Ch 17
Viewers 2k

🍃 Chapter 17

မှတ်ဉာဏ်အပိုင်းအစ (Part 2)



၎င်းကို မေးပြီးနောက် မော်နီတာပေါ်တွင် ပြသနေသော ဦးနှောက်လှိုင်းများက ပုံမှန်မဟုတ်စွာ ပြောင်းလဲလာသည်ကို မီယာ တွေ့ရှိခဲ့သည်။ ကလဲယ်က လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။ ထို့နောက် သူ၏လက်များနှင့် ခြေထောက်များက ပြင်းထန်စွာ စတင်ရုန်းကန်လာပြီး သူ၏နဖူးပေါ်တွင် ချွေးစေးများ ထွက်လာသည်။


မီယာ လန့်သွားပြီး ကလဲယ်ကို ချက်ချင်းနှိုးလိုက်သည်။

"ကလဲယ်... ကလဲယ်..."


ဆိုဖာပေါ်တွင် လှဲလျောင်းနေသော ကလေးက ရုတ်တရက် မျက်လုံးပွင့်လာပြီး ကြည်လင်တောက်ပသော ကောင်းကင်ပြာနှင့်တူသည့် မျက်လုံးတစ်စုံကို ဖော်ပြလာသည်။ ထိုမျက်လုံးများမှာမူ မကြည်လင်လှပေ။ သို့သော် မီယာ ထိုမျက်လုံးများကို ကြည့်လိုက်ချိန်တွင် ကျောရိုးတစ်လျှောက် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အကြောင်းမှာ ထိုအချိန်တွင် ကလဲယ်၏ စူးရှသော မျက်လုံးများက ငါးနှစ်အရွယ် ကလေးတစ်‌ယောက်နှင့် လုံးဝ မတူညီ‌သောကြောင့်ပင်။


ကလဲယ်က သူမကို ကြည့်ပြီး နောက်သို့ ပြန်လှည့်ကာ သူ့ရှေ့ရှိ အဖြူရောင် နံရံကို စိုက်ကြည့်နေသည်။


အချိန်အတော်ကြာသည်အထိ အသက်ရှူကျပ်ဖွယ် တိတ်ဆိတ်မှုက အခန်းထဲတွင် ကြီးစိုးနေခဲ့သည်။ ဤကလေးအား အိပ်မွေ့ချရန် အလျင်စလို ဆုံးဖြတ်ခဲ့မိသည့်အတွက် မီယာ အလွန်နောင်တရခဲ့သည်။ သူမက အပျော့စား အိပ်မွေ့ချခြင်းကို အသုံးပြုရန်သာ ရည်ရွယ်ထားခဲ့သည်။ ၎င်းက ကလဲယ်ကို စိတ်အပန်း‌ပြေစေရန်  အိပ်မက်များကို မှတ်မိစေရန် ကူညီပေးလိုခဲ့သည်။ ယေဘုယျအားဖြင့် ဤကဲ့သို့ အပျော့စား အိပ်မွေ့ချခြင်းက မကောင်းသည့် သက်ရောက်မှုမျိုးကို မဖြစ်စေပေ။


ဒါပေမယ့် အခု နိုးလာပြီးနောက်ပိုင်း ကလဲယ်က လုံးဝ မတူညီတဲ့ လူတစ်ယောက်လို့ ဘယ်လိုလုပ်ပြီး ခံစား‌နေရတာလဲ...


မီယာက စိုးရိမ်စွာဖြင့် လက်ဆန့်ထုတ်ပြီး ကလေး၏ခေါင်းကို ထိရန် ကြိုးစားလိုက်သည်။ သို့သော် ကလဲယ်က တောင့်တင်းစွာဖြင့် သူမ၏လက်ကို ရှောင်လိုက်သောကြောင့် မီယာ အံ့အားသင့်သွားသည်။ ထို့နောက် သူက ပြောလာသည်။

"ဒေါက်တာ ကျွန်တော့်အခြေအနေကို တခြားကျောင်းသားတွေ... ဆရာတွေ... မိဘတွေဆီ ဒီအကြောင်းကို မပြောပြဘူးမလား"


"အဲဒါက..."


ကလဲယ်က ပြောလိုက်သည်။

"စိတ်ရောဂါကုဆရာဝန်တွေက လူနာရဲ့ အချက်အလက်ကို လျှို့ဝှက်ထားဖို့ တာဝန်ရှိတယ် မဟုတ်ဘူးလား"


စိတ်ကုထုံးဆိုသည်မှာ မူလက လျှို့ဝှက်ထားသင့်သည့်ကိစ္စပင်။ သို့သော် ကလဲယ်၏ ငယ်ရွယ်လှ‌သော အသက်ကြောင့် သူ့မိဘများကို ပြောပြခြင်းက မှန်ကန်သည့်ကိစ္စ ဖြစ်သင့်သည်။ မီယာက တုံ့ဆိုင်းသွားပြီးနောက် သူမရှေ့တွင် ရိုးသားစွာ ပြုံးနေသော ကလေးကို ကြည့်လိုက်သည်။ ထိုကလေးက သူမကို အပြည့်အဝ ယုံကြည်သော မျက်လုံးများဖြင့် ကြည့်နေ၏။

"သား အရမ်းကြောက်တယ်... သား ဒီ‌လျှို့ဝှက်ချက်တွေကို ပြောပြတယ်ဆိုတာက ဆရာဝန်မမကို အရမ်းယုံကြည်လို့ပဲ... အဲဒါကြောင့် တခြားသူတွေကို မပြောပါနဲ့နော်"


ထိုကဲ့သို့ ပြောနေရင်း သူ၏နူးညံ့လှ‌သော လက်လေးများက မီယာ၏ လက်ချောင်းများကို ဆုပ်ကိုင်လာသည်။


ကလေးငယ်လေး၏ ဤအပြုအမူက မီယာ၏ နှလုံးသားကို ချက်ချင်း ပျော့ပျောင်းသွားစေသည်။ ထို့နောက် မတတ်နိုင်ဘဲ သဘောတူလိုက်ရသည်။

"ကောင်းပြီလေ... လောလောဆယ်တော့ တခြားသူတွေကို မပြောဘူးလို့ ကတိပေးတယ်... ဒါပေမယ့် မင်းငါ့ကိုတွေ့ဖို့ ဒီအပတ်ပိတ်ရက်ကျရင် ငါနဲ့တွေ့ဖို့ ကျောင်းဆေးရုံကို ပြန်လာရမယ်... မင်းရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို အသေးစိတ် အကဲဖြတ်ဖို့ လိုအပ်တယ်... ရလဒ်က အဆင်ပြေရင် မင်းမိဘတွေကို ခေါ်စရာမလိုဘူး"


ကလဲယ်က ခေါင်းညိတ်ပြလိုက်သည်။

"သား နားလည်ပါတယ်"


ထိုင်ခုံမှ ဆင်းပြီး‌နောက် မီယာက သူ့ကို အပြင်သို့ ခေါ်သွားသည်။ သူတို့နှစ်ဦးကို မြင်လိုက်ရချိန်၌ ရှီဝိန့်က စိုးရိမ်တကြီးဖြင့် ရှေ့သို့လျှောက်လာကာ မေးလိုက်သည်။

"ဘယ်လိုနေလဲ"


မီယာက စကားမဆိုဘဲ ကလဲယ်က ပြန်ဖြေလာသည်။

"အဆင်ပြေပါတယ်... မပြင်းထန်ပါဘူး"


၎င်းကို ပြောပြီးသည်နှင့် ကလဲယ်က လှည့်ထွက်သွားသည်။ ရှီဝိန့်က ချက်ချင်းဆိုသလို သူ့နောက်မှ အမီလိုက်သွားသည်။ ကလဲယ်၏ ဆိုးရွားလှ‌သော အခြေအနေကို မြင်လိုက်သည်နှင့် နှစ်သိမ့်ပေးရန်အတွက် ရှီဝိန့်က သူ့လက်ကို စတင်ဆုပ်ကိုင်လိုက်သည်။


ကလဲယ်က သူ့လက်ကို ပြန်ဆွဲယူသွားပြီး ရှီဝိန့်ကို ကြည့်ကာ ပြောလိုက်သည်။

"ငါ့ကို မဆွဲနဲ့... ငါတစ်ယောက်တည်း သွားနိုင်တယ်"


"..."


သူ အဆင်မပြေ ဖြစ်နေတာလား...


ရှီဝိန့်က သူ့ခေါင်းကို ပုတ်ပေးလိုက်သည်။

"မင်း ဘာဖြစ်နေတာလဲ"


သူ့ခေါင်းကို လာထိသည့်အတွက် မူး‌မေ့လဲမတတ်ဖြစ်သွားသည့် ကလဲယ်က ရှီဝိန့်ကို စိုက်ကြည့်လိုက်သည်။

"ငါ့ခေါင်းကို လာမထိနဲ့"


ဤကလေး၏ အလေးအနက် ဟန်ဆောင်နေပုံက ရယ်စရာကောင်းသည်ဟု ရှီဝိန့်က တွေးလိုက်မိသည်။ ထို့ကြောင့် သူက ကလဲယ်၏ ဆံပင်များကို ဖွရင်း ပြောလိုက်သည်။

"ကောင်းပြီ‌လေ... မင်း ခံစားချက် ‌မ‌ကောင်းတာကို ငါ သိပါတယ်... စိတ်ဓာတ်ကျမနေနဲ့... မင်း နေမကောင်းရင်တောင် ဖြည်းဖြည်းချင်း ကုလို့ရတယ်... အမြဲတမ်း အဆင်ပြေသွားမှာပါ"


"..."


ကလဲယ်က ဒေါပွသွား၏။ ထို့နောက် ရှီဝိန့်ကို လျစ်လျူရှုပြီး လှည့်ထွက်သွားလေသည်။


ရှီဝိန့်က ကလဲယ်၏ နောက်ကျောကို ကိုးရိုးကားရားနိုင်စွာ ကြည့်ရင်း ရုတ်တရက် အလွန်ထူးဆန်းသည့် ခံစားချက်ကို ခံစားလိုက်ရသည်။


ဒါက အရူးလေးကလဲယ် ဟုတ်တယ်မလား... ဘယ်လိုလုပ်ပြီး သူက တခြားလူတစ်ယောက်လိုမျိုး ဖြစ်နေရတာလဲ...


——— ——— ——— ——— ———


စိတ်ပညာရှင်မီယာ၏ ရည်ရွယ်မထားသော အိပ်မွေ့ချခြင်း၏ အကူအညီဖြင့် ကလဲယ်က ငယ်စဉ်ကတည်းက မြင်မက်ခဲ့ဖူးသော အိပ်မက်အပိုင်းအစများအားလုံးကို ချိတ်ဆက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သူ အိပ်မက်ထဲမှ အမျိုးသား၏နာမည်ကို မှတ်မိသွားခဲ့သည်။ ၎င်းမှာ ယွီချန်းဟယ်ပင်။


ယွီချန်းဟယ်က သူ့မိသားစုထဲတွင် တစ်ဦးတည်းသော သားဖြစ်သည်။ သူ့အဖေ ယွီရှောက်တုံက ဖျော်ဖြေရေးကုမ္ပဏီကြီးတစ်ခုကို ဖွင့်လှစ်ထားခဲ့သည်။ ယွီချန်းဟယ်က အသက် ၂၃ နှစ် အရွယ်တွင် ကောလိပ်မှ ဘွဲ့တစ်ခုကို ရရှိခဲ့သည်။ သို့သော်လည်း သူ၏ငယ်ရွယ်လှသော အသက်အရွယ်ကြောင့် ဖခင်ဖြစ်သူက ကုမ္ပဏီကို လက်လွှဲထားခဲ့ရန် လုံလောက်သော ယုံကြည်မှု မရှိခဲ့ပေ။ သူသည်လည်း သူ့အဖေကို အားကိုးချင်စိတ်မရှိသောကြောင့် ယွီချန်းဟယ်က သူ၏အထောက်အထားကို ဖုံးကွယ်ပြီး ကုမ္ပဏီ၏ ဝန်ထမ်းသစ်စုဆောင်းမှုမှတစ်ဆင့် မန်နေဂျာဖြစ်လာခဲ့သည်။


လူသစ်တစ်ဦးအနေဖြင့် ပုံမှန်အတိုင်း သူက ပထမအဆင့်ကြယ်ပွင့်များကို ကိုင်တွယ်ခွင့်မရခဲ့‌ပေ။ ကုမ္ပဏီက သူ့ကို အတွေ့အကြုံရစေရန် တစ်စုံတစ်ယောက်ကို စီစဉ်ပေးခဲ့သည်။ ထိုလူမှာ ကျိရန်ပင်ဖြစ်၏။ ကျိရန်က အလွန်မထင်ရှားသည့် တတိယအဆင့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူ၏ ပွဲဦးထွက်ချိန်မှ၍ အမြောက်စာဇာတ်ရုပ်နှင့် အရံဇာတ်ကောင်အခန်း အနည်းငယ်တွင်သာ ပါဝင်သရုပ်ဆောင်ခဲ့ရသည်။ ထိုသူ၏ အချက်အလက်များကို ကြည့်နေချိန် သူ့စိတ်ထဲ၌ အလွန်စိတ်ပျက်သွားသကဲ့သို့ ယွီချန်းဟယ် ခံစားလိုက်ရသည်။


ဒီလူက ဒီနယ်ပယ်မှာ နှစ်တွေအကြာကြီး ရောနှောနေခဲ့ပေမယ့် A-list သရုပ်ဆောင် မဖြစ်နိုင်သေးဘူးဆိုတော့... သေချာတယ်.... သူ့မှာ အလားအလာမရှိလို့ပဲ...


ရလဒ်အနေဖြင့် ကျိရန်ကို တွေ့လိုက်ရချိန်၌ ယွီချန်းဟယ်မှာ အံ့အားသင့်သွားခဲ့သည်— သူက ဓာတ်ပုံထဲမှာထက် အပြင်၌ ပိုကြည့်ကောင်းပြီး တက်ကြွရွှင်ပျသော ကိုယ်ရည်ကိုယ်သွေးရှိသည့် လူချော‌လေးတစ်ယောက်ပင်။ ပြုံးလိုက်ချိန်တွင် အလွန်တောက်ပနေသော်လည်း စကားပြောချိန်၌ အလွန်လေးနက်လှသည်။ ဤဖျော်ဖြေရေးနယ်ပယ်တွင် ကျိရန်ကဲ့သို့ ဖြူစင်သော သူတစ်ယောက်ကို တွေ့ရခဲလှသည်။


ကလဲယ်၏ အိပ်မက်ထဲရှိ နောက်ဆုံးမြင်ကွင်းမှာ လက်မှတ်ရေးထိုးသည့်အဖြစ်အပျက်ဖြစ်သည်။ ကျိရန်က စာချုပ်တွင် သူ့နာမည်ကို ရေးပြီး ပြန်ပေးရင်း ပြောလိုက်သည်။

"ငါတို့က အသက်တူတူပဲမလို့ မင်းကို ချန်းဟယ်လို့ ခေါ်လို့ရမလား"


သူ၏ နက်မှောင်သော မျက်လုံးများကို ကြည့်ရင်း ယွီချန်းဟယ်က မပြုံးဘဲမ‌နေနိုင်တော့ပေ။

"ရပါတယ်"


"အတူ အလုပ်တွဲလုပ်ရလို့ ဝမ်းသာပါတယ်"

ကျိရန်က လက်ဆန့်ထုတ်ပြီး လက်ဆွဲနှုတ်ဆက်လာသည်။

"ကျေးဇူးပြုပြီး အနာဂတ်မှာ ငါ့ကို ဂရုစိုက်ပေးပါဦး"


ယွီချန်းဟယ်က ပြောလိုက်သည်။

"ငါလည်း လူသစ်တစ်ယောက်ပဲဆိုတော့... အတူတူ အကောင်းဆုံးလုပ်ကြတာပေါ့"


ထိုအချိန်တွင် ကလဲယ်က မီယာ့ထံမှ အတင်းအကြပ် နှိုးခြင်းကိုခံလိုက်ရသည်။ ကလဲယ်က ဤရှုပ်ထွေးနေသော မှတ်ဉာဏ်အပိုင်းအစများကို လက်ခံရရှိပြီးနောက် အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။ ဤမှတ်ဉာဏ်များက အလွန်စစ်မှန်လွန်းလှသည်။ ထို့ကြောင့် ထိုအချိန်က သူသည် ယွီချန်းဟယ်လား... သို့မဟုတ် ကလဲယ်လား... ဆိုသည်ကို ခဏမျှ မပြောနိုင်ခဲ့‌ပေ။ သို့သော် ထူးဆန်းစွာပင် ထိုအကြောင်းကို မည်သူကိုမျှ မပြောသင့်မှန်း သူ့စိတ်ထဲတွင် အလိုလိုသိနေခဲ့သည်။ ထို့ကြောင့် "စိတ်ပိုင်းဆိုင်ရာပြဿနာများ" ကို ယိုးမယ်ဖွဲ့ပြီး ကလဲယ်က သူ၏ပြဿနာကို ယခုလောလောဆယ် လျှို့ဝှက်ထားရန် ဆရာဝန်အား တောင်းဆိုခဲ့သည်။


***


ကလဲယ်က ရှီဝိန့်နှင့်အတူ အိပ်ဆောင်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။ ကားလို့စ်၏ မေးခွန်းထုတ်သော မျက်လုံးများအောက်၌ ကလဲယ်က သူ့ခုတင်ပေါ်တွင် တစ်ခါတည်း လှဲချလိုက်သည်။ ထို့နောက် သူ၏ ယခင်အိပ်မက်မှ ဇာတ်လမ်းကို ဆက်မက်ရန် မျှော်လင့်နေမိသည်။


သေချာပေ၏။ အိပ်ပျော်သွားပြီးနောက် ယွီချန်းဟယ်၏ နောက်ထပ်မှတ်ဉာဏ်တစ်ခုက သူ့အိပ်မက်ထဲ၌ ပေါ်လာခဲ့သည်။


ထိုနွေရာသီတွင် ကျိရန်က တိုက်ခိုက်ရေးရိုက်ကွက်များ၌ ပထမတန်း ကြယ်ပွင့်သရုပ်‌ဆောင်၏ အစားထိုးအဖြစ် အလုပ်ရခဲ့သည်။ ကျိရန်က ငယ်စဉ်ကတည်းက ကိုယ်ခံပညာ သင်ယူခြင်းကို နှစ်သက်ခဲ့သောကြောင့် သူ၏လက်သီးများက အလွန်အားပြင်းလှသည်။ ကိုယ်ခံပညာကို အသုံးပြု၍ သရုပ်ဆောင်ရာတွင်လည်း အလွန်ချောမွေ့ခဲ့သည်။ သို့သော် လူသိမများလှသော ကျိရန်က သရုပ်ဆောင်ပိုင်းတွင် လေးစားမှုများစွာ မရရှိခဲ့ပေ။ — မည်သို့ပင်ဆိုစေကာမူ သူက အစားထိုးသူတစ်ဦးသာဖြစ်သည်။ သူ၏ ကိုယ်ခံပညာနှင့်ဆိုလျှင်‌ပင် ရုပ်ရှင်ဒါရိုက်တာ၏ တင်းတင်းကျပ်ကျပ် တောင်းဆိုမှုများကြောင့် ကျိရန်က ဇာတ်ကွက်များကို အကြိမ်ကြိမ် ပြန်လည်သရုပ်ဆောင်ခဲ့ရဆဲပင်။


တစ်ခါတစ်ရံ ကျိရန်က နေရောင်အောက်၌ နာရီပေါင်းများစွာ မတ်တတ်ရပ်နေခဲ့ရသည်။ သူ ချွေးများထွက်နေသည်ကို မြင်သည်နှင့် အခွင့်အရေးရတိုင်း ယွီချန်းဟယ်က ကျိရန်ကို အနားယူရန် ချက်ချင်း သွားပြောတတ်သည်။ ထို့အပြင် မျက်နှာသုတ်ပုဝါနှင့် ရေသန့်ဘူးများကိုလည်း သွားပေးခဲ့သည်။ ကျိရန်က မော့ကြည့်လိုက်ပြီး သူ့ခေါင်းပေါ်သို့ ရေတစ်ဘူးလုံးကို လောင်းချလိုက်သည်။ ထို့အပြင် စတူဒီယိုထဲသို့ ပြေးဝင်သွားပြီး မပင်ပန်းဘဲ သူ့တစ်ကိုယ်လုံး အားအင်များ ပြည့်နေသကဲ့သို့ သရုပ်ဆောင်‌ဆဲပင်။


ညနေအိပ်ဆောင်ကို ပြန်ရောက်ချိန်တွင် ကျိရန်က ဘောင်းဘီရှည်ကို လိပ်တင်လိုက်ကာ ဒူးခေါင်းပေါ်တွင် လိမ်း‌ဆေးကို လူးလိုက်သည်။ ယွီချန်းဟယ်က သူ့ခြေထောက်ပေါ်ရှိ ဒဏ်ရာကြီးများကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်မိသည်။

"ငါ မင်းကို ကူလိမ်းပေးမယ်"


ကျိရန်က ပြုံးပြီး ပြောလိုက်သည်။

"မင်း လုပ်ပေးစရာ မလိုပါဘူး... ငါ့ဘာသာငါ လိမ်းနေကျပါ"


ယွီချန်းဟယ်က သူ့ခြေထောက်ပေါ်ရှိ ဒဏ်ရာများကို လေးလေးနက်နက် ကိုင်တွယ်ဖြေရှင်းရန် ခေါင်းငုံ့ထားသည့် ခပ်ချောချောကောင်လေးကို ကြည့်လိုက်မိသည်။ ထိုသူ့ကို ကြည့်ရသည်မှာ ဒဏ်ရာများကို လျှာဖြင့်လျက်ရင်း ထောင့်တစ်နေရာ၌ တစ်ကိုယ်တည်း ပုန်းအောင်းနေသော အထီးကျန်နေသည့် သားရဲလေးတစ်ကောင်နှင့် တူလှ၏။ ထိုအချိန်၌ ယွီချန်းဟယ်၏ နှလုံးသားမှာ ရုတ်တရက် စိတ်မချမ်းမြေ့သွားသကဲ့သို့ ခံစားလိုက်ရသည်—


ဒဏ်ရာတွေနဲ့ ကျင့်သားရနေတဲ့ မိဘမဲ့တစ်ယောက်မလို့ အခုလို ကိုယ့်ဘာသာကိုယ် ကုတာကို ကျွမ်းကျင်နေတာလား...


ငယ်ငယ်လေးကတည်းက သူ ဘယ်နှစ်ခါများ ဒဏ်ရာရခဲ့တယ်ဆိုတာ ဘယ်သူ သိမှာလဲ...


ဒူးခေါင်းပေါ်တွင် အမာရွတ်လေးများ ကျန်နေဆဲဖြစ်ကြောင်းကို ကြည့်ပြီး ယွီချန်းဟယ် အတော်လေး ထိတ်လန့်သွားသည်။ 


အမှန်အတိုင်းပြောရလျှင် ကျိရန်က လေးလေးနက်နက်ရှိပြီး အလုပ်လည်းကြိုးစားသည်။ အထူးသဖြင့် ထိုသူက သန်မာသည့်သူတစ်ယောက်ပင်။ ယနေ့တွင် ကိုယ်ခံပညာ ဒါရိုက်တာက သူ့ကို အကြိမ်ရေ ဒါဇင်နှင့်ချီပြီး ရိုက်ကူးခဲ့သော်လည်း တစ်ခါမျှ မညည်းညူခဲ့ပေ။ သူက လူစားထိုးတစ်ယောက်မျှသာ ဖြစ်သော်လည်း ကျိရန်က လှုပ်ရှားမှုတိုင်းကို ဂရုတစိုက် လုပ်ဆောင်ခဲ့ဆဲပင်။ ထို့အပြင် သူက ပင်ပန်းနွမ်းနယ်ပြီး အသက်ရှူမဝ ဖြစ်နေလျှင်ပင် သူ့မျက်နှာပေါ်တွင် နေရောင်ခြည်ကဲ့သို့ တောက်ပနွေးထွေးသော အပြုံးများကို အမြဲတ‌စေ ဆင်မြန်းထားဆဲပင်။


ဒီလူက တတိယအဆင့် သရုပ်ဆောင်တစ်ယောက်အနေနဲ့ နာမည်ကျသွားမယ့်အစား ဒီ့ထက်ပိုကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်သင့်တယ်...


ထိုအချိန်တွင် ယွီချန်းဟယ်၏ စိတ်ထဲ၌ ရုတ်တရက် ပြင်းပြသော ဆန္ဒတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူ ကျိရန်ကို အလိုအရှိဆုံး မင်းသား ဖြစ်လာစေချင်မိသည်။ မည်သည့်နည်းလမ်းကိုပင် အသုံးပြုရသည်စေ သူ ကျိရန်ကို ဖျော်ဖြေရေးနယ်ပယ်၌ အတောက်ပဆုံး ကြယ်တစ်ပွင့်ဖြစ်လာစေရန် လုပ်ရပေမည်။


"ကလဲယ်... ထတော့... ငါတို့ နောက်ကျနေပြီ"

ကားလို့စ်က သူ့အခန်းဖော်၏ ပုခုံးကို ခပ်ကြမ်းကြမ်း လှုပ်ရမ်းပြီး ကလဲယ်၏အိပ်မက်ကို အတင်းအကျပ် ဖြတ်တောက်ပစ်လိုက်သည်။


ကလဲယ်က မျက်လုံးဖွင့်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားကာ မျက်နှာသစ်နေစဉ် စဉ်းစားလိုက်သည်။


ဒီဇာတ်လမ်းရဲ့နောက်ကွယ်မှာ ဘာအဓိပ္ပာယ်ရှိလို့လဲ...


ဇာတ်လမ်းကို အပြီးထိ သိနိုင်စေရန် သူ တစ်နှစ်ခန့် အိပ်လိုက်ချင်မိသည်။ သို့သော် ၎င်းက မဖြစ်နိုင်ပေ။ သူ့အိပ်မက်က အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်သည့်အချိန်တိုင်း အမြဲလိုလို နှောင့်ယှက်ခံနေရသည်။


***


ကလဲယ်က စိတ်ပညာရှင်၏ အိပ်မွေ့ချမှုကြောင့် မှတ်ဉာဏ်များကို ချိတ်ဆက်ရန် နည်းလမ်းကို ရှာတွေ့ခဲ့သည်။ သူက ထိုထူးဆန်းသော ကမ္ဘာ၏တံခါးကို ဖွင့်နိုင်ရန် သော့တစ်ချောင်းအား ရှာနေရသကဲ့သို့ပင် ခံစားရသည်။ မရေမတွက်နိုင်သော မှတ်ဥာဏ်အပိုင်းအစများက သူ့စိတ်ထဲ၌ ဒီရေကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ ကလဲယ်က နေ့ခင်းဘက်တွင် အတန်းထဲ၌ အိပ်ပျော်သွားတတ်ပြီး အထူးသဖြင့် ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပင် သူက ယွီချန်းဟယ်နှင့် ကျိရန်၏ အကြောင်းနှင့်ပတ်သက်သည့် ကိစ္စများအားလုံးကို တဖြည်းဖြည်း သတိရလာခဲ့သည်။


အသက် ၂၄ နှစ်တွင် ကျိရန်က နာမည်ကြီး ဒါရိုက်တာတစ်ဦးက ဦးဆောင်သော ရိုက်ကူးရေးအဖွဲ့ကို ဝင်ရောက်ရန် အခွင့်အရေးတစ်ခုကို တွေ့ရှိခဲ့ပြီး သူ့အိပ်မက်များကို စတင်အကောင်အထည်ဖော်ခဲ့သည်။


လူငယ်ဒါရိုက်တာက ယွီရှောက်တုံ၏ မိတ်ဆွေဖြစ်ပြီး ယွီချန်းဟယ်ကြောင့် ကျိရန်ကို ထိုနေရာတွင် သရုပ်ဆောင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။ စုဝေးလာသော ရုပ်ရှင်အဖွဲ့သားများထဲမှ အချို့သည် နယ်ပယ်ထဲတွင် နာမည်အကြီးဆုံး ပုဂ္ဂိုလ်များဖြစ်ကြ‌သည်။ ထို့ကြောင့် ကျိရန်ကဲ့သို့ နာမည်ကြီးမင်းသားမဟုတ်သော အမည်မသိသူတစ်ဦးက သေးငယ်သော အခန်းကဏ္ဍမှသာ ပါဝင်နိုင်သည်။ သို့သော်လည်း ကျိရန်က သူ၏ဇာတ်ညွှန်းတွင် ရှုပ်ထွေးမှုတစ်စုံတစ်ရာမရှိသော်လည်း လေးလေးနက်နက် သရုပ်ဆောင်ခဲ့သည်။ သရုပ်ဆောင်စွမ်းရည်မှာလည်း အလွန်စံနှုန်းမြင့်လှသည်။ သူ့အပိုင်းက အခြေခံအားဖြင့် တစ်ကြိမ်တည်းဖြင့် ရိုက်ကူးပြီးစီးခဲ့ပြီး စာကြောင်းများကိုလည်း မှားဖတ်လေ့မရှိပေ။


ကျိရန်၏ လေးနက်သော သဘောထားနှင့် သရုပ်ဆောင်မှုစွမ်းရည်ကြောင့် ဒါရိုက်တာ၏ အသိအမှတ်ပြုမှုကို လျင်မြန်စွာရရှိခဲ့သည်။ ထို့အပြင် အဖွဲ့သားအများအပြားနှင့်လည်း မိတ်ဆွေဖြစ်လာခဲ့သည်။


ရိုက်ကူးရေး ပြီးမြောက်အောင်မြင်မှုများအတွက် ညနေခင်း ဂုဏ်ပြုအခမ်းအနားတွင် ကျိရန်က စိတ်‌ပျော်နေခဲ့သည်။ ထို့နောက် အရက်မူးနေသောသူက ပြုံးပြီး ယွီချန်းဟယ်၏ လက်မောင်းကို ကိုင်ကာ ပြောလိုက်သည်။



🍃🍃🍃