Ch 16
Viewers 2k

🍃 Chapter 16

မှတ်ဉာဏ်အပိုင်းအစ (Part 1)



ထိုညတွင် ကလဲယ်က အလွန်ထူးဆန်းသည့် အိပ်မက်တစ်ခုကို မက်ခဲ့သည်။ အိပ်မက်ထဲ၌ "အခြားလူ" က လျင်မြန်စွာ ကြီးပြင်းလာပြီး သွယ်လျလျ လူငယ်တစ်ဦး ဖြစ်လာသည်ကို သူ မြင်မက်ခဲ့ရသည်။ လူငယ်လေးက အလွန်ချောမောလှ၏။ ထိုသူက ဒီဇိုင်နာချုပ်ဝတ်စုံအဖြူရောင်ကို ၀တ်ဆင်ထားပြီး ပြုံးလျက်ဖြင့် မှန်ရှေ့တွင် မတ်တတ်ရပ်နေခဲ့သည်။ ထို့နောက် သူက ထူးဆန်းသော ကားပေါ်တွင် ထိုင်ပြီး ကုမ္ပဏီတစ်ခုသို့ သွားခဲ့သည်။ သူ ရောက်သည်နှင့် ကုမ္ပဏီရှိလူများအားလုံးက သူ့ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လာကြသည်... 


ထိုသူ၏နာမည်ကို ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ ကလဲယ် ခံစားလိုက်ရပြီး မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ ထို့နောက် ကားလို့စ်၏ လေးနက်သော မျက်နှာက သူ့ရှေ့တွင် ပေါ်လာပြီး သူ့ပခုံးကို ခါယမ်းလာသည်။

"ကလဲယ်... မြန်မြန်ထတော့... နောက်မကျ‌စေနဲ့"


"..."


ကလဲယ်က သူ့အိပ်မက်မှ လွတ်မြောက်လာပြီးနောက် အချိန်အတော်ကြာသည်အထိ အေးခဲနေခဲ့သည်။


ထိုအိပ်မက်က အမှန်တကယ် လက်တွေ့ဆန်လွန်းလှ၏။ သူက အိမ်နှင့် လုံးဝမတူညီသော နေရာတွင် နေထိုင်ပုံရသည်။ သူ အပြင်ထွက်လျှင် သုံးသည့် အဖြူရောင်ကားက အင်ပါယာရှိ ယာဉ်ပျံများနှင့် မတူ‌ပေ။ ငွေရောင် ကုမ္ပဏီအဆောက်အဦက သူ တစ်ခါမျှ မမြင်ဖူးသည့် အဆောက်အဦဖြစ်သည်။ သေချာသည်မှာ လုံးဝမတူညီသည့် အခြားကမ္ဘာတစ်ခုပင်။


သို့သော် ကြောက်စရာကောင်းသည့်ကိစ္စက ထိုကမ္ဘာပေါ်ရှိ အရာအားလုံးမှာ သူ့စိတ်ထဲ၌ ပြတ်ပြတ်သားသား ပုံနှိပ်ထားသကဲ့သို့ ဖြစ်နေခြင်းပင်။ ကုမ္ပဏီ၌ သူ့အား နှုတ်ဆက်လာသည့် ယောက်ျားများနှင့် မိန်းမများ၏ မျက်နှာများကိုပင် အလွန်ရှင်းရှင်းလင်းလင်း မှတ်မိနေ၏။ အိပ်မက်မှ နိုးလာချိန်၌ပင် သူကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသကဲ့သို့ အမြဲလိုလို ခံစားရသည်။


ငါ့ရောဂါက ပိုဆိုးလာတာလား... အဲဒီလူနဲ့ ငါကြားမှာ ဘယ်လိုမျိုး ဆက်နွှယ်နေတာလဲ...


တစ်ခါတစ်ရံ၌ သူက အိပ်မက်ထဲမှ လူလား သို့မဟုတ် လက်ရှိကလဲယ်လားဟုပင် မပြောနိုင်ပေ။


ကားလို့စ်က ခုတင်ပေါ်တွင် ကြောင်တက်တက်ဖြင့် ထိုင်နေသည့် သူ့အခန်းဖော်ကို တွေ့လိုက်ရပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက ကလဲယ်၏ပခုံးကို အားပါပါဖြင့် ရိုက်လိုက်သည်။

"မင်း နိုးပြီမလား... အတန်းကို သွားစို့"


"..."


အတန်းခေါင်းဆောင်ထံမှ အရိုက်ခံရပြီးနောက် ကလဲယ်မှာ နိုးနိုးကြားကြား ဖြစ်လာခဲ့သည်။ ထို့နောက် ချက်ချင်းထ၍ မျက်နှာသစ်ဆေးကြောပြီး သွားတိုက်သည်။


နှစ်ယောက်သားမှာ စာသင်ခန်းထံသို့ အမြန်ပြေးလာပြီးနောက် ၇ နာရီ ၅၉ မိနစ်တွင် စာသင်ခန်းသို့ ရောက်ရှိခဲ့သည်။ ဆရာမက မကြာမီ ရောက်လာမည်ဖြစ်သည်။ ထို့ကြောင့် ကောင်လေးနှစ်ယောက်က အနောက်တံခါးမှ အမြန်ပြေးပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်ကြသည်။


သူ့ရှေ့ရှိ ခုံတန်းမှ လူနှစ်ယောက်၏ အသက်ရှူနေပုံကို ကြည့်ပြီး သူတို့ လမ်းတစ်လျှောက်လုံး ပြေးလာမှန်း ရှီဝိန့် သိလိုက်ရသည်။ သူက ခြေထောက်ကိုဆန့်ပြီး ကလဲယ်၏တင်ပါးကို ညင်သာစွာ ကန်လိုက်သည်။

"ကလဲယ်"


ကလဲယ်က နောက်လှည့်လာချိန်တွင် ရှီဝိန့်က သူ့အနားကို လက်ယပ်လှမ်းခေါ်လိုက်သည်။ ကလဲယ်က နာခံစွာဖြင့် ရှီဝိန့်၏အနားသို့ ခေါင်းကို တိုးပေးလိုက်သည်။

"ရှီဝိန့်... မင်း ငါ့ကို ခေါ်လား"


ရှီဝိန့်က သူ့နားထဲသို့ တိုးတိုးလေး မေးလိုက်သည်။

"အရမ်းနောက်ကျပြီးမှ ရောက်လာတာက မင်း အအိပ်လွန်သွားလို့လား"


 "အင်း... နောက်ထပ် အိပ်မက်ဆိုးတစ်ခုလေ"

ကလဲယ်က တိုးတိုးလေး ပြောလိုက်သည်။

"ငါ့ရောဂါက ပိုပြီးဆိုးလာပြီ ထင်တယ်"


ရှီဝိန့်က ပြောလိုက်သည်။

"နေ့လည်ကျ ငါ့ကို အောက်ထပ်မှာ စောင့်နေ... ငါတို့ ဆေးခန်းကို သွားကြတာပေါ့"


"ကောင်းပြီ"


နှစ်ယောက်သား သီးသန့် တိုးတိုးတိတ်တိတ် ပြောနေစဉ် ကားလို့စ်က စပ်စုချင်စိတ်ဖြင့် နားစွင့်ကာ ခိုးနားထောင်ရန် ကြိုးစားခဲ့သည်။ သို့သော် သူ မည်သည်ကိုမျှ မကြားနိုင်ခဲ့ပေ။ ထို့နောက် အလေးအနက် မျက်နှာထားဖြင့် စင်မြင့်ဘက်သို့ မျက်နှာမူရုံကလွဲပြီး ရွေးချယ်စရာမရှိပေ။


နံနက်ခင်းတွင် အင်ပါယာသမိုင်းကို သုံးကြိမ်ဆက်တိုက် သင်ကြားခဲ့ရသည်။ သင်ကြားပေးသည့် ဆရာ၏ဆံပင်က အဖြူရောင်သို့ ပြောင်းနေပြီဖြစ်ပြီး အလွန် လေးနက်သော မျက်နှာနှင့် အသံ ရှိသည့် ယောက်ျားတစ်‌ယောက် ဖြစ်သည်။ ဤသင်ခန်းစာ၏ အဓိကအကြောင်းအရင်းမှာ "အစ်စဗီးလ်တိုက်ပွဲ" အကြောင်းဖြစ်သည်။ ရှီဝိန့်က ဤအကြောင်းအရာနှင့် ပတ်သက်သည့် အချက်အလက်များကို ဟိုးယခင်ကတည်းက စစ်ဆေးခဲ့ပြီးဖြစ်သည်။ ဤတိုက်ပွဲက လူသားမျိုးနွယ်စုကို အဓိကအုပ်ချုပ်မှု စနစ်နှစ်ခုအဖြစ်သို့ ပိုင်းခြားပစ်ခဲ့မှန်း သိခဲ့ပြီးသားပင်။ ထိုစနစ်နှစ်ခုမှာ လက်စီအင်ပါယာ အုပ်ချုပ်မှုစနစ်နှင့် စထရေဒီယမ် ပြည်ထောင်စုစနစ်ပင် ဖြစ်သည်။ ထိုတိုက်ပွဲ ပြီးဆုံးသည့်နှစ်မှာ အင်ပါယာကို စတင်တည်ထောင်သည့် နှစ်လည်းဖြစ်သည်။ သို့သော် သူ့အတန်းဖော်များက ဤသမိုင်းဆိုင်ရာ အသိပညာကို ရှင်းရှင်းလင်းလင်း မသိကြပေ။ ဆရာက ဖန်သားပြင်ကြီးပေါ်တွင် အဖိုးတန်လှသည့် ဗီဒီယို အချက်အလက်များစွာကို ပြသထားပြီး ကလေးများက ရုပ်ရှင်ကြည့်နေသကဲ့သို့ နှစ်သက်စွာဖြင့် ကြည့်ရှုနေကြသည်။


ကလဲယ်၏အမူအရာက အနည်းငယ် ဆိုးဝါးနေသည်။ သူ့အိပ်မက်များက မကြာခဏဆိုသလို ပေါက်ကွဲနေသည့် ပုံရိပ်များဖြင့် ပြည့်နှက်နေလေ့ရှိသည်။ ထို့ကြောင့် သူက ဖန်သားပြင်ကြီးပေါ်ရှိ စစ်ပွဲနှင့် မီးတောက်များ မြင်ကွင်းများကို ကြည့်ရုံဖြင့် ခေါင်းကိုက်လာခဲ့သည်။ သူ့ဦးနှောက်ထဲရှိ အာရုံကြောများက လောင်ကျွမ်းနေသကဲ့သို့ အလွန်စိတ်မသက်မသာသလို ခံစားလာရသည်။ ကလဲယ်က မျက်စိမှိတ်ပြီး ခေါင်းကို စားပွဲပေါ်၌ တင်ထားလိုက်သည်။


ရှီဝိန့်က တစ်ဖန်အိပ်ပျော်သွားပြန်သည့် သူ့ရှေ့မှ အယ်လ်ဖာလေးကို ကြည့်ရင်း သူ့စိတ်ထဲ၌ အတော်လေး ကူကယ်ရာမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤအတန်းက ကလေးများအတွက် အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းလှသည်။ ပရော်ဖက်ဆာအိုကြီး၏ အသံက ဇာတ်ကြောင်းပြန်သူတစ်‌ယောက်၏ အသံနှင့် ဆင်တူ၏။ ထို့အပြင် ဖန်သားပြင်ပေါ်ရှိ ဗီဒီယိုကလည်း Star War ကဲ့သို့ အံ့မခန်းဖြစ်ဖွယ်ပင်။ စင်အောက်ရှိ ကလေးအများအပြားမှာလည်း ၎င်းကိုကြည့်လျက် အလွန်ပျော်ရွှင်နေကြသည်။


၎င်းက ဤကဲ့သို့ စိတ်ဝင်စားစရာကောင်းသည့် သမိုင်းသင်ခန်းစာတစ်ခု ဖြစ်သော်လည်း ကလဲယ်က အိပ်ပျော်နေဆဲပင်။ ရှီဝိန့်မှာ သူ၏အိပ်ချင်စိတ်ကို အမှန်တကယ် အသိအမှတ်ပြုမိသည်။


***


နေ့လည်ကျောင်းဆင်းပြီးနောက် ရှီဝိန့်က သူတို့၏ သဘောတူညီချက်အတိုင်း ကလဲယ်ကို ဆေးခန်းသို့ ခေါ်သွားခဲ့သည်။ ထိုဆေးခန်းက ကျောင်း၏ အရှေ့မြောက်ထောင့်၌ ရှိလေသည်။


စိန့်ပေါအကယ်ဒမီက ကျောင်းတွင်းပညာရေးမူဝါဒကို အပြည့်အဝ ချမှတ်ထားသောကြောင့် ကလေးများက ကျောင်းတွင် အတူတကွ နေထိုင်ကြရပြီး ပိတ်ရက်၌သာ အိမ်ပြန်ခွင့်ရကြသည်။ ထို့ကြောင့် စိန့်ပေါကောလိပ်တွင် ပုဂ္ဂလိကပိုင် အထပ်မြင့်အဆောက်အဦတစ်ခုပါရှိသည့် အလွန်ကြီးမားသော ကျောင်းဆေးကုသဆောင်တစ်ခုရှိသည်။ ထို့အပြင် ကျောင်းသား၏ ဆေးဘက်ဆိုင်ရာပြဿနာများကို ဖြေရှင်းရန် အထူးကု ဆရာဝန်များစွာကို ခန့်အပ်ထားသည်။


ရှီဝိန့်က တံခါးတစ်ချပ်စီရှိ ဌာနအသီးသီး၏ ဆိုင်းဘုတ်နာမည်များကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် တတိယထပ်ရှိ "စိတ်ပိုင်းဆိုင်ရာ အကြံ‌ပေးအခန်း" ဟု ရေးထိုးထားသည့် တံခါးတစ်ခုရှေ့သို့ ရောက်သည်အထိ ဆက်ပြီးလမ်းလျှောက်လာခဲ့သည်။


ကလဲယ်က ထိုနေရာတွင် ရေးထားသော စကားလုံးများကို မြင်လိုက်သည်နှင့် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်။ ရှီဝိန့်က သူ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး အခိုင်အမာ ဆွဲခေါ်သွားသည်။

"မကြောက်နဲ့... မင်း နေမကောင်းရင် ဆရာဝန်ဆီ သွားပြရမယ်လေ... ဒါမှမဟုတ်ရင် မင်း ပိုဆိုးလာလိမ့်မယ်"


ယမန်နေ့ည၌ သူ မြင်မက်ခဲ့သော ရှင်းလင်းပြတ်သားလှသည့် အိပ်မက်ကို ပြန်တွေးရင်း နောက်ဆုံးတွင် ကလဲယ်က ဖျော့တော့သည့်မျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရှီဝိန့်၏ဆွဲခေါ်ရာအတိုင်း စိတ်ရောဂါဆိုင်ရာ အကြံပေးခန်းထဲသို့ ပါသွားခဲ့သည်။


စားပွဲတွင်ထိုင်နေသည့် အမျိုးသမီးဆရာဝန်က ရွှေရောင်ဆံပင် အလိမ်လေးများနှင့် အလွန်ငယ်ရွယ်ပြီး လှပ‌သော အမျိုးသမီးတစ်ဦးဖြစ်သည်။ ကလေးနှစ်ယောက် တံခါးဝမှ ဝင်လာသည်ကို မြင်ပြီး မေးလိုက်သည်။

"ကျောင်းသားလေးတွေ... မင်းတို့ နေရာမှားလာတာလား"


ကလေးသူငယ်များထံတွင် စိတ်ပိုင်းဆိုင်ရာပြဿနာများ ဖြစ်နိုင်ခြေနည်း၏။ ထို့အပြင် သူမ ဤကျောင်းတွင် အလုပ်စလုပ်ကတည်းက ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ အကြံပေးခန်းထဲသို့ ဝင်လာခြင်းကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ဆရာဝန်မ မီယာက သူမ၏အရှေ့မှ ဤကလေးနှစ်ယောက်က အလွန်ချစ်စရာကောင်းသည်ဟု ထင်မိသည်။ ထို့ကြောင့် မတ်တတ်ရပ်ကာ သူတို့ထံ လျှောက်သွားရင်း လှမ်းမေးလိုက်သည်။


"မင်းတို့ ဘယ်‌နေရာက အဆင်မပြေဖြစ်လို့လဲ... ငါ မင်းတို့ကို အထူးကုဆီခေါ်သွားပေးမယ်... ဟုတ်ပြီလား"


ရှီဝိန့်က ကလဲယ်၏လက်မောင်းကို ဆွဲယူပြီး ပြောလိုက်သည်။

"ဆရာဝန်ကို သေချာ ပြောပြလိုက်လေ"


ကလဲယ်က တိုးတိုးလေး ပြောလိုက်သည်။

"ဒေါက်တာ... သား မကြာခဏဆိုသလို အိပ်မက်ဆိုးတွေ မက်တတ်တယ်"


မီယာက ပြုံးပြလိုက်သည်။

"အိပ်မက်ဆိုး မက်တာက စိတ်ပိုင်းဆိုင်ရာ ပြဿနာ မဟုတ်ပါဘူး.. လူတော်တော်များများမှာလည်း အိပ်မက်ဆိုးတွေ ရှိကြပါတယ်"


ကလဲယ်က ပြောလိုက်သည်။

"ဒါပေမယ့် သားရဲ့အိပ်မက်ဆိုးတွေက အရမ်းထူးဆန်းတယ်... ညတိုင်းလိုလို မက်တတ်ပြီး အဲဒါတွေအကုန်လုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်... သားရဲ့အိပ်မက်ထဲမှာ တစ်ယောက်ယောက် ရှိနေတယ်... ငယ်ငယ်ကတည်းက သူက သားနဲ့အတူ ရှိနေပြီး  ကြီးပြင်းလာတာ... သား နိုးလာတဲ့အချိန်ဆို ကလဲယ်ဖြစ်နေပေမယ့် အိပ်ပျော်သွားတဲ့အခါကျ သူက သား ဖြစ်သွားတဲ့ပုံပဲ"


မီယာက ပိုပြီးနားထောင်လေလေ၊ တစ်ခုခုမှားနေမှန်း ပိုခံစားရလေလေပင်။ ဤကလေး ပြောသည့်စကားသာ အမှန်ဖြစ်လျှင် ယခုကိစ္စက အလွန်ပြင်းထန်လှသည်။ ၎င်းက စိတ်ကစဉ့်ကလျားရောဂါ၏ ရှေ့ပြေးနိမိတ်ပင်။ ၎င်းကို စိတ်ထဲတွင်သာထားရင်း နောက်ဆုံး၌ မီယာက ပြုံးပြလိုက်သည်။ ထို့နောက် ကလဲယ်၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ရင်း မေးလိုက်သည်။

"သားရဲ့ နာမည်ဘယ်လိုခေါ်လဲ"


"သားရဲ့နာမည်က ကလဲယ်ပါ"


"မကြောက်နဲ့နော်... မင်းက ငါနဲ့အတူ ပူးပေါင်းပေးပြီး အိပ်မက်ရဲ့ အသေးစိတ်အ‌ကြောင်းအရာကို ပြောပြလေ"


ထိုအမျိုးသမီး၏ အပြုံးက အလွန်နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သည့်ပုံပေါ်၏။ ကလဲယ်က ရှီဝိန့်ကို ရှက်ကိုးရှက်ကန်းဖြင့် ပြန်ကြည့်လိုက်သည်။ ရှီဝိန့်က သူ့လက်ကို ခါချပြီး နှစ်သိမ့်ပေးလာသည်။

"ဝင်သွား‌လေ... ဆရာဝန်နဲ့ စကားပြောကြည့်... ငါ မင်းကို ဒီနေရာမှာ စောင့်နေမယ်"


ကလဲယ်က ခေါင်းညိတ်ပြပြီး ဆရာဝန်၏ အနောက်မှလိုက်ပြီး ကုသခန်းထဲသို့ ဝင်သွားသည်။


ထိုအခန်းက ကလဲယ် စိတ်ကူးထားသော အလုံပိတ်ထားသည့် ဆေးရုံနေရာနှင့် မတူ‌ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဆေးကုခန်း၏ နံရံပေါ်၌ အရောင်အသွေး စုံလင်လှသော ရုပ်ပုံများဖြင့် အလွန်နွေးထွေးစွာ အလှဆင်ထားသည်။ အခန်းထဲတွင် အစိမ်းရောင် အပင်များစွာလည်း ရှိပြီး ၎င်းတို့အနက်မှ တစ်ပင်၌ နူးညံ့သောပန်းပွင့်များက ပွင့်လန်းနေသည်။ ထိုအပင်များက အခန်း၏လေထုကို အလွန်လန်းဆန်းစေသည်။ မီယာက လူနာများအပေါ် ရှိ ဖိအားများကို သက်သာစေရန် ရည်ရွယ်ချက်ဖြင့် ဤကဲ့သို့သော စိတ်ကုထုံးအခန်းပုံစံကို ဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်သည်။ သို့မှသာ လူနာများက စိတ်အေးလက်အေးဖြင့် ဆရာဝန်နှင့်အတူ ပိုမိုလွယ်ကူစွာ စကားပြောဆိုနိုင်စေရန် ရည်ရွယ်ထားသည်။


မီယာက ကလဲယ်ကို ဆိုဖာဆီသို့ ခေါ်သွားပြီး လှဲခိုင်းလိုက်သည်။

"ကလဲယ်... ဒီမှာလာပြီး အေးအေးဆေးဆေး အနားယူလိုက်... ပြီးတော့ မျက်လုံးမှိတ်ထားပြီး ငါ့စကားကို သေချာနားထောင်နော်..."


သူမက ဂီတသေတ္တာဘူးကို ချောချောမွေ့မွေ့ ဖွင့်လိုက်ပြီး အခန်းထဲ၌ အေးချမ်းသောတေးသွားဖြင့် ပြည့်နှက်သွားသည်။ ကလဲယ်က မကြာမီ သူ့ကိုယ်သူ ပိုပြီးသက်တောင့်သက်သာဖြစ်လာသကဲ့သို့ ခံစားလာရသည်။ ကမ်းခြေရှိ လှိုင်းပုတ်သံများက သူ့နားရွက်များကို ပွတ်သပ်နေပုံ‌ပေါ်ပြီး တဖြည်းဖြည်းဖြင့် အသိစိတ်လွတ်သွား‌လေသည်။


ထူးဆန်းသော ကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းက ထူးဆန်းသော စကားများကို ပြောဆိုနေကြသော်လည်း ထိုစကားများ၏ အဓိပ္ပါယ်ကို သူ နားလည်နိုင်စွမ်းရှိခဲ့သည်။


"အိပ်မက်ရဲ့အစမှာ မင်း ဘယ်‌နေရာကို ရောက်နေလဲ"

အိပ်မွေ့ချခြင်း အောင်မြင်သည်ကို မြင်လျှင် မီယာက ကလဲယ်၏နားထဲသို့ တိုးတိုးလေး မေးလိုက်သည်။


ကလဲယ်က မျက်မှောင်ကြုတ်ပြီး ခက်ခက်ခဲခဲ မှတ်မိရန် ကြိုးစားလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက ပြန်ဖြေလာသည်။

"ကျွန်တော် ထူးဆန်းတဲ့အိမ်မှာ ရောက်နေတယ်... အမျိုးသမီးတစ်ယောက်က ကျွန်တော့်ကို နေ့တိုင်း နေပူစာလှုံခိုင်းတယ်... နောက်ကျတော့ ကျွန်တော် အရွယ်ရောက်လာတဲ့ပုံပဲ... ကျောင်းကို အပို့ခံလိုက်ရပြီး အတန်းဖော်တွေ အများကြီးနဲ့ တွေ့ရတယ်..."


အိပ်မွေ့ချခြင်းဖြစ်စဉ်က ကလဲယ်၏ မသိစိတ်ထံမှ သတိထားမှုကို လျော့ပါးသွားစေသည့်ပုံပင်။ ၎င်းက သူ့အိပ်မက်ထဲရှိ အပိုင်းအစလေးများကို ဖြည်းညှင်းစွာ ရှင်းထုတ်နိုင်ခဲ့သည်။ ထိုမှတ်ဉာဏ်များက တစ်ခုနှင့်တစ်ခု တဖြည်းဖြည်းချင်း ချိတ်ဆက်သွားကြသည်။ မှတ်ဉာဏ်အပိုင်းအစများကို ပြီးပြည့်စုံသော ရုပ်ပုံလွှာတစ်ခုအဖြစ် ပေါင်းစပ်သွားသကဲ့သို့ပင်။


သူ၏ နှေးကွေးသော စကားသံကို နားထောင်ရင်း မီယာ ထိတ်လန့်သွား၏။ အဘယ်ကြောင့်ဆိုသော် ဤကလေး၏ အိပ်မက်က အခြားလူတစ်‌ယောက်၏ ဘဝဖြစ်နေကြောင်း သိလိုက်ရသောကြောင့်ပင်။


စရိုက်နှစ်မျိုးကွဲ‌နေတာလား...


သို့သော် သူမ သင်ယူထားသော ဆေးပညာဆိုင်ရာ အသိပညာအပေါ် အခြေခံကြည့်လျှင် ဤဖြစ်စဉ်ကို စရိုက်နှစ်မျိုးကွဲ‌နေခြင်းဟု သတ်မှတ်၍မရပေ။ အဘယ်ကြောင့်ဆိုသော် ကလဲယ်က အိပ်မက်မက်နေရုံသာဖြစ်ပြီး အခြားလူတစ်ယောက်ကဲ့သို့ မည်သည့်အရာကိုမျှ မပြုလုပ်ခဲ့‌ပေ။ အမှန်စင်စစ် စရိုက်နှစ်မျိုးကွဲ‌နေသော ကိစ္စများ၌ တစ်စုံတစ်ယောက်က သူတို့၏ "အခြားတစ်ဖက်" ဖြစ်လာချိန်တွင် သူတို့က ထိုအကျင့်စရိုက်ကို မြှင့်တင်ရန် ကိစ္စတစ်ခုခုကို အလိုအလျောက် လုပ်ဆောင်ကြလိမ့်မည်။ သူတို့က အခြားကိုယ်ပိုင်စရိုက်ကို ဖန်တီးပြီး သူငယ်ချင်းအသစ်များကို ရှာဖွေကာ သူတို့၏ ကိုယ်ပိုင်လူမှုအသိုက်အဝန်းကို တည်ထောင်လာကြလိမ့်မည်။ သို့ရာတွင် အဓိကစရိုက်က ဒုတိယစရိုက်၏ လုပ်ဆောင်မှုများကိုပင် သတိပြုမိလေ့မရှိပေ။ မတူညီသော စရိုက်နှစ်မျိုးကြားရှိ ချိတ်ဆက်မှုများက များသောအားဖြင့် တစ်ယောက်နှင့် တစ်ယောက် မသိသော သူစိမ်းများကဲ့သို့ပင်။


သို့သော် ကလဲယ်၏အိပ်မက်များက အခြားသူတစ်ဦး၏ နေ့စဉ်ဘဝကို ရှင်းရှင်းလင်းလင်း ပြသနေသည်။ ၎င်းက ဦးနှောက်မှာ ပြင်းပြင်းထန်ထန် ပျက်စီးသွားပြီး သူ၏ ပျောက်ဆုံးသွားသော မှတ်ဉာဏ်အပိုင်းအစများကို ပြန်လည်လက်ခံရရှိသည်နှင့် ပိုတူ‌ပေ၏။


သို့သော် သူက ယခုအချိန်၌ အသက်ငါးနှစ်သာ ရှိသေးသည်။


ဒီလောက်များတဲ့ မှတ်ဉာဏ်အပိုင်းအစတွေက သူ့စိတ်ထဲမှာ ဘယ်လိုလုပ်ပြီး ပေါ်လာနိုင်မှာလဲ...


မီယာက ပိုပိုပြီး စိတ်ရှုပ်လာမိသည်။ ထို့နောက် မနေနိုင်ဘဲ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

"မင်းနာမည်ကို ပြောပြ... မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ"


ကလဲယ်: "..."


"မင်းရဲ့ပတ်ဝန်းကျင်က လူတွေက မင်းကိုဘယ်လိုခေါ်လဲ"



🍃🍃🍃