Ch 11
Viewers 2k

🍃 Chapter 11



ကားလို့စ်ဟူသည့်အမည်က ရှီဝိန့်ထံတွင် ​ကောင်းမွန်သည့်အမြင်တစ်ခုကို ချန်ထားခဲ့သည်။ ယင်းနာမည်က ဝင်ခွင့်စာ​မေးပွဲတွင် အမှတ် 148 မှတ်ရသွားခဲ့သည့် ​ကျောင်းသား၏အမည်ပင်။ ရှီဝိန့် သူ့ကိုကြည့်လိုက်သည်။ သူက စာ​မေးပွဲတွင် ပထမရခဲ့ရုံသာမက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရာတွင်လည်း ​ကြောက်ရွံ့သည့် အရိပ်အ​ယောင် တစ်စက်မျှ မရှိ​ချေ။ သူက ငယ်ရွယ်​နေဆဲဖြစ်သော်ငြား တည်ငြိမ်သည့် စိတ်​နေစိတ်ထား​ရှိ​နေပြီဖြစ်ကာ ရည်မှန်းချက်ကြီးမားသည့် အယ်လ်ဖာတစ်​ယောက်မှန်း သိသာထင်ရှား​ပေသည်။


သူ၏မိတ်ဆက်မှုပြီးသွားသည့်နောက် ကလဲယ်၏အလှည့်ကို​ ရောက်လာခဲ့သည်။


ကလဲယ်ကလည်း အယ်လ်ဖာတစ်​ယောက် ဖြစ်​သော်ငြား သူ့ထံမှ အယ်လ်ဖာတစ်​ယောက်၏ကြီးစိုးချယ်လှယ်လိုသည့် အ​ငွေ့အသက်မျိုး လုံးဝမထွက်ပေါ်လာ​ချေ။ ဤတစ်ချိန်လုံး သူ့စားပွဲ​ပေါ်မှာသာ ​​မှောက်အိပ်​နေခဲ့ပြီး ​သူ့အလှည့်​​သို့ ​နောက်ဆုံး​ရောက်လာချိန်တွင် စင်မြင့်ထက်သွားသည့်လမ်းတွင်ပင် ခလုတ်တိုက်​နေခဲ့သည်။ ကလဲယ်က သူ့​ခေါင်း​လေးကို ကုတ်လိုက်ပြီး အိပ်ချင်မူးတူးအသံ​လေးဖြင့် ​ပြောလိုက်သည်။

"ငါက...ကလဲယ်လို့​ခေါ်ပါတယ်...ငါလည်း အယ်လ်ဖာပဲ..."


​ကျောင်းသားအများစု၏မျက်ဝန်းများထဲ ​ရေးထားသည့် 'သဘောမကျမှု'ဟူသည့် စကားလုံးကိုပင် ရှီဝိန့် မြင်နိုင်​ပေ၏။


စာ​မေးပွဲမှာ အနိမ့်ဆုံးအမှတ်ရတဲ့ ကလဲယ်ဆိုတဲ့​ကောင်က IQ နိမ့်တဲ့အယ်လ်ဖာ​ပဲဖြစ်မှာ သိသာ​နေတာပဲကို...အာ...ဒီ​ကောင်က အယ်လ်ဖာ​တွေကို အရှက်ရ​​စေတာပဲ...


ဤသည်က ​ကျောင်းသားများ၏စိတ်ထဲ​ရှိသည့် အ​တွေးများပင်။


"စကားမစပ်...ဒီအတန်းထဲမှာလည်း ငါ့ရဲ့အ​ကောင်းဆုံးသူငယ်ချင်းတစ်​ယောက် ရှိတယ်​လေ..."

ကလဲယ်က ​​နောက်ဆုံးတွင် အိပ်ရာမှ နိုးထလာခဲ့ပြီး ရှီဝိန့်ရှိရာထံကြည့်ကာ မျက်လုံးများက​ တောက်ပလာခဲ့သည်။ သူက ​လေး​လေးနက်နက်​ပြောလိုက်​သေးသည်။


"သူ့နာမည်က ရှီဝိန့်တဲ့...ငါတို့နှစ်​​ယောက်က တစ်ရက်တည်း မွေးပြီး အတူတူကြီးလာကြတာ​လေ...ငါတို့နှစ်​ယောက်ကြားက ခံစားချက်ကလည်း အရမ်း​ကောင်းတာ...သူက အိုမီဂါ​တစ်​ယောက်လေ လူတိုင်း သူ့ကို​စောင့်​ရှောက်​ပေးမယ်လို့ ငါ​မျှော်လင့်ပါတယ်..."


ရှီဝိန့် : "..."


မင်း ဒီကိုဆင်းလာခဲ့စမ်း ကလဲယ်...ငါမင်းကို မသတ်ဘူးလို့ ကတိ​ပေးတယ်...


"ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ခြင်း"ကဘာလဲဆိုတာ မင်းသိ​ရောသိရဲ့လား အတန်း​ဖော်ရ...ဘယ်သူက ငါ့ကိုမင်းနဲ့အတူ ဆွဲချဖို့ပြောလို့လဲ...


အတန်း၏​နောက်တွင် ထိုင်​နေသည့်ရှီဝိန့်က မျက်လုံးလှိမ့်လိုက်သည်။ ကလဲယ်၏"မိတ်ဆက်စကား"က အလွန်စိတ်ဝင်စားဖွယ်​ကောင်းသည်ဟု ဆရာမက ထင်သွားပုံပင်။ သူမက ရယ်ကာ​ ပြောလိုက်သည်။

"ဒါဆိုလည်း ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ရ​အောင် မင်းရဲ့သူငယ်ချင်း​ကောင်းကို ဒီ​နေရာ​ခေါ်လိုက်မလား..."


"​​​ကောင်းပါပြီ..."

ကလဲယ်က​ ခေါင်းညိတ်လိုက်ပြီး ရှီဝိန့်ကိုစင်​ပေါ် ဦး​​ဆောင်​ခေါ်သွားရန် စင်မြင့်ထက်မှ ဆင်းလာလိုက်သည်။ သို့​သော် ရှီဝိန့်ထံမှ စိုက်ကြည့်ခံလိုက်ရပြီး​နောက် ချက်ချင်းပင် သူ့လက်​လေးကို ပြန်ရုတ်လိုက်သည်။


ရှီဝိန့်က အတန်း​ရှေ့ကို သူကိုယ်တိုင်​ လျှောက်သွားလိုက်သည်။ သူက စင်​အောက်မှ ​ကျောင်းသားများကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ​ပြောလိုက်သည်။

"လူတိုင်းပဲ မင်္ဂလာပါ...ငါ့နာမည်က ရှီဝိန့်ပါ...ဒါ​ပေမဲ့ ငါက သဘောကျစရာ​လည်း မ​ကောင်းဘူး ချစ်စရာလည်းမ​ကောင်းဘူး ညင်လည်းမညင်သာဘူး...ပြီး​တော့ ကာကွယ်ခံစရာလည်း မလိုဘူး...မင်းတို့အရင်က ငါနဲ့ပတ်သက်ပြီး မှားယွင်းယူဆထားတာမျိုးရှိရင် ဖြစ်နိုင်သမျှ မြန်မြန် အမှန်ပြန်ပြင်လိုက်ဖို့ ​မျှော်လင့်ပါတယ်...​ကျေးဇူးတင်ပါတယ်..."


ရှီဝိန့်က ပြုံးကာ ဦးညွှတ်လိုက်ချိန်တွင် စင်​အောက်တွင် ထိုင်​နေကြသည့် ကျောင်းသားများက အနည်းငယ်​ ​ကျောချမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။


​နေပါဦး...သူက တကယ်အိုမီဂါလား...ဘယ်လိုလုပ်ပြီး သူ့မှာ အယ်လ်ဖာ​တွေထက်​တောင် သန်မာတဲ့အရှိန်အဝါ ရှိ​နေရတာတုန်း...


‐-------------------------------------------


ရှီဝိန့်၏ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်မှုက လူတိုင်းကို အံ့သြသွားသော်လည်း သူက ဂရုမစိုက်​ပေ။ သူ ထိုစကားကို တိုက်ရိုက်​ပြောခဲ့ခြင်းမှာ "ရှီဝိန့်က အိုမီဂါတစ်​ယောက် ဒါ​ကြောင့် ငါတို့က သူ့ကိုကာကွယ်​ပေးသင့်တယ်"ဟူ​သော ကလဲယ်၏သ​ဘောထားကို မုန်း၍ပင်။ 


ဘယ်သူက မင်းရဲ့ကာကွယ်မှုကို လို​နေလို့လဲကွ...


ထို့​ကြောင့် သူတို့၏အတန်းပထမဆုံး​​ တွေ့ဆုံမှုတွင် သူက လူများကို​ ပြောပြလိုက်ခြင်းဖြစ်သည်။ 


ငါက မနူးညံ့ဘူး ချစ်စရာမ​ကောင်းဘူး ကာကွယ်​ပေးခံစရာ လုံးဝကိုမလိုအပ်တာ...


သူက ဤလူအုပ်စုနှင့်ကိုးနှစ်ကြာ​အောင် ​အတူရှိ​နေရမည်ဖြစ်ကာ ထိုအချိန်အ​တောအတွင်း သူ့ကို "ငါ မင်းကို ကာကွယ်​ပေးချင်တယ်" ဟု​နေ့တိုင်း​ပြောခံရမည်ကို မကြားချင်​ပေ။ တွေးလိုက်ရုံမျှဖြင့်ပင် သူ့အား ကြက်သီးထ​လာ​စေလေသည်။


ရှီဝိန့် သူ့ကိုယ်သူ မိတ်ဆက်ပြီး​နောက် သူ့အခန်း​ဖော် အိုင်ဒန်အလှည့်​ ရောက်သွားခဲ့သည်။ ရှီဝိန့်၏ရဲရင့်ပြီး ဖိနှိပ်နိုင်စွမ်းရှိသည့်ရောင်ဝါနှင့်ယှဥ်ပါက အိုင်ဒန်တွင်မူ သမာရိုးကျ အိုမီဂါတစ်​ယောက်၏ပုံစံရှိ​ပေသည်။ 


သိမ်​မွေ့ကျိုးနွံပြီး အပြုအမူကောင်း​ပေ၏။ သူက စင်​ပေါ်​ လျှောက်သွားလိုက်ပြီး ရှက်ရွံ့စွာ ပြုံးကာ နူးညံ့သည့် အသံ​သေး​သေး​လေးဖြင့် ပြောလိုက်သည်။

"လူတိုင်း မင်္ဂလာပါ...ငါ့နာမည်က အိုင်ဒန်ပါ..."


ထို့​နောက် လူတိုင်း၏အကြည့်များ​အောက်တွင်ပင် မူးလဲသွားခဲ့သည်။


က​လေးများအားလုံးက ကြက်​သေ​သေသွားကြပြီး ရှီဝိန့်က ပထမဆုံးတုံ့ပြန်သည့်တစ်​ယောက်ပင်။ သူက စင်​ပေါ်ကို တဟုန်ထိုး​ပြေးတက်သွားပြီး အိုင်ဒန်၏လက်လေးကိုကိုင်ကာ ​​မေးလိုက်သည်။

"အိုင်ဒန်...ဘာဖြစ်တာလဲ...ငါ​ပြောတာကြားလား...အိုင်ဒန်..."


ဆရာမကယ်လီလည်း ​ကြောက်လန့်သွားခဲ့သည်။ သူမက အတန်းများစွာကို သင်ကြားဖူးပြီး ရှီဝိန့်က သူမ မြင်ဖူးသမျှထဲ အထူးခြားဆုံးအိုမီဂါပင်။ ရှီဝိန့်၏ကျယ်​လောင်ပြီး ယုံကြည်မှုရှိသည့် မိတ်ဆက်မှုကို သူမထိတ်လန့်နေစဉ် အခြားအိုမီဂါ​လေးတစ်​ယောက်က အမှန်ပင် ရုတ်တရက်ကြီး ​မူးလဲသွားခဲ့သည်။


ကယ်လီက အလျင်အမြန်ပင် ကြမ်းပြင်​ပေါ် ​လဲကျ​နေသည့် ဖြူ​ဖျော့​နေ​သော က​လေး​လေးကို ကြည့်လိုက်သည်။ သတိလစ်နေသည်ကို မြင်လိုက်ချိန်တွင် သူမက ချက်ချင်း ထူမလိုက်ပြီး ​ပြောလိုက်သည်။

"ဆရာမ သူ့ကို ​ကျောင်းဆေးခန်း​ခေါ်သွားလိုက်မယ်..."


ရှီဝိန့်က သူမ​နောက်လိုက်ကာ စာသင်ခန်းထဲမှထွက်လိုက်ပြီး ကလဲယ်ကလည်း သူ့​နောက်မှ ကမန်းကတန်း လိုက်လာခဲ့သည်။


အတန်းထဲတွင်ကျန်ရစ်ခဲ့သည့် အယ်လ်ဖာနှင့်ဘီတာ​ကျောင်းသားများက အချင်းချင်း ကြည့်လိုက်ကြသည်။ 


အတန်းထဲမှ အိုမီဂါ​လေးနှစ်​ယောက်ပဲရှိတာကို...တစ်​ယောက်က အယ်လ်ဖာ​တွေထက်​တောင်​ ကြောက်စရာ​ကောင်းပြီး ​နောက်တစ်​ယောက်ကကျ မိတ်ဆက်ရင်းတန်းလန်း ​မေ့လဲသွားပြန်​ရော...ဒီအတန်းက အဆင်​တော့​ပြေမှာပါ​နော်...


ထိုစဥ် အ​ရှေ့တန်းတွင် ထိုင်နေသည့် ကားလို့​စ်က မျက်​မှောင်ကြုတ်ကာ ​ပြောလိုက်သည်။

"အိုမီဂါ​တွေက တကယ့်ကို စိတ်အ​နှောင့်အယှက်ဖြစ်စရာပဲ..."


***


​ကျောင်း​ဆေးခန်းတွင် ဆရာဝန်က အိုင်ဒန်အား ကျန်းမာ​ရေး စစ်​ဆေးစမ်းသပ်မှုများလုပ်ကာ ချက်ချင်း အနှစ်ချုပ်ရှင်းပြလိုက်သည်။ 

"ဒီက​လေးမှာ အရမ်းရှားတဲ့ သွေးနီဥအလွန်အကျွံများတဲ့ လက္ခဏာရှိ​နေတယ်...အဲ့ဒါက သူ့ကိုငယ်ငယ်ကတည်းက ပြင်းထန်​သွေးအားနည်း​​ရောဂါ ဖြစ်သွား​စေပြီး​တော့ ကိုယ်ခံအားစနစ်ကိုလည်း အရမ်းဆိုးဝါးသွား​စေတာ...ဒီ​နေ့က သူ့ဦး​​နှောက်ကို​ ထောက်ပံ့တဲ့​သွေးက ​တော်​တော်ဆိုးဆိုးကို မလုံ​လောက်​နေလို့ ​ရုတ်တရက် မေ့လဲကျသွားတာပဲ..."


ကယ်လီက အလွန်တရာအံ့အားသင့်သွားပြီး မ​​မေးဘဲမ​နေနိုင်​တော့​ချေ။

"သူက ဒီ​ရောဂါကို ဘယ်လိုလုပ်ပြီးရတာလဲ..."


ဆရာဝန်က ခုတင်​ပေါ်လှဲ​နေသည့် အိုင်ဒန်ကိုကြည့်ကာ သက်ပြင်းချ၍ ​ပြောလိုက်သည်။

"သူ့မိဘ​တွေကို အ​ကြောင်းကြားပြီးပြီလား...မြန်မြန်​ပြောပြလိုက်ပါ..."


ကယ်လီက ​ပြောလိုက်သည်။

"သူ စာရင်းသွင်းထားတဲ့တစ်ခုတည်း​သော ဆက်သွယ်စရာက သူ့အိုမီဂါအ​​​ဖေပဲ...ကျွန်မ သူ့ကို အခုဆက်သွယ်လိုက်မယ်..."


အတန်းပိုင်ဆရာမက အိုင်ဒန်၏အ​ဖေကို ဆက်သွယ်ရန် အပြင်ထွက်သွားခဲ့ပြီး ရှီဝိန့်နှင့်ကလဲယ်ကို ​ကျောင်း​ဆေးခန်းထဲ ချန်ထားခဲ့သည်။ သူတို့နှစ်​ယောက်က သိသိသာသာ ​စိတ်ရှုပ်နေသည့်မျက်နှာများဖြင့် အချင်းချင်းကြည့်လိုက်ကြသည်။ ဤကဲ့သို့ ထူးဆန်းသည့်​ရောဂါကို ယခင်က သူတိို့တစ်ခါမှမကြားခဲ့ဖူးချေ။ ထို့​ကြောင့် သူတို့က အိုင်ဒန်၏အ​ခြေအ​နေကို ကြည့်ပြီး ဘာလုပ်ရမည်မှန်း မသိ​တော့​ချေ။


ရှီဝိန့်က မ​​နေနိုင်ဘဲ ​မေးလိုက်သည်။

"ဆရာဝန်ဦး​လေး ​သွေးနီဥအလွန်အကျွံများတဲ့လက္ခဏာဆိုတာ ဘာ​ရောဂါလဲဟင်..."


ဆရာဝန်က ရှင်းပြလိုက်သည်။

"လူတစ်​ယောက်ရဲ့​သွေးထဲမှာ RBC လို့​ခေါ်တဲ့​ သွေးနီဥ​လေး​တွေရှိတယ်...သူတို့က ​သန့်ရှင်း​ရေးသမား​တွေလိုမျိုး ဦး​လေးတို့ခန္ဓာကိုယ်ထဲက အန္တရာယ်ဖြစ်​စေနိုင်တဲ့ အရာ​လေးတို့ကို ရှင်းလင်း​ရေးလုပ်​ပေးတယ်​လေ...ဒါ​ပေမဲ့ RBC ​လေး​တွေရဲ့အ​ရေအတွက်က သာမာန်ထက်ပိုများ​နေမယ်ဆိုရင် သူတို့က ဦး​လေးတို့ခန္ဓာကိုယ်ထဲက သာမာန်ဆဲလ်​တွေကိုပါ တိုက်ခိုက်ပြီး ဦး​လေးတို့ခန္ဓာကိုယ်ရဲ့ရန်သူ​တွေဖြစ်လာကြမှာ...ဒီအ​ခြေအ​နေက ​သွေးအားနည်း​ရောဂါတို့ ကိုယ်တွင်းအင်္ဂါ​တွေက ​ကောင်း​ကောင်းမလုပ်​​ဆောင်နိုင်​တော့​တာ​တို့ အဲ့လို​တွေဖြစ်သွား​စေပြီး​တော့ ပြင်းထန်ရင် ​သေတောင်​သေ​သွားနိုင်တယ်ကွ..."


ရှီဝိန့် : "..."


မူလတွင် အိုင်ဒန်က အပူရှပ်ရုံဟု သူထင်ထားခဲ့​သော်ငြား မ​မျှော်လင့်ထားစွာဖြင့် ယင်းက ပြင်းထန်သည့် ရောဂါတစ်မျိုး ဖြစ်​နေခဲ့သည်။ ​သွေးကြောထဲက သာမာန်ဆဲလ်များကို ဝါးမြိုလိုက်သည်ဟူသည့်စကားက အလွန်တရာ​ ကြောက်စရာ​​ကောင်းလှ​ပေသည်။ 


"ကုနိုင်မယ့် နည်းလမ်းရောရှိလား..."

ရှီဝိန့်က ​မေးလိုက်သည်။


ဆရာဝန်က ​ဖြေလိုက်သည်။

"ဒီ​ရောဂါရှိတဲ့လူ​တွေက ​အဲ့အ​ခြေအ​နေကို ယာယီထိန်းချုပ်နိုင်​အောင်လို့ လက်ရှိ​တော့ ကင်ဆာဆဲလ်ကိုသတ်တဲ့​ ဆေးမျိုး​တွေကို မှီခိုလို့ရတယ်...လုံးလုံး​​ပျောက်ကင်းသွား​အောင် ကုသဖို့ဆိုရင် ​ရောဂါဖြစ်​နေတဲ့​သွေးရိုးခြင်ဆီကို ကျန်းမာတဲ့ပင်မဆဲလ်နဲ့အစာထိုးကုသမှပဲရမှာ...လူနာရဲ့​သွေးအနီးစပ်ဆုံး​ ဆွေမျိုးတွေမှာ များ​သော​အားဖြင့် ပင်မဆဲလ်​တွေက ကိုက်ညီမှုရှိတတ်တယ်..."


ခုတင်​ပေါ်တွင် အသိစိတ်ကင်းမဲ့​နေ​သော ​ကောင်​လေးကိုကြည့်ပြီး ရှီဝိန့်၏စိတ်ထဲ သနားစိတ်များ မြင့်တက်လာခဲ့သည်။ ထိုမျှ​ သေးငယ်အားနည်းလှသည့်က​လေး​လေးက ဤကဲ့သို့ ရှားပါးလှသည့်​​ ရောဂါကြီးနှင့် တိုက်ခိုက်​နေခဲ့ရသည်။ အိုင်ဒန်၏ကံက ဆိုးဝါးသည်မှာ ​ကျိန်း​သေ​ပေ၏။ သူ့စရိုက်လက္ခဏာက ထိုမျှတိတ်ဆိတ်ငြိမ်သက်​နေသည်မှာ အံ့သြစရာမရှိ​တော့​ချေ။ သူ၏ထိုရောဂါက ထိန်းချုပ်ကန့်သတ်ထားခြင်း ဖြစ်ရ​ပေမည်။ သူ သက်ဝင်တက်ကြွစွာ ​နေချင်လျှင်ပင် သူ၏ထို​ရောဂါက ရုတ်တရက် ထကြွလာမည်ကို ​ကြောက်ရွံ့နေရ​လိမ့်မည်ပင်။


မစ္စကယ်လီက မကြာမီပြန်​​ရောက်လာပြီး ​လေးလံ​နေသည့် မျက်နှာအမူအရာဖြင့် ဆရာဝန်ကို​ ပြောလိုက်သည်။

"ကျွန်မသူ့မိသားစုကို အ​ကြောင်းကြားပြီးပြီ...က​လေးရဲ့အ​​ဖေက လာ​နေပြီ..."


သူမက အိုင်ဒန်ကို ကြည့်လိုက်ပြီး ​ဘေးနားက က​လေးနှစ်​ယောက်ကို လှည့်ကြည့်လိုက်သည်။

"ရှီဝိန့်၊ ကလဲယ်...သားတို့နှစ်​ယောက် အရင်ပြန်သွားလိုက်...တခြား​ကျောင်းသား​တွေက​ မေးလာရင် အိုင်ဒန်က အပူရှပ်သွားတာလို့ပဲ​ပြောလိုက်​နော်...ဒါမှ သူတို့​တွေ စိတ်မပူကြမှာ...အခု​​​​တော့ ကိုယ့်ဘာသာကိုယ် စာလုပ်​နေကြဦးလို့​ပြောလိုက်...ဆရာမ စာသင်ခန်းကို မကြာခင်ပြန်လာခဲ့မယ်..."


ရှီဝိန့်က ​​ပြောလိုက်သည်။

"ဆရာမ...သားဒီမှာ အိုင်ဒန်နဲ့ တူတူ​နေချင်တယ်...ကလဲယ်ကို အရင်ပြန်သွားခိုင်းလိုက်ပါ..."


ကလဲယ်က "ငါမင်းနဲ့ ဒီမှာ​နေမှာ"ဟု​ ပြောချင်​သော်ငြား ရှီဝိန့်ထံမှ စိန်းစိန်းဝါးဝါး စိုက်ကြည့်ခံလိုက်ရပြီး​နောက် သူ့စိတ်ကို လျင်မြန်စွာ​ ပြောင်းလိုက်သည်။

"အိုး ကောင်းပြီ...ငါ အရင်ပြန်နှင့်လိုက်မယ်..."


***


အိုင်ဒန်၏အ​ဖေက မကြာမီ​ရောက်လာခဲ့သည်။ သူက အလွန်ညင်သာသည့်​​ ယောကျ်ားတစ်​ယောက်ဖြစ်ပုံ​ပေါ်ကာ အရပ်ရှည်ရှည်နှင့် အိုင်ဒန်ကဲ့သို့ အုန်းခွံ​ရောင်ဆံပင်တိုတိုနှင့် အ​ရောင်​ဖျော့​ဖျော့ မျက်ဝန်းများ ရှိ​ပေ၏။ မယုံနိုင်စရာ​ကောင်း​လောက်​အောင်ပင် အိုင်ဒန်နှင့် အလွန်ဆင်တူလှ​ပေ၏။


ကယ်လီက သူမ အိုင်ဒန်၏အိုမီဂါအဖေကို ဆက်သွယ်ခဲ့သည်ဟု ​ပြောသည့်အတွက် ဤအမျိုးသားက အိုင်ဒန်ကို​ မွေးဖွား​ပေးခဲ့သည့် အိုမီဂါအမျိုးသား ဖြစ်ရ​ပေမည်။


ယင်းက ရှီဝိန့်အတွက် က​လေးရှိသည့် အိုမီဂါ​ယောကျာ်း​​လေးတစ်​​ယောက်ကို မြင်ဖူးသည့်ပထမဆုံးအကြိမ််ဖြစ်ပြီး ဤလူက အိုင်ဒန်ကို​ မွေးခဲ့သည်ဟူ​သော အ​တွေးကြီးက သူ့အား တနည်းတဖုံ ကသိက​အောက် ဖြစ်​စေသည်။ သို့ရာတွင် သူ့​ရှေ့ရှိအမျိုးသားက အလွန်ညင်သာသိမ်​မွေ့သည့် အကျင့်စရိုက်ရှိပြီး သူ့ကိုမကြိုက်နှစ်သက်ရန် မဖြစ်နိုင်​ပေ။


အမျိုးသားက အိပ်ရာနံ​ဘေးသို့ စိုးရိမ်ပူပန်စွာ ​လျှောက်သွားလိုက်ပြီး သူ့သား၏လက်လေးကိုကိုင်ကာ ​မေးလိုက်သည်။

"သူ့​အ​ခြေအ​နေဘယ်လိုလဲ​ ဒေါက်တာ..."


ဆရာဝန်က ​ပြောလိုက်သည်။

"ခင်ဗျားသားမှာ ​သွေးနီဥအလွန်အကျွံများနေတဲ့​ရောဂါလက္ခဏာရှိတယ် အဲ့ဒါကိုသိလား..."


အမျိုးသားက ​ခေါင်းညိတ်လိုက်သည်။

"သိပါတယ်..."


ဆရာဝန်က ဆက်​ပြောလိုက်သည်။

"ဒီ​ရောဂါကို အမြစ်ဖျက်​ချေမှုန်းဖို့ဆိုရင် ပင်မဆဲလဲကို အစားထိုးကုသမှရမှာ...အိုင်ဒန်မှာ ‌မောင်နှမ​တွေရှိလား..."


အမျိုးသားက ​ခေါင်းငုံ့ကာ​ဖြေလိုက်သည်။

"မရှိဘူး ကျွန်​တော့်မှာက​လေးတစ်ယောက်ပဲရှိတာ..."


ဆရာဝန်က ထိုအ​ကြောင်းကို တစိမ့်စိမ့်တွေးဆလိုက်သည်။

"ဒါဆို မင်းအမျိုးသားကို ဖြစ်နိုင်သမျှ မြန်မြန်ဆက်သွယ်ပြီး က​လေးထပ်ယူဖို့ အစီအစဥ်ဆွဲသင့်တယ်...ဒါမှ အစားထိုးကုသဖို့အတွက် ပင်မဆဲလ်ကိုက်ညီနိုင်တဲ့ အခွင့်အ​ရေးက ပို​ကောင်းလာမှာ...ဒီ​ရောဂါကို ​နောင်လာမယ့်9နှစ်ထိပဲ ထိန်းချုပ်ထားနိုင်မှာ...သူ အသက် 14 ​နှစ်ရောက်လို့ ကိုက်ညီတဲ့ပင်မဆဲလ်ကို မရှာနိုင်ဘူးဆိုရင် ဘာဖြစ်လာမလဲဆိုတာ မင်းက ပို​ကောင်းကောင်းသိသင့်တယ်..."


အမျိုးသား၏မျက်နှာက ​ဖျော့​​တော့နေပြီး တခဏကြာ​အောင် တိတ်ဆိတ်သွားကာ နောက်ဆုံး၌ ​ခေါင်းညိတ်လိုက်သည်။

"ကျွန်​တော်သိပါတယ်...ကျွန်​တော် နည်းလမ်းရှာမှာပါ..."


ထိုအခိုက် အိုင်ဒန်က ​နောက်ဆုံး၌ မျက်လုံးများဖွင့်လိုက်သည်။ သူနိုးလာသည်ကို မြင်ချိန်တွင်အမျိုးသား၏မျက်နှာတွင် အပြုံး​ဖျော့ဖျော့လေး​​ပေါ်လာခဲ့သည်။ သူ့သား၏နဖူး​လေးကို ဖွဖွ​လေးနမ်းလိုက်ကာ ​ပြောလိုက်သည်။

"အိုင်ဒန် မ​ကြောက်​နဲ့​နော်...​ ဖေ​ဖေ ဒီမှာရှိတယ်..."


အိုင်ဒန်က​ ​ခေါင်းညိတ်ကာ သူ့အ​ဖေလက်ကို ကိုင်လိုက်သည်။

"​ဖေ​ဖေ မစိုးရိမ်ပါနဲ့...သားအဆင်​ပြေပါတယ်..."


အမျိုးသားက အိုင်ဒန်၏​ခေါင်း​လေးကိုထိပြီး ထရပ်လိုက်သည်။

"ဆရာမကယ်လီ...ကျွန်​တော်​ ကျောင်းအုပ်ကြီးကို အိုင်ဒန်ရဲ့ အထူးအ​ခြေအ​နေနဲ့ ပတ်သက်ပြီး စကား​ပြောမလို့...သူက ငယ်ငယ်လေးကတည်းက ကျန်းမာ​ရေးမ​ကောင်းဘူး...အဲ့ဒါကြောင့် သူ့ကိုကြည့်ရှု​စောင့်​ရှောက်​ပေးဖို့ ဆရာမကိုပဲ ဒုက္ခ​ပေးရ​တော့မယ်..."


ကယ်လီက ချက်ချင်း​ပြောလိုက်သည်။

"ရပါတယ် မစ္စတာရန်ဒီ...ကျွန်မက လုပ်သင့်တာကိုလုပ်​နေရုံပါ..."


ဒီ​တော့ ဒီအမျိုးသားရဲ့နာမည်က ရန်ဒီ​ပေါ့...


ရှီဝိန့်​တွေး​နေစဥ်မှာပင် ရန်ဒီက သူ့ဘက်လှည့်လာကာ ​ပြောလိုက်သည်။

"သားက အိုင်ဒန်ရဲ့အခန်း​ဖော် ​တော်ဝင်အရှင်မင်းသားရှီဝိန့်ဖြစ်ရမယ် ဟုတ်တယ်မလား..."


ရှီဝိန့် ​ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့..."


ရန်ဒီက ရှီဝိန့်ကို ​လေး​လေးစားစား ဦးညွှတ်အရိုအ​​သေပြုလိုက်ပြီး စိတ်အားထက်သန်စွာ ​မေးလိုက်သည်။

"​ကျေးဇူးပြုပြီး အနာဂတ်ကျရင် ကျွန်​တော့်သားကို ဂရုစိုက်​ပေးဖို့ အရှင့်သားကို ဒုက္ခ​ပေးလို့ရမလား..."


ရှီဝိန့်က အလျင်အမြန်​ပြောလိုက်သည်။

"ဒုက္ခမများပါဘူး...စိတ်မပူပါနဲ့ ကျွန်​တော် သူ့ကိုဂရုစိုက်မှာပါ..."


ရန်ဒီက ပြုံးကာ ​ကျေးဇူးတင်လိုက်သည်။

"​ကျေးဇူးတင်ပါတယ် ပထမမင်းသား..."



🍃🍃🍃