အပိုင်း ၅၆
Viewers 13k

Chapter 56


ထန့်ယွင်က တစ်နေ့ထက်တစ်နေ့ ရွှယ်ကျွင်းလျန်၏စိတ်ကို ပိုနားလည်လာသည်ဟု ခံစားလာရသည်။ သူ၏လုပ်ရပ်များကြောင့် ထန့်ယွင်က ပထမဆုံးတွေ့ခဲ့ချိန်က ထင်မြင်ခဲ့သည်များကိုပင် ဝိရောဓိဖြစ်လာမိသည်။ ရွှယ်ကျွင်းလျန်အ‌ကြောင်း ပိုသိလာလေ  ပို၍ အံ့အားသင့်လာလေဖြစ်သည်။


ရွှယ်ကျွင်းလျန်က ထန့်ရှန်ကို ရွှယ်ဟုန်ယန်နဲ့အတူတူခေါ်သွားခိုင်းတယ်ဆိုတော့ ဘာသဘောလဲ...


သူ့ညီတော်က ရန်သူတိုင်းပြည်မှ ရောက်ရှိလာသည့် ယောက်ျားတစ်ယောက်အပေါ်  ခံစားချက်ရှိနေခြင်းကို ရွှယ်ကျွင်းလျန်က အလိုမရှိဟု ထန့်ယွင် ထင်ခဲ့မိသည်။ သူ့ညီတော်ကို ဟာသတစ်ခုကဲ့သို့ ထင်မြင်မနေစေချင်ပေ။


နယ်စားမင်းဝမ်နျန်က လွှမ်းမိုးမှုရှိသော မင်းမျိုးနွယ်အမျိုးသားတစ်ယောက်ဖြစ်၍ ချစ်သူ အမျိုးသားတစ်ယောက်ရှိခြင်းကို လူများက အံ့ဩစရာဟု ထင်ကြမည်မဟုတ်ပေ။ သို့သော်လည်း ၎င်းက ရွှယ်ဝမ်၏ ထင်မြင်ချက်များကို သက်ရောက်နေသည်။ သို့သော် ရွှယ်ကျွင်းလျန်က ရွှယ်ဟုန်ယန်ကို အပြစ်မတင်ပဲ ထန့်ရှန်ကိုပါ သူနှင့်အတူ လိုက်လာခွင့်ပြုလိုက်သည်။ 


ချန်ယီ ပန်းဥယျာဉ်ထဲမှ ထွက်သွားသည်အထိ ဧကရီက မျက်မှောင်ကြုတ်နေသည်ကို ရွှယ်ကျွင်းလျန်သတိပြုမိသည်။ ဧကရီ တွေးတောနေသည်ကို ခန့်မှန်းမိပုံဖြင့် ပြုံးလျက်နှင့်ပင် ပြောလိုက်သည်။


" ဘယ်အကြောင်းတွေကြောင့်များ ကိုယ့် ဧကရီက ဒီလောက်အထိ မျက်မှောင်ကြုတ်နေရတာလဲ..."


ထို့နောက် ရွှယ်ကျွင်းလျန်က လက်ဆန့်ထုတ်ပြီး ဧကရီ၏ မျက်ခုံးနှစ်ခုကြားမှနေရာကို ဖိလိုက်သည်။


ထန့်ယွင် အနည်းငယ်ရှောင်လိုက်သော်လည်း ရွှယ်ကျွင်းလျန်၏ အထိအတွေ့အပေါ် သူ၏တုံ့ပြန်မှုကို အနည်းငယ် ထိတ်လန့်မိသွားသည်။ ဖြစ်ရိုးဖြစ်စဉ်အတိုင်း ထိတ်ထိတ်ပျာပျာဖြစ်နေရမည့်အစား ရွှယ်ကျွင်းလျန်၏ ထိတွေ့မှု အသေးအမွှားလေးများကို အသားကျနေခဲ့သည်။ မူလက သူ့ကိုယ်သူ စက်ဆုပ်ခဲ့မိသော်လည်း ယခုအခါတွင် ရှောင်ဖယ်လိုက်ရန်ပင် မေ့လုနီးပါးဖြစ်သွားသည်။ ရွှယ်တိုင်းပြည်နန်းတွင်းတွင် စတင်နေထိုင်ချိန်မှစ၍ သူ အလွန်ပြောင်းလဲသွားခဲ့သည်။


ရွှယ်ကျွင်းလျန်ပြောလိုက်သည်။

" ထန့်ရှန်ကြောင့်များလား... ကိုယ်တော်က ရွှယ်ဟုန်ယန်နဲ့အတူ ထန့်ရှန်ကို ဘာကြောင့်လိုက်ခွင့်ပေးလိုက်တာလဲလို့ တွေးနေတာလား..."


ရွှယ်ကျွင်းလျန်၏ မှန်းဆချက်ကို ထန့်ယွင် မငြင်းဆန်လိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းက အတည်ပြုနေသည့် သဘောဖြင့်သာ ပြောလိုက်သောကြောင့်ဖြစ်သည်။


" ကိုယ်တော်ထင်ပြီးသားပါ... အမြဲတစေ တည်ငြိမ်ပြီး သိုသိုသိပ်သိပ်ပဲ နေတတ်တဲ့သူက မျက်မှောင်ကြုတ်တယ်ဆိုတော့ ထန့်ရှန်နဲ့ ပတ်သက်တဲ့ ကိစ္စကြောင့်ပဲဖြစ်မှာ..."


ထန့်ယွင်လန့်သွားသည်။

" အရှင်မင်းကြီး..."


ထိုကိစ္စက ရေးကြီးခွင်ကျယ်မဟုတ်သကဲ့သို့ ရွှယ်ကျွင်းလျန် လက်ကာပြလိုက်သည်။


" တကယ်လို့ ထန့်ရှန်ကသာ နယ်စားမင်းဝမ်နျန်ရဲ့ ကြင်ယာတော်မဟုတ်ခဲ့ဘူးဆိုရင် မင်း သူ့ကို စိုးရိမ်ပူပန်နေတာကိုမြင်ပြီး ကိုယ်တော်သူ့ကိုအရင်ကတည်းက သတ်သေဖို့ ဖိအားပေးခဲ့မိမှာ... ဒါပေမဲ့ မင်းတစ်ယောက်တည်းမဟုတ်ပဲ ဟုန်ယန်ကပါ အဲ့လိုဖြစ်နေပြီ... ဟုန်ယန့်အစ်ကိုတော် အနေနဲ့တွေးကြည့်ရရင်တော့ သူက တခြားယောက်ျားတစ်ယောက်ကို နှစ်သက်နေတာ ကိုယ်တော်အလိုမရှိဘူး... ဒါပေမဲ့ ဟုန်ယန်က ခေါင်းမာတတ်တဲ့သူ ဖြစ်နေတယ်... သူသဘောကျတဲ့ မိန်းမပျိုလေးတစ်ယောက်ကို ရှာတွေ့ပြီး ထန့်ရှန်အပေါ်ထားတဲ့ ခံစားချက်တွေကို ပျောက်သွားစေချင်တာ... ဒါပေမဲ့ ကြည့်ရတာ အခုတော့ အဲ့လိုမျိုး မဖြစ်တော့ဘူး ထင်ပါတယ်..."


ရွှယ်ကျွင်းလျန်၏ စကားများကြောင့် သူက ရွှယ်ဟုန်ယန်၏ ခံစားချက်များကို အမှန်တကယ်ပင် ဂရုစိုက်ကြောင်း ထန့်ယွင် ခံစားမိသွားသည်။


အမျိုးသားချစ်သူတစ်ယောက်ရှိခြင်းက ဤလူ့အဖွဲ့အစည်းတွင် သာမန်ကိစ္စ မဟုတ်သော်လည်း မလျော်ကန်သောကိစ္စတစ်ရပ်ဟု သတ်မှတ်ထားဆဲဖြစ်သည်။  ဘုရင်တစ်ပါးက အမျိုးသားကိုယ်လုပ်တော်တစ်ယောက် ထားသည့်အခါ လူအများက ထိုဘုရင်ကို လူညံ့လူဖျင်းဟု သတ်မှတ်ကြသည်။ သူတို့က အများရှေ့တွင် ပေါ်တင်မဝေဖန်ရဲသော်လည်း မမြင်ကွယ်ရာတွင်မူ ဘုရင်ကို လှောင်ပြောင်သရော်တတ်ကြသည်။ မင်းမျိုးနွယ်ဝင် လူချမ်းသာတစ်ယောက်က အမျိုးသားချစ်သူထားမိလျှင်လည်း ထိုလူက ဘဝတစ်လျှောက်လုံးတွင် ပြစ်မှု မကျူးလွန်ခဲ့လျှင်ပင် သစ္စာဖောက်တတ်သူဟု သမုတ်ကြသည်။ သစ္စာဖောက်တစ်ယောက်ကဲ့သို့လည်း အပြစ်ပေးခြင်းခံရသည်။


တခြားစကားဖြင့် ပြောရမည်ဆိုလျှင် ယနေ့ခေတ်အခါ အရဆိုလျှင် အမျိုးသားချစ်သူထားခြင်းကို လူအဖွဲ့အစည်းကြီး တစ်ခုလုံးက ဆန့်ကျင်ကြသည်။


ဘုရင်တစ်ပါးဖြစ်သော ရွှယ်ကျွင်းလျန်သည်လည်း သူ့ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် ထိုကဲ့သို့သောအရာမျိုး ဖြစ်မလာအောင် တားမြစ်ထားသည်။ သို့သော်လည်း လူအများ၏ အမြင်ဘက်မှ စဉ်းစားရမည့်အစား သူက ရွှယ်ဟုန်ယန်၏ဘက်မှ တွေးပေးခဲ့သည်။


ထန့်ယွင် သက်ပြင်းချလိုက်သည်။ ပထမဆုံးအနေဖြင့် သူသာ ထန့်တိုင်းပြည်မှလူ မဟုတ်ပါက မည်သည့်အရာများ ဖြစ်လာနိုင်သည်ကို တွေးလိုက်မိသည်။ အရည်အချင်းရှိသူများကို သူ့ဘက်တွင်သာ အမှုထမ်းစေသော ဤဘုရင်က ထန့်ယွင်ကို ညီလာခံတွင် နေရာတစ်ခုပေးပြီး တိုင်းရေးပြည်ရေးကိစ္စများကို ကူညီ၍စီမံခန့်ခွဲခိုင်းနိုင်လောက်သည်။ သို့မဟုတ်ပါက ရွှယ်ဟုန်ယန်ကဲ့သို့ရှေ့တန်းတွင်သာနေရပြီး တိုင်းပြည်ကို ကာကွယ်နေရလောက်သည်။


ဧကရီ၏ အမူအရာက မှုန်ကုပ်ကုပ်ဖြစ်သွား၍ ရွှယ်ကျွင်းလျန်မေးလိုက်သည်။

" ဘာဖြစ်လို့လဲ နေမကောင်းဘူးလား... နန်းတွင်းသမားတော်ကို ခေါ်လိုက်ရမလား..."

56.2


ထန့်ယွင် အောက်နှုတ်ခမ်းကို ကိုက်ထားကာ ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးမကို အဲ့လောက်ထိ ဂရုစိုက်နေစရာ မလိုပါဘူး..."


" ဘာလို့ ရုတ်တရက်ကြီး အဲ့လို ပြောရတာတုန်း... မင်းကို ဂရုမစိုက်ရင် ကိုယ်တော်က ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ... ဒါမှမဟုတ် ကိုယ်တော် ဒီလိုတွေလုပ်နေလို့ ကိုယ်တော့်ကို ချစ်မိသွားမှာ ကြောက်လို့လား..."


ထန့်ယွင် ပြောလိုက်သည်။


" အမှန်တိုင်း ပြောရရင် ကျွန်တော်မျိုးမ စိတ်လှုပ်ရှားမိသွားပါတယ် ... ဒါပေမဲ့ အဲ့ဒါက နယ်စားမင်းဝမ်နျန်ကို အရှင်မင်းကြီး ဆက်ဆံတဲ့ပုံကြောင့်ပါ..."


ရွှယ်ကျွင်းလျန် ကောက်ကာငင်ကာပင် ပြောလိုက်သည်။ 


" မင်းရဲ့ ချစ်လှစွာသော ဆွေမျိုးသားချင်းတွေက မင်းကို ဘယ်လိုဆက်ဆံလဲဆိုတာ ပြောပြလေ..."


ထန့်ယွင် ခဏတာ တိတ်ဆိတ်နေပြီးနောက် အတိတ်ကိုပြန်တွေးကာ ပြောလိုက်သည်။


" ကျွန်တော်မျိုးမ မွေးဖွားလာချိန်တည်းက ဆွေမျိုးသားချင်းတစ်ယောက်ကမှ ကျွန်တော်မျိုးမကို စိတ်ရင်းအမှန်နဲ့ ချစ်တယ်လို့ မခံစားရပါဘူး... ကျွန်တော်မျိုးမကို ချစ်ပေးတဲ့ တစ်ယောက်တည်းသောလူက အရေးအဖတ်သင်ပေးတဲ့ ဆရာတစ်ယောက်ပဲရှိပါတယ်... သူက ဆွေမျိုးရင်းချာမဟုတ်ပေမယ့် မိသားစုနာမည် ချီးမြှင့်ခံထားရတဲ့ နယ်စားမင်းတစ်ယောက်ပါ... ကျွန်တော်မျိုးမရဲ့ ဘဝတစ်လျှောက်လုံး မိသားစုဝင်တွေရဲ့  အေးစက်စက် ဆက်ဆံပုံတွေပဲ ကြုံခဲ့ရပေမယ့် မိသားစုဝင်မဟုတ်တာတောင်မှ ကြင်ကြင်နာနာဆက်ဆံတဲ့ လူတစ်ယောက်တော့ ရှိခဲ့ပါတယ်..."


ရွှယ်ကျွင်းလျန်က အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

" မင်းရဲ့မောင်တော်ကရော..."


ရွှယ်ကျွင်းလျန် ဆိုလိုသည်မှာ မူလဧကရီနှင့် အမေတစ်ယောက်တည်မှာမွေးသည့် ဖုန့်ဝမ်ဖြစ်ကြောင်း ထန့်ယွင်သိလိုက်သည်။ သို့ရာတွင် ထန့်ယွင်တွင်လည်း အမေတစ်ယောက်တည်းမှမွေးသည့် ညီငယ်တစ်ယောက်ရှိသည်။


ဖုန့်ဝမ်က သူ့အစ်မတော်ကို သတ်ရန် ကြိုးစားနေသကဲ့သို့ ထန့်ယွင်၏ညီတော်ကလည်း အလားတူ ကိစ္စကို ကြိုးပမ်းခဲ့သော်လည်း ကျရှုံးခဲ့သည်။ နောက်ပိုင်းတွင် ထန့်ယွင်၏ ညီတော်က  သူ့ကိုယ်ပိုင်စစ်အင်အားကို တိုးချဲ့၍ ရနိုင်မည့်နယ်မြေသို့ ထွက်သွားခဲ့သည်။ ထန့်ယွင် နယ်စပ်စစ်ပွဲမှ ပြန်ရောက်ရောက်ချင်း ညီတော်၏ ပုန်ကန်မှုကို ချေမှူန်းရန် ချက်ချင်းစေလွှတ်ခံခဲ့ရသည်ကို သတိရနေမိသေးသည်။


ထန့်ယွင်က အဖြေမပေးသော်လည်း နန်းတွင်း၌ပင် ကြီးပြင်းလာသူဖြစ်သည့် ရွှယ်ကျွင်းလျန်က ဧကရီတွေးတော့နေသည်ကို သိသည်။ ရွှယ်ဟုန်ယန့်အပြင် ရွှယ်ကျွင်းလျန်တွင်လည်း ညီအစ်ကိုများစွာရှိခဲ့သည်။ ထိုညီအစ်ကိုများက ရွှယ်ယွီကဲ့သို့ပင် သူ့ကို သေစေချင်ကြသည်။ သို့ဖြစ်၍ ‌ရွှယ်ကျွင်းလျန်က ကောင်းမွန်ပျော်ရွှင်စွာ နေထိုင်နိုင်ရန်အတွက် သူတို့အားလုံးကို ရှင်းပစ်ခဲ့ရသည်။



ချန်ယီ၏ သတ်ပေးချက်ကို ကြားပြီးချိန်မှစ၍ ရွှယ်ကျွင်းလျန်က ယွင်ဖုန့်နန်းတော်မှ အစောင့်များကို ပြောင်းလဲပစ်ခဲ့ပြီး နန်းတော်ပတ်ပတ်လည်တွင် လုံခြုံရေး တိုးမြှင့်ထားခဲ့သည်။ ဧကရီအပေါ် ဟယ့်ညီအစ်ကိုသုံးယောက်၏ သစ္စာရှိမှုကို သံသယမဝင်သော်လည်း သူတို့က လက်လွယ်စပယ်နေတတ်လွန်း၍ ရွှယ်ကျွင်းလျန်၏ အကြိုက်မဟုတ်သောကြောင့် သူတို့ကိုပင် အလုံးစုံ ပုံအိပ်မထားရဲပေ။


ရက်အနည်းငယ်အကြာ ပြင်ဆင်ပြီးသည့်နောက် ရွှယ်ဟုန်ယန်နှင့် ထန့်ရှန်က ထွက်ခွာရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ ဒုက္ခသည်များက ကြာကြာ မစောင့်ဆိုင်းနိုင်ကြ၍ ထန့်ရှင်းက စစ်သားများကို အချိန်အတော်ကြကြာ ရွေ့ပြောင်းလိုက်ရပြီး အချိန် နောက်မကျမီမှာပင် ပုန်ကန်မှုကို အမြန်နှိမ်နင်းရတော့သည်။


ရွှယ်ကျွင်းလျန်က နန်းတော်ဂိတ်တံခါးအနားတွင် စားသောက်ပွဲအသေးစားလေး ကျင်းပပြီး ရွှယ်ဟုန်ယန်ကို သူ့ဘေးတွင်ထိုင်ရန် အမိန့်ပေးထားသည်။ ထနိ့ရှန်က ယွင်ဖုန့်‌နန်းဆောင်တံခါးဝသို့ သွားသည်။ ကျောင်းရွှေက သူအပြင်ဘက်ဂိတ်တွင် ရပ်နေသည်ကို သတိပြုမိသောကြောင့် သူ့ကို ဧကရီရှိသည့် ပင်မခန်းမထဲကို ဝင်ခိုင်းလိုက်သည်။


ထန့်ရှန်ကိုယ်တိုင်က သူ့ကို လာတွေ့လိမ့်မည်ဟု ထန့်ယွင် မထင်ခဲ့မိပေ။ ယခင်ရက်က ထန့်ယွင်ပြောခဲ့သည်ကို အနည်းငယ် သံသယဝင်သွားသောကြောင့်လည်း ဖြစ်နိုင်သည်။ ထန့်ယွင်က စကားတစ်ခွန်းသာပြောပြီး

ဘာမှ မရှင်းပြခဲ့သဖြင့် ထန့်ရှန်က စုံစမ်းလိုခြင်းသာ ဖြစ်လိမ့်မည်။


ထန့်ရှန်ကို ခုံတွင် ထိုင်ခွင့်ပြုလိုက်ပြီးနောက် ရှို့ယောင်ကို ရေနွေးကြမ်း ငှဲ့ခိုင်းလိုက်သည်။


" အမတ်ထန့် ဒီနေရာကို ဘယ်လိုကြောင့်များ ရောက်လာတာပါလဲ..."


ရှို့ယောင်၊ ကျောင်းရွှေနှင့် အခြားအပျိုတော်များ အနီးအနားတွင်ရှိနေ၍ ထန့်ရှန်က သူ့ရင်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း မပြောနိုင်ဖြစ်နေသည်။ ခဏတာတိတ်ဆိတ်နေပြီးသည့်နောက်တွင်မှ ပြောလိုက်သည်။


" ကျွန်တော်မျိုး ရှေ့တန်းကို ထွက်သွားရတော့မှာမို့ မသွားခင် ဒီနေရာကို လာတာပါ... အရှင်မက အရမ်းဉာဏ်ကောင်းပြီး လိမ္မာပါးနပ်ခဲ့လို့ ချန်းထျန် တိုက်ခိုက်တာကို အောင်အောင်မြင်မြင် ချေမှူန်းနိုင်ခဲ့တာပါ... အရှင်မရဲ့ နည်းဗျူဟာတွေရဲ့ ကျေးဇူးကြောင့်ပါ... အဲ့ဒါကြောင့်မို့ ဒီတစ်ခါတာဝန်မှာလည်း အရှင်မရဲ့ လမ်းညွှန်ပြသမှုကို မျှော်လင့်မိလို့ပါ..."


ထန့်ယွင် ခေါင်းငြိမ့်ပြပြီး ထန့်ရှန်ကို ဆက်ပြောစေလိုက်သည်။


" ထန့်ရှင်းရဲ့ စစ်သားတွေက ရဲရင့်ပြီး သန်မာကြတယ် ... တကယ်လို့ သူတို့သာ နန်းတော်ကို ဝန်းရံထားမယ်ဆိုရင် ကျွန်တော်မျိုးတို့ ဘယ်လိုဖောက်ထွက်သင့်ပါသလဲ..."


ထန့်ယွင်၏ မျက်လုံးများ အရောင်တောက်ပလာပြီး ပြုံးပြလိုက်ဟည်။


" တပ်ဖွဲ့ အသေးလေးတွေဖွဲ့ပြီး တိုက်ခိုက်မှု အသေးစားလေးတွေလုပ်ပြီး ရန်သူကို အစီအစဉ်တကျမဖြစ်အောင် တားပေးပါ..."


" ဒါပေမဲ့ ဒုက္ခသည်တွေက များလွန်းနေတယ်... အစားအစာပို့ဆောင်တာတွေက  အကုန်ကျများပြီး ခက်ခဲလွန်းတယ် ကျွန်တော်မျိုးတို့ သူတို့ကို ဒီဘက်နယ်မြေမှာထားဖို့ ဖြစ်ပါ့မလား..."


" ‌ဗိုက်ဝနေတယ်ဆိုရင် ‌ဘယ်လိုကျေးဇူးတင်ရမယ်ဆိုတာ မသိတတ်ကြဘူး... ခက်ခဲမှုတွေကို မတွေ့ကြုံလာရင် ရေတစ်ငုံကလည်း ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ မသိနိုင်ဘူး... ဒုက္ခသည်တွေကို အစားအစာကျွေးမွေးပေးတယ်ဆိုတာ ကျေးဇူးတင်ခံချင်လို့ပဲ... ပြီးရင် သူတို့ကို လယ်ယာတွေ စီမံပေးလိုက်ရင် ကိုယ့်အစားအစာ ကိုယ်စိုက်ပျိုးလို့ရပြီ... အဲ့ဒါဆို နယ်စပ်ကစစ်သားတွေလည်း ဒုက္ခသည်တွေအတွက် ရိက္ခာပြတ်မှာ မပူရတော့ဘူး..."


ထို ရှင်းလင်းချက်ကို နားထောင်နေချိန်၌ ထန့်ရှန်၏ မျက်ဝန်းထဲတွင် မျက်ရည်များစုဝေးလာသည်။ သူ ခေါင်းငုံ့၍ မျက်ရည်များကို ဖုံးကွယ်ကာ ထန့်ယွင်၏ ပြောကြားချက်များကို နားထောင်ဟန်ဆောင်လိုကိပြီးမှ တီးတိုးပြောလိုက်သည်။


" အဲ့ဒီသင်ခန်းစာကို မှတ်သားထားတာ တော်လိုက်တာ... စကားလုံး တစ်လုံးမှ မမှားဘူး..."


ထန့်ယွင်က ဝတ်ရုံရလက်အောက်မှ လက်သီးကို တင်းတင်းဆုပ်ထားသည်။ ထိုနည်းလမ်းကို ထန့်ရှန်က သင်ကြားထားခဲ့ခြင်းဖြစ်၍ ထန့်ယွင် ဘယ်တော့မှ မမေ့နိုင်ပေ။ ထန့်ရှန်က သူ့ကိုစစ်ဆေးနေပြီး သူသင်ကြားပေးခဲ့သည်များကို ပြန်လည်ပြောပြခိုင်းနေသည်ကို ထန့်ယွင်သိသည်။


" အမတ်ထန့် နယ်စပ်ကိုရောက်ရင် ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ်ဂရုမစိုက်ဖို့ မမေ့ပါနဲ့..."


ထန့်ရှန် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် စကားတစ်ခွန်းမှ ထပ်မပြောတော့ပဲ ပြန်ထွက်သွားသည်။


xxxxxx