အပိုင်း ၅၅
Viewers 17k

Chapter 55

အဆုံးသတ်ကိုရောက်ရှိတော့မည့် အသက်တစ်ချောင်း ( ၂ )


" ဧကရီအရှင်မ အသက် အန္တရာယ်ရှိနေပြီလို့ အော်နေတာပါ..."


" ရိုင်းစိုင်းလိုက်တာ..."


ရွှယ်ကျွင်းလျန်က လက်တင်သည့်နေရာကို လက်ဖြင့်ဆောင့်ချလိုက်ပြီး မတ်မတ်ထိုင်လိုက်သည်။


" တိုင်းပြည်ရဲ့မိခင်ကို အဲ့လို မုန်းတီးတဲ့စကားတွေပြောနိုင်ဖို့ ဘယ်က သတ္တိတွေ ရလာတာလဲ..."


ပညာရှင်၏ပုံစံက ကြောက်သွားပုံမရပေ။ 


" အဲ့ဒါ သတ္တိမဟုတ်ပါဘူး အမှန်တရားပါ...  ဧကရီရဲ့ အသက်က အဆုံးသတ်အခြေအနေရောက်ဖို့ နီးကပ်လာပါပြီ..."


ပညာရှင်၏ စကားများကြောင့် ရွှယ်ကျွင်းလျန် ဘဝတစ်လျှောက်လုံးတွင် ပထမဦးဆုံးအကြိမ်အနေဖြင့် ပြောစရာစကားမဲ့သွားခဲ့ရသည်။ ကျန်းယွီက သူ့ထံသို့ အလျင်စလိုရောက်လာကာ ပြောလိုက်သည်။


" အရှင်မင်းကြီး ဧကရီက တွေ့ခွင့်တောင်းနေပါတယ်..."


ရွှယ်ကျွင်းလျန်က ပညာရှင်ကိုတစ်ချက်ကြည့်ပြီးနောက် ကျန်းယွီဘက်သို့လှည့်လိုက်သည်။


" ဧကရီ့ကို ခန်းမထဲ စောင့်ခိုင်းထားလိုက်... ကိုယ်တော် ခဏနေရင် လာတွေ့မယ်..."


ကျန်းယွီ၏ အနည်းငယ် မျက်နှာပျက်သွားသည်။


" အရှင်မင်းကြီး... ဧကရီက သူ့ကိုယ်သူ နန်းတွင်းမဟာဗျူဟာအကြံပေးလို့ ပြောနေတဲ့ အပြစ်ကျူးလွန်သူကို တွေ့ချင်တယ်လို့ ပြောပါတယ်..."


ထိုစကားကြောင့် ဧကရီက သတင်းများကြားသွားလိမ့်မည်ဟု ရွှယ်ကျွင်းလျန်သိလိုက်၍ ဤကိစ္စကို ဖုံးကွယ်မထားတော့ပေ။ ဧကရီက လိမ္မာပါးနပ်ကာ အပြောကောင်းသူဖြစ်၍ ဤမောက်မာသောပညာရှင်ကို သူ့ဘက်တွင်ခေါ်ထားရန် ပြောကောင်းပြောနိုင်လိမ့်မည်ဖြစ်သည်။


ဧကရီရောက်လာသည်နှင့် သူမကို အစောင့်သုံးယောက်က ဝန်းရံလိုက်သည်။ ရွှယ်ကျွင်းလျန်က ကျန်းယွီကို ခုံတစ်ခုံယူခိုင်းလိုက်သော်လည်း ကျန်းယွီပြန်မဖြေမီမှာပင် ဟယ့်ညီအစ်ကိုသုံးယောက်က ခုံယူလာကြသည်။ သူတို့က ဧကရီကို  အားကိုးရသည့် အစ်ကိုကြီးတစ်ယောက်ကဲ့သိုကြည့်နေကြသည်။


ရွှယ်ကျွင်းလျန်က ဧကရီ ထိုင်ပြီးသည်အထိ စောင့်လိုက်ပြီးကာမှ ပညာရှင်ကို ပြောလိုက်သည်။


" ဆက်ပြောပါဦး..."


ပညာရှင်က အကြောက်အလန့်ကင်းစွာဖြင့်ပင် ဧကရီကို တည့်တည့်ကြည့်ပြီးပြောလိုက်သည်။


" ကျွန်တော်ပြောသမျှစကားတိုင်းက မှန်ကန်ပြီးမျှတတယ်... အသုံးမဝင်တဲ့စကားတွေ ကျွန်တော်ဘယ်တော့မှ မပြောဘူး..."


သူ ခဏရပ်လိုက်ပြီးနောက် ဆက်ပြောသည်။ 


" မင်မြစ်ရေကြီးပြီးတဲ့နောက် ဖုန့်ဝမ်က သူ့လူတွေကို စုံစမ်းစစ်ဆေးခိုင်းလိုက်တယ်... သဲလွန်စတွေအားလုံးက ရွှယ်တိုင်းပြည်ကို ညွှန်ပြနေတော့ ဒီကို စစ်တပ်တွေပို့ဖို့ သေချာပေါက် အကြောင်းပြချက်ရှာတော့မှာပဲ... စစ်တပ်တွေ မပို့မှသာ ကျိုးကြောင်းမဆီလျော်ဖြစ်နေမှာ... ဒါပေမဲ့ မင်မြစ်ရေကြီးတဲ့ ကိစ္စတစ်ခုတည်းကြောင့် စစ်တပ်စေလွှတ်မယ်ဆို မလုံလောက်တာမို့ တတိယလူကို အကြောင်းရှာလိမ့်မယ်... အဲ့ဒါကြောင့် ဖုန့်ဝမ်က စစ်တပ်တွေ စေလွှတ်မယ်‌ဆိုရင် အကောင်းဆုံး ဆင်ခြေက ဧကရီပဲ ဖြစ်လိမ့်မယ်..."


ထန့်ယွင်က ပြုံးလိုက်သည်။


" ငါလား..."

( ✔️ ဒီနေရာမှာ ဘုရင့်မိဖုရားက သာမန်အရပ်သားတစ်ယောက်ကို ပြောတာဆိုတော့ နည်းနည်းအထက်စီးဆန်တဲ့အနေနဲ့ငါသုံးလိုက်ပါတယ်)


" ရွှယ်တိုင်းပြည်ဧကရီက ဖုန့်တိုင်းပြည်ရဲ့ မင်းသမီးကြီးဖြစ်နေတော့ ဆက်နွယ်မှုက ရှင်းလင်းထင်ရှားနေတယ်... တကယ်လို့ ဖုန့်တိုင်းပြည်က စစ်တပ်ကို ဒီတိုင်းလွှတ်လိုက်မယ်ဆိုရင် ဧကရီကြောင့်မို့ သူတို့ကို လုပ်ရကိုင်ရခက်အောင် တားနေသလိုမျိုးဖြစ်နေပါတယ်... ဒါပေမဲ့ ဧကရီသာ အသတ်ခံလိုက်ရမယ်ဆိုရင် အခြေအနေက သိသိသာသာ ကွဲပြားသွားပြီး အဲ့ဒါကို အကြောင်းပြပြီး စစ်တပ် စေလွှတ်လိုက်ကြမှာပါ..."


ရွှယ်ကျွင်းလျန်က ဧကရီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ပညာရှင် ပြောလိုက်သည့်စကားမှာ အမေတစ်ယောက်တည်းမှ တူတူမွေးလာခဲ့သော သူမ၏အစ်ကိုရင်းက သူမကို အန္တရယ်ပြုတော့မည်ဟူသည့် သဘောပင်။


ထန့်ယွင်က အပြင်ပိုင်းတွင် မည်သည့်အမူအရာမှ မပြသသော်လည်း ရင်ထဲတွင် သက်ပြင်းရှည်ကြီးချနေသည်။ အမှန်တွင် တိုင်းပြည်တိုင်းလိုလိုက ထိုသို့ပင်ဖြစ်သည်။ အောင်မြင်မှုတစ်ခု ရရန်အတွက် သွေးသားရင်းဆက်နွယ်မှုများက အရေးမကြီးပေ။ သို့ဖြစ်၍ ရွှယ်ကျွင်းလျန်က ရွှယ်ဟုန်ယန်က နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် စိတ်ရင်းအမှန်ဖြင့် ဆက်ဆံခဲ့ခြင်းဖြစ်သည်။


ရွှယ်ကျွင်းလျန်ပြောလိုက်သည်။


" ဒါဆိုရင် မင်းက ဘာသဘောနဲ့ ဒီအကြောင်းတွေကို ပြောနေရတာလဲ... ကြောက်စရာကောင်းတဲ့ စကားတွေနဲ့ လူတွေကို ခြောက်လှန့်ချင်တာလား..."


ဖုန့်ဝမ်က သူ့ကို ငါးစာချနေခြင်းသာဖြစ်ကြောင်း ပညာရှင်က သိသည်။ အကယ်၍ သူ၏ရိုင်းစိုင်းသောစကားများကို အခြားဘုရင်များ ကြားပါက ချက်ချင်းပင် သတ်ရန် အမိန့်ပေးကြလိမ့်မည်ဖြစ်သည်။ ဤရွှယ်ကျွင်းလျန်မှာမူ အထာကျကျ‌ဖြင့် ပုံစံမပျက်နေနိုင်လွန်းသည်။


ရွှယ်ဝမ်က သူ့၏ စစ်ဆေးမှုကို အောင်မြင်သွားပြီဖြစ်၍ ပညာရှင်က ရိုသေလေးစားသော အမူအရာ အသုံးအနှုန်းတို့ဖြင့် ပြောလိုက်သည်။


" အဆင်နိမ့်လှတဲ့ ကျွန်တော်မျိုးက အဓိပ္ပါယ်မရှိတာတွေ ပြောနေ‌တာ မဟုတ်ကြောင်းပါ... အရှင်မင်းကြီး ဒီအချက်ကို အလေးအနက်တွေးတောပေးပြီးကျွန်တော်မျိုး အလျင်စလိုပြောလိုက်တာတွေကို ခွင့်လွှတ်ပေးပါ... ဒီနိမ့်ကျလှတဲ့ ကျွန်တော်မျိုးက ဧကရီအရှင်မရဲ့အသက်ကို ခြိမ်းခြောက်နေတဲ့ အန္တရယ်တွေကနေ ကာကွယ်ချင်ရုံပါ... ဒါပေမဲ့ ဒီအစီအစဉ်က အောင်မြင်ဖို့ ဖြစ်နိုင်ချေနည်းလွန်းပါတယ်..."


ပညာရှင်က တရိုတသေဖြင့် ဆက်ဆံလာသည့်အတွက် ရွှယ်ကျွင်းလျန်၏ တင်းမာနေသော အမူအရာက တဖြည်းဖြည်း ပြေလျော့လာသည်။

" ဆက်ပြောနိုင်တယ်..."


" ကျွန်တော်မျိုးရဲ့ မိသားစုနာမည်က ချန်ပါ ရှေ့နာမည်က ယီပါ... မူလကတော့ ကျွန်တော်မျိုးက ထန့်တိုင်းပြည်မှာ နေခဲ့ပြီး အမတ်တစ်ယောက်ကို နှစ်နှစ်လောက် ခစားခဲ့ပါတယ်... ဒါပေမဲ့ ထန့်တိုင်းပြည်ရေူအခြေအနေတွေကြောင့် ကျွန်တော်မျိုး အဲ့မှာ ကြာကြာနေလို့မရခဲ့ပါဘူး... ဒီတစ်ကြိမ်မှာ တကယ်လို့ ဖုန့်ဝမ်က  ဧကရီ့ကိုငါးစာအဖြစ်သုံးပြီး စစ်တပ်တွေ စေလွှတ်ချင်နေတယ်ဆိုရင် ရွှယ်ဝမ်က ထန့်တိုင်းပြည်ရဲ့ အကူအညီကိုယူပြီး ဧကရီလုံခြုံအောင် ဆောင်ရွက်ရပါမယ်..."


ထန့်ယွင်က အသိပညာဗဟုသုတ ကြွယ်ဝသူဖြစ်ငယသော်လည်း ချန်ယီပြောသည်ကို နားမလည်နိုင်ဖြစ်နေသည်။

55.2


ချန်ယီက ဆက်ပြောသည်။


"ထန့်တိုင်းပြည်အတွင်း ကမောက်ကမဖြစ်နေခဲ့တာ အတော်လေးကြာပါပြီ... ထန့်ဝမ်ရဲ့  အနှစ်သက်ဆုံးဇနီးတစ်ယောက်ဖြစ်တဲ့ ကိုယ်လုပ်တော်ဝမ်ဆိုတာ ရှိပါတယ်... သူမက သားတစ်ယောက် မွေးပေးခဲ့လို့ ထန့်ဝမ်က အဲ့ကလေးကို အိမ်ရှေ့စံမင်းသားလေးလို့ပဲ သတ်မှတ်ထားပါတယ်... အဲ့တော့ လက်ရှိ အိမ်ရှေ့စံမင်းသားက ရန်ငြိုးထားတာ သဘာဝပါပဲ...  ကိုယ်လုပ်တော်ဝမ်ရဲ့သားက ဉာဏ်ကောင်းပေမယ့် မရင့်ကျက်ပဲ သူရဲဘောကြောင်တတ်လို့ လူအများက လေးစားရတဲ့လူ ဖြစ်မလာပါဘူး... အကြီးဆုံးသားတော် ထန့်ရှင်းက သူ့စစ်အင်အားကိုသုံးပြီး လွန်ခဲ့တဲ့ လဝက်လောက်တည်းက ပုန်ကန်နေပါပြီ..."


ထိုသတင်းကိုကြားသည့်အခါ ထန့်ယွင်၏မျက်နှာကို ရေခဲရေဖြင့် အပက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အကြီးဆုံးသားတော်ထန့်ရှင်းက အမြဲတစေ သစ္စာရှိပြီး ရိုးသားသူတစ်ယောက်ဖြစ်သည်။ မင်းသားတစ်ပါးက ပုန်ကန်ထကြွပါက သူ့စစ်သားများစေလွှတ်ကာ နှိမ်နင်းပေးသည်။ ထိုကဲ့သောလူမျိုးဖြစ်သည့် ထန့်ရှင်းကိုယ်တိုင်က ပုန်ကန်လိမ့်မည်ဟု ထန့်ယွင် မထင်ခဲ့မိပေ။


ထန့်ရှင်းက အတင်းအကြပ်ဖိအားပေးခံရသည်ဖြစ်ကြောင်း ထန့်ယွင်သိသည်။ ကိုယ်လုပ်တော်ဝမ်က အလွန်လှပ၍ ဆွဲဆောင်မှုရှိသည်။ သူမက မငယ်ရွယ်တော့သော်လည်း သူမလုပ်ဆောင်ခဲ့သည့် လှည့်စားချက်များက မရေမတွက်နိုင်အောင်ဖြစ်သည်။ သူမကို ထန့်ဝမ်က အလွန် အလိုလိုက်ခဲ့သည်။ ယခုအခါတွင် ထန့်ချမ်ယီကိုလည်း လက်ထပ်ထိမ်းမြားရန် ရွှယ်တိုင်းပြည်သို့ စေလွှတ်လိုက်ပြီဖြစ်၍ သူမနှင့် ယှဉ်ပြိုင်နိုင်မည့်သူ မရှိတော့ပေ။ ကိုယ်လုပ်တော်ဝမ်က ထန့်တိုင်းပြည်ဧကရီကို လုပ်ကြံခဲ့သည့်အပြင် ယခုအခါတွင်လည်း သူမသားကို အိမ်ရှေ့စံနေရာ ပေးချင်နေသည်။


ချန်ယီပြောလိုက်သည်။


" ခုလိုအချိန်မှာ အရှင်မင်းကြီးက ထန့်ဝမ်ဆီကို စစ်သားတွေ လွှတ်ပေးပြီး ‌ပုန်ကန်မှုတွေကို ကူပြီးနှိမ်နင်းပေးသင့်ပါတယ်... အဲ့တော့မှ ထန့်ဝမ်က မင်းကြီးကို အရမ်းကျေးဇူးတင်သွားနိုင်တယ်... ထန့်ဝမ်က ပုန်ကန်မှုတွေတစ်ခုပြီးတစ်ခုဖြစ်မှာကို ကြောက်နေတဲ့သူဆိုတော့ ထန့်တိုင်းပြည်ကို ငြိမ်းချမ်းလုံခြုံစေနိုင်မယ့် ဖြေရှင်းချက်ရှိတယ်လို့ပြောလိုက်ပါ... အဲ့ဒါကတော့ ရွှယ်တိုင်းပြည်ကို အညံ့ခံပြီး မဟာမိတ်ပြုလုပ်ဖို့ပါပဲ... အဲ့ဒါဆို ရွှယ်ဝမ်က ထန့်တိုင်းပြည်ကို အားစိုက်မထုတ်လိုက်ရပဲနိုင်သွားလို့ ဖုန့်တိုင်းပြည်ကလည်း အလျင်စလို မလှုပ်ရှားရဲတော့ပါဘူး..."


ချန်ယီက အေးအေးဆေးဆေးပင် ရှင်းပြလိုက်သော်လည်း ရွှယ်ကျွင်းလျန်က သံသယဝင်နေသည်။ တိုင်းပြည်တစ်ခုကို သိမ်းပိုက်ရခြင်းက လွယ်ကူသည့်အရာမဟုတ်ပေ။ အချို့လူများက မိမိတို့တိုင်းပြည်ကို လက်နက်ချလိုက်စေချင်သော်လည်း တိုင်းပြည်တစ်ခုတွင် များပြားသည့် လူမျိုးစုံပါဝင်နေသည်။ သို့ဖြစ်၍  ရေရှည်တွင်မူ အန္တရာယ်ဖြစ်လာနိုင်သည်။


" အရှင်မင်းကြီး သိပ်ကြာကြာမစဉ်းစားပါနဲ့... ထန့်ဝမ်မှာ ထူးချွန်တဲ့ စစ်ရေးမဟာဗျူဟာအကြံပေးတွေရှိပါတယ်... ဖုန့်ဝမ်က ရွှယ်တိုင်းပြည်ကို စစ်တပ်တွေ ပို့တော့မယ်ဆိုတာသာသိရင် သူတို့က ဝမ်းမြောက်ဝမ်းသာနဲ့ ဖုန့်တိုင်းပြည်နဲ့ ရွှယ်တိုင်းပြည်ကို တိုက်ခိုက်ခိုင်းပါလိမ့်မယ်... ရွှယ်နဲ့ ဖုန့်အကြားမှာ မီးစာကို ဆီလောင်းတဲ့ဖြစ်ရပ်တွေလည်း ဖြစ်လာနိုင်တယ်... ဒီတစ်ကြိမ် မီးတောက်အတွက် မီးစာကတော့ ဧကရီအရှင်မပါ... တကယ်လို့ အရှင်မင်းကြီး မြန်မြန်မလှုပ်ရှားရင် အရှင်မကို လုပ်ကြံဖို့ တစ်ယောက်‌ယောက်ကို လွှတ်လိုက်နိုင်ပါတယ်..."


ထန့်ယွင်၏ရင်ထဲတွင် ခံစားချက်ပေါင်းသုံရောထွေးနေပြီး အဝေးမှ ရေကန်ငယ်လေးကိုသာ လှမ်းကြည့်နေသည်။ ယခင်က ထျန့်ချမ်ယီ သူ့ကို မကောင်းကြံခဲ့စဉ်က အလွန်ဒေါသထွက်ခဲ့ရသည်။ ယခုအခါတွင်လည်း သူ့အဖေရင်းက သူ့ကို သတ်ချင်နေပြန်သည်။ သူက ဧကရီ၏ကိုယ်ထဲရောက်နေ၍ ထန့်ယွင်ဖြစ်နေကြောင်းကို သိရှိရန် အကြောင်းမရှိသော်လည်း သူစိတ်ဆိုးသင့်ပေသည်။ သူ့ရင်ထဲတွင်ရှိနေသော ပူဆွေးဝမ်းနည်းမှုများကြောင့် မည်သည့်အရာကိုမှ သံယောဇဉ်မတွယ်နိုင်ဖြစ်နေသည်။


ထန့်ယွင်က ထန့်တိုင်းပြည်သားဖြစ်၍ သူ့ခမည်းတော်က ကြွယ်ဝချမ်းသာသူမဟုတ်ကြောင်းကိုသိသည်။ ထန့်ယွင်က တိုင်းပြည်အတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ရန် မနှမြောခဲ့သော်လည်း နောက်ပိုင်းတွင် စစ်တပ်ထောက်ပံ့မှု မရှိခြင်းကြောင့် ဆုတ်ခွာခဲ့ရခြင်း ဖြစ်သည်။ ထန့်ဝမ်က နောက်ဆုံးတွင် စစ်သည်များထပ်ပို့ပေးမည်ဟု သဘောတူခဲ့သော်လည်း မပို့ဆောင်ပေးနိုင်ခဲ့၍ ထန့်ယွင်နှင့် သူ၏စစ်သည်များက ချေမှူန်းခံလိုက်ရသည်။


ထန့်ဝမ်က သူရဲဘောကြောင်၍ ကပ်စေးနည်းတတ်သူဖြစ်ကာ သူလိုချင်သည့်အရာကို ရရှိရန်အတွက် ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားများကို ပျော်ရွှင်စွာ စတေးပစ်မည်သာဖြစ်သည်။ ထန့်ဝမ်နှင့် ရွှယ်ကျွင်းလျန်ကို သူအဘယ့်ကြောင့်နှိုင်းယှဉ်ခဲ့မိသည်ကို နားမလည်နိုင်ဖြစ်နေမိသည်။ ထန့်ဝမ်က ရွှယ်ကျွင်းလျန်ကို မည်သည့်အခါမျှ ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။


ချန်ယီ၏စကားကို နားဆင်ပြီးသွားသည့်အခါ ရွှယ်ကျွင်းလျန်က ကျိုးကြောင်းဆီလျော်ကြောင်း ဝန်ခံခဲ့သည်။ ချန်ယီကို ချက်ချင်းပင် အမတ်ရာထူးပေးအပ်လိုက်ပြီး အိမ်ရှေ့စံမင်းသားလေး၏ဆရာအဖြစ် နန်းတွင်းတွင်နေရန် ညွှန်ကြားလိုက်သည်။


ချန်ယီက ရွှယ်ဝမ်ကို ကျေးဇူးတင်လိုက်သည်။ ရွှယ်ဟုန်ယန် ရောက်ရှိလာသည်အထိ သူ ရှိနေဆဲဖြစ်သည်။


" အရှင်မင်းကြီး ဒုက္ခသည်အရေအတွက်များစွာက ထန့်တိုင်းပြည် နယ်နိမိတ်ကိုဖြတ်ကျော်ပြီး ကျွန်တော်မျိုးတို့ နယ်မြေထဲ ရောက်လာကြပါပြီ..."


ရွှယ်ကျွင်းလျန်က ပြောလိုက်သည်။

" ဒုက္ခသည်တဲ့လား..."


ချန်ယီ ပြောပြလိုက်သည်။ 

" ထန့်ဝမ်က စစ်သည်တွေကို လှုပ်ရှားနေတော့ သာမန်ပြည်သူတွေက ကြောက်လန့်နေရပါတယ်... သူတို့က ရွှယ်တိုင်းပြည်ကို ခိုလှုံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး... နယ်စပ်ဂိတ်ကို ဖွင့်ပေးလိုက်သင့်ပါတယ် ... သူတို့တွေ ခရီးဝေးကြီးလာခဲ့ရပြီးမှ ပိတ်ဆို့ခံလိုက်ရတာ မဖြစ်သင့်ပါဘူး..."


ရွှယ်ဟုန်ယန် မျက်ခုံးနှစ်ဖက်ကို ထိမတတ် တွန့်ချိုးလိုက်သည်။


" နယ်စပ်ဂိတ်ကိုဖွင့်ပေးရတာ မင်းရဲ့ခေါင်းကို ဒီဘက်လှည့်လိုက်သလိုမျိုး လွယ်တဲ့ကိစ္စမဟုတ်ဘူး... ဒုက္ခသည်တွေကြားထဲ ရာဇဝတ်သားတွေနဲ့ ဓားပြတွေ ရောပါလာပြီး ငါတို့တိုင်းပြည်ပိုင်နက်ထဲ ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ..."


ရွှယ်ဟုန်ယန်ပြောသည်ကို ရွှယ်ကျွင်းလျန်သဘောတူလိုက်သည်။ သူသည်လည်း ထိုသို့တွေးနေခြင်းဖြစ်သည်။

ထန့်တိုင်းပြည်က လူတွေအတွက် နယ်စပ်ဂိတ်ကို ဖွင့်ပေးလိုက်တာက ရန်သူတွေကို အတွင်းထဲကနေတိုက်ဖို့ ခွင့်ပြုလိုက်သလိုပဲ...


ထန့်ယွင်လည်း မျက်မှောင်ကြုတ်နေသည်။ ရွှယ်တိုင်းပြည်က ဒုက္ခသည်များအား ဝင်ခွင့်မပြုခြင်းကို သူ သည်းမခံနိုင်ပေ။ သို့‌ရာတွင် ရွှယ်တိုင်းပြည်၏ရှု့ထောင့်မှ ကြည့်ပါကလည်း ဒုက္ခသည်များကိုလက်ခံရခြင်းက စွန့်စားရာကျလွန်းသည်။ 


အချိန်မတော်ကြာတွေးပြီးသည့်နောက်တွင်မူ ထန့်ယွင် မပြောပဲ မနေနိုင်တော့ပေ။


" ဒုက္ခသည်တွေကို မဝင်ခိုင်းဘူးဆိုရင် သူတို့က ဂိတ်တံခါးဝမှာ ပိတ်ဆို့နေပြီး နယ်စပ်ကအစောင့်တွေကို ခြိမ်းခြောက်ကြလိမ့်မယ်... သူတို့ကို ဝင်ခွင့်ပြုလိုက်ပြီး အစားအစာသိုလှောင်ရုံတွေအနားမှာပဲ အစောင့်တွေကို စောင့်ခိုင်းထားလိုက်တာပိုအဆင်ပြေတယ်... ဒီလိုနဲ့ ပြဿာနာတွေလည်း နည်းသွားနိုင်တယ်..."


ဧကရီကအလွန် သဘောထားကြီးသည်ကို ရွှယ်ကျွင်းလျန်သိသည်။ ထန့်တိုင်းပြည်မှလူများ ရွှယ်တိုင်းပြည်ကို ကျေးဇူးတင်ရန်မှာ ယခုချိန်က အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ သို့ဖြစ်၍ ခေါင်းငြိမ့်ပြကာ ‌ပြောလိုက်သည်။


" ဒါပေမဲ့ ကိုယ်တော် ဟုန်ယန့်ကိုပဲ ဒီကိစ္စကိုင်တွယ်စေချင်တယ်... တခြားသူတွေကိုဆို မယုံကြည်နိုင်ဘူး..."


ရွှယ်ဟုန်ယန် ဒူးထောက်ပြီး အမိန့်ကို လက်ခံလိုက်သည်။ သူ ထွက်သွားမည်အချိန်တွင် ရွှယ်ကျွင်းလျန်က သူ့ကိုတားကာ ပြောလိုက်သည်။

" ထန့်ရှန်ကိုလည်း မင်းနဲ့ခေါ်သွားလို့ရတယ်..."


ရွှယ်ဟုန်ယန်၏  မျက်ဝန်းများက အံ့အားသင့်မှုနှင့် ဝမ်းမြောက်မှုကြောင့် ‌ပြူးကျယ်လာသည်။ နောက်တစ်ကြိမ် ဒူးထောက် အရိုအသေပြုလိုက်ပြီးနောက် ပစ္စည်းများထုပ်ပိုးပြီးထွက်ခွာရန်အတွက် ပြင်ဆင်ရန် ထွက်သွားသည်။


xxxxxxx