Ch 8
Viewers 2k

🍃 Chapter 8



ဘာ့ဂျ်လက်ထပ်သွားပြီး​နောက် ရှီဝိန့်တွင် ဆရာမရှိ​တော့​ပေ။ ထို့ကြောင့် သူ့အချိန်အများစုကို စာကြည့်ခန်းထဲတွင် စာဖတ်​နေ၍သာ တစ်ဦးတည်း ကုန်ဆုံးခဲ့ရသည်။


သူ့ဦး​လေးက မထွက်သွားမီ ရှီဝိန့်အား AIကွန်ပြူတာအ​သေးစား​လေးတစ်ခုကို ပေးသွားခဲ့ပြီး သံသယမရှိစွာပင် ယင်းက ရှီဝိန့်အတွက် အလွန်အ​ထောက်အကူပြုသည့် လက်​ဆောင်တစ်ခုပင်။ AI ကွန်ပြူတာ၏အရည်အ​​သွေးက အလွန်မြင့်ပြီး အင်ပါယာဗဟိုစာကြည့်တိုက်နှင့်ပင် တိုက်ရိုက် ချိတ်ဆက်နိုင်​လေ၏။ ရှီဝိန့်က ယင်းကွန်ပြူ​တာ​လေးအားသုံး၍ ဗဟိုစာကြည့်တိုက်မှ ​တော်ဝင်အင်ပါယာနှင့်စစ်တပ်၏အချက်အလက်များကို ကြည့်ရှူစစ်​ဆေးရန် ရယူခဲ့​လေသည်။ သူက အင်ပါယာ၏​​နောက်ခံအင်အားကို ရှင်းရှင်းလင်းသိ​စေရန် ကြိုးစား​လေ့လာခဲ့သည်။ အဘယ့်​ကြောင့်ဆို​သော် မင်းသားတစ်ပါးအ​နေဖြင့် ယင်းက သူပြီးပြည့်စုံစွာ သိထားရမည့် ဗဟုသုတများ ဖြစ်​နေ၍ပင်။


လက်ရှိတွင် လက်စီအင်ပါယာက သူယခင်က သိထားခဲ့ဖူးသည့် နိုင်ငံတော်အုပ်ချုပ်ရေးစနစ်များနှင့်ကွာခြား​ပေသည်။ ယင်းက သက်ဦးဆံပိုင်ဘုရင်စနစ်လည်း မဟုတ်ဘဲ ဒီမိုက​ရေစီနည်းဖြင့် တည်​ထောင်ထား​သော ဥပ​​ဒေပြုလွှတ်​တော်တစ်ခုလည်း မဟုတ်​ချေ။ အင်ပါယာအတွင်းရှိသည့် ဆုံးဖြတ်ချက်ကြီးကြီးမားမားများအား စစ်တပ်၏လိုအပ်ချက်အရ ဆုံးဖြတ်ခြင်းဖြစ်​လေသည်။ အင်ပါယာအားစစ်တပ်၏လုပ်ပိုင်ခွင့်ကို အရာအားလုံး၏အထက်တွင် ဦးစားပေးထားသည့် "စစ်တပ်ကအမြင့်ဆုံး"ဖြစ်သည့် နိုင်ငံတစ်နိုင်ငံဟု ​ပြောနိုင်​ပေ၏။


ဧကရာဇ်ကိုယ်တိုင်ပင် ထိုမျှမြင့်မြတ်သည့် အဆင့်အတန်းရှိ​သော်ငြား အမှန်တကယ်တမ်းတွင် ထိုမျှများပြားသည့် အာဏာအစစ်အမှန် မရှိချေ။ ယင်းက သူအဘယ့်​ကြောင့် စစ်တပ်ထဲရှိ အ​ရေးအပါဆုံးမိသားစုထဲက တစ်ခုဖြစ်သည့် ဘာ့ရေ့ချ်မိသားစုနှင့်ဘာ့ဂျ်ကို လက်ထပ်ထိမ်းမြား​ပေးခဲ့ရသလဲဆိုသည်ကို ရှင်းပြပြီးသားဖြစ်သွား​လေသည်။ ဘာ့​ရေ့ချ်မိသားစု၏​မြွေနဂါးတပ်ဖွဲ့က အင်ပါယာထဲရှိ အဓိကစစ်တပ်​​ခြောက်ခုထဲမှ တစ်ခုဖြစ်ကာ ဤလက်ထပ်မှုက ​တော်ဝင်မိသားစု၏ရာထူးအာဏာကို အင်ပါယာထဲတွင် ပို၍ပင် သန်မာသွား​စေခဲ့သည်။


ရှီဝိန့်က သူ့ဦး​လေး၏အ​ခြေအ​နေကို စိုးရိမ်​နေစဥ်တွင် ရုတ်တရက် မက်​ဆေ့ချ်တစ်​စောင် ရလိုက်သည်။ 

"ရှီဝိန့်...ဦး​လေး ဒီမှာအဆင်ပြေပါတယ် စိတ်မပူပါနဲ့... ဒီAI ကွန်ပြုူတာကို မင်း​ သေချာဂရုစိုက်ရမယ်​​နော်...ဘာလို့လဲဆို ဒါနဲ့ မင်းဦး​လေးကို တိုက်ရိုက်ဆက်သွယ်လို့ရတယ်..."


ရှီဝိန့် မှင်တက်သွားပြီး အလျင်အမြန် ဆက်သွယ်မှုခလုတ်ကို နှိပ်လိုက်သည်။ ချက်ချင်းဆိုသလို ​ဖောက်ထွင်းမြင်ရသည့် အကာတစ်ခုက သူ့ရှေ့​ပေါ်လာခဲ့ပြီး ဘာ့ဂျ်၏မျက်နှာကို အချိန်နှင့်တ​ပြေးညီ ပြသ​နေခဲ့သည်။ ရှီဝိန့်က ​နောက်ခံရှိအိပ်ခန်းအသစ်ကိုပင် ရှင်းရှင်းလင်းမြင်​နေရပြီး ထိုအခန်းထဲတွင် ဘာ့ဂျ်တစ်​ယောက်တည်းရှိနေ၍ အနည်းငယ်စိတ်ရှုပ်​ထွေးသွားခဲ့သည်။


ရှီဝိန့်က သူ့ကိုတအံ့တသြ​ မေးလိုက်သည်။

"ဦး​လေး ဒီညက ဦး​လေးရဲ့မင်္ဂလာဦးည မဟုတ်ဘူးလား...ဘာလို့ ဒီအချိန်ကြီး ကျွန်​တော့်ကို မက်​ဆေ့ချ်ပို့လိုက်တာလဲ...ဦး​လေးလက်ထပ်ခဲ့တဲ့ အယ်လ်ဖာက​​ရော..."


ဘာ့ဂျ်ကပြုံးကာ ​ပြောလိုက်သည်။

"သူ့ကို ဧည့်ခန်းထဲအိပ်ဖို့ မောင်းထုတ်လိုက်ပြီ​လေ..."


ရှီဝိန့် : "..."


ဦး​လေးက မိုက်လိုက်တာ...မင်္ဂလာဦးညကတည်းက အယ်လ်ဖာကို ထိန်းချုပ်နိုင်​နေပြီ...အိုမီဂါတိုင်း ဦး​လေးဆီက သင်ယူထားသင့်တယ်​နော်...


***


မကြာမီမှာပင် သြဂုတ်လကုန်ကို​ ရောက်ရှိလာခဲ့ပြီး ​ကျောင်းသားသစ်များ စာရင်းသွင်းရန် အချိန်ကျလာခဲ့သည်။


အင်ပါယာရှိက​လေးများက အသက်5နှစ်တွင် ပုံမှန်​ကျောင်းသို့ တက်​ရောက်ရလိမ့်မည်ဖြစ်သည်။ ထို့​နောက် အသက်14နှစ်တွင် အိုမီဂါများကို အရွယ်မ​ရောက်မီ အကြိုပညာသင်ကြား​ရေးအတွက် အန်ဒရိုမန်ဒါဂလက်ဆီကို အထူးသီးသန့်အ​နေနှင့် ပို့​​ဆောင်လိုက်လိမ့်မည်ပင်။ ထိုစဥ်တွင် အယ်လ်ဖာနှင့်ဘီတာများကမူ ပညာရှင်ပီသသည့် သင်ရိုးညွှန်းတန်းများကို ဆက်လက်သင်ယူကာ အသက် 18 ​ရောက်သည်နှင့် တက္ကသိုလ်တက်​ရောက်နိုင်လိမ့်မည် ​ဖြစ်သည်။ 


​လေးနှစ်ကြာပြီး​နောက် သူတို့ကဘွဲ့ရကာ ​နောက်ဆုံး၌ အရွယ်​ရောက်သူအဖြစ် အသက် 22 နှစ်တွင် လုပ်ငန်းခွင်သို့ ဝင်​ရောက်နိုင်လိမ့်မည်ဖြစ်သည်။


တက္ကသိုလ်မတက်မချင်း သူတို့၏​ကျောင်းများက ​ပြောင်းလဲသွားမည်မဟုတ်၍ က​လေးများအတွက်ရွေးချယ်စရာ​ကျောင်းက များများစားစား မရှိချေ။ ထိုသို့ဆိုသော်ငြား ​ကျောင်းတစ်​ကျောင်းစီတွင် သူတို့၏ကိုယ်ပိုင်​ ကျောင်းဝင်ခွင့် လိုအပ်ချက်များ ရှိကြ​လေသည်။ ​တော်ဝင်မိသားစုမျိုးဆက်များက များ​သောအားဖြင့် စိန့်​ပေါအကယ်ဒမီ​ကျောင်းကို တက်​ရောက်လေ့ရှိကြသည်။ ရှီဝိန့်က ထိုကျောင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စစ်​​ဆေးကြည့်လိုက်သည်။ ယင်း​ကျောင်းက မင်းမျိုးနွယ်ဝင်​ကျောင်းဖြစ်ပြီး ​တော်ဝင်မိသားစုနှင့်ဗိုလ်ချုပ်များ၏မျိုးဆက်များအပြင် လူချမ်းသာမိသားစု၏ ဒုတိယမျိုးဆက်က​လေးများလည်း ပါဝင်​​ပေ၏။


ရှီဝိန့်က စိန့်​ပေါအကယ်ဒမီ​ကျောင်းကို သုတေသနလုပ်ပြီးပြီပင်။ ယင်း​ကျောင်းက အင်ပါယာ၏ထိပ်ပိုင်း မင်းမျိုးနွယ်ဝင်​ကျောင်းဖြစ်ပြီး အ​ကောင်းဆုံးဝန်​​ဆောင်မှုများနှင့် အသန်မာဆုံးဆရာများ ရှိ​လေ၏။ အ​ကောင်းဆုံးတက္ကသိုလ်ကို ​နောက်ပိုင်းတွင် ဝင်​ရောက်နိုင်ရန်အတွက် ကလဲယ်ကလည်း ထို​ကျောင်းကို ​သေချာ​ပေါက် ​တက်လိမ့်မည်ပင်။ ​ပြောရပါက သူ့အ​ဖေက ဗိုလ်ချုပ်ဘိုင်ရွန် ဖြစ်​နေသည့်အတွက်ပင်။


စိန့်​ပေါအကယ်ဒမီ၏ဝင်ခွင့်စာ​မေးပွဲကို အွန်လိုင်းမှတစ်ဆင့် စာရင်းသွင်းခြင်းပြီး စစ်​ဆေးသွားမည်ဖြစ်သည်။ သူတို့၏အ​ဖြေများကို တင်ပြပြီးသည်နှင့်ရလဒ်နှင့် ဝင်ခွင့်အဆင့်များကို တစ်နာရီအတွင်း ထုတ်ပြန်သွားမည်ဖြစ်သည်။ ဤ​ကျောင်း၏ဝင်ခွင့်စာ​မေးပွဲက အလွန်ခက်ပြီး သာမာန်က​လေးအများစုက မ​ဖြေနိုင်ကြချေ။ သို့​သော် ရှီဝိန့်အတွက်မူ ထိုမေးခွန်းများက အလွန်တရာကို ရိုးစင်းလွန်း​နေ​ပေ၏။ ​ဖြေဆိုရန် အချိန်တစ်နာရီရှိ​သော်ငြား ရှီဝိန့်က နာရီဝက်ဖြင့် ပြီး​နေပြီပင်။ သို့​သော် အကယ်၍ သူသာ အမှတ်ပြည့်ရ​နေပါက သံသယဝင်ခံရနိုင်သည်ဟု ​​နောက်ပိုင်း​တွေးမိသွား၍ အချို့​မေးခွန်းများကို ရည်ရွယ်ချက်ရှိရှိ မှား​ဖြေပြီးမှသာ အ​ဖြေလွှာကို အပ်လိုက်​​လေသည်။


စာ​မေးပွဲရလဒ်များနှင့် ဝင်ခွင့်စာရင်းကို မကြာမီ အွန်လိုင်း​ပေါ် တင်လိုက်သည်။


စာမေးပွဲအတွက် အမြင့်ဆုံးရမှတ်က 150ပင်။ သို့သော် ဤနှစ်​မေးခွန်းက အလွန်ခက်လွန်း၍ ဖြစ်နိုင်ပေ၏။ စိန့်​ပေါအကယ်ဒမီ​ကျောင်းက အနိမ့်ဆုံးဝင်ခွင့်ရမှတ်ကို 80 အထိ​ လျှော့ပေးထားခဲ့သည်။ ရှီဝိန့်က ရမှတ် 130 ရပြီး အလယ်အလတ်တွင် ဖြစ်​နေ​သော်ငြား အယ်လ်ဖာ​​ကျောင်းသားအများစုထက် မြင့်​နေဆဲပင်။


သို့​သော် ထူးဆန်းစွာပင် ရှီဝိန့် ကလဲယ်၏အမည်ကို မ​တွေ့ခဲ့​ချေ။ 


ကလဲယ်က ဒီ​ကျောင်းကို မ​လျှောက်ခဲ့ဘူးလား...မဟုတ်ပါဘူး အဲ့လိုမဖြစ်နိုင်ဘူး...


ကလဲယ်၏အ​ဖေက ဗိုလ်ချုပ်ဘိုင်ရွန်ဖြစ်ပြီး စစ်တပ်မိသားစု၏မျိုးဆက်တစ်​ယောက်အ​နေဖြင့် သူဤ​​ကျောင်းကို ​လျှောက်သင့်​ပေသည်။ အဘယ့်ကြောင့်ဆို​သော် ဤ​ကျောင်းက အင်ပါယာထဲရှိ မင်းမျိုးနွယ်ဝင်နှင့် အထက်တန်းစားများအတွက် အ​ကောင်းဆုံး​သော ​ကျောင်းဖြစ်​နေ၍ပင်။ စိန့်ပေါအက

ယ်ဒမီတွင် အ​ကောင်းဆုံး​သော ဝန်​ဆောင်မှုများရှိပြီး ဆရာများကလည်း နိုင်ငံအတွင်းတွင် အသန်မာဆုံးပင်။ အရွယ်ရောက်လာချိန် အ​ကောင်းဆုံးတက္ကသိုလ်ကို တက်ချင်သည်ဆိုပါက စိန့်​ပေါအကယ်ဒမီကိုလာခြင်းက သူ့အတွက် အ​ကောင်းဆုံး​ရွေးချယ်မှုပင်။


ရှီဝိန့်​ နောက်တစ်ဖန် ပြန်ကြည့်လိုက်​သော်ငြား စာရင်းရှိ ထိပ်ဆုံးအယ်လ်ဖာများကြားတွင် ကလဲယ်၏အမည်အား ရှာမ​တွေ့​နေဆဲပင်။


ယခုနှစ်အကယ်ဒမီသို့ တက်​ရောက်ခွင့်ရသည့်​ ကျောင်းသားများတွင် အယ်လ်ဖာ 30%၊ ဘီတာ 60% နှင့် အိုမီဂါကမူ 10%​အောက်ပင် နည်းနေ​သေးသည်။


စာ​မေးပွဲက အလွန်တရာခက်လွန်းပြီး ရမှတ်120အထက်ရသည့်​ ကျောင်းသားအများစုက အယ်လ်ဖာများပင်။ ယခုနှစ် ရမှတ်အများဆုံးရသည့်​ကျောင်းသားကလည်း အယ်လ်ဖာတစ်​ယောက် ဖြစ်ပြီး ကားလို့စ်ဘာ့​ရေ့ချ်ဟု အမည်ရကာ 148 မှတ်ရခဲ့​လေသည်။


ဆို​တော့ ကလဲယ်က​ရော...


ရှီဝိန့် ပ​ဟေဠိဖြစ်စွာနှင့် စာရင်းကို​ အောက်ဆက်ကြည့်လိုက်ရာ ဝင်ခွင့်စာရင်း၏​ အောက်ဆုံး​​ရောက်ချိန်တွင် သူတစ်​လျှောက်လုံးရှာလာခဲ့သည့် အမည်ကို နောက်ဆုံး၌ ​တွေ့လိုက်ရ​လေ၏။ 


ကလဲယ်ဘိုင်ရွန်, အမှတ်80...


ရှီဝိန့် : "......................."


အနိမ့်ဆုံးအမှတ်ကို ရခဲ့​ကြောင်း​ နောက်ဆုံး​၌ ​ပေါ်လာပြီပင်။ ရှီဝိန့် ​အ​စောပိုင်းက သူ့ကို ရှာမ​​တွေ့ခဲ့သည်မှာ အံ့သြစရာမဟုတ်​တော့ချေ။


ရှီဝိန့် သနားစိတ်က​လေးဖြင့် တွေးလိုက်သည်။ 


ငါနဲ့တစ်​နေ့တည်း​မွေးတဲ့ ငယ်သူငယ်ချင်းဖြစ်ပြီး အယ်လ်ဖာတစ်​ယောက်ဖြစ်တဲ့ ဗိုလ်​ချုပ်ဘိုင်ရွန်ရဲ့သား ကလဲယ်က စာ​မေးပွဲမှာ အနိမ့်ဆုံးအမှတ်ရပြီး...ဝင်ခွင့်​တောင် မ​အောင်​တော့မလို ဖြစ်သွား​သေးတယ်...ကလဲယ်​ရေ...မင်းအဆင်​ရော​ပြေရဲ့လားဟင်...


×××××


ဗိုလ်ချုပ်ဘိုင်ရွန်၏အိမ်တွင်မူ ကလဲယ်က ဝင်ခွင့်ရလဒ်များကိုကြည့်ပြီး အမှတ် 80 သာရသည်ကို မြင်လျှင် စိတ်မပူပန်ဘဲ မ​နေနိုင်​တော့​ချေ။ သူ့ဖခင်သာမြင်ပါက ငရဲဆန်သည့်​​ လေ့ကျင့်​ရေးအတွင်းသို့ သူ့အား ပစ်ထည့်လိုက်နိုင်​ပေ၏။


ဂ​​ရေ့စ်က မီးဖို​ချောင်ထဲတွင် ညစာပြင်​နေခဲ့သည်။ သူမက ကလဲလ်ကိုတစ်ချက်ကြည့်ပြီး ငုံ့ကိုင်းကျ​နေသည့် သူ့​ခေါင်းကို မြင်လိုက်ရာ ပြုံးလျက်​​ပြောလိုက်သည်။ 

"စာ​မေးပွဲရလဒ်​တွေ ထွက်ပြီလား..."


ကလဲယ်က ​ခေါင်းညိတ်လိုက်သည်။

"ဟုတ် သားဝင်ခွင့်ရသွားပြီ..."


ဂ​ရေ့စ်က​ မေးလိုက်သည်။

"အမှတ်ဘယ်​လောက်ရတာလဲ..."


ကလဲယ်က တခဏမျှတိတ်ကျသွားပြီး ​နောက်ဆုံးမှ တိုးတိုး​လေး​ ပြောလိုက်သည်။

"80..."


"..."

အမှတ်ကိုကြားလိုက်ရသည့် မစ္စဂ​ရေ့စ်က အံ့သြတကြီး ပြန်လှည့်ကြည့်လိုက်သည်။ သို့​သော်ငြား သူ့သား၏မျက်နှာ​ပေါ်က စိတ်ဓာတ်ကျ​​နေသည့် အကြည့်ကိုမြင်ပြီး သူမက သက်ပြင်းသာချလိုက်ကာ အနည်းငယ် မျက်မှောင်ကြုတ်လျက် ​မေးလိုက်သည်။

"ဘယ်လိုလုပ်ပြီး အမှတ်က အဲ့​လောက်နည်းရတာလဲ...အ​မေမှတ်မိတာမှန်ရင် စိန့်​ပေါအကယ်ဒမီရဲ့အမြင့်ဆုံးအမှတ်က 150 မလား..."


ကလဲလ်က ​ခေါင်း​လေးကိုကုံ့ပြီး လက်သီးကိုကျစ်ကျစ်ပါ​အောင် ဆုပ်လိုက်သည်။


ဂ​ရေ့စ်က ​ဆောင့်​ကြောင့်​ထိုင်ချလိုက်ပြီး သူ့​ခေါင်း​လေးကို ညင်သာစွာ ပွတ်သပ်ကာ ​ပြောလိုက်သည်။

"အ​မေ့ကို​ပြော ဘာဖြစ်သွားလို့လဲ..."


ကလဲယ်က ရှင်းပြလိုက်သည်။

"သား ဒီ​နေ့အရမ်းအိပ်ချင်​​နေလို့ အဲ့ဒါကြောင့် အိပ်​ပျော်သွားတယ်...နိုး​လာတော့ စာ​​မေးပွဲ​ဖြေဖို့ အချိန်က နာရီဝက်ပဲကျန်​​​တော့တယ်...အဲ့​ကြောင့် ​သားမေးခွန်းအများကြီးမ​ဖြေခဲ့လိုက်ရဘူး..."


ဂ​ရေ့စ် "..."


ဒီ​​တော့ ကလဲယ်​လေး ဘာ​ကြောင့်အမှတ် အဲ့​လောက်နိမ့်​နေရတာလဲဆိုတဲ့ တကယ့်အ​ကြောင်းပြချက်က သူအအိပ်လွန်သွားလို့ပေါ့​လေ...


ဂ​ရေ့စ်က ခေါင်းကိုက်​ရောဂါ ရုတ်တရက်ရသွားသလိုခံစားလိုက်ရပြီး စိတ်ရှည်​စေရန် မနည်းကြိုးစား​နေရသည်။

"ဒီအ​ကြောင်းပြချက်ကို သားအ​ဖေကိုသိခွင့်​ပေးလို့ မဖြစ်ဘူး...သားအ​ဖေက အချိန်မမှန်တဲ့သူ​တွေကို မုန်းတယ်...သားသာ စာ​မေးပွဲအချိန်အတွင်း အအိပ်လွန်သွားတာကို သားအ​ဖေသိရင် သူ​​ဒေါသထွက်သွားလိမ့်မယ်..."


ကလဲယ်က နာနာခံခံ ​ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ် သား အဖေ့ကို​ပြောမှာ မဟုတ်ပါဘူး..."


***


ထိုညတွင် ဗိုလ်ချုပ်ဘိုင်ရွန်က အိမ်ကို​စော​စောပြန်လာခဲ့ပြီး ယင်းက ရှားပါးဖြစ်ရပ်ပင်။ သူက ​လေးနက်သည့် သတ်လတ်ပိုင်း​အရွယ် ယောကျ်ားတစ်​​ယောက်ဖြစ်ပြီး နက်ပြာ​ရောင်ယူနီ​ဖောင်းဝတ်စုံကို ဝတ်ထားကာ လက်အိတ်ကို ဝတ်ဆင်ထားပြီး ပခုံးထက်ရှိ​ ရွှေ​ရောင်ကြယ်လေးပွင့်က သူ့အား အင်ပါယာထဲရှိ ​အနည်းငယ်မျှ​သော ကြယ်​လေးပွင့်ဗိုလ်ချုပ်များထဲမှ တစ်ဦးအဖြစ် သိသာ​စေ​နေခဲ့သည်။ သူ့ဦးထုပ်ထက်က ​တောက်ပလှ​သောကြယ်​ရောင်ဒီဇိုင်းက သူ့အား ကြယ်တပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးအဖြစ် သင်္ကေတတစ်ခုပင်။


ယ​​နေ့ မစ္စဂ​ရေ့စ်ကိုယ်တိုင် ချက်ပြုတ်ရသည့် အ​ကြောင်းပြချက်က သူမခင်ပွန်းက ယ​နေ့ည​နေခင်း ညစာပြန်လာစားမည်ဟု သတင်းရရှိခဲ့၍ဖြစ်သည်။ ဗိုလ်ချုပ်ဘိုင်ရွန်က တံခါး​ပေါက်မှ ဝင်ဝင်လာချင်းပင် သူမက သူ့ထံသွားကာ ​လေးလံလှသောယူနီ​ဖောင်းနှင့် ကုတ်အင်္ကျီကို ကူချွတ်​ပေးလိုက်သည်။ သူမက ပြုံးလျက်ပြောလိုက်သည်။

"အိမ်ကကြိုဆိုပါတယ်​ ဗိုလ်ချုပ်...ဒီ​နေ့ ရှင့်အကြိုက်ဆုံးဟင်း​တွေကို ကျွန်မပြင်ထားတယ်...​ကျေးဇူးပြုပြီး စားဖို့ ထမင်းစားခန်းထဲကို သွားပါ..."


သူမတို့နှစ်​ယောက်က ခင်ပွန်းနှင့်ဇနီးဖြစ်​သော်ငြား ဂ​ရေ့စ်က သူမ​ယောကျ်ားအ​ပေါ် လေးစားမှုထားပြီး  သူ့ကိုစကား​​ပြောချိန်တွင် ချီး​မြှောက်သည့် အသံအ​နေအထားကို အမြဲတမ်းသုံး​လေ့ရှိ၍ သူတို့နှစ်ဦးကြားတွင် ​မရင်းနှီးသည့်ခံစားချက်ကို တနည်းတဖုံ ဖန်တီး​သလိုဖြစ်နေ၏။


ဗိုလ်ချုပ်ဘိုင်ရွန်က သူမကိုတစ်ချက်ကြည့်ကာ ​မေးလိုက်သည်။

"ကလဲယ်က​ရော..."


ကလဲယ်​လေးက ချက်ချင်း သူ့မိခင်​နောက်မှ ထွက်လာကာ​ ရှေ့တိုးလိုက်သည်။

"အ​ဖေ ကျွန်​တော်ဒီမှာ..."


ဗိုလ်ချုပ်ဘိုင်ရွန်က သူ့ကိုတစ်ချက်ကြည့်ပြီး အမူအရာကင်းမဲ့သည့်မျက်နှာဖြင့် ​မေးလိုက်သည်။

"မင်း ဝင်ခွင့်စာ​မေးပွဲမှာ အမှတ်80 ရခဲ့တယ်မလား..."


အ​မေနှင့်သားနှစ်​ယောက်လုံး၏နဖူးက ​ချွေးအေးများဖြင့် စိုစွတ်သွားခဲ့သည်။


စစ်တပ်ထဲက ရာထူးမြင့်အရာရှိတစ်​ယောက်အ​နေဖြင့် သူ၏သတင်းအဆက်အသွယ်များက အလွန်ကောင်းမွန်လှ​ပေသည်။ ကလဲယ်မှာ ​ရွေးချယ်စရာမရှိ​တော့ဘဲ တိုးတိုး​လေး​ပြောလိုက်ရသည်။

"ဟုတ်...ကျွန်​တော် မ​တော်တဆ အ​ဖြေမှား​ဖြေခဲ့မိလို့..."


ဘိုင်ရွန်က သူ့ကိုတည်ငြိမ်​လေးနက်စွာ ကြည့်လိုက်သည်။

"​မေးခွန်း 150 မှာ 70 ​လောက်ကိုမှား​ဖြေခဲ့တယ်လို့ မင်းငါ့ကို​ ပြောချင်​နေတာလား...ငါ့ကို လိမ်ရဲတယ်လား..."


ကလဲယ်က ချက်ချင်း ​ခေါင်းလေးကိုငုံ့ကာ ​တောင်းပန်လိုက်သည်။

"အ​ဖေ...သားမှားသွားပါတယ်..."



🍃🍃🍃