အပိုင်း ၅၄
Viewers 17k

Chapter 54

အဆုံးသတ်ကိုရောက်ရှိတော့မည့် အသက်တစ်ချောင်း


ကျောက်လုနှင့် ဖုန့်မင်တို့ အတူမရှိခဲ့ကြသည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်သည်။  ဖုန့်မင်နှင့်အတူ ရှိနေရသည့်အတွက် ကျောက်လု၏ ထိန်းချုပ်ထားသမျှအားလုံး ပွင့်ထွက်ကုန်ပြီး မပြီးဆုံးနိုင်ပဲ ထပ်ခါထပ်ခါ ပြုလုပ်‌မိနေတော့သည်။


သူတို့နှစ်ယောက်လုံး ပြီးဆုံးသွားချိန်၌ ဖုန့်မင်က လက်ချောင်းတစ်ချောင်းမျှပင် မလှုပ်နိုင်တော့ပဲ ကျောက်လု၏ပေါင်ပေါ်တွင် ခေါင်းအုံးအိပ်နေသည်။


အပြင်ဘက်တွင် မိုးရွာသွန်းနေဆဲဖြစ်သော်လည်း မကြာမီ တိတ်တော့မည့်ပုံပေါ်သည်။ မိုးသံ ဖြိုးဖြိုးဖြောက်ဖြောက်က ယခင်ကဲ့သို့ မကျယ်တော့ပေ။


ဖုန့်မင်က မိုးသံများ နားဆင်နေလျက် ပြုံးလိုက်မိသည်။


" ဒီလို အခြေအနေနဲ့ နေရတာကိုပဲ ငါတော်တော်တင်းတိမ်နေပြီ..."


ကျောက်လုက ဆန့်ကျင်ဘက်ဟုသာ ထင်လိုက်မိသည်။ အကယ်၍ တစ်ဖက်လူက ဖုန့်မင်မဟုတ်ပါက သူတို့၏ ဆက်ဆံရေးက ဤမျှရှုပ်ထွေးနေမည် မဟုတ်ပေ။


လုရှစ်ချန်က မင်မြစ်မှ ဆည်ကျိုးကျမှုအကြောင်း ကြားသိသည်နှင့် ထိုလူနေရာသို့ ချက်ချင်းလူလွှတ်ပြီး ပြင်ဆင်ခိုင်းကာ မြစ်နေကို ထိန်းချုပ်နေသည်။ ထို့အပြင် လူများစွာစေလွှတ်၍  မင်မြစ်တစ်ဝိုက်တွင် ဖုန့်မင်ကို ရှာဖွေနေခဲ့သည်။


ဖုန့်မင်က မင်မြစ်တွင် နှစ်ရက်တိတိ ပိတ်မိနေခဲ့ပြီး နောက်ဆုံးတွင်မှ လူရှစ်ချန်၏လူများက သူ့ကိုရှာတွေ့ပြီး နန်းတောင်သို့ ပြန်ပို့ပေးခဲ့သည်။


ကျောက်လုက လုရှစ်ချန်၏ လူများထံမှ ပုန်းနေရသည်။ သူ့ကို ရှာတွေ့သွား၍ မဖြစ်သကဲ့သို့ သူတို့နှင့်အတူတူ လိုက်သွားရန်လည်း မဖြစ်နိုင်ပေ။ ဖုန့်မင် အဆင်ပြေကြောင်းသိပြီးမှသာ နန်မြို့တော်သို့ ဦးစွာ ပြန်သွားခဲ့သည်။ နယ်စားမင်းကျူးလုအိမ်တော်တွင် သူ ပြန်အလာကို စောင့်နေသူက လွှေ့ရွှယ်ဖြစ်သည်။ သူမက မိန်းမပျိုလေးတစ်ဦးသာဖြစ်၍ ကျောက်လုက နာမကျန်းဖြစ်နေသည်ဟု ဟန်ဆောင်ပေးရပြီး ကိစ္စအားလုံးကို ကိုင်တွယ်ရခြင်းက သူမအတွက် ခက်ခဲလှသည်။ သူမသခင် ပြန်ရောက်လာသည့်အခါ မျက်ရည်ဝဲလုဆဲဆဲပင် ဖြစ်သွားသည်။


ကျောက်လုပြန်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် ဖုန့်မင်က နန်းတော်သို့ ပြန်ရောက်ရှိလာသည်။ လွှေ့ရွယ်က ဘာမှမပြောသော်လည်း ထိုနှစ်ယောက် ပြန်လည်သင့်မြတ်သွားပြီဖြစ်ကြောင်း သိသည်။


ဖုန့်မင် ပြန်ရောက်လာသည့်အခါ ခဏတာ ဖျားနာသွားခဲ့သည်။ ဖုန့်ဝမ်ကို ပြုစုစောင့်ရှောက်ပေးရန်အတွင် ကျောက်လုက လွှေ့ရွှယ်ကို နန်းတော်သို့ ပို့ပေးခဲ့သည်။ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို မမှတ်မိတော့ဟု ဆိုသော်လည်း ဖုန့်ဝမ်ကဖျားနာနေသည်မှလွဲ၍ အားအင်အပြည့်ရှိနေခဲ့သည်။ သူ့စိတ်အခြေအနေက ပြန်လည်တက်ကြွလာပုံပေါ်သည်။


ရေကြီးသည့်ဖြစ်စဉ်တွင် ဖုန့်ဝမ် ရေနစ်လုနီးပါး ဖြစ်သွားခဲ့ခြင်းက လုရှစ်ချန်ကို အလွန်ကြောက်လန့်သွားစေသည်။

မြစ်တစ်စင်းပေါ်မှာ ဆောက်ထားတဲ့ဆည်က တို့ဟူးတစ်တုံးလို ဘာလို့ လွယ်လွယ်ကျိုးသွားရတာလဲ...


ဤကဲ့သို့သော အခြေအနေမှာပင် ဖုန့်မင်က လုရှစ်ချန်၏ သစ္စာရှိမှုအတွက် ကျေးဇူးတင်နေခဲ့ပြီး ရေကြီးမှုနှင့် ဆည်ကျိုးရသည့်အကြောင်းရင်းကို စုံစမ်းခွင့်ပြုလိုက်သည်။


လွေ့ရွှယ် တိတ်ဆိတ်နေမိသည်။ သူမစိတ်ထဲ စိုးရိမ်ပူပန်နေသော်လည်း မည်သည့်အကြောင်းကိုမှ ပြောခွင့်မရှိသည်ကိုလည်း သိသည်။ ရွှယ်ဝမ်က မြစ်ကို တူးထားခိုင်းခဲ့၍ မြစ်ရေများက မင်မြစ်အနားမှမြို့တော်သို့ စီးဆင်းလာခဲ့သည်ကို သူမ သေချာပေါက်သိနေသည်။ ယခုအချိန်တွင် လူအများက မသိသေးသော်လည်း ဂရုတစိုက် စုံစမ်းပြီးသည့်အခါတွင်မူ သိရှိလာကြမည်ဖြစ်သည်။ မြစ်ရေကို တူးထားသည့် သဲလွန်စများက တစ်ရက်နှစ်ရက် မပေါ်လာနိုင်ပေ။ ပေါ်လာပါကလည်း လူအများစုမှာ ရွှယ်တိုင်းပြည်နှင့် ဆက်နွယ်၍ တွေးမိသွားကြနိုင်သည်။


ရက်အနည်းငယ်အကြာတွင် လုရှစ်ချန်က စုံစမ်းသိရှိသွားခဲ့ပြီး ၎င်းတို့တို မနက်ပိုင်းညီလာခံတွင် ဖုန့်ဝမ်ကို တင်ပြခဲ့သည်။


ညီလာခံအမတ်များအားလုံး စိတ်ရှုပ်ထွေးကုန်ကြသည်။ အစော်ကားခံရမှုကြောင့် တန်ရာတန်ကြေးပေးသည့်အနေဖြင့် ရွှယ်တိုင်းပြည်သို့ စစ်တပ်စေလွှတ်စေလိုကြသည်။


ရွှယ်ကျွင်းလျန်ရဲ့ လုပ်ရပ်က အရမ်းကလိမ်ကကျစ်ကျလွန်းတယ်... ဒီကိစ္စကို မဖြေရှင်းဘူးဆိုရင် တခြားပြည်တွေက ဖုန့်တိုင်းပြည်ကို ဘယ်လိုထင်လိမ့်မလဲ...


သို့ရာတွင်  ရွှယ်ကျွင်းလျန်က ဤနည်းလမ်းကို အသုံးပြုရခြင်းမှာ ‌သိရှိသွားမည်ကို မကြောက်ပဲ ကြိုတင်ပြင်ဆင်ထားခြင်းကြောင့်ဖြစ်မည်ဟု အချို့လူများက တွေးကြသည်။

တကယ်လို့ မစူးစမ်းမဆင်ခြင်ပဲ ရွှယ်တိုင်းပြည်ကို စစ်တပ်တွေ စေလွှတ်လိုက်မယ်ဆိုရင် ရွှယ်ဝမ်က ဘယ်လို ထောင်ခြောက်တွေ ပြင်ဆင်ထားမှာလဲ... သူတို့တွေ ဆုံးရှုံးမှုများသွားနိုင်တယ်...


ဖုန့်မင်က လုရှစ်ချန်၏ ထင်မြင်ချက်ကို မေးလိုက်သည်။


လုရှစ်ချန် ပြောလိုက်သည်။


" ကျွန်တော်မျိုးရဲ့ အတွေးကတော့ စစ်တပ်တွေကို အလျင်စလို မလွှတ်လိုက်သင့်ဘူး ထင်ပါတယ်... ပထမဆုံးအနေနဲ့ ရွှယ်တိုင်းပြည်စစ်အင်အားတောင့်တင်းတာကို မေ့လို့မရပါဘူး... ပြီးတော့ အရှင်မင်းသမီးကလည်း ရွှယ်တိုင်းပြည်မှာ ရှိနေတယ်ဆိုတော့ ရွှယ်ဝမ်က သူမကို ဓားစာခံအဖြစ်ဖမ်းထားပြီး ပြဿနာရှာနိုင်ပါသေးတယ်..."


ထိုအကြောင်း ပြောလိုက်သည့်အခါ အားလုံး ကျွဲမြီးတိုကုန်ကြသည်။ ယခင် ဖုန့်ဝမ် သက်ရှိထင်ရှား ရှိနေစဉ်က မင်းသမီးကို အလွန်ချစ်ခင်ခဲ့သည်။ ယခုအခါတွင် သူမက ရွှယ်တိုင်းပြည်ဧကရီဖြစ်နေသည့်အပြင် ဓားစာခံတစ်ယောက်လည်း ဖြစ်နေသည်။ ၎င်းက သူတို့လက်ကို ချည်ထားသည့် ကြိုးတစ်ချောင်းဖြစ်လာပြီး မလှုပ်ရှားနိုင်အောင် ထိန်းထားမည်ကို အားလုံးက ကြောက်လန့်နေကြသည်။ သို့ရာတွင် တာ့ဝမ်က မင်းသမီးကို ရွှယ်တိုင်းပြည်သို့ ပို့ဆောင်လိုက်ခြင်းအပေါ် ဆုံးဖြတ်ချက်ခိုင်မာလွန်းလှ၍ အမတ်များက မငြင်းဆန်ရဲကြပေ။


လုရှစ်ချန်၏ ထင်မြင်ချက်ကို ဖုန့်မင် မှတ်ချက်မပေးပေ။   ရွှယ်ကျွင်းလျန်၏ လုပ်ဇာတ်ကြောင့် ဖုန့်မင် သေလုနီးပါးဖြစ်သွားသည်ကို အားလုံးသိကြသည်။ ဖုန့်မင်က အပြောင်းအလဲလွယ်သည့် ဘုရင်တစ်ပါးဖြစ်၍ အခြားလူက မတိုက်ခိုက်ပါက စတင်မတိုက်ခိုက်တတ်သော်လည်း အကယ်၍ တစ်စုံတစ်ယောက်က သူ့ကိုစိန်ခေါ်ပါက ဝမ်းသာအားရ လက်ခံမည့်လူစားမျိုးဖြစ်သည်။


....


ကျောက်လု၏ တရားဝင်တံဆိပ်ပြား ပျောက်ဆုံးသွားပြီဖြစ်၍ သူ့ကိုယ်ပိုင် တံဆိပ်ပြားကိုသာ သုံးရတော့မည်ဖြစ်သည်။ ဖုန့်တိုင်းပြည်မှ လူများက နယ်စားမင်း ကျူးလု၏ ရက်စက်သောနည်းလမ်းများကို အသားကျနေကြပြီဖြစ်သည်။ သူ၏တရားဝင်တံဆိပ်ပြား ပျောက်ဆုံးသွား၍ သူ့ကိုယ်ပိုင်တံဆိပ်ပြားကိုသာ သုံးနေသော်လည်း မည်သူမျှ ဘာမှမပြောရဲကြပေ။


ကျူးလု၏တံဆိပ်ပြားက မင်မြစ်တွင် သူ့ကို ရေနစ်ရာမှကယ်‌နေချိန်တွင် ပျောက်သွားသည်ဟု ဖုန့်မင်ထင်နေမိသည်။ သို့ဖြစ်၍ နယ်စားမင်းကျူးလုအတွက် တံဆိပ်ပြားအသစ်တစ်ခု ပြုလုပ်ခိုင်းလိုက်ပြီး ပျောက်ဆုံးသွားသည့်အတွက်လည်း အပြစ်မတင်တော့ပေ။


သို့ရာတွင် တံဆိပ်ပြားက ပျောက်ဆုံးသွားခြင်းမဟုတ်ပဲ ရွှယ်ကျွင်းလျန်၏လက်ထဲရောက်သွားခြင်းသာ ဖြစ်သည်။



ထိုရက်က ရွှယ်ဟုန်ယန်၏ ဆင်ခြေများကို ရွှယ်ကျွင်းလျန် မှတ်ချက်မပေးခဲ့ပေ။ ရွှယ်ဟုန်ယန်ကို အိမ်တော်သို့ပြန်၍ အနားယူခိုင်းကာ ကိုယ်လုပ်တော်ရွေးမည့်ကိစ္စကို ထပ်မံစဉ်းစားခိုင်းလိုက်သည်။


သို့ရာတွင် ရွှယ်ဟုန်ယန်၏ ငြင်းဆန်မှုကြောင့်  ရွှယ်ကျွင်းလျန်၏ သံသယများကြီးထွားလာသည်။ မူလက ရွှယ်ဟုန်ယန်အပေါ် ထန့်ရှန့်၏ လွှမ်းမိုးနိုင်မှုကို လက်ခုပ်တီးကာ ချီးကျူးသင့်သည်ဟု ထင်လိုက်သည်။ ထန့်ရှန်က အရပ်သားအမတ်တစ်ယောက်ဖြစ်၍ ဦးနှောက်ထဲတွင် စစ်နည်းဗျူဟာများဖြင့်သာ ပြည့်နေပြီး ထန့်ယွင်၏ စစ်သူကြီးတစ်ယောက်အနေဖြင့် ရဲရင့်မှုနှင့် စွမ်းရည်များကိုပါ ပေါင်းစပ်လိုက်လျှင် ဘုရင်တစ်ပါးက နယ်မြေမြောက်များစွာကို သိမ်းပိုက်နိုင်မည်ဖြစ်သည်။


သို့ရာတွင် သူ၏ ညီတော်အရင်းက ယောကျာ်းသားတစ်ယောက်ကို စစ်မှန်သည့် ခံစားချက်များရှိနေမည်ဟု မထင်ခဲ့‌မိပေ။


ရွှယ်ကျွင်းလျန်က ပထမဆုံးအကြိမ်တည်းက သတိပြုမိခဲ့သော်လည်း မယုံကြည်ခဲ့ပေ။ ထန့်ရှန်က ထူးခြား၍ ကြည့်ကောင်းသောလူတစ်ယောက်ဖြစ်သော်လည်း လွတ်လွတ်လပ်လပ်နေလိုစိတ်ရှိသည့် ယောက်ျားတစ်ယောက်လည်းဖြစ်နေသေးသည်။

ရွှယ်ဟုန်ယန်က သူနဲ့တွေ့မှ ဘာလို့စည်းမဲ့ကမ်းမဲ့ ဖြစ်ကုန်တာလဲ...


ရွှယ်ကျွင်းလျန် လုံးဝ နားမလည်နိုင်ပေ။ သို့ရာတွင် သေချာသည့်အရာတစ်ခုမှ သူ့ညီတော်ကို ထိုလူ့လက်ထဲ ရောက်သွားခွင့်မပြုနိုင်ပေ။ အကယ်၍ ထန့်ရှန်က သူ့ညီတော်အပေါ် ရိုးသားပွင့်လင်းလျှင်မူ တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်သည်။ အကယ်၍ ထန့်ရှန်က သူ့ကိုယ်ကျိုးအတွက် ရွှယ်ဟုန်ယန်ကို ချီ အပိုင်းအစတစ်ခုကဲ့သို့ အသုံးချနေပါက ကိုယ်လုပ်တော်ရွေးချယ်ရန်က မဖြစ်မနေ ရွေးချယ်ရမည့်ကိစ္စဖြစ်သည်။


ကိုယ်လုပ်တော်ရွေးချယ်ပွဲက တစ်ရက်နှစ်ရက်အတွင်း ပြီးစီးသွားနိုင်သည့် ကိစ္စမျိုးမဟုတ်ပေ။ မြို့တော်သို့ ဝင်ရောက်လာသည့် မိန်းမပျိုလေးများမှာ နန်းတော်ဂိတ်ဝသို့ မဝင်မီ အပြင်ဘက်တွင် လဝက်ခန့် တန်းစီစောင့်ဆိုင်းနေရသည်။ ပါဝင်သူများက အလွန်များပြားလှသဖြင့် အမတ်များကလည်း သူတို့ကို ရွေးချယ်ရပြီး မင်းကြီးကိုယ်တိုင်ကလည်း သူတို့ကိုရွေးချယ်ရသည်။ သို့ဖြစ်၍ ကိုယ်လုပ်တော်ရွေးပွဲက တစ်ကြိမ်တည်းဖြင့် မပြီးစီးသွားပဲ အကြိမ်ပေါင်းများစွာ ပြုလုပ်ရမည်ဖြစ်သည်။ အမှတ်အသားတံဆိတ်ပြားများရရှိသည့်ပါဝင်သူများက နန်းမြို့တော်မှထွက်ကာ အိမ်ပြန်ရမည်ဖြစ်ပြီး မရရှိသူများက နောက်တစ်ဆင့် တက်နိုင်ပြီဖြစ်သည်။


ဘုရင်က သူကိုယ်တိုင်အတွက်သာ မိန်းမပျိုလေးများကို ရွေးချယ်ရရုံသာမက တော်ဝင်မိသားစုများနှင့် သူကောင်းမျိုးများအတွက်လည်း ကိုယ်လုပ်တော် ရွေးချယ်ပေးရသည်။ ပါဝင်သူများ၏ ရုပ်ရည်သွင်ပြင်ကို ကြည့်ရရုံသာမက နောက်ခံအခြေအနေ မိသားစုအဆင့်အတန်းကိုလည်း ကိုက်ညီအောင် ကြည့်ရှု့စစ်ဆေးရသည်။ 


ရွှယ်ကျွင်းလျန်က ညီလာခံကိစ္စဖြင့် တစ်နေ့လုံး အလုပ်ရှုပ်နေသော်လည်း ကိုယ်လုပ်တော် ရွေးချယ်ရသည့်ကိစ္စကို ပစ်ထား၍မရသောကြောင့် တစ်နေ့လျှင် ပါဝင်သူအယောက်နှစ်ဆယ်ကိုသာ လက်ခံတွေ့ဆုံသည်။ အယောက်နှစ်ဆယ်ကို ကြည့်ရှု့ပြီးနောက်တွင် ထပ်မတွေ့တော့သဖြင့် ရွေးချယ်ခြင်းက အချိန်ကြာမြင့်နေသည်။


ရွှယ်ကျွင်းလျန်က ယနေ့အတွက် အယောက်နှစ်ဆယ်မြောက်ပါဝင်သူကို တွေ့ပြီးချိန်၌ အကုန်လုံးကို တံဆိပ်ပြားများပေးကာ အိမ်ပြန်ခွင့်ပြုလိုက်သည်။ သူက ယွင်ဖုန့်နန်းဆောင်သို့သွား၍ ဧကရီ့ကိုတွေ့ရန် ပြင်နေချိန်တွင် ကျန်းယွီကအချိန်အခါမဟုတ်သော လျှောက်တင်ချက်တစ်ခုဖြင့် သူ့ကို ချဉ်းကပ်လာသည်။


ရွှယ်ဝမ်၏ မျက်နှာပေါ်မှ ခါးသက်သက်အမူအရာကို သတိပြုမိလိုက်သော်လည်း ကျန်းယွီက သတ္တိမွေးပြီး ပြောလိုက်သည်။


" အရှင်မင်းကြီး အစောင့်တွေက သတင်းပို့ပါတယ်... တစ်ယောက်ယောက်က နန်းတော်တံခါးဝမှာ လာအော်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေကြောင်းပါ.."


ရွှယ်ကျွင်းလျန်က အချိန်အတော်ကြာသည်အထိ ပြန်မဖြေပဲ ငြိမ်နေပြီးမှ ပြောလိုက်သည်။


" ဒါဆိုလည်း သူ့ကိုဖမ်းပြီး သတ်လိုက်လေ..."


" ဒါပေမဲ့ ဒီအစေခံကြားတာတော့ အပြစ်ကျူးလွန်သူက ဧကရီအရှင်မအကြောင်းတွေ အော်ပြောနေတာပါတဲ့... အဲ့ဒါကြောင့် ဒီအစေခံအိုကြီးလည်း ရဲတင်းစွာနဲ့ အရှင့်ကို လာလျှောက်တင်ရတာပါ... ပြီးတော့ ဂိတ်ဝမှာ လူတွေအများကြီး စုဝေးနေကြလို့ အပြစ်ကျူးလွန်သူက ကျယ်ကျယ်အော်နေမယ်ဆိုရင် မသင့်တော်ဘူးလို့ ထင်ပါတယ်..."


ရွှယ်ကျွင်းလျန်ရယ်လိုက်သည်။

" ခင်ဗျားရဲ့ စကားပြောစွမ်းရည်က ဘယ်တုန်းတည်းက ဒီလောက်ထိ ကောင်းလာတာလဲ..."


ကျန်းယွီ ပြုံးလိုက်သည်။

" အဲ့ဒါ အရှင်မင်းကြီးရဲ့လွှမ်းမိုးမှုကို ကျေးဇူးတင်ရမှာပါ... ပြီးတော့ ဧကရီအရှင်မရဲ့ ကျေးဇူးတွေလည်းပါတယ်..."


ကျန်းယွီ၏ စကားချိုချိုပြောတတ်မှုများကို ရွှယ်ကျွင်းလျန်သိသော်လည်း ၎င်းက သူ့စိတ်ကို ကျေနပ်စေသည်။

54.2


မည်သည့်ကိစ္စပင်မဆို ဧကရီနှင့်ပတ်သက်လာပါက ရွှယ်ကျွင်းလျန်၏စိတ်အခြေအနေက တိုးတက်သွားတတ်သည်။

ဒါက လိမ္မာပါးနပ်တဲ့ ဧကရီကို သူ သဘောကျနေတယ်ဆိုတဲ့ သဘောများလား...


အကယ်၍ ဧကရီက နန်းတွင်းစည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာပြီး ဖုန့်ဝမ်နှင့် ဆက်ဆံရေးပြင်းထန်နေဆဲဖြစ်ပါက ရွှယ်ကျွင်းလျန်သည်လည်း သူမအပေါ် ရိုးသားစွာဆက်ဆံသင့်သည်ဟု တွေးနေမိသည်။

ဘယ်သူသိနိုင်မှာလဲ နောက်ပိုင်းကျရင် သူတို့မှာ သမီးလေးတစ်ယောက် ရှိလာနိုင်တယ်လေ...


ရွှယ်ဝမ်၏ သိသိသာသာပြုံးနေသည့် အမူအရာကြောင့်  ကျန်းယွီက ချောင်းဟန့်ကာ ပြောလိုက်သည်။


" တာ့ဝမ် အပြစ်ကျူးလွန်သူကို ဖမ်း‌ဆီးပြီးပါပြီ တွေ့ချင်သေးလားမသိဘူး..."


ရွှယ်ကျွင်းလျန်က ထိုအခါမှ စိတ်နှင့်လူပြန်ကပ်သွားသည်။ စိတ်ကူးယဉ်နေရာမှ နိုးထလာကာ ချောင်းဟန့်၍ ပြောလိုက်သည်။


" ဒါဆိုလည်း သူ့ကို ဒီနေရာပဲခေါ်ခဲ့လေ... နန်းတွင်းဂိတ်တံခါးဝမှာ ဆူပူရဲတဲ့လူက ဘယ်လိုပုံစံဆိုတာ ကြည့်ရသေးတာပေါ့လေ..."


ခဏအကြာတွင် အပြစ်ကျူးလွန်သူကို ရွှယ်ဝမ်၏ရှေ့သို့ ခေါ်လာကြသည်။ သူ့ကို ဟယ့်ကျုံး၊ ဟယ့်ရမ်နှင့် ဟယ့်ယီတို့က ဆွဲခေါ်လာကြခြင်းဖြစ်သည်။ သူတို့သုံးယောက်က နန်းတွင်းရဲမက်ဝတ်စုံများ ဝတ်ဆင်ထားကြပြီး လက်ကိုကြိုးဖြင့်ချည်ထားသူတစ်ယောက်ကို ဆွဲခေါ်လာကြသည်။


အပြစ်ကျူးလွန်သူက ငယ်ရွယ်နုနယ်သောမျက်နှာဖြင့် ပညာရှင်တစ်ယောက်ဖြစ်သည်။ သူ့ပါးစပ်ထဲသို့ အဝတ်စကို လုံး၍ ထည့်ထားသဖြင့် စကားမပြောနိုင်ပေ။ သို့ရာတွင် ရာဇဝတ်သားများကိုဖမ်းဆီးချိန်တွင် ထိတ်ထိတ်ပျာပျာဖြစ်နေသကဲ့သို့ ဖြစ်ရမည့်အစား တည်ငြိမ်လွန်းနေသည်။


ဧကရီက အမှုထမ်းအဖြစ်ရာထူးခန့်အပ်ထားသော ဟယ့်ညီအစ်ကိုသုံးယောက်က အမတ်ရာထူးကို မလိုချင်ကြပေ။ ထိုအစားနန်းတွင်းအစောင့်ရဲမက်ရာထူးကို ရယူထားကာ သူတို့အသက်နှင့်ရင်း၍ ဧကရီကို ကာကွယ်ရန် ဆုံးဖြတ်ထားသည်။


ထန့်ယွင်က အရည်အချင်းရှိသူများကို သဘောကျနှစ်သက်သည်ဖြစမ၍ ထိုညီအစ်ကိုသုံးယောက်ကို လက်မလွှတ်ချင်ခဲ့ပေ။ 


 ရွှယ်ကျွင်းလျန်က ဧကရီကို မြတ်နိုးသူဖြစ်၍ သူမအလိုရှိသည်ကို မငြင်းဆန်လိုပေ။ ဤသို့ဖြစ် ဟယ့်ညီအစ်ကိုသုံးယောက်က ဧကရီ၏ လက်အောက်ငယ်သားအဖြစ်သာ နေကြသည်။

  

လူသန်မာကြီးများက ပညာရှင်တစ်ယောက်ကို ကြမ်းတမ်းစွာ ဆက်ဆံနေသည်ကို  ရွှယ်ကျွင်းလျန်ကြည့်ပြီး‌ ပြောလိုက်သည်။


" မင်းတို့သုံးယောက် ဘာတွေလုပ်နေတာလဲ... ကိုယ့်တော့်ရဲ့ အစောင့်ရဲမက်တွေက အားနည်းတဲ့သူကို နှိပ်စက်နေတယ်ဆိုပြီး  လူတွေ မြင်စေချင်တာလား..."


ထိုစကားကိုကြားသည့်အခါ ညီအစ်ကိုသုံးယောက်လုံး ဝါးလုံးကွဲအော်ရယ်လိုက်ကြသည်။ သို့ရာတွင် ရယ်မောပြီးကာမှ ရွှယ်ဝမ်ကို အရိုအသေပြုရမည်ဖြစ်ကြောင်းသတိရသွား၍ ကြမ်းပြင်တွင် ဒူးထောက်ပြီး ခေါင်းနှင့်ကြမ်းပြင်ထိမတတ် ငုံ့ထားလိုက်သည်။ ထိုညီအစ်ကိုသုံးယောက်၏ အမူအရာများက ပွင့်လင်းရိုးသားလှသည်ဖြစ်၍ သူတို့၏ ရိုင်းစိုင်းသောအကျင့်စရိုက်ကို  ရွှယ်ကျွင်းလျန် အပြစ်မတင်တော့ပေ။


သို့ရာတွင် အပြစ်ကျူးလွန်သူကမူ ဒူးထောက်၍ အရိုအသေမပြုပေ။ ဟယ့်ကျုံးက အပြစ်ကျူးလွန်သူ၏ဒူးနောက်မှ ပိတ်ကန်လိုက်သည်။ ပါးစပ်တွင် အဝတ်စဖြင့်ဆို့ထား၍ သူ၏ နာကျင်သောအော်သံက ထွက်မလာပဲ ဒူးထောက်ကျသွားသည်။ အပြစ်ကျူးလွန်သူက ရုပ်ရည်ချောမောလှပသူဖြစ်ရုံသာမက ခွန်အားမရှိသူတစ်ယောက်လည်း ဖြစ်နေသည်။


ရွှယ်ကျွင်းလျန် ပြောလိုက်သည်။

" ဘာလို့ သူ့ပါးစပ်ကို ပိတ်ထားကြတာလဲ..."


ဟယ့်ရမ် ပြန်ဖြေလိုက်သည်။

" အရှင်မင်းကြီးမသိလို့ပါ ဒီကောင်လေးမှာ သဘာဝလွန်စွမ်းအင်တွေရှိတယ်... ပါးစပ်ဟလိုက်တာနဲ့လူတွေကို အိမ်မွေ့ချနိုင်ပြီး သူ့စကားတွေ နားထောင်လိုက်ရတဲ့သူကလည်း စိတ်ရှုပ်ထွေးသွားနိုင်တယ်... ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်တောင် သူ့ကို လွတ်တော့မလို ဖြစ်သွားသေးတယ်..."


" အိုး အဲ့လိုမျိုးရှိတယ်လား... ကိုယ်တော်က သဘာဝလွန်စွမ်းအားတွေကို မယုံဘူး... သူ့ကို အသက်ရှုပါစေဦး..."


ရွှယ်ဝမ်က သဘာဝလွန်စွမ်းအားများကို မယုံကြည်၍ ညီအစ်ကိုသုံးယောက်က အပြစ်ကျူးလွန်သူကို ကြိုး‌ဖြည်ပေးလိုက်ပြီး ပါးစပ်ထဲတွင် ဆို့ထားသည့် အဝတ်စကို ဖယ်ပေးလိုက်သည်။ အပြစ်ကျူးလွန်သူက မတ်တပ်ရပ်ကာ ဒူးမှဖုန်များကိုခါလိုက်ပြီး မင်းကြီးကိုလည်း အရိုအသေမပေးပေ။


ကျန်းယွီ အော်လိုက်သည်။

" ဘာလို့ ဒူးမထောက်တာလဲ..."


ပညာရှင်က လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်သည်။


" ကျုပ်က ရွှယ်တိုင်းပြည်ကလူမှ မဟုတ်တာ... ဘာလို့ သူ့ရှေ့မှာ ဒူးထောက်ရမှာလဲ..."


ရွှယ်ကျွင်းလျန်က ဒေါသထွက်ပုံမပြပဲ ယခင်ကဲ့သို့ ပြုံးနေဆဲပင်ဖြစ်သည်။ လက်မမှ လက်စွပ်ကိုဆော့စကားလျက်နှင့် ပြုံးနေသည်။


" ဒါဆိုရင် မောင်မင်းက ဘယ်တိုင်းပြည်ကလဲ... ရွှယ်တိုင်းပြည်မှာ ဘာလာလုပ်နေတာလဲ..."


ပညာရှင်က မထီမဲ့မြင်လေသံဖြင့်သာ ပြောလိုက်သည်။


" ကျွန်တော် အရင်ကတော့ ထန့်တိုင်းပြည်သားပေါ့... နောက်ကျတော့ ဖုန့်တိုင်းပြည်ကို ပြောင်းလာရတယ်... ဒါပေမဲ့ အဲ့မှာ မင်မြစ်က ရေကြီးပြန်ရော... အဲ့တော့ ရွေးချယ်စရာမရှိပဲနဲ့ ရွှယ်တိုင်းပြည်ကို ရောက်လာရတယ်..."


" အိုး..."


ရွှယ်ကျွင်းလျန်က သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မပြသော်လည်း စိတ်ထဲတွင် ထိတ်လန့်သွားသည်။ ထိုလူက သူ့ကို တစ်စုံတစ်ခုပြောစရာရှိပုံရ၍ လက်ကာပြကာ အားလုံးကို ထွက်သွားခိုင်းလိုက်သည်။


အပြစ်ကျူးလွန်သူက ရွှယ်ဝမ်ကို လုပ်ကြံသတ်ဖြတ်မည်စိုး၍ အားလုံးထွက်သွားသော်လည်း သူ မထွက်သွားသေးပေ။ သို့ရာတွင် ရွှယ်ဝမ်က ကျန်းယွီကိုပါ ထွက်သွားခိုင်းလိုက်သည်။  ရွှယ်ကျွင်းလျန်က သတိလက်လွတ်ဖြင့် ဟယ့်ညီအစ်ကိုသုံးယောက်ကိုသာ စောင့်ကြပ်ခိုင်းထားလိုက်ပြီး အခြားသူများကို ပန်းဥယျာဉ်ထဲမှ ခဏထွက်သွားခိုင်းလိုက်သည်။


အားလုံးထွက်သွားချိန်မှ  ရွှယ်ကျွင်းလျန်ပြောလိုက်သည်။

" မောင်မင်းက ဉာဏ်ကောင်းသားပဲ... မင်း စောင်းပါးရိပ်ခြည်ပြောနေတာကို ကိုယ်တော်သိတယ်... ဒါပေမဲ့ ကိုယ်တော် သံသယဝင်နေတုန်းပဲ... မင်မြစ်က ရေကြီးတယ်လို့ပြောပေမယ့် မင်းဘာလို့ ဒီကို ရောက်လာတာလဲ... ရွှယ်တိုင်းပြည်ကို လာတယ်ဆိုတော့ မင်းမှာ ဘာရည်ရွယ်ချက်ရှိလို့လဲ..."


ပညာရှင်က ပြောလိုက်သည်။ 


" တစ်ယောက်ယောက်က မင်မြစ်နားကမြို့‌ကို ရေလမ်းကြောင်းပြောင်းလိုက်တာကို ကျွန်တော်မြင်ခဲ့တယ်... အဲ့ဒါက လူကြီးလူကောင်းမဆန်ပေမယ့် လိမ္မာပါးနပ်တဲ့ နည်းဗျုဟာတစ်ခုပဲ... ကံဆိုးတာက အဲ့လူက ရဲရင့်တဲ့ စစ်သူကြီးဆိုပေမယ့် အရပ်သားရေးရာကိစ္စတွေမှာ ကျွမ်းကျင်တဲ့ လက်အောက်ငယ်သားမရှိတာကို ကျွန်တော်သိလိုက်ရတယ်... အဲ့ဒါက ကျွန်တော့်အတွက် အခွင့်အရေးကောင်း မ‌ဟုတ်ဘူးလား..."


ရွှယ်ကျွင်းလျန်မတုံ့ပြန်သဖြင့် ပညာရှင်က ဆက်ပြောလိုက်သည်။


" ကျွန်တော် ရွှယ်တိုင်းပြည်ကို ရောက်လာတာ ကျွန့်တော့်ရဲ့ ပြင်းပြတဲ့ ဆန္ဒကို ပြချင်လို့ပါ... ခုနကပြောခဲ့သလိုပဲ မူလကတော့ ကျွန်တော်က ထန့်တိုင်းပြည်ကပါ... ဒါပေမဲ့ ထန့်တိုင်းပြည်မင်းကြီးက လူဖျင်းဖြစ်ပြီး အရည်အချင်းမပြည့်မီတော့ ကောက်ကျစ်စဉ်းလဲတတ်တဲ့ လက်အောက်ငယ်သားတွေကိုပဲ သဘောကျတယ်... သူ့ကို ‌ပုန်ကန်ပြီး နန်းလုချင်တဲ့မင်းသားတွေက များလွန်းလို့ ရေတောင်မရေတွက်နိုင်ဘူး... သူက စိတ်ပျက်စရာအကောင်းဆုံးလူပဲ... အထောက်အထားအတုနဲ့ ဖုန့်တိုင်းပြည်ကို ရောက်သွားပေမယ့်လည်း အောက်တရားရုံးက တရားသူကြီးနေရာလောက်ပဲ ရနိုင်ခဲ့တယ်... ကျွန်တော် ရိုးရိုးသားသားပြောရမယ်ဆိုရင် အဲ့ဒါက ဖုန့်ဝမ်ရဲ့ ဆုံးရှုံးမှုပဲ..."


" ဒီ‌အကြောင်းတွေကို ပြောပြရဲတယ်ဆိုတော့ မောင်မင်းက ငတုံးလား..."


" ဒါ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခွန်အားပါ..."


" ဒါဆိုလည်း ကိုယ်တော့်ကို ပွင့်ပွင့်လင်းလင်းပြောပြပါဦး... နန်းတော်ဂိတ်တံခါးမှာ မင်းဘာတွေအော်နေတာလဲ..."


ထိုပညာရှင်က ပြုံးလျက်နှင့်ပင် ပြောလိုက်သည်။


" ဧကရီအရှင်မ အသက် အန္တရာယ်ရှိနေပြီလို့ အော်နေတာပါ..."


xxxxxxx