အပိုင်း ၂၉
Viewers 13k

Chapter 29

အောက်လမ်းပညာရပ်


ရွှယ်ယွီက ယခင်ဘုရင်ကြီး၏ အငယ်ဆုံးသားဖြစ်ပြီး သူ့အစ်ကိုများနှင့် အသက်အလွန်ကွာသည်။ သူ့အစ်ကိုများက ပလ္လင်အတွက် တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်နေချိန်တွင် ရွှယ်ယွီက စာလေ့လာခန်းထဲတွင် အခန်းပိတ်ကာ လေ့လာသင်ယူနေခဲ့သည့် ရိုးရိုးသားသားကလေးတစ်ယောက်အရွယ်သာ ရှိသေးသည်။


နောက်ပိုင်းတွင် ရွှယ်ကျွင်းလျန် ထီးနန်းဆက်ခံပြီးချိန်၌ မြောက်ဖျားပိုင်းနယ်နိမိတ်မှ မကြာခဏ ပြဿနာဖြစ်ပေါ်လေ့ရှိသော မြို့ငယ်လေးကို ကိုင်တွယ်ရန်အတွက် ရွှယ်ယွီအား လွှတ်လိုက်သည်။


ပြဿနာမြို့လေးအား ငြိမ်ဝပ်ပိပြားအောင်လုပ်ပြီးချိန်တွင်လည်း ရွှယ်ယွီက ညီလာခံတွင် နေရာတစ်နေရာရယူရန်အတွက် ပြန်မလာပဲ မြောက်ဘက်ပိုင်းနယ်နိမိတ်ကိုသာ ဆက်လက်စောင့်ကြပ် နေထိုင်ခဲ့သည်။ ရွှယ်ကျွင်းလျန်က သူ့ရန်သူများကို ရှင်းထုတ်နေစဥ်အချိန်၌ ထိုနေရာတွင်သာ နေလိုက်ခြင်းက သူ့ကိုယ်သူ ပြဿနာများထဲ မရောက်အောင် နေထိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်ခဲ့သည်။ ရွှယ်ယွီက ဝေးလံခေါင်ဖျားသောဒေသတွင် နေထိုင်ခြင်းဖြစ်ပြီး။ နောက်လိုက်နောက်ပါစစ်တပ်အင်အားလည်းမရှိသည့်အပြင် အလွန်ငယ်ရွယ်သေးသောကြောင့် ရွှယ်ကျွင်းလျန်က သူ့ကို လွှတ်ထားပေးခဲ့သည်။


ရွှယ်ကျွင်းလျန်က ရွှယ်ယွီကို မေ့နေခြင်းမဟုတ်ပေ။ ညီငယ်လေးကို သဘောထားကြီးစွာဖြင့် တစ်ကြိမ်တစ်ခါခန့် လွှတ်ပေးခဲ့သော်လည်း ဘုရင်တစ်ပါး၏ သဘောသဘာဝအရ ရင်ထဲမှ အနက်ရှိုင်းဆုံးတစ်နေရာတွင် သူ၏ သံသယများကို မြှုပ်နှံထားခဲ့သည်။ ကျားပေါက်လေးကို သူ့ကိုယ်သူ ကြီးပြင်းလာစေပြီး ဧရာမကျားတစ်ကောင် ဖြစ်လာစေလိမ့်မည်မဟုတ်ပေ။ ထိုကျားက သူ့ကိုခြိမ်းခြောက်လာနိုင်သော နေ့တစ်နေ့ ရောက်လာနိုင်သည်။


ဤနှစ်များတွင် ရွှယ်ကျွင်းလျန်က အဘက်ဘက်မှ ကိစ္စပေါင်းစုံကို ဖြေရှင်းနေရချိန်၌ ရွှယ်ယွီက နယ်စပ်တွင် သူ၏စစ်အင်အားကို ချဲ့ထွင်ခဲ့သည်။ သူ၏အာဏာက အတော်အတန်ကြီးထွားလာပြီဖြစ်သည်။ ယခုတစ်ကြိမ်‌၌ သူက ယခင်မင်းကြီးကို လွမ်း၍ ဂါရဝပြုရန် နန်းမြို့တော်သို့ ပြန်လာမည်ဟု သတင်းပို့လာပြန်သည်။


ရွှယ်ဟုန်ယန်က ဤသတင်းကိုရသည်နှင့် အဘယ့်ကြောင့် ပြဿနာပေါင်းစုံက တစ်ချိန်တည်း ဖြစ်ပေါ်လာရသနည်းဟု တွေးနေမိသည်။ လုပ်ကြံသူကိစ္စကို မဖြေရှင်းရသေးသည့်အပြင် နယ်စားကျန့်ကျန်းကပါ ပြန်ရောက်လာတော့မည်ဖြစ်သည်။


ရွှယ်ဟုန်ယန် နန်းတော်ထဲ ဝင်လာသည့်အခါ ရွှယ်ကျွင်းလျန်က ရေကန်ငယ်ထဲမှ ငါးလေးများကို အစာကျွေးနေသည်။


ရွှယ်ဟုန်ယန်က သတင်းစာလွှာကို ပေးလိုက်သော်လည်း ရွှယ်ကျွင်းလျန်က ၎င်းကို တစ်ချက်မျှပင်မကြည့်ပဲ ရေကန်ထဲ လွှင့်ပစ်လိုက်သည်။ စာရွက်အပိုင်းအစက ရေထဲနစ်သွားသည်။ အစာစားနေသည့်ငါးများအပြင် ရွှယ်ဟုန်ယန်ပါ လန့်သွားရသည်။ သို့ရာတွင် ရွှယ်ကျွင်းလျန်၏မျက်နှာပေါ်တွင် စိတ်ဆိုးဒေါသထွက်နေသည့် အမူအယာ စိုးစဉ်းမျှ မရှိပေ။ 


ရွှယ်ကျွင်းလျန် ရယ်လိုက်သည်။


" နယ်စပ်က နေရာသေးသေးလေးဆိုတော့ သူ မလိုချင်တော့ဘူးပေါ့ ... အဲ့ဒါကြောင့် အိမ်ပြန်လာချင်နေတာပဲ ... ကိုယ်တော် သူ့ကို ကြိုဆိုပြီး ဘိုးဘွားပူဇော်ကန်တော့ပွဲ လုပ်ပေးရတာပေါ့လေ ..."


ရွှယ်ကျွင်းလျန်၏ စကားများကို ကြားရသည့်အခါမှသာ ရွှယ်ဟုန်ယန်၏ စိုးရိမ်ပူပန်မှုများ ပြေလျော့သွားသည်။ ရွှယ်ကျွင်းလျန်က ထိုသတင်းကိုကြိုသိထားပြီး အစီအစဉ်ဆွဲထားပြီဖြစ်၍ ထိုမျှ တည်ငြိမ်နိုင်ခြင်း ဖြစ်သည်။


ရွှယ်ကျွင်းလျန်၏ တည်ငြိမ်နေသောအမူအယာက များသောအားဖြင့် ဟန်ပြသာဖြစ်သည်။ စိတ်ထဲတွင်မူ ကြိုတင်ပြင်ဆင်ထားမှ တော်ကာကျမည်ဟု တွေးနေမိသည်။  ဧကရာဇ်နန်းတော်တစ်ဝိုက်တွင် လုံခြုံရေးများ တိုးမြှင့်ချထားရန် အမိန့်ပေးခဲ့ပြီး နန်းတော်အစောင့်များကို ရွှယ်ဟုန်ယန်မှ ကိုယ်တိုင်ရွေးချယ်ရမည်ဖြစ်သည်။


ဤကိစ္စကြောင့် ရွှယ်ဟုန်ယန်၏ နယ်စပ်သို့ ထွက်ခွာရမည့်ကိစ္စက ပိုမိုနှောင့်နှေးသွားသည်။



ထူးဆန်းသော အိမ်မက်မက်ပြီးသည့်နောက် ရွှယ်ကျွင်းလျန်က ယွင်ဖုန့်နန်းဆောင်သို့ ရံဖန်ရံခါမှ လာရောက်တော့သော်လည်း နေ့လယ်စာစားချိန်နှင့် ညစာစားချိန်များတွင်မူ ယခင်အတိုင်း ပုံမှန်လာရောက်‌တတ်သည်။ သို့ဖြစ်၍ ဧကရီကို မျက်နှာသာမပေးခံရတော့ဟု ထင်လာကြသော လူအများစုက သူတို့စကားများကို ပြန်ရုတ်သိမ်းလိုက်ရသည်။


ဧကရီ၏မျက်နှာမှာ အပြည့်အဝ ပြန်လည်‌ကောင်းမွန်သွားပြီဖြစ်ကာ အမာရွတ်နှင့်အနာများလည်း မရှိတော့ပေ။ သူမနားရွက်အနားတွင် အမာရွတ်တစ်ခု ကျန်ရှိနေသေးသော်လည်း ဤအမာရွတ်ကို အမှတ်တမဲ့ ထိမိရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုအမာရွတ်က သိသာထင်ရှားနေခြင်းလည်း မရှိပေ။ ထိုအမာရွတ်ကို မြင်သူတိုင်းကလည်း သူမ၏ နူးညံ့မှုကြောင့် ညှို့ယူဖမ်းစားခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။


ထန့်ယွင်က လက်ဖက်ရည်သောက်သည့်အခန်းထဲတွင် စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ ရှို့ယောင်က လက်ဖက်ရည်ခွက်ထဲတွင် ကုန်သွားတိုင်း ပြန်ဖြည့်ပေးနေပြီး စားဖိုဆောင်မှလုပ်ပေးထားသည့် မုန့်များကိုလည်း ချပေးထားသည်။ သူမ ထွက်သွားပြီး မကြာမီမှာပင်ပြန်ရောက်လာပြီး အမွှေးတိုင်ပြောင်းထွန်းရန်အတွက် ပြန်ဝင်လာသည်။


ရှို့ယောင်က အကြိမ်အနည်းငယ်ခန့်  ဝင်လိုက်ထွက်လိုက်လုပ်နေသဖြင့် နောက်ဆုံးတွင် ထန့်ယွင်က သူမကို လျစ်လျုမရှု့ထားနိုင်တော့ပေ။ ဖတ်လက်စ စာအုပ်ကိုချပြီး ရှိုယောင်ကိုကြည့်လိုက်သည်။


ထိုသို့စိုက်ကြည့်ခံနေရသည့်အတွက် ရှို့ယောင်ကိုယ်ကို ကျုံ့ထားမိသည်။


" ဘာပြောစရာရှိလို့လဲ ... ပြောချင်တာရှိရင်ပြောလေ ..."

ထန့်ယွင်မေးလိုက်သည်။


ရှို့ယောင် သတ္တိမွေးကာ ပြောလိုက်သည်။

" အရှင်မ ... နယ်စားမင်းကျန့်ကျန်းက နန်းမြို့တော်ကို ပြန်လာတော့မယ်လို့ကြားတယ် ..."


ထန့်ယွင် အေးအေးဆေးဆေးပင် ပြန်မေးလိုက်သည်။

နယ်စားမင်းကျန့်ကျန်းက ဘယ်သူလဲ ..."


စစ်ပွဲတစ်ပွဲကို အောင်နိုင်ချင်ပါက မိမိကိုယ်ကိုနှင့် ရန်သူကို သေချာသိအောင်လုပ်ရမည်ဟု ထန့်ယွင် ယုံကြည်ထားခဲ့သော်လည်း တစ်ခါတစ်ရံတွင် နယ်စားမင်းကျန့်ကျန်းက မည်သူဟူသော အသေးအမွှားကိစ္စလေးများကို သူမသိပေ။


ရွှယ်ယွီက ဝေးလံခေါင်ဖျားသောဒေသတွင် နေထိုင်ခဲ့၍ အသက်ရှင်မည်ဟု ထင်ခဲ့သော်လည်း သူ၏အနာဂတ်က သူရွေးချယ်ထားသောနေရာကဲ့သို့ မှေးမှိန်လွန်းလှသည်။


ထန့်တိုင်းပြည်က‌ တောင်ပိုင်းတွင် တည်ရှိ၍  ထန့်ယွင်က ရွှယ်ယွီအကြောင်း မကြားဖူးသည်မှာ အံ့ဩစရာမဟုတ်ပေ။ 


ရှိူ့ယောင် မျက်လုံးများ ပြူးကျယ်သွားကာ ပြောလိုက်သည်။


" နယ်စားမင်းကျန့်ကျန်းက ရွှယ်ဝမ်ရဲ့ အငယ်ဆုံးညီလေးလေ အရှင်မ ..."


ထန့်ယွင် သူ့မှတ်ဉာဏ်ထဲတွင် ပြန်လည်ရှာဖွေနေမိသသည်။ ရွှယ်ကျွင်းလျန်တွင် နောက်ထပ်ညီငယ်တစ်ယောက်ရှိသည်ကို ဝိုးတဝါးသာ မှတ်မိနေပြီး အခြားညီငယ်တစ်ယောက်က ထိုနယ်စားဖြစ်မည်ဟု ထင်လိုက်မိသည်။ သို့ရာတွင် သူ့စိတ်ထဲ ထူးဆန်းသည်ဟု ထင်သွားမိသည်။ အဘယ့်ကြောင့်ဆိုသော် ရွှယ်ကျွင်းလျန်တွင် အမေတစ်ယောက်တည်းမှ မွေးလာသောညီတစ်ယောက်သာရှိပြီး ထိုလူက ရွှယ်ဟုန်ယန်ဖြစ်သည်။ ရွှယ်ကျွင်းလျန်၏ စိတ်နေသဘောထားအရဆိုလျှင် အ‌မေ မတူသည့် ညီငယ်တစ်ယောက်ကို  အရှင်ထားမည်မဟုတ်ပေ။ 


ရှို့ယောင်က အချိန်အတော်ကြာစောင့်နေခဲ့သော်လည်း ဧကရီက ခေါင်းတစ်ချက်သာငြိမ့်၍ တုံ့ပြန်ခဲ့သည်။ သူမ သခင်မ၏မျက်နှာမှ ဒဏ်ရာများက ‌ပပျောက်သွားပြီဖြစ်၍ ယခုအခါတွင် အလွန်လှပနေပြီဖြစ်သည်။ သူမက ခေါင်းငြိမ့်ရုံသာ ငြိမ့်ပြလိုက်သော်လည်း ထိုအပြုအမူကပင် အလွန်သိမ်မွေ့ပြီး ကျက်သရေရှိနေသည်။ သို့သော်လည်း ရှို့ယောင်စောင့်ဆိုင်းနေသည်က ခေါင်းငြိမ့်ခြင်းတစ်မျိုးသာ မဟုတ်ပေ။ 


ထန့်ယွင်က စာအုပ်ကို ဘေးနားပို့လိုက်ပြီး သလွန်ပေါ် ပြန်မှီလိုက်သည်။ ရှို့ယောက်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သောအခါ လန့်ပြီး အနည်းငယ်တုန်သွားသည်။ သူ ခြောက်ကပ်စွာဖြင့် ရယ်လိုက်သည်။

29.2


" ဘာပြောစရာရှိသေးလို့လဲ ..."


ရှိူ့ယောင် ပြောလိုက်သည်။

" အရှင်မကိုကြည့်ရတာ စိတ်ဖတ်တတ်တဲ့သူလိုပဲ ... ဒီအစေခံက အရှင်မကို ဖုံးကွယ်မထားရဲတော့ပါဘူး ... ကျွန်တော်မျိုးမ သိချင်နေပေမယ့် ပြောခွင့်ရှိပါ့မလား မသိဘူး..."


" အင်း ..."


ခွင့်ပြုချက်ရသွားသဖြင့် ရှို့ယောင်က ပြောတော့သည်။

" အရင်ဘုရင်ကြီး သက်ရှိထင်ရှား ရှိတုန်းကဆိုရင် နယ်စားမင်းကျန့်ကျန်းကို ဖုန့်တိုင်းပြည်ကိုသွားဖို့ အမိန့်ပေးဖူးတယ်လို့ ကျွန်တော်မျိုးမ ကြားဖူးတယ် ..."


ထန့်ယွင်ဘာမှ မပြောသော်လည်း သူ့ရင်ထဲ တဒိတ်ဒိတ် ခုန်သွားသည်။ ဤခန္ဓာကိုယ်က သူ့အပိုင်မဟုတ်၍ မူလဧကရီ၏ မှတ်ဉာဏ်များက သူ့ထံတွင် မရှိပေ။ အတိတ်တွင် ဖြစ်ပျက်ခဲ့သော အရာများကို ဘာမှမသိ၍ ‌ သူပြောနိုင်သည်မှာ ...

" အဲ့ဒီတော့ ..."


" အဲ့ဒီတော့ ... ကျွန်တော်မျိုးမက နယ်စားမင်းကျန့်ကျန်းနဲ့ အရှင်မအကြောင်း ကောလဟာလတွေ ကြားထားတယ် ..."


ရှို့ယောင် ပြောလိုက်သည်။


" ဘာအကြောင်းလဲ ..."


ဧကရီ၏ တုံးတိတိဖြေသံကြောင့် ဒေါသထွက်သွားသည်ဟုထင်မိ၍ မည်သည့်အရာကိုမှ ကွယ်ဝှက်မထားတော့ပဲ ဝန်ခံလိုက်သည်။


" ဧကရီ ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးပါ ... ဒီအစေခံက အဲ့ဒီကောလဟာလကို ‌ဒေါသထွက်မိလို့ပါ ... နယ်စားမင်းကျန့်ကျန်းက နန်းမြို့တော်ကို ပြန်လာမယ်ဆိုတည်းက နန်းတော်ထဲမှာ ကောလဟာလတစ်ခု ပြန့်နေတယ် ... အရင်ဘုရင်ကြီးလက်ထက်က ဖုန့်တိုင်းပြည်ကို ဆက်သားတစ်ယောက်လွှတ်ပြီး အငယ်ဆုံးသားတော်နဲ့ အရှင်မကို လက်ဆက်ပေးဖို့သဝဏ်လွှာပို့လိုက်တယ် ... အဲ့အချိန်တုန်းက ဖုန့်တိုင်းပြည်က လက်ထက်ထိမ်းမြားဖို့ ကိစ္စကို ငြင်းလိုက်တယ်... ဒါကြောင့်မို့ ဒီတစ်ခေါက် နယ်စားမင်းကျန့်ကျန်း နန်းတော်ကို ပြန်လာမယ်ဆိုတာ အရှင်မကို တွေ့ချင်လို့ဆိုပြီး မောင်းမဆောင်တစ်ခုလုံးက ထင်ကြေးပေးနေကြတယ် ..."


ထိုအကြောင်း ကြားလိုက်ရသည့်အခါ ထန့်ယွင် အေးစက်စက်ဖြင့် ရယ်လိုက်သည်။


အငယ်ဆုံးမင်းသားရွှယ်ယွီက ဖုန့်တိုင်းပြည်သို့ တစ်ကြိမ်လာရောက်ခဲ့ဖူး၍ ဖုန့်တိုင်းပြည်မင်းသမီးကို တွေ့ဖူးခဲ့ခြင်းဖြစ်လိမ့်မည်။ သို့သော်လည်း ဤဇာတ်လမ်းကို အကျဉ်းချုပ်လိုက်ရသောအခါ နန်းတောင်မောင်းမဆောင်ထဲမှ လူများ၏ လီဆယ်ပြောဆိုသည့် ဇာတ်လမ်းများနှင့် ပိုတူနေသည်။


ယောက်ျားတိုင်းက သဝန်တိုတတ်လေ့ရှိကြပြီး အထူးသဖြင့် ကြီးမြတ်၍ထည်ဝါသောဘုရင် ရွှယ်ကျွင်းလျန်သည်လည်း အပါအဝင်ဖြစ်သည်။ အကယ်၍ ရွှယ်ကျွင်းလျန်က သူ၏ဧကရီနှင့် သူ့ညီအကြောင်း ကောလဟာလများကြားခဲ့ပါက စိတ်မပျော်မရွှင်ဖြစ်ပြီး နောက်ဆုံးတွင် အခြားဇနီးကို မျက်နှာသာပေးသွားလိမ့်မည်ဖြစ်သည်။


၎င်းကို ရွှယ်ယွီကိုယ်တိုင်က ဖန်တီးထားသည်ဆိုလျှင် ပို၍ရယ်စရာကောင်းလိမ့်မည်ဖြစ်သည်။ ထန့်ယွင်သည်လည်း ထိုသို့သော် ညစ်ပတ်သည့်လှည့်ကွက်များ ထန့်တိုင်းပြည်နန်းတော်တွင် ကြီးပြင်းခဲ့ရသူဖြစ်သည်။ ထို့အပြင် မြင်မြင်ချင်းအချစ်ဟူသောအရာကို သူကိုယ်တိုင်ကလည်း မည်သည့်အခါကမှ မယုံကြည်ခဲ့ပေ။ 


လူများက အာဏာနှင့် ငွေကြေးကိုသာ မျက်နှာသာပေးကြပြီး အချစ်ဟူသောအရာကို မျက်ကွယ်ပြုတတ်ကြသူမျိုးများသာဖြစ်သည်။ ထိုအရာများနှင့် ပတ်သက်လာပါက သွေးရင်းသားရင်း အချင်းချင်းကြား၌ပင် ရန်လို၍ သတ်ဖြတ်တတ်ကြသည်ဖြစ်၍ ချစ်သူကဲ့သို့သောအရာဆိုလျှင် ဆိုဖွယ်ရာရှိတော့မည်မဟုတ်ပေ။


၎င်းအတွက် အကောင်းဆုံးဥပမာမှာ ထန့်ချမ်ယွီပင်ဖြစ်သည်။ ထန့်ဝမ်က သူမကို နှစ်သက်သဘောကျခဲ့စဉ်အချိန်က သူမက လူတိုင်း၏အထက်တွင် ရှိနေခဲ့ပြီး ကိစ္စတစ်စုံတစ်ခု ဖြစ်ပေါ်လာသည့်အခါတွင်မူ ငြိမ်းချမ်းမှုအတွက် ဈေးဆစ်သည့်အရာတစ်ခုအဖြစ် သူမကို လွယ်ကူစွာ ပစ်ပယ်လိုက်သည်။



ထန့်ချမ်ယီကလည်း ထိုကဲ့သို့သော သတင်းကောင်းကို လက်လွှတ်မခံပေ။ ကောလဟာလအကြောင်း ပထမဆုံးကြားခဲ့စဉ်က သူမ ပျော်ရွှင်လွန်း၍ မူးမေ့လဲမတတ်ဖြစ်သွားသည်


သူမ၏ အဆင့်အတန်းက အလွန်မမြင့်လှပေ။ အကယ်၍ ဧကရီက မျက်နှာသာပေးခံရမှု လျော့နည်းသွားပါက ရွှယ်ဝမ်၏အချစ်ဆုံးမိဖုရားက တာ့ဖေးဖြစ်လိမ့်မည်ဟု လူအများက ထင်ကြေးပေးကြသော်လည်း ထန့်ချမ်ယီက ထိုသို့မထင်ပေ။


ဘုရင်တစ်ပါးက လှပသောအရာများကိုသာ နှစ်သက်လေ့ရှိပြီး သူ၏အကြိုက်ကလည်း အမြဲတစေ ပြောင်းလဲနေသည်။ တစ်ခါတစ်ရံတွင် တိတ်ဆိတ်၍ နာခံတတ်သောပုံစံမျိုးကို သဘောကျသော်လည်း တစ်ခါတစ်ရံတွင် တက်တက်ကြွကြွနှင့် အရည်အချင်းရှိသူကိုသာ သဘောကျတတ်သည်။ ထန့်ချမ်ယီက ငယ်ရွယ်သေးသည်ဖြစ်၍ သူမတွင် အခွင့်အရေးရှိသေးသည်ဟု ယုံကြည်မိသည်။


ကျောင်းရွှေထံတွင် စူးရှသောမျက်ဝန်းများရှိသည်။ သူမက ရယ်မောကာ ပြောလိုက်သည်။


" ဂုဏ်ပြုပါတယ်သခင်မ ... ဒါက တကယ့်ကို အခွင့်အရေးကောင်းကြီးပဲ ... ဘယ်သူ့ကိုမှ မှီခိုလို့မရရင် ကျွန်တော်မျိုးမတို့ ကိုယ့်ဘာသာ အားကိုးလိုက်တာက ပိုလွယ်လိမ့်မယ် ..."


ထန့်ချမ်ယီ အလွန်ပျော်ရွှင်နေသော်လည်း စိတ်ဖိစီးနေမိသည်။ ရွှယ်ကျွင်းလျန်က အခြားဇနီးများအကြောင်း အတင်းပြောတတ်သည့်ဇနီးကို သဘောမကျပေ။ 

ရွှယ်ဝမ်က ဧကရီကို မျက်မုန်းကျိုးသွားအောင် သူမ ဘယ်လိုလုပ်ရမလဲ ..."


ကျောင်းရွှေ ရယ်လိုက်သည်။


" အရှင်မ ဒီအစေခံမှာ အကြံတစ်ခု ရှိပါတယ် ... အရှင်မ ရွှယ်ဝမ်ရဲ့ အချစ်ဆုံးမိဖုရားဖြစ်လာရင်သာ ဒီအစေခံကို မမေ့ပါနဲ့ ..."


သူမ၏အပြောကြောင့် ထန့်ချမ်ယီ မပျော်မရွှင် ဖြစ်သွားမိသည်။ ကျောင်းရွှေက ထူးချွန်သည့်လူတစ်ယောက်ဖြစ်သည်။ ထန့်ချမ်ယီ ထန့်တိုင်းပြည်တွင် နေထိုင်ခဲ့စဉ်က လူအများက သူမ၏ စာပေအနုပညာနှင့်ဆိုင်သော အရည်အချင်းကို ချီးကျူးကြသော်လည်း အမှန်တွင် ထိုကဗျာများကို ရေးခဲ့သူက ကျောင်းရွှေဖြစ်သည်။


ကျောင်းရွှေက သူမထက်မြင့်သောနေရာသို့ ရောက်ရှိသွားမည်ကို ထန့်ချမ်ယွီ ကြောက်နေမိသည်။ ထန့်ဝမ်က ကျောင်းရွှေကို နှစ်သက်သဘောကျသည့် အရိပ်အမြွက်များ ပြသခဲ့ဖူးသည်။ ထန့်ချမ်ယီကသာ အသည်းအသန် မငြင်းဆိုခဲ့ပါက ကျောင်းရွှေက အစေခံဖြစ်နေရမည့်အစား ထန့်ဝမ်၏ ကြင်ယာတော်ဖြစ်လာခဲ့နိုင်သည်။


သို့သော်လည်း ထန့်ချမ်ယီက ကျောင်းရွှေ၏ အကြံဉာဏ်များကို လိုအပ်နေဆဲဖြစ်သည်။ ထို့ကြောင့် သူမ၏ စိတ်မကြည်မလင်ဖြစ်မှုကို မျိုသိပ်ထားရပြီး ကျောင်းရွှေကို ကတိပေးလိုက်သည်။


xxxxx