🍃 Chapter 4
အမှန်တရား (Part 1)
ရှီဝိန့်မွေးပြီး တစ်လကြာပြီးနောက် နေ့လည်ခင်းတစ်ခုတွင် လူစိမ်းအမျိုးသမီးတစ်ယောက်က ဘုရင်မအန်နာထံ အလည်လာရန် နန်းတော်သို့ ရောက်လာခဲ့သည်။
ဘုရင်မအန်နာ၏ အနက်ရောင်ဆံပင်၊ အနက်ရောင်မျက်ဝန်း၊ နူးညံ့သည့် စိတ်သဘောထားနှင့် ဆန့်ကျင်စွာ ယခုရောက်လာသည့် အမျိုးသမီးတွင် ရွှေအိုရောင်ဆံပင်၊ ကောင်းကင်ပြာကဲ့သို့ မျက်လုံးအရောင်နှင့် ပြတ်သားသည့် အသံနေအသံထားရှိကာ အမှန်တကယ်ပင် တည့်တိုးဆန်သူမှန်း သိသာလှပေသည်။
အန်နာက ထိုအမျိုးသမီးကိုမြင်ရသည်ကို အလွန်ဝမ်းမြောက်သွားပုံပေါ်လေ၏။ သူမက ထိုအမျိုးသမီးကို ဧည့်ခန်းတွင်းသို့ ချက်ချင်းခေါ်သွားကာ AIအိမ်စေကို လက်ဖက်ရည်ပူပူတစ်ခွက် ဖျော်ခိုင်းပြီး စားပွဲဝိုင်းအပြည့် အသီးများ ပြင်ထားပေးရန် ပြောလိုက်သည်။
ထူးဆန်းစွာပင် ထိုအမျိုးသမီး၏လက်မောင်းထဲတွင်လည်း ကလေးတစ်ယောက်ရှိပေ၏။ သူမ၏အကြည့်က ထိုကလေးပေါ် ကျရောက်သွားချိန်တွင် မျက်နှာက ချစ်မြတ်နိုးမှုများဖြင့် ပြည့်နှက်သွားပြီး သူမ၏သားအရင်းကို ကြည့်နေသကဲ့သို့ပင်။
"ဂရေ့စ်... ဒါက နင်နဲ့ ဗိုလ်ချုပ်ဘိုင်ရွန်ရဲ့သားလေးလား...အရမ်းချစ်ဖို့ကောင်းတာပဲ..."
ဂရေ့စ်က ပြုံးကာဖြေလိုက်သည်။
"ဟုတ်တယ် သူက အရှင်မင်းသားနဲ့ တစ်ရက်တည်းမွေးပြီး ငါးမိနစ်ပဲစောတာလေ...အစကတည်းက သူ့ကိုခေါ်ပြီး ဘုရင်မနဲ့အရှင်မင်းသားဆီ လာလည်ချင်ခဲ့တာ အခွင့်အရေး ရှာမတွေ့လို့သာ...ဘာပဲဖြစ်ဖြစ် ဒီနေ့ ဧကရာဇ်နဲ့ဗိုလ်ချုပ်တွေ ညစာတူတူစားကြမယ်ဆိုတာ ကျွန်မ မှတ်မိတယ်...အဲ့ဒါကြောင့် ဘုရင်မပျင်းနေလိမ့်မယ်လို့ ကျွန်မတွေးမိပြီးတော့ သူ့ကို ဒီခေါ်လာခဲ့တာ...ကျွန်မတို့ ဘုရင်မကို နှောင့်ယှက်သလို ဖြစ်သွားလား..."
"ဒီမှာ ငါတို့နှစ်ယောက်ပဲရှိတာကို အရမ်းယဥ်ကျေးမနေပါနဲ့..."
အန်နာက ပြုံးကာပြောလိုက်သည်။
"ငါ တကယ်ကို ပျင်းနေတာ...သူ့နာမည်ကရော ဘယ်လိုခေါ်လဲ..."
"သူ့နာမည်က ကလဲယ်တဲ့.."
"ကလဲယ်လား...နားထောင်လို့ကောင်းတယ်...သူက အယ်လ်ဖာမလား...သူက သူ့အဖေလိုမျိုး သန်သန်မာမာ ကြီးပြင်းလာပြီး အနာဂတ်မှာ ဗိုလ်ချုပ်ကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုတာ သေချာတယ်..."
အန်နာက လက်မောင်းညောင်းလာသည်အထိ ကလဲယ်ကို လက်ထဲပွေ့ထားခဲ့သည်။ သူမက ကလဲယ်ကို ရှီဝိန့်၏ပုခက်ထဲထည့်ပြီး အသီးစားရန် ဂရေ့စ်နှင့်အတူ ထွက်သွားခဲ့သည်။
နှစ်ဦးသားက စားသောက်ပြီး စကားစမြည်ပြောကာ ကလေးမွေးဖွားရသည့် အတွေ့အကြုံနှင့် စောင့်ရှောက်ရသည့် အဖြစ်ပျက်များကို ဖလှယ်လိုက်ကြသည်။
ရှီဝိန့်က ဤစကားခေါင်းစဥ်အကြောင်း စိတ်မဝင်စား၍ ပျင်းရိလာခဲ့သည်။ သူ့အကြည့်က နံဘေးတွင် လှဲနေသည့် ကလေးလေးအပေါ် ရွှေ့သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ကလဲယ်ကလည်း သူ့အား ကြည့်လာခဲ့သည်။ သူတို့အကြည့်များ ဆုံသွားပြီး ဤကလေးလေး၏မျက်လုံးများက အလွန်လှသည်ဟု ရှီဝိန့်က တစ်ယောက်တည်း တွေးလိုက်မိသွားသည်။ သူ့မျက်လုံးများက သူ့အမေကဲ့သို့ပင် ကောင်းကင်အရောင်အတိုင်း ပြာလဲ့နေခဲ့သည်။
တစ်ဖက်တွင် ကလဲယ်က သူ့ရှေ့ရှိကလေးလေးက အလွန်ချစ်စဖွယ်ကောင်းသည်ဟု တွေးမိသွားပုံပင်။ သူ၏ချစ်ခင်နှစ်သက်မှုကို ဖော်ပြရန် လက်ဦးမှုယူပြီး ရှေ့တိုးကာ ရှီဝိန့်၏မျက်နှာလေးကို နမ်းလိုက်သည်။
ရှီဝိန့် : "..."
ဤကောင်ငယ်လေးအားအာရုံစိုက်ရန် ပျင်းလွန်းနေ၍ ရှီဝိန့်က တစ်ဖက်လှည့်ပြီး ကလေးလေးအား လျစ်လျူရှူလိုက်သည်။
ရလဒ်အနေနှင့် ကလဲယ်က တစ်ဖက်လူကို သူ့တည်ရှိမှုအကြောင်း အသိအမှတ်ပြုသွားစေရန် အမှန်တကယ်ပင် ရှေ့တိုးလာပြီး ရှီဝိန့်အား ထပ်မံနမ်းလိုက်ပြန်၏။ ယခုတစ်ကြိမ်တွင်မူ နှုတ်ခမ်းတည့်တည့်အား နမ်းထည့်လိုက်ခြင်းပင်။
ရှီဝိန့်က နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ကလဲယ်အား အလျင်အမြန်ပင် တွန်းဖယ်ပစ်လိုက်ပြီး လက်သီးလေးဆုပ်ကာ မနာနိုင်သည့် လက်သီးတစ်ချက် ထိုးလိုက်သည်။
အရိုက်ခံလိုက်ရသည့် ကလဲယ်လေးက ချက်ချင်းပင် ပါးစပ်ဟကာ ငိုတော့သည်။
"ဝါး...ဝါး...ဝူး..."
အသီးစားနေကြသည့် မိခင်နှစ်ယောက်က အံ့သြတကြီး လှည့်ကြည့်လိုက်ကြသည်။ ကလဲယ်က နှာခေါင်းလေးနီသည်အထိ ငိုနေချိန်တွင် ရှီဝိန့်ကမူ သူ့နံဘေးတွင် မျက်လုံးများပိတ်ပြီး အိပ်နေသည်ကို သူတို့မြင်လိုက်ကြရသည်။
အမေနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး 'ဘာဖြစ်သွားတာလဲ' ဟု တအံ့တသြ တွေးမိလိုက်ကြသည်။
ထိုအချိန်တွင် ရှီဝိန့်က စိတ်အနှောင့်အယှက်ဖြစ်စွာ တိတ်တိတ်လေး တွေးလိုက်သည်။
ဒါက ဘယ်သူ့ကလေးလဲ...မြန်မြန် သူ့ကိုအဝေးခေါ်သွားလိုက်ကြပါတော့...
×××××
ပုံမှန်အားဖြင့် လူတစ်ယောက်တွင် သူတို့နှင့်တစ်နေ့တည်း မွေးဖွားလာခဲ့သော ငယ်သူငယ်ချင်းတစ်ယောက်ရှိသည်ဆိုပါက အလွန်ကံကောင်းသည်ဟု လူအများက တွေးမိကြလိမ့်မည်ပင်။ အထူးသဖြင့် သူတို့၏အမေများကလည်း သူငယ်ချင်းကောင်းများ ဖြစ်နေကြသည့်အခါတွင် ဖြစ်သည်။ ပုံမှန်အတိုင်းဆိုပါက ကလေးလေးနှစ်ယောက်က အတူတကွ ကြီးပြင်းလာကြပြီး အနာဂတ်တွင် သူငယ်ချင်းကောင်းများ ဖြစ်လာလိမ့်ဖြစ်ကာ ခွဲမရသည့်ညီအစ်ကိုကောင်းများ ဖြစ်လာလိမ့်မည်ပင်။
သို့သော် ပြသနာမှာ ရှီဝိန့်၏အသွင်အပြင်က ကလေးငယ်လေးတစ်ယောက်အသွင် ဖြစ်နေသော်လည်း သူ့တွင် ယခင်ဘဝက မှတ်ဥာဏ်အပြည့်အစုံဖြင့် ပြန်လည်မွေးဖွားလာခြင်းပင်။ သူ၏IQမှာလည်းအရွယ်ရောက်ပြီးသား လူတစ်ယောက်၏IQအဆင့်တွင်ရှိနေ၍ ကလေးများနှင့် ဆော့ကစားရခြင်းကို စိတ်မဝင်စားချေ။
ကလဲယ်လေးက အမှန်တကယ်ပင် တက်ကြွသည့်ကလေးလေးဖြစ်သည်။ သူက ဘယ်တော့မှ ငြိမ်ငြိမ်မနေဘဲ ရှီဝိန့်၏အနားသို့ ကပ်တွယ်နေရန် အမြဲလိုလိုနည်းလမ်းရှာနေလေ့ရှိသည်။
ရှီဝိန့်၏ပုခက်က ကြီးမား၍ ကလဲယ်အတွက် လူးလိမ့်ရန် လွယ်ကူနေ၏။ မကြာခဏဆိုသလို ရှီဝိန့်က အနားကပ်လာသည့် သူ့အား ရိုက်၍ တွန်းလွှတ်သော်လည်း သူက ဘယ်တော့မှ လက်မလျှော့ချေ။ တွန်းလွှတ်ခံရပြီးနောက် အနည်းငယ်လိမ့်သွားမည်ဖြစ်ကာ နောက်တစ်ဖန် ရှီဝိန့်နံဘေးကို ပြန်လာရန် ကြိုးစားပြီး ရှီဝိန့်၏ လည်ပင်းကို ကုတ်ခြစ်ကာ လက်ချောင်းလေးများကို ဖမ်းဆုပ်ပြီး တစ်ခါတစ်ရံ သူ့ပါးများကိုပင် လှမ်းနမ်းသေးသည်။ သူက နည်းလမ်းမျိုးစုံသုံးကာ ရှီဝိန့်အပေါ် သူ့အချစ်များကို ဖော်ပြလေ့ရှိလေသည်။
ရှီဝိန့်မှာ ရူးသွားလုနီးနီးပင်။
ဘုရင်မအန်နာနှင့်ဂရေ့စ်မှာ ပုခက်ထဲတွင် ကလေးနှစ်ယောက် ရန်ဖြစ်နေသည််ကို မကြာခဏဆိုသလို မြင်ရလေ့ရှိသည်။ ရှီဝိန့်၏လက်သီးဆုပ်လေးက အမြဲလိုလို ကလဲယ်၏နှာခေါင်းတည့်တည့်ပေါ် ရောက်သွားသသည်ပင်။ ကလေးငယ်လေး၏လက်သီးချက်လေးများဖြစ်၍ အားမပါဘဲ ထိုးချက်များက မနာလှချေ။ ရှီဝိန့်ထံမှ အထပ်ထပ်အခါခါ အထိုးခံရပြီးသော်လည်း ရှီဝိန့်အနားကပ်နိုင်ရန်အတွက် ကလဲယ်က မဆုတ်မနစ် တွယ်တက်ကာ တွားသွားနေဆဲဖြစ်သည်။
ဂရေ့စ်က မပြောဘဲ မနေနိုင်တော့ချေ။
"ကလဲယ်က ပထမမင်းသားကို အရမ်းအရမ်းကိုသဘောကျနေတဲ့ပုံပဲ..."
အန်နာက ပြုံးကာမေးလိုက်သည်။
"အင်း...သူတို့ကြီးလာရင် ဘယ်လိုဖြစ်မလဲမသိဘူး...သူတို့လက်ထပ်ဖြစ်သွားရင် ကောင်းမယ်..."
ရှီဝိန့် : "..."
ခဏနေပါဦး ဘုရင်မ...ဒီမှာတစ်ခုခု မှားနေတယ်လို့ မထင်ဘူးလား...ယောကျ်ားလေးနှစ်ယောက် လက်ထပ်တာကိုလေ...
ယင်းကိုကြားပြီး ဂရေ့စ်က ပြုံးကာမေးလိုက်သည်။
"ပထမမင်းသားရဲ့လက်ထပ်ပွဲကို ဧကရာဇ်က ဆုံးဖြတ်မှာမလား...ပြီးတော့ မင်းသားအရွယ်ရောက်လာတဲ့အခါကျရင် အိုမီဂါကာကွယ်ရေး အဖွဲ့အစည်းက မင်းသားအတွက် မျိုးရိုးကိုက်ညီမဲ့တွဲဘက်ကို ရှာပေးဦးမှာ...ကျွန်မတို့ ကလဲယ်လေးက အဲ့လောက် ကံမကောင်းနိုင်ပါဘူး..."
အန်နာ၏အပြုံးက တဖြေးဖြေးလျော့သွားပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်။
"နင်ပြောတာမှန်တယ်...ရှီဝိန့်ရဲ့လက်ထပ်ပွဲက....ငါက သူ့အမေဆိုရင်တောင် ဝင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး..."
သူမ၏စိတ်ဓာတ်ကျနေသော အသွင်အပြင်ကိုမြင်ပြီး ဂရေ့စ်က လက်ဆန့်ကာ အန်နာ၏လက်ကိုကိုင်၍ ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
"ဘုရင်မ...အနာဂတ်မှာဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိဘူးလေ...သူတို့စုံတွဲတွေ ဖြစ်မသွားရင်တောင်မှ သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်ပါသေးတယ်..."
အန်နာက ခေါင်းလှည့်ကာ ပုခက်ထဲတွင် ရန်ဖြစ်နေကြသည့် ကလေးနှစ်ယောက်ကိုကြည့်၍ ပြုံးလိုက်သည်။
"ငါလည်းအဲ့လိုပဲ မျှော်လင့်ပါတယ်...ဂရေ့စ် ငါနန်းတော်ထဲမှာ နေ့တိုင်းဘာမှလုပ်စရာမရှိဘူး...နင်အချိန်ရရင် ကလဲယ်ကို ကစားရအောင် ခေါ်လာခဲ့လေ..."
ဂရေ့စ်က ပြုံးကာပြောလိုက်သည်။
"သေချာတာပေါ့... ကျွန်မ ဘုရင်မဆီ ခဏခဏလာလည်ပါ့မယ်..."
×××××
ဂရေ့စ်နှင့်ဘုရင်မအန်နာက အလွန်ရင်းနှီးကျွမ်းဝင်သည့် သူငယ်ချင်းများဖြစ်ကြကာ ဂရေ့စ်က သူ့သားကို ခေါ်၍ ဘုရင်မထံ မကြာခဏလာလည်တတ်သည်။ ထို့ကြောင့် ရှီဝိန့်၏မှတ်ဥာဏ်ထဲတွင် သူ၏အစောပိုင်းကလေးဘဝက ကလဲယ်နှင့် အနီးကပ်လုံးထွေးသတ်ပုတ်လျက် ကုန်ဆုံးရသည့် မှတ်ဥာဏ်များဖြင့် ပြည့်လုနီးနီးပင်။
ဤကောင်လေးကလဲယ်က အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကောင်းပေ၏။ ရှီဝိန့်က ပျော်စရာကောင်းသည့် အရုပ်တစ်ရုပ်ဟု တွေးနေသည့်အလား ရှီဝိန့်ကို မြင်လိုက်ချိန်တိုင်းတွင် သူ့မျက်လုံးများက ဝင်းလက်သွားပြီး ဖက်နမ်းရန် ကြိုးစားလိမ့်မည်ပင်။ ရှီဝိန့်က အမှန်ပင် ထိုကလေးအား ကန်ချလိုက်ချင်သည်။ သို့သော်ငြား သူ့ပုခက်ကို ကာထားသော ထောက်တိုင်များက အလွန်မြင့်၍ တစ်ဖက်လူကိုကန်ချမည့် သူ့ရည်မှန်းချက်က ယခုထိတိုင် မဖြစ်မြောက်သေးပချေ။ ရှီဝိန့်လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ တွန့်ဆုတ်စွာဖြင့် သည်းခံလိုက်ရုံသာတတ်နိုင်ပေ၏။
ကံကောင်းထောက်မစွာဖြင့် ဘုရင်မအန်နာက နောက်တစ်ဖန်ကိုယ်ဝန်လွယ်ထားရ၍ ဤအိပ်မက်ဆိုးကြီးက မကြာမီ ပြီးဆုံးသွားခဲ့သည်။
ယခုတစ်ကြိမ် ကိုယ်ဝန်ဆောင်ရာတွင် ဘုရင်မအန်နာ၏ကိုယ်ဝန်ဆောင်လက္ခဏာများက အလွန်ဆိုးဝါးပြင်းထန်လှ၍ သူမ၏သားကို ဂရုစိုက်နိုင်သည့် အခြေအနေမရှိတော့ချေ။ ထို့နောက် ရှီဝိန့်က ဧကရာဇ်ထရန့်၏နန်းဆောင်သို့ ယာယီပို့ခံလိုက်ရသည်။
ယင်းက ထရန့်၏နန်းဆောင်သို့ ရှီဝိန့်ပထမဆုံးသွားရောက်သည့်အကြိမ်ပင် ဖြစ်သည်။ မျှော်စင်ကဲ့သို့ နန်းမြင့်အဆောက်အဦးကြီးများက အလွန်ခမ်းနားပြီး ဘုရင်မ၏နန်းဆောင်ထက် အများကြီး ပိုမိုကျယ်
ဝန်းလှပေ၏။ နန်းဆောင်ကို အိပ်ခန်း၊ဧည့်ခန်းနှင့် စာကြည့်ခန်းဟူ၍ သုံးပိုင်းခွဲထားလေသည်။ ဧည့်တွေ့ခန်းအား ငွေဖြူရောင်သတ္တုတံခါးဖြင့် ကာထားပြီး လျှို့ဝှက်နံပါတ်အတွဲလိုက် ချမှတ်ထားသည်မှာ သိသာပေ၏။ ဧကရာဇ်က လျှို့ဝှက်ချက်များ မပေါက်ကြားစေရန် အရေးပါသည့် ရာထူးမြင့်လူများနှင့် ဤနေရာတွင် တွေ့ဆုံကာ ဆွေးနွေးတတ်ပေသည်။ အိပ်ခန်းအား အလွန်ရိုးရှင်းစွာ ဖွဲ့စည်းထားပြီး ကြီးမားကျယ်ပြန့်သည့် ခုတင်တစ်ခုနှင့် ရေချိုးခန်းပစ္စည်းအမျိုးမျိုးသာ ရှိလေသည်။ ဧကရာဇ်က ဇိမ်ခံပစ္စည်းဥစ္စာများကို မစွဲလန်းသူမှန်း သိနိုင်ပြီး သူ့နေ့စဥ်ဘဝက အလွန်ခြိုးခြံခြွေတာတတ်ပေသည်။
သို့ပေသိ ရှီဝိန့်စိတ်အဝင်စားဆုံးက စာကြည့်ခန်းပင်။ စာကြည့်ခန်းက အားကစားရုံတစ်ရုံမျှ ကျယ်ဝန်းပြီး နံရံကပ်စင်အများအပြား တပ်ဆင်ထားကာ စာအုပ် အမျိုးအစားအစုံအလင်ဖြင့် ဖြည့်ထားလေသည်။ ထိုထူထဲလှသည့် စာအုပ်များအား နူးညံ့သည့်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ကိုင်ရသည်မှာ ငှက်မွေးလေးကဲ့သို့ အလွန်ပေါ့ပါးလေ၏။ ထို့ပြင် အခန်းအလယ်ရှိ ကြီးမားလှသည့် ကွန်ပြူတာတွင်လည်း အီလက်ထရောနစ်စာအုပ်အများအပြားကို ထည့်သွင်းထားသေးသည်။ အတိုပြောရပါက ဧကရာဇ်၏စာကြည့်ခန်းက စာကြည့်တိုက်အကြီးကြီးတစ်ခုကိုပင် ယှဥ်နိုင်လုနီးနီးပင်။
ဧကရာဇ်က စာဖတ်ရသည်ကို အလွန်နှစ်သက်မြတ်နိုးမှန်း သသိသာလှပေ၏။ ပုံမှန်အမြဲလိုလိုအားဖြင့် သူ့အားလပ်ချိန်တွင် စာကြည့်ခန်းတွင်နေကာ စာဖတ်နေလိမ့်မည်ပင်။ ဧကရာဇ်၏လက်မောင်းတွင်း ရောက်နေသည့် ရှီဝိန့်က ပတ်ပတ်လည်ကို တအံ့တသြ ကြည့်လိုက်သည်။ သူ့သားက စာအုပ်များကို အလွန်စိတ်ဝင်စားပုံပေါ်နေသည်ကို မြင်ပြီး ထရန့်က မနေနိုင်ဘဲ သူ့လက်သေးသေးလေးကို ကိုင်ကာ အပြောလိုက်သည်။
"ရှီဝိန့်...ဖေဖေက မင်းနာမည် ဘယ်လိုရေးရမလဲ သင်ပေးမယ်နော် ဟုတ်ပြီလား..."
ရှီဝိန့်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ ဖေဖေ..."
မယုံနိုင်စရာကောင်းစွာပင် ရှီဝိန့်က ရှစ်လသားအရွယ်သာ ရှိသေးသော်ငြား သူ့အဖေနှင့်အတူရှိသည့်အချိန်တိုလေးအတွင်းမှာပင် မည်သို့စကားပြောရမည်ကို သင်ယူပြီးသွားပြီ ဖြစ်သည်။
အဲ့ဒါက သူစိတ်စွမ်းအားမြင့်မြင့်နဲ့ မွေးလာလို့များလား...
ကလေးလေး၏နူးညံ့သည့် အသံလေးဖြင့် 'ဖေဖေ'ဟုခေါ်သည်ကို ကြားပြီး ထရန့်က အလွန်အံ့အားသင့်သွားသည်။
"အခုလေးတင် ဘယ်လိုခေါ်လိုက်တာလဲ...ထပ်ပြောပါဦး..."
"ဖေဖေ..."
ရှီဝိန့်က ထပ်ခေါ်လိုက်သည်။
အဖေတစ်ယောက်ဖြစ်သည့် ထရန့်က အမှန်တကယ်ပင် အလွန်ပျော်သွားခဲ့သည်။ သူက ပြုံးပြီး သူ့သားလေး၏မျက်နှာလေးကို နူးညံ့ညင်သာစွာ ညှစ်လိုက်သည်။
"တော်တယ်..."
ထိုကဲ့သို့ ညင်သာပြီး ချစ်ပေးသည့် အဖေတစ်ယောက်ရှိသည့်အတွက် ရှီဝိန့်ကလည်း အလွန်ပျော်ရွှင်သွားခဲ့သည်။ သူ့ယခင်ဘဝတွင်မူ ထိုသို့ အဖေတစ်ယောက်ရှိရန် အိပ်မက်လေးပင် မမက်ရဲခဲ့ချေ။
ထရန့်က ဧကရာဇ်တစ်ယောက်ဖြစ်သည့်အတွက် ရှီဝိန့်ကို ကြည့်ရှုစောင့်ရှောက်ရန် တစ်ရက်တွင် တစ်နာရီ၊ နှစ်နာရီမျှသာ အချိန်ရသည်မှာ စိတ်မကောင်းစရာပင်။ အချိန်အများစုတွင် ရှီဝိန့်အား သူ၏မက်ခါဖြင့်သာ ထားခဲ့လေ၏။
ဧကရာဇ်၏မက်ခါအား ခြင်္သေ့ဘုရင်ဟု ခေါ်ပေ၏။ ဦးလေးဘာ့ဂျ်၏အပြောအရ ဤမက်ခါက အင်ပါယာ၏အနည်းငယ်သော Sအဆင့်မက်ခါများထဲမှ တစ်ခု ဖြစ်နိုင်ပေသည်။ ယင်းမက်ခါ၏IQ က လူတစ်ယောက်နှင့် ယှဥ်နိုင်လုနီးနီးဖြစ်ပြီး ရှီဝိန့်နှင့် စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုဆက်သွယ်နိုင်ပေသည်။ ထို့ပြင် ယင်းမက်ခါက ပုံသဏ္ဍာန်အမျိုးအမျိုးကိုလည်း ပြောင်းလဲနိုင်သေးသည်။ ရှီဝိန့်က ထိုသို့ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနိုင်သည့်လုပ်ဆောင်မှုကို အလွန်စိတ်ဝင်စားသွားသော်ငြား မက်ခါ၏ ဥာဏ်ရည်ဥာဏ်သွေးနှင့် အထူးလုပ်ဆောင်ချက်များကို ရှင်းရှင်းလင်းလင်း မသိရမချင်း သံသယဝင်ခံရနိုင်မည်စိုး၍ ပွင့်ပွင့်လင်းလင်း မမေးရဲချေ။
ကံကောင်းထောက်မစွာဖြင့် ဧကရာဇ်၏စာကြည့်ခန်းတွင်းတွင် စာအုပ်အမြောက်အမြား ရှိပေ၏။ သူ၏ထူးခြားသည့် နားလည်နိုင်စွမ်းနှင့် လေ့လာမှုအပေါ်မှီခို၍ ရှီဝိန့်က ဧကရာဇ်၏လှုပ်ရှားမှုအတိုင်း လိုက်လံလုပ်ဆောင်ကာ စာအုပ်ကို ဖွင့်လိုက်သည်။ တဖြေးဖြေးချင်းဖြင့် သူက စကားလုံးအချို့ကို ဖတ်နိုင်လာခဲ့သည်။ ကံကောင်းစွာဖြင့် ကလေးတစ်ယောက်က စာရွက် တစ်ရွက်ပြီးတစ်ရွက် လှန်ကြည့်နေသည်ကို မြင်လျှင် မည်သူမှ သံသယဖြစ်လိမ့်မည်မဟုတ်ပေ။ ဧကရာဇ်ပင်လျှင် သူ့သားက ကစားစရာကဲ့သို့ပင် စာအုပ်များနှင့်ဆော့နေသည်ဟုသာ ထင်သွားလိမ့်ပေမည်။
သို့သော် အမှန်တကယ်တွင် ရှီဝိန့်က သူရှိနေသည့်ကမ္ဘာကြီးအကြောင်း အသေးစိတ် လေ့လာစစ်ဆေးကြည့်နေခြင်း ဖြစ်သည်။
စာအုပ်ထဲရှိ မှတ်တမ်းများအရ သူတို့က လက်ရှိ စကြဝဠာခေတ်တွင် ရှိနေခြင်းဖြစ်ကာ လူသားများလက်ရှိနေထိုင်သည့်နေရာက ကမ္ဘာမြေပေါ်တွင် မဟုတ်တော့ချေချေ။ ဤခေတ်တွင် နေ့ရက်များကို ရေတွက်ရန် "စကြဝဠာပြက္ခဒိန်"ကိုသာ အသုံးပြုကြလေသည်။ စကြဝဠာပြက္ခဒိန်အရ ရှီဝိန့်က 774 ခုနှစ်တွင် မွေးဖွားခြင်းဖြစ်ပြီး အင်ပါယာအား 576ခုနှစ်တွင် စတည်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
စကြဝဠာပြက္ခဒိန်က လူသားများ ကမ္ဘာမြေပေါ်မှ စကြဝဠာထဲသို့ ပြောင်းရွှေ့လာချိန်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း200နီးပါး ကြာပြီးနောက်တွင် အင်ပါယာအား စတင်တည်ထောင်ခဲ့လေသည်။ ထိုအချိန်က လူသားများကြားတွင် ရာဇဝင်တွင်လောက်သည့် စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်းကို "အစ်စဗီးလ်ဂလက်ဆီတိုက်ပွဲ"ဟု ခေါ်ကြလေလည်။ ထိုတိုက်ပွဲကြီးပြီးနောက်တွင် လူသားများက အဓိကစနစ်ကြီးနှစ်ခုအဖြစ် ကွဲသွားပြီး ၎င်းတို့မှာ ရှီဝိန့်နေထိုင်သည့် စီဖိတ်ဒ်လက်ဆီပေါ်တွင် အခြေပြုထားသည့် လက်စီအင်ပါယာစနစ်နှင့် ဖီးနစ်ဂလက်ဆီပေါ်တွင် အခြေပြုထားသည့် စထရေဒီယမ်ပြည်ထောင်စုစနစ်ပင်။
ရှီဝိန့်၏တိုင်းပြည်က လက်စီအင်ပါယာဖြစ်ကာ စီဖိတ်ဒ်ဂလက်စီပေါ်တွင် တည်ရှိပြီး ဧကရာဇ်ထရန့်က အင်ပါယာ၏ခုနှစ်ဆက်မြောက် ဧကရာဇ်ပင်။ အင်ပါယာနှင့် စထရေဒီယမ်ပြည်ထောင်စုက နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့ကြပြီး အစ်စဗီးလ်ဂလက်ဆီက အင်အားစုနှစ်စု၏ ဆုံချက်နေရာတစ်ခုပင်။ ယင်းက စကြဝဠာသဲမုန်တိုင်းများ အချိန်မရွေးဖြစ်ပွားနိုင်သည့် အန္တရာယ်များသည့် နေရာတစ်ခုပင်။ လက်ရှိတွင် ကျော်ကြားသည့်စစ်တပ်က နယ်စပ်အား စောင့်ကြပ်နေပေ၏။ ယမန်နှစ်က လက်စီအင်ပါယာနှင့် စထရေဒီယမ်ပြည်ထောင်စုကြားရှိ နယ်စပ်တွင် စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး ထို့ကြောင့် မွေးကင်းစမင်းသားလေးထံ လအနည်းငယ်ကြာအောင် မလည်ပတ်နိုင်သည်အထိ ဧကရာဇ်ထရန့်မှာ အလုပ်ရှုပ်နေခဲ့သည်။
တစ်နည်းအားဖြင့် ရှီဝိန့်မှာ တော်ဝင်မင်းသားတစ်ပါးဖြစ်သော်ငြား သူ့အင်ပါယာမှာ ငြိမ်းချမ်းမနေဘဲ ပြိုင်ဘက်၏ ခြိမ်းခြောက်မှုအောက်တွင် အမြဲတမ်း ရှိနေခဲ့လေသည်။
တိုင်းပြည်နှင့်ကမ္ဘာကြီး၏ နောက်ခံအခြေအနေကို ခန့်မှန်းသိရှိသွားပြီးနောက် ရှီဝိန့်က အိုမီဂါနှင့်ပတ်သက်သည့် အချက်အလက်များကို စတင်ရှာဖွေလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် "ကြိုးစားမှုက ရောင်ပြန်ဟပ်သည်"ဟူသော စကားအတိုင်း အိုမီဂါနှင့်ပတ်သက်သည်များကို မိတ်ဆက်ထားသော စာအုပ်တစ်အုပ်ကို ရှီဝိန့်နောက်ဆုံး၌ ရှာတွေ့သွာခဲ့သည်။ စာအုပ်၏ခေါင်းစဥ်မှာ "အယ်လ်ဖာ၊ဘီတာ၊အိုမီဂါများအကြောင်း : အသေးစိတ်အချက်အလက်များ"ဟု ခေါင်းစဉ်တပ်ထားပြီး အင်ပါယာဗဟိုဆေးရုံကြီးမှ ဒေါက်တာဘရောင်းက ရေးထားခြင်း ဖြစ်သည်။
ဒေါက်တာဘရောင်းဆိုတာ ငါမွေးတဲ့နေ့တုန်းက ငါ့သွေးကို ယူသွားတဲ့ ပရော်ဖက်ဆာအိုကြီးမလား...ကျွမ်းကျင်ပညာရှင်က ရေးထားတဲ့စာအုပ်ဆိုတော့ သိိပ္ပံနည်းကျမှာပဲ...
ရှီဝိန့်က သိချင်စိတ်ပြင်းပြစွာဖြင့် စာအုပ်ကိုဖွင့်ဖတ်လိုက်ပြီး ထို့နောက် ကမ္ဘာကြီးပေါ် သူ့အမြင်က ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားတော့သည်။
🍃🍃🍃