Ch 13
Viewers 2k

🍃 Chapter 13

မကောင်းဆိုးဝါးအတန်း (Part 2)



စာကြောင်းတစ်ကြောင်းဖြင့် ခြုံငုံပြောရလျှင်—


ဒီကောင်လေးက တကယ် ချစ်စရာကောင်းပေမယ့် နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်တယ်...


သူက ရှီဝိန့်၏စိတ်ထဲတွင် "အနည်းငယ် ရူးကြောင်ကြောင်နိုင်သည်" ဟူသော ထင်မြင်ချက်ကို ချန်ထားခဲ့မှန်း ကလဲယ်က မသိပေ။ သူက ရှီဝိန့်ကို ကြည့်ပြီး မေးလိုက်သည်။

" အိုင်ဒန်... သူရော နိုးပြီလား"


ရှီဝိန့်က ပြန်ဖြေလိုက်သည်။

"နိုးပြီ... သူ အဆင်ပြေပါတယ်... အခု သူ့အဖေက သူ့ကို အဖော်ပြုပေးနေတယ်"


ထို့နောက် ကလဲယ်က အမေးစကားဆိုလာပြန်သည်။

"မင်းက သူ့ကို ဂရုစိုက်တယ်လား"


ရှီဝိန့်က ပြန်ဖြေသည်။

"သူက ငါ့အခန်းဖော်လေ... နောက်ပြီး ကျန်းမာရေးလည်း မကောင်းဘူး... သေချာပေါက် ငါ သူ့ကို ဂရုစိုက်ရမှာပေါ့"


ကလဲယ်က ရှီဝိန့်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

"ဒါဆို ငါကရော... ငါက မင်းနဲ့အတူ ကြီးလာတာလေ...နောက်ပြီး ငါ့ခန္ဓာကိုယ်ကလည်း အရမ်းနေမကောင်းဘူး... အဲဒါကြောင့် မင်း ငါ့ကို ပိုဂရုစိုက်သင့်တာပေါ့"


ရှီဝိန့်က သူ့ကို ထူးဆန်းစွာ ကြည့်လိုက်သည်။

"ဘာလို့ မင်းက ကျန်းမာရေး မကောင်းတာလဲ"


ကလဲယ်က အလေးအနက် ပြောလာသည်။

"ငါ ခဏခဏ အိပ်မက်ဆိုးတွေမက်တယ်"


"... ဝေးဝေးသွားစမ်း…"


အိပ်မက်ဆိုးမက်တာက ကျန်းမာရေးမကောင်းဘူးလို့ ယူဆလို့ရလို့လား... ယုတ္တိမတန်လိုက်တာ...


ရှီဝိန့်က သူ့ကို ထပ်ပြီးဂရုမစိုက်တော့ပေ။ ထိုအချိန်တွင် ကလဲယ်က အတွေးထဲနစ်မြောနေလေသည်။


ငါ အိပ်မက်ဆိုးတွေ မက်တာကို မင်းက ဂရုမစိုက်ဘူးလား... အိပ်မက်ဆိုးတွေကလည်း ကြောက်စရာကောင်းတယ်လေ...


သူတို့ စကားပြောနေစဉ်အတွင်း အတန်းခေါင်းဆောင် မဲဆွယ်စည်းရုံးမှုက စတင်‌နေပြီဖြစ်သည်။ ဆရာမကယ်လီက မဲဆွယ်စည်းရုံးနေသည့် ကျောင်းသားများ၏ အချက်အလက်များကို စုဆောင်းပြီး ရှင်းပြလာသည်။


"ကျောင်းသားတိုင်း မဲပေးကြပါ... မင်းတို့တစ်ယောက်ချင်းစီက မင်းတို့ထောက်ခံတဲ့ အတန်းဖော်ရဲ့ နာမည်ကို ရွေးလိုက်... ဒီလူက ဆရာမတို့အားလုံး ရွေးချယ်ထားတဲ့ အတန်းခေါင်းဆောင် ဖြစ်လာလိမ့်မယ်... ဒါကြောင့် အားလုံးက စိတ်အားထက်ထက်သန်သန်နဲ့ မဲပေးမယ်လို့ မျှော်လင့်ပါတယ်... မဲမပေးဘဲ မနေကြပါနဲ့"


အတန်းခေါင်းဆောင်အတွက် အရွေးခံသူက များလွန်းလှသည်။ ထို့ကြောင့် ဆရာမက ဒီမိုကရေစီနည်းကျကျ မဲပေးဆုံးဖြတ်ရန် စီစဉ်လိုက်သည်။ စင်မြင့်နှင့်ချိတ်ဆက်ထားသော စားပွဲတစ်ခုစီတွင် ရောင်ခြည်ကွန်ပျူတာ တစ်လုံးစီရှိသည်။ ကိုယ်စားလှယ်လောင်းများ၏ အမည်များကို ထိုနေရာတွင် စာရင်းပြုစုထားသည်။ မဲပေးလိုသော ကျောင်းသားများက ရွေးချယ်ပြီး 'တင်ပြရန်' ဟူသည့် ခလုတ်ကို နှိပ်ရုံသာပင်။ ထို့နောက် မကြာမီ မဲရလဒ်များကို စင်မြင့်ပေါ်ရှိ ဖန်သားပြင်ကြီးပေါ်၌ ကြေညာသွားမည်ဖြစ်သည်။


–ကားလို့စ်


မဲအများဆုံးရသူက အမှန်တကယ် ကားလို့စ်ဖြစ်နေသည်မှာ အံ့ဩစရာပင်။


ရှီဝိန့်က ဤရလဒ်အတွက် အကြောင်းပြချက်ကို အလျင်အမြန် နားလည်သွားခဲ့သည်။ အယ်လ်ဖာများက အချင်းချင်း ပြိုင်ဆိုင်နေကြခြင်းကြောင့် ကားလို့စ်ကို အသေချာဆုံး ရွေးချယ်မှုအဖြစ် ရွေးချယ်ခဲ့ကြသည်။


ဘာပဲဖြစ်ဖြစ် အရင်တုန်းက ကားလို့စ်နဲ့ တခြားအယ်လ်ဖာတွေ ရန်ဖြစ်ခဲ့ကြတော့ သူ ရွေးချယ်ခံရမှာ မဟုတ်ဘူး...


အတန်းခေါင်းဆောင်အတွက် အရွေးချယ်ခံရာ၌ ဘီတာတစ်ယောက်မျှ မပါရှိပေ။ ထို့အပြင် ယနေ့က ကျောင်းသားများ၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သောကြောင့် အချင်းချင်း မရင်းနှီးကြသေးပေ။ ထို့ကြောင့် မျက်စိစုံမှိတ်ကာ မဲပေးခဲ့ကြသည်။ အတော်လေး အထင်ကြီးလောက်ဖွယ် ဤအတန်းဖော် ကားလို့စ်က ပွဲကြည့်သူဘီတာများ၏ မဲအများအပြားကို သိမ်းယူနိုင်ခဲ့သည်။


ငါးနှစ်အရွယ် ကလေးငယ်များက မဲပေးရာတွင် အလွန်အမင်း စဉ်းစားမည် မဟုတ်ပေ။ အများစုက အခြားသူများ၏ နာမည်ကိုပင် မှတ်မိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က အရင်းနှီးဆုံး နာမည်ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ရလဒ်အနေနှင့် အတန်းထဲတွင် လူ ၃၅ ယောက်ရှိသည့်အထဲမှ ကားလို့စ်က ၁၈ မဲ ရရှိခဲ့သည်။ ၎င်းအရေအတွက်က စုစုပေါင်း ကျောင်းသားဦးရေထက် တစ်ဝက်ကျော်ပေသည်။


ကယ်လီက အလွန်အံ့အားသင့်သွားသည်။ သို့သော်လည်း ဆရာမတစ်ဦးအနေဖြင့် စကားများကို ပြန်ရုတ်သိမ်း၍မရဘဲ ပြောလိုက်သည်။

"အားလုံးပဲ... ကျောင်းသားကားလို့စ်က အတန်းခေါင်းဆောင် ရွေးချယ်မှုမှာ အနိုင်ရသွားပါတယ်"


ကားလို့စ်က ချက်ချင်း ထရပ်ပြီး အလေးအနက် ပြောလိုက်သည်။

"မင်းတို့ရဲ့ အားပေးကူညီမှုအတွက် ကျေးဇူးတင်ပါတယ်"


အယ်လ်ဖာကလေးများအုပ်စုက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။


ကယ်လီက ပြုံးကာ ပြောလိုက်သည်။

"ဒါက အဆုံးအဖြတ်ပဲ... ဒီနေ့ကစပြီး ငါတို့ရဲ့ အတန်းခေါင်းဆောင်က ကားလို့စ်ဘာ့ရေ့ချ်ပဲ... မင်းတို့မှာ ပြဿနာတစ်ခုခုရှိရင် အတန်း‌ခေါင်းဆောင်ကို ရှာလို့ရသလို... ဒါမှမဟုတ် ငါ့ဆီကို တိုက်ရိုက်လာလို့ရတယ်... ကားလို့စ်... ဆရာမကိုယ်စား မင်းရဲ့အတန်းဖော်တွေဆီ ရောင်ခြည်ကွန်ပြူတာ အ‌သေးစားတွေကို ဝေပေးပါဦး... ဒီအသေးစား ရောင်ခြည်ကွန်ပျူတာတွေက အားလုံးရဲ့ သက်ဆိုင်ရာ လေ့လာမှုနံပါတ်ရယ် လက်ဗွေရာတွေနဲ့ ချိတ်ဆက်ထားတယ်... နောက်ပိုင်းကျရင်လည်း အိမ်စာထပ်ဖို့ သုံးလို့ရတယ်... အဲဒါကြောင့် ကျောင်းသားတွေအားလုံးက ဒီဟာကို သေချာဂရုစိုက်ကြပါ"


ကားလို့စ်က မစ္စကယ်လီကို ကူညီပေးရန် စင်မြင့်ထံသို့ လျှောက်သွားခဲ့သည်။ သူတို့နှစ်ယောက်က ၎င်းတို့ကို ‌အတူတကွ ဝေပေးခဲ့ကြသည်။ တစ်ယောက်က လက်ဝဲဘက်ခြမ်းကို တာဝန်ယူပြီး ကျန်တစ်ယောက်က ညာဘက်ခြမ်းကို တာဝန်ယူခဲ့ကြသည်။


ဤကောင်လေးက ထူးဆန်းသည့် အမြင်ရှိပြီး သူ့ပါးစပ်ဖျား၌ "အိုမီဂါတွေက အရမ်းဒုက္ခများတယ်" ဟု အမြဲ ပြောနေသော်လည်း သူ၏အလုပ်လုပ်ပုံက အတော်လေး ယုံကြည်စိတ်ချရသည်။ ဆရာနှင့်အတူ ရောင်ခြည်ကွန်ပျူတာများကို ကူပြီးဝေပေးနေစဉ်တွင် အတန်းဖော်တစ်ဦးစီ၏ အမည်များကိုလည်း သေသေချာချာ စစ်ဆေးနေခဲ့သည်။ ထို့အပြင် အတန်းဖော်များကိုလည်း လက်ဗွေရာချိန်ဆက်ခြင်းအား အပြီးသတ်နိုင်ရန် ကူညီပေးခဲ့သည်။


မကြာမီ ရှီဝိန့်၏အလှည့်သို့ ရောက်ရှိလာခဲ့သည်။ ရောင်ခြည် ကွန်ပျူတာတစ်လုံးနှင့် လက်ဗွေ ချိတ်ပြီးချိန်၌ ရှီဝိန့်က ပြောလိုက်သည်။

"မင်း အိုင်ဒန်ရဲ့ ကွန်ပျူတာကိုလည်း ငါ့ဆီ ထားခဲ့လို့ရတယ်... အိပ်ဆောင်ကို ပြန်ရင် ငါ သူ့ကို ပေးလိုက်မယ်"


ကားလို့စ်က ရှီဝိန့်ကို မော့ကြည့်ပြီး မေးလိုက်သည်။

"အဲဒီအိုင်ဒန် နေကောင်းသွားပြီလား"


ရှီဝိန့်က ပြန်မေးလိုက်သည်။

"အိုမီဂါတွေက အရမ်းဒုက္ခပေးတယ်လို့ မင်း ထင်နေတာ မဟုတ်ဘူးလား... သူက အိုမီဂါတစ်ယောက်လေ... မင်းက ဘာလို့ သူ့ကို ဂရုစိုက်နေတာလဲ"


ကားလို့စ်က အလေးအနက် ပြောလာသည်။

"ငါက အတန်းခေါင်းဆောင်လေ... အတန်းဖော်တွေကို ဂရုစိုက်ရမှာပေါ့"


ရှီဝိန့်က ပြုံးလိုက်သည်။

"ကောင်းပြီလေ... ဒါဆိုလည်း ကျောင်းဆင်းရင် မင်း ငါနဲ့အတူ ဆေးကုခန်းကို လိုက်ခဲ့လေ... ပြီးရင် သူ့ကို အိပ်ဆောင်ဆီ သယ်လာပေးပေါ့"


ကားလို့စ်က လန့်သွားလေသည်။

"င-ငါက သူ့ကို သယ်သွားပေးရမှာလား"


ရှီဝိန့်က ဝမ်းသာအားရ ပြုံးပြလိုက်သည်။

"မင်းက အတန်းခေါင်းဆောင်လေ... ဒါပေါ့ မင်းက နေမကောင်းဖြစ်နေတဲ့ အတန်းဖော်ကို သယ်သွားပေးရမှာပေါ့"


ကားလို့စ်: "..."


သူ့စကားနှင့်သူ ချေပခံလိုက်ရခြင်းကြောင့် ကားလို့စ်၏မျက်နှာက ချဉ်စူးကာ ပုံပျက်သွားသည်။


ရှီဝိန့်က ၎င်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူ ပြောသည့်အတိုင်း အိုမီဂါများက အမှန်တကယ် ဒုက္ခပေးလှသည်။ အိုမီဂါအများစုမှာ ကလေးဘဝကတည်းက ဂရုစိုက်မှုကို ပိုပြီးလိုအပ်ကြသည်။ သူတို့၏သေဆုံးမှုနှုန်းကလည်း အလွန်မြင့်မားသည်။ ထို့အပြင် နောက်ဆုံး အရွယ်ရောက်လာချိန်၌လည်း ထိုဒုက္ခများက မပြီးဆုံးသေးပေ။ သူတို့၏ Estrus ကာလအတွင်း သူတို့ကို ပြုစုစောင့်ရှောက်ရန် လူများစွာကို  လိုအပ်နေသေးသည်...


ဒါပေါ့... တကယ်ကို ဒုက္ခများတယ်... ဒါပေမယ့် အိုမီဂါတွေကိုယ်တိုင်ကလည်း ဒီလိုဒုက္ခတွေကို ခံစားချင်ကြတာ မဟုတ်ဘူးလေ...


ဤဒုက္ခများက မွေးရာပါဖြစ်ပေသည်။ ထိုဒုက္ခများကို အမုန်းဆုံးဖြစ်ရမည့်သူများမှာ အိုမီဂါများပင် ဖြစ်သင့်သည်။ ပညာမဲ့ပြီး ဗဟုသုတနည်းပါးသည့် အချို့သော အယ်လ်ဖာများ မဖြစ်သင့်ပေ။


မင်းက သန်မာပြီး ကျန်းမာတဲ့ အယ်လ်ဖာတွေအဖြစ် မွေးဖွားလာရုံနဲ့... အိုမီဂါတွေကို မုန်းရအောင် မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ...


အိုမီဂါများအပေါ် ကားလို့စ်၏ အထင်အမြင်သေးမှုက ရှီဝိန့်ကို အလွန်မပျော်မရွှင် ဖြစ်စေခဲ့သည်။


ထို့ကြောင့်ပင် ရှိဝိန့်က ထူးဆန်းလှသည့် အနှီအယ်လ်ဖာကို သင်ခန်းစာပေးရန် ဆုံးဖြတ်ခဲ့သည်။


——— ——— ——— ——— ———


ကားလို့စ်၏ "အိုမီဂါများ"အပေါ် အယူအဆသည် အရွယ်ရောက်ပြီးသူ အယ်လ်ဖာများအကြားတွင် အလွန်မြင်‌တွေ့နေကြပင်ဖြစ်သည်။ အပေါ်ယံ၌ အယ်လ်ဖာများက သူတို့၏အိုမီဂါများကို ကာကွယ်ပြီး စောင့်ရှောက်လိမ့်မည်ဟု ထင်ရသည်။ သို့သော်လည်း သူတို့ထဲမှအများစုက အိုမီဂါများအပေါ် အမှန်တကယ် လေးစားမှုမရှိကြပေ။ ထို့အပြင် ပို၍အစွန်းရောက်သော အယ်လ်ဖာများက သူတို့၏အိုမီဂါများကို "အိမ်မွေးတိရစ္ဆာန်များ" ဟုပင် ထင်မြင်လာကြသည်။


ကားလို့စ်၏ ဤကဲ့သို့‌သော အယူအဆကို တတ်နိုင်သမျှ အမြန်ဆုံး ပြုပြင်ပေးရန် လိုအပ်သည်။ ထိုသို့ဆိုလျှင် အနည်းဆုံးအနေဖြင့် အနာဂတ်တွင် သူ လက်ထပ်မည့် အိုမီဂါက ဘဝတစ်သက်တာ၌ အခက်အခဲများကို သေချာပေါက် ကြုံတွေ့ခံစားရလိမ့်မည် မဟုတ်ပေ။ ထိုသို့မဟုတ်လျှင် သူနှင့်တွေ့ဆုံရန် ကံကြမ္မာဖန်လာသည့် မည်သည့်အိုမီဂါမဆို တစ်သက်တာလုံး ပင်ပန်းဆင်းရဲမှုများကို ကြုံတွေ့ရလိမ့်မည်။ ထို့ကြောင့် ရှီဝိန့်က သူ့ကို သင်ခန်းစာတစ်ခု ပေးချင်ခဲ့ခြင်းဖြစ်၏။


ရောင်ခြည်ကွန်ပျူတာများအားလုံးကို ဝေပြီးနောက် ဆရာမကယ်လီက ကျောင်းသားများအတွက် စိန့်ပေါအကယ်ဒမီ၏ စည်းမျဉ်းများကို တစ်ဖန်ဖတ်ပြခဲ့သည်။ ထို့နောက် ပထမဆုံးအကြိမ် အတန်းတွေ့ဆုံမှုက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။ ကယ်လီက ကျောင်းသားများအား အိပ်ဆောင်သို့ ပြန်သွားခွင့်ပေးလိုက်သည်။


ရှီဝိန့်က ကားလို့စ်ကို ဆေးခန်းတွင်ရှိ‌နေသည့် အိုင်ဒန်ထံသို့ အတူသွားလည်ရန် ဖိတ်ခေါ်လိုက်သည်။ ထို့အပြင် ကလဲယ်ကလည်း သေချာပေါက် သူတို့နောက်မှ လိုက်သွားခဲ့သည်။


သုံးယောက်သား ဆေးကုသဆောင်သို့ ရောက်ချိန်၌ ရန်ဒီက ခုတင်ဘေးတွင် ထိုင်နေပြီး အိုင်ဒန်ကလည်း နိုး‌နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သားအဖနှစ်ယောက်သား အချင်းချင်း တီးတိုးပြောနေကြပြီး ရန်ဒီ၏ မျက်နှာပေါ်တွင် အလွန်နူးညံ့သိမ်မွေ့သော အပြုံးတစ်ပွင့်ကို ချိတ်ဆွဲထားသည်။


အိုင်ဒန်က ကျောင်းသားသုံးယောက်ကို တွေ့ချိန်၌ ချက်ချင်းပင် လက်ဝှေ့ယမ်းပြလာသည်။

"ရှီဝိန့်... အတန်းပြီးသွားပြီလား"


အိုင်ဒန်က အခြားကျောင်းသားနှစ်ယောက်နှင့် သိပ်မရင်းနှီးပေ။ ထို့ကြောင့် သူတို့ကို နှုတ်မဆက်ဘဲ ရှီဝိန့်တစ်ဦးတည်းကိုသာ အာရုံစိုက်လိုက်သည်။


ရှီဝိန့်က ပြုံးပြီး လျှောက်သွားလိုက်သည်။ သူက အိုင်ဒန်၏လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

"ပြီးသွားပြီ... မင်းရော ဘယ်လိုနေလဲ... သက်သာလာပြီလား"


အိုင်ဒန်က ခေါင်းညိတ်ပြလိုက်သည်။

"ပိုကောင်းလာပြီ"


"ငါ မင်းရဲ့ ရောင်ခြည်ကွန်ပျူတာကို ယူလာခဲ့တယ်... စကားမစပ် ဆရာမကယ်လီ စီစဉ်ပေးတဲ့ အတန်းခေါင်းဆောင်ကလည်း မင်းကိုတွေ့ဖို့ အတူလိုက်လာတယ် လေ"


ထိုသို့ပြောနေရင်း ရှီဝိန့်က သူ့နောက်မှ ကားလို့စ်ကို လှမ်းကြည့်လိုက်သည်။

"အတန်းခေါင်းဆောင်... မင်း အိုင်ဒန်ကို လာနှုတ်ဆက်တာ မဟုတ်ဘူးလား"


ဖြူဖျော့နေသော အိုင်ဒန်၏ အသားအရေက ဆေးရုံ၏အိပ်ရာခင်းများနှင့် တစ်ထပ်တည်းကျလုနီးပါး ဖြစ်နေသောကြောင့် ကားလို့စ် အံ့အားသင့်သွားသည်။ အိုင်ဒန်က အလွန်အားနည်းနေပုံရ၏။ သူ၏လက်ဖမိုး‌ပေါ်ရှိ IV အပ်တစ်ချောင်းက အနီရောင်သွေးများကို သူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ ပို့လွှတ်‌ပေးနေလိုက်သည်။ ဤအားနည်းလှသည့် အိုမီဂါက အချိန်မရွေး ပျောက်ကွယ်သွားနိုင်သကဲ့သို့ ထင်ရသည်။


ရှီဝိန့်၏စကားကို ကြားပြီးနောက် အိုင်ဒန်က စပ်စုလိုစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများက အလွန်ကြည်လင်လှသည်။ ထိုမျက်လုံးများထဲ၌ ရောင်ပြန်ဟပ်နေသည့် သူ၏ကိုယ်ပိုင်မျက်နှာကိုပင် ကားလို့စ် မြင်နေရသည်။ ထို့နောက် အလွန်ချစ်စရာ‌ကောင်းစွာ ပြုံးလိုက်ချိန်တွင် ကောင်လေး၏ မျက်လုံးများက အပေါ်သို့ကွေးတက်သွားသည်။ ထို့နောက် အိုင်ဒန်က မေးလိုက်သည်။

"မင်းက ငါတို့ အတန်းခေါင်းဆောင်လား"


နောက်ဆုံးတွင် ကားလို့စ်၏စိတ်မှာ လက်တွေ့ဘဝသို့ ပြန်ရောက်လာခဲ့သည်။ သူက တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်သည်။

"ဟယ်လို... ငါက အတန်းခေါင်းဆောင်ပါ... နာမည်က ကားလို့စ်ဘာ့ရေ့ခ်ျ"


အိုင်ဒန်က ထပ်မေးလိုက်ပြန်သည်။

"မင်းက စာမေးပွဲမှာ အမှတ်အများဆုံးရတဲ့သူမလား... အဲဒီကားလို့စ်မလား"


ကားလို့စ်က ပြန်ဖြေလိုက်သည်။

"အင်း"


အိုင်ဒန်က ပြောလိုက်သည်။

"မင်းက တကယ် အံ့သြဖို့ကောင်းတာပဲ"


ကားလို့စ်: "..."


အိုမီဂါတစ်ယောက်၏ ချီးကျူးမှုကို ခံရခြင်းက ထူးဆန်းလှပြီး ကားလို့စ်က စိတ်မသက်မသာသလို ခံစားခဲ့ရသည်။ အထူးသဖြင့် အိုင်ဒန်၏ ကြည်လင်သောမျက်လုံးများက သူ့အပေါ်သို့ ကျရောက်လာသည့် အချိန်ပင်ဖြစ်၏။


ထိုစကားဝိုင်းကို ကြားပြီးနောက် ရန်ဒီက သူ့ထိုင်ခုံမှ ထလာသည်။ ထို့နောက် သူက ပြုံးပြီး ပြောလိုက်သည်။

"ကျောင်းသား ကားလို့စ်... ဦးလေးရဲ့သားလေး ခန္ဓာကိုယ်က သိပ်နေမကောင်းဘူး... အဲဒါကြောင့် နောင်ကျရင် သူ့ကို ပိုဂရုစိုက်ပေးပါဦး"


အတန်းခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီးကတည်းက ကားလို့စ်မှာ သူ၏တာဝန်များနှင့် ပတ်သက်ပြီး အလွန်တာဝန်ယူတတ်လာသည်။ သူက ချက်ချင်း မော့ကြည့်ပြီး အလေးအနက် ပြောလိုက်သည်။

"ဟုတ်ကဲ့... စိတ်ချပါ"


ထိုအချိန်တွင် ဆရာဝန်က ရုတ်တရက် အခန်းထဲသို့ ဝင်လာသည်။ အိုင်ဒန်၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် ရန်ဒီ့အား ပြောလိုက်သည်။


"မစ္စတာရန်ဒီ... ခင်ဗျားသားရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အခုလောလောဆယ် တည်ငြိမ်နေသေးပေမယ့် ခင်ဗျား သူ့ကို ဆက်ပြီးဂရုစိုက်ပေးဖို့ လိုမယ်... သူက အရမ်းကြီး အပင်ပန်းမခံနိုင်သလို နေပူထဲမှာလည်း အကြာကြီးနေလို့ မရဘူး... ဆရာ သူ့အတွက် ပေးထားတဲ့ ဆေးကို နေ့တိုင်း အချိန်မှန်မှန် သောက်ရမယ်... အပြည့်အဝ ဆေးစစ်မှုကို ခံယူဖို့အတွက်လည်း အပတ်တိုင်း ဒီကို ပြန်လာရမယ်"


ရန်ဒီက ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဒေါက်တာ"


"သူ ဒီသွေးအိတ်ကို သွင်းပြီးသွားရင် ဆေးရုံက ဆင်းလို့ရပါပြီ... ခင်ဗျားက ဆေးယူဖို့အတွက် ဆရာ့နောက်ကို လိုက်‌ခဲ့ပေးပါ"


မကြာမီ ရန်ဒီက ဆရာဝန်နှင့်အတူ ပြန်ရောက်လာခဲ့သည်။ ထို့နောက် ဆရာဝန် ညွှန်ကြားပေးသော ဆေး၏ပမာဏကို ‌အိုင်ဒန်အား စိတ်ရှည်စွာ ရှင်းပြခဲ့သည်။ အိုင်ဒန်က သူ့အဖေ၏လက်ကို လှုပ်ယမ်းပြီး နူးညံ့စွာ ပြောလိုက်သည်။


" ဖေဖေ... ကျွန်တော် နားလည်ပါပြီ... ဖေဖေ အလုပ်များနေရင် အိမ်ကို အရင်ပြန်နှင့်လေ... ရှီဝိန့်လည်း ဒီမှာရှိတာပဲ... သား သွေးသွင်းပြီးရင် သူနဲ့အတူ အိပ်ဆောင်ကို ပြန်သွားလို့ရတယ်"


အိုင်ဒန်က ရှီဝိန့်ကို အမှန်တကယ် ယုံကြည်မှန်း သိသာလှပေသည်။


ရှီဝိန့်ကလည်း သူ့ကို စိတ်ချထားခဲ့နိုင်စေရန် ပြောလိုက်သည်။

"ဦးလေး စိတ်ချပါ... ကျွန်တော် အိုင်ဒန်ကို အိပ်ဆောင်ဆီ ပြန်ခေါ်သွားလိုက်ပါ့မယ်"


ရန်ဒီက ခေါင်းညိတ်ကာ ပြုံးပြပြီး သားဖြစ်သူ၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် လှည့်ထွက်သွားလေသည်။


***


မကြာမီ သွေးအိတ်က ကုန်သွားခဲ့ပြီး ဆရာဝန်က သွင်းထားသည့်အပ်ကို ဖြုတ်ပေးရန် ရောက်လာခဲ့သည်။ အိုင်ဒန်က တောင့်တင်းနေသော သူ့လက်ကောက်ဝတ်ကို ပွတ်သပ်ပြီး ပြောလိုက်သည်။

"ပြန်ကြစို့"


ရှီဝိန့်က အိပ်ရာပေါ်မှ ဆင်း‌တော့မည့် အိုင်ဒန်ကို ကူတွဲပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့နားထဲသို့ စကားအနည်းငယ်ကိုလည်း တိုးတိုးလေး ပြောလိုက်သည်။ မူလအစ၌ အိုင်ဒန်၏ အမူအရာက အံ့အားသင့်သွားပုံရသော်လည်း သူက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အိုမီဂါနှစ်ယောက်က အပြုံးချင်း ဖလှယ်လိုက်ကြသည်ကို မြင်ပြီး ကားလို့စ်နှင့် ကလဲယ်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။


အိုင်ဒန်က သူ့ဖိနပ်ကို စီးခါနီးအချိန်၌ ရှီဝိန့်က ပြောလိုက်သည်။

"အိုင်ဒန်... မင်းက အရမ်းအပင်ပန်းခံလို့ မရဘူးလို့ ဆရာဝန်က ပြောထားတယ်မလား... ဒါပေမယ့် အိပ်ဆောင်နဲ့ ဒီနေရာက အရမ်းဝေးတယ်... နောက်ပြီး လှေကားထစ်‌တွေ အများကြီးကိုလည်း တက်ရဦးမယ်... ငါတို့ ဘယ်လိုလုပ်ကြမလဲ"


ထို့နောက် ရှီဝိန့်က ကားလို့စ်ကို ပြန်လှည့်ကြည့်လိုက်သည်။

"အတန်းခေါင်းဆောင်... အတန်းဖော်တွေကို ပြုစုစောင့်ရှောက်ရတာက မင်းရဲ့တာဝန်လို့ မထင်ဘူးလား"


ကားလို့စ်: "..."


ရှီဝိန့်က ပြုံးပြလိုက်သည်။

"မင်း သူ့ကို သယ်လာပေးလေ"


ကားလို့စ်က ခဏမျှ နှုတ်ဆိတ်သွား၏။ သို့သော် သူ့ကို ကြည့်နေသည့် အိုမီဂါနှစ်ယောက်ကို မြင်ပြီး နောက်ဆုံး၌ "ကောင်းပြီ" ဟု ပြောလိုက်သည်။


အိုင်ဒန်၏ အရှေ့၌ ထိုင်ချလိုက်စဉ် အတန်းခေါင်းဆောင်၏ အမူအရာက တောင့်တင်းနေလေသည်။ ထို့အပြင် ရှီဝိန့်ကလည်း ရယ်ချင်စိတ်ကို ကြိုးစား၍ထိန်းထားနေရသည်။


၎င်းကိုမြင်ပြီး အိုင်ဒန်က အတန်းခေါင်းဆောင်၏ နောက်ကျောဆီသို့ လျှောက်သွားလိုက်သည်။

"ကျေးဇူးတင်ပါတယ် အတန်းခေါင်းဆောင်"


"... ရပါတယ်…"


ကားလို့စ်က အိုင်ဒန်ကို ကျောပေါ်၌ ကုန်းပိုးထားလျက် မတ်တတ်ရပ်လိုက်သည်။ ထိုအချိန်မှသာ ဤအိုမီဂါ၏ အလေးချိန်က အလွန်ပေါ့ပါးကြောင်း သိလိုက်ရသည်။ သူ့လည်ပင်း၌ ရစ်ပတ်ထားသော လက်မောင်းများကလည်း အလွန်အမင်း ပိန်ပါးနေသည်။ ထို့အပြင် လက်ကောက်ဝတ်များကလည်း ကျောက်စိမ်းတစ်မျိုးကဲ့သို့ ဖြူဖွေးနေသည်။ IV သွေးသွင်းမှုကြောင့် လက်ဖမိုးပေါ်တွင် အပ်ပေါက်ရာများ ကျန်ရစ်နေခဲ့ပြီး ၎င်းတို့ကို မြင်လိုက်ရခြင်းက အခြားလူများကို စိတ်ပူပန်စေသည်။


အိုင်ဒန်၏ အသက်ရှူသံက ကားလို့စ်၏ နားရွက်ကို ညင်သာစွာ ပွတ်တိုက်နေသဖြင့် အယ်လ်ဖာကို အလွန်ထူးဆန်းသည့် ခံစားချက်ကို ပေးစွမ်း‌နေသည်။ ကားလို့စ်က သူ့ကျောပေါ်ရှိ ဤအိုမီဂါကို ခွန်အားအနည်းငယ်ဖြင့်ပင် သတ်ပစ်နိုင်သည်။ ထိုသူ၏နှလုံးခုန်သံကလည်း အချိန်မရွေး ရပ်တန့်သွားမည့်ပုံပင်။ သို့သော် ဤလူက သူကဲ့သို့ပင် အလွန်အသက်ဝင်နေ၏။ ထိုအိုမီဂါက သေးငယ်ပြီး အားနည်းနေပုံရသော်လည်း သူကဲ့သို့ပင် ညင်သာစွာ အသက်ရှူနေသေးသည်။


တွေဝေစွာဖြင့် ရပ်နေသည့် ကားလို့စ်ကို မြင်ပြီး ရှီဝိန့်က စိတ်မရှည်တော့ပေ။

"အတန်းခေါင်းဆောင်... မင်း အိုမီဂါတစ်ယောက်ကိုတောင် မသယ်နိုင်ဘူးလား"


ကားလို့စ်၏ ကျောပေါ်ရှိ အိုင်ဒန်ကလည်း အံဩသွားသည်။

"မင်း မလှုပ်နိုင်ဘူးလား... ငါက အဲလောက်မလေးပါဘူး"


ကားလို့စ်၏မျက်နှာက ရုတ်တရက် နီရဲသွားသည်။ ထို့နောက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ငါ သွားပြီ"


ထို့နောက် သူက အိုင်ဒန်ကို သယ်ဆောင်ပြီး အလျင်အမြန် လျှောက်သွားခဲ့သည်။


အိုင်ဒန်က ချက်ချင်းပင် ပြောလာသည်။

"မင်း ဖြည်းဖြည်းလေး လမ်းလျှောက်စမ်းပါ... ငါက ခေါင်းမူးနေတာလေ"


ကားလို့စ်: "..."


အိုမီဂါတွေက တကယ် ဒုက္ခပေးတာပဲ...



🍃🍃🍃