Ch 12
Viewers 2k

🍃 Chapter 12

မကောင်းဆိုးဝါးအတန်း (Part 1)



ရှီဝိန့်က အမျိုးသား၏အပြုံး​ကြောင့် အနည်းငယ် မှင်တက်သွားခဲ့ရသည်။ ယင်းအပြုံးက အလွန်ပင် ကြည့်​ကောင်းလှသည်ပင်။ အိုင်ဒန်၏ရုပ်ရည်သွင်ပြင်က သူ့အ​ဖေထံမှ အ​မွေရထားသည်မှာ သိသာလှ​ပေ၏။ သူတို့နှစ်​ယောက်လုံးက ပုံစံခွက်တစ်ခုတည်းမှ ထွင်းထုထားသလိုမျိုးပင် အ​သေးစားဗားရှင်း​လေးနှင့် အကြီးစားဗားရှင်းသာ ကွာလေသည်။ ဤအိုမီဂါဖခင်နှင့် က​လေးကြားရှိ ​သွေးချင်းရင်းနှီးမှုနှင့် ချစ်ခင်မြတ်နိုးမှုက အလွန်ပင် အံ့သြစရာ​ကောင်းပြီး အလွန်တရာ နွေး​​ထွေးလှပေ၏။ 


ဤနှစ်​ယောက်ကို မြင်ရသည်မှာ ​ရင်ကို နွေး​ထွေး​စေ​သော်ငြား သူ့ကိုယ်ပိုင်က​လေးကို​ မွေး​နေရသည့် သူ့ကိုယ်သူကို စိတ်ကူးကြည့်ရန်မူ ရှီဝိန့် ငြင်းပယ်​နေဆဲပင်။


ရန်ဒီနှင့်ကယ်လီက ​ကျောင်းအုပ်ကြီးကို သွားရှာစဥ် ရှီဝိန့်က ​​ကျောင်းဆေးခန်းထဲတွင် သူ့အခန်း​ဖော်နှင့် ​နေရစ်ခဲ့သည်။ အိုင်ဒန်က သူ့လက်​သေး​သေး​လေးကို ဆန့်ထုတ်ပြီး ရှီဝိန့်၏လက်​လေးကို ညင်ညင်သာသာ​လေး ဆုပ်ကိုင်ကာ ​ပြောလိုက်သည်။

"ရှီဝိန့် တခြား​ကျောင်းသားတွေကို ငါ​နေမ​ကောင်းဖြစ်တဲ့အ​ကြောင်း မ​ပြောနဲ့​နော်..."


ရှီဝိန့်က ပြုံးလိုက်သည်။

"ဟုတ်ပါပြီ...ငါမင်းကို ကူပြီးလျှို့ဝှက်ထား​ပေးပါ့မယ်..."


အိပ်ရာ​ပေါ် လှဲ​နေသည့် က​လေး​လေးက ​အားနည်းစွာပြုံးလိုက်ပြီး ယုံကြည်အားကိုးမှုများ ပြည့်​နေသည့် မျက်ဝန်း​လေးများဖြင့် ရှီဝိန့်ကို ကြည့်လိုက်သည်။ 

"ငါမင်းကို မမြင်ခင်တုန်းက ပထမမင်းသားက အရမ်းမာနကြီးပြီး ​ပေါင်းသင်းဆက်ဆံရခက်မယ်လို့ ထင်ခဲ့တာ...ဒါ​ပေမဲ့ မင်းက အရမ်းလိုက်​လျောညီ​ထွေရှိပြီး ငါ့အ​ပေါ်လည်း အရမ်း​ကောင်းတယ်..."


က​လေး​လေးက သူ့အခန်းဖော်၏အပြုအမူများ​ကြောင့် စိတ်လှုပ်ရှားသွားသည်မှာ သိသာလှပေ၏။ ထို့​ကြောင့် ရှီဝိန့်ကပြုံးကာ သူ့​ခေါင်း​လေးကို ကိုင်လျက် ပြောလိုက်သည်။

"​ကောင်း​ကောင်းအနားယူ...ငါမင်းကို ဒီမှာအ​ဖော်ပြု​ပေးမယ်..."


သူတို့နှစ်​ယောက်လုံးက ရွယ်တူဖြစ်​သည်မှာ ရှင်း​နေ​သော်ငြား ရှီဝိန့်က အိုင်ဒန်ကို ဂရုစိုက်​စောင့်​ရှောက်​နေသည့် လူကြီးတစ်​ယောက်ကဲ့သို့ ပြုမူကာ သူ့ခုတင်​ဘေးတွင် မိဘတစ်​ယောက်ကဲ့သို့ ထိုင်ချ၍ အိုင်ဒန်၏​ခေါင်း​လေးကိုထိလျက် ​ရေငှဲ့​ပေးပြီး တိုက်ပင်တိုက်လိုက်​သေးသည်။ 


ယင်းမြင်ကွင်းက အံ့အားသင့်စရာပင်။


ဆရာဝန်က အိုင်ဒန်၏အပူချိန်ကို စစ်​ဆေးရန် ဝင်လာချိန်တွင် ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ပြီး မရယ်ဘဲမ​နေနိုင်တော့​ပေ။ သူက ​တွေးလိုက်သည်။


ဒီက​လေးငယ်လေးနှစ်​ယောက်လုံးက အိုမီဂါ​တွေဆို​ပေမယ့် သူတို့ရဲ့စိတ်​နေစိတ်ထားက​​တော့ တကယ်မတူဘူးပဲ...


***


ကလဲယ် စာသင်ခန်းသို့ပြန်​ရောက်လာချိန်တွင် သူ့အခန်းက မည်မျှဖရိုဖရဲဖြစ်နေသည်ကို ​တွေ့လိုက်ရသည်။ ​ကျောင်းသား​လေးများက နှစ်​ယောက်တစ်အုပ်စု၊ သုံးယောက်တစ်အုပ်စု စု​ဝေး​နေကြပြီး ကလဲယ်ပြန်လာသည်ကို မြင်ချိန်တွင် တစ်ယောက်က ချက်ချင်း​မေးလိုက်သည်။

"အိုင်ဒန် ဘာဖြစ်တာလဲ...ဆရာမက ဘယ်အချိန်မှပြန်လာမှာလဲ..."


ကလဲယ်က ရှင်းပြလိုက်သည်။

"အားလုံး မစိုးရိမ်ကြပါနဲ...အိုင်ဒန်က အပူရှပ်သွားလို့ ​မေ့လဲသွားတာပါ...သူတို့ မကြာခင်ပြန်လာမယ်လို့ ဆရာမက​ ပြောလိုက်တယ်..."


သူ့နံ​ဘေးတွင် ထိုင်​နေသည့် ကားလို့စ်က တစ်ကြိမ်ထပ်ပြီး မျက်​မှောင်ကြုတ်ကာ ​ပြောလိုက်သည်။

"အိုမီဂါ​တွေက တကယ်ဒုက္ခ​​ပေးတာပဲ..."


ဤစကားက ရှီဝိန့်အပါအဝင် အိုမီဂါအားလုံးကို သိမ်းကျုံးပြောလိုက်ခြင်းပင်။ ကလဲလ်က သူ့ဘက်လှည့်ကာ ​မေးလိုက်သည်။

"အိုမီဂါ​တွေက ဘယ်လိုဒုက္ခ​ပေးလို့လဲ..."


ကားလို့စ်က ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။

"ငါတို့အကုန်လုံးက လူသားတွေမှန်းသိသာ​နေတာကို ဒါ​ပေမဲ့ သူတို့ကကျ နှစ်တိုင်း estrus လို့​​ခေါ်တာကိုလည်း ကြုံရဦးမယ် ပြီးရင် သုံးရက်သုံးည​လောက်က ​သေချာ​ပေါက် သူတို့ကို ဂရုစိုက်ပေးရဦးမယ်...ပြီး​​တော့ အိုမီဂါ​တွေက ငယ်ငယ်ကတည်းက ​နေမ​ကောင်းဖြစ်နေကြတာ ဒီဟာလည်းမလုပ်နိုင်ဘူး ဟိုဟာကိုလည်း မလုပ်နိုင်ဘူးနဲ့...​တစ်ခါတစ်လေ​လေး ​နေပူဆာလှုံတာက​တောင် သူတို့ကို မေ့လဲသွား​စေနိုင်​သေးတယ်...အိုမီဂါ​တွေရဲ့ဖြစ်တည်မှုက ဒုက္ခ​ပေး​နေတာလို့ မင်းမထင်ဘူးလား.."


ကလဲယ် : "..."


သူ​​ပြောသည်ကို ကြားသည့် ကျန်အယ်လ်ဖာများက ကြက်​သေ​သေသွားကြသည်။ အယ်လ်ဖာတစ်​ယောက်အ​နေဖြင့် ထိုအိုမီဂါများကို ကာကွယ်​စောင့်​ရှောက်​ပေးချင်စိတ် မရှိရုံသာမက ထိုရှားပါးလှသည့် အိုမီဂါ​များက အလွန်လည်း ဒုက္ခ​ပေးလှသည်ဟု သူက အမှန်တကယ်ပင် ​တွေးမိခဲ့သည်။ 


ဒီလိုအ​တွေးအမြင်က...နည်းနည်း​တော့ ထူးခြားတယ်...


ထိုအချိန်က စိန့်​ပေါအကယ်ဒမီ၏ 579 ကြိမ်မြောက် အတန်း(1)က "မွန်းစတားများစု​ဝေးရာအခန်း"ဖြစ်သည်ကို ​ဤကျောင်းသား​လေးများက နားလည်သ​ဘောမ​ပေါက်​သေးခဲ့​ချေ။


---------------------------------


သူ အလွန်အားနည်းနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ မကြာမီ အိုင်ဒန်မှာ ပြန်လည်အိပ်ပျော်သွားခဲ့သည်။ ကယ်လီက အိုင်ဒန်၏ဖခင်ဖြစ်သူ ရန်ဒီနှင့် မကြာမီ ပြန်ရောက်လာခဲ့သည်။ သူတို့ ပြန်လာချိန်အထိ ရှီဝိန့်က လူနာဆောင်ထဲတွင် အိုင်ဒန်အား အဖော်ပြုပေးခဲ့သည်။ ရန်ဒီက သူ့သားလေး ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နေသည်ကို ကြည့်ပြီး ခုတင်ဘေးရှိ ကုလားထိုင်၌ ဝင်ထိုင်လိုက်သည်။ ထို့နောက် လက်ကိုဆန့်ပြီး သားဖြစ်သူ၏ဆံပင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။


ဤသားအဖကြားရှိ ဆက်ဆံရေးက အလွန်နွေးထွေးပုံရ၏။ သို့သော် အိုင်ဒန်၏မိဘများက မရိုးရှင်းသည်မှာ သေချာကြောင်း ရှီဝိန့်၏ ဝမ်းတွင်းအသိမှ ခံစားနေရသည်။


ဒီလိုမှမဟုတ်ရင် အယ်လ်ဖာနဲ့ အိုမီဂါအတွဲက ဒီလောက်နှစ်တွေ ကြာတာတောင် သားသမီးအဖြစ် ဘယ်လိုလုပ်ပြီး အိုင်ဒန်တစ်ယောက်တည်းကို မွေးရမှာလဲ... ဘုရင်မအန်နာနဲ့ ဧကရာဇ်ထရန့်တို့ကိုပဲ ဥပမာအနေနဲ့ ကြည့်ကြည့်လေ...


ပျမ်းမျှအားဖြင့် နှစ်ယောက်အကြားတွင် ကောင်းမွန်သောခံစားချက်ရှိသည့် အယ်လ်ဖာ-အိုမီဂါ စုံတွဲတစ်တွဲအနေနှင့် အိုမီဂါ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေက ခံနိုင်ရည်ရှိသရွေ့ နှစ်နှစ် သို့မဟုတ် သုံးနှစ်လျှင် တစ်ကြိမ် ကလေးယူကြပေလိမ့်မည်။ Estrus ကာလအတွင်း ရှိနေသော အိုမီဂါတစ်ယောက်က ကိုယ်ဝန်ရရန် အခွင့်အလမ်း အလွန်များသည်။ ထို့ကြောင့် အသက်ငါးနှစ်အရွယ် ရှီဝိန့်ထံတွင် အယ်လစ်ကာနှင့် ရှီလင်း ဟူ၍ ညီမလေးနှစ်ယောက်ရှိနေပြီဖြစ်သည်။ ရန်ဒီထံတွင်  ကလေးဟူ၍ အိုင်ဒန်တစ်ယောက်တည်းသာရှိသောကြောင့် ထူးဆန်းလှသည်။


အိုင်ဒန်က တစ်ဦးတည်းသော ကလေးဖြစ်ပြီး ၎င်းက အင်ပါယာတွင် အထူးအဆန်းကိစ္စတစ်ခုပင်။


သူ့စိတ်က အလွန်ရှုပ်ထွေးသွားသော်လည်း ရှီဝိန့်လည်း အခြားသူများ၏ မိသားစုကိစ္စကို တိုက်ရိုက် မေးမထွက်နိုင်ပေ။ သူက အိုင်ဒန်၏ရောဂါနှင့် ပတ်သက်ပြီး အနည်းငယ်စိုးရိမ်မိသည်။ အသက် ၁၄ နှစ် မပြည့်မီ အိုင်ဒန်က ဤထူးဆန်းသောသွေးရောဂါကို သေသေချာချာ အမြစ်ပြတ်ကုသပေးနိုင်မည့် သင့်လျော်သော ပင်မဆဲလ်ကို ရှာတွေ့နိုင်ရန် ရှီဝိန့် မျှော်လင့်မိသည်။


ရန်ဒီက ဤနေရာ၌ သူ့သားကို အဖော်ပြုပေးနေသောကြောင့် ရှီဝိန့်က သူတို့ကို မနှောင့်ယှက်ချင်‌ပေ။ ထို့ကြောင့် သူက တိတ်တဆိတ် မတ်တတ်ထရပ်ပြီး သူ့ဆရာမနှင့်အတူ အခန်းအပြင်ဘက်သို့ ထွက်သွားခဲ့သည်။


ကယ်လီက ရှီဝိန့်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"မင်းရဲ့အခန်းဖော်အတွက် အရမ်းကြီးစိတ်ပူနေစရာ မလိုပါဘူး... အခုအချိန်မှာ ဆေးဘက်ဆိုင်ရာ နည်းပညာတွေကလည်း အရမ်းတိုးတက်နေပြီ‌လေ... အိုင်ဒန်ရဲ့ရောဂါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုတော့ သေချာပေါက်ရှိမှာပါ"


"ဟုတ်ကဲ့…"

ရှီဝိန့် ခေါင်းညိတ်ပြပြီး မေးလိုက်သည်။

"ဆရာမ... ဆရာဝန်က ပြောတယ်... သူ့ဆွေမျိုးတွေထဲကနေ သူနဲ့ကိုက်ညီတဲ့ ပင်မဆဲလ်ကို ရှာဖို့လိုတယ်တဲ့... အဲဒီပင်မဆဲလ်ကို တခြားသူဆီကနေ ရှာလို့မရဘူးလား…"


သူစိမ်းတစ်ယောက်နှင့် ကိုက်ညီနိုင်ခြေက အလွန်နည်းသော်လည်း ဖြစ်နိုင်ချေရှိဆဲပင်။ ယခင်က လူတစ်ယောက်က သူနှင့် ကိုက်ညီသော ပင်မဆဲလ်များကို သူစိမ်းတစ်ဦးထံမှ ရှာတွေ့ခဲ့သည်ဟူသော ဖြစ်ရပ်တစ်ခုကို ရှီဝိန့် ကြားဖူးသည်။ ထိုအချိန်မှစ၍ နှစ်ရာနှင့်ချီကြာလာသည်နှင့်အမျှ ဆေးဘက်ဆိုင်ရာနည်းပညာများကလည်း ပိုမိုဖွံ့ဖြိုးလာပြီဖြစ်သည်။ ထိုကြောင့် သွေးရောဂါအတွက် ကုသမှုကလည်း သူ၏ယခင်ဘဝကထက် ပိုပြီးတိုးတက်ကောင်းမွန်လိမ့်မည်ဟု ထင်မိသည်။


သူ့အမေးစကားကို ကြားပြီး ကယ်လီက ဝမ်းနည်းစွာဖြင့် ပြန်ဖြေလိုက်သည်။

"သူက ဘီတာဆိုရင်တော့ အခွင့်အရေး ပိုရှိနိုင်တယ်... ဘာကြောင့်လဲဆိုတော့ ကိုက်ညီတဲ့ပင်မဆဲလ်ကို အင်ပါယာတစ်ခွင် ရှာလို့ရတယ်‌လေ... ဒါပေမဲ့ ပြဿနာက အိုင်ဒန်က ရှားပါးအိုမီဂါတစ်‌ယောက် ဖြစ်‌နေတာပဲ... အဲဒါကြောင့် သူစိမ်းတစ်‌ယောက်ဆီကနေ ကိုက်ညီတဲ့ဆဲလ်ကို ရဖို့ဖြစ်နိုင်ခြေက အရမ်းနည်းတယ်... အကောင်းဆုံးနည်းလမ်းကတော့ သူ့မှာ နောက်ထပ် အိုမီဂါညီလေး ဒါမှမဟုတ် ညီမလေးတစ်ယောက် ရှိလာဖို့ပဲ…"


ရှီဝိန့်က နောက်ဆုံးတွင် သဘောပေါက်သွားသည်။ ဤကမ္ဘာကြီးတွင် အယ်လ်ဖာ၊ ဘီတာနှင့် အိုမီဂါတို့ကြားရှိ ခန္ဓာကိုယ်ဖွဲ့စည်းပုံများက အလွန်ကွာခြားလှသည်။ ထို့ကြောင့် အိုမီဂါတစ်ယောက်၏ ရောဂါများကို ကုသရန် အလွန်ခက်ခဲပေသည်။ သွေးသွင်းခြင်းဟူသည့် ကိစ္စ‌လေး၌ပင် အိုမီဂါတစ်ယောက်က အခြားအိုမီဂါထံမှ ရရှိသောသွေးကိုသာ သွင်းရမည်ဖြစ်သည်။ အယ်လ်ဖာ သို့မဟုတ် ဘီတာထံမှ သွေးကိုသွင်းပါက အိုမီဂါများ၏ခန္ဓာကိုယ်အတွင်းရှိ ဖယ်ရိုမုန်းများကို အနှောင့်အယှက် ဖြစ်စေလိမ့်မည်။


ကယ်လီက သူ့ဘေးတွင် လေးလေးနက်နက် တွေးတောနေသည့် ကလေးငယ်ကို ကြည့်ပြီး လက်ဆန့်ထုတ်ကာ သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် သူမက ပြုံးပြီး ပြောလိုက်သည်။

"သွားကြစို့... ဆရာမတို့ ပြန်သင့်ပြီ…"


***


သူတို့နှစ်ဦးလုံး ၁၁ လွှာရှိ စာသင်ခန်းထဲသို့ ပြန်ရောက်ချိန်တွင် အတန်းထဲ၌ ရန်ဖြစ်သံများဖြင့် ပြည့်နှက်နေသည်။ ကျောင်းသားများက တစ်စုံတစ်ရာနှင့် ပတ်သက်ပြီး ငြင်းခုံနေကြသည့်ပုံပင်။ ထိုအထဲမှ တစ်စုံတစ်ယောက်က အသံကျယ်ကျယ်ဖြင့် ပြောဆိုနေသည်။ ကျယ်လောင်လွန်းသောကြောင့် ထိုအသံက တံခါးကိုဖြတ်ပြီး ရှီဝိန့်၏နားထဲသို့ပင် ရောက်လာလေသည်။


"ငါ မှားလို့လား... အယ်လ်ဖာနဲ့ ဘီတာတွေက ငွေရှာနိုင်တယ်... ဒါပေမယ့် အိုမီဂါတွေရဲ့ ခန္ဓာကိုယ်က အားနည်းပြီး ဖျားနာနေတဲ့အတွက် အိမ်မှာပဲ နေ့တိုင်း နေနေရတယ်... ပြီးတော့ သူတို့ အရွယ်ရောက်တဲ့အချိန် Estrus ကာလရောက်ရင်လည်း အနည်းဆုံး သုံးရက်လောက်တော့ ဂရုစိုက်ဖို့ လိုသေးတယ်... အဲဒါက အရမ်းဒုက္ခများ‌စေတယ်မလား…"


"ကားလို့စ်... မဟုတ်တာ‌တွေ လျှောက်ပြောမနေနဲ့... အိုမီဂါတွေကို ကာကွယ်ဖို့က ငါတို့ရဲ့တာဝန်ပဲလေ... မင်း ကြီးလာရင် အိုမီဂါကို လက်ထပ်ချင်မှာပဲ မဟုတ်ဘူးလား…"


"ဟုတ်တယ်... မင်းလည်း အိုမီဂါကနေ မွေးလာတာ မဟုတ်ဘူးလား…"


"မင်း တွေးတာ မှားနေပြီ... နောက်ကျရင် ကြည့်ကြည့်စမ်းပါ... မင်း အရွယ်ရောက်လာရင် အိုမီဂါတစ်ယောက်အပေါ် သေချာပေါက် ခုန်အုပ်လိမ့်မယ်…"


"မင်း အနာဂတ်မှာ အိုမီဂါတစ်ယောက်ကို ချစ်လိမ့်မယ်... သူတို့ကို အရမ်း အရမ်းကိုချစ်လိမ့်မယ်... အဲဒီအခါကျမှ ဒီနေ့ မင်းပြောခဲ့တာကို နောင်တရလိမ့်မယ်…"


ကလေးများက အလွန်ဆူညံနေပြီး ကားလို့စ်ဟု အမည်ရသော အတန်းဖော်လေးက ပတ်ပတ်လည်၌ အယ်လ်ဖာကလေးများ၏ အုပ်စုလိုက်ဝိုင်းရံခြင်း ခံထားရပုံ‌ပေါ်သည်။ စပ်စုလိုသော ရှီဝိန့်က အခြေအနေကို ကြည့်ရန် တံခါးကို တွန်းဖွင့်လိုက်သည်။ ကားလို့စ်က အယ်လ်ဖာများ၏ ဝိုင်းရံခြင်းကိုခံနေရသော်လည်း ကြောက်လန့်နေသည့်ပုံ မပေါ်ကြောင်း တွေ့လိုက်ရသည်။ ယင်းအစား သူက "ဘာပဲဖြစ်ဖြစ် ငါပြောတာက အဓိပ္ပါယ်ရှိတယ်"၊ "အိုမီဂါတွေက အရမ်းဒုက္ခပေးလွန်းတယ်"၊ "မင်းတို့ ဘာတွေပဲပြောပြော ကိုယ့်ထင်မြင်ချက်နဲ့ ကိုယ်ပဲ" စသည့် စကားများကို မျက်နှာအမူအရာပင် မပြောင်းလဲဘဲ ပြောနေသည်။  


ဒီကလေးက ငယ်သေးပေမယ့် သူ့ရဲ့စိတ်နေစိတ်ထားက အရမ်းခေါင်းမာတာပဲ...


ကားလို့စ်က နောက်ထပ် အငြင်းအခုံ စကားတစ်ခွန်းကို စတင်တော့မည့်ဆဲဆဲအချိန်၌ စာသင်ခန်းတံခါးဝမှ ပြတ်သားသော အသံတစ်သံက ကြားဖြတ်ဝင်ပြောလာသည်။

"အတန်းဖော်ကားလို့စ် ပြောတာမှန်တယ်... အာ... အိုမီဂါတွေက တကယ်ကို ဒုက္ခပေးလွန်းတယ်"


လူအုပ်က တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ချိန်၌ တံခါးဝတွင် ရပ်နေသည့် ပထမမင်းသား ရှီဝိန့်ကို တွေ့လိုက်ရသည်။


ရှီဝိန့်က သူတို့ထံ တစ်ချက်မျှ ဝေ့ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ငါလည်း အိုမီဂါ မဖြစ်ချင်ဘူး... အဲဒါက အရမ်းဒုက္ခများလွန်းတယ်"


လူတိုင်း: "..."


အတန်းတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားသည်။


တံခါးဝတွင် ရပ်နေသည့် ကယ်လီက ခေါင်းကိုက်လာသကဲ့သို့ ခံစားလိုက်ရသည်—


ဒီကလေးတွေအားလုံး ဘယ်ကရောက်လာကြတာလဲ...


မူမမှန်ဖြစ်လာသော အတန်း၏ လေထုကို ထိန်းသိမ်းရန် ကယ်လီက ချက်ချင်းပင် ချောင်းတစ်ချက်ဟန့်လိုက်ပြီး လေးလေးနက်နက် ရှိလှသော ဆရာမတစ်ယောက်၏ မျက်နှာထားကို ဆင်မြန်းလိုက်သည်။ သူမက စင်မြင့်ဆီသို့ လျှောက်သွားပြီး ပြောလိုက်သည်။

"ကျောင်းသားအိုင်ဒန်က အပူရှပ်တာကြောင့် မူးလဲသွားတာ... သူ့ကို ဆေးကုခန်းဆီ ယာယီပို့လိုက်ရတယ်... သူ အခုတော့ အဆင်ပြေသွားပါပြီ... အဲဒါကြောင့် ဆရာမတို့ စိတ်ချထားလို့ရတယ်... ဆရာမတို့ အတန်းကို ဆက်ကြစို့... အရင်ဆုံး အတန်း‌ခေါင်းဆောင်ကို ရွေးချယ်ရမယ်... အတန်းခေါင်းဆောင် လုပ်ချင်တဲ့သူတွေ ညာလက်ကို မြှောက်ပေးပါ"


ကားလို့စ်က သူ့ညာလက်ကို ပြတ်ပြတ်‌သားသား မြှောက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ဆရာမ... ကျွန်တော် အတန်းခေါင်းဆောင် ဖြစ်ချင်ပါတယ်"


ကယ်လီက မေးလိုက်သည်။

"နောက်ထပ် လုပ်ချင်တဲ့သူ ရှိသေးလား"


အခြားကလေးတစ်ယောက်က မတ်တတ်ထရပ်လာသည်။

"ဆရာမ... ကျွန်တော်လည်း လုပ်ချင်ပါတယ်"


"ကျွန်တော်လည်း လုပ်ချင်ပါတယ်"


"ကျွန်တော်ရော"


အယ်လ်ဖာများက အလုအယက် မတ်တတ်ထရပ်လာကြသည်။ အယ်လ်ဖာကလေးများက အလွန်ပြိုင်ဆိုင်လိုစိတ်ရှိကြသည်။ ဤအရာက ပြဿနာနှင့် ရင်ဆိုင်ရချိန်၌ အောင်နိုင်စေရန် သူတို့၏ သဘောသဘာဝဖြစ်သည်။ အသန်မာဆုံးဖြစ်ချင်ပြီး အခြားသူများက သူတို့၏စကားများကို နာခံစေချင်သည့် ထိုသူများက သူတို့၏အသွေးအသားထဲ၌ ပြိုင်ဆိုင်ချင်စိတ် ပြင်းထန်‌နေပေသည်။


ထိုအချက်များ၌ တစ်ယောက်သောသူက ခြွင်းချက်ပင်— မှန်ပေ၏။ ကလဲယ်ပင်။


ယခုမှ နိုးလာသော ကလဲယ်က သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော ယှဉ်ပြိုင်မှုကို လုံးဝ လျစ်လျူရှုထားသည်။ သူက ရှီဝိန့်ကို ရိုးရိုးရှင်းရှင်းပင် ပြုံးပြလိုက်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်းပြီး သူနှင့်အတူလာထိုင်ရန် အိုမီဂါလေးအား ဖိတ်ခေါ်လိုက်သည်။


ရှီဝိန့်က သူ့မူလထိုင်ခုံထံ လျှောက်သွားပြီး မေးလိုက်သည်။

"မင်းရော အတန်းခေါင်းဆောင်နေရာအတွက် ဝင်အရွေးမခံဘူးလား"


ကလဲယ်က ဖြေလိုက်သည်။

"ဟင့်အင်း"


ရှီဝိန့်က ပဟေဋ္ဌိဖြစ်သွားသည်။

"ဘာလို့လဲ... မင်းလည်း အယ်လ်ဖာတစ်ယောက်ပဲလေ"


ကလဲယ်က ရှက်ရွံ့သွားပြီး ခေါင်းကုတ်လိုက်သည်။

"ငါ စာမေးပွဲမှာ ရတဲ့အမှတ်က အနိမ့်ဆုံးပဲလေ... သူတို့က ငါ့ကို ရွေးမှာမဟုတ်ဘူး"


"... ..."


ကြည့်ရတာ သူ့အ‌ကြောင်းသူတော့ အတော်လေး သိတဲ့ပုံပဲ...


ရှီဝိန့်က သူ့ရှေ့ရှိ ထူးဆန်းလှသော ဆံပင်ပုံစံကို ကြည့်လိုက်သည်။ ရွှေရောင်ခေါင်းလေးက နေရောင်အောက်တွင် တလက်လက်တောက်ပနေသည်။ ကောင်းကင်ကဲ့သို့ ကြည်လင်နေသည့် သူ့မျက်လုံးများက ကလေးတစ်ယောက်တွင်သာ ပိုင်ဆိုင်သည့် အပြစ်ကင်းစင်မှုများ ဖြာထွက်နေသည်။



🍃🍃🍃