အပိုင်း ၅၂
Viewers 13k

Chapter 52


ရွှယ်ကျွင်းလျန်က ထိုသို့ပြောမည်ဟု မထင်လိုက်၍ ထန့်ယွင် မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။ သို့ရာတွင် ရွှယ်ကျွင်းလျန်က သူ့ကို တမင်တကာ စနောက်နေကြောင်းသိသည်။


ဧကရီ ကြောင်အအဖြစ်သွားပြီးနောက် အောင်နိုင်သူအပြောဖြင့် သူ့ကိုပြောလာသည်ကို ရွှယ်ကျွင်းလျန် စောင့်ကြည့်နေသည်။


" တာ့ဝမ့်က တောပုန်းဓားပြတွေကို အမှုမထမ်းစေချင်ဘူးဆိုရင်တော့ စစ်သားတွေလွှတ်ပြီး တားမြစ်တာတစ်ခုပဲ လုပ်လို့ရပါတယ်... ဒါပေမဲ့ ကျွန်တော်မျိုးမကို မေးမယ်ဆိုရင်တော့  အဲ့ဒီမြို့ဆင်ခြေဖုံးကို စစ်သည်ရှစ်သောင်း‌ကနေ တစ်သိန်းအတွင်း စေလွှတ်မှ ဓားပြတွေကိုဖမ်းမိပြီး ကိုယ်လုပ်တော်ရွေးပွဲကို မိန်းမပျိုလေးတွေ ပါဝင်ဖို့ သေချာမှာပါ..."


ထိုစကားကိုကြားသည့်အခါ  ရွှယ်ကျွင်းလျန် အသံကျယ်ကျယ်ဖြင့် မရယ်ပဲ မနေနိုင်တော့ပေ။ ဘေးနားတွင်ရပ်နေသည့် ကျန်းယွီပင် ရယ်နေသည်။


ရွှယ်ကျွင်းလျန် လည်ချောင်းရှင်းလိုက်ပြီး ခပ်တည်တည်ပြန်နေလိုက်သည်။

" ကျန်းယွီ မောင်မင်းဘာရယ်တာလဲ..."


ကျန်းယွီ ပြန်ဖြေလိုက်သည်။


" တာ့ဝမ်... အရှင်မက အရည်အချင်းရှိပြီး ကိုယ်ကျင့်သိက္ခာကောင်းမွန်လွန်းလို့တဲ့အပြင် တခြားသူတွေကို ကျော်လွန်နိုင်တဲ့ ဉာဏ်ပညာရှိလို့ ဒီအစေခံအိုကြီးရယ်မိတာပါ…"


ကျန်းယွီ၏ မြှောက်ပင့်သောစကားကြောင့် ရွှယ်ကျွင်းလျန် ကျေနပ်သွားသည်။ ဧကရီ့ဘက်သို့ပြန်လှည့်ကာ ပြောလိုက်သည်။


" စစ်သည် ရှစ်သောင်းကနေ တစ်သိန်းကိုလွှတ်တာ နည်းနည်းများတယ်လို့တော့ ထင်ရပေမယ့် ပြဿနာတော့ မဟုတ်ပါဘူး...  ကိုယ်တော် မင်းရဲ့တောင်းဆိုချက်ကို နားထောင်ဦးမယ်..."


ထန့်ယွင် ခဏတာစဉ်းစားပြီးမှ ပြောလိုက်သည်။

" သူတို့သုံးယောက်ကို စစ်သူကြီးရာထူးခန့်ပြီးရင် ကျွန်တော်မျိုးမကို ပေးလို့ရနိုင်မလား..."


" အိုး... အိုက်ဖေးက စစ်တိုက်ဖို့ ပြင်နေတာလား... အခုတည်းက စစ်အင်အားတွေ စုနေပြီပေါ့လေ..."


ရွှယ်ကျွင်းလျန် မေးလိုက်သည်။


" စစ်ပွဲအတွက် မဟုတ်ပါဘူး... အဲ့ဒီ ညီအစ်ကိုသုံးယောက်က အံ့ဩစရာကောင်းလောက်အောင် အရည်အချင်းရှိကြတယ်... သူတို့က သခင်အသစ်ကို လက်ခံရမယ့်အစား သူတို့ဂုဏ်ပုဒ်တွေကို စွန့်လွှတ်ပြီး တောပုန်းဓားပြပဲလုပ်မယ့် လူစားမျိုးတွေပါ... အဲ့တော့ သူတို့ကို လွယ်လွယ်နဲ့ အမှုထမ်းခိုင်းလို့ မရဘူးဆိုတဲ့ သဘောပဲ... ကျွန်တော်မျိုးမက သူတို့ကို နာခံတတ်ပြီး သစ္စာရှိတဲ့လူတွေဖြစ်လာအောင် လုပ်ပေးနိုင်မယ်ဆိုတာ သေချာပါတယ်..."


" ဒါဆိုရင်လည်း... သူတို့က တကယ်ကို အရည်အချင်းရှိပြီး အိုက်ဖေးကို သစ္စာရှိလာနိုင်မယ်ဆိုရင်တော့ ကိုယ်တော် ခွင့်ပြုနိုင်မယ်ထင်တယ်..."

ရွှယ်ကျွင်းလျန်က ရယ်ရယ်မောမောနှင့်ပင် ပြောလိုက်သည်။


" အရှင်မင်းကြီး ပြောပြီးသားစကားကို တည်ရမယ်နော်..."


" သေချာပေါက် တည်ရမှာပေါ့..."


ထန့်ယွင် ပြုံးလိုက်သည်။

"  နောက်တစ်ခု ထပ်တောင်းဆိုလို့ရမလား... ကျွန်တော်မျိုးမ စစ်သည်အယောက်၅၀လောက် ငှားချင်ပါတယ်..."


"ငါးဆယ်လား... ကြည့်ရတာ မင်းက သေချာစီစဉ်ထားတဲ့ပုံပဲ..." “


နန်းမြို့တော်နယ်နိမိတ်အတွင်းဆိုပါက ဧကရီက စစ်သည်များကို အလိုရှိသလို တာဝန်ခွဲဝေကာ စီမံပေးနိုင်သည်ဟု ရွှယ်ကျွင်းလျန် ချက်ချင်း အမိန့်ချလိုက်သည်။ ထန့်ယွင်က လူအယောက်၅၀ကိုသာ ရဲတင်းစွာတောင်းဆိုခဲ့ခြင်းဖြစ်၍ ထိုလူ၅၀ဖြင့်သာ လှုပ်ရှားနိုင်မည်ဖြစ်သည်။


ထန့်ယွင်က နန်းတော်အစောင့် အယောက်၅၀ကို ‌စနစ်တကျ ရွေးချယ်လိုက်သည်။ ထိုလူများက နန်းတော်အတွင်းနှင့် နန်းတော် အပြင်ဘက်ပတ်ပတ်လည်ကို စောင့်ကြပ်ရသူများဖြစ်၍ သူတို့၏စွမ်းရည်များက မလုံလောက်ခြင်း မရှိပေ။ သူတို့က ငယ်ရွယ်စဉ် နန်းတွင်းသို့ရောက်ပြီးချိန်မှစ၍ အစောင့်များအဖြစ်သာ လေ့ကျင့်ပေးခံခဲ့ရသောကြောင့် ဧကရီ၏အမိန့်ကို လိုက်နာလိုစိတ်အပြည့်ရှိကြသည်။


ရွှယ်ကျွင်းလျန်က ဧကရီကိုယ်တိုင်စီစဉ်နေသည်များကို ကြည့်ရုံသာကြည့်နေပြီး ‌ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ ဘေးနားတွင် တိတ်တဆိတ်ရပ်နေပြီး ထန့်ယွင်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။


စစ်သည်အယောက် ၅၀ကို ရွေးချယ်ပြီးသည့်နောက်တွင် ထန့်ယွင်က သူတို့ထဲမှ ဆယ်ယောက်ကို နန်းမြို့တော်ထဲ ဝင်ရောက်မည့် ချမ်းသာသည့်ကုန်သည်များအသွင် ရုပ်ဖျက်ခိုင်းလိုက်သည်။ ထိုဆယ်ယောက်က တောပုန်းဓားပြများကို အာရုံစိုက်အောင် လုပ်ရမည့်သူများဖြစ်သည်။


ထန့်ယွင်က နောက်ထပ်ဆယ်ယောက်ကိုမူ တောင်ပေါ်တွင် အလစ်တိုက်ရန် စောင့်နေခိုင်းလိုက်သည်။ ညီအစ်ကိုသုံးယောက်က ဓားပြတိုက်ရန် တောင်ပေါ်မှဆင်းချိန်တွင် ထိုအစောင့်ဆယ်ယောက်က ဓားပြများ၏ တဲများထဲတွင်ကာ မီးဖိုချောင်နှင့် ထင်းများသိုလှောင်ခန်းတွင် မီးလောင်လွယ်စေသည့်ဆီများ လောင်းထားခိုင်းလိုက်သည်။


ဟယ့်ညီအစ်ကိုများက ကုန်သည်လူချမ်းသာများကိုဓားပြတိုက်လိုက်ခြင်းဖြင့် သူတို့ကိုယ်သူတို့ ထောင်ခြောက်ထဲ ရောက်သွားသည်ဟု မသိလိုက်ပေ။ ပုန်းကွယ်၍ စောင့်ဆိုင်းနေကြသည့် နန်း‌တွင်းစစ်သည်များက ဓားပြများကို ချက်ချင်းဝန်းရံလိုက်ကြသည်။ ဓားပြများက သူတို့ဝိုင်းထားသည်ကို ဖောက်ထွက်နိုင်သွားသည့်အချိန်တွင် ကုန်သည်များက လက်နက်များထုတ်လာပြီး ဓားပြများကို တိုက်ခိုက်ကြတော့သည်။ ဓားပြများမှာ အစောင့်စစ်သားများ၏ အရေအတွက်ကို မယှဉ်နိုင်၍ မကြာမ ရှုံးနိမ့်သွားကြတော့သည်။

52.2


အစောင့်များက ဟယ့်ညီအစ်ကိုသုံးယောက်ထဲမှ အစ်ကိုအကြီးဆုံးကို ဖမ်းမိသွား၍ အခြားနှစ်ယောက်က အစောင့်များကို လက်လွတ်စပယ် မသတ်ရဲကြတော့ပေ။ နန်းတွင်းအစောင့်ခေါင်းဆောင်က ဟယ့်ညီအစ်ကိုသုံးယောက်ကို လက်နက်ချ မချ မေးနေသည်။ အစောင့်များက သူတို့ကို လှည့်စားခြင်းဖြစ်၍ အစ်ကိုအကြီးဆုံးက မခံမရပ်နိုင်ဖြစ်ကာ ဆဲရေးနေပြီး လက်နက်ချရမည့်အစား အသေခံလိုက်မည်ဟု ပြောသည်။


ဤတာဝန်မပေးအပ်မီက ဓားပြများကိုလွှတ်ပေးရန် ထန့်ယွင်က အစောင့်များကို အမိန့်ပေးထား၍ သူ့အမိန့်အတိုင်း လွှတ်ပေးလိုက်ကြသည်။


သူတို့ ပုန်းကွယ်ရာသို့ ပြန်ရောက်သည့်အခါ ဟယ့်ညီအစ်ကိုသုံးယောက်က ဒေါသထွက်ကုန်ကြသည်။ ထိုည ညစာစားချိန်သို့ ရောက်သည့်အခါ ရေရှာဖွေရန်လိုအပ်သည်ဟု တစ်စုံတစ်ယောက်က ဟယ့်ညီအစ်ကိုသုံးယောက်ကို လာသတင်းပို့သည်။


လက်အောက်ငယ်သားတစ်ယောက်က မီးမွှေးစဉ်တွင် သတိလက်လွတ် ပြုလုပ်မိသည်ထင်၍ ညီအစ်ကို သုံးယောက်က အာရုံမစိုက်မိကြပေ။ ခဏအကြွာင် မီးက ဆက်တိုက် ပျံ့နှံ့သွားသည်ကို သဘောပေါက်သွားကြသည်။ အားလုံးက အိမ်ထဲမှထွက်လာကာ မီးငြိမ်းကြသော်လည်း အထိန်းအကွပ်မဲ့စွာ လောင်ကျွမ်းနေပြီဖြစ်သည်။


ဟယ့် ညီအစ်ကိုများက ဆုံးရှုံးမှုများကို ရင်ထဲတွင် မျိုသိပ်ကာ ပိုင်ဆိုင်မှုများကို သိမ်းဆည်း၍ တောင်အောက်ခြေတွင် ခိုလှုံရာနေရာရှာကြသည်။


ထိုအချိန်တွင် ထန့်ယွင်၏ စစ်သားများက တောင်အောက်ခြေတွင် ဓားပြများဆင်းလာမည်ကို အသင့်စောင့်ဆိုင်းနေကြသည်။


ဓားပြများမှ မီးဘေးမှလွတ်အောင် ထွက်ပြေးလာသည်ဖြစ်၍ လက်နက်များ မယူဆောင်လာနိုင်သည့်အပြင် တိုက်ခိုက်ရန်လည်း မပြင်ထားခဲ့ကြပေ။ အစောင့်များကို မြင်သည်နှင့် ဓားပြအများစုက ကြောက်လန့်ပြီး အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကုန်သည်။ ထန့်ယွင်က ဟယ့်ညီအစ်ကိုသုံးယောက်ကိုသာဖမ်းခဲ့ရန် အစောင့်များကို အမိန့်ပေးလိုက်သည်။


ညီအစ်ကိုသုံးယောက်ကို တောင်ပေါ်မှခေါ်ထုတ်ပြီး မီးလောင်ပြာကျသွားသည့် သူတို့၏စခန်းကို အတင်းအကြပ် ကြည့်ရှု့ခိုင်းကြသည်။ ညီအစ်ကိုသုံးယောက်က အလွန်ဒေါသထွက်ပြီး ညီအစ်ကိုသုံးယောက်က ညစ်ပတ်သည့်နည်းလမ်းများသုံး၍ သူတို့ကိုလှည့်စားခဲ့သည့်အတွက် လူကြီးလူကောင်းမဆန်ဟု ပြောခဲ့သည်။


အစောင့်များ၏ခေါင်းဆောင်က ထန့်ယွင်ပေးလိုက်သည့် ညွှန်ကြားချက်ကို ပြင်ဆင်လာသည်။ ထန့်ယွင်ပေးလိုက်သည့်စာလွှာအတွင်းမှ အချက်အလက်များကို ညီအစ်ကိုသုံးယောက်ရှေ့တွင် ကျယ်ကျယ်ဖတ်ပြလိုက်သည်။


ခေါင်းဆောင်က စာလုံးများကို တစ်လုံးချင်းသီ ဖတ်ပြနေချိန်၌ ဧကရီက ထိုလူသုံးယောက် မည်သို့တုံ့ပြန်မည်ကိုပါ ခန့်မှန်းထားပြီးသည့်ပုံပေါ်သည်။


စာလွှာတွင် ပါဝင်သော အကြောင်းအရာမှာ...

[ သခင်သေဆုံးသွားတဲ့အခါမှာ မင်းတို့က ဘုရင်အသစ်ကို ဦးညွှတ်ရမယ့်အစား ထွက်ပြေးပြီးတော့ ခိုးဝှက်ဓားပြတိုက်ဖို့ ရွေးချယ်ခဲ့တယ်... အဲ့ဒါက သစ္စာရှိမှု မဟုတ်ဘူး... မင်းတို့က လူချမ်းသာတွေကို ဓားပြတိုက်ပေမယ့် သူဆင်းရဲတွေကိုတော့ ကူညီဖို့ မကြိုးစားခဲ့ဘူး... အဲ့ဒါက စာနာသနားမှုလည်း မဟုတ်ဘူး... ညီအစ်ကိုတွေကို မင်းတို့နဲ့အတူ တောပုန်းဓားပြလုပ်ဖို့ စည်းရုံးခဲ့ပေမယ့် ဝဝလင်လင်ကျွေးမွေးရမယ့်အစား မင်းတို့နဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ခိုင်းတယ် အဲ့ဒါက ကိုယ်ကျင့်တရားကောင်းတာမဟုတ်ဘူး... အဲ့လို ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ယုတ်မာတဲ့ အကျင့်စရိုက်တွေနဲ့ ကိုယ့်ကိုကိုယ် လူကြီးလူကောင်းလို့ ဘယ်လိုကြောင့် ပြောနိုင်ရတာလဲ..."


အစောင့်ခေါင်းဆောင်က ပြုံးပြကာ မေးလိုက်သည်။

" မင်းတို့သုံးယောက် မြှားပစ်တတ်လား..."


ညီအစ်ကိုသုံးယောက်က စိတ်ကြီးဝင်စွာဖြင့် ပြောလိုက်သည်။

" ဒါပေါ့ ငါတို့အားလုံးက လက်ရွေးစင် လေးသည်တော်တွေပဲ..."


အစောင့်ခေါင်းဆောင်က ရယ်မောလျက် ပြောလိုက်သည်။

" ဒါပေမဲ့ ငါတို့ဧကရီကလည်း မြှားပစ်တာ ထူးချွန်တယ်... မြှားပစ်တတ်တဲ့လူ၊ ရန်သူ့စစ်စခန်းကို ဝင်စီးတတ်တဲ့လူ၊ စစ်ပွဲကို သွားနိုင်တဲ့လူ အဲ့လို လူမျိုးတွေက အရင်အချိန်တွေတည်းက ရှိခဲ့ပြီး မရေမတွက်နိုင်အောင် များလွန်းတယ်... ဒါပေမဲ့ စစ်မြေပြင်မှ အဲ့လိုလူတွေထဲက အနည်းငယ်ပဲ ရှိကြတာ... ဘာလို့လဲဆိုတော့ မြှားပစ်တတ်တဲ့သူတွေက ကုန်သည်လုပ်ဖို့ ရွေးကြတယ်... ရန်သူ့စစ်စခန်းကို ဝင်စီးတတ်တဲ့သူက ပညာရှင်လုပ်ဖို့ရွေးတယ်... ပြီးတော့ စစ်ပွဲကိုသွားနိုင်သူတွေက တောပုန်းဓားပြတွေ ဖြစ်လာကြလို့ပဲ...  တိုင်းပြည်ကို လျစ်လျူရှု့တဲ့လူတွေကလည်း လူကြီးလူကောင်းမဖြစ်နိုင်ဘူး..."


ထိုစကားများကြောင့် ဟယ့်ညီအစ်ကိုသုံးယောက်၏မျက်နှာက ရှက်ရွံ့ကာနီရဲလာသည်။ သူတို့ရင်ထဲတွင်မူ သူတို့က အမြဲတစေရိုးသားပြီး စည်းမျဉ်းစည်းကမ်းဖြင့် နေထိုင်ကြသူများဖြစ်၍ အမှားကို ချက်ချင်းသဘောပေါက်သွားသည်။


အစောင့်ခေါင်းဆောင်က သူတို့ကို လက်နက်ချမည် မချမည်ကို နောက်တစ်ကြိမ်မေးမြန်းသည့်အခါ ညီအစ်ကိုသုံးယောက်လုံး ဖြေလိုက်ကြသည်။

"  အဲ့ဒီစာကိုရေးတဲ့ မင်းတို့ရဲ့ခေါင်းဆောင်နောက်ကို ကျုပ်တို့လိုက်မယ်..."


နောက်တစ်နေ့မနက် ညီလာခံခန်းမတွင် ရွှယ်ကျွင်းလျန်က ညီအစ်ကိုသုံးယောက်ကို ကြိုဆိုသည်။ ထန့်ယွင်က ပုတီးလိုက်ကာအနောက်တွင် ထိုင်နေသည်။


ဤတစ်ခေါက်တာဝန်၏ ခေါင်းဆောင်ကို ဟယ့်ညီအစ်ကိုသုံးယောက်က မေးမြန်းကြသည်။ သူတို့၏ ရိုင်းစိုင်းသော အပြုအမူကို ရွှယ်ကျွင်းလျန်က ဒေါသမထွက်သည့်အပြင် အလိုလိုက်ဟန်ဖြင့် ပြုံးရယ်ကာ ပြောလိုက်သည်။

" ခေါင်းဆောင်က တကယ်တော့... ကိုယ်တော့်ဧကရီပါ..."


ဟယ့်ညီအစ်ကိုသုံးယောက်က ထိတ်လန့်သွားသည်။ နန်းတွင်းမောင်းမဆောင်မှ အမျိုးသမီးတစ်ယောက်ထံတွင် ရှုံးနိမ့်သွား၍ ရှက်နေကြသည်။


တစ်ဖက်လူက ဖြိုလှဲမရနိုင်တဲ့ သံမဏိစစ်သူကြီးထန့်ယွင်ဖြစ်နေလို့ အစတည်းက သူတို့ရှုံးဖို့ အကြောင်းဖန်လာတယ်ဆိုတာတော့ သူတို့မသိခဲ့ပါဘူး...


ရွှယ်ကျွင်းလျန်က ညီအစ်ကိုသုံးယောက်ကို လက်ခံပြီး သူတို့ကို ဟယ့်ကျုံး၊ ဟယ့်ရမ်၊ ဟယ့်ယီ ဟူသော နာမည်အသစ်များ ပေးအပ်ခဲ့သည်။ နာမည်များကို ဧကရီကိုယ်တိုင် ပေးခဲ့ခြင်းဖြစ်၍  ရွှယ်ကျွင်းလျန်က အထွေအထူး မတွေးခဲ့ရပေ။


[  T/N - "ကျုံး" ဆိုတဲ့စာလုံးက " သစ္စာရှိခြင်း " ၊ "ရမ်" ဆိုတဲ့စာလုံးက"ကရုဏာကြီးမားခြင်း" နဲ့ "ယီ" ဆိုတဲ့စာလုံးက "ကိုယ်ကျင့်တရားကောင်းမွန်ခြင်း"ဆိုတဲ့ အဓိပ္ပါယ်တွေပါ..."


အမျိုးသမီးတစ်ယောက်က ထိုသို့သော ကိစ္စများကို လုပ်နေခြင်းက မသင့်လျော်သည့်ကိစ္စဟု ညီလာခံအမတ်များက ထင်မိကြသော်လည်း အဆုံးတွင် ဤအောင်မြင်မှုကြီးက ဧကရီ့ကြောင့် ရရှိခဲ့ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့သော အောင်မြင်မှုမျိုးက ယောက်ျားတစ်ယောက်ထံမှ ရရှိလာပါက ထိုလူမှာ နယ်စားမင်းအဆင့်ရာထူးပင် ရရှိနိုင်သည်။ ညီလာခံအမတ်များက ဧကရီ၏ အရည်အချင်းကြောင့်ဟုသာ ဖြေသိမ့်လိုက်ပြီး မည်သူမျှ မဟန့်တားရဲကြပေ။


ပြဿနာရှာသည့် တောပုန်းဓားပြများ ရှင်းလင်းသွားပြီဖြစ်၍ မြင်းလှည်းများကို ဟန့်တားမည့်သူ မရှိတော့၍ မိန်းမပျိုလေးများက ကိုယ်လုပ်တော်ရွေးပွဲတွင် ပါဝင်နိုင်ရန်အတွင် နန်းမြို့တော်သို့ ဝင်ခွင့်ရရှိသွားကြပြီဖြစ်သည်။


ထိုအချိန်တွင်  ရွှယ်ကျွင်းလျန်က သူ့အတွက် ကိုယ်လုပ်တော်တစ်ယောက် ရွေးပေးမည့်အကြောင်း ရွှယ်ဟုန်ယန်ကြားမိ၍ စိတ်မပူပန်ပဲ မနေနိုင်ဖြစ်နေသည်။ သူက မကြာမီ ရှေ့တန်းသို့ ပြန်သွားရတော့မည်ဖြစ်၍ ကိုယ်လုပ်တော်အသစ်က မြက်ပင်များပင်မပေါက်သည့် ကျက်တီးမြေကဲ့သို့သော နယ်စပ်တွင် နေထိုင်ချင်မည်မဟုတ်ပေ။ ထို့အပြင် ရွှယ်ဟုန်ယန်က နောက်တစ်ကြိမ် လက်မထပ်ချင်တော့ပေ။ သူက စကားလုံးများဖြင့် ဖော်ပြတတ်သူမဟုတ်သော်လည်း ထန့်ရှန်အပေါ် ချစ်ခင်သည့်ခံစားချက်များရှိနေသည်။ ယောက်ျားတစ်ယောက်က အချစ်ရေးအချစ်ရာ ကိစ္စများကို တစ်နေကုန်ထိုင်ပြောနေခြင်းက မသင့်လျော်ဟု ထင်မိသော်လည်း ထန့်ရှန်အပေါ် သူ့ခံစားချက်များက နက်ရှိုင်းနေခဲ့သည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်သည်။


xxxxxx