ်ထင်နေတာလား ..."


ရွှယ်ဟုန်ယန် ခေါင်းငြိမ့်ပြရုံသာ တတ်နိုင်သည်။


" ကိုယ်တော်လည်း အဲ့ကိစ္စကို တွေးမိပါတယ် ... အဲ့ဒါကြောင့် အကောင်းဆုံးဖြေရှင်းချက်တစ်ခု ရှာတွေ့ထားတယ် ... ဒီနည်းနဲ့ပဲ အခုကိစ္စကို ဘက်လိုက်မှုမရှိပဲ ကိုင်တွယ်ပြီးသား ဖြစ်သွားနိုင်တယ် ..."

ရွှယ်ကျွင်းလျန် အပြုံးဖြင့် ပြောလိုက်သည်။


" အဲ့ဒါကတော့ ထန့်ရှန်ကိုယ်တိုင် ဒီကိစ္စကို ကိုင်တွယ်ဖို့ပဲ ... တကယ့် တရားခံအစစ်ကိုရှာပြီး သူ အပြစ်ကင်းကြောင်း သက်သေပြရမယ် ... ဒါပေမဲ့ အဲ့လိုမလုပ်နိုင်ရင်တော့ လုပ်ကြံသူတွေရဲ့စကားက အမှန်လို့ပဲ ကိုယ်တော်လက်ခံလိုက်တော့မယ် ..."


ရွှယ်ဟုန်ယန်မှာ ရှင်းပြရန်အတွက် စကားရှာမရတော့ပေ။


ရွှယ်ကျွင်းလျန်၏ ဖြေရှင်းနည်းက အကြံကောင်းတစ်ခုဖြစ်သော်လည်း ထန့်ရှန်အတွက်မူ လေးလံသောဖိအားဖြစ်သွားနိုင်သည်။ ထန့်ရှန်က ယောက်ျားတစ်ယောက်ကို လက်ထပ်ရန်အတွက် သူ၏ကိုယ်ပိုင်ဂုဏ်သိက္ခာကို လက်လွှတ်ခဲ့ခြင်းဖြစ်သည်။ သူ လက်မလွှတ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏တိုင်းပြည်ဖြစ်သည်။ ယခုအခါတွင် ဤကိစ္စကို စုံစမ်းစစ်ဆေးခိုင်းသည်ဖြစ်၍ ရွှယ်ကျွင်းလျန်က ထန့်ရှန်ကို ရွှယ်တိုင်းပြည်တော်ဝင်ခုံရုံးတွင် ချည်နှောင်ထားနိုင်တော့မည်ဖြစ်သည်။


၎င်းက နွံ့ထဲ နစ်နေသည်နှင့်ပင် အလားသဏ္ဍာန်တူသည်။ ထန့်ရှန်က ဤနွံ့ထဲမှ ရုန်းထွက်နိုင်မည်မဟုတ်တော့ပေ။



နန်းတော်သို့ ပြန်လာစဉ် လမ်းတစ်လျှောက်တွင် ထန့်ယွင် ခေါင်းတစ်ခုလုံး ကိုက်ခဲနေကာ ခြေကုန်လက်ပန်းကျပြီး အိပ်ပျော်သွားတော့သည်။


အိပ်ပျော်နေစဉ် သူ၏ခန္ဓာကိုယ်က အနည်းငယ်လှုပ်ရမ်းနေပြီး ရွှယ်ကျွင်းလျန်၏ပေါင်ပေါ်တွင် ခေါင်းအုံးအိပ်နေခဲ့သည်ဟု အိမ်မက်မက်ခဲ့သည်။ အိပ်မက်ထဲတွင် ရွှယ်ကျွင်းလျန်ဘာဖြစ်နေသည်ကို သူ မသိတော့ပေ။ အဘယ့်ကြောင့်ဆိုသော် သူက ထန့်ယွင်ကို ရုတ်တရက် မွေ့ယာပေါ်ဆွဲကပ်လိုက်ကာ သူ၏ အောက်သို့ တဖြည်းဖြည်းငုံ့လာပြီး သူ့နှုတ်ခမ်းသားများနှင့် လည်ပင်းကို စုပ်နေသည်။


ထို့နောက်တွင်မူ ထန့်ယွင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွား၍ အိမ်မက်မက်ခဲ့သည်ကို မေ့သွားသည်။ ရွှယ်ကျွင်းလျန်က ရှေ့ဆက်တိုးလိုသော်လည်း ထန့်ယွင် မောပန်းနေသည်ကိုမြင်၍ လက်လျှော့သွားခြင်းဖြစ်ကြောင်းကိုသာ သိလိုက်တော့သည်။


ထန့်ယွင်က အိပ်ယာမှ ဖြည်းညှင်းစွာနိုးထလာသည်။ အချိန်အတော်ကြာ အိပ်နေခဲ့ခြင်းဖြစ်၍ ခေါင်းကိုက်ကာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေသည်။ နားရွက်လည်းနာကျင်နေပြီး ထိလိုက်သည့်အခါ ပတ်တီးစီးပေးထားသည်ကို သိလိုက်ရသည်။ 


ရှို့ယောင်က သူမ၏ အရှင်မ နိုးလာသည်ကို မြင်သောအခါ ချက်ချင်းပြေးလာပြီး ငိုတော့သည်။

" ဧကရီ နောက်ဆုံးတော့ နိုးလာပြီပေါ့ ... အရှင်မ ကျွန်တော်မျိုးမကို လန့်သေအောင် လုပ်လိုက်တာပဲ ..."


ထန့်ယွင် အိပ်ရာမှထရန် ကြိုးစားသော်လည်း သူ၏လှုပ်ရှားမှုများက အလွန်နှေးကွေးနေသည်။ ရှို့ယောင်က သူ့ကိုထူပေးလိုက်ကာ ကုတင်ကိုမှီပြီး ထိုင်လိုက်စေသည်။ ထန့်ယွင်က မေးလိုက်သည်။

" ဘာတွေ ဖြစ်ခဲ့တာလဲ ..."


ရှို့ယောင် ပြောပြလိုက်သည်။

" ဧကရီ မမှတ်မိတော့ဘူးလား ကျွန်တော်မျိုးမတို့ သေလုနီးပါးဖြစ်သွားတာလေ ... ကျွန်မတို့ လူစုခွဲလိုက်ပြီး သိပ်မကြာဘူး နယ်စားမင်းဝမ်နျန်နဲ့ ကျွန်မတွေ့တာပဲ ကျွန်တော်မျိုးမက အရှင်နယ်စားမင်းကို အရှင်မ သွားတဲ့ဘက် လမ်းပြပေးပေမယ့် ဘယ်လိုရှာရှာ မတွေ့ကြဘူး ... မင်းကြီးကတော့ အရှင်မကို အရင်တွေ့ခဲ့တာ နောက်တော့မှ အရှင်နယ်စားမင်းက အရှင်မတို့ နှစ်ယောက်လုံးကို တွေ့ခဲ့တော့တာပဲ ... အဲ့အချိန် အရှင်မက အိပ်မောကျနေပြီး မင်းကြီးရဲလက်က ဒဏ်ရာရထားပြီ ..."

26.2


ရှို့ယောင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြသည့်အခါမှ ထန့်ယွင်၏မှတ်ဉာဏ်များ ပြန်ရောက်လာသည်။ သူ့ကို ရွှယ်ကျွင်းလျန်က ရှာတွေ့ခဲ့ပြီး သူတို့နှစ်ယောက် တွင်းတစ်တွင်းထဲတွင် အတူတူ ပုန်းနေခဲ့ကြသည်ကို သတိရသွားသည်။ ထို့နောက်တွင် သူအိပ်ပျော်သွားခဲ့သည်။ သူခံစားခဲ့ရသော ညင်ညင်သာသာ လှုပ်ရမ်းနေခြင်က ရထားလုံးပေါ်ရောက်နေစဉ်အချိန်က ဖြစ်နိုင်သည်။


ထန့်ယွင် သတိကြီးကြီးထား၍ သူနှုတ်ခမ်းနှင့် လည်ပင်းကို ထိလိုက်ပြီး မျက်နှာတစ်ပြင်လုံး နီရဲသွားသည်။ ထို့နောက် သူ့မျက်နှာက ဖြူဖျော့လာပြီး ပြောလိုက်သည်။


" ငါ ရေချိုးချင်တယ် ..."


" ရေချိုးမလို့လား ..."

ရှို့ယောင် ပဟေဠိဖြစ်သွားသည်။


" အရှင်မ ချွေးထွက်နေလို့လား ... ကျွန်တော်မျိုးမတို့ နန်းတော်ကိုပြန်ရောက်လာတော့ အရှင်မကို ကိုယ်လက်သန့်စင်ပေးထားပါတယ် ... သမားတော်ကလည်း အရှင်မရဲ့ကိုယ်မှာ ဒဏ်ရာအသေးလေးတွေ အများကြီးရှိလို့ ရေထိလို့မရဘူးလို့ မှာသွားပါတယ် ..."


ရှို့ယောင်၏ 'ကိုယ်လက်သန့်စင်ပေးထားပါတယ်' ဟူသောစကားကြောင့် ထန့်ယွင် စိတ်မတည်မငြိမ် ဖြစ်သွားသည်။


ထိုစဉ်အချိန်က ရွှယ်ကျွင်းလျန်က သူ့ကို ညှာတာထောက်ထား၍ ဘာမှမလုပ်ခဲ့ကြောင်းကို သူသိသည်။ သို့သော်လည်း ထန့်ယွင်မှာ သူ မွေ့ယာပေါ်သို့ အတွန်းခံလိုက်ရစဉ်က အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေခဲ့သည်ကို သတိရသွားသည်။


သူမ အရှင်မ၏ မျက်နှာက မဲမှောင်သွားသည်ကို မြင်လိုက်ရ၍ ရှို့ယောင် သတိထား၍ မေးလိုက်သည်။


" အရှင်မ နေရထိုင်ရ အဆင်မပြေလ်ို့လားဟင် ... တော်ဝင်သမားတော်ကို ခေါ်ပေးရမလား ..."


ကျန်းယွီက တော်ဝင်သမားတော်ကိုခေါ်ကာ ရောက်ရှိလာသည်။


ရွှယ်ဝမ်က ဧကရီကိုကာကွယ်ပေးလိုက်သောကြောင့် ဒဏ်ရာရခဲ့ကြောင်းကို တော်ဝင်သမားတော်ကသိ၍ ဧကရီကိုလည်း လျစ်လျူမရှု့ထားရဲပေ။ ထို့အပြင် ဧကရီ၏မျက်နှာပေါ်မှ ဒဏ်ရာနှင့် ယောင်ယမ်းခြင်းများ ပျောက်ကွယ်သွားသည့်အခါ သူမမျက်နှာက တောက်ပလာပြီး ပင်ကိုအလှက ပေါ်ထွက်လာသည်။ သမားတော်က ဧကရီကို သွေးခုန်နှုန်းတိုင်းပေးပြီး သူမ နားရွက်နောက်မှဒဏ်ရာအသစ်ကို ဆေးလိမ်းပေးကာ ပြောလိုက်သည်။


" အရှင်မ စိတ်မပူပန်ပါနဲ့ ... ဒီလအတွက် ဓမ္မတာလာချိန်ကျော်သွားရင် အရှင်မရဲ့ ကျန်းမာရေးအတွက် ဆေးတစ်ဖုံ ဖော်စပ်ပေးပါ့မယ် ... နောက် ရက်အနည်းငယ်အတွင်း ဒဏ်ရာကို ရေမစိုပါစေနဲ့ ... ပြီးတော့ စားဖိုဆောင်ကလူတွေကို အေးပြီး အရမ်းစပ်တဲ့ စားစရာတွေလည်း မပြင်ခိုင်းပါနဲ့ ..."


ထန့်ယွင်၏နားရွက်ပေါ်မှ ဒဏ်ရာက သူ့ကို စိတ်အနှောင့်အယှက် မပေးပေ။ ၎င်းက သူ့မျက်နှာပေါ်တွင် ရခဲ့သောဒဏ်ရာနှင့် နှိုင်းစာပါက အဆပေါင်းများစွာ ပိုသေးသည်။ ထို့အပြင် ထန့်ယွင်က စစ်သူကြီးတစ်ယောက် ဖြစ်ခဲ့သောကြောင့် ခြစ်ရာအသေးအမွှားလေးများကို တဗျစ်တောက်တောက် လုပ်မနေပေ။ သို့ရာတွင် သူ့ကို စိတ်မသက်မသာဖြစ်အောင်လုပ်နေသည်မှာ သမားတော်ပြောသည့် ' ဓမ္မတာလာချိန် ' ဟူသော စကားပင်ဖြစ်သည် 


ဤ အကျည်းတန်ဧကရီ၏ကိုယ်ထဲတွင် သူပြန်လည်နိုးထလာသည်မှာ အချိန်တစ်လခန့်ရှိပြီဖြစ်၍ ဓမ္မတာလာချိန်ကလည်း ရောက်လာတော့မည်ဖြစ်သည်။ ၎င်းက သွေးအနည်းငယ်ထွက်ခြင်းသာဖြစ်သော်လည်း ထန့်ယွင်က တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့၍ ဤကိစ္စက သူ့ကို စိတ်မသက်မသာဖြစ်ပြီး ကူကယ်ရာမဲ့နေစေသည်။


လစဥ်ဓမ္မတာလာချိန်ရောက်လာတိုင်း ထန့်ယွင်မှာ လမ်းလျှောက်ရာ၌ အခက်အခဲဖြစ်၍ တစ်နေကုန်ထိုင်နေရသည်။ ဤကဲ့သို့သော်ကိစ္စမျိုး ယောက်ျားတစ်ယောက်ထံတွင် ဖြစ်လာမည်ဆိုပါက ၎င်းကို အလွန်ကြောက်စရာကောင်းသော အတွေ့အကြုံဟု ဆိုရပေမည်။


ထန့်ယွင် ထိုအကြောင်းတွေးမိသောအခါ သူနှင့်ရွှယ်ဝမ်နှစ်ယောက်တည်း ရထားလုံးပေါ်တွင် ရှိခဲ့စဉ်အချိန်ကို သတိရသွားသည်။ ထိုအချိန်က ရွှယ်ကျွင်းလျန်က သူ့အပေါ် ရှေ့ဆက်တိုးခဲ့ခြင်း မတိုးခဲ့ခြင်းကို သူ မသေချာခဲ့ပေ။ ထို့ကြောင့် ‌သမားတော်က လစဉ်ဓမ္မတာလာမည့်ကိစ္စကို ပြောလိုက်သည့်အခါ ထန့်ယွင် စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိသည်။


တော်ဝင်သမားတော်က စကားအနည်းငယ်ပြောပြီးနောက် ဧကရီ အနားယူနေသည်ကို မနှောင့်ယှက်လိုတော့၍ စောစောပြန်သွားသည်။


ကျန်းယွီက ဒူးထောက်ပြီး ဧကရီကို ဂါရဝပြုလိုက်သည်။

" အရှင်မက လုပ်ကြံသူတွေကြောင့်ဖြစ်ခဲ့တဲ့ မတော်တဆမှုကြောင့် စိတ်ဖိစီးနေတယ်ဆိုလို့ အရှင်မင်းကြီးက ဒီအစေခံအိုကြီးကို ယွင်ဖုန့်နန်းဆောင်မှာ ရက်အနည်းငယ် ခစားခိုင်းထားတာပါ ... တကယ်လို့ အရှင်မ တစ်ခုခုလိုအပ်ရင် ဒီအစေခံအိုကြီးကို အမိန့်ပေးလို့လို့ရပါတယ် ..."


ထန့်ယွင် ပြန်လှဲနေလိုက်ပြီး နွမ်းလျနေဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ကျန်းယွီက အလွန်အလိုက်သိသည်။ သူ ရှေ့သို့တိုးလာကာ ထန့်ယွင်ကို စောင်ခြုံပေးလိုက်သည်။ ထန့်ယွင်မှာ စကားပြောရန်ပင် ပင်ပန်းလွန်းနေ၍ လက်ကာပြလိုက်သည်။


ကျန်းယွီက ခေါင်းငုံ့၍ ဘေးနားတွင်ရပ်နေလိုက်သည်။ သူက ရွှယ်ဘုရင်မင်းဆက်နှစ်ဆက်ကို ခစားခဲ့သူဖြစ်၍ ဘဝတွင် အကြောင်းအရာမျိုးစုံကိုတွေ့ကြုံခဲ့ရသည်။ သူက အသေးအဖွဲ့အပြုအမူလေးများကိုပင် သတိပြုမိရန် သင်ယူခဲ့ရသဖြင့် မည်သည့်အချိန်တွင် စကားပြောသင့် မပြောသင့်ကိုသိသည်။


ထန့်ယွင်က အလွန်ထိရှလွယ်သော မူလအကျည်းတန်ဧကရီ၏ ခန္ဓာကိုယ်ကို စိတ်အနှောင့်အယှက် ဖြစ်နေသည်။ ထန့်ယွင်က ကလေးဘဝတည်းက မြင်းစီးခြင်းနှင့် ကိုယ်ခံပညာများကို သင်ယူခဲ့ရခြင်းတို့ကြောင့်သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်က ဖျတ်လတ်တောင့်တင်းပြီး အလွန်ကြံ့ခိုင်သည်။ ထို့အပြင် သန်မာ‌သော ကိုယ်လုံးကိုယ်ပေါက်လည်းရှိသည်။ သူ အကျဉ်းသားအဖြစ် အဖမ်းခံခဲ့ရစဉ်က အဆိပ်ခတ်ခံရခြင်းနှင့် နှိပ်စက်မှုများကို ခံနိုင်ရည်ရှိခြင်းကြောင့် ရွှယ်ကျွင်းလျန်ကိုပင် အလွန်အံ့အားသင့်အောင် လုပ်နိုင်ခဲ့သည်။ 


ထန့်ယွင်က အတွေးပင်လယ်ထဲ နစ်မျောလျက်နှင့်ပင် နောက်တစ်ကြိမ် အိပ်မောကျသွားပြန်သည်။ ခဏအိပ်‌ပြီးသည့်နောက် အပြင်ဘက်မှ ဆူဆူညံညံအသံများ ကြားလိုက်ရသည်ဟု ထင်လိုက်သည်။


သူ့ မျက်လုံးများပွင့်လာသည့်အခါ ရှို့ယောင်က ရောက်လာပြီးပြောလိုက်သည်။

" ဧကရီ တစ်ခုခု လိုအပ်လို့များလား ... ကျွန်တော်မျိုးမ သွားယူပေးပါ့မယ် ရေဆာလို့လား ..."


ထန့်ယွင် ပါးစပ်ဟ၍ စကားပြောမည်ပြင်လိုက်သော်လည်း အာခေါင်ခြောက်နေ၍ ခေါင်းငြိမ့်ရုံသာ ငြိမ့်ပြလိုက်သည်။ ရှို့ယောင်က စားပွဲဆီသို့ပြေးသွားပြီး ခွက်ထဲသို့ ရေထည့်လိုက်သည်။ ထို့နောက် ရေခွက်ကို ဧကရီအား ပေးလိုက်သည်။


xxxxxx