Ch 18
Viewers 2k

🍃 Chapter 18

မှတ်ဉာဏ်အပိုင်းအစ (Part 3)



"ချန်းဟယ်... ငါ ဒီဇာတ်ရုပ်ကို ရခဲ့တာက သေချာပေါက် မင်းရဲ့အကူအညီကြောင့် ငါ သိထားတယ်... အဲဒါကြောင့် ကျေးဇူးတင်ပါတယ်... တကယ်ပြောတာ... ငါ ကျေးဇူးတင်ဆုံးလူက မင်းပဲ"


သူ့ရှေ့ရှိလူ၏ နီရဲနေသော မျက်နှာကို ကြည့်ပြီး ယွီချန်းဟယ်က ခေါင်းငုံ့ပြီး နမ်းချင်စိတ်ကို ထိန်းထားလိုက်ရသည်။ ယင်းအစား သူ့ခါးကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။

"မင်းက ငါ့ကို ဘယ်လိုကျေးဇူးတင်မှာလဲ... ထမင်းတစ်နပ် လိုက်ကျွေးမလား"


ကျိရန်က ၎င်းကို စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"ထမင်းလိုက်‌ကျွေးတာက ရိုးနေပြီ... ပိုကောင်းတာရှိတယ်... ငါ မင်းကို ရေကူးသင်ပေးရမလား... မင်းက ကုန်းဘဲလေးလို့ ငါ ကြားထားတယ်"


[Dry Duck (旱鸭子) လို့ သုံးထားပြီး ကုန်းဘဲလို့ပဲ ဘာသာပြန်ထားပါတယ်။ ဆိုလိုတာက ကုန်းပေါ်မှာပဲ မွေးမြူပြီး ရေမကူးတတ်တဲ့ ဘဲ‌တွေကို ဆိုလိုတာပါ။ ဘဲတွေအားလုံးနီးပါးက ရေထဲမှာနေနိုင်ပြီး ရေကူးခတ်နိုင်ပါတယ်။ အဲဒါကြောင့် “旱鸭子” က ရေမကူးတတ်တဲ့ သူတွေကို ဥပမာပေးတာပါ။]


ယွီချန်းဟယ်၏ နှုတ်ခမ်းထောင့်က မြင့်တက်သွားပြီး ပြုံးယောင်သန်းသွားသည်။ ထို့နောက် ကျိရန်၏ နူးညံ့သော ဆံနွယ်များကို ညင်သာစွာ တို့ထိပြီး ပြောလိုက်သည်။

"ကောင်းပါပြီ... မင်း ဘာပဲလုပ်ချင်လုပ်ချင် အဆင်ပြေပါတယ်"


ထို့နောက် အိပ်ငိုက်နေသည့် ကျိရန်လည်း အိပ်ပျော်သွားလေသည်။ သူ့ရင်ခွင်ထဲရှိ အိပ်ပျော်နေသည့် ထိုအမျိုးသားကို ကြည့်ရင်း ယွီချန်းဟယ်က ရုတ်တရက် ထူးဆန်းသည့် စိတ်ဆန္ဒကို ခံစားလိုက်ရသည်— သူ အကြင်သူ၏ဘဝကို ကာကွယ်ချင်သည်။ သူ၏တောက်ပသော အပြုံးကို ကာကွယ်ချင်သလို သူ့အနားတွင်လည်း အစဉ်အမြဲ ရှိနေချင်မိသည်။


ကျိရန်အပေါ်ထားသည့် ယွီချန်းဟယ်၏ ခံစားချက်များက ဦးတည်ချက် ပြောင်းလဲသွားသည်။ သို့သော် ကျိရန်က မိန်းကလေးများကိုသာ နှစ်သက်သည်။ ယွီချန်းဟယ်က သူ့ခံစားချက်များကို ဝန်ခံရန် အလျင်မလိုခဲ့ပေ။ သို့သော် ကျိရန်အပေါ် မရိုးသားသည့် အတွေးများရှိသော မင်းသမီးများနှင့် အမျိုးသမီး သတင်းထောက်အားလုံးကို တိတ်တဆိတ် မောင်းထုတ်ခဲ့သည်။ နှစ်အနည်းငယ်ကြာပြီးသည့်တိုင် ကျိရန်က ချစ်ရေးချစ်ရာ အတင်းအဖျင်းများတွင် တစ်ကြိမ်တစ်ခါသော်မျှ ပါဝင်ပတ်သက်ခြင်းမရှိခဲ့ပေ။ အမျိုးသမီးသရုပ်ဆောင်များနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ကျိရန်ကိုယ်၌က ဝန်လေး‌နေသည့်အပြင် အရေးကြီးဆုံး အကြောင်းရင်းမှာ ယွီချန်းဟယ်၏ တည်ရှိမှုကြောင့်ဖြစ်သည်။


သူ၏ သံမဏိတံတိုင်းကဲ့သို့ မန်နေဂျာကို ကျော်ဖြတ်ပြီး မည်သူမျှ ကျိရန်ထံသို့ မရောက်ရှိနိုင်ပေ။


ကျိရန်ကို လက်ဝါးကြီးအုပ်လိုသည့် ယွီချန်းဟယ်၏ ပြင်းပြသောဆန္ဒက ပို၍ ပို၍ ထင်ရှားလာသည်။ ကျိရန်၏နေ့စဉ် အချိန်ဇယားအားလုံးကို သူကိုယ်တိုင်စီစဉ်ပေးထားပြီး ကျိရန်အတွက် အမျိုးသမီးများနှင့် ချိန်းတွေ့နိုင်မည့်အချိန်ကို ဘယ်သောအခါကမျှ ချန်မထားခဲ့ပေ။ ၎င်းကို ကိုယ်တိုင်သတိမမူမိသော ကျိရန်ကိုယ်တိုင်မှလွဲ၍ လူအများက သတိပြုမိခဲ့ကြသည်။ အဘယ်ကြောင့်ဆို‌သော် နာမည်ကြီးမင်းသားတစ်ယောက်အနေနှင့် ကျိရန်က သူ၏အတွေးအားလုံးကို သရုပ်ဆောင်ခြင်း၌သာ ပုံအောထားခဲ့ခြင်းကြောင့်ဖြစ်သည်။


သူတို့၏ နောက်ထပ်လမ်းကြောင်းက အလွန်ချောမွေ့ခဲ့သည်။ ယွီချန်းဟယ်၏ ပံ့ပိုးမှုအပြည့်နှင့်အတူ ကျိရန်က ရုပ်ရှင်ပရောဂျက်ကြီးများစွာကို ဆက်လက်သရုပ်ဆောင်ခဲ့ရသည်။ သူ၏ သွယ်လျမြင့်မားသော အရပ်၊ ချောမောသော အသွင်အပြင်နှင့် နေရောင်ခြည်ကဲ့သို့ တောက်ပသော အပြုံးတို့ကြောင့် မကြာမီမှာပင် ကျိရန်က ပရိသတ်အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ၎င်းနောက် ကျိရန်က ပထမအဆင့် အနုပညာရှင်များ၏ အဆင့်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး မူလကထက် ဝင်ငွေ ၁၀ ဆ ပိုမိုရရှိခဲ့သည်။


အကြိမ် ၆၀ မြောက်ရုပ်ရှင်ပွဲတော်တွင် ကျိရန်က အကောင်းဆုံးသရုပ်ဆောင်ဆုကို ထပ်မံရရှိခဲ့ပြီး ထိုအချိန်တွင် အားလုံး၏ အာရုံစိုက်မှုက သူ့အပေါ်သို့ မီးမောင်းထိုးပြသကဲ့သို့ ကျရောက်လာခဲ့သည်။ ခက်ခက်ခဲခဲ ရရှိခဲ့သော ရွှေရောင်ဆုကို သူ့လက်ထဲတွင် ကိုင်ထားရင်း တောက်ပရွှန်းလဲ့စွာ ပြုံးနေခဲ့သည်။


ငါ သူ့ကို တကယ်ကြီး ရင်ခွင်ထဲ ထည့်ထားပြီး လုံးလုံး ပိုင်ဆိုင်ချင်တယ်...


စင်နောက်တွင် ထိုင်နေသော ယွီချန်းဟယ်က ထိုသို့တွေးလိုက်သည်။


သို့သော်လည်း ယွီချန်းဟယ်က မည်သည်ကိုမျှ မလုပ်ခဲ့ပေ။ ကျိရန်က အလွန်စိတ်ဓာတ်မာကျောသော စရိုက်ရှိသူဖြစ်ပြီး ယောက်ျားစစ်စစ်တစ်ယောက်ကို ကွေးသွား‌စေရန် တွန်းအားပေးခြင်းမှာ ယွီချန်းဟယ်အဖို့ လိုလိုလားလား ပြုလုပ်လိုသော လုပ်ရပ်မဟုတ်ပေ။ သူက ကျိရန်အား သူ့ကို သဘောကျလာစေရန် "ရေနွေးထဲတွင် ဖားပြုတ်" သည့်နည်းလမ်းကို ပိုနှစ်သက်ပေသည်။ သူ့တွင် အချိန်အလုံအလောက် မရှိသည်မဟုတ်ပေ။


[TN - ရေနွေးပူပူတွင် ဖားပြုတ်ခြင်း (温水煮青蛙) ဆိုတာက ရှေးခေတ်ဆိုရိုးတစ်ခုပါ။ တစ်ခါတည်းလုပ်လိုက်ရင် ငြင်းပယ်ခံရမယ့်အစား တဖြည်းဖြည်းချင်း လှုံ့ဆော်မှုကို တိုးမြှင့်တာပါ။ ဖားကို ရေနွေးပူပူထဲ ထည့်လိုက်ရင် ချက်ချင်း ခုန်ထွက်တတ်ပေမယ့် ဖားကို ရေအေးထဲထည့်ပြီးမှ ဖြည်းဖြည်းချင်း အပူပေးလိုက်ရင် ဖားက ဖြည်းဖြည်းချင်း ပြုတ်ပြီးသားဖြစ်သွားလိမ့်မယ်ဆိုတဲ့ သဘောမျိုးပါ။]


ကျိရန်နှင့်အတူ စိတ်အေးလက်အေးဖြင့် သူ့ခံစားချက်များကို ပြုစုပျိုးထောင်ရန် အားလပ်ရက်အခွင့်အရေးကို အသုံးချလိုခဲ့သည်။


ဒါပေမယ့် သူတို့ရဲ့ အားလပ်ရက်ခရီးကို သွားဖို့ ကားမောင်းနေရင်း ကားမတော်တဆမှုဖြစ်ပြီး သူ့အစီအစဉ်တွေအားလုံး လုံးဝ ရပ်တန့်သွားလိမ့်မယ်လို့ ဘယ်သူက ခန့်မှန်းမိမှာလဲ...


***


အိပ်မက်မှ တစ်ဖန်ပြန်နိုးလာချိန်တွင် ကလဲယ်က မှတ်ဉာဏ်များအားလုံးကို ရှင်းထုတ်နိုင်ခဲ့သည်။


သူက ယွီချန်းဟယ်ပင်။


ထိုသို့မဟုတ်လျှင် ဤမှတ်ဉာဏ်များက သူ့အတွက် အလွန်ရှင်းရှင်းလင်းလင်း ဖြစ်‌နေမည် မဟုတ်ပေ။ ထို့အပြင် ကျိရန်နှင့်ပတ်သက်သည့် သူ့ခံစားချက်များကလည်း ဤမျှပြင်းထန်မည် မဟုတ်ပေ။


ကားမတော်တဆမှုအတွင်း ဒဏ်ရာအပြင်းအထန် ခံစားခဲ့ရသောကြောင့် ယွီချန်းဟယ်၏ မှတ်ဉာဏ်များက သူ့စိတ်ထဲတွင် ရှုပ်ထွေးနေသော အပိုင်းအစများ ဖြစ်လာခဲ့သည်။ ထိုထိတ်လန့်ဖွယ် ကားမတော်တဆမှုအတွင်း ယွီချန်းဟယ်က သူ ချစ်ရသူ၏ သွေးထွက်သံယို မြင်ကွင်းကို သူ့မျက်လုံးများနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ပြန်လည်မွေးဖွားလာသည့်အချိန်တွင် သွေးကို မြင်လိုက်သည့်အချိန်တိုင်း မကြာခဏဆိုသလို သွေးများဖြင့် ပြည့်နေသော အိပ်မက်ကို မြင်မက်တတ်ပြီး မူးဝေနေတတ်သည်။


သူ၏ နောက်ဆုံးမှတ်ဉာဏ်က ကားပေါက်ကွဲခြင်းပင်ဖြစ်၏။ ဤကဲ့သို့သော ပေါက်ကွဲမှုတွင် မည်သူမျှ အသက်ရှင်နိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ ယွီချန်းဟယ်က ထိုကားမတော်တဆမှုတွင် သေဆုံးသွားခဲ့သည်ဟု ဆိုလိုပေသည်။ ယင်းနောက် နှစ်ရာနှင့်ချီကြာပြီးနောက် ဤကမ္ဘာသို့ ပြန်လည်ဝင်စားခဲ့ခြင်းဖြစ်သည်။


ဤအတိုင်းဆိုလျှင် ကိစ္စအားလုံးက ရှင်းလင်းသွားပြီဖြစ်၏။


ဇွန်လ ၂၁ ရက်နေ့မှာ ယာဉ်တိုက်မှု ဖြစ်ပွားသည့်နေ့ဖြစ်သည်။ ကားမတော်တဆမှုကြောင့် သေဆုံးသွားသည့် ယွီချန်းဟယ်က ဤကမ္ဘာတွင် လူပြန်ဝင်စားပြီး ကလဲယ် ဖြစ်လာခဲ့သည်။ သို့သော် သူ့အတိတ်ဘဝ၏ မှတ်ဉာဏ်များက အပိုင်းအစများအဖြစ် ပြန်တောက်နေပြီး ကလဲယ်၏စိတ်ထဲ၌ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေခဲ့သည်။


ယနေ့တွင် စိတ်ပညာရှင်၏ အိပ်မွေ့ချခြင်းက သူ့ဦးနှောက်အတွင်း အနက်ရှိုင်းဆုံးနေရာရှိ အချုပ်အနှောင်များကို အမှတ်မထင် ဖွင့်လိုက်မိပြီး ဖုန်လွှမ်း‌နေသော မှတ်ဉာဏ်များက နိုးထလာခဲ့သည်။


ကလဲယ်က သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာကို ငေးကြည့်မိသည်။ ၎င်းနောက် သူ့မျက်လုံးများက အနည်းငယ် နီမြန်းလာခဲ့သည်။


ဒါဆို... ကျိရန်ကရော...


________


နောက်နေ့သည်ကား ပိတ်ရက်ဖြစ်ပေသည်။ ထို့ကြောင့် ကလဲယ်က သူတို့ သဘောတူထားသည့် အချိန်အတိုင်း ဆေးရုံသို့သွားပြီး ဒေါက်တာမီယာနှင့် တွေ့ဆုံခဲ့သည်။ 


ယခုလက်ရှိတွင် ရှီဝိန့်နှင့် ဤအမျိုးသမီးဆရာဝန်ကသာ အိပ်မက်များအကြောင်းကို သိထားကြပြီး ရှီဝိန့်တစ်ဦးတည်းကသာ ကလဲယ်တွင် ထူးဆန်းသော အိပ်မက်များ ရှိနေကြောင်းကို သိထားသည်။ ကလဲယ်က အိပ်မက်များ၏ အသေးစိတ် အကြောင်းအရာများကို သူ့အား မပြောပြခဲ့သဖြင့် ရှီဝိန့်အတွက် အလွန်အမင်း စိတ်ပူနေရန် မလိုအပ်ပေ။ သို့သော် ဒေါက်တာမီယာမှာမူ ထိုသို့မဟုတ်ပေ။ ထိုအိပ်မွေ့ချမှုအတွင်း ကလဲယ်က ခေတ္တမျှ အသိစိတ်လွတ်သွားခဲ့သည်။ သူ သူမအား အခြားမည်သည့် အကြောင်းအရာကို ပြောခဲ့မှန်းမသိပေ။ ထို့ကြောင့် သူမကို ဤကိစ္စအား လျှို့ဝှက်ထားပေးနိုင်စေရန် နည်းလမ်းရှာရပေမည်။


တံခါးကို တွန်းဖွင့်လာသော ကလဲယ်ကို မြင်လိုက်ရချိန်၌ မီယာက သူ့ကို ဆေးကုခန်းဆီ ချက်ချင်း ခေါ်သွားပြီး စိုးရိမ်စိတ်နှင့်အတူ မေးလိုက်သည်။

"ကလဲယ်... မင်း ဒီရက်ပိုင်းအတွင်း ဘယ်လိုနေသေးလဲ"


ကလဲယ်က ပြန်ဖြေလိုက်သည်။

"အရင်ကထက် အများကြီး ပိုကောင်းလာပါတယ်"


မီယာက စကားမဆိုမီ သူ့ကို ဂရုတစိုက် စောင့်ကြည့်လိုက်သည်။

"ကောင်းပြီလေ... စမ်းသပ်ကြည့်ကြတာပေါ့... မင်းက ဒါကို အခြေအနေမှန်အတိုင်း ဖြည့်ပေးရမယ်"


သူမက ကလဲယ်ထံ စစ်တမ်းမေးခွန်းလွှာတစ်ခုကို ပေးလိုက်သည်။ ကလဲယ်က ၎င်းကို အနီးကပ် ကြည့်ရှုလိုက်သည်။ ၎င်းက စိတ်ကစဉ့်ကလျားရောဂါ၏ ပြင်းထန်မှုကို အကဲဖြတ်ပေးနိုင်ရန် အသုံးပြုသော စိတ်ပညာရှင်တစ်‌ယောက်၏ သာမန်စစ်တမ်းမေးခွန်းလွှာဖြစ်သည်။ ယခင်ကသာဆိုလျှင် ကလဲယ်က ၎င်းကို အမှန်အတိုင်း ဖြည့်သွင်းလိမ့်မည်ဖြစ်ပြီး ရလဒ်သည်ကား ပြင်းထန်သော စိတ်ရောဂါတစ်ရပ်အဖြစ် သေချာပေါက် ထွက်လာလိမ့်မည်။ ကံကောင်းထောက်မစွာပင် သူက မှတ်ဉာဏ်များကို ပြန်လည်ရရှိလာပြီးဖြစ်သောကြောင့် အကြောင်းနှင့် အကျိုး၏ သဘောတရားကို ရှင်းရှင်းလင်းလင်း သိလာခဲ့သည်။


ကလဲယ်က ဖောင်တွင် သူ့အခြေအနေက သက်သာလာကြောင်း ဖော်ပြပေးနိုင်သည့် အဖြေများကို တမင်ဖြည့်သွင်းခဲ့ပြီး ဒေါတ်တာမီယာ့ထံသို့ ပြန်ပေးခဲ့သည်။ မီယာက သူ့‌ဖောင်၏ရလဒ်ကို ဖတ်ပြီး သိသိသာသာပင် စိတ်သက်သာရာရသွားခဒ့သည်။ ထို့နောက် ပြုံးပြီးပြောလိုက်သည်။

"အခုတလော မင်း အရမ်းတိုးတက်လာတဲ့ပုံပဲ... ဒါဆို အိမ်မက်ထဲမှာ မင်း တခြားလူကို တွေ့ရသေးလား"


ကလဲယ်က ပြန်ဖြေလိုက်သည်။

"မတွေ့ရတော့ဘူး... ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျွန်တော် ဘာအိပ်မက်မှ မမက်ခဲ့ဘူး"


ထိုစကားကို ကြားပြီး ဒေါက်တာမီယာ၏ စိုးရိမ်စိတ်များက ငြိမ်သက်သွားပြီး နောက်ဆုံး၌ ပြုံးကာ ပြောလာသည်။

"မင်း ဆက်ပြီး အနားယူရမယ်... အရမ်းကြီး မစဉ်းစားနဲ့... မင်းမှာ အဆင်မပြေတာရှိရင် အချိန်မရွေး ငါ့ကို လာတွေ့လို့ရတယ်"


ကလဲယ်က ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် သိပါပြီ... ကျေးဇူးတင်ပါတယ် ဒေါက်တာ"


ဆေးရုံမှ ထွက်လာပြီးနောက် ကလဲယ်က ကျောင်းစာကြည့်တိုက်သို့ သွားခဲ့သည်။


သူက ကျိရန်၏ တည်နေရာကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေချင်ခဲ့သည်။ စာကြည့်တိုက်၏ အချက်အလက် သိမ်းစည်း‌ရေးစင်တာက အဆင်အပြေဆုံးနည်းလမ်းဖြစ်သည်။ သို့သော် သူ စိတ်ပျက်သွားခဲ့သည်။ ကျိရန်၊ ယွီချန်းဟယ်၊ ရုပ်ရှင်ပွဲတော်များ၊ ကားမတော်တဆမှုစသည့် စကားလုံးများစွာကို ထည့်သွင်းပြီးနောက်၌ပင် အသုံးဝင်သော အချက်အလက်များကို မတွေ့ရသေးပေ။


၎င်းမှာ အံ့သြစရာ မဟုတ်ပေ။ နှစ်ပေါင်းရာနှင့်ချီ ကုန်ဆုံးသွားပြီးဖြစ်သောကြောင့် လူသားများက ကမ္ဘာမြေပေါ်တွင် မရှိတော့သည်မှာ ကြာပြီဖြစ်၏။


သေးနုပ်လှတဲ့ သရုပ်ဆောင်တစ်ယောက်နဲ့ မန်နေဂျာတစ်ယောက်ရဲ့ အချက်အလက်တွေက ဘယ်လိုလုပ်ပြီး ရှိတော့မှာလဲ...


ငါ့ခံစားချက်တွေကို ဝန်ခံခွင့်တောင် မရခင် ကျိရန်ကို ဆုံးရှုံးသွားခဲ့တာလား...


မူလက သူတို့နှစ်ယောက်တွင် အတူတူ အချိန်ကုန်ဆုံးရန် အချိန်အများကြီး ကျန်နေသေးသည်ဟု သူ ထင်ထားခဲ့သည်။ တစ်ယောက်နှင့် တစ်ယောက် အတူတကွသွားရမည့် ခရီးမှာလည်း အဝေးကြီး ကျန်နေသေးသည်။ သူက ကျိရန်၏ အနုပညာလမ်းကြောင်းကို နိုင်ငံတကာဈေးကွက်သို့  လမ်းကြောင်းဖွင့်ပေးရန်အတွက် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တစ်ကားကို ရိုက်ကူးရန်လည်း စီစဉ်ထားခဲ့သည်။ ကျိရန် ပင်ပန်းလာပြီး ရုပ်ရှင်လောကမှ အနားယူချင်လာချိန်တွင်လည်း နိုင်ငံခြား၌ တိတ်ဆိတ်သော နေရာတစ်နေရာကို ရှာဖွေပြီး သူတို့တစ်သက်လုံး အတူတကွ နေထိုင်ရန် စီစဉ်ထားခဲ့သည်။


ကားမတော်တဆမှုတစ်ခုက စက္ကန့်ပိုင်းအတွင်း အရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်လို့ ဘယ်သူက ခန့်မှန်းနိုင်မှာလဲ...


ကားမတော်တဆမှု၌ သေဆုံးသွားသည့် သူ၏ချစ်မြတ်နိုးရသူလေးကို တွေးကြည့်လိုက်ရုံဖြင့် ကလဲယ်၏ နှလုံးသားက နာကျင်လာရပြီး သူ့ရင်ဘတ်တစ်ခုလုံး ဆုတ်ဖြဲခံရသကဲ့သို့ ခံစားရသည်။


ငါ့ရဲ့ကျိရန်... ဘယ်လိုလုပ်ပြီး သူက ပျောက်ကွယ်သွားရတာလဲ...


ထိုအချိန်တွင် စားပွဲပေါ်၌ ဖြူဖျော့ဖျော့မျက်နှာဖြင့် တွေဝေနေသည့် ကလေးငယ်တစ်ဦးကို မြင်ပြီး စာကြည့်တိုက်တွင် လှည့်ပတ်နေသော ဆရာမက ရောက်လာလေသည်။

"ကျောင်းသား... နေမကောင်းဘူးလား"


ကလဲယ်: "..."


ကလေး၏ မျက်နှာပေါ်တွင် အပေါ်ယံ အပြုံးတစ်ခု ပေါ်ထွက်လာပြီး ပြောလိုက်သည်။

"မဟုတ်ဘူး... သား စာဖတ်နေတာပါ... ဆရာမ... တချို့အရာတွေကို နားမလည်လို့ပါ"


ကလေး၏ အပြုံးက အထူးချစ်စရာကောင်းလှ၏။ ဆရာမက သူ၏ ရွှေရောင်ခေါင်းလေးအား လှမ်းထိပြီး ပြောလိုက်သည်။

"ကောင်းပြီလေ"


ဆရာမ ထွက်သွားသည်နှင့် ကလဲယ်က သူ့နဖူးပေါ်ရှိ ချွေးများကို သုတ်လိုက်ပြီး စိတ်ပျက်အားငယ်စွာ တွေးလိုက်မိသည်။ ယခုအခါ သူက ခြေလက်တိုတိုလေးများရှိသည့် ကလေးတစ်ယောက်မျှသာ ဖြစ်နေသေးသည်။ အလွန်ထူးဆန်သည့် အပြုအမူမျိုး ပြုမူ၍မရပေ။ သူ့အ‌ထောက်အထားအသစ်နှင့် အမြန်ဆုံး လိုက်လျောညီထွေစေရန် ပြုလုပ်ပြီး ကျိရန်၏ သတင်းများကို သီးသန့်ရှာဖွေရမည်။


ငါ ဒီကမ္ဘာမှာ ပြန်လည်မွေးဖွားလာတယ်ဆိုတော့ ကျိရန်လည်း အတူတူပဲ ဖြစ်ကောင်းဖြစ်နိုင်တယ်... သူရော ပြန်လည်မွေးဖွားခဲ့တာလား...


မျှော်လင့်ချက် ခပ်ရေးရေးလေးရှိသရွေ့ ငါ လွယ်လွယ်နဲ့ အရှုံးမပေးနိုင်ဘူး...


ကလဲယ်က အသက်ပြင်းပြင်းရှူရင်း ထကာ စာကြည့်တိုက်မှ ထွက်လာခဲ့သည်။


ကျောင်းလမ်းပေါ်တွင် လမ်းလျှောက်ရင်း ကလဲယ်က သူ ဘာလုပ်သင့်လဲ ဆိုသည်ကို တွေးနေခဲ့သည်။ သူ ကျိရန်ကို လူသိရှင်ကြား ရှာရန် မကြိုးစားနိုင်ပေ။ ဤထူးဆန်းသည့် နာမည်က လူများကို သံသယဖြစ်စေမည်မှာ သေချာသည်။ ထို့ကြောင့် သူကိုယ်တိုင် သီးသန့်စုံစမ်းရန်သာတတ်နိုင်သည်။ သူတို့နှစ်ယောက်က ကားမတော်တဆမှုတွင် အတူတူ သေဆုံးသွားခဲ့သည်။ ထို့ကြောင့် အတူတူ ပြန်လည်မွေးဖွားခဲ့လျှင် သူတို့၏ မွေးဖွားချိန်ကလည်း အတူတူပင် ဖြစ်သင့်သည်။ ကားမတော်တဆမှု ဖြစ်ပွားသည့်နေ့က ဇွန်လ ၂၁ ရက်ဖြစ်သည်။ သူက ထိုနေ့တွင် မွေးဖွားခဲ့သောကြောင့် ကျိရန်လည်း ဇွန် ၂၁ ရက်၌ မွေးဖွားခဲ့လိမ့်မည်။ သို့သော် တစ်ဖက်လူက သူ၏အတိတ်မှ မှတ်ဉာဏ်များဖြင့် နိုးထလာခဲ့ခြင်း ရှိ၊ မရှိကို မသိနိုင်ပေ။


ငါ ဇွန်လ ၂၁ ရက်မှာ မွေးတဲ့ ကလေးတွေရဲ့ အချက်အလက်တွေကို ပြန်သွားကြည့်သင့်လား...


သူ ထို‌အကြောင်းကို တွေးနေစဉ် ကလဲယ်၏ နဖူးက အခြားလူတစ်ယောက်၏ ဦးခေါင်းနှင့် ရုတ်တရက် တိုက်မိသွားခဲ့သည်။


"ဘန်း"

ကလဲယ် ကြယ်များ၊ လများကိုပင် မြင်လိုက်ရသည်။


တစ်ဖက်ကောင်လေးက သူ့ကို မြင်လျှင် ထိုသူက အော်ပြောလာသည်။

"ကလဲယ်... မင်း ခေါင်းငုံ့ပြီး လျှောက်လာရအောင် အိပ်ငိုက်နေတာလား... ဒီလိုလမ်းကျယ်ကြီးမှာ ဘာလို့ ငါ့ခေါင်းကို ဝင်တိုက်ရတာလဲ... မင်းခေါင်းက ငါ့ထက် ပိုမာတယ်ဆိုတာ မင်း မသိဘူးလား"


ကလဲယ်: "..."


ရှီဝိန့်၏ မျက်လုံးများကို ကြည့်ရင်း ကလဲယ်မှာ အလွန်ကူကယ်ရာမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။


သူ၏ ဤငယ်ချစ်ဦးလေးကို သူ့မျက်နှာတွင် တံတွေးများ စိုရွှဲသွားသည်အထိ အမြဲတမ်း ကလေးဆန်စွာ ပွေ့ဖက်နမ်းရှိုက်ခဲ့မိသည်။ ကလဲယ် ဤမြင်ကွင်းများကို အလွန်မှတ်မိနေဆဲပင်။ ယခုအချိန်တွင် ရှီဝိန့်ကို မြင်လိုက်ရခြင်းက သူ၏ မှောင်မည်းနေသော သမိုင်းကြောင်းကို ပြန်မြင်လိုက်ရသကဲ့သို့ ဖြစ်နေသဖြင့် ကလဲယ်က လှည့်ထွက်သွားရန် ပြင်လိုက်သည်။


ရှီဝိန့်က ရုတ်တရက် သူ၏‌ကော်လံကို ဆွဲယူလိုက်သည်။

"မင်းက ငါ့ကို တိုက်ပြီး ဘာလို့ ထွက်ပြေးတာလဲ... ဒီရက်ပိုင်း မင်း ဘာတွေဖြစ်နေတာလဲ... မင်း စိတ်လွတ်သွားပြီလား"


ကလဲယ်က တွန့်ဆုတ်စွာဖြင့် ပြန်ပြောလိုက်သည်။

"လွှတ်ပေး ရှီဝိန့်"


ရှီဝိန့်က ဇဝေဇဝါဖြစ်သွားပြီး ပြောလိုက်သည်။

"မင်း ပြောင်းလဲသွားတယ်လို့ ဘာလို့ ငါ ခံစားနေရတာလဲ"


ကလဲယ်က နောက်ပြန်လှည့်ပြီး တောက်ပစွာ ပြုံးပြလိုက်သည်။

"အာ... မပြောင်းလဲပါဘူး"


ရှီဝိန့်က ပိုပြီး သံသယဖြစ်သွားသည်။

"တကယ်လား... ဒါပေမယ့် မင်းရဲ့အပြုံးက အရမ်းအတုအယောင် ဆန်နေတယ်လို့ ထင်နေရတာလဲ"


ငါက ဘယ်လို ပြုံးပြရမှာလဲ...


ကလဲယ်က သူ့အမူအရာကို ချိန်ညှိပြီး သူ့အပြုံးကို အနည်းငယ် ရိုးရှင်းသွားစေရန် ကြိုးစားပြုံးပြလိုက်သည်။


သူ့ရှေ့ရှိကလေးက ပိုပြီးရူး‌ကြောင်ကြောင်နိုင်စွာ ရယ်ပြရန် ကြိုးစား‌နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် ရှီဝိန့်က လက်ဆန့်ထုတ်ပြီး ကလဲယ်၏ ခေါင်းကို ပွတ်သပ်လိုက်သည်။

"အရူးကောင်... ငါက မင်းကို နောက်နေတာ"


ကလဲယ်: "..."


ကလဲယ်က သူနှင့်အတူ ကြီးပြင်းလာခဲ့သည့် မျက်လုံးကြီးကြီး အနက်ရောင်ဆံပင်များရှိသည့် ကလေးကို မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။ ယခုအခါ ကလဲယ်က သူ့မှတ်ဉာဏ်များကို ပြန်လည်ရရှိလာပြီး အရွယ်ရောက်ပြီးသူတစ်ဦး၏ IQ ရှိလာသော်လည်း ရှီဝိန့်လေးနှင့် ရင်ဆိုင်ရချိန်၌ စိတ်အနှောင့်အယှက်ဖြစ်သလို မခံစားရပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် နှစ်အတော်ကြာ သိလာခဲ့ကြပြီး ဤကဲ့သို့ကလေးဆန်သည့် အကြံအစည်မျိုးက ကလေးများအတွက် ပုံမှန်ပင်။ ရှီဝိန့်က ကလဲယ်ကို ရန်စရန် ရည်ရွယ်ထားခြင်းမျိုး မဟုတ်ပေ။


သို့သော်လည်း ရှီဝိန့်၏ ပြုံးယောင်သန်းနေသော မျက်လုံးများကို မြင်လိုက်ရချိန်တွင် ကလဲယ် အနည်းငယ် အံ့အားသင့်သွားပြီး ရုတ်တရက် ထူးဆန်းသည့် ရင်းနှီးမှုကို ခံစားလိုက်ရသည်။


ကလဲယ်က မမေးဘဲမ‌နေနိုင်ပေ။

"ရှီဝိန့်... မင်းနဲ့ငါက မွေးနေ့ချင်းတူတူပဲမလား"


ရှီဝိန့်က ရယ်မောပြီး ကလဲယ်၏ ရွှေရောင်ခေါင်းလေးကို လက်ဖြင့် ပွတ်သပ်လိုက်သည်။



🍃🍃🍃