Ch 14
Viewers 2k

🍃 Chapter 14

မကောင်းဆိုးဝါးအတန်း (Part 3)



ထိုအချိန်တွင် ကလဲယ်က တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။ သူက ရှီဝိန့် တွေ့ဖူးသမျှ အယ်လ်ဖာများထဲတွင် အားအနည်းဆုံး အယ်လ်ဖာဖြစ်မည် ထင်သည်။


ရှီဝိန့်က အိုင်ဒန်နှင့် စကားပြောနေစဉ် ကလဲယ်ကို လျစ်လျူရှုထားရင်း ပျော်ရွှင်နေလေသည်။ သို့သော် စကားဝိုင်းပြီးဆုံးသွားချိန်၌ သူတို့အဖွဲ့တွင် လူတစ်ဦးပျောက်ဆုံးနေကြောင်း သိလိုက်ရသည်။ သူ ပြန်လှည့်ကြည့်လိုက်ချိန်၌ ဆိုဖာနောက်တွင် ပုန်းနေသော ကလဲယ်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး မူးလဲသွားတော့မည့်ပုံပေါ်၏။


"..."


ရှီဝိန့်က အံ့အားသင့်စွာဖြင့် သူ့ကို ကြည့်လိုက်သည်။

"မင်း ဘာဖြစ်နေတာလဲ... မင်းကို ကြည့်ရတာ အိုင်ဒန်နဲ့တောင် တူနေပြီ... မင်းလည်း မူးလဲတော့မယ်လို့တော့ မပြောနဲ့နော်..."


"ငါ သွေးကြောက်တယ်"

ကလဲယ်က အားနည်းစွာဖြင့် ပြောလာသည်။


ရှီဝိန့်: "..."


ထို့နောက် ကလဲယ်က လျှောက်လာပြီး ရှီဝိန့်၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ထိုကလေး၏လက်က ချွေးစေးများဖြင့် စိုရွှဲနေသည်။ သူ အမှန်တကယ် ကြောက်နေသည်မှာ သိသာလှ၏။

"သွေးတွေ အများကြီးပဲ... ငါ သွေးကြောက်တယ်... ရှီဝိန့်..."


ရှီဝိန့်က မျက်ဆန်လှန်ပြပြီး ပြောလိုက်သည်။

"ငါက မင်းကို သယ်သွားပေးရမှာလား"


ကလဲယ်က သူ့ကို စိတ်အားထက်သန်စွာ ကြည့်ပြီး သူ့လက်ကို ဆန့်တန်းကာ ရှီဝိန့်၏လည်ပင်းကို လှမ်းဖက်လိုက်သည်။

"ရလား... မင်းက အရမ်းအားသန်တယ်ဆိုတော့ ငါ့ကို ပြန်သယ်သွားပေးလေ"


ရှီဝိန့်က သူ့ခေါင်းကို ပြတ်ပြတ်သားသား တွန်းထုတ်လိုက်သည်။

"သွားစမ်း... အိုမီဂါတစ်ယောက်က အယ်လ်တစ်ယောက်ကို သယ်သွား‌ပေးရမယ်တဲ့... မင်း အလှောင်ခံရမှာကို မကြောက်ဘူးလား"


ကလဲယ်က စိတ်ပျက်စွာဖြင့် ခေါင်းငုံ့လိုက်သည်။

"ငါက သွေးကို အရမ်းကြောက်ပြီး ကြီးပြင်းလာရတာလေ"


ရှီဝိန့်က ကောင်လေး၏ ရွှေရောင်သန်းနေသော ခေါင်းလေးကို အားကိုးရာမဲ့စွာဖြင့် ပွတ်သပ်လိုက်သည်။

"ကောင်းပြီလေ... အိုင်ဒန်သွေးသွင်းတာက ပြီးသွားပြီဆိုတော့ ခဏလောက် နားကြတာပေါ့... ငါတို့ နောက်မှ လိုက်သွားကြမယ်"


ကလဲယ်က ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူ့ကို ကြည့်ရသည်မှာ အလွန်ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ အိုင်ဒန်၏ သွေးသွင်းမှုက သူ့အား ထိတ်လန့်စေခဲ့သည်မှာ ထင်ရှားလှသည်။


ရှီဝိန့်မှာ အနည်းငယ် သံသယဖြစ်မိ၏။ ဤကဲ့သို့ သွေးကြောက်တတ်‌သည့် အခြေအနေက သတ္တိရှိခြင်း၊ မရှိခြင်းနှင့် မဆိုင်ပေ။ မြွေကို အလွန်ကြောက်ရွံ့သည့် အချို့သောလူများကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုးနှင့်တူလှ၏။ သို့သော် မြွေကို အလွန်ကြောက်သည့် သူများမှာ ယခင်က မြွေကိုက်ခံရခြင်းကြောင့် ထိုကဲ့သို့ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤသွေးကြောက်သည့် အခြေအနေကလည်း အလားတူပင်။ ဤရောဂါရှိသည့်သူများက အကြောင်းတစ်စုံတစ်ရာကို ကြုံတွေ့ဖူးသူများဖြစ်သည်။ ထိုအတွေ့အကြုံများက သူတို့၏ဘဝတွင် စိတ်ပိုင်ဆိုင်ရာ အရိပ်မည်းများကို စွဲထင်ကျန်ရစ်စေခဲ့သည်။ ၎င်းက သွေးကိုမြင်ရုံဖြင့် ပျို့အန်ချင်လာပြီး မူးမေ့လုမတတ်ပင် ဖြစ်တတ်သည်။


သွေးကိုကြောက်ရသည့် ကလဲယ်၏ အကြောင်းရင်းကို အတိအကျမသိရပေ။ သို့သော်လည်း ရှီဝိန့်က သူနှင့်အတူကြီးပြင်းခဲ့ပြီး မစ္စဂရေ့စ်ထံမှ ကလဲယ်၏ ကလေးဘဝအကြောင်းကိုလည်း များစွာကြားသိခဲ့ရသည်။ ရွှေရောင်ဆံပင်ရှိသည့် ကောင်ငယ်လေးက ပြင်းထန်သော သွေးအားနည်းရောဂါဖြင့် မွေးဖွားလာကာ မွေးကင်းစ၌ ကယ်ဆယ်မှုကို ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် အသက် ၃ နှစ်မပြည့်မီ မကြာခဏ အိပ်မက်ဆိုးများကို မက်လေ့ရှိသည်။


ဒါက သွေးကို မြင်ရင် ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုရဲ့ အကြောင်းရင်းဖြစ်နိုင်လောက်လား...


ရှီဝိန့်က ကလဲယ်၏မျက်နှာ အနည်းငယ် ပြန်ကောင်းလာသည်အထိ သူနှင့်အတူ နေပေးခဲ့သည်။ ထို့နောက် မေးလိုက်သည်။

"အဆင်ပြေသွားပြီလား"


ကလဲယ်က ခေါင်းညိတ်ပြလိုက်သည်။

"အင်း ပိုကောင်းလာပြီ"


ရှီဝိန့်က ပြုံးကာ ပြောလိုက်သည်။

"ဒါဆို ပြန်ကြစို့"


ကလဲယ်က မတ်တတ်ရပ်ရန် ကြိုးစားစဉ် ရှီဝိန့်က သူ့ကို အမြန်လှမ်းထိန်းပေးလာသည်။

"သတိထားဦး"


အမှန်အတိုင်းပြောရလျှင် ကလဲယ်က ခေါင်းမမူးတော့သည်မှာ ကြာပြီဖြစ်၏။ သို့သော် ရှီဝိန့်က သူ့ကို ကူညီရန် အစပျိုးလုပ်ဆောင်နေသည်ကို မြင်လိုက်ရသဖြင့် သူ့နှလုံးသားက ပျော်ရွှင်မှုများနှင့် ပြည့်နေခဲ့သည်။ ထို့ကြောင့် သူက အားနည်းချင်ဟန်ဆောင်ခဲ့သည်။ ကလဲယ်က ရှီဝိန့်၏ ခန္ဓာကိုယ်ကို မှီထားပြီး တစ်ဖက်ကောင်လေး၏ လက်ကို ဆုပ်ကိုင်ထားသည်။

"မင်းကို ကူတွဲခိုင်းရလို့... ငါ တကယ်ကို တောင်းပန်ပါတယ်"


သူ၏ သနားစရာကောင်းသော အသွင်အပြင်ကို ကြည့်ရင်း ရှီဝိန့်မှာ သူ့ကို ကူညီပေးရန်ကလွဲ၍ ရွေးချယ်စရာ မရှိပေ။


ကလဲယ်က ရှီဝိန့်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ၎င်းက ရှီဝိန့် သူ့လက်ကို ခါမထုတ်ခဲ့သည့် ရှားပါးအကြိမ်ပင်ဖြစ်သည်။


ကလဲယ်က နောက်ဆုံးတွင် နည်းလမ်းတစ်ခုကို ကျွမ်းကျင်စွာ တတ်မြောက်သွားခဲ့သည်။ ဖျားနာချင်ဟန်ဆောင်ရုံဖြင့် ရှီဝိန့်က သူ့အပေါ် နူးညံ့စွာ ပြုမူတတ်ကြောင်း တွေ့ရှိလိုက်ရခြင်းကြောင့် ဝမ်းသာသွားသည်။


***


သူတို့နှစ်ယောက်မှာ လှေကားမှ အတူတူ ဆင်းလာခဲ့ကြသည်။ ထိုအချိန်တွင် ကားလို့စ့်က မျက်နှာထားတင်းတင်းနှင့် သူတို့ကို အောက်ထပ်တွင် စောင့်နေကြောင်း တွေ့လိုက်ရသည်။ အိုင်ဒန်မှာ သူ၏ကျောပြင်ပေါ်၌ ရှိနေဆဲပင်။ ရှီဝိန့်က ပြုံးပြလိုက်သည်။


"အတန်းခေါင်းဆောင်... မင်း ဘာလို့ ဒီမှာရှိနေတာလဲ"


"အိုင်ဒန်က ပြောတယ်... သူ့အဆောင်နံပါတ်ကို မေ့သွားပြီတဲ့... အဲဒါကြောင့် မင်းကို စောင့်နေတာ"

ကားလို့စ်က ပြန်ဖြေလိုက်သည်။


ရှီဝိန့်က ပြောလိုက်သည်။

"ငါတို့ရဲ့ အိပ်ဆောင် အခန်းနံပါတ်က ၈၅၁၁ ... အဆောက်အဦ ၈ ရဲ့ ၅ ထပ်မြောက်မှာ"


ကလဲယ်က အဆောက်အဦ ၇ ဟု ပြောချင်သော်လည်း ရှီဝိန့်က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် ကလဲယ်က ချက်ချင်းပင် ပါးစပ်ပိတ်သွားလေသည်။


ကားလို့စ်က မေးခွန်းထုတ်လာပြန်သည်။

"အဆောက်အဦ ၈ လား... ကလဲယ်... ငါတို့က အဆောက်အဦ ၇ မှာ နေတာ မဟုတ်ဘူးလား"


ကလဲယ်က ရှီဝိန့်အတွက် အတန်းခေါင်းဆောင်ကို စတေးပစ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။ သူက ခေါင်းကုတ်ပြီး ပြောလိုက်သည်။

"ငါ မမှတ်မိဘူး"


ရှီဝိန့်က ပြောလိုက်သည်။

"အိုင်ဒန်နဲ့ ငါ့ကို အဆောက်အဦ ၈ မှာ နေခိုင်းထားတာ"


ကားလို့စ်က သူတို့ကို အိပ်ဆောင်၌ တစ်ခါမျှ မမြင်ဖူးပေ။ ထို့ကြောင့် အခြေအနေမှန်ကို မသိဘဲ အိုမီဂါများကို အဆောက်အဦ ၈ ၌ နေခိုင်းခြင်းဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။ သူက ခေါင်းညိတ်ပြပြီး အိုင်ဒန်ကို အဆောက်အဦ ၈ ထံသို့ သယ်ဆောင်သွားခဲ့သည်။


ကားလို့စ်မှာ အဆောက်အဦ ၈ ၏ ၅ လွှာကိုတက်ရန် ရုန်းကန်ခဲ့ရသည်။ ရှီဝိန့်က သူ့ကျောင်းသားကဒ်ကို ထုတ်ယူပြီး အိပ်ဆောင်တံခါးကို ဖွင့်ဟန်ဆောင်လိုက်သည်။ တံခါးက ပွင့်မလာပေ။ ထို့နောက် ရှီဝိန့်က ချက်ချင်း နောက်ပြန်လှည့်ပြီး ပြောလိုက်သည်။


"ဆောရီး... ငါ အမှတ်မှားသွားတယ်... ငါတို့လည်း အဆောက်အဦ ၇ မှာပဲ နေတာထင်တယ်... မင်းသိတဲ့အတိုင်း အိုမီဂါ‌တစ်‌ယောက်ရဲ့ မှတ်ဉာဏ်က ယေဘုယျအားဖြင့် သိပ်မကောင်းဘူးလေ"


ကားလို့စ်: "..."


အဆောက်အဦ ၇ နှင့် ၈ က နံပါတ်တစ်ခုတည်းသာ ကွာသော်လည်း အကြား၌ ထိုအဆောက်အဦနှစ်ခုကို ပိုင်းခြားထားသည့် ကစားကွင်းကြီးတစ်ခုရှိသည်။


ရှီဝိန့်၏ အပြစ်ကင်းစင်သော မျက်လုံးများကို ကြည့်ရင်း ကားလို့စ်က သူ့အား သေသည်အထိ ထိုးပစ်ချင်စိတ်များကို ဖိနှိပ်ထားရသည်။ သူက လှည့်ထွက်သွားပြီး အိုင်ဒန်ကို အောက်ထပ်သို့ သယ်သွားသည်။


လမ်းတစ်လျှောက်တွင် ကျောင်းသားအများအပြားကလည်း သူတို့လေးယောက်ကို စပ်စုလိုစိတ်များဖြင့် ကြည့်နေကြသည်။ အထူးသဖြင့် ကားလို့စ်ကို ကြည့်နေကြခြင်းဖြစ်သည်။ အိုမီဂါကို သယ်ဆောင်ပြီး ကစားကွင်းကြီးကို ဖြတ်သန်းလာသည့် အယ်လ်ဖာတစ်ယောက်ကို မြင်လိုက်ရခြင်းကြောင့် စီနီယာကျောင်းသားများကြား၌ တီးတိုးသံများ ထွက်ပေါ်လာသည်။ ၎င်းက ကားလို့စ်ကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ တစ်ဖက်တွင်မူ ကလဲယ်က သူ့ခန္ဓာကိုယ်တစ်ဝက်ကို ရှီဝိန့်၏ကိုယ်ပေါ်၌ သိသိသာသာ မှီထားခဲ့သည်။ ရှီဝိန့်နှင့်အတူ လက်တွဲကာ လမ်းလျှောက်နိုင်သည့်အတွက် ကလဲယ်က တိတ်တိတ်ကလေး ပျော်ရွှင်နေခဲ့သည်။


ကားလို့စ်က အိုင်ဒန်ကို အဆောက်အဦ ၇ ၏ ၅ လွှာသို့ သယ်ဆောင်လာပြီးနောက် ရှီဝိန့်က နောက်ဆုံး၌ အိပ်ဆောင်တံခါး ၁၁ ကို ဖွင့်လိုက်သည်။


"ငါတို့ ရောက်ပြီ"

ကားလို့စ်က မှင်သေသေ မျက်နှာထားဖြင့် ထိုင်ချပြီး အိုင်ဒန်ကို ကြမ်းပြင်ပေါ်သို့ ချလိုက်သည်။


အိုင်ဒန်က ပြုံးပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အတန်းခေါင်းဆောင်"


"ရပါတယ်"

ကားလို့စ်၏မျက်နှာက အလွန်တောင့်တင်းနေဆဲဖြစ်သည်။ ထို့အပြင် သူ့အဝတ်အစားများ စိုစွတ်သွားသည်အထိ ချွေးများလည်း ထွက်နေခဲ့သည်။ အိုင်ဒန်၏ကိုယ်က မလေးလံသော်လည်း ဤအိုမီဂါကို သယ်ဆောင်ပြီး လှေကားထစ်များကို အထပ်ထပ် အခါခါ တက်လိုက်ဆင်းလိုက် ပြုလုပ်ခြင်းက သူ့ကို အလွန်ပင်ပန်းစေသည်။


သူတို့ အခန်းထဲသို့ ရောက်သည်နှင့် ရှီဝိန့်က အိုင်ဒန်၏ခေါင်းကို ပွတ်သပ်ကာ ချီးကျူးပေးလိုက်သည်။

"သရုပ်ဆောင်တာ တော်တယ်"


အိုင်ဒန်က အနည်းငယ် အပြစ်ရှိသလို ခံစားရသောကြောင့် ပြောလိုက်သည်။

"ငါတို့ လုပ်တာ အရမ်းကြီးများ လွန်သွားပြီလား... သူက ငါ့ကို အကြာကြီး သယ်သွားခဲ့ရတာ... သူ ဘယ်လောက်တောင် ပင်ပန်းနေမလဲ ဆိုတာကို ငါ ခံစားလို့ရတယ်"


"စိတ်မပူနဲ့... အယ်လ်ဖာတွေက သဘာဝအတိုင်း သက်လုံကောင်းပြီးသား... နောက်ပြီး သူ သေလောက်တဲ့အထိတော့ ပင်ပန်းမှာ မဟုတ်ဘူး"

ရှီဝိန့်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြုံးလိုက်သည်။


"သူ့အပေါ် သနားမ‌နေနဲ့... အဲဒီကောင်က ငါတို့လို အိုမီဂါတွေကို စက်ဆုပ်ပြီး နှိမ့်ချနေတာ... အဲဒါကြောင့် ငါတို့က သူ့ကို နည်းနည်းတော့ ဒုက္ခရောက်အောင် လုပ်ရမှာပေါ့"


——— ——— ——— ——— ———


ထိုညတွင် ရှီဝိန့်က ဦးလေးဘာ့ဂျ်ထံမှ ဆက်သွယ်ရေး သတိပေးချက်တစ်ခုကို ရုတ်တရက် လက်ခံရရှိခဲ့သည်။ ဘာ့ဂ်ျ အိမ်ထောင်မပြုမီ ရှီဝိန့် ငယ်စဉ်ကလေးဘဝက ဆက်သွယ်ရန် နည်းလမ်းအဖြစ် အသေးစား ရောင်ခြည်ကွန်ပျူတာတစ်လုံးကို ပေးခဲ့ဖူးသည်။ ဤသတိပေးချက်ကို မြင်ပြီး ရှီဝိန့်မှာ အလွန်ဝမ်းသာသွားပြီး ခေါ်ဆိုမှုကိုလက်ခံရန် ချက်ချင်း နှိပ်လိုက်သည်။


"ဦးလေး... မတွေ့ရတာတောင် ကြာပြီ"


ဘာ့ဂ်ျက ယခင်ကအတိုင်းပင်။ လက်ရှိအချိန်၌ သူက သက်တောင့်သက်သာရှိသည့် အိမ်နေရင်း အဝတ်အစားများကို ဝတ်ဆင်ထားပြီး အိပ်ရာဘေးတွင် ထိုင်နေသည်။ ရှီဝိန့်ကို မြင်လိုက်ရသည်နှင့် သူက ပြုံးပြပြီး ပြောလာသည်။

"မင်းရဲ့ကျောင်းအသစ်မှာ အဆင်ပြေနေပြီလား"


"ဒီနေ့က စာသင်နှစ်ရဲ့ ပထမဆုံးနေ့လေ... ကျောင်းရဲ့အခြေအနေတွေကတော့ အရမ်းကောင်းပါတယ်"


ရှီဝိန့်က တစ်စုံတစ်ယောက်၏ နာမည်ကို မှတ်မိသွားပြီး ရုတ်တရက် မေးလိုက်သည်။

"ဦးလေး... ကားလို့စ်ကို သိလား"


ဘာ့ဂ်ျ စကားမပြောရသေးမီ ရုတ်တရက် သူ့နောက်မှ လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုလူက ကောင်းမွန်သော ကြွက်သားများရှိပြီး အရပ်အမောင်းကလည်း ထောင်ထောင်မောင်းမောင်းပင်။ ထို့နောက် ထိုလူက အလွန်ရိုးသားသည့်ပုံစံဖြင့် မေးလာသည်။

"ကားလို့စ်လား... ဒီကောင်စုတ်လေးက ဘာဖြစ်လို့လဲ"


"ငါ ရှီဝိန့်နဲ့ စကားပြောနေတာလေ... ဘာလို့ မင်းက ဝင်ဖြတ်‌ပြောရတာလဲ"

ဘာ့ဂ်ျက သူ့ကို လှည့်ကြည့်လိုက်သည်။


"..."

ထိုလူက ခေါင်းကုတ်ပြီး အပြစ်ကင်းစွာဖြင့် ပြုံးပြလာသည်။


ထိုလူက ဒရူးဘာ့ရေ့ခ်ျဖြစ်ရမည်ဟု ရှီဝိန့် ချက်ချင်းပင် ခန့်မှန်းလိုက်သည်။ ထိုသူက ဘာ့ရေ့ခ်ျမိသားစု၏ အမွေဆက်ခံသူ ဖြစ်ပြီး ဦးလေးဘာ့ဂျ်နှင့် လက်ထပ်ထားသော အယ်လ်ဖာလည်း ဖြစ်သည်။ ကားလို့စ်၏ မျိုးရိုးနာမည်ကလည်း ဘာ့ရေ့ခ်ျပင်ဖြစ်၏။ ထို့ကြောင့် သူတို့က သေချာပေါက် သွေးသားတော်စပ်ကြလိမ့်မည်။ ၎င်းက ရှီဝိန့်က ကားလို့စ်၏ အကြောင်းကို ထုတ်မေးလိုက်ရသည့် အကြောင်းအရင်းပင်။


"ကားလို့စ်ကို မတွေ့ဖူးဘူး... ဒါပေမယ့် အဲဒီကလေးကို ဦးလေး သိတယ်"

ဘာ့ဂ်ျက သူ့ဘေးမှလူကို ပြန်ကြည့်လိုက်သည်။

"မင်းရဲ့တူလေး ကားလို့စ်လည်း ဒီနှစ်မှာ ကျောင်းတက်ရတယ်မလား"


"အင်း... သူက ဝင်ခွင့်ဖြေဖို့ အရွယ်ရောက်ပြီလေ... အဲဒါကြောင့် စိန့်ပေါအကယ်ဒမီကို သွားတယ်"

ဒရူးက ဆက်ပြောလာသည်။

"ကားလို့စ်က သန်မာတဲ့ စိတ်စွမ်းအားနဲ့ မွေးဖွားလာခဲ့တာ... ငယ်ငယ်လေးကတည်းက သူက သူနဲ့ရွယ်တူ တခြားကလေးတွေထက် သန်မာတယ်... ကျောင်းဝင်ခွင့်စာမေးပွဲမှာလည်း သူ ပထမရခဲ့တာလို့ ကြားတယ်... ဘာလို့လဲ... သူ ကျောင်းမှာ ပြဿနာတက်လို့လား"


ရှီဝိန့်က ပြောလိုက်သည်။

"မဟုတ်ပါဘူး... ဆရာမက သူ့ကို ကျွန်တော်တို့အတန်းရဲ့ အတန်းခေါင်းဆောင်အဖြစ် ရွေးလိုက်လို့ပါ... သူက ဘာ့ရေ့ခ်ျမိသားစုက လာတာလို့ ကြားတယ်... ဒါကြောင့် သူ့ကို မှတ်မိလားလို့ ဦးလေးကို မေးကြည့်တာပါ"


"သူက ငါ့တူလေ"

ဒရူးက ပြောလိုက်သည်။

"မင်းက ပထမမင်းသားလား... မင်းဦးလေးက မင်းရဲ့အကြောင်းကို မကြာခဏ ပြောတတ်တယ်... မင်းက တကယ် ချစ်စရာကောင်းတာပဲ... မင်းရဲ့မျက်လုံးတွေက မင်းရဲ့ဦးလေးနဲ့ တူတာ..."


ထိုလူ၏စကား မဆုံးသေးမီ ဘာ့ဂ်ျက သူ့ကို မောင်းထုတ်လိုက်သည်။

"မင်း အရင် ထွက်သွားလိုက်တော့... ငါ့မှာ ရှီဝိန့်ကို ပြောစရာရှိသေးတယ်"


 "အိုး"

အပြစ်မရှိသော ဒရူးက ချက်ချင်းပင် ထွက်သွားသည်။


ထိုသူ ထွက်သွားပြီးနောက် ဘာ့ဂ်ျက နောက်ဆုံးတွင် ပြန်လည်ပြုံးပြလာခဲ့သည်။ ထို့နောက် အလေးအနက် ပြောလာသည်။


"ရှီဝိန့်... ဒီနေ့ ငါ မင်းကို ဆက်သွယ်ရတဲ့ အကြောင်းအရင်းက ဧကရာဇ်ကြောင့်ပဲ... သူက ငါ့ကို မင်းအတွက် စကားပါးခိုင်းလိုက်တယ်လေ... စိန့်ပေါအကယ်ဒမီက ကျောင်းသားအများစုက စစ်တပ်မိသားစုက ကလေးတွေပဲ... မင်းက ငယ်သေးပေမယ့် ပထမမင်းသားဆိုတဲ့ မင်းရဲ့အဆင့်အတန်းကို မှတ်ထားရမယ်... သူငယ်ချင်းဖွဲ့တဲ့အခါ သူတို့ရဲ့မိသားစုနောက်ခံကို အာရုံစိုက်ရမယ်... ဘာ့ရေ့ခ်ျမိသားစုအပြင် ဘေ့စီမိသားစုနဲ့လည်း သူငယ်ချင်း ဖွဲ့လို့ရတယ်... ဒါပေမယ့် အော်လန်ဒိုမိသားစု... ရှာမန်မိသားစု... စတုတ်ကာမိသားစု အဲဒီ တခြားမိသားစု‌တွေနဲ့ တော့ အရမ်းကြီးနီးနီးကပ်ကပ် မနေသင့်ဘူး... မင်းအတွက်လည်း မကောင်းဘူး"


ရှီဝိန့်မှာ အံ့သြသွားသည်။ တော်ဝင်မိသားစုနှင့် ထိုမိသားစုများကြားရှိ ဆက်ဆံရေးက မကောင်းသောကြောင့် သူ့အဖေက ဤကိစ္စများအားလုံးကို ပြောပြရန် အန်ကယ်ဘာ့ဂျ်အား တောင်းဆိုခဲ့ခြင်း ဖြစ်နိုင်သည်။ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများလည်း ရှိပေလိမ့်မည်။ ထို့ကြောင့် ပထမမင်းသားဖြစ်သည့် ရှီဝိန့်က သူ၏ကိုယ်ပိုင် အဆင့်အတန်းကို ရှင်းရှင်းလင်းလင်း သိထားရန် လိုအပ်သည်။


ရှီဝိန့်က သူ့စကားကို လေးလေးနက်နက် နားထောင်နေသည်ကို မြင်ပြီး ဘာ့ဂ်ျက ဆက်ပြောလိုက်သည်။

"ဒါနဲ့စကားမစပ် မင်းမွေးတုန်းက မင်းကို လည်ဆွဲတစ်ခု ပေးခဲ့တယ်လေ... မင်း အဲဒါကို မင်းနဲ့အတူ ကျောင်းကို ယူလာခဲ့လား"


"အပြာရောင်လေးလား... ကျွန်တော် တစ်ချိန်လုံး ဝတ်ထားတယ်လေ"

ရှီဝိန့်က ကော်လံအောက်မှ အပြာရောင် ဆွဲသီးလေးကို ဆွဲထုတ်ပြလိုက်သည်။


ဘာ့ဂ်ျက ဘဲဥပုံသဏ္ဍာန်ရှိပြီး တောက်ပနေသော အပြာရောင်ကို သလင်းကျောက်ကို ရှီဝိန့်၏ရင်ဘတ်၌ မြင်လိုက်ရသည်။ ထို့နောက် သူက ပြုံးပြီး ပြောလိုက်သည်။

"ဒီလည်ဆွဲက ပိုင်ရှင်ဆီကို ကံကောင်းခြင်း‌တွေ ယူဆောင်လာပေးတယ်လို့ ပြောတယ်... မင်းက သေချာပေါက် အဲဒါကို ထိန်းသိမ်းထားရမယ်နော်"


"ဟုတ်ကဲ့... ဦးလေး"


ရှီဝိန့်က အလျင်အမြန်ပင် ကတိပေးပြီး မေးလိုက်သည်။

"ဦးလေး လက်ထပ်ပြီးသွားတော့ ဘယ်လိုနေလဲ"


ဘာ့ဂ်ျက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"အဆင်ပြေပါတယ်... အခုတော့ ငါ့မှာ ကိုယ်ဝန်ရှိနေပြီ... နောက်နှစ် ဒီအချိန်လောက်ဆို မင်းမှာ ဝမ်းကွဲလေးတစ်ယောက် ရလာတော့မယ်"


ရှီဝိန့်: "..."


ရှီဝိန့်က "ငါ့မှာ ကိုယ်ဝန်ရှိနေပြီ" ဟူသော စကားကို တည်ငြိမ်စွာဖြင့် ပြောနေသည့် ဖန်သားပြင်ပေါ်မှ လူကို ကြည့်လိုက်မိသည်။ ထို့နောက် သူက အယ်လ်ဖာတစ်ယောက်ထံမှ အမှတ်အသားပြုခံရသည့် ဖြစ်စဉ်ကို အလိုအလျောက် တွေးမိသွားပြီး ချက်ချင်းပင် သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထသွားရသည်—


အံ့သြစရာကောင်းတဲ့ ဒီကမ္ဘာမှာ နေရတဲ့ ဖိအားက တကယ့်ကို ကြီးမားလွန်းတယ်...



🍃🍃🍃