🍃 Chapter 8
ဘာ့ဂျ်လက်ထပ်သွားပြီးနောက် ရှီဝိန့်တွင် ဆရာမရှိတော့ပေ။ ထို့ကြောင့် သူ့အချိန်အများစုကို စာကြည့်ခန်းထဲတွင် စာဖတ်နေ၍သာ တစ်ဦးတည်း ကုန်ဆုံးခဲ့ရသည်။
သူ့ဦးလေးက မထွက်သွားမီ ရှီဝိန့်အား AIကွန်ပြူတာအသေးစားလေးတစ်ခုကို ပေးသွားခဲ့ပြီး သံသယမရှိစွာပင် ယင်းက ရှီဝိန့်အတွက် အလွန်အထောက်အကူပြုသည့် လက်ဆောင်တစ်ခုပင်။ AI ကွန်ပြူတာ၏အရည်အသွေးက အလွန်မြင့်ပြီး အင်ပါယာဗဟိုစာကြည့်တိုက်နှင့်ပင် တိုက်ရိုက် ချိတ်ဆက်နိုင်လေ၏။ ရှီဝိန့်က ယင်းကွန်ပြူတာလေးအားသုံး၍ ဗဟိုစာကြည့်တိုက်မှ တော်ဝင်အင်ပါယာနှင့်စစ်တပ်၏အချက်အလက်များကို ကြည့်ရှူစစ်ဆေးရန် ရယူခဲ့လေသည်။ သူက အင်ပါယာ၏နောက်ခံအင်အားကို ရှင်းရှင်းလင်းသိစေရန် ကြိုးစားလေ့လာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မင်းသားတစ်ပါးအနေဖြင့် ယင်းက သူပြီးပြည့်စုံစွာ သိထားရမည့် ဗဟုသုတများ ဖြစ်နေ၍ပင်။
လက်ရှိတွင် လက်စီအင်ပါယာက သူယခင်က သိထားခဲ့ဖူးသည့် နိုင်ငံတော်အုပ်ချုပ်ရေးစနစ်များနှင့်ကွာခြားပေသည်။ ယင်းက သက်ဦးဆံပိုင်ဘုရင်စနစ်လည်း မဟုတ်ဘဲ ဒီမိုကရေစီနည်းဖြင့် တည်ထောင်ထားသော ဥပဒေပြုလွှတ်တော်တစ်ခုလည်း မဟုတ်ချေ။ အင်ပါယာအတွင်းရှိသည့် ဆုံးဖြတ်ချက်ကြီးကြီးမားမားများအား စစ်တပ်၏လိုအပ်ချက်အရ ဆုံးဖြတ်ခြင်းဖြစ်လေသည်။ အင်ပါယာအားစစ်တပ်၏လုပ်ပိုင်ခွင့်ကို အရာအားလုံး၏အထက်တွင် ဦးစားပေးထားသည့် "စစ်တပ်ကအမြင့်ဆုံး"ဖြစ်သည့် နိုင်ငံတစ်နိုင်ငံဟု ပြောနိုင်ပေ၏။
ဧကရာဇ်ကိုယ်တိုင်ပင် ထိုမျှမြင့်မြတ်သည့် အဆင့်အတန်းရှိသော်ငြား အမှန်တကယ်တမ်းတွင် ထိုမျှများပြားသည့် အာဏာအစစ်အမှန် မရှိချေ။ ယင်းက သူအဘယ့်ကြောင့် စစ်တပ်ထဲရှိ အရေးအပါဆုံးမိသားစုထဲက တစ်ခုဖြစ်သည့် ဘာ့ရေ့ချ်မိသားစုနှင့်ဘာ့ဂျ်ကို လက်ထပ်ထိမ်းမြားပေးခဲ့ရသလဲဆိုသည်ကို ရှင်းပြပြီးသားဖြစ်သွားလေသည်။ ဘာ့ရေ့ချ်မိသားစု၏မြွေနဂါးတပ်ဖွဲ့က အင်ပါယာထဲရှိ အဓိကစစ်တပ်ခြောက်ခုထဲမှ တစ်ခုဖြစ်ကာ ဤလက်ထပ်မှုက တော်ဝင်မိသားစု၏ရာထူးအာဏာကို အင်ပါယာထဲတွင် ပို၍ပင် သန်မာသွားစေခဲ့သည်။
ရှီဝိန့်က သူ့ဦးလေး၏အခြေအနေကို စိုးရိမ်နေစဥ်တွင် ရုတ်တရက် မက်ဆေ့ချ်တစ်စောင် ရလိုက်သည်။
"ရှီဝိန့်...ဦးလေး ဒီမှာအဆင်ပြေပါတယ် စိတ်မပူပါနဲ့... ဒီAI ကွန်ပြုူတာကို မင်း သေချာဂရုစိုက်ရမယ်နော်...ဘာလို့လဲဆို ဒါနဲ့ မင်းဦးလေးကို တိုက်ရိုက်ဆက်သွယ်လို့ရတယ်..."
ရှီဝိန့် မှင်တက်သွားပြီး အလျင်အမြန် ဆက်သွယ်မှုခလုတ်ကို နှိပ်လိုက်သည်။ ချက်ချင်းဆိုသလို ဖောက်ထွင်းမြင်ရသည့် အကာတစ်ခုက သူ့ရှေ့ပေါ်လာခဲ့ပြီး ဘာ့ဂျ်၏မျက်နှာကို အချိန်နှင့်တပြေးညီ ပြသနေခဲ့သည်။ ရှီဝိန့်က နောက်ခံရှိအိပ်ခန်းအသစ်ကိုပင် ရှင်းရှင်းလင်းမြင်နေရပြီး ထိုအခန်းထဲတွင် ဘာ့ဂျ်တစ်ယောက်တည်းရှိနေ၍ အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။
ရှီဝိန့်က သူ့ကိုတအံ့တသြ မေးလိုက်သည်။
"ဦးလေး ဒီညက ဦးလေးရဲ့မင်္ဂလာဦးည မဟုတ်ဘူးလား...ဘာလို့ ဒီအချိန်ကြီး ကျွန်တော့်ကို မက်ဆေ့ချ်ပို့လိုက်တာလဲ...ဦးလေးလက်ထပ်ခဲ့တဲ့ အယ်လ်ဖာကရော..."
ဘာ့ဂျ်ကပြုံးကာ ပြောလိုက်သည်။
"သူ့ကို ဧည့်ခန်းထဲအိပ်ဖို့ မောင်းထုတ်လိုက်ပြီလေ..."
ရှီဝိန့် : "..."
ဦးလေးက မိုက်လိုက်တာ...မင်္ဂလာဦးညကတည်းက အယ်လ်ဖာကို ထိန်းချုပ်နိုင်နေပြီ...အိုမီဂါတိုင်း ဦးလေးဆီက သင်ယူထားသင့်တယ်နော်...
***
မကြာမီမှာပင် သြဂုတ်လကုန်ကို ရောက်ရှိလာခဲ့ပြီး ကျောင်းသားသစ်များ စာရင်းသွင်းရန် အချိန်ကျလာခဲ့သည်။
အင်ပါယာရှိကလေးများက အသက်5နှစ်တွင် ပုံမှန်ကျောင်းသို့ တက်ရောက်ရလိမ့်မည်ဖြစ်သည်။ ထို့နောက် အသက်14နှစ်တွင် အိုမီဂါများကို အရွယ်မရောက်မီ အကြိုပညာသင်ကြားရေးအတွက် အန်ဒရိုမန်ဒါဂလက်ဆီကို အထူးသီးသန့်အနေနှင့် ပို့ဆောင်လိုက်လိမ့်မည်ပင်။ ထိုစဥ်တွင် အယ်လ်ဖာနှင့်ဘီတာများကမူ ပညာရှင်ပီသသည့် သင်ရိုးညွှန်းတန်းများကို ဆက်လက်သင်ယူကာ အသက် 18 ရောက်သည်နှင့် တက္ကသိုလ်တက်ရောက်နိုင်လိမ့်မည် ဖြစ်သည်။
လေးနှစ်ကြာပြီးနောက် သူတို့ကဘွဲ့ရကာ နောက်ဆုံး၌ အရွယ်ရောက်သူအဖြစ် အသက် 22 နှစ်တွင် လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်သည်။
တက္ကသိုလ်မတက်မချင်း သူတို့၏ကျောင်းများက ပြောင်းလဲသွားမည်မဟုတ်၍ ကလေးများအတွက်ရွေးချယ်စရာကျောင်းက များများစားစား မရှိချေ။ ထိုသို့ဆိုသော်ငြား ကျောင်းတစ်ကျောင်းစီတွင် သူတို့၏ကိုယ်ပိုင် ကျောင်းဝင်ခွင့် လိုအပ်ချက်များ ရှိကြလေသည်။ တော်ဝင်မိသားစုမျိုးဆက်များက များသောအားဖြင့် စိန့်ပေါအကယ်ဒမီကျောင်းကို တက်ရောက်လေ့ရှိကြသည်။ ရှီဝိန့်က ထိုကျောင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။ ယင်းကျောင်းက မင်းမျိုးနွယ်ဝင်ကျောင်းဖြစ်ပြီး တော်ဝင်မိသားစုနှင့်ဗိုလ်ချုပ်များ၏မျိုးဆက်များအပြင် လူချမ်းသာမိသားစု၏ ဒုတိယမျိုးဆက်ကလေးများလည်း ပါဝင်ပေ၏။
ရှီဝိန့်က စိန့်ပေါအကယ်ဒမီကျောင်းကို သုတေသနလုပ်ပြီးပြီပင်။ ယင်းကျောင်းက အင်ပါယာ၏ထိပ်ပိုင်း မင်းမျိုးနွယ်ဝင်ကျောင်းဖြစ်ပြီး အကောင်းဆုံးဝန်ဆောင်မှုများနှင့် အသန်မာဆုံးဆရာများ ရှိလေ၏။ အကောင်းဆုံးတက္ကသိုလ်ကို နောက်ပိုင်းတွင် ဝင်ရောက်နိုင်ရန်အတွက် ကလဲယ်ကလည်း ထိုကျောင်းကို သေချာပေါက် တက်လိမ့်မည်ပင်။ ပြောရပါက သူ့အဖေက ဗိုလ်ချုပ်ဘိုင်ရွန် ဖြစ်နေသည့်အတွက်ပင်။
စိန့်ပေါအကယ်ဒမီ၏ဝင်ခွင့်စာမေးပွဲကို အွန်လိုင်းမှတစ်ဆင့် စာရင်းသွင်းခြင်းပြီး စစ်ဆေးသွားမည်ဖြစ်သည်။ သူတို့၏အဖြေများကို တင်ပြပြီးသည်နှင့်ရလဒ်နှင့် ဝင်ခွင့်အဆင့်များကို တစ်နာရီအတွင်း ထုတ်ပြန်သွားမည်ဖြစ်သည်။ ဤကျောင်း၏ဝင်ခွင့်စာမေးပွဲက အလွန်ခက်ပြီး သာမာန်ကလေးအများစုက မဖြေနိုင်ကြချေ။ သို့သော် ရှီဝိန့်အတွက်မူ ထိုမေးခွန်းများက အလွန်တရာကို ရိုးစင်းလွန်းနေပေ၏။ ဖြေဆိုရန် အချိန်တစ်နာရီရှိသော်ငြား ရှီဝိန့်က နာရီဝက်ဖြင့် ပြီးနေပြီပင်။ သို့သော် အကယ်၍ သူသာ အမှတ်ပြည့်ရနေပါက သံသယဝင်ခံရနိုင်သည်ဟု နောက်ပိုင်းတွေးမိသွား၍ အချို့မေးခွန်းများကို ရည်ရွယ်ချက်ရှိရှိ မှားဖြေပြီးမှသာ အဖြေလွှာကို အပ်လိုက်လေသည်။
စာမေးပွဲရလဒ်များနှင့် ဝင်ခွင့်စာရင်းကို မကြာမီ အွန်လိုင်းပေါ် တင်လိုက်သည်။
စာမေးပွဲအတွက် အမြင့်ဆုံးရမှတ်က 150ပင်။ သို့သော် ဤနှစ်မေးခွန်းက အလွန်ခက်လွန်း၍ ဖြစ်နိုင်ပေ၏။ စိန့်ပေါအကယ်ဒမီကျောင်းက အနိမ့်ဆုံးဝင်ခွင့်ရမှတ်ကို 80 အထိ လျှော့ပေးထားခဲ့သည်။ ရှီဝိန့်က ရမှတ် 130 ရပြီး အလယ်အလတ်တွင် ဖြစ်နေသော်ငြား အယ်လ်ဖာကျောင်းသားအများစုထက် မြင့်နေဆဲပင်။
သို့သော် ထူးဆန်းစွာပင် ရှီဝိန့် ကလဲယ်၏အမည်ကို မတွေ့ခဲ့ချေ။
ကလဲယ်က ဒီကျောင်းကို မလျှောက်ခဲ့ဘူးလား...မဟုတ်ပါဘူး အဲ့လိုမဖြစ်နိုင်ဘူး...
ကလဲယ်၏အဖေက ဗိုလ်ချုပ်ဘိုင်ရွန်ဖြစ်ပြီး စစ်တပ်မိသားစု၏မျိုးဆက်တစ်ယောက်အနေဖြင့် သူဤကျောင်းကို လျှောက်သင့်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဤကျောင်းက အင်ပါယာထဲရှိ မင်းမျိုးနွယ်ဝင်နှင့် အထက်တန်းစားများအတွက် အကောင်းဆုံးသော ကျောင်းဖြစ်နေ၍ပင်။ စိန့်ပေါအက
ယ်ဒမီတွင် အကောင်းဆုံးသော ဝန်ဆောင်မှုများရှိပြီး ဆရာများကလည်း နိုင်ငံအတွင်းတွင် အသန်မာဆုံးပင်။ အရွယ်ရောက်လာချိန် အကောင်းဆုံးတက္ကသိုလ်ကို တက်ချင်သည်ဆိုပါက စိန့်ပေါအကယ်ဒမီကိုလာခြင်းက သူ့အတွက် အကောင်းဆုံးရွေးချယ်မှုပင်။
ရှီဝိန့် နောက်တစ်ဖန် ပြန်ကြည့်လိုက်သော်ငြား စာရင်းရှိ ထိပ်ဆုံးအယ်လ်ဖာများကြားတွင် ကလဲယ်၏အမည်အား ရှာမတွေ့နေဆဲပင်။
ယခုနှစ်အကယ်ဒမီသို့ တက်ရောက်ခွင့်ရသည့် ကျောင်းသားများတွင် အယ်လ်ဖာ 30%၊ ဘီတာ 60% နှင့် အိုမီဂါကမူ 10%အောက်ပင် နည်းနေသေးသည်။
စာမေးပွဲက အလွန်တရာခက်လွန်းပြီး ရမှတ်120အထက်ရသည့် ကျောင်းသားအများစုက အယ်လ်ဖာများပင်။ ယခုနှစ် ရမှတ်အများဆုံးရသည့်ကျောင်းသားကလည်း အယ်လ်ဖာတစ်ယောက် ဖြစ်ပြီး ကားလို့စ်ဘာ့ရေ့ချ်ဟု အမည်ရကာ 148 မှတ်ရခဲ့လေသည်။
ဆိုတော့ ကလဲယ်ကရော...
ရှီဝိန့် ပဟေဠိဖြစ်စွာနှင့် စာရင်းကို အောက်ဆက်ကြည့်လိုက်ရာ ဝင်ခွင့်စာရင်း၏ အောက်ဆုံးရောက်ချိန်တွင် သူတစ်လျှောက်လုံးရှာလာခဲ့သည့် အမည်ကို နောက်ဆုံး၌ တွေ့လိုက်ရလေ၏။
ကလဲယ်ဘိုင်ရွန်, အမှတ်80...
ရှီဝိန့် : "......................."
အနိမ့်ဆုံးအမှတ်ကို ရခဲ့ကြောင်း နောက်ဆုံး၌ ပေါ်လာပြီပင်။ ရှီဝိန့် အစောပိုင်းက သူ့ကို ရှာမတွေ့ခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ချေ။
ရှီဝိန့် သနားစိတ်ကလေးဖြင့် တွေးလိုက်သည်။
ငါနဲ့တစ်နေ့တည်းမွေးတဲ့ ငယ်သူငယ်ချင်းဖြစ်ပြီး အယ်လ်ဖာတစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ဘိုင်ရွန်ရဲ့သား ကလဲယ်က စာမေးပွဲမှာ အနိမ့်ဆုံးအမှတ်ရပြီး...ဝင်ခွင့်တောင် မအောင်တော့မလို ဖြစ်သွားသေးတယ်...ကလဲယ်ရေ...မင်းအဆင်ရောပြေရဲ့လားဟင်...
×××××
ဗိုလ်ချုပ်ဘိုင်ရွန်၏အိမ်တွင်မူ ကလဲယ်က ဝင်ခွင့်ရလဒ်များကိုကြည့်ပြီး အမှတ် 80 သာရသည်ကို မြင်လျှင် စိတ်မပူပန်ဘဲ မနေနိုင်တော့ချေ။ သူ့ဖခင်သာမြင်ပါက ငရဲဆန်သည့် လေ့ကျင့်ရေးအတွင်းသို့ သူ့အား ပစ်ထည့်လိုက်နိုင်ပေ၏။
ဂရေ့စ်က မီးဖိုချောင်ထဲတွင် ညစာပြင်နေခဲ့သည်။ သူမက ကလဲလ်ကိုတစ်ချက်ကြည့်ပြီး ငုံ့ကိုင်းကျနေသည့် သူ့ခေါင်းကို မြင်လိုက်ရာ ပြုံးလျက်ပြောလိုက်သည်။
"စာမေးပွဲရလဒ်တွေ ထွက်ပြီလား..."
ကလဲယ်က ခေါင်းညိတ်လိုက်သည်။
"ဟုတ် သားဝင်ခွင့်ရသွားပြီ..."
ဂရေ့စ်က မေးလိုက်သည်။
"အမှတ်ဘယ်လောက်ရတာလဲ..."
ကလဲယ်က တခဏမျှတိတ်ကျသွားပြီး နောက်ဆုံးမှ တိုးတိုးလေး ပြောလိုက်သည်။
"80..."
"..."
အမှတ်ကိုကြားလိုက်ရသည့် မစ္စဂရေ့စ်က အံ့သြတကြီး ပြန်လှည့်ကြည့်လိုက်သည်။ သို့သော်ငြား သူ့သား၏မျက်နှာပေါ်က စိတ်ဓာတ်ကျနေသည့် အကြည့်ကိုမြင်ပြီး သူမက သက်ပြင်းသာချလိုက်ကာ အနည်းငယ် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ဘယ်လိုလုပ်ပြီး အမှတ်က အဲ့လောက်နည်းရတာလဲ...အမေမှတ်မိတာမှန်ရင် စိန့်ပေါအကယ်ဒမီရဲ့အမြင့်ဆုံးအမှတ်က 150 မလား..."
ကလဲလ်က ခေါင်းလေးကိုကုံ့ပြီး လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ဂရေ့စ်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ကာ ပြောလိုက်သည်။
"အမေ့ကိုပြော ဘာဖြစ်သွားလို့လဲ..."
ကလဲယ်က ရှင်းပြလိုက်သည်။
"သား ဒီနေ့အရမ်းအိပ်ချင်နေလို့ အဲ့ဒါကြောင့် အိပ်ပျော်သွားတယ်...နိုးလာတော့ စာမေးပွဲဖြေဖို့ အချိန်က နာရီဝက်ပဲကျန်တော့တယ်...အဲ့ကြောင့် သားမေးခွန်းအများကြီးမဖြေခဲ့လိုက်ရဘူး..."
ဂရေ့စ် "..."
ဒီတော့ ကလဲယ်လေး ဘာကြောင့်အမှတ် အဲ့လောက်နိမ့်နေရတာလဲဆိုတဲ့ တကယ့်အကြောင်းပြချက်က သူအအိပ်လွန်သွားလို့ပေါ့လေ...
ဂရေ့စ်က ခေါင်းကိုက်ရောဂါ ရုတ်တရက်ရသွားသလိုခံစားလိုက်ရပြီး စိတ်ရှည်စေရန် မနည်းကြိုးစားနေရသည်။
"ဒီအကြောင်းပြချက်ကို သားအဖေကိုသိခွင့်ပေးလို့ မဖြစ်ဘူး...သားအဖေက အချိန်မမှန်တဲ့သူတွေကို မုန်းတယ်...သားသာ စာမေးပွဲအချိန်အတွင်း အအိပ်လွန်သွားတာကို သားအဖေသိရင် သူဒေါသထွက်သွားလိမ့်မယ်..."
ကလဲယ်က နာနာခံခံ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ် သား အဖေ့ကိုပြောမှာ မဟုတ်ပါဘူး..."
***
ထိုညတွင် ဗိုလ်ချုပ်ဘိုင်ရွန်က အိမ်ကိုစောစောပြန်လာခဲ့ပြီး ယင်းက ရှားပါးဖြစ်ရပ်ပင်။ သူက လေးနက်သည့် သတ်လတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက်ဖြစ်ပြီး နက်ပြာရောင်ယူနီဖောင်းဝတ်စုံကို ဝတ်ထားကာ လက်အိတ်ကို ဝတ်ဆင်ထားပြီး ပခုံးထက်ရှိ ရွှေရောင်ကြယ်လေးပွင့်က သူ့အား အင်ပါယာထဲရှိ အနည်းငယ်မျှသော ကြယ်လေးပွင့်ဗိုလ်ချုပ်များထဲမှ တစ်ဦးအဖြစ် သိသာစေနေခဲ့သည်။ သူ့ဦးထုပ်ထက်က တောက်ပလှသောကြယ်ရောင်ဒီဇိုင်းက သူ့အား ကြယ်တပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးအဖြစ် သင်္ကေတတစ်ခုပင်။
ယနေ့ မစ္စဂရေ့စ်ကိုယ်တိုင် ချက်ပြုတ်ရသည့် အကြောင်းပြချက်က သူမခင်ပွန်းက ယနေ့ညနေခင်း ညစာပြန်လာစားမည်ဟု သတင်းရရှိခဲ့၍ဖြစ်သည်။ ဗိုလ်ချုပ်ဘိုင်ရွန်က တံခါးပေါက်မှ ဝင်ဝင်လာချင်းပင် သူမက သူ့ထံသွားကာ လေးလံလှသောယူနီဖောင်းနှင့် ကုတ်အင်္ကျီကို ကူချွတ်ပေးလိုက်သည်။ သူမက ပြုံးလျက်ပြောလိုက်သည်။
"အိမ်ကကြိုဆိုပါတယ် ဗိုလ်ချုပ်...ဒီနေ့ ရှင့်အကြိုက်ဆုံးဟင်းတွေကို ကျွန်မပြင်ထားတယ်...ကျေးဇူးပြုပြီး စားဖို့ ထမင်းစားခန်းထဲကို သွားပါ..."
သူမတို့နှစ်ယောက်က ခင်ပွန်းနှင့်ဇနီးဖြစ်သော်ငြား ဂရေ့စ်က သူမယောကျ်ားအပေါ် လေးစားမှုထားပြီး သူ့ကိုစကားပြောချိန်တွင် ချီးမြှောက်သည့် အသံအနေအထားကို အမြဲတမ်းသုံးလေ့ရှိ၍ သူတို့နှစ်ဦးကြားတွင် မရင်းနှီးသည့်ခံစားချက်ကို တနည်းတဖုံ ဖန်တီးသလိုဖြစ်နေ၏။
ဗိုလ်ချုပ်ဘိုင်ရွန်က သူမကိုတစ်ချက်ကြည့်ကာ မေးလိုက်သည်။
"ကလဲယ်ကရော..."
ကလဲယ်လေးက ချက်ချင်း သူ့မိခင်နောက်မှ ထွက်လာကာ ရှေ့တိုးလိုက်သည်။
"အဖေ ကျွန်တော်ဒီမှာ..."
ဗိုလ်ချုပ်ဘိုင်ရွန်က သူ့ကိုတစ်ချက်ကြည့်ပြီး အမူအရာကင်းမဲ့သည့်မျက်နှာဖြင့် မေးလိုက်သည်။
"မင်း ဝင်ခွင့်စာမေးပွဲမှာ အမှတ်80 ရခဲ့တယ်မလား..."
အမေနှင့်သားနှစ်ယောက်လုံး၏နဖူးက ချွေးအေးများဖြင့် စိုစွတ်သွားခဲ့သည်။
စစ်တပ်ထဲက ရာထူးမြင့်အရာရှိတစ်ယောက်အနေဖြင့် သူ၏သတင်းအဆက်အသွယ်များက အလွန်ကောင်းမွန်လှပေသည်။ ကလဲယ်မှာ ရွေးချယ်စရာမရှိတော့ဘဲ တိုးတိုးလေးပြောလိုက်ရသည်။
"ဟုတ်...ကျွန်တော် မတော်တဆ အဖြေမှားဖြေခဲ့မိလို့..."
ဘိုင်ရွန်က သူ့ကိုတည်ငြိမ်လေးနက်စွာ ကြည့်လိုက်သည်။
"မေးခွန်း 150 မှာ 70 လောက်ကိုမှားဖြေခဲ့တယ်လို့ မင်းငါ့ကို ပြောချင်နေတာလား...ငါ့ကို လိမ်ရဲတယ်လား..."
ကလဲယ်က ချက်ချင်း ခေါင်းလေးကိုငုံ့ကာ တောင်းပန်လိုက်သည်။
"အဖေ...သားမှားသွားပါတယ်..."
🍃🍃🍃