🍃 Chapter 10
ငယ်ကျွမ်းဆွေ(Part 4)
ကလဲယ်၏ခရီးဆောင်သေတ္တာကို ကူမ,ပေးရန် ရှီဝိန့်မှအစပြုလိုက်ခြင်းက အမှန်တကယ်တွင်မူ ကောင်းမွန်သည့် ရည်ရွယ်ချက်နှင့်ပင်။ ကလဲယ်က ပြင်းထန်သွေးအားနည်းရောဂါနှင့် မွေးဖွားလာပြီး အိပ်မက်ဆိုးများမကြာခဏ မက်လေ့ရှိခဲ့သည်ကို ရှီဝိန့်မှတ်မိပေသည်။ သူမသားကို ဆုံးရှုံးလိုက်ရမည်ကို ကြောက်မိကြောင်းကိုပင် မစ္စဂရေ့စ်က ဘုရင်မအန်နာထံ ဝန်ခံခဲ့သည်။ ကလဲယ်က အယ်လ်ဖာတစ်ယောက် ဆိုသော်ငြား သူ့ခွန်အားက ရှီဝိန့်လောက်ပင် မသန်မာချေ။
ထို့ပြင် ရှီဝိန့်၏ခရီးဆောင်အိတ်ကို ရက်ဂျ့်က သယ်လာပေး၍ သူ့လက်နှစ်ဖက်လုံးက လွတ်လပ်နေပေသည်။ ထို့ကြောင့် ကလဲယ်ခက်ခဲနေသည်ကို မြင်လိုက်ချိန် သူက လိုလိုလားလား ကူညီပေးခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့နှစ်ယောက်က အတူတူ ကြီးပြင်းလာခဲ့ကြသူများပင်။ တစ်ဖက်ကောင်ငယ်လေးက ခရုတစ်ကောင်ကဲ့သို့ လှေကားကို ခက်ခက်ခဲခဲ တရွေ့ရွေ့ တက်နေသည်ကို မြင်ချိန်တွင် သူဘေးထွက်ပြီး ရပ်မနေနိုင်ပါပေ။
ကလဲယ်ကို ကူညီပြီးသွားပြီးနောက် သူ့ကိုယ်ပိုင်အခန်းကိုရှာရန် ရှီဝိန့် လှည့်ထွက်လာလိုက်သည်။
စိန့်ပေါအကယ်ဒမီ၏ကျောင်းသားအိပ်ဆောင်ဧရိယာတွင် အဆောက်အဦးက အများကြီးရှိပေ၏။ ရှီဝိန့်၏ကျောင်းသားကတ်ပေါ်တွင် ရေးထားသည့်အခန်းနံပါတ်က 7511 ဖြစ်ပြီး ဆိုလိုသည်က သူ့အခန်းမှာ အဆောက်အဦးနံပါတ် 7 ၏5လွှာတွင်ရှိပြီး အခန်းနံပါတ်က 11 ပင်။ အေးစက်စက်မျက်နှာနှင့်ရက်ဂျ့်က သူ့ခရီးဆောင်အိတ်ကို အခန်းတံခါးပေါက်ထံ သယ်သွားလိုက်ပြီး ရှီဝိန့်က ချက်ချင်းသူ့နောက်မှလိုက်ကာ ကျောင်းသားကတ်နှင့် တံခါးဖွင့်လိုက်သည်။
သူတို့အခန်းထဲဝင်လိုက်သည်နှင့် ခုတင်များထဲမှ တစ်ခုပေါ်တွင် ခေါင်းအုံးလေးပိုက်ကာ ထိုင်နေသည့် အသားအရေဖြူဖျော့ဖျော့နှင့် အလွန်လှပသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ကြရသည်။
ကောင်လေးက အရပ်ပုပြီး အုန်းခွံရောင်ဆံပင်ရှိကာ သူ့မျက်ဝန်းများက ကြီးမားပြီး ကြည်လင်ရှင်းသန့်၍ မျက်ဆံက အရောင်ဖျော့ဖျော့လေးပင်။ ထိုမျက်ဝန်းများက အလွန်တောက်ပနေပြီး နေရောင်အောက်တွင် ကျောက်မျက်ရတနာများကဲ့သို့ပင်။ ကလေးလေးက စစ်တပ်ယူနီဖောင်းဝတ်ထားသည့် ရက်ဂျ့်ကိုမြင်ချိန်တွင် စပ်စုစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူ့စောင်လေးကို ဆက်ပြင်ဆင်နေလိုက်သည်။
ရှီဝိန့်က ရှေ့တိုးပြီး လက်ဦးမှုယူကာ စနှုတ်ဆက်လိုက်သည်။
"ဟယ်လို ငါက မင်းအခန်းဖော်ပါ...မင်းက အိုင်ဒန်လို့ခေါ်တာမလား..."
စီမံခန့်ခွဲရေးဌာနက ဆရာတစ်ယောက်က ရှီဝိန့်အား သူ့တွင် အိုင်ဒန်ဟုခေါ်သည့် အိုမီဂါအခန်းဖော်တစ်ယောက်ရှိကြောင်း အစောပိုင်းက ပြောပြခဲ့သည်။ ယင်းက ရှီဝိန့်နှင့်အတူနေထိုင်ရန် အိုမီဂါအခန်းဖော်တစ်ယောက်စီစဥ်ပေးရန် ကျောင်းကိုပြောထားသည့် ဘုရင်မအန်နာ၏ညွှန်ကြားချက်ပင်။ ရှီဝိန့်တွင် အိုမီဂါအခန်းဖော်တစ်ယောက်ရှိပါက သူမ ပိုပြီးစိတ်ချသည်ဟု ခံစားရလိမ့်မည်ပင်။ ယင်းက သူ့အမေ၏စီစဥ်မှုဖြစ်၍ ရှီဝိန့်က မငြင်းခဲ့ပေ။
တစ်ခုတည်းသောပြဿနာက ဤအိုမီဂါက အနည်းငယ် တသီးတသန့်ဆန်သည့်ပုံပင်။ ရှီဝိန့်က အစပြုကာ သူ့အားနှုတ်ဆက်ခဲ့သော်လည်း သူကမူ ရှီဝိန့်အား ပြုံးရုံသာပြုံးပြကာ ခေါင်းငုံ့၍ သူ့ကိစ္စကိုသာ ဆက်လက်လုပ်ဆောင်နေလေ၏။
ကောင်ငယ်လေး၏အပြုံးက ရှက်ပြုံးလေးဖြစ်ကာ ပါးနှစ်ဖက်တွင်လည်း ချစ်စဖွယ်ပါးချိုင့်သေးသေးလေးနှစ်ခု ရှိလေသည်။ သို့သော်ငြား နံဘေးတွင်ချထားသည့် သူ့လက်များကိုမူမူ ကျစ်ကျစ်ပါအောင်လက်သီးဆုပ်ထားပြီး ကြောက်ရွံ့ကာ ဖိအားများနေပုံပေါ်လေသည်။
တစ်ဖက်ကလေးက ကြောက်လန့်နေသည်ကို ရှီဝိန့်မြင်နိုင်ပေ၏။ သူ့ မျက်လုံးများက ရက်ဂျ့်ရှိရာဘက်ကို အမြဲရှောင်ကြဥ်နေလေသည်။ သူရှေ့ရှိ အရပ်ရှည်ရှည်နှင့် ခွန်အားများပြည့်နေသည့် အယ်လ်ဖာက သူ့အား မသက်မသာဖြစ်စေသည်မှာ သိသာလှပေသည်။ ပြောရပါက ဗိုလ်ချုပ်ရက်ဂျ့်၏အသွင်အပြင်က အိုမီဂါကလေးများကို ငိုသွားစေသည်ဟူသော ကောလာဟလများရှိပေသည်။ ယင်းက သူအဘယ့်ကြောင့် ယခုထိတိုင် လူပျိုအဖြစ်ရှိနေရသလဲဟူသည့် အကြောင်းပြချက်များထဲမှ တစ်ခုပင်။
အခြေအနေကိုကြည့်ပြီး ရှီဝိန့်က နောက်လှည့်ကာ ရက်ဂျ့်ကို မျက်နှာချင်းဆိုင်ပြီး ပြောလိုက်သည်။
"ဗိုလ်ချုပ် အရင်သွားလိုက်ပါ...အဖေနဲ့အမေကို ကျွန်တော် ဒီမှာအဆင်ပြေတယ်လို့ ပြောလိုက်ပါ..."
"ဟုတ်ကဲ့ပါမင်းသားလေး..."
ရက်ဂျ့်က ရှီဝိန့်ကို အလေးပြုလိုက်ပြီး ရိုးရိုးရှင်းရှင်းပင် လှည့်ကာထွက်သွားလိုက်သည်။
သူထွက်သွားလိုက်သည်နှင့် အိုင်ဒန်က စိတ်သက်သာရာရသွားပြီး ရှီဝိန့်ကို ရင်းရင်းနှီးနှီး ပြုံးပြလိုက်သည်။
"ဟယ်လို မင်းက ပထမမင်းသားရှီဝိန့် မလား..."
"အင်း..."
ရှီဝိန့်က သူ၏ဖြူဖျော့နေသည့်မျက်နှာကို ကြည့်ပြီး အနည်းငယ်စိတ်ပူသွားသည်။
"မင်း ခုနတုန်းကလူကို တကယ်အဲ့လောက်တောင် ကြောက်တာလား..."
အိုင်ဒန်က ခေါင်းညိတ်ကာ ရိုးရိုးသားသားပြောလိုက်သည်။
"အဲ့အယ်လ်ဖာက နည်းနည်းကြောက်စရာကောင်းသလိုပဲ..."
ရှီဝိန့်က ရယ်လိုက်သည်။
"သူက တော်ဝင်အစောင့်ခေါင်းဆောင် ဗိုလ်ချုပ်ရက်ဂျ့်လေ...သူ့ပုံစံက ကြောက်စရာကောင်းတယ်ထင်ရပေမယ့် စိတ်ထားကတော့ တကယ်ကောင်းပါတယ်..."
ယင်းကိုပြောပြီး တစ်စုံတစ်ရာက ထူးဆန်းနေသည်ကို ရှီဝိန့် သဘောပေါက်လိုက်သည်။
"စကားမစပ်...မင်းသူနဲ့ မတွေ့ဖူးဘူးမလား...သူက အယ်လ်ဖာဆိုတာ မင်းဘယ်လိုသိတာလဲ..."
အိုင်ဒန်က ဖြေလိုက်သည်။
"အယ်လ်ဖာတစ်ယောက်ရဲ့ဖယ်ရိုမုန်းက အရမ်းပြင်းတယ်လေ...မင်း အနံ့မရဘူးလား..."
ရှီဝိန့်က နှာခေါင်းလေးကိုရှုံ့ကာ ဂရုတစိုက် အနံ့ခံကြည့်လိုက်သည်။
"ငါတော့ အနံ့မရဘူး..."
သူ တခဏတန့်သွားပြီး စပ်စုစွာ မေးလိုက်သည်။
"အိုမီဂါတွေက အယ်လ်ဖာဖယ်ရိုမုန်းကို အနံ့ခံနိုင်တာလား..."
"အိုမီဂါအများစုက သူတို့ငယ်ငယ်ကတည်း အနံ့ခံနိုင်တယ်...အရွယ်ရောက်လာတဲ့အချိန်မှပဲ အနံ့ခံနိုင်တဲ့ အိုမီဂါနည်းနည်းလည်းရှိတယ်..."
အိုင်ဒန်က လေးလေးနက်နက် ရှင်းပြလိုက်သည်။
"အထူးသဖြင့် အဲ့အယ်လ်ဖာရဲ့ဖယ်ရိုမုန်းတွေက အရမ်းသန်မာတယ်...အဲ့ဒါကြောင့် ငါနည်းနည်း စိတ်မသက်မသာဖြစ်သွားတာ...ကျေးဇူးတင်ပါတယ် ပထမမင်းသား သူ ထွက်သွားပြီးတော့ ငါ ပိုနေလို့ကောင်းသွားပြီ..."
အိုင်ဒန်က ရှီဝိန့်အား ထပ်မံပြီးအပြုံးလေးပစ်သွင်းလိုက်ကာ ဤတစ်ကြိမ်က အလွန်စိတ်ရင်းမှန်ဖြင့်ပင်။
သူ့စရိုက်လက္ခဏာက အရမ်းသိမ်မွေ့ကျိုးနွံတတ်တဲ့ပုံပဲ...ဒါကမှ တကယ့်အိုမီဂါစစ်စစ်တစ်ယောက်ပုံစံလား...
ဤကလေးက တကယ်နှစ်လိုဖွယ်ရာကောင်းသည်ဟု ရှီဝိန့်တွေးတောလိုက်ပြီး မနေနိုင်ဘဲ လက်ဆန့်ကာ သူ့ခေါင်းလေးကို ထိလိုက်သည်။
"ဘာမှမဖြစ်ပါဘူး...ငါတို့အားလုံးက အခန်းဖော်ပဲလေ...အချင်းချင်း ဂရုစိုက်တာမှန်တာပဲ...ပြီးတော့လည်း ငါ့ကိုအမြဲတမ်း ပထမမင်းသားလို့ပဲ ခေါ်မနေနဲ့...ရှီဝိန့်လို့သာခေါ်..."
အိုင်ဒန်က နာနာခံခံဖြင့် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ရှီဝိန့်..."
ရှီဝိန့်က သူ့ပစ္စည်းများကို နေရာချရန် ပြန်လှည့်လိုက်ပြီး သူ့အမေ သူ့အတွက်ပြင်ပေးခဲ့သည့် အဝတ်များအားလုံးကို ဗီရိုထဲ ချိတ်လိုက်သည်။
သို့သော်ငြား ရှီဝိန့်၏စိတ်ထဲတွင် စူးစူးစိုက်စိုက်ရှိနေသည့် ကိစ္စတစ်ခု ကျန်သေးပေသည်။ သူဖတ်ခဲ့သည့်အချက်အလက်များအရ အိုမီဂါများက အယ်လ်ဖာဖယ်ရိုမုန်းများကို အထိမခံနိုင်ဖြစ်ကြပြီး သန်မာအားပြင်းသည့် ဖယ်ရိုမုန်းများရှိသည့် အယ်လ်ဖာနှင့်ဆုံချိန်တွင် မသက်မသာဖြစ်ကာ ထွက်ပြေးလိုသည့် စိတ်များပင် ပေါ်ပေါက်လာတတ်ကြပေသည်။ တစ်ဖက်တွင်မူ အယ်လ်ဖာများက အိုမီဂါတစ်ယောက်၏ဖယ်ရိုမုန်းများကို အနံ့ခံမိချိန်တွင် ပိုင်ဆိုင်လိုစိတ်ပြင်းပြလာပြီး ကာကွယ်ပေးလိုစိတ်များ ထွက်ပေါ်လာကြပေ၏။ ဤသည်က အယ်လ်ဖာနှင့်အိုမီဂါများကြားက ဆွဲဆောင်သည့်သဘာဝပင်။
ရှီဝိန့်နှင့်အိုင်ဒန်က အရွယ်မရောက်သေး၍ သူတို့၏ခန္ဓာကိုယ်ကလည်း အိုမီဂါဖယ်ရိုမုန်းများကို မထုတ်နိုင်သေးသော်ငြား ရက်ဂျ့်ကမူ အလွန်ပြင်းထန်သန်မာသည့် ဖယ်ရိုမုန်းများရှိသည့် အရွယ်ရောက်အယ်လ်ဖာတစ်ယောက်ပင်။ ထို့ကြောင့် အိုင်ဒန်၏ကြောက်ရွံ့သွားသည့် တုံ့ပြန်မှုက အလွန်ပုံမှန်ပင်။
ရှီဝိန့်နားမလည်နိုင်သည်မှာ သူမွေးဖွားလာကတည်းက ထိုသို့မသက်မသာဖြစ်သည့် ခံစားချက်ကို တစ်ခါမှ မခံစားခဲ့ဖူးချေ။ သတင်းဆိုးဖြင့်ကျော်ကြားသည့် ရက်ဂျ့်၏ကြောက်မက်ဖွယ်ရာ သွင်ပြင်ကြောင့် တတုန်လှုပ်ခြောက်ခြားသွားခြင်း ရှိပင်မရှိချေ။
အဲ့အနံ့ကို သတိပြုမိဖို့ကို ငါ့စိတ်စွမ်းအားက သန်မာလွန်းနေလို့များလား...ဒါမှမဟုတ် ငါ့နှာခေါင်းကပဲ တစ်ခုခုမှားနေတာလား...
အကြောင်းပြချက်က မည်သည်ဖြစ်နေပါစေ ယင်းက ရှီဝိန့်အတွက်မူ ကောင်းသည့်အချက်ပင်။
အယ်လ်ဖာဖယ်ရိုမုန်းများကို အနံ့မခံနိုင်ဆိုကတည်းက ယင်းအနံ့များက သူ့ကိုလွှမ်းမိုးသွားမည်ကို စိုးရိမ်နေစရာ မလိုအပ်တော့ပေ။
***
မွန်းလွဲပိုင်း၌ ကျောင်းသားများက သူတို့၏အိပ်ဆောင်တွင် ပစ္စည်များကို နေရာချနေကြချိန်တွင် အိပ်ဆောင်၏စုပေါင်းAI စီမံခန့်ခွဲစက်မှ ကျောင်းသားများအား သူတို့၏သက်ဆိုင်ရာစာသင်ခန်းများတွင် စုဝေးကြရန် ကြေညာသည်ကိုကြားလိုက်ရသည်။
ကားထဲတွင်ရှိစဥ်က သူတို့မြင်လိုက်ကြရသည့် အစိမ်းရောင် မိုးမျှော်တိုက်ကြီးက စိန့်ပေါအကယ်ဒမီတွင် ပထမဦးဆုံး အဆောက်အဦးကြီးဖြစ်သည်။ ရှီဝိန့်နှင့်အိုင်ဒန်က အဆောက်အဦးအောက်သို့ အတူတူ လျှောက်သွားလိုက်ကြသည်။ နီးကပ်လာချိန်တွင် အဆောက်အဦး၏ဒီဇိုင်းက မည်မျှပင်ထူးခြားလှကြောင်း သူတို့ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။ သိသိသာသာကို အစ်အမှန် သစ်ပင်တစ်ပင်ပုံစံ တုပဆောက်လုပ်ထားပြီး နွေရာသီတွင် ယင်းအဆောက်အဦးအောက်၌ ရပ်နေလိုက်ပါက သစ်ပင်၏အရိပ်အောက်တွင် မတ်တတ်ရပ်နေရသကဲ့သို့ ခံစားရမည်ပင်။ မော့ကြည့်လိုက်ရုံမျှဖြင့် အစိမ်းရောင်သစ်ရွက်များနှင့် အညိုရောင်သစ်ကိုင်းများကို မြင်နိုင်ပြီး အလင်းရောင်ကို ပျောက်တိပျောက်ကျားခံစားနိုင်ပေသည်။
သူ့ရှေ့ရှိအဆောက်အဦးကိုကြည့်ပြီး အိုင်ဒန်က မပြောဘဲ မနေနိုင်တော့ပေ။
"အရမ်းလှတာပဲ..."
ရှီဝိန့်ကမူ တည်ငြိမ်အေးဆေးနေဆဲဖြစ်ကာ ပြုံး၍ ပြောလိုက်သည်။
"အထဲဝင်ကြစို့ ငါတို့ နောက်ကျမသွားချင်ဘူး..."
11လွှာရှိ သူတို့၏အခန်းသို့ရောက်ချိန်တွင် အထဲ၌ လူများဖြင့်ပြည့်နေပြီပင်။ ငါးနှစ်အရွယ်ကလေးအများကြီးက အတူတူအူပ်စုဖွဲ့နေကြပြီး စာကလေးများကဲ့သို့ စကားများ ဝိုင်းဖွဲ့ပြောနေကြသည်မှာ ရှီဝိန့်ထင်ထားခဲ့သည့်အတိုင်း စျေးကြီးတစ်ခုကဲ့သို့ အသက်ဝင်လှပေ၏။
ရှီဝိန့်အား အံ့အားသင့်သွားစေသည်မှာ စာသင်ခန်းတွင်းသို့ သူဝင်လိုက်သည်နှင့် တံခါးပေါက်ကို ရံဖန်ရံခါ လှည့်'လှည့်ကြည့်နေသည့် နောက်ဆုံးတန်းတွင် ထိုင်နေသော ရင်းနှီးကျွမ်းဝင်နေသည့် ရွှေရောင်ခေါင်းပိုင်ရှင်ကလဲယ်ကို မြင်လိုက်ရ၍ပင်။ ထိုသူက ရှီဝိန့်ကို မြင်လိုက်ချိန်တွင် မျက်လုံးများက အရောင်တောက်သွားပြီး ပျော်ရွှင်မှုများ ပြည့်နေသည့် မျက်ဝန်းများဖြင့် ချက်ချင်းသူ့ထံ ပြေးလာခဲ့လေသည်။
"ရှီဝိန့် မင်းရောက်လာပြီ..."
ရှီဝိန့် ခေါင်းညိတ်လိုက်သည်။
"အင်း..."
ကလဲယ်က ရှီဝိန့်နောက်က အစေအပါးလေးကို မြင်လိုက်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။
"သူက ဘယ်သူလဲ..."
ရှီဝိန့်အား သူ့ထံမှခေါ်ထုတ်သွားခဲ့သော အခြားကောင်လေးတစ်ယောက်ကို ကြည့်နေသည့်အလား သူ့မျက်လုံးများတွင် ရန်လိုစိတ်များ ပြည့်နေခဲ့သည်။
ရှီဝိန့်က သူတို့ကို မိတ်ဆက်ပေးလိုက်သည်။
"သူက ငါ့အခန်းဖော်အိုင်ဒန်..."
အိုင်ဒန်က သူ့လက်သေးသေးလေးကို ထုတ်ကာ ပြောလိုက်သည်။
"ဟယ်လို..."
ကလဲယ်က သူ့ကိုတစ်ချက်ကြည့်ပြီး ချက်ချင်းပင် လျစ်လျူရှူလိုက်သည်။ သူက ရှီဝိန့်ကိုသာ ဆက်ကြည့်ကာ ပြောလိုက်သည်။
"ငါတို့အတန်းထဲမှာ အယ်လ်ဖာ 15 ယောက်၊ ဘီတာ 18ယောက်နဲ့ အိုမီဂါက 2ယောက်ပဲရှိတယ်လို့ကြားတယ်...ရှီဝိန့် မင်း ငါ့နားမှာထိုင်လေ ငါမင်းကို ကာကွယ်ပေးမယ်..."
ရှီဝိန့်က ပြုံးကာ အိုင်ဒန်ကိုပြန်ကြည့်လိုက်သည်။
"အဲ့လိုဆိုရင်တော့ ငါတို့အိုမီဂါနှစ်ယောက် အတူတူထိုင်တာက ပိုကောင်းမယ်လို့ထင်တာပဲ...အိုင်ဒန် မင်းဘယ်လိုထင်လဲ..."
အိုင်ဒန်က မဆိုင်းမတွပင် ခေါင်းညိတ်လိုက်သည်။
"မင်းပြောတာမှန်တယ်..."
ထို့နောက် ကလေးနှစ်ယောက်က ကလဲယ်ငေးကြည့်နေသည်ကို လျစ်လျူရှုပစ်လိုက်ပြီး စာသင်ခန်းနောက်ဘက်ကိုသွားပြီး ခုံကိုထုတ်လိုက်သည်။
ကလဲယ် : "......"
လုံလောက်ပြီ...အိုင်ဒန်...ဒီကောင်က အနှောင့်အယှက်ကောင်မှန်း သေချာသွားပြီ...
ကလဲယ်က တိတ်တိတ်လေး ကျိန်ဆဲလိုက်ပြီး ရှီဝိန့်၏ရှေ့တန်းက ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်သည်။
***
တစ်ခဏကြာပြီးနောက် အဖြူရောင်ဝတ်စုံနှင့် ကြိုးသိုင်းဖိနပ်ကို ဝတ်ထားသည့် အရပ်ရှည်ရှည်အမျိုးသမီးတစ်ယောက်က စင်မြင့်ထက်ကို လျှောက်သွားလိုက်သည်။ သူမက ပြုံးကာ ပြောလိုက်လေသည်။
"ဟယ်လို ကျောင်းသားတို့....စိန့်ပေါအကယ်ဒမီမှ ကြိုဆိုပါတယ်နော်...ပထမဆုံး ဆရာမကိုယ်ဆရာမ မိတ်ဆက်ပေးပါရစေ...ဆရာမနာမည်က ကယ်လီဖြစ်ပြီးတော့ အတန်း(၁)က ဆရာမပါ...အတန်း(၁)က ကလေးမဟုတ်ရင် ဒါမှမဟုတ် အတန်းမှားဝင်လာရင် အခုထွက်သွားပေးပါနော်..."
ထိုအခိုက် ကလေးအချို့က မတ်တတ်ထရပ်လိုက်ကြပြီး တံခါးပေါက်ထံ လျှောက်သွားလိုက်ကြသည်။ ကြည့်ရသည်မှာ အတန်းမှားဝင်မိလာပုံပင်။
ကယ်လီက ဆက်ပြောလိုက်သည်။
"ကျန်တဲ့မင်းတို့က အတန်း(၁)က ကျောင်းသားလေးတွေ ဟုတ်တယ်မလား..."
ကျောင်းသားလေးများက တစ်ပြိုင်တည်းပြောလိုက်ကြသည်။
"ဟုတ်ပါတယ်..."
ကယ်လီက ခေါင်းညိတ်လိုက်သည်။
"ဒါဆို ကျန်တဲ့ မင်းတို့ 35 ယောက်က အခုကစပြီး အတန်းဖော်တွေ ဖြစ်သွားကြပြီနော်...ဆရာမက မင်းတို့အသက်14နှစ် ရောက်တဲ့အချိန်ထိ မင်းတို့ရဲ့အတန်းပိုင်ဆရာမဖြစ်သွားမှာပါ...ဒီ9နှစ်တာမှာ မင်းတို့အသက်ကြီးလာတဲ့အချိန်ထိ ဆရာမက မင်းတို့နဲ့တောက်လျှောက် အတူတူရှိသွားမှာဖြစ်လို့ မင်းတို့မှာ မေးခွန်းတစ်ခုခုများရှိရင် ဆရာမကို ဆွေးနွေးတိုင်ပင်ဖို့ တွန့်ဆုတ်မနေပါနဲ့...ဆရာမက လူတိုင်းရဲ့ နေ့စဥ်ဘဝနဲ့ အုပ်စုဖွဲ့လှုပ်ရှားမှုတွေကို စီမံခန့်ခွဲဖို့တာဝန်ရှိပါတယ်...တခြားလုပ်ငန်းဆောင်တာတွေကိုတော့ သက်ဆိုင်ရာ ပရော်ဖက်ရှင်နယ်ဆရာတွေက သင်ကြားပေးသွားမှာပါ...မင်းတို့ရဲ့စာသင်ခန်းက 11လွှာက အခန်းနံပါတ်(1) ဆိုတာကို မှတ်ထားနော်... မှားမသွားစေနဲ့..."
ကယ်လီက တခဏမျှတန့်သွားပြီးမှ ပြုံးကာ ဆက်ပြောလိုက်သည်။
"မင်းတို့က ဒီအတန်းမှာ အနည်းဆုံး 9 နှစ်နေရမှာနော်...ဒါ့ကြောင့် ဒီနှစ်တွေအတွင်းမှာ ဆရာမတို့အချင်းချင်း သဟဇာတဖြစ်ဖြစ်နဲ့ အတူနေကြပြီး အရမ်းကောင်းတဲ့ အတန်းဖော်တွေနဲ့ သူငယ်ချင်းတွေဖြစ်လာလိမ့်မယ်လို့ ဆရာမမျှော်လင့်ပါတယ်ကွယ်...အဲ့တော့ ပထမဆုံး အချင်းချင်းပိုရင်းနှီးသွားအောင်လို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြမယ်နော်..."
ဆရာမက ရှေ့ဆုံးတန်းမှကျောင်းသားလေးများကို စတင်ပြီး မိမိကိုယ်မိမိ မိတ်ဆက်ခွင့်ပြုလိုက်သည်။ ကလေးများ၏ကိုယ့်ကိုကိုယ်မိတ်ဆက်မှုက ထူးထူးခြားခြား ဆန်းသစ်တီထွင်ခြင်းမျိုးမရှိဘဲ အများစုက သူတို့၏အမည်ကို မိတ်ဆက်ပြီးသည့်နောက် အခြား ဘာပြောရမှန်း မသိတော့ချေ။ အချို့ဆိုလျှင် အလွန်ရှက်ကြောက်နေကြ၍ သူတို့၏စကားများပင် ထစ်ငေါ့ထစ်ငေါ့ ဖြစ်သွားကြသည်။
ဤပျင်းစရာကောင်းသည့် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခြင်းက ယင်းကဲ့သို့ ဆက်လက်ဖြစ်ပွားနေပြီး မကြာမီမှာပင် နောက်ဆုံးတန်း၏ရှေ့တစ်တန်းကို ရောက်လာခဲ့သည်။ အထူးသဖြင့် ထိုအတန်းတွင် လေးနက်နေသည့် မျက်နှာထားနှင့် ကောင်လေးတစ်ယောက် ရှိပေသည်။ ကောင်လေးက စင်ပေါ်ကို လျှောက်သွားပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"အားလုံး မင်္ဂလာပါ...ငါ့နာမည်က ကားလို့စ်လို့ခေါ်ပါတယ်...ငါက အယ်လ်ဖာတစ်ယောက် ဖြစ်ပြီးတော့ ဘာ့ရေ့ချ်မိသားစုကပါ...မင်းတို့အားလုံးနဲ့ အတန်းဖော်ဖြစ်ရတာကို ငါအရမ်းပျော်ပါတယ်...ရှေ့လျှောက် ငါတို့တွေ အဆင်ပြေပြေရှိသွားကြဖို့ မျှော်လင့်ပါတယ်..."
🍃🍃🍃