Ch 15
Viewers 2k

🍃 Chapter 15



လူသားများ၏ လျင်မြန်သော ဆင့်ကဲပြောင်းလဲမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ အင်ပါယာရှိ ကလေးများ အထူးသဖြင့် အယ်လ်ဖာများက ယေဘုယျအားဖြင့် သတ္တိရှိကြသည်။ ကျောင်းစတက်သည့် နေ့ကတည်းက အချင်းချင်း ပြိုင်ဆိုင်ရန် တက်ကြွနေကြသည်။


ပထမနေ့ကျောင်းတက်သည့် နံနက်ပိုင်းအချိန်တွင် သင်ရိုးနှစ်ခုကို သင်ယူခဲ့ကြသည်။ ဝေါဟာရနှင့်သဒ္ဒါကို အတန်းချိန်နှစ်ခုစာ သင်ကြားပြီး နောက်အတန်းချိန်နှစ်ချိန်အတွက်မူ သင်္ချာကို သင်ကြားခဲ့ကြသည်။ ကလေးများက တရားဝင်ကျောင်းမတက်မီ အပေါင်းအနုတ်ကို ရာဂဏန်းအထိ သင်ယူခဲ့ကြပြီးဖြစ်သည်။ ထို့ကြောင့် ဆရာက ဂဏန်းသုံးလုံးပါသည့် ပေါင်းခြင်းနှင့် နုတ်ခြင်းကို တိုက်ရိုက် သင်ကြားပေးခဲ့သည်။ ထို့အပြင် မြှောက်ခြင်းနှင့် စားခြင်း၏ အခြေခံများကိုလည်း သင်ကြားပေးခဲ့သည်— အင်ပါယာပညာရေးက ရှီဝိန့်၏ လက်ရှိသင်ခန်းစာထက် သုံးနှစ်စာခန့် ရှေ့ကြိုရောက်နေသည်။


[ T/N - သူ နန်းတော်ထဲမှာ သင်ခဲ့ရတာက အခုထက်ပိုပြီး ရှေ့ရောက်နေတယ်လို့ ပြောချင်တာပါ ]


မှန်ပေ၏။ ဤသင်ခန်းစာများက ရှီဝိန့်အတွက် အလွန်ရိုးရှင်းလှသည်။ သူက စိတ်ဝင်တစား ‌နားထောင်နေဟန်ဆောင်ခဲ့သည်။ အမှန်တကယ်၌မူ ရောင်ခြည်ကွန်ပျူတာဖြင့် သူ့ကိုယ်ပိုင်စာအုပ်ကို ဖတ်နေခဲ့သည်။


သူနှင့်ဆန့်ကျင်ဘက်အနေဖြင့် အိုင်ဒန်က အလွန်ဂရုတစိုက်ဖြင့် လေ့လာနေခဲ့သည်။ ပို့ချနေသည့် သင်ခန်းစာများကို နားထောင်ရင်း လုံ့လရှိစွာဖြင့် ရောင်ခြည်ကွန်ပျူတာပေါ်တွင် မှတ်စုများကို  မှတ်သားနေခဲ့သည်။


သူတို့၏ အရှေ့တန်း၌ ကလဲယ်က စားပွဲပေါ်တွင် ခေါင်းတင်ထားရင်း အလျင်အမြန် အိပ်ပျော်သွားခဲ့သည်။ ဆရာက ၎င်းကို မမြင်ရပေ။ သို့သော် သူ့နာမည်ကို လှမ်း‌ခေါ်လိုက်သည်။

"ကျောင်းသားကလဲယ်... မင်း ဒီမေးခွန်းကို ဖြေ"


ဆရာ၏စင်မြင့်ပေါ်ရှိ ရောင်ခြည်ကွန်ပျူတာက စာသင်ခန်းတစ်ခုလုံး၏ မြေပုံကို ပြသထားသည်။ ထို့ကြောင့် ပထမရက်ပင် ဖြစ်သော်လည်း ဆရာက ကလဲယ်၏အမည်ကို တိကျစွာ ခေါ်ဆိုနိုင်ခဲ့သည်။ သို့သော် နာမည်အခေါ်ခံရသည့် ကောင်လေးက ခေါ်သံကို မကြားနိုင်ဘဲ အိပ်ပျော်နေဆဲပင်။


ရှီဝိန့်မှာ ရွေးချယ်စရာမရှိ‌ပေ။ သူက ခြေထောက်များကို ဆန့်ထုတ်ပြီး ကလဲယ်၏ဖင်ကို ညင်သာစွာ ကန်လိုက်သည်။


ကလဲယ်က နိုးလာပြီး ယိုင်တိယိုင်တိုင်ဖြင့် မတ်တတ်ထရပ်ကာ မေးလာသည်။

"ရှီဝိန့်... မင်း ငါ့ကို ရှာနေတာလား"


"..."


မင်း... ဝက်လို အသင်းဖော်ပဲ... ငါက မင်းကို ကူညီနေတာလေ... မင်းကတော့ ငါ့ကို ရောင်းစားဖို့ တွန့်တောင်မတွန့်ဆုတ်ဘူးပေါ့...


ဆရာက သူ့မျက်မှန်ကို ပင့်တင်လိုက်ပြီး မကြည်မသာ မျက်နှာထားဖြင့် ပြောလာသည်။

"ရှီဝိန့်... မင်း ဖြေ"


ရှီဝိန့်က ကူကယ်ရာမဲ့စွာဖြင့် မတ်တတ်ထရပ်ပြီး ဖြေလိုက်သည်။

"အဖြေက ၁၃၇ ပါ"


ဆရာက နောက်မေးခွန်းတစ်ခုအား ရွေးချယ်သည့် ခလုတ်ကို နှိပ်လိုက်သည်။ ထို့နောက် စင်မြင်ပေါ်ရှိ ဖန်သားပြင်ပေါ်တွင် မေးခွန်းအသစ်တစ်ခု ပေါ်လာသည်။


ရှီဝိန့်က ထပ်ပြီးဖြေလိုက်သည်။

"အဖြေက ၅၂၂ ပါ"


"... ..."


ရှီဝိန့်က အေးအေးဆေးဆေး တုံ့ပြန်ပြီး မေးခွန်းဆယ်ခုကို ဆက်တိုက်ဖြေဆိုပြီးနောက် ဆရာ၏ စိတ်အခြေအနေကလည်း တိုးတက်လာခဲ့သည်။ ထို့နောက် ဆရာက ပြုံးပြီး သူ့ကို လွှတ်ပေးလိုက်သည်။

"ရှီဝိန့်က ကောင်းကောင်း ဖြေနိုင်တာကြောင့် အလေးအနက်ထားပြီး နားထောင်နေတာ သေချာတယ်... ကလဲယ်... မင်း ရှီဝိန့်ဆီက ပိုသင်ယူရမယ်... အတန်းထဲမှာ မအိပ်နဲ့"


ကလဲယ်က ခေါင်းကုတ်လိုက်သည်။

"ကျွန်တော် သိပါပြီ... ဆရာ"


"ထိုင်တော့"


နှစ်ယောက်သား ထိုင်ပြီးနောက် အိုင်ဒန်က သူ့ဘေးနားရှိ ရှီဝိန့်အား လက်မထောင်ပြလာသည်။

"မင်းက အရမ်းအံ့သြဖို့ကောင်းတာပဲ... မင်းက အရမ်းအတတ်မြန်တယ်နော်"


ရှီဝိန့်က သူ့ကို ပြုံးပြလိုက်သည်။

"နောင်ကျ မင်း တစ်ခုခု နားမလည်တာရှိရင် ငါ့ကို မေးလို့ရတယ်"


အိုင်ဒန်က ခေါင်းညိတ်လိုက်သည်။

"အင်း... ငါ နားမလည်တာ နည်းနည်းတော့ ရှိတယ်... အိပ်ဆောင်ကို ပြန်ရောက်မှ ငါ မင်းကို ထပ်မေးတော့မယ်"


ထိုအချိန်တွင် ကားလို့စ်က ရှီဝိန့်၏ နောက်ကျောဘက်မှ ကြည့်နေသည်။ သူ့အမူအရာက ဤကဲ့သို့ ဖော်ပြနေပေ၏။

ဘာတွေများ အရမ်းအံ့ဩစရာရှိလို့လဲ... ငါလည်း ဖြေနိုင်ပါတယ်...


***


မနက်ပိုင်းအတန်းက မကြာမီ ပြီးဆုံးသွားခဲ့သည်။ ရှီဝိန့်နှင့် အိုင်ဒန်တို့က နေ့လည်စာစားရန် ထွက်လာခဲ့ကြသည်။ ကလဲယ်က ရှီဝိန့်၏နောက်တွင် အမြီးလေးကဲ့သို့ ကပ်ပါလာပြီး ကားလို့စ်လည်း ကလဲယ်နှင့် အတူလိုက်လာခဲ့သည်။ ကလေးလေးယောက်က ကျောင်းကန်တင်း၌ ထိုင်ပြီးနောက် ရှီဝိန့်က မမေးဘဲမနေနိုင်တော့ပေ။


"ကလဲယ်... မင်း ဘာလို့ အမြဲတမ်း အိပ်နေတာလဲ"


ကလဲယ်က ခေါင်းကုတ်လိုက်သည်။

"ငါလည်း မသိဘူး... ငါက အမြဲတမ်း အိပ်ရတာကို ကြိုက်တယ်"


"မင်း အတန်းထဲမှာ အိပ်နေရင် ဆရာက မင်းကို နေ့တိုင်း မေးခွန်းတွေ ဖြေခိုင်းလိမ့်မယ်"

ရှီဝိန့်က ထောက်ပြလိုက်သည်။


ကလဲယ်လည်း အလွန်ဝမ်းနည်းသွားပြီး ခေါင်းကို ကုတ်လိုက်သည်။ သူ့မျက်နှာအမူအရာကလည်း စိတ်ရှုပ်ထွေးနေသည်။

"တကယ်တော့ ငါ့မှာ ဘယ်သူ့ကိုမှ မပြောဖူးတဲ့ ထူးဆန်းတာတစ်ခုရှိတယ်..."


အိုင်ဒန်နှင့် ကားလို့စ်တို့၏ နားရွက်များက စပ်စုလိုစိတ်ဖြင့် ချက်ချင်းပင် ထောင်မတ်ကုန်ကြသည်။


"ရှီဝိန့်... မင်း ဒီည ငါ့ဆီ လာခဲ့... ငါ မင်းကို ပြောမယ်... ဟုတ်ပြီလား"


ကားလို့စ်: "..."


အိုင်ဒန်: "..."


စကားကို အဆုံးထိမပြောဘဲ ဆန့်တငင်ငင် ချန်ထားခဲ့တဲ့ လူ‌တွေက အရမ်းစိတ်ပျက်စရာကောင်းတာပဲ...


ကားလို့စ်နှင့် အိုင်ဒန်က တစ်ပြိုင်နက်တည်း ကောက်ချက်ချလိုက်သည်။


ရှီဝိန့်က ပြုံးပြလိုက်သည်။

"မင်းမှာ လျှို့ဝှက်ချက် ရှိသေးတယ်ပေါ့... ကောင်းပြီ... ငါ ဒီည မင်းဆီ လာလည်မယ်"


***


ညနေပိုင်းတွင် ရှီဝိန့်က အိပ်ဆောင်သို့ ပြန်လာခဲ့သည်။ ထို့နောက် သူက ယနေ့ သင်ယူခဲ့သမျှကို ရွေးချယ်ကြည့်ရှုလိုက်ပြီး ရံဖန်ရံခါဆိုသလို အိုင်ဒန်ကိုလည်း စာလေ့လာမှု အကြံဥာဏ်များကို ပေးခဲ့သည်။ ကောင်းကင်က မှောင်စပျိုးချိန်ရောက်မှသာ ကလဲယ်က သူ့ကို ပြောထားသည့်ကိစ္စအား ရှီဝိန့် သတိရသွားခဲ့သည်။ ထို့နောက် သူက အခန်း ၁၇ သို့ ထွက်လာပြီး တံခါးခေါက်လိုက်သည်။


တံခါးပွင့်သွားချိန်၌ ရှီဝိန့်မှာ အံ့ဩသွားရသည်။ အဘယ်ကြောင့်ဆိုသော် တံခါးကို လာဖွင့်ပေးသူမှာ ကားလို့စ်ဖြစ်နေသောကြောင့်ပင်။

"မင်းနဲ့ ကလဲယ်က အခန်းဖော်တွေလား"


ကားလို့စ်က ခေါင်းညိတ်ပြပြီး နောက်ပြန်လှည့်သွားသည်။

"ဟေ့ကောင် ကလဲယ်... ဒီမှာ ရှီဝိန့်က မင်းကို လာရှာနေတယ်"


မကြာမီ ရွှေရောင်ခေါင်းလေးတစ်လုံးက ထွက်ပေါ်လာခဲ့သည်။ ထိုသူက ရှီဝိန့်ကို မြင်လိုက်ချိန်တွင် တောက်ပသည့် အပြုံးတစ်ပွင့်ဖြင့် ချက်ချင်းပင် အားပါးတရ ပြုံးပြလာခဲ့သည်။

"သွားစို့"


ရှီဝိန့်က မေးလိုက်သည်။

"ဒီနေရာမှာ မပြောဘူးလား"


ကလဲယ်က ပြောလိုက်သည်။

"လျှို့ဝှက်ချက်ကို ဘယ်သူမှမရှိတဲ့နေရာမှာပဲ ပြောရမှာပေါ့... မဟုတ်ရင် ကားလို့စ်က ခိုးနားထောင်လိမ့်မယ်"


ကားလို့စ်: "..."


ခိုးနားထောင်ရန် ရည်ရွယ်ထားသည့် အတန်းခေါင်းဆောင်က ချဉ်စူးနေသည့် မျက်နှာထားဖြင့် တံခါးကို ဆောင့်ပိတ်သွားလေသည်။


ကလဲယ်က ပြုံးပြီး လက်ဦးမှုရယူကာ ရှီဝိန့်၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"သွားစို့"


ဤကောင်လေးက သူ့လက်ကို ကိုင်ရသည်ကို သဘောကျသည့်ပုံပင်။ သို့သော် ၎င်းက ရှီဝိန့်ကို အလွန်မသက်မသာဖြစ်စေသည်။ သူက လက်ကို ခါထုတ်ပစ်ချင်မိသည်။ သို့သော် သူ့ရှေ့ရှိ ရွှေရောင်ဆံပင် လှလှလေးများရှိသည့် ကောင်လေး၏ မျက်နှာပေါ်မှ ရိုးရှင်းစွာ ပျော်ရွှင်နေသည့် အပြုံးကို မြင်လိုက်ရပြီး သူ့နှလုံးသားက ပျော့ပျောင်းသွားသည်— သူက ကလေးသာရှိသေးသည်။ လက်ကိုင်ခြင်းကလည်း ကလေးဆန်သည့် အကျင့်စရိုက်၏ အစိတ်အပိုင်းတစ်ခုပင်။


သူက ငါ့ကို ယုံကြည်တယ်... နောက်ပြီး သူ့ရဲ့လျှို့ဝှက်ချက်တွေကိုတောင် ပြောပြချင်နေတယ်... လက်ကိုင်တယ်ဆိုတာကလည်း အကျိုးအကြောင်း သင့်ပါတယ်... ဟုတ်တယ်မလား...


ထို့သို့တွေးရင်း ရှီဝိန့်က တစ်ဖက်ကောင်လေးက သူ့လက်ကို ကိုင်ထားခြင်းအား ခွင့်ပြုပေးလိုက်ပြီး သူ့နောက်မှ လိုက်သွားခဲ့သည်။ ကလဲယ်က သူ့ကို ကျောင်းအိပ်ဆောင်၏ အနောက်ဘက်သို့ ခေါ်သွားခဲ့သည်။


ထိုနေရာတွင် ငွေမှင်ရောင်သစ်ရွက်များရှိသည့် သစ်ပင်များဖြင့် ပြည့်နှက်နေသော တောအုပ်တစ်ခုရှိသည်။ ၎င်းတို့က လရောင်အောက်တွင် ထိန်လင်းစွာ တောက်ပနေကြ၏။ ထိုတောအုပ်ကို ကြည့်မိသူတိုင်း အိပ်မက်ကမ္ဘာထဲ ရောက်သွားသကဲ့သို့ ခံစားရလိမ့်မည်။


ကျောင်းတွင် ဤမျှလှပသော နေရာရှိသည်ကို ရှီဝိန့် မသိခဲ့ပေ။ သူ အမြဲတစေ ရှာဖွေလေ့ရှိသော အချက်အလက်အများစုမှာ အင်ပါယာအစိုးရစနစ်၊ စစ်ဘက်ဆိုင်ရာဌာနများနှင့် သမိုင်းကြောင်းများပင်ဖြစ်၏။ အပင်များနှင့် တိရိစ္ဆာန်များကို အလွန်ဂရုမထားမိခဲ့ပေ။ ၎င်းမှာ သူ ဤငွေမှင်ရောင်သစ်ပင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ထို့ကြောင့် သူက မေးလိုက်သည်။

"ဒီအပင်က ဘာအပင်လဲ"


"ဒီအပင်ကို စောင်းလျားပင်လို့ ခေါ်တယ်"

ကလဲယ်က ပြောလိုက်သည်။


"ကျောင်းကို စရောက်တဲ့နေ့တုန်းက ငါ ဒီနေရာကို ဖြတ်သွားမိတာ... လှတယ် မဟုတ်လား"


ဤငွေရောင်သစ်ပင်ကြီးများက တကယ်ကို လှပေ၏။ ရှီဝိန့်က ဤထူးဆန်းသောသစ်ပင်၏ အလှတရားကို အသိအမှတ်မပြုဘဲ မနေနိုင်ပေ။ စောင်းလျားပင်များတွင် ဖြောင့်တန်းနေသည့် ပင်စည်များရှိသည်။ အရွက်များကလည်း အလွန်ထူထပ်များပြားလှသည်။ ထိုကြီးမားပြီး ဘဲဥပုံသဏ္ဍာန်ရှိသော ငွေမှင်ရောင်အရွက်ကြီးများက နီးကပ်စွာ ပူးကပ်နေကြသည်။ ထို့အပြင် ကောင်းကင်ယံမှ လရောင်က ၎င်းတို့အားလုံးကို လွှမ်းခြုံထားသောကြောင့် သစ်ရွက်များက တောက်ပနေကြသည်။ အချိန်သည်ကား ညအချိန်ဖြစ်သော်လည်း တောအုပ်က နေ့ဘက်အချိန်ကဲ့သို့ တောက်ပနေသည်။


တောအုပ်ထဲ၌ လမ်းလျှောက်နေစဉ် ရှီဝိန့်က ရယ်စရာကောင်းသလို ခံစားလာရသည်—


ဒီကောင် ကလဲယ်... သူ့ခေါင်းထဲမှာ ဘာတွေတွေးနေလဲဆိုတာ ငါ တကယ် မသိဘူး... လျှို့ဝှက်ချက်တစ်ခုကို ပြောပြချင်တယ်ဆိုပြီး ဒီလိုလှတဲ့ မြင်ကွင်းကို ကြည့်ဖို့ ခေါ်လာတယ်...


သူတို့ တောနက်ကြီးထဲသို့ လျှောက်လာခဲ့ကြပြီး နောက်ဆုံးတွင် ကလဲယ်က ရပ်တန့်သွားခဲ့သည်။ သူက ရှီဝိန့်ကို လေးလေးနက်နက် စိုက်ကြည့်ပြီးနောက် ပြောလာသည်။

"ရှီဝိန့်... ငါ မင်းကို လျှို့ဝှက်ချက်အကြောင်း ပြောပြရင် ကျေးဇူးပြုပြီး ငါ့ကို သဘောမကျတော့ဘဲ မနေပါနဲ့နော်"


ကောင်လေးက အမုန်းခံရမည်ကို အလွန်ကြောက်နေပုံရ၏။ ထို့ကြောင့် ရှီဝိန့်က သူ့ကို တည်ငြိမ်စွာ ပြုံးပြပြီး ပြန်ပြောလိုက်သည်။

"မြန်မြန်သာ ပြောစမ်းပါ... ငါ မင်းကို မမုန်းဘူးလို့ ကတိပေးတယ်"


ကလဲယ်က ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် ပြောလာသည်။

"ငါ နေမကောင်းဘူး"


"...."


ဒီကောင်ရဲ့ သဒ္ဒါအသုံးအနှုန်းက အရမ်းညံ့တာပဲ... သူ့စကားတွေက အလွယ်တကူ လမ်း‌ကြောင်းလွဲသွားတတ်တယ်...


ရှီဝိန့်က ခဏမျှ တိတ်သွားပြီးနောက် ဦးစွာမေးလိုက်သည်။

"မင်း သွေးကြောက်တဲ့အကြောင်းကို ပြောနေတာလား"


ကလဲယ်က ခေါင်းခါပြသည်။

"သွေးကို မြင်တဲ့အခါ မူးမေ့သွားတတ်တာက ပြဿနာ မဟုတ်ဘူး... ပြဿနာက ငါ မကြာခဏ အိပ်မက်ဆိုးတွေ မက်တယ်"


ရှီဝိန့်က မေးလိုက်သည်။

"အဲဒါက အိပ်မက်ဆိုးတစ်ခုပဲလေ... မင်း အိပ်ရာက နိုးလာရင် နေမကောင်းသလို ခံစားရလို့လား"


ကလဲယ်၏မျက်နှာက အနည်းငယ် အရုပ်ဆိုးသွားပြီး အလေးအနက် ပြောလာသည်။

"အမြဲတမ်း အိပ်မက်ထဲမှာဆို ငါက  တခြားလူတစ်ယောက်လို ဖြစ်သွားတယ်လို့ ထင်တယ်... ငါ သူနဲ့အတူ ထူးဆန်းတဲ့အရာတွေ အများကြီးကိုလည်း တွေ့ရတယ်... သူ့မှာ သူ့မိဘတွေ... သူငယ်ချင်းတွေ အများကြီးရှိတယ်... ငါ အိပ်ပျော်သွားတဲ့အချိန်တိုင်း ငါက သူ ဖြစ်သွားတယ်"


"..."


ရှီဝိန့်က ပိုပြီးနားထောင်လေလေ ပိုပြီးသတိရှိလာသကဲ့သို့ ခံစားရသည်။ သူ့အမူအရာကလည်း လေးနက်သွား၏။

"မင်းရဲ့ အိပ်မက်ထဲက အကြောင်းအရာကို တကယ်လက်တွေ့လို ခံစားနေရတာလား"


"ဟုတ်တယ်... တကယ် ဖြစ်ပျက်နေသလိုပဲ... ပြီးတော့ အဲဒီနေ့တိုင်းမက်‌နေတဲ့ အိပ်မက်တွေအားလုံးက ဆက်စပ်နေတယ်... ဥပမာဆိုရင် ငါ မနေ့က သူ ညစာစားနေတဲ့အကြောင်းကို မက်ပြီး တစ်ဝက်တစ်ပျက်မှာတင် နိုးလာခဲ့တာ... ဒီနေ့ကျတော့ သူက မပြီးသေးတဲ့ အစားအသောက်တွေကို ဆက်စားနေတဲ့အကြောင်းကို မက်တယ်... နေ့တိုင်း မက်တဲ့အိပ်မက်က တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်... သူက ငါနဲ့အတူ ကြီးပြင်းလာသလိုပဲ..."


ကလဲယ်က ရှီဝိန့်၏လက်ကို ကြောက်လန့်တကြား ဆုပ်ကိုင်ရင်း ငိုချလိုက်သည်။

"ငါ ကြောက်တယ်... ရှီဝိန့်... ငါ အိပ်ပျော်သွားတဲ့ တစ်နေ့ကျရင် ငါက သူဖြစ်သွားပြီး လုံးဝ ပြန်မနိုးလာတော့ရင် ဘယ်လိုလုပ်မလဲ"


ရှီဝိန့်လည်း သူ့စကားကို နားထောင်ပြီးနောက် စိတ်ပူသွားသည်။ ကလဲယ်၏ ပြောပြပုံအရ သူ၏အခြေအနေမှာ စရိုက်နှစ်မျိုးရှိသည့် ဖြစ်ရပ်နှင့် အလားသဏ္ဍာန်တူလှသည်။ ပြောရမည်ဆိုလျှင် စရိုက်နှစ်မျိုးရှိသော လူတစ်ယောက်က တစ်ခါတစ်ရံ သူတို့ကိုယ်သူတို့ အခြားလူအဖြစ်သို့ မသိစိတ်မှ ပြောင်းလဲသွားတတ်သည်။ ထို့အပြင် သူတို့က အိပ်မက်တစ်ခု မြင်မက်နေရသကဲ့သို့ သူတို့၏ "အခြားတစ်ဖက်ခြမ်း" ကို မကြာခဏဆိုသလို မထိန်းချုပ်နိုင်ကြပေ။ ပြင်းထန်သော ကိစ္စများ၌ ယေဘုယျအားဖြင့် စရိုက်နှစ်မျိုးရှိသော လူများက ရာဇ၀တ်မှုကျူးလွန်မည့် အလားအလာရှိသည်။ ထိုသူများက သူတို့၏ "အခြားစရိုက်" အဖြစ် ပြောင်းလဲသွားချိန်တွင် စိတ်ထဲ၌ ဖိနှိပ်ခံထားရသော အဆိုးမြင်စိတ်များက အလွယ်တကူ ပေါက်ကွဲတတ်ကြသည်။ ထို့အပြင် သူတို့က သတ်ဖြတ်ခြင်း သို့မဟုတ် မီးရှို့ဖျက်ဆီးခြင်းများကို တုံ့ဆိုင်းမှုပင်မရှိဘဲ ပြုလုပ်လာကြလိမ့်မည်။


ကလဲယ်၏အိပ်မက်ဆိုးက လေဒီဂရေ့စ်၏ ဖော်ပြချက်ထက် များစွာဆိုးရွားနေပုံရသည်။ ရှီဝိန့်က မပြောဘဲ မနေနိုင်တော့ပေ။

"မင်းမိဘတွေကို ဒီအကြောင်းကို မပြောပြဘူးလား"


ကလဲယ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ငုံ့ထားခဲ့သည်။

"ငါ သူတို့ကို မပြောပြရဲဘူး... သူတို့က ငါ့ကို ‌မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံမှာ ငါ ကြောက်တယ်"


နေ့တိုင်း အခြားလူတစ်ယောက်အဖြစ် ပြောင်းသွားသည့် အိပ်မက်ကို မက်နေသည့် သူက ထိုအကြောင်းကို မပြောပြနိုင်သည်မှာ အံ့သြစရာမဟုတ်ပေ။ အနှီထူးဆန်းမှုကို ကြုံတွေ့ခံစားရသည့် ကလေးများက ကြောက်လန့်နေမည်မှာ အသေအချာပင်။


ကောင်လေး၏ ဖြူဖျော့ဖျော့ မျက်နှာလေးကို မြင်လိုက်ရချိန်တွင် ရှီဝိန့်က သူ့လက်ကို ဆန့်ထုတ်ပြီး ခေါင်းကို ညင်သာစွာ ပွတ်သပ်၍ နှစ်သိမ့်ပေးလိုက်သည်။

"ကလဲယ်... မကြောက်နဲ့နော်... မနက်ဖြန် ငါတို့ ကျောင်းမှာရှိတဲ့ ဆရာဝန်နဲ့ သွားတွေ့ကြည့်မယ်... ပြီးရင် ဒီအခြေအနေကို ဆရာဝန်ဆီ ရှင်းရှင်းလင်းလင်း ပြောပြလိုက်... ဆရာဝန်ရဲ့ အကူအညီနဲ့ဆို မင်း အဆင်ပြေသွားမှာပါ"


ကလဲယ်က ခေတ္တမျှ ရပ်တန့်သွားပြီး ခေါင်းညိတ်ပြလာသည်။ ထို့နောက် လက်သီးကို ကျစ်ကျစ်ဆုပ်ထားပြီး ပြောလိုက်သည်။

"ငါ တကယ် နေမကောင်းဖြစ်ရင် မင်း ငါ့ကို လျစ်လျူရှုမှာလား"


ရှီဝိန့်က ပြုံးပြလိုက်သည်။

"လျစ်လျူမရှုပါဘူး... ဘာပဲဖြစ်ဖြစ် မင်းက ကလဲယ်ဖြစ်နေတုန်းပဲလေ"


ကလဲယ်က စိတ်လှုပ်ရှားသွားသော်လည်း မည်သို့ဖော်ပြရမည်မှန်း မသိပေ။ သူက သေချာစဉ်းစားပြီးနောက် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ ထို့နောက် ရှီဝိန့်ကို ပွေ့ဖက်ပြီး အလေးအနက် ပြောလိုက်သည်။

"ရှီဝိန့်... မင်းက တကယ်ကို အကောင်းဆုံးပဲ"


ကလေးတစ်ယောက်၏ ပွေ့ဖက်ခြင်းကို ခံရခြင်းက ရှီဝိန့်ကို အလွန်ပင် စိတ်မသက်မသာဖြစ်စေသည်။ သို့သော် သူ့ထံတွင် ကလဲယ်ကို တွန်းထုတ်ရန် နှလုံးသားမရှိခဲ့ပေ။ ထိုအစား သူက ထိုကောင်လေးကို ပြန်လည်ပွေ့ဖက်လိုက်သည်။


ရှီဝိန့်က လက်ဆန့်ထုတ်ပြီး ကလဲယ်၏ရွှေ‌ရောင်ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

"မကြောက်နဲ့နော်... ငါ ရှိတယ်"


အားနည်းသူများကို ကာကွယ်ခြင်းက ရှီဝိန့်၏ ဥပဒေသပင်ဖြစ်၏။ ထို့အပြင် သူတို့နှစ်ဦးက အတူတကွ ကြီးပြင်းလာခဲ့သောကြောင့် ရှီဝိန့်က စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရမည့် ကလဲယ်ကို မမြင်လိုပေ။


— နောက်ပိုင်း၌ ကလဲယ်က အလွန်ကောက်ကျစ်စွာ ကြီးပြင်းလာမည့် အကြောင်းကို ရှီဝိန့် သိထားခဲ့လျှင် ဤကလေးသရုပ်ဆောင်လေးကို ဘယ်သောအခါမျှ နှစ်သိမ့်ပေးမည် မဟုတ်ပေ။



🍃🍃🍃