အပိုင်း ၂၈
Viewers 13k

Chapter 28

သံယောဇဉ်ဖြတ်တောက်ခြင်း


လွေ့ရွှယ်က လက်ထောက်တစ်ယောက်ဖြစ်ပြီး ကျူးလုကိုယ်တိုင် ရွေးခြယ်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမက ဖုန့်မင်ဘေးတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သူဖြစ်၍ အမတ်မင်းအပေါ်  ဖု့န်ဝမ်၏ ခံစားချက်က အလွန်နက်ရှိုင်းကြောင်းကို အခြားလူများထက် ပိုသိသည်။ ထိုသံယောဇဉ်ကို အလွယ်တကူ ဖျက်ဆီးပစ်၍ မရနိုင်ပေ။ သို့သော် သူမက အာဏာမရှိသူဖြစ်၍ ကူကယ်ရာမဲ့နေသည်။ သူမတွင် ကူညီပေးနိုင်စွမ်းရှိလျှင်ပင် ကူညီ၍ မရနိုင်သော အခြေအနေဖြစ်နေသည်။ အဘယ့်ကြောင့်‌ဆိုသော် ဤကိစ္စက ယောက်ျားနှစ်ယောက်ကြားမှ ကိစ္စတစ်ခု မဟုတ်တော့ပဲ တိုင်းပြည်နှစ်ခုကြားမှ အရေးကိစ္စဖြစ်နေသည်။


လွေ့ရွှယ်က ကုတင်အနားသို့လျှောက်လာပြီး ညင်သာစွာပြောလိုက်သည်။

" တာ့ဝမ် ကျေးဇူးပြုပြီး တစ်ခုခုစားပါဦး ..."


ဖုန့်ဝမ်က ခေါင်းငြိမ့်သည်ဆိုရုံသာ ငြိမ့်ပြလိုက်သည်။


လွေ့ရွှယ်ပြောလိုက်သည်။

" တာ့ဝမ်က အမတ်မင်းရဲ့ အရေးကြီးဆုံးလူလေ ... အရှင်က အမတ်မင်းကို နားအလည်ဆုံးလူဆိုလည်း ဟုတ်တယ် ... ဒီရက်တွေအတွင်း သူ နန်းတွင်းကို မဝင်ချင်တာက တစ်ယောက်ယောက်ကို စော်ကားမိမှာစိုးလို့ ဖြစ်ပါလိမ့်မယ် တာ့ဝမ် ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ ..."


ဖုန့်မင်က တုံးတိတိသာ ရယ်လိုက်ပြီး တစ်ဖက်သို့လှည့်၍ လွေ့ရွှယ်ကို စိုက်ကြည့်နေလိုက်သည်။ သူ့အကြည့်ကြောင့် လွေ့ရွှယ် နေရထိုင်ရခက်လာသည်။


" မင်း ပြောတာမှန်တယ် ..."

ဖုန့်မင် ပြောလိုက်သည်။


" သူ့ကို ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ထားထားတယ် ဒါပေမယ့် နှစ်ပေါင်းများစွာကြာတဲ့အထိ သူကငါ့ကို ချစ်ခင်တဲ့ပုံမပြဘူး ... ကိုယ်တော်က ဒီတိုင်းပြည်ရဲ့ သက်ဦးဆံပိုင်ဘုရင်ဖြစ်တာကြောင့် ကိုယ်တော့်ကို သူ့လိုမျိုး ဘယ်သူကမှ မဆက်ဆံခဲ့ဖူးဘူး ... တကယ်လို့ တကယ်လို့ ကိုယ်တော်က ဘုရင်တစ်ပါးမဟုတ်ခဲ့ဘူးဆိုရင် ကိုယ်တော့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့မယ်ထင်တယ် ..."


" တာ့ဝမ် ..."


ဖုန့်မင်၏ ပူဆွေးမှုများကို ကြားသိရလေ လွေ့ရွှယ်၏ရင်ထဲ နာကျင်လာလေဖြစ်သည်။ သူမ တစ်ခုခုပြောချင်သော်လည်း ဖုန့်မင်က စကားမဆုံးသေးပေ။ 


ဖုန့်မင် ဆက်ပြောလိုက်သည်။


" လွေ့ရွှယ်... ကိုယ်တော်သိပါတယ် အမတ်ကျူးလုရဲ့ အိမ်တော်တစ်ခုလုံးမှာ မင်းတစ်ယောက်ထဲပဲ ကိုယ်တော့်ကို ကြင်ကြင်နာနာဆက်ဆံတဲ့သူလေ ... အမတ်မင်းအိမ်တော်ပဲ မဟုတ်ဘူး ညီလာခံတစ်ခုလုံးမှာလည်း ကိုယ်တော့်အကြောင်းတောင် စကားစကြတာမဟုတ်ဘူး ...တကယ်လို့... တကယ်လို့များ ကျူးလုအပေါ်ထားတဲ့ ကိုယ်တော်ရဲ့ ခံစားချက်တွေက ဒီလောက်မစစ်မှန်ခဲ့ဘူးဆိုရင် ကိုယ်တော်က သူ့အတွက်နဲ့ ကိုယ့်ဘာသာ ဒီလောက်နိမ့်ချပြီး နေပါ့မလား ... သူ့ စိတ်ပျော်ရွှင်ဖို့အတွက် ဒီလောက်ကြိုးစားနေပါ့မလား ..."


အမတ်မင်းက ဖုန့်မင်၏ သူ့အပေါ် ချစ်ခင်မြတ်နိုးမှုများကို ဂရုပြုမိကြောင်း သူမပြောပြချင်သည်။ အမတ်မင်းက ထိုသို့ချစ်ခင်မှုများကို နားလည်သော်လည်း ကံဆိုးစွာဖြင့် သူတို့နှစ်ယောက်မှာ ဆန့်ကျင်ဘက် အရပ်မျက်နှာနှစ်ခုတွင် ရပ်နေကြခြင်းဖြစ်နေသည်။

  

၎င်းတို့က သူမ ပြောခွင့်မရှိသော စကားများ ဖြစ်နေသည်။


ဖုန့်မင် တစ်ကြိမ် ထပ်ရယ်ပြီးပြောလိုက်သည်။

" မင်း ဝမ်းနည်းသွားတာလား ...ကိုယ်တော်က ပိုတောင်ဝမ်းနည်းသေးတယ် ..."


သူ အိပ်ယာမှထလာပြီးနောက် ဓားတစ်ချောင်းချိတ်ဆွဲထားရာ နံရံဘက်သို့ သွားလိုက်သည်။ ဓားကို ဓားအိမ်ထဲမှထုတ်ပြီး သူဝတ်ထားသော အဝတ်စများကို အပိုင်းပိုင်းဖြတ်လိုက်သည်။ သူ၏လှုပ်ရှားမှုများက သေသပ်လွန်း၍ ဤရက်အနည်းငယ်အတွင်း ဖျား‌နာနေသော‌လူတစ်ယောက် မဟုတ်သကဲ့သို့ပင် ထင်ရသည်။


ဖုန့်မင်က အဝါရောင်တောက်တောက်ဝတ်ရုံကို လုံးချေပြီး လွေ့ရွှယ်၏လက်ထဲ ထည့်ပေးလိုက်သည်။ သူက လေသံပြတ်ပြတ်ဖြင့် ပြောလိုက်သည်။


" မင်း သွားသင့်နေပြီ ... ဒါကိုကျူးလုကို ပေးလိုက်ပါ ... ပြီးတော့ ဒီနေ့ကစပြီး နန်းတွင်းကို ထပ်လာစရာမလိုတော့ဘူး ကျူးလုကိုပဲ ခစားလိုက်ပါ ..."


လွေ့ရွယ်က ဝတ်စုံကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။


" ဒီအစေခံ ... အရှင့်ကို နှုတ်ဆက်ခဲ့ပါတယ် ..."


.....


ဖုန့်မင်က ဝတ်ရုံကို အပိုင်းပိုင်းဖြတ်လိုက်ရသည့် အကြောင်းအရင်းကို ကျူးလု ရှင်းလင်းစွာသိသည်။ ၎င်းက သူမျှော်လင့်ထားသော ရလဒ်ပင်ဖြစ်သည်။ ‌အဝါရောင်တောက်တောက်ဝတ်ရုံကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ကျူးလု သက်ပြင်းရှည်ကြီးချလိုက်သည်။ ထို့နောက် ခါးသီးစွာဖြင့် ရယ်လိုက်ပြန်သည်။


နောက်‌တစ်နေ့တွင် အမတ်ကျိုးက ဧကရီ့ကို ပြန်လာရန် တောင်းဆိုမိသည့်အတွက် အပြစ်မကင်းဟု ခံစားရ၍ လာရောက်တောင်းပန်သည်။ ကြမ်းပြင်နှင့် ခေါင်းကိုထိထား၍ သူက ထိုအကြံကို တွေးမိခြင်းမဟုတ်ခဲ့ဟု ပြောနေသည်။ ဖုန့်ဝမ်က အမတ်ကျိုးကို ကြိမ်ဒဏ်ပေးရန် ငယ်သားတစ်ယောက်အား အမိန့်ပေးလိုက်သည်။  အမတ်ကျိုးက အလွန်အိုမင်းနေပြီဖြစ်သော်လည်းဖုန့်ဝမ်က ညှာတာပေးခြင်းမရှိခဲ့ပေ။ အသက်ချမ်းသာပေးရန် ကူညီပြောဆိုပေးသူမှန်သမျှကိုလည်း အမတ်ကျိုးနှင့်အတူ အပြစ်ပေးမည်ဟုပြောထား၍ မည်သူမျှ သူ့ဘက်က မရပ်တည်ပေးရဲပေ။ 


ဖုန့်မင် အေးစက်စွာပြောလိုက်သည်။


" အဖွဲ့ဖွဲ့ပြီးတစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေရတာ ပျော်စရာကောင်းလား ... အဲ့အချိန်တုန်းက ဘယ်သူတွေကများ အုပ်စုလိုက်လက်မှတ်ထိုးပြီး မင်းသမီးကိုပြန်လာအောင် တောင်းဆိုခိုင်းလို့လဲ ... မောင်မင်းတို့အားလုံးက တစ်ကိုယ်ကောင်းဆန်တဲ့ အလုပ်ကိုလုပ်ပြီး ကိုယ့်ရဲ့လုပ်ရပ်ကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကိုမတွေးထားခဲ့ကြဘူး ... အုပ်စုဖွဲ့ပြီး ကိုယ်တော့်ကို ပလ္လင်ပေါ်က ဆင်းရအောင် ဖိအားပေးကြတယ်လေ ..."


ဖုန့်မင်၏ ဩဇာအာဏာရှိသော‌လေသံကြောင့် မင်းမှုထမ်းအားလုံး ကြောက်လန့်ခြောက်ခြားကုန်သည်။ သူက အမတ်မင်းကျူးလုကို မျက်နှာသာပေးထား၍ ညီလာခံကိုတက်သည်မှာ အလွန်ရှားပါးလှပြီး တိုင်းပြည်ရေးကိစ္စများကိုလည်း ဖြေရှင်းပေးသည်မှာ ရှားလွန်းသည်။ သို့ဖြစ်၍ ဤကဲ့သို့ ဒေါသတကြီးဖြစ်နေသည်ကိုလည်း မြင်ရခဲလှသည်။ 


ကြိုတင်ကြေညာထားခြင်းမရှိပဲ ဖုန့်ဝမ်က အမတ်ကျိုးကို ပြစ်ဒဏ်ပေးရန် အမိန့်ချမှတ်လိုက်သည်။ အစက ဖုန့်ဝမ်မှာ အမတ်မင်းကျူးလုကို မျက်နှာသာပေးနေသေးသည်ထင်၍ အမတ်ကျိုးက စိတ်ပျက်နေသည်။ သို့သော် မှူးမတ်များက အုပ်စုဖွဲ့ကာ တစ်ကိုယ်ကောင်းဆန်သည့်လုပ်ရပ်များလုပ်ကြောင်း ဆူပူလိုက်ချိန်တွင် သူ၏ စိတ်ပျက်မှုက ချကိချင်းပျောက်ကွယ်သွားသည်။


အမတ်ကျိုးက အမတ်များထဲတွင် အသက်အကြီးဆုံးလူဖြစ်၍ သူမည်မျှသစ္စာရှိကြောင်းကို အားလုံးသိကြသည်။ သို့သော်လည်း သစ္စာရှိ၍ အလုပ်တွင်သာ စိတ်နှစ်ထားတတ်သော အမတ်တွင်လည်း တစ်ကိုယ်ကောင်းဆန်မှုများ ရှိနေသည်။ အာဏာကို ပို၍ပိုင်ဆိုင်လာလေ ထိုထက်ပိုများသည့် အခွင့်အာဏာကို အလိုရှိလာလေဖြစ်သည်။ အမတ်ကျိုး၏ အာဏာက နယ်စားမင်းကျူးလုနှင့် သူမသာကိုယ်မသာဖြစ်နေ၍ သူ့ကိုတွန်းထုတ်ချင်နေသည်ကိုလည်း အားလုံးသိကြသည်။

28.2


သို့ရာတွင် မှူးမတ်များကို ပဟေဠိဖြစ်စေသည့်အရာမှာ ဖုန့်ဝမ်က အမတ်ကျိုးကို အပြစ်ပေးသော်လည်း နယ်စားမင်းကျူးလုကို မချီးကျူးပေ။ အကယ်၍ မနေ့ကသာဖြစ်ပါက ဖုန့်ဝမ်က နယ်စားမင်းကျူးလုကိုရာထူး‌တိုးပေးနိုင်သည်။ သို့သော်လည်း ယနေ့တွင် သူက ကျူးလု၏နာမည်ကိုပင် ထုတ်မပြောပေ။ 

ဤရက်အနည်းငယ်အတွင်းဖြစ်နေသည့် ထူးဆန်းသော အခြေအနေ‌များကြောင့် တာ့ဝမ်က နယ်စားမင်းကျူးလုနှင့် အခြေအနေတင်းမာနေသည်ဟု အားလုံးသဘောပေါက်လိုက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် နယ်စားမင်းက ယောက်ျားတစ်ယောက် ဖြစ်နေသည့်အပြင် လူငယ်တစ်ယောက် မဟုတ်တော့‌ပေ။ သူ၏ငယ်ရွယ်လှပမှုက စတင် ပျောက်ကွယ်လာပြီဖြစ်သည်။ နှစ်ပေါင်းအနည်းငယ် ကြာပြီးသည့်နောက် တာ့ဝမ်က သူ့ကို ငြီးငွေ့သွားသည်ဆိုလျှင်လည်း မထူးဆန်းတော့ပေ ။



ထူးဆန်းသောအိမ်မက်ကို မြင်မက်ပြီးသည့်နောက် ရွှယ်ကျွင်းလျန်က ယွင်ဖုန့်နန်းဆောင်သို့ သွားရောက်သည့်အကြိမ်ရေ လျော့နည်းသွားသည်။ သို့ဖြစ်၍ ထန့်ယွင်မှာ အလွန်ပျော်ရွှင်နေရသည်။


အိမ်ရှေ့စံမင်းသားငယ်လေးကလည်း တစ်ကြိမ်ခန့်သာ လာသည်။ ရွှယ်ဖေက မယ်တော်ဖြစ်သူ နေမကောင်းဖြစ်နေကြောင်းသိ၍ သူမအနားယူခြင်းကို အနှောင့်အယှက်ဖြစ်မည်စိုး၍ ကြာကြာမနေရဲပေ။ ထန့်ချမ်ယီကသာ နေ့တိုင်းနီပါး သူမဆီသို့လာသည်။


ထန့်ချမ်ယီက ယွင်ဖုန့်နန်းဆောင်သို့ ပထမဆုံးအကြိမ်ရောက်လာချိန်တည်းက ရွှယ်ဝမ်နှင့် တွေ့ခဲ့ရခြင်းဖြစ်သဖြင့် အလွန်ကံကောင်းသည်ဟု သဘောထားလိုက်သည်။ ထိုသို့ဖြစ်၍ ယွင်ဖုန့်နန်းဆောင်ကို ရံဖန်ရံခါလာရောက်တတ်သောကြောင့် ထန့်ယွင် ခေါင်းကိုက်နေရသည်။


ထန့်ယွင်ကို ရှို့ယောင်က အလွန်ဂရုစိုက်သည့်အပြင် ဖုန့်ယွင်နန်းဆောင်၌ ကျန်းယွီကလည်း ရှိနေဆဲဖြစ်သည်။ သို့ဖြစ်၍ ထန့်ယွင်အတွက် အရာရာက လွယ်ကူနေသည်။ ကျန်းယွီက ပေးအပ်ထားသောတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေသည်။ ရွှယ်ကျွင်းလျန်က နေ့တိုင်းမလာရောက်လျှင်ပင် ယွင်ဖုန့်နန်းဆောင်မှ ကိစ္စတိုင်းကို ကျန်းယွီက စောင့်ကြည့်ကာ ဖြစ်ပျက်သမျှကို သတင်းပို့နေ၍ ရွှယ်ကျွင်းလျန်က အရာအားလုံးကိုသိသည်။


ထန့်ချမ်ယီ စတုတ္ထအကြိမ်မြောက်လာရောက်သောအခါ၌ ယွင်ဖုန့်နန်းဆောင်ထဲ မရောက်မီမှာပင် ကျန်းယွီ၏ တားမြစ်ခြင်းခံလိုက်ရသည်။ သူမကို ရွှယ်ကျွင်းလျန်နှင့် ဦးစွာတွေ့ရန် ကျန်းယွီက ဖိတ်ကြားလိုက်သည်။


ထန့်ချမ်ယီက ဤရက်ပိုင်းအတွင်း သူမ၏ကြိုးစားအားထုတ်မှုများကြောင့် မင်္ဂလာရှိသောနေ့ရက်တစ်ခု ရောက်လာခဲ့ပြီဟု တွေးမိကာ အလွန်စိတ်လှုပ်ရှားနေမိသည်။ ဧကရီက သူမအကြောင်း ရွှယ်ဝမ်ကို ချီးကျူးပြောဆိုထား၍ ရွှယ်ဝမ်က သူမကို တွေ့ချင်နေရခြင်းဖြစ်မည်ဟု ထင်နေသည်။


သို့ရာတွင် ရွှယ်ဝမ်၏နန်းဆောင်သို့ရောက်သောအခါ သူမမျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။ ရွှယ်ကျွင်းလျန်ကို ကြည့်ရသည်မှာ စိတ်ပျော်ရွှင်နေပုံမရသော်လည်း ဒေါသထွက်မနေပေ။ သူက အေးအေးလူလူပင် ပြောလိုက်သည်။


" အိုက်ဖေးက ယွင်ဖုန့်နန်းဆောင်ကို ဒီရက်ပိုင်း နေ့တိုင်းနီးပါးလာတယ်လို့ ကိုယ်တော်ကြားတယ် ..."


ထန့်ချမ်ယီက ချိုသာစွာ ပြန်ဖြေလိုက်သည်။

" အရှင်မင်းကြီးကို ပြန်ဖြေကြားပါတယ် ... ကျွန်တော်မျိုးမက ဧကရီရဲ့ ကျန်းမာရေးအခြေအနေကို ပူပန်မိလို့ သတင်းလာမေးတာပါ ..."


ရွှယ်ကျွင်းလျန် ပြန်ဖြေလိုက်သည်။


" ဟုတ်တယ် ... တာ့ဖေးကတောင် မင်းရဲ့ပူပန်မှုတွေကို မြင်တွေ့ပုံပဲ ...."


" တာ့ဖေး ..."


တစ်စုံတစ်ခု မူမမှန်တော့သည်ကို ခံစားမိ၍ ထန့်ချမ်ယီ၏ နှလုံးသားက ပြုတ်ကျမတတ်ဖြစ်သွားသည်။


ရွှယ်ကျွင်းလျန် ပြန်ဖြေလိုက်သည်။


" တာ့ဖေးက အခုလေးတင်ပဲ ကိုယ်တော့်ကို လာပြောပြသွားတယ် ... မင်းက ဒီရက်ပိုင်း ဧကရီနန်းဆောင်ကို နေ့တိုင်းလိုလိုလာနေလို့ ဧကရီက အနားယူရတာ အနှောင့်အယှက်ဖြစ်ပြီး ကျန်းမာရေးအခြေအနေက မတိုးတက်လာတော့တာတဲ့ ..."


" ကျွန်တော်မျိုးမ... ကျွန်တော်မျိုးမ..."


တာ့ဖေးက သူမကို အကောက်ကြံခဲ့၍ ရွှယ်ဝမ်က သူမကို တွေ့ရန် ခေါ်လိုက်ခြင်းဖြစ်လိမ့်မည်။ တာ့ဖေးက အမြဲတမ်း သူမကို ပစ်မှတ်ထားနေခဲ့သူဖြစ်သည်။ သူမနန်းဆောင်သို့ တစ်ကြိမ်လာရောက်ကာ ပြဿနာရှာခဲ့ဖူးသူဖြစ်ပြီး ယခုလည်း သူမကို ချောင်ပိတ်နေသည်။


အစွပ်စွဲခံရဖြင့် သူမ သနားစဖွယ်ငိုယိုကာ ပြောတော့သည်။


" ကျွန်တော်မျိုးမက ကောင်းစေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ ..."


ရွှယ်ကျွင်းလျန်က သူမ ငိုယိုနေသည်ကို လျစ်လျူရှု့ထားပြီး ဘာမှထပ်မပြောတော့ပဲ ထန့်ချမ်ယီကို ပြန်ခိုင်းလိုက်သည်။


ထို့ကြောင့် တာ့ဖေးက အသိပေးလိုက်မည်စိုး၍ သူမ ယွင်ဖုန့်နန်းဆောင်ကို မသွားရဲတော့ပေ။ တာ့ဖေးက သူမ၏ ယုတ်မာသောအကျင့်စရိုက်ကြောင့် နာမည်ကြီးသူဖြစ်သည်။ သူမက လက်ရှိအချိန်တွင် မျက်နှာသာပေးခံထားရသူ မဟုတ်သော်လည်း အလွန်လှပသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ ရွှယ်ဝမ်က တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူမကို ထပ်မံ၍ မျက်နှာသာပေးလာနိုင်သည်။



စစ်ပွဲမှ ပြန်ရောက်လာပြီးချိန်တည်းက ရွှယ်ဟုန်ယန်က နန်းမြို့တော်တွင် နေထိုင်ခဲ့သည်မှာ လအနည်းငယ်ခန့်ရှိပြီဖြစ်သည်။ သူက ရှေ့တန်းသို့ မကြာမီပြန်သွားရတော့မည်ဖြစ်သော်လည်း ရွှယ်ဝမ်က ထန့်ရှန်ကို ဧကရီကိုလုပ်ကြံသူများအား စုံစမ်းစစ်ဆေးခိုင်းထား၍ ထန့်ရှန်ကိုထားခဲ့ပြီး ပြန်မသွားနိုင်ဖြစ်နေသည်။ အကယ်၍ ထန့်ရှန်က မြို့တော်တွင် တစ်ယောက်တည်းနေခဲ့ရပါက သူစိတ်ချနိုင်မည်မဟုတ်ပေ။ 


သွားရမည့်အချိန်တန်နေသော်လည်း မသွားသေးပါက လူအများ၏ ဝေဖန်ပြော‌ဆိုခြင်းများ ခံလာရနိုင်သည်။ ထိုအချိန်မှာပင် နယ်စားမင်း ကျန်ကျန်း(ရွှယ်ယွီ)က ယခင်မင်းကြီးအတွက် ဆုတောင်းပေးရန် နန်းမြို့တော်သို့လာရောက်မည်ဆိုသော သတင်းနှင့် စတင်ထွက်ခွာလာနေပြီ ဟူသောသတင်းကို ရွှယ်ဟုန်ယန်ကြားလိုက်ရသည်။


xxxxx