အပိုင်း ၂၇
Viewers 13k

Chapter 27


ထန့်ယွင်က ရေခွက်ကိုယူရန်ပြင်လိုက်သော်လည်း လက်များက တုန်ယင်နေသည်။ ရှို့ယောင်က မြင်သွား၍ လက်ငြိမ်အောင် ကူပေးမည်ပြင်လိုက်သော်လည်း ထန့်ယွင်က တားမြစ်လိုက်သည်။


ထန့်ယွင်၏ မျက်ခုံးနှစ်ခုကို ထိလုနီးပါးဖြစ်အောင် တွန့်ချိုးလိုက်မိသည်။ သူက မည်သည့်ခန္ဓာကိုယ်အတွင်းတွင် ရောက်နေသည်ဖြစ်စေ ၎င်းခန္ဓာကိုယ်က မည်မျှ အားနည်းသည်ဖြစ်စေ ရင်ထဲတွင်မူ ထန့်ယွင်က စစ်သည်ပေါင်းများစွာကို ဦးဆောင်ကာ စစ်တိုက်ခဲ့သောထန့်တိုင်းပြည်၏ စစ်သူကြီး ဖြစ်နေဆဲပင်။ ထိုအချက်ကို သူ့အရိုးထဲထိ စွဲမြဲနေ၍ ဖျောက်ဖျက်ပစ်၍ ရတော့မည်မဟုတ်ပေ။ ရေခွက်တစ်ခွင်ပင် သေချာမကိုင်နိုင်ခြင်းကြောင့် ထန့်ယွင် သူ့ကိုယ်သူ အထင်သေးမိလာသည်။ 


ထန့်ယွင် ကုတင်ခေါင်းရင်းကိုမှီကာ ထိုင်လိုက်သည်။ လက်နှစ်ဖက်ဖြင့် ရေခွက်ကိုကိုင်ကာ သောက်ချလိုက်သည်။ ရေအနည်းငယ်က စောင်ပေါ် ဖိတ်သွားသော်လည်း သူ့လည်ချောင်းများက ခြောက်ကပ်မနေတော့ပေ။ 


" အပြင်မှာ ဘာတွေဖြစ်နေတာလဲ ..."


ရှို့ယောင် ပြောပြလိုက်သည်။


" ဘာမှမဖြစ်ပါဘူး အရှင်မ... ထန့်ဖေးရောက်လာပြီး အရှင်မကို တွေ့ခွင့်တောင်းနေတာ ကျွန်တော်မျိုးမ ငြင်းတာ မရတာနဲ့ အစေခံချုပ်ကျန်းယွီက သူမနဲ့ ပြောနေကြတာပါ ..."


[ Y/N : ဖေး ဆိုတာ ကြင်ယာတော်ဆိုတဲ့ အဓိပ္ပါယ်ပါ ... ထန့်ဖေးဆိုတာက ဘုရင့်ကြင်ယာတော်ထန့်လို့ ဆိုလိုပါတယ် ]


ထန့်ယွင်က ကုတင်ခေါင်းရင်းတွင် ခေါင်းမှီထားသည်။ ယခုချိန်၌ သူက ထန့်ချမ်ယီကို မတွေ့ချင်ပေ။ သူတို့က ဆွေမျိုးတော်စပ်ကြခြင်းဖြစ်နိုင်သော်လည်း ရင်းနှီးကြသော ဆက်ဆံရေးမျိုး မဟုတ်ပေ။ ထို့အပြင် ထန့်ယွင်က ဘာမှမပြောခဲ့သော်လည်း။ထန့်ချမ်ယီနှင့် ထန့်ဝမ်၏ မပြောဆိုအပ်သောဆက်ဆံရေးကို မည်သည့်အခါကမှ သဘောမတူခဲ့ပေ။


အပြင်ဘက်မှ အသံများက ခဏတာတိတ်ဆိတ်သွားသဖြင့် ထန့်ချမ်ယီ ထွက်သွားသည်ဟု ထန့်ယွင်ထင်လိုက်မိသည်။ ‌သို့သော်လည်း အသံများတစ်ဖန် ဆူညံလာသဖြင့် ကျန်းယွီက ငြင်းဆန်ရ ခက်ခဲနေပုံပေါ်လာသည်။


ကျန်းယွီ ဝင်ပေါက်မှဝင်လာကာ ပင်မအခန်း၏တံခါးရှေ့တွင်ရပ်ကာ ပြောလိုက်သည်။


" ထန့်ဖေး တွေ့ခွင့်တောင်းနေပါတယ် ဧကရီ ..."


ထန့်ယွင်က ထန့်ချမ်ယီ၏ဒေါသကိုသိ၍ သူမကို ကျန်းယွီ မတားမြစ်နိုင်ကြောင်းကို ခန့်မှန်းထားပြီးသားဖြစ်သည်။ ထန့်တိုင်းပြည်တွင် ထန့်ချမ်ယီကို နံပါတ်တစ် အပျိုစင်အဖြစ် သတ်မှတ်ထားကြသည်။ သူမက အရည်အချင်းရှိပြီး လှပသောမိန်းမပျိုတစ်ယောက်ဖြစ်သည်။ သို့ဖြစ်၍ လူအများက သူ့ကိုအမြဲတမ်း မျက်နှာချိုသွေးကာ မြှောက်ပင့်ကြသည်။ သူမက ထန့်ဝမ်နှင့်ပါ ရင်းနှီးသောလူဖြစ်၍ သူမက ဘဝင်မြင့်၍ မာနကြီးသူတစ်ယောက်ဖြစ်နေသည်မှာ သဘာဝပင်။ 


ထန့်ချမ်ယီက သူမ၏ အခြေအနေကို သဘောမပေါက်ပေ။ ထန့်ဝမ်က သူမကို လက်ထပ်ရန် စေလွှတ်လိုက်စဉ်ကတည်းက ထန့်ဝမ်၏မျက်လုံးထဲတွင် သူမက ထန့်ရှန်နှင့် ထူးမခြားနားဖြစ်သည်။ သူမကို အသုံးမဝင်၍ စွန့်ပစ်လိုက်ခြင်းသာဖြစ်သည်။ ထန့်ရှန်က လိမ္မာပါးနပ်သူဖြစ်၍ သူ့အခြေအနေ သူသိသော်လည်း ထန့်ချမ်ယီက မသိပေ။


အကယ်၍ ထန့်ချမ်ယီကို ဝင်ခွင့်မပြုလိုက်ပါက သူ့ကို စိတ်အနှောင့်အယှက် ပေးတော့မည်ကို ထန့်ယွင်သိသည်။


သို့ဖြစ်၍ ရှို့ယောင်ကို စိတ်မပါလက်မပါဖြင့် ခေါင်းငြိမ့်ပြလိုက်သောအခါ သူမက တံခါးဖွင့်ပြီး အပြင်ထွက်သွားသည်။ သူမက မေးစေ့ကို အနည်းငယ်မော့ထားပြီး မောက်မာသော အမူအယာဖြင့် ပြောလိုက်သည်။


" အရှင်မက တွေ့ခွင့်ပြုလိုက်ပါပြီ ..."


၎င်းက ယွင်ဖုန့်နန်းတော်ကို ထန့်ချမ်ယီ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။ ရွှယ်တိုင်းပြည်က ကြွယ်ဝချမ်းသာသော တိုင်းပြည်တစ်ခုဖြစ်သည်။ စစ်ပွဲဒဏ်ကို နှစ်အနည်းငယ် ခံစားခဲ့‌ရသော်လည်း ရွှယ်တိုင်းပြည်က အခြားတိုင်းပြည်များ၏နောက်တွင် မကျန်ခဲ့ပေ။ သို့ဖြစ်၍ ရွှယ်တိုင်းပြည်၏ သခင်မဖြစ်သော ဧကရီ၏ နန်းဆောင်က အခြားကြင်ယာတော်များ၏နန်းဆောင်များထက် နိမ့်ကျနေ၍ မဖြစ်ပေ။ 


ထန့်ချမ်ယီက နန်းဆောင်အတွင်းမှ ပရိဘောဂနှင့် အလှဆင်ခြင်းများကို လှည့်ပတ်ကြည့်ရှု့နေမိသည်။ ဤနန်းတော်နှင့်ယှဥ်ပါက သူမ၏ နန်းဆောင်က ဈေးပေါ၍ မျက်စိပသာဒဖြစ်စရာမရှိပေ။ သူမ ရင်ထဲတွင် ခါးသီးမှုများ အမြစ်တွယ်လာသည်။ သူမက အိမ်နှင်ဝေးသောနေရာတွင် ရောက်နေသည့် သူစိမ်းတစ်ယောက်ဖြစ်၍ တစ်စုံတစ်ယောက်၏ အမိုးအောက်တွင် ခယစွာ ဝင်နေရတော့မည့်ပုံဖြစ်နေသည်။


သို့သော်လည်း ထန့်ချမ်ယီက သူမဤနေရာသို့ ရောက်လာရသည့် ရည်ရွယ်ချက်ကို မမေ့ပေ။ ၎င်းမှာ ဧကရီ၏ အရိပ်အောက်တွင် ခိုလှုံပြီး ကာကွယ်မှု ရရှိရန်ဖြစ်သည်။


ရွယ်ဝမ်က ဧကရီကို ကာကွယ်‌ခဲ့သောကြောင့် ဒဏ်ရာခဲ့ခြင်းဖြစ်၍ ဧကရီ၏ အတင့်အတန်းက ထူးခြားဆန်းကြယ်လှမည်မှာ ရှင်းလင်းသွားသည်။ ထန့်ချမ်ယီက ရွှယ်တိုင်းပြည်ကို တစ်ယောက်တည်းလာခဲ့ရ၍ သူမကို ထောက်ပံ့ပေးမည့် ဆွေမျိုးမရှိပေ။ သူမ၏ အစေခံကျောင်းရွှေကလည်း ဧကရီထက်‌ပိုကောင်းသော နောက်ခံမရှိနိုင်တော့ဟု အကြံပြုခဲ့သည် 


ကျောင်းရွှေက လိမ္မာပါးနပ်သူဖြစ်သည်။ အကယ်၍ ထန့်ချမ်ယီက ရွှယ်ဘုရင်၏ သဘောကျမှုကိုလိုလား၍ အခြားကြင်ယာတော် ကိုယ်လုပ်တော်များနှင့် ပြိုင်ဆိုင်မည်ဆိုလျှင်ပင် ဧကရီ၏လက်ထဲမှ ဖီးနစ်ငှက်တံဆိပ်တုံးကို မည်သည့်အခါမှ ကျော်လွှားနိုင်မည်မဟုတ်ပေဟု ပြောခဲ့သည်။ ထန့်ချမ်ယီက မျက်နှာသာအပေးခံရဆုံးဇနီး ဖြစ်မလာနိုင်သော်လည်း ဧကရီကို ထိုသို့ဖြစ်လာအောင် ကူညီပေးနိုင်မည်ဖြစ်သည်။


ထျန့်ချမ်ယီက ယွင်ဖုန့်နန်းဆောင်သို့ အကာအကွယ်ယူရန် ရည်ရွှယ်ချက်ဖြင့် ရောက်လာခြင်းဖြစ်သည်။ သို့မဟုတ်ပါက သူမ ရင်ထဲတွင် တည်ငြိမ်နိုင်မည်မဟုတ်ပေ။ လူအများက သူ့ကို အပြစ်မတင်သင့်ပေ။ 



ရွှယ်ဟုန်ယန် ထွက်သွားသည့်အခါ ရွှယ်ကျွင်းလျန်က အလွန်အမင်း ပင်ပန်းသွားပြီဖြစ်ကြောင်း ဝန်ခံရပေမည်။ သူက လုပ်ကြံသူများကို ဖမ်းဆီးရန် ရွှယ်ဟုန်ယန်ကဲ့သို့ ကြွက်သားများကို အသုံးမပြုရပဲ ဦးနှောက်ကိုသာသုံးရသည်ဖြစ်၍ နှစ်ဆ ပိုပင်ပန်းသည်။ အခြားလူများကို အပေါ်စီးမှ ကြိုးကိုင်နိုင်ရန် နေ့တိုင်းတွေးတောနေရခြင်းက အလွန်ပင်ပန်းလှသည်။


သူက ကျန်းယွီကို ယွင်ဖုန့်နန်းဆောင်သို့လွှတ်ထားမိ၍ သူ ယံကြည်နိုင်မည့်သူ မရှိသောကြောင့် မည်သည့်အစေခံကိုမှ မခေါ်တော့ပေ။ အတွင်းဘင် အခန်းထဲသို့ ဝင်သွားကာ ကုတင်ပေါ်တွင်သာ လှဲလျောင်းနေလိုက်တော့သည်။


ရွှယ်ကျွင်းလျန်က အအိပ်ဆတ်သူဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ အိမ်မက်မက်နေကြောင်းသိသော်လည်း မနိုးထလာနိုင်ခဲ့ပေ။ 


အိမ်မက်ထဲတွင် သူက ဧကရီနှင့်အတူ ပုန်းနေခဲ့ရသောတွင်းထဲ ပြန်ရောက်နေသည်။ တစ်ဖက်လူက သူ့ကို အံ့ဩ၍ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်နေသည်။ ထိုမျက်ဝန်းများက အရောင်တောက်နေသော ကျောက်မျက်တစ်စုံနှင့်တူကာ ညှို့ယူဖမ်းစားနိုင်စွမ်းရှိနေသည်။


သူက တစ်ဖက်လူကို မြေပြင်ပေါ်တွန်းချကာ နှုတ်ခမ်းများကို ညင်သာစွာ နမ်းနေလိုက်ပြီး‌‌နောက် လည်တိုင်ကို ခပ်ဖွဖွကိုက်လိုက်သည်။


အံ့အားသင့်စရာကောင်းသည်မှာ သူ့အောက်ဘက်မှလူမှာ အသံလုံးဝမထွက်ပေ။ ပိုးသားကဲ့သို့သော ဆံပင်အနက်ရောင်များက ပခုံးထက်တွင် ရေတံခွန်ငယ်ကဲ့သို့ ဖြာကျနေသည်။ တောက်ပနေသောမျက်ဝန်းများက သူ့ကိုစိုက်ကြည့်နေဆဲဖြစ်ပြီး ထိုနှုတ်ခမ်းများတွင် ပြုံးရိပ်သန်းနေသည်။

27.2


သူ့ရင်ထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းလာပြီး ဦးနှောက်ကို အပူပေးနေသကဲ့သို့ ခံစားရသည်။ သူ့ဘဝတစ်လျှောက်လုံးတွင် မိန်းမလှလေးများစွာကို မြင်တွေ့ခဲ့ရသော်လည်း ဤမိန်းကလေးကဲ့သို့ သူ့ကို စိတ်လှုပ်ရှားအောင် မည်သူမှ မလုပ်ခဲ့ပေ။


သူက တစ်ဖက်လူ၏အဝတ်များကို ချွတ်ပစ်ရန် လက်လှမ်းလိုက်ချိန်တွင် ရယ်သံတစ်သံကို ကြားလိုက်ရသည်။

" ငါ့ကို မှတ်မိလား ..."


ရွှယ်ကျွင်းလျန်ရပ်တန့်သွားမိသည်။ ထိုအသံကို သူအလွန်ရင်းနှီးနေသည်။ ၎င်းက ဧကရီ၏အသံ မဟုတ်ပေ။


သူ့အောက်မှလူက ခန္ဓာကိုယ်တစ်ဝက်ခန့်ဗလာကျင်းနေပြီး ပခုံးသားများကိုလည်း မြင်နေရသည်။ ကပိုကရိုပုံစံကြောင့် ရွှယ်ကျွင်းလျန်စိတ်ထဲ ပူလောင်ပြီး အနှောင့်အယှက်ဖြစ်လာသည်။


ရွှယ်ကျွင်းလျန်၏ လည်ပင်းကို လက်တစ်ဖက်က လာရောက်ပွတ်သပ်ပြီးနောက် လည်ပင်းမှတစ်ဆင့် ရင်ဘတ်သို့ရောက်သွားသည်။ ၎င်းက လက်မပေါ်၌ အမာရွတ်ရှိနေသော‌ လက်ဖြစ်သည်။


" ထန့်ယွင်လား ..."


ရွှယ်ကျွင်းလျန် အိပ်ရာမှ ဆတ်ခနဲလန့်နိုးလာပြီးတစ်ကိုယ်လုံး ချွေးများ တတောက်တောက်ကျနေသည်။ သူ အိပ်မောကျသွားစဉ်က အပြင်ဝတ်ရုံကို မချွတ်လိုက်ရ၍ ချွေးများစိုရွှဲပြီး ‌စိတ်မသက်မသာ ဖြစ်နေသည်။


သို့သော်လည်း ၎င်းက သူ့ကို နှောင့်ယှက်နေသောအရာ မဟုတ်ပေ။ သူ့ကို စိတ်အနှောင့်အယှက်ပေးဆုံးအရာမှာ ထို ထူးဆန်းသောအိမ်မက်ဖြစ်သည်။


ရွှယ်ကျွင်းလျန်က အိမ်မက်ထဲတွင် ဧကရီနှင့် ချစ်ကြည်နူးနေသည်ဟု မြင်မက်ခဲ့သော်လည်း သူမက ယောက်ျားတစ်ယောက်အဖြစ် ပြောင်းသွားကာ ထိုယောကျာ်းကလည်း သူ့တစ်ဘဝလုံးတွင် အသတ်ချင်ဆုံး လူတစ်ယောက်ဖြစ်နေသည်။


ထန့်ယွင်က သူ့ရင်ထဲမှ ဆူးတစ်ချောင်းနှင့်တူသည်။ ထန့်ယွင်က လိမ္မာပါးနပ်ကာ သစ္စာရှိပြီး ထက်မြက်သူတစ်ယောက်ဖြစ်သည်။ ရွှယ်ကျွင်းလျန်၏မျက်လုံးထဲတွင် ထိုကဲ့သို့သော ကြောက်စရာ ပြိုင်ဘက်မျိုးက တတ်နိုင်သမျှ မြန်မြန်သတ်ပစ်ရမည်ဖြစ်သည်။


သို့သော်လည်း ထိုယောကျာ်းနှင့် နီးကပ်စွာနေခဲ့ရသည်ကို အိမ်မက်မက်ခဲ့ရသည်။ ထိုလူက သူ့အောက်တွင် လဲလျောင်းနေပြီး သူ၏ခန္ဓာကိုယ်အောက်ပိုင်းကလည်း ထိုလူကို တုံ့ပြန်ခဲ့မိသည်။


ရွှယ်ကျွင်းလျန်၏ အမူအယာက တဖြည်းဖြည်းပျက်ယွင်းလာသည်။ အစေခံများကို သူ့အတွက် ဝတ်ရုံအသစ်များ ယူလာခိုင်းလိုက်သည်။ ထို့နောက်တွင် ယွင်ဖုန့်နန်းဆောင်သို့သွားရန် ပြင်ဆင်လိုက်သည်။


သူ ယွင်ဖုန့်နန်းဆောင်သို့ ရောက်သောအခါ ထန့်ချမ်ယွီက ထိုနေရာတွင် ရှိနေဆဲဖြစ်သည်။ သူရောက်ရှိလာခြင်းကြောင့် ထန့်ချမ်ယွီ ပျော်ရွှင်သွားသော်ငြားလည်း စိတ်ထဲ မနာလိုဖြစ်သွားသည်။


အားလုံးက ဒူးထောက် အရိုအသေပေးကြသည်။ ရွှယ်ကျွင်းလျန်က ထန့်ယွင်ကိုထူပေးလိုက်ကာ သလွန်ပေါ် ပြန်၍ လှဲလျောင်းစေလိုက်သည်။


" ဘယ်လိုနေသေးလဲ နေလို့ကောင်းသွားပြီလား ..."


ထန့်ယွင်က ဒူးထောက်နေဆဲဖြစ်သော ထန့်ချမ်ယွီကို စိတ်မသက်မသာဖြင့် ကြည့်လိုက်သည်။ ရွှယ်ကျွင်းလျန်က သူမကို စိတ်ပူ၍ မေးမြန်းနေခြင်းမဟုတ်ပဲ ဧကရီ၏ဂုဏ်ပုဒ်ကို အသုံးချကာ ထန့်ချမ်ယွီအား ပညာ‌ပြနေခြင်းဖြစ်သည်။ ထန့်ယွင်က ယခုအချိန်တွင် နေမကောင်းဖြစ်နေ၍ ရွှယ်ကျွင်းလျန်၏ အကြံအစည်များအား ဘာမှပြောလိုစိတ်မရှိတော့ပေ။


သူ ခေါင်းငြိမ့်ပြပြီး ဘာမှမပြောလိုက်ပေ။


ထို့နောက် ရွှယ်ကျွင်းလျန်က ထန့်ချမ်ယွီကိုကြည့်ကာ ပြောလိုက်သည်။


" ထန့်ဖေးက ဒီနေရာမှာ ဘာလုပ်နေတာလဲ ..."


ထန့်ချမ်ယီက သူမ နာမည်ကို ခေါ်သံကြားလိုက်၍ မတ်တပ်ရပ်လိုက်ရန်ပြင်သော်လည်း ကျောင်းရွှေက သူမဝတ်ရုံလက်ကိုဆွဲလိုက်၍ ဒူးပြန်ထောက်ကာ မြေကြီးနှင့်မျက်နှာကိုအပ်ထားပြီး ဖြေလိုက်သည်။


" အရှင်မင်းကြီးကို ပြန်ဖြေကြားပါတယ် ကျွန်တော်မျိုးမ ဧကရီဘုရင်မဆီကို အလည်လာတာပါ ..."


ကျောင်းရွှေ၏ အပြုအမူက ရွှယ်ကျွင်းလျန်၏ မြင်ကွင်းထဲမှ ပြေးမလွတ်သွားခဲ့ပေ။ သခင်ထက်ပို၍ ကျင့်ဝတ်ထုံးတမ်းများကို သိရှိသော အစေခံက အလွန်ရှားပါးလွန်းလှသည်။ ထန့်တိုင်းပြည်က ပြိုကွဲလုနီးပါးဖြစ်နေသည်။ ထန့်ယွင်မှလွဲ၍ ထန့်တိုင်းပြည်တွင် ပိုင်ဆိုင်သည့်အရာ မရှိတော့ပေ။


 ယခုအခါတွင် ထန့်ယွင်လည်း သေဆုံးသွားခဲ့ပြီး ထန့်ရှန်ကိုလည်း ရွှယ်ဟုန်ယန်နှင့် လက်ထပ်ထိမ်းမြားပေးထားခဲ့၍ ရွှယ်ကျွင်းလျန် သူ့ကိုယ်သူ အလွန်အမင်း ကျေနပ်နေမိသည်။


ထန့်ယွင်အကြောင်းတွေးလိုက်မိသည့်အခါ ရွှယ်ကျွင်းလျန်၏မျက်နှာက မည်းမှောင်လာသည်။


သူ့အိမ်မက်က အလွန်ထူးဆန်းလှသည်။ တစ်ယောက်က နူးညံ့ညင်သာသော ဧကရီဖြစ်ပြီး အခြားတစ်ယောက်က စစ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် စစ်ပွဲနတ်ဘုရားဖြစ်သည်။ ထိုလူနှစ်ယောက်က လုံးဝပင် ဆန့်ကျင်ဘက်ဖြစ်သည်။

ဒါ ဘယ်လိုအိမ်မက်ကြီးလဲ ...


ရွှယ်ကျွင်းလျန် အတွေးလွန်နေသည်ကို ထန့်ယွင် ခိုးကြည့်နေမိသည်။ ထန့်ယွင်က သူ၏ထူးဆန်းသော အမူအယာကို သတိပြုမိသော်လည်း မသိချင်ယောင်ဆောင်နေသည်။


ဧကရီနှင့် ထန့်ယွင်နှစ်ယောက်စလုံးတွင် ညို့ယူဖမ်းစားနိုင်သော မျက်ဝန်းတစ်စုံရှိသည်မှလွဲ၍ သူတို့နှစ်ယောက်ကြားတွင် တူညီချက်မရှိပေ။ သူတို့၏ ကွာခြားချက်က ကောင်းကင်နှင့် မြေကြီးကဲ့သို့ဖြစ်ကာ လုံးဝ ဆက်နွယ်မှု ရှိမနေပေ။


ရွှယ်ကျွင်းလျန်က စိုက်ကြည့်နေဆဲဖြစ်၍ ထန့်ယွင် စိတ်မသက်မသာ ဖြစ်လာသည်။


" အရှင်မင်းကြီး ကျွန်တော်မျိုးမ မျက်နှာမှာ တစ်ခုခုဖြစ်နေလို့လား ..."


" အိုး ..."

ရွှယ်ကျွင်းလျန် ချောင်းဟန့်ကာ ပြောလိုက်သည်။


" ဘာမှမဟုတ်ပါဘူး ...မင်းရဲ့ မျက်လုံးတွေက နီရဲနေတော့ ဒီထက်ပို အနားယူသင့်တယ်လို့ တွေးမိသွားလို့ပါ ..."


......


လွေ့ရွှယ် အခန်းထဲဝင်လာသည့်အခါ ဖုန့်မင်က သူမကိုကျောပေး၍ အိပ်ယာပေါ် လှဲနေသည်။ သူ အိပ်နေသည်လား မအိပ်နေသည်လားကို သူမ မသိပေ။ 


စားပွဲပေါ်မှ လုံးဝ မထိထားရသေးသော ညစာကို သူမလှမ်းကြည့်လိုက်သည်။ ဖုန့်မင်က လုံးဝ မစားထားသည့်ပုံပင်။ 


ဖုန့်တိုင်းပြည်က တောင်ပိုင်းတွင်တည်ရှိ၍ ‌ရာသီဥတုအေးလာသော်လည်း နှင်းမကျသေးပေ။


ဖုန့်ဝမ်က တောင့်တင့်သည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသူတစ်ယောက်ဖြစ်သည်။ အမတ်မင်းကျူးလု၏ လွှမ်းမိုးမှုကြောင့် အမျိုးသမီးအဝတ်အစားများကို ဝတ်ဆင်နေရသော်လည်း တစ်ချိန်က စစ်သူကြီးတစ်ယောက်ဖြစ်ခဲ့သူတစ်ဦးပင်ဖြစ်သည်။ ဖုန့်မင်က သူ၏ ထူးချွန်သောအရည်အချင်းများကို ပြသခဲ့၍ အလွန်ငယ်ရွယ်သော အသက်အရွယ်၌ပင် စစ်သည်များစွာကိုဦးဆောင်၍ စစ်ပွဲများစွာ တိုက်ခိုက်ခဲ့ပြီးပြီဖြစ်သည်။


ဤရက်ပိုင်းအတွင်းတွင် မင်းသမီး၏ကိစ္စကြောင့် ကျူးလုနှင့် ဖုန့်မင်အကြားတွင် စိတ်သဘောထားကွဲလွဲမှုများ ရှိနေသည်။ ကျူးလု ညီလာခံတွင် ပေါ်လာသည့်အချိန်မှလွဲ၍ သူတို့ တစ်ယောက်နှင့်တစ်ယောက် မတွေ့ဆုံဖြစ်ကြပေ။ 


ဖုန့်မင်က ဤကိစ္စကြောင့် မပျော်မရွှင်ဖြစ်နေသော်လည်း တိုင်းပြည်၏ဘုရင်ဖြစ်၍ စိတ်သောကရောက်နေပုံကို မပြသပေ။ 


ထိုအချိန်မှာပင် ရွှယ်ကျွင်းလျန်ထံမှ ဆက်သားတစ်ယောက် ရောက်လာကာ ဧကရီက လုပ်ကြံမှုကြောင့် ကြောက်ရွံ့သွားခဲ့၍ စီစဉ်ထားသည့်အတိုင်း ဖုန့်တိုင်းပြည်ကို မလာရောက်နိုင်တော့ဟု သတင်းပို့ခဲ့သည်။


ရွှယ်ကျွင်းလျန်ထံမှ အကောက်ကြံခံလိုက်ရခြင်းကို သဘောပေါက်သွား၍ အလွန်စိတ်ဆိုးနေသောကြောင့် ဆယ်ရက်ခန့်ပင် ဖျားနာခဲ့သည်


xxxxxx