Ch 19
Viewers 2k

🍃 Chapter 19

အသိအမှတ်ပြုခြင်း (Part 1)



"မင်း ရူးကြောင်ကြောင် အိပ်မက်တွေ မက်နေတုန်းလား... ငါတို့နှစ်ယောက်စလုံးက မေထုန်ကြယ်တာရာရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇွန် ၂၁ ရက်မှာ မွေးတာလေ... မင်း ဘယ်လောက်တောင် ဦးနှောက်ပျက်သွားလို့ ကိုယ်မွေးနေ့ကိုတောင် မမှတ်မိတော့တာလဲ"


 "..."


ကလဲယ်၏ နှလုံးခုန်သံမှာ ရုတ်တရက် မြန်လာခဲ့သည်။


ငါ့ထက် ငါးမိနစ်နောက်ကျပြီး မွေးဖွားခဲ့တဲ့ ငယ်ချစ်ဦးလေး ရှီဝိန့်က ငါ ရှာနေတဲ့လူ ဖြစ်နိုင်လောက်လား...


သူတို့မွေးချိန်က ငါးမိနစ်သာ ခြားပေသည်။ ထို့အပြင် ငယ်စဉ်ကတည်းက ရှီဝိန့်က အထူးနှစ်သက်ဖွယ်ကောင်းသည်ဟု သူ အမြဲထင်ခဲ့သည်။


ထိုအကြောင်းကို တွေးမိပြီး ကလဲယ်က ရှီဝိန့်၏လက်ကို ချက်ချင်း ဆွဲယူပြီး လေးလေးနက်နက် မေးလိုက်သည်။

"ရှီဝိန့်... မင်း ငါ့လိုမျိုး တစ်ခါတစ်ရံ ထူးဆန်းတဲ့အ‌ကြောင်းတွေကို အိပ်မက်မက်ဖူးလား"


ရှီဝိန့်က ပြန်ဖြေလိုက်သည်။

"မမက်ဖူးပါဘူး... အိပ်တဲ့အခါ ငါက အိပ်မက်မက်ခဲတယ်"


ကလဲယ်က ဆက်မေးလိုက်သည်။

"မင်းက တခြားလူ ဒါမှမဟုတ် တခြားကမ္ဘာမှာ နေထိုင်တဲ့ သူတစ်ယောက် ဖြစ်နိုင်တယ်လို့ရော မင်း တွေးဖူးလား"


၎င်းမေးခွန်းက ရှီဝိန့်ကို ထိတ်လန့်သွားစေသည်။ သို့သော် ကလဲယ်က သူ့အိပ်မက်ထဲတွင် ပိတ်မိနေသောကြောင့် သူ့ပတ်ဝန်းကျင်ရှိ ကလေးများကို ထိုကဲ့သို့တူညီသော အခြေအနေမျိုး ကြုံဖူးလားဟု မေးချင်‌နေသည်ဟုသာ ထင်လိုက်မိသည်။ ကလဲယ်၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး ရှီဝိန့်က သူ့ပုခုံးကို နှစ်သိမ့်သလို ပုတ်ပေးလိုက်သည်။

"အဲလို ထူးဆန်းတဲ့ အိပ်မက်မျိုး ငါ တစ်ခါမှ မမက်ဖူးဘူး... ဒါက အိပ်မက်တစ်ခုပါပဲ.. သိပ်အများကြီး စဉ်းစားမနေနဲ့"


"... တကယ်လား... တစ်ကြိမ်တောင် မမက်ဖူးဘူးလား"


"ဟင့်အင်း"

ရှီဝိန့်က ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။


ကလဲယ်က စိတ်ပျက်အားငယ်စွာဖြင့် သူ့လက်ကို ဖယ်ပေးပြီး ခေါင်းငိုက်စိုက်ချလိုက်သည်။ ကြည့်ရသည်မှာ အလွန်လမ်းပျောက်သွားသည့်ပုံပင်။


ရှီဝိန့်က မေးလိုက်သည်။

"မင်း ဆရာဝန်နဲ့ တွေ့ပြီးပြီလား"


 "တွေ့ပြီးပြီ... မပြင်းထန်ဘူးတဲ့"

ကလဲယ်က ထွက်မသွားမီ ပြန်‌ဖြေလိုက်သည်။


ဤကမ္ဘာပေါ်တွင် ကလေးဘဝဖြင့် ငါးနှစ်ကြာ နေခဲ့ရခြင်းကြောင့် ဖြစ်နိုင်သည်။ ကလဲယ်၏ နှလုံးသားက ဤကမ္ဘာပေါ်တွင် အယ်လ်ဖာ၊ ဘီတာနှင့် အိုမီဂါဟူ‌သော လိင်သုံးမျိုးရှိပြီး အိုမီဂါများက ကိုယ်ဝန်ရနိုင်သည်ဟူသော အချက်သုံးချက်ကို ကြာရှည်စွာ လက်ခံထားခဲ့သည်။ အတိတ်ဘဝမှ သူ့မှတ်ဉာဏ်များကို ပြန်သတိရခဲ့လျှင်ပင် ဤကမ္ဘာကြီး၏ ပတ်ဝန်းကျင်ကြောင့် ထိတ်လန့်သလို မခံစားရဘဲ တိတ်တဆိတ် လက်ခံလိုက်ရုံပင်။


ရုတ်တရက် သူ့အတိတ်ဘဝမှ မှတ်ဉာဏ်များကို ပြန်သတိရသွားပြီး ကားမတော်တဆမှုတွင် သူ့ချစ်ရသူ သေဆုံးသွားသည်ကို ပြန်တွေးမိသည်။ ထိုအဖြစ်အပျက်က ကလဲယ်အပေါ် ကြီးမားသည့် အကျိုးသက်ရောက်မှုကို ချန်ထားခဲ့ပြီး ဤရက်ပိုင်းအတွင်း သူ့ကို အလွန်စိတ်ဓာတ်ကျစေခဲ့သည်။ ယခုအခါ သူ အလုပ်ချင်ဆုံးကိစ္စက ကျိရန် အသက်ရှင်နေသေးလားဆိုသည်ကို ရှာဖွေဖို့ရန်ပင် ဖြစ်သည်။


အကန့်အသတ်မဲ့လှသည့် လူပင်လယ်ကြီးထဲတွင် လူတစ်ယောက်ကို ရှာတွေ့နိုင်ခြေက အလွန်နည်းလှ၏။ ထိုသို့ဆိုလျှင်ပင် သူက သူ့နှလုံးသားထဲရှိ ချစ်ရသူကို ရှာတွေ့ရန် အစွမ်းကုန် ကြိုးစားသွားမည်ပင်။


***


ကလဲယ်၏ ကောက်ချက်ချမှုက အမှန်တကယ် ကျိုးကြောင်းဆီလျော်လွန်းသည်။ လူနှစ်ယောက်က တစ်ချိန်တည်းတွင် သေဆုံးသွားသည့်အတွက် ကျိရန်က အမှန်တကယ် အသက်ရှင်နေသည်ဆိုပါက သူ၏မွေးသက္ကရာဇ်နှင့် ကျိရန်၏မွေးသက္ကရာဇ်က အတူတူပင် ဖြစ်သင့်သည်။


သူ့အဖေ၏ ခွင့်ပြု‌ချက်ဖြင့် ရောင်ခြည်ကွန်ပျူတာ၏ ရှာဖွေမှုကို အသုံးပြုပြီး ကလဲယ်က ဇွန်လ ၂၁ ရက်၊ ၁၉၇၄ ခုနှစ်၌ မွေးဖွားခဲ့သော အင်ပါယာတစ်ခုလုံးရှိ ကလေးများအားလုံး၏ အသေးစိတ်စာရင်းကို အွန်လိုင်းဒေတာဘေ့စ်များမှတစ်ဆင့် ရှာဖွေခဲ့သည်။ မကြာသေးမီနှစ်များအတွင်း အင်ပါယာ၏ မွေးဖွားနှုန်းက ကျဆင်းလာခဲ့သော်လည်း အမျိုးသား၊ အမျိုးသမီး၊ အယ်လ်ဖာ၊ ဘီတာနှင့် အိုမီဂါများ အပါအဝင် ဇွန် ၂၁ ရက်တွင် မွေးဖွားသည့် ကလေးမှာ ရာနှင့်ချီရှိနေဆဲပင်။ ထိုကလေးများထဲမှ အများအပြားက အဝေးရှိ လိုင်ရာဂလက်ဆီနှင့် စစ်ဂါးဂလက်ဆီတို့မှ ဖြစ်ကြသည်။ အချို့မှာ စီဖိတ်ဒ်ဂလက်ဆီရှိ အခြားဂြိုဟ်များတွင် မွေးဖွားခဲ့ကြသည်။


ကျိရန်၏ဝိညာဉ်က ထိုလူများစွာထဲမှ မည်သူ့ထံ၌ ရှိနေကြောင်း ရှာဖွေရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။


နောက်ပြီး သူက တကယ် လူပြန်ဝင်စားခဲ့ပေမယ့် အတိတ်ဘဝက မှတ်ဉာဏ်တွေ မရှိရင်ရော ဘယ်လိုလုပ်မလဲ...


ကလဲယ် အသက်ပြင်းပြင်းရှူပြီး ရှာဖွေမှုရလဒ်ကို ဂရုတစိုက် စစ်ဆေးလိုက်သည်။


သူ အံ့အားသင့်စရာတစ်ခုကို တွေ့လိုက်ရသည်။ သူက စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှုမှတ်တမ်း အများအပြားရှိသည့် ဇွန်လ ၂၁ ရက်နေ့တွင် မွေးဖွားသော လူငယ်လေးတစ်ယောက်ကို အမှန်တကယ် တွေ့ရှိခဲ့သည်။ ရောဂါမှတ်တမ်းမှာ အိပ်မက်များနှင့် ဆက်စပ်နေသည်ဟု ထင်ရသည့် စိတ်ကျရောဂါ၏ အပျော့စား လက္ခဏာများဖြစ်သည်။ ကလဲယ်၏ နှလုံးခုန်သံမှာ စည်းချက်မငြိမ်ဖြစ်သွားသည်။ ထိုကလေး၏ အချက်အလက်များကို သေသေချာချာ စစ်ဆေးကြည့်ချင်သော်လည်း သူ့တင်ပါးက ရုတ်တရက် အကန်ခံလိုက်ရသည်။


ကလဲယ်က သူ့ကို ကန်လိုက်သည့်သူက ရှီဝိန့်လေးဖြစ်မှန်း သိပြီးသားပင်။ ထို့ကြောင့် သူ ကူကယ်ရာမဲ့စွာဖြင့် ကောင်လေးကို လှည့်ကြည့်လိုက်သည်။

"မင်း ဘာလုပ်တာလဲ"


ရှီဝိန့်က ပြောလိုက်သည်။

"မင်း... အာ မင်းရဲ့စိတ်တွေ အမြဲတမ်း မပျံ့လွင့်စေနဲ့လေ... ဆရာက မင်းကို စောင့်ကြည့်နေတယ်"


ထိုအချိန်တွင် ဆရာက ရုတ်တရက် နာမည်ခေါ်လာသည်။

"ကလဲယ်... ဒီမေးခွန်းကို ဖြေမယ်"


ကလဲယ်က မတ်တတ်ထရပ်ပြီး စင်မြင့်ပေါ်ရှိ ဖန်သားပြင်ကြီးကို ကြည့်လိုက်သည်။ ဤမေးခွန်းကို မည်သို့ဖြေရမည်မှန်း လုံးဝမသိပေ။ အပေါင်း၊ အနုတ်နှင့်ဆိုင်သည့် ရိုးရိုးရှင်းရှင်း သင်္ချာမေးခွန်းဆိုလျှင်ပင် သူ့မှတ်ဉာဏ်ထဲမှ သင်ယူထားသည့် အသိပညာကို အသုံးချ၍ရနိုင်သေးသည်။ သို့သော် ၎င်းက အင်ပါယာ သမိုင်းသင်ခန်းစာဖြစ်နေသည်။


နောက်ပြီး ဆရာက ဒုတိယဧကရာဇ် နန်းတက်တဲ့ ခုနှစ်ကို မေးတော့ ငါက ဘယ်လိုသိမှာလဲ...


သူ မည်ကဲ့သို့ ဖြေရမည်မှန်း စိတ်ပူပန်နေစဉ် သူ့ခါးအောက်ပိုင်း၌ နူးညံ့သည့် အထိအတွေ့ကို ရုတ်တရက် ခံစားလိုက်ရသည်။ ၎င်းက သူ့ခြေချောင်းများကို သုံးပြီး "A" ဟူသည့် စာလုံးကြီးကို ရေးပြ‌နေသည့် ရှီဝိန့်ပင်ဖြစ်သည်။


ကလဲယ်က ရှက်ရွံ့စွာ ပြန်ဖြေလိုက်သည်။

"အဖြေက A ပါ"


ဆရာမက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

"ထိုင်... စာသင်တာကို သေချာနားထောင်"


ကလဲယ်က ထိုင်ပြီး ရှီဝိန့်ကို ပြန်လှည့်ကြည့်လိုက်သည်။


ရှီဝိန့်က တောက်ပသောအပြုံးနှင့်အတူ သူ့ကို ပြန်ကြည့်လာသည်။ ထိုအပြုံးက သူ့အား ဤကဲ့သို့ ပြောနေသကဲ့သို့ပင်။

"ငါ့ကို ကျေးဇူးတင်လိုက်စမ်းပါ... ငတုံးကောင်... ငါ မင်းကို ထပ်ပြီး ကူညီထားတယ်လေ"


ထိုသူ၏ အောင်ပွဲခံအပြုံးကို ကြည့်ရင်း သူ့နောက်တန်းတွင် ထိုင်ပြီး နေ့တိုင်း အမြဲတ‌‌စေ သူ့အား ကန်နေသည့် ဤရှီဝိန့်လေးကို ကလဲယ် အမှန်တကယ် ရိုက်နှက်ပစ်ချင်မိသည်။


________


အချိန်များကုန်လွန်သွားပြီး သူ့မှတ်ဥာဏ်များ ပြန်ရလာပြီးနောက် ကလဲယ်က ယခင်ကကဲ့သို့ အိပ်ငိုက်မနေတော့ပေ။ သူက အတန်းထဲတွင် ဂရုတစိုက် နားထောင်ပြီး မကြာမီ ဆရာများ၏ ဟောပြောချက်များကို အမှီလိုက်နိုင်ခဲ့သည်။ ပထမနှစ်သင်ခန်းစာများက အလွန်ရိုးရှင်းသောကြောင့် ကလဲယ်က သူ့နေ့ရက်များကို အေးချမ်းစွာ ဖြတ်သန်းနိုင်ခဲ့သည်။ သူက ဤကမ္ဘာတွင် ငါးနှစ်ကြာနေထိုင်လာခဲ့သောကြောင့် သူ၏ ပတ်ဝန်းကျင်အသစ်ကို လက်ခံရန်မှာ သူ့အတွက် မခက်ခဲလှပေ။


သို့သော် ကျိရန်၏ကိစ္စနှင့် ပတ်သက်ပြီး သူ့နှလုံးသားထဲတွင် မနှုတ်ရသေးသော ဆူးများရှိနေဆဲပင်။ ထိုနာမည်ကို တွေးလိုက်တိုင်း သူ့နှလုံးသားကို ထက်မြက်စူးရှသော အရာတစ်ခုက ထိုးနေသကဲ့သို့ ခံစားလိုက်ရသည်။ ကျိရန်နှင့်ပတ်သက်သည့် အရာအားလုံးက သူ့မှတ်ဉာဏ်ထဲတွင် ကြည်လင်ပြတ်သားပြီး အမှတ်ရစရာများပင်ဖြစ်၏။ သို့သော် သူ့အတိတ်ဘ၀တွင် ထိုသူ့ကို "ချစ်တယ်" ဟု ပြောရန်ပင် အချိန်မရခဲ့ပေ။ ထိုကားမတော်တဆမှုအတွင်း သူ သေဆုံးသွားခဲ့ချိန်၌ အကြီးမားဆုံး နောင်တဟူ၍ ထိုကိစ္စတစ်ခုသာရှိသည်။


သူ ဤကမ္ဘာ၌ ကျိရန်ကို အမှန်တကယ် ရှာတွေ့နိုင်ခဲ့လျှင် ထိုလူကို ဘယ်သောအခါမျှ လက်လွှတ်မည်မဟုတ်ဟု ကတိပြုထားခဲ့သည်။


ကလဲယ်က ကျောင်းသို့ လမ်းလျှောက်သွားနေစဉ် အချက်အလက်အချို့ကို စစ်ဆေးလိုက်သည်။ ဇွန်လ ၂၁ ရက်နေ့တွင် မွေးဖွားသော အင်ပါယာထဲရှိ ကလေးများအများစုမှာ အခြားဝေးလံလှသော ဂလက်ဆီများတွင် နေထိုင်ကြသည်။ ထို့အပြင် သူတို့၏ အသေးစိတ်အချက်အလက်များကို စုဆောင်းရန်မှာမလွယ်ကူသော အလုပ်ဖြစ်သည်။ နှစ်ဝက်ကျော်ကြာပြီးနောက် ကလဲယ်က ဇွန်လ ၂၁ ရက်နေ့တွင် မွေးဖွားသော ကလေး ၁၀၀ ကျော်၏ အသေးစိတ် အချက်အလက်များကို စုဆောင်းနိုင်ခဲ့သည်။ ထိုအချက်အလက်များထဲတွင် မိသားစုအခြေအနေများ၊ ကလေးဘဝအတွေ့အကြုံများ၊ ကိုယ်ရေးကိုယ်တာအကျင့်စရိုက်များနှင့် ဝါသနာများစသည်တို့ ပါဝင်သည်။


ပထမဦးစွာ ကလဲယ်က ကလေးတစ်ယောက်အပေါ်ကို အာရုံစိုက်ထားလိုက်သည်။ ထိုကလေးက ငယ်စဉ်က စိတ်ပညာရှင်ဆီ သွားဖူးပြီး အင်ပါယာ၏ မြို့တော်ကြယ်တွင် နေထိုင်သော ဘီတာကောင်လေးဖြစ်သည်။ တိုက်ဆိုင်စွာပင် ထိုကလေး၏ အိမ်လိပ်စာက ကလဲယ်၏အိမ်နှင့် မနီးမဝေးတွင်ရှိသည်။ ထို့အပြင် သူ့အဖေက ဗိုလ်ချုပ်ဘိုင်ရွန်၏ စစ်တပ်ဖြစ်သော ကြယ်တပ်ဖွဲ့မှ တပ်ရင်းမှူးဖြစ်သည်။


သို့သော် ထိုကလေးက စိန့်ပေါအကယ်ဒမီသို့ မသွားဘဲ မြို့တော်ကြယ်ရှိ အခြားကျောင်းတွင် ပညာသင်ခဲ့သည်။


စိန့်ပေါအကယ်ဒမီက သီးသန့်စာသင်ကြားရေးပတ်၀န်းကျင်ဖြစ်ပြီး ပိတ်ရက်များ၌ အားလပ်ရက်မရှိပေ။ ထို့ကြောင့် ကလဲယ်က ယာယီ ကျောင်းမှထွက်ခွင့်မရှိပေ။ ကလဲယ်က ထိုကလေးကိုရှာရန် ပထမနှစ်အပြီး နှစ်စဉ်ကျောင်းပိတ်ရက်ကို စောင့်ရန်သာ တတ်နိုင်သည်။ ကံကောင်းထောက်မစွာဖြင့် အချိန်က တရွေ့‌ရွေ့ ကုန်ဆုံးသွားပြီး မကြာမီ ပထမပညာသင်နှစ်က နွေရာသီပိတ်ရက်သို့ ရောက်ရှိလာတော့မည်ဖြစ်သည်။


နောက်ဆုံးစာမေးပွဲ နီးကပ်လာသည်နှင့်အမျှ ကျောင်းသားများက သူတို့၏သင်ခန်းစာများကို စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်သုံးသပ်လာကြသည်။ ထိုအထဲတွင် အနည်းငယ် စိတ်လွတ်နေသော ကလဲယ်မပါဝင်ပေ။ တစ်နေ့၌ ကျောင်းဆင်းသည့်အချိန်တွင် ရှီဝိန့်က ကလဲယ်ကို ရုတ်တရက် တားပြီး ‌အလေးအနက် ပြောလိုက်သည်။

"ကလဲယ်... မင်း ဘာလို့ သင်ခန်းစာကို ပြန်မသုံးသပ်တာလဲ... စာမေးပွဲကျရင် မင်း နောက်ထပ် တစ်နှစ်ထပ်တက်ရမှာနော်"


စိန့်ပေါအကယ်ဒမီ၏ စီမံခန့်ခွဲမှုစနစ်က အလွန်တင်းကျပ်လှသည်။ နှစ်ဆုံးစာမေးပွဲတွင် ဘာသာရပ်တိုင်း၏ အမှတ်ပြည့်က ၁၀၀ ဖြစ်သည်။ အမှတ် ၇၀ အောက်ကို ကျရှုံးသည်ဟု မှတ်ယူပြီး မအောင်မြင်သူများက တစ်နှစ်ပြန်တက်ရမည်ဖြစ်သည်။ ကလဲယ်သာ နောက်တစ်နှစ် ပြန်တက်ရလျှင် သူ့မိဘများကို ရှင်းပြရန် ခက်ခဲသလို ဗိုလ်ချုပ်ဘိုင်ရွန်လည်း မျက်နှာပျက်ရလိမ့်မည်။ ထို့ကြောင့် ငယ်သူငယ်ချင်းဖြစ်သည့် ငြိမ်းချမ်းရေးထိန်းသိမ်းသူ ရှီဝိန့်က ကလဲယ်ကို ကူညီရန် ဆုံးဖြတ်လိုက်သည်။


ရှီဝိန့်က သူ၏ ရောင်ခြည်ကွန်ပျူတာထဲရှိ မှတ်စုများကို ဖိုင်တစ်ခုအဖြစ် စုစည်းပြီး ကလဲယ်ကို ပြလိုက်သည်။

"ဒါတွေက မင်းကို အာရုံသိပ်မစိုက်နိုင်တဲ့ အင်ပါယာသမိုင်းအတန်းက ငါ့မှတ်စုတွေ... လာမယ့်ရက်ပိုင်းအတွင်းမှာ အဲဒါကို နေ့တိုင်းရွတ်လိုက်... မင်း ပထမစာမေးပွဲကို သေချာပေါက် အောင်လိမ့်မယ်"


သူ့ရှေ့ရှိ ကောင်လေး၏ မျက်လုံးကြည်ကြည်လေးများကို ကြည့်ရင်း ကလဲယ်က မပြုံးဘဲမနေနိုင်တော့ပေ။ သူက ရောင်ခြည်ကွန်ပျူတာကို ယူပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ရှီဝိန့်"


ရှီဝိန့်က ကလဲယ်၏ခေါင်းကို ပွတ်သပ်လိုက်သည်။

"ရပါတယ်ကွာ"


ဆံပင်များ ရှုပ်ပွသွားသည်အထိ ပွတ်သပ်ခံရသော ကလဲယ်က မချင့်မရဲဖြင့် ပြောလိုက်သည်။

"မင်း ငါ့ခေါင်းကို တစ်ချိန်လုံး ပွတ်နေတာ ရပ်ပေးလို့ရမလား"


ရှီဝိန့်က အလွန်တောက်ပစွာ ပြုံးလိုက်သည်။

"အာ... မင်းရဲ့ ရွှေရောင်ခေါင်းလေးကို ငါ့ရှေ့မှာ မြင်လိုက်တဲ့အချိန်တိုင်း... ငါ့လက်တွေက ယားလာရော"


"..."


ကလဲယ်က သူ့ရွှေရောင်ဆံပင်များကို သပ်သပ်ရပ်ရပ် ပြန်ပြင်ဆင်ပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"သိပ်မကြာခင် အားလပ်ရက်ရောက်ပြီ... မင်းမှာ အစီအစဉ်ရှိလား"


ရှီဝိန့်က ပြန်ဖြေသည်။

"သေချာပေါက် နန်းတော်ကို ပြန်မှာပေါ့... ဦးလေးက ကလေးမွေးတော့မှာ... အမေလည်း မွေးခါနီးနေပြီလို့ ကြားတယ်... ငါ အိမ်ပြန်ပြီး ကလေးလေးနှစ်ယောက်ကို ကြည့်ချင်တယ်... ငါ့မှာ အိုမီဂါညီမလေး နှစ်ယောက်ရှိတယ်ဆိုတော့... အမေ ဒီတစ်ခါတော့ အယ်လ်ဖာညီလေးကို မွေးမယ်လို့ မျှော်လင့်မိတယ်"


ရှီဝိန့်က သူ့ဦးလေးထံမှ မိခင်ဖြစ်သူ၏ ကိုယ်ဝန်သတင်းကို ကြားသိခဲ့ရသည်။ ထို့အပြင် ဘုရင်မအန်နာ၏ ကိုယ်ဝန်တုံ့ပြန်မှုက အိုမီဂါမင်းသမီး နှစ်ယောက်ကို ကိုယ်ဝန်ဆောင်စဉ်ကထက်ပင် ပိုမိုပြင်းထန်သည်ဟု ပြောခဲ့သည်။ နေ့တိုင်း မူးမေ့သည်အထိ အော့အန်တတ်ပြီး သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကလည်း နေ့စဉ်နှင့်အမျှ ပိုဆိုးလာသည်။ ဆရာဝန်က ဤကလေးကို အောင်မြင်စွာ မမွေးနိုင်မည်ကို စိုးရိမ်နေမိသည်။ အန်နာက ရှီဝိန့်၏စာလေ့လာမှုကို အနှောင့်အယှက်ဖြစ်မည် စိုးသောကြောင့် ယခုအချိန်အတွင်း ရှီဝိန့်နှင့် ဗီဒီယိုကောလ် ခေါ်ဆိုခဲလှသည်။ ရှီဝိန့်က သူ့အမေ ဤကလေးကို ဘေးကင်းစွာ မွေးဖွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ ထို့အပြင် ကလေးက အယ်လ်ဖာမင်းသားလေးဖြစ်လျှင် ပိုကောင်းပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူမအနေဖြင့် ဖိအားအများကြီးကို သည်းခံနေရန် မလိုတော့ပေ။


ကလဲယ်က ရှီဝိန့်၏မျက်နှာပေါ်ရှိ စိုးရိမ်သောကကို မြင်ပြီး နှစ်သိမ့်လိုက်သည်။

"စိတ်မပူပါနဲ့... အင်ပါယာမှာ အစွမ်းထက်တဲ့ ဆရာဝန်တွေ အများကြီးရှိပါတယ်... ဘုရင်မ သေချာပေါက် နေကောင်းမှာပါ"


ရှီဝိန့်က ခေါင်းညိတ်ပြလိုက်သည်။

"အင်း"


ကလဲယ်က ဆိုလိုက်သည်။

"ဒါဆို ငါ အရင်ဆုံး သင်ခန်းစာတွေကို ပြန်သုံးသပ်လိုက်ဦးမယ်"


"ဖိုက်တင်း"


သူတို့နှစ်ယောက်လုံး အိပ်ဆောင်တံခါးဝတွင် နှုတ်ဆက်ခဲ့ကြသည်။ ကလဲယ်က သူ့အခန်းထဲသို့ ဝင်ပြီးနောက် ရှီဝိန့်၏ အင်ပါယာသမိုင်းမှတ်စုများကို ဖွင့်ပြီး လေးလေးနက်နက် ကြည့်လိုက်သည်။ ရှီဝိန့် ပြောသည့်အတိုင်း သူ အနည်းဆုံး စာမေးပွဲကို အောင်ရမည်— တစ်နှစ်ပြန်တက်ရလျှင် အလွန်ဒုက္ခများလိမ့်မည်။


***


စာမေးပွဲအတွက် ပြန်လည်သုံးသပ်ချိန်အတွင်း ကလဲယ်နှင့် ရှီဝိန့်တို့၏ မွေးနေ့ဖြစ်သည့် ဇွန်လ ၂၁ ရက်နေ့သို့ ရောက်ရှိလာခဲ့သည်။


ယခင်က အတန်းပိုင်ဆရာမ ကယ်လီက လူတိုင်းအတွက် စည်းမျဉ်းတစ်ခုကို ချမှတ်ထားခဲ့သည်။ ဤအတန်းရှိ ကလေးတစ်ဦး၏ မွေးနေ့သို့ ရောက်သည့်အချိန်တိုင်း ကျန်အတန်းသားများက ဂုဏ်ပြုစကားအဖြစ် ရိုးရှင်းသော e-card တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ပြီး သူတို့၏ ရောင်ခြည်ကွန်ပျူတာမှတစ်ဆင့် မွေးနေ့ကျ‌ရောက်သည့် အတန်းဖော်ထံသို့ ပေးပို့ရမည်ဖြစ်သည်။ သူမက ကလေးများကို အစုအဖွဲ့နှင့် လိုက်လျောညီထွေရှိစေရန် ထိုကဲ့ကို စီစဉ်ခဲ့ခြင်းဖြစ်သည်။


ကလဲယ်က သူ၏မွေးနေ့တွင် e-card များစွာကို လက်ခံရရှိခဲ့သည်။ ကားလို့စ်က စန်ရိုးမီးယားစစ်အကယ်ဒမီ၏ လင်းယုန်ပုံသဏ္ဍာန်ကျောင်းတံဆိပ်ကို ကတ်ပေါ်တွင် ရေးဆွဲပြီး အောက်ပါစာကြောင်းကို လေးနက်စွာ ရေးခဲ့သည်။

"ကံကောင်းပါ‌စေကွာ... စာကြိုးစား... ငါတို့ကြီးလာရင် ဒီကျောင်းကို အတူတူသွားကြရအောင်"


အိုင်ဒန်က e-card ပေါ်တွင် ချစ်စရာကောင်းသော နားရွက်နှစ်ဖက်နှင့်အတူ ကလဲယ်၏ မျက်နှာပုံတစ်ပုံကို ရေးဆွဲလိုက်သည်။ ၎င်း၏နောက်တွင် လှပသောလက်ရေးဖြင့် ရေးသားထားသော စာတစ်ကြောင်းပါရှိသည်။

"အသက်ခြောက်နှစ်ကစပြီး ကလဲယ် နေ့တိုင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်... မွေးနေ့မှာ ပျော်ရွှင်ပါစေ"


ကလေးများက ပေးပို့သော e-card အမျိုးမျိုးကို ရရှိခဲ့သည်။ သို့သော် ကလဲယ်က သူ၏ ရောင်ခြည်ကွန်ပျူတာထဲမှ e-card အားလုံးကို အမျိုးအစားခွဲလိုက်ချိန်တွင် တစ်ခုပျောက်ဆုံးနေကြောင်း သိလိုက်ရသည်။


ကလဲယ်က ရှီဝိန့်၏ အခန်းဆီသို့ လျှောက်သွားပြီး တံခါးကို ခေါက်လိုက်သည်။ ရှီဝိန့်က ခေါင်းပြူကြည့်ပြီး မေးလာသည်။

"ဘာဖြစ်လို့လဲ... ဘာလို့ ငါ့ကို လာရှာတာလဲ"


ကလဲယ်က ဆိုလိုက်သည်။

"မင်းရဲ့ e-card က ဘယ်မှာလဲ"


ရှီဝိန့်က ခေါင်းငုံ့ပြီး ရယ်မောလိုက်သည်။

"ဒီနေ့က ငါ့မွေးနေ့လည်း ဟုတ်တယ်လေ... ငါက မင်းဆီ e-card ပို့ပေးရင် မင်းလည်း ငါ့ဆီ ပို့ပေးရမှာပေါ့... နှစ်တိုင်း တစ်ယောက်ကို တစ်ယောက် ပို့ပေးနေရမှာ... အဲဒါက အရမ်းဒုက္ခများလွန်းတယ်... အဲဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် မပေးဘဲ‌နေရအောင်... ဆရာမလည်း သိမှာ မဟုတ်ဘူးလေ"


ကလဲယ်: "..."


ရှီဝိန့်က ယုံကြည်မှုအပြည့်နှင့် ဆက်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းလည်း ငါ့အတွက် e-card မရေးရသေးဘူးမလား"


"အင်း"


"လုပ်မနေနဲ့... ငါလည်း မင်းအတွက် လုပ်မနေချင်ဘူး"


ထိုသို့ပြောပြီးနောက် ရှီဝိန့်က သူ့လက်ကို ဆန့်တန်းပြီး ကလဲယ်၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။

"သင်ခန်းစာပြန်လည်သုံးသပ်တာကိုသာ သွားလုပ်ချည်... နောက်တစ်နှစ် ပြန်မတက်ရစေနဲ့"


ကလဲယ်က အမှန်တကယ် ဤတရားဝင် လုပ်ထုံးလုပ်နည်းများကို မလုပ်ချင်လှပေ။ ရှီဝိန့်၏ "အပြန်အလှန် ကင်းလွတ်ခွင့်" ဟူသော အတွေးက သူ့အတွေးနှင့်လည်း တိုက်ဆိုင်နေသည်။ စာမေးပွဲရက်ကလည်း နီးလာပြီဖြစ်ပြီး အချိန်လည်း များများမကျန်တော့ပေ။ ၎င်းကိုတွေးမိပြီး‌နောက် ကလဲယ်က ချက်ချင်း ပြန်လှည့်ပြီး သူ့သင်ခန်းစာများကို ပြန်သုံးသပ်ရန် အခန်းထဲသို့ ဝင်သွားခဲ့သည်။



🍃🍃🍃