အပိုင်း ၅၇
Viewers 17k

Chapter 57


ထန့်ရှန် ယွင်ဖုန့်နန်းဆောင်မှ ပြန်လာချိန်တွင် ရွှယ်ကျွင်းလျန်ကလည်း ရွှယ်ဟုန်ယန်နှင့် နှုတ်ဆက်ပြီးသွားပြီဖြစ်သည်။ ထန့်ရှန်နှင့် ရွှယ်ဟုန်ယန်က စစ်သားများကိုဦးဆောင်ပြီး နယ်နိမိတ်သို့ ထွက်သွားကြသည်။


ထန့်ရှန်က ယွင်ဖုန့်နန်းဆောင်သို့ ရောက်ရှိခဲ့ကြောင်းကို  ရွှယ်ကျွင်းလျန်သိသော်လည်း စိုးရိမ်ခြင်းမရှိပေ။ ထိုနေရာတွင် ကျောင်းရွှေ ရှိနေ၍ သူ့ကို အားလုံးပြန်လျှောက်တင်မည်သာဖြစ်သည်။


မကြာမီအချိန်မှာပင် ကျောင်းရွှေက အပြင်ထွက်ရန် ဆင်ခြေတစ်ခုရှာပြီး ရွှယ်ဝမ်၏နန်းဆောင်သို့ ရောက်ရှိလာသည်။


" ထန့်ရှန်က 'အဲ့ဒီသင်ခန်းစာကို မှတ်သားထားတာ တော်လိုက်တာ... စကားလုံး တစ်လုံးမှ မမှားဘူး' လို့ ပြောပါတယ်... ဒီအစေခံကတော့ အဲ့စကားက နည်းနည်း သံသယဝင်စရာကောင်းတယ်လို့ ထင်မိတယ်..."


ရွှယ်ကျွင်းလျန်က စားပွဲခုံကို လက်မဖြင့် ခပ်ဖြည်းဖြည်းခေါက်နေသည်။ သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မဖြစ်ပေါ်နေသော်လည်း ရင်ထဲတွင်မူ ဧကရီက ထန့်ရှန်နှင့် အချိန်ကြာမြင့်စွာ သိကျွမ်းခဲ့သည့်အပြင် အလွန်ရင်းနှီး‌လိမ့်မည်ဟု တွက်ချက်နေမိသည်။


ကျောင်းရွှေပြောလိုက်သည်။


" ဧကရီ့ကို ဒီရက်ပိုင်း ခစားနေတုန်း ဒီအစေခံ တစ်ခုခုထူးခြားတာကို သတိထားမိပါတယ်... ဧကရီက ဒီရက်ပိုင်း နည်းနည်း ထူးဆန်းနေပါတယ်... အရှင်မက ဘယ်သူ့မှ သူမဘေးမှာ ခစားနေတာကို သဘောမကျပဲ တစ်ယောက်ယောက်က အဝတ်ကူလဲပေးတာ မိတ်ကပ်လိမ်းပေးတာကိုလည်း သဘောမကျပါဘူး... အားလပ်ချိန်တွေမှာဆိုရင် စစ်ရေးနဲ့ဆိုင်တဲ့ စာအုပ်တွေကိုပဲ ဖတ်လေ့ရှိပါတယ်... အိမ်ရှေ့စံမင်းသားလေး လာလည်တုန်းကလည်း မင်းသားလေးကို ကိုယ်ခံပညာနဲ့ လေးပစ်နည်းတွေ သင်ပေးပါတယ်... ဧကရီရဲ့ပုံစံက စစ်သည်တစ်ယောက်နဲ့ ပိုတူတယ်လို့ ဒီအစေခံထင်မိပါတယ်... ဖုန့်တိုင်းပြည်က မင်းသမီးက ဘယ်လိုလုပ်ပြီး သိုင်းပညာပါ တတ်နေရတာပါလိမ့်..."


သူမ၏ မှန်းဆချက်ကို ပြီးဆုံးအောင်မပြောနိုင်မီမှာပင် ရွှယ်ကျွင်းလျန်က ပြောလိုက်သည်။


" ကျောင်းရွှေ... ကိုယ်‌တော်က မင်းကို ဧကရီရဲ့ လှုပ်ရှားမှုတိုင်းကိုပဲ သတိထားစောင့်ကြည့်ခိုင်းထားတာ သူမ ဘာလုပ်လုပ် မေးခွန်းထုတ်ဖို့ မဟုတ်ဘူး... မင်းက တွေးတောရုံပဲဆိုရင်တောင် ဒီလိုတွေးနေတာကို ဒီဘုရင်က ခွင့်မလွှတ်နိုင်ဘူး..."


ရွှယ်ကျွင်းလျန်၏ အသံက စိတ်ဆိုးဒေါသထွက်နေပုံမရသော်လည်း ကျောင်းရွှေ၏ရင်ထဲတွင် အေးစက်သွားသည်။ သူမ အလွန်အတင့်ရဲသွားမိသည်ဟု တွေးမိ၍ ကြမ်းပြင်ပေါ် ဒူးထောက်ကာ တောင်းပန်လိုက်သည်။


" ဒီအစေခံက သစ္စာရှိပါတယ်... အရှင်မင်းကြီးကို အဲ့လိုပြောလိုက်ဖို့ မရည်ရွယ်ပါဘူး ... ကျေးဇူးပြုပြီး ဒီအစေခံရဲ့အသက်ကို ချမ်းသာပေးပါ..."


ရွှယ်ကျွင်းလျန်၏လက်မက စားပွဲခုံကို ခပ်မှန်မှန် တောက်နေဆဲဖြစ်သည်။ သူက ခုံတွင်မှီထိုင်ပြီး ခြေထောက်ချိတ်ထိုင်နေကာ သူ၏ဝတ်ရုံပေါ်‌မှ ရွှေရောင်ပိုးချည်မျှင်များကလည်း အလင်းပြန်တိုင်း တလက်လက်တောက်နေသည်။


ကျောင်းရွှေက ရွှယ်ဝမ်ကို တစ်ချက်ခိုးကြည့်လိုက်ပြီးနောက် ရင်တုန်သွားမိသည်။ သူမက ထန့်တိုင်းပြည်နန်းတွင်းတွင် ငယ်စဉ်ကတည်းက နေထိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူမ၏ လိမ္မာပါးနပ်မှုကြောက့် အကြီးဆုံးမင်းသမီးဖြစ်သည့် ထန့်ချမ်ယီကို ခစားခွင့်ရခဲ့သည်။ သူမက ဘဝတွင် အကြောင်းအရာအတော်များများကို တွေ့ကြုံခံစားဖူးခဲ့ခြင်းဖြစ်၍ ချောမောခံ့ညားသော အမျိုးကောင်းသားများနှင့် မင်းမျိုးမင်းနွယ်များစွာကို မြင်တွေ့ခဲ့ရဖူးသည်။ သို့ရာတွင် ရွှယ်ဝမ်ကဲ့သို့ ထည်ဝါသောအရှိန်အဝါရှိသည့်လူမျိုးကို တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးပေ။


ရွှယ်ဝမ်က လူတစ်ယောက်ကို ကိုယ့်အဆင့်ကိုယ်သိရန် သတိပေးနေသော်လည်း သူ၏လေသံက ‌ရင်းနှီးဖော်ရွှေနေဆဲဖြစ်သည်။ ရွှယ်ဝမ်၏ စိတ်အခြေအနေက ခန့်မှန်းရခက်ကြောင်းသိလာလေ သူမပို၍ စွဲလန်းလာမိလေဖြစ်သည်။


လူပုံစံရုပ်သေးရုပ်ဖြစ်ရပ်ပြီးနောက်တွင် ရွှယ်ဝမ်က သူမကို ကိုယ်လုပ်တော်ရာထူးတိုးမြှင့်ပေးမည်ဟု ကတိပေးထားခဲ့သည်။ သို့ဖြစ်၍ ဧကရီ၏ သံသယဖြစ်ဖွယ် အပြုအမူများကို လျှောက်တင်ပေးခြင်းဖြင့် ရွှယ်ဝမ်၏ မျက်နှာသာပေးမှုကို ရရှိနိုင်မည်ဟာ ထင်ခဲ့သည်။


သူမရဲ့ နည်းဗျူဟာက ရွှယ်ဝမ်ကို စိတ်မကြည်မလင် ဖြစ်သွားစေမယ်လို့ ဘယ်သူသိမှာလဲ...


ရွှယ်ကျွင်းလျန်ပြောလိုက်သည်။


" မင်း ယွင်ဖုန့်နန်းဆောင်ကို ပြန်သွားစရာမလိုတော့ဘူး... ကျန်းယွီက မင်းကို အအောင်ပေးမှာဆိုတော့ ကျူးရှို့နန်းဆောင်ကိုပဲသွားပြီး  ကိုယ်လုပ်တော်ရွေးပွဲ  နောက်ဆုံးအဆင့်ကို သွားလို့ရပြီ..."


" အ... အရှင်မင်းကြီး..."


ကျောင်းရွှေက အလွန်ပျော်ရွှင်သွားသည့်အတွက် ပြုမူနေထိုင်ရမည့်ပုံကိုပင် မေ့သွားမိသည်။ သူမ ချက်ချင်းပင် ပြောလိုက်သည်။


" အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ပါတယ်..."


ရွှယ်ကျွင်းလျန်က သူမကို ထွက်သွားနိုင်ပြီဟူသည့်သဘောဖြင့် လက်ကာပြလိုက်သည်။


အကယ်၍ လွန်ခဲ့သည့် လပေါင်းများစွာက ရွှယ်ကျွင်းလျန်ဖြစ်ပါကမူ ကျောင်းရွှေကို သူ၏မောင်းမဆောင်ထဲသို့ ဝမ်းသာအားရ ခေါ်သွင်းလိုက်မည်သာဖြစ်သည်။ ကျောင်းရွှေက လိမ္မာပါးနပ်ပြီး သူမ၏ရုပ်ရည်သွင်ပြင်ကလည်းမဆိုးပေ။ အရေးကြီးသောအရာမှာ သူမက မည်သည့်အချိန်တွင် နာခံစွာနေရမည်ကိုသိပြီး မည်သည့်အချိန်တွင် သူမစိတ်ထဲ၌ရှိသောအရာကို ‌ထုတ်ပြောရမည်ကိုသိသည်။

57.2


ဘုရင်တစ်ပါးအနေဖြင့် သူ့ကိုစိတ်ကျေနပ်စေနိုင်မည့် ဤသို့သော် မိန်းမမျိုးကိုသာ သဘောကျသင့်ကြောင့် ရွှယ်ကျွင်းလျန်တွေးမိသည်။


သို့ရာတွင် ရွှယ်ကျွင်းလျန်က  သူ့အလိုလိုက်သည့် မိန်းကလေးများထက် အေးစက်၍ မတုန်မလှုပ်သော မိန်းကလေးတစ်ယောက်ကိုသာ နှစ်သက်မိနေသည့်အတွက် သူ့ကိုယ်သူ စိတ်မမှန်တော့ဟုပင် ထင်လိုက်သည်။ ထိုမိန်းကလေးက မချက်ပြုတ်တတ် အကပညာနှင့် အဆိုပညာလည်း မတတ်မြောက်သည့်အပြင် သူ့သားသမီးကို မွေးပေးထားခြင်းလည်း မရှိပေ။


သူက မောင်းမဆောင်ထဲမှ နွေးထွေးပြီး သူ့စိတ်တိုင်းကျ နေပေးသော မိန်းကလေးများကို ငြီးငွေ့သွားချိန်တွင် စစ်မဟာဗျူဟာများကို ကျွမ်းကျင်ပြီး စစ်ပွဲဟူသောအနုပညာတစ်ရပ်ကို ကျေညက်နေသည့် မိန်းကလေးတစ်ယောက်ကို လတ်ဆတ်မှုတစ်ခုဟု ထင်လိုက်မိခြင်းလည်းဖြစ်နိုင်သည်။


အနည်းဆုံးတော့ သူ့မှာ ဒီကိစ္စအတွက် ဖြေရှင်းချက်တစ်ခုတော့ ရှိမှဖြစ်မယ် ... မဟုတ်ရင် ဒီမိန်းကလေးက ပိုပြီး သံသယဝင်စရာကောင်းလာလေ သူမကို ပိုပြီးလိုချင်လာလေ ဖြစ်နေတယ်...


ရွှယ်ကျွင်းလျန်၏ စားပွဲပေါ်တွင် စာရွက်များ တောင်ပုံရာပုံရှိနေသည်။ ၎င်းတို့ကို ကျန်းယွီက ယူဆောင်လာပေးခြင်းဖြစ်သည်။ ကျောက်လုကို ဖုန့်တိုင်းပြည် မင်းသမီးအကြောင်း စုံစမ်းခိုင်းထားသည်ဖြစ်၍ သူတွေ့ရှိသည့်အချက်များကို ကျောက်လုက လျှောက်တင်လွှာများ ပို့ဆောင်ထားသည်။ ဤစာများကြောင့် ကျောက်လု၏ အထောက်အထားများ ပေါ်လွင်သွားမည်စိုး၍ ကျန်းယွီက ပါဝင်သည့်အကြောင်းအရာများကို ကူးရေးထားပြီး မူရင်းစာများကို မီးရှို့ပစ်လိုက်သည်။


ကျောက်လုနှင့် ဖုန့်ဝမ်၏ ရင်းနှီးလှသော ဆက်ဆံရေးကြောင့် စာရွက်များထဲတွင် ပါဝင်သည့်အကြောင်းအရာများမှာ အလွန်အသေးစိတ်ကျလှသည်။


ရွှယ်ကျွင်းလျန်က စားပွဲပေါ်မှ စာရွက်များကိုကြည့်ကာ ရယ်လိုက်သည်။ ဧကရီက သူမ၏အတိတ်အကြောင်းကို အကြိမ်ပေါင်းများစွာ ပြောပြခဲ့သည်ဖြစ်၍ သူမလိမ်ညာနေသည်ဟု ရွှယ်ကျွင်းလျန်မထင်ပေ။ အတိတ်မှ သူမ၏ ခံစားချက်များအားလုံးက စစ်မှန်လွန်းသည်ဟု ခံစားနေမိသည်။ သူမ၏ဖြစ်ရပ်များက နန်းတွင်းတွင် ကြီးပြင်းခဲ့သော သူကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသည်များနှင့် တူညီလွန်းလှသည်။


သို့သော်လည်း စားပွဲပေါ်မှ စာရွက်စာတမ်းများအရ ထိုဖြစ်ရပ်များက တစ်ကြိမ်တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးပေ 


ရွှယ်ကျွင်းလျန်က ထိုစာရွက်များကို ကြည့်နေရခြင်းကို ငြီးငွေ့နေသကဲ့သို့ စာရွက်တိုင်းကိုအမြန်လှန်၍ ဖတ်နေသည်။ သို့ရာတွင်သူ့မျက်နှာပေါ်မှ အမူအရာကြောင့် ဘေးနားတွင် ရပ်နေသောကျန်းယွီမှာ တုန်လှုပ်နေသည်။



ရွှယ်ဟုန်ယန်နှင့် ထန့်ရှန်တို့နှစ်ယောက် နယ်စပ်သို့ ရောက်ချိန်တွင် စစ်သားများကို တပ်စိတ်ငယ်များစွာအဖြစ် ခွဲထားပြီး ထိုတပ်စိတ်ငယ်များကို အသုံးပြုကာ ထန့်ရှင်း၏ စစ်တပ်ကို တိုက်ခိုက်ပြီး စိတ်ရှုပ်ထွေးအောင်လုပ်မည်ဟု ထန့်ရှန်က အကြံပြုလိုက်သည်။ စစ်သားများကို ခွဲထုတ်လိုက်ခြင်းဖြင့် ၎င်းတို့၏ အာရုံစိုက်မှုကို ပင်မတပ်ကြီးထံမှ  ဖယ်ထုတ်နိုင်ပြီး ခရီးအဝေးကြီးသို့ ခရီးနှင်ပြီး တိုက်ပွဲဝင်ရမည့် အခွင့်အရေးများကိုလည်း တားဆီးနိုင်ကာ တစ်ချိန်တည်းတွင် ဘုရင့်နန်းတော်ကို ဝိုင်းရံခြင်းမှလည်း လွတ်မြောက်စေနိုင်မည်ဖြစ်သည်။


ထန့်ရှင်းက သံသယဝင်လာသည်။ သူက အကြိမ်ကြိမ်အခါခါ တိုက်ခိုက်ခံနေရ၍ စတင်ကြောက်လန့်လာသည်။ တိုက်ခိုက်မှုတိုင်းက တပ်စိတ်ငယ်လေးများမှ စတင်လာခြင်းဖြစ်၍ သူ့စစ်တပ်ကြီးကို မလှုပ်ရှားရဲပေ။ ရန်သူ၏ သန်မာမှုနှင့် အရေအတွက်ပို မသိရသေးချိန်တွင် သတိလက်လွတ်မတိုက်ခိုက်ရဲပေ။


ထိုအချိန်တွင် ရွှယ်ဟုန်ယန်၏ စစ်သားများက ထန့်တိုင်းပြည်နယ်နိမိတ်ထဲ ရောက်ရှိနေကြပြီဖြစ်သည်။ သူက စစ်သားများကို အဖွဲ့သုံးဖွဲ့ခွဲလိုက်သည်။ ထန့်ရှန်က နှစ်ဖွဲ့ကိုဦးဆောင်ကာ တစ်ဖွဲ့ခြင်းစီကို နန်းတောိ၏ ထောင့်များတွင် ချုံခိုတိုက်ရန် နေရာချထားလိုက်ပြီး ထန့်ရှင်း၏ ဝန်းရံခံရမှုကို ဖြိုဖျက်လိုက်သည်။


ရွှယ်ဟုန်ယန်က ကျန်ရှိနေသော တစ်ဖွဲ့ကို ထန့်ရှင်း တပ်ဖွဲ့ဝင်များ၏ အစိတ်အပိုင်းတစ်ခုကို ထန့်ရှင်း၏ လက်အောက်ခံနယ်မြေသို့ ပို့ဆောင်မည်ဖြစ်သည်။


ဤနယ်မြေက ထန့်ရှင်း၏ ပုန်ကန်မှုစစ်တပ် အခြေစိုက်ရာဖြစ်သည်။ အကယ်၍ ဤနယ်မြေကို သိမ်းပိုက်ခံလိုက်ရပါက ထန့်ရှင်း၏ စစ်တပ်က အစားအစာရင်းမြစ်မရှိတော့၍ ဆက်လက်တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။


ရွှယ်ကျွင်းလျန်က ရန်သူတိုင်းပြည်ဖြစ်သော ထန့်တိုင်းပြည်ကို ကူညီရန် သူ၏စစ်သားများကို စေလွှတ်ထားခြင်းကို ထန့်ရှင်းမသိပေ။ ထို့အပြင် သူက ရွှယ်ဟုန်ယန်နှင့် ထန့်ရှန်နှစ်ယောက်ကို တစ်ချိန်တည်း ရင်ဆိုင် တိုက်ခိုက်ရတော့မည်ဟု မတွေးထင်ထားခဲ့မိပေ။


ထန့်ရှင်း၏ စစ်တပ်က ထန့်တိုင်းပြည်နန်းတော်ကို ဝန်းရံထားသည်။ မူလတည်းက သူ၏စစ်တပ်မှာ အတွေ့အကြုံမရှိ၍ ပရမ်းပတာဖြစ်နေခြင်းကြောင့် ရွှယ်ဟုန်ယန်၏ တပ်နှစ်တပ်က သူ့ကိုတိုက်ခိုက်နိုင်ပြီး စစ်သည်အများစုက ထွက်ပြေးရန်သာ ရွေးချယ်လိုက်ကြသည်။ ထိုအချိန်မှာပင် သူ၏ ‌အခြေစိုက်နယ်မြေ  အရေးနိမ့်သွားပြီဖြစ်ကြောင်းသတင်းကို ထန့်ရှင်းကြားသိလိုက်ရသည်။ ရွှယ်ဟုန်ယန်က ဂိတ်စောင့်ကို ငွေကြေးများစွာဖြင့် လာဘ်ထိုးထားခဲ့သည်။ ရွှယ်တိုင်းပြည်စစ်သားများ ရောက်ရှိလာသည့်အခါ စခန်းတစ်ခုလုံးက ပိုင်ရှင်မရှိသကဲ့သို့ တံခါးကြီးပွင့်ဟနေ၍ ရွှယ်ဟုန်ယန်ကလွယ်ကူစွာသိမ်းပိုက်နိုင်ခဲ့သည်။


ပုန်ကန်စစ်တပ်ကြီး၏ ပင်မ အခြေစိုက်နေရာ သိမ်းပိုက်ခံလိုက်ရပြီဖြစ်၍ ထန့်ရှင်း၏ စစ်သားများက အရေးနိမ့်သွားသကဲ့သို့ စိတပျက်ကုန်ကြသည်။ ထန့်ရှန်က ပုန်ကန်သည့်စစ်တပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ထန့်ရှင်းနှင့် စစ်သူကြီးများကို အရှင်ဖမ်းခဲ့သည်။


နန်းတော်တွင်းမှ ထန့်ဝမ်မှာ သူ့ကိုကူညီရန်အတွက် ရွှယ်ဝမ်က စစ်တပ်စေလွှတ်လိုက်ကြောင်းသိသော်လည်း သူ၏ယခင်အမတ်ဟောင်းထန့်ရှန်ကို စေလွှတ်လိုက်မည်ဟု မထင်ခဲ့မိပေ။


ထန့်ရှန် နန်းမြို့တော်ထဲဝင်ရောက်လာသည့်အခါ ဤနေရာကို လဝက်ခန့် ဝန်းရံခံထားရ၍ ပြည်သူများကထိတ်လန့်နေကြဆဲဖြစ်သည်။ ကံကောင်းသည်မှာ ဤနေရာတွင် အစားအသောက်လုံလောက်စွာရှိနေသောကြောင့်ဖြစ်သည်။ သို့မဟုတ်ပါက တစ်မြို့လုံး သင်္ချိုင်းဖြစ်သွားနိုင်သည်။


ထန့်ရှန် လမ်းမတစ်လျှောက်မှ မြင်းစီး၍ ဝင်ရောက်လာစဉ်တွင် တစ်စုံတစ်ယောက်က သူ့ကို မှတ်မိသွားသည်။ ထိုလူက မြေပြင်ပေါ်တွင် ချက်ချင်းဒူးထောက်ကာ အော်ပြောလိုက်သည်။


" ဒါ အမတ်ထန့်ပဲ... အမတ်ထန့်က ငါတို့အားလုံးကို ကယ်တင်ဖို့ ပြန်ရောက်လာပြီ..."


ထိုလူ၏ အော်ဟစ်လိုက်သံက လူတစ်ယောက်ပြီးတစ်ယောက်ကိုပဲ့တင်ထပ်သွားသည်။ အစောပိုင်းက မှုန်မှိုင်း၍ ပျော်ရွှင်မှုကင်းမဲ့နေသော မြို့ကြီးက ‌ကောင်းကင်ကို တုန်ခါလုမတတ် အော်ဟစ်သံများဖြင့် ချက်ချင်းပြည့်သွားသည်။ နန်းတော်တွင်းမှလူသည်ပင် ပြည်သူများအော်ဟစ်နေသည်ကို ရှင်းလင်းစွာ ကြားရနိုင်သည်။


ဆူညံဟံများက ထန့်ရှန်၏မြင်းကို လန့်သွားစေ၍ မြင်းဇာတ်ကြိုးကိုဆွဲ၍ ထိန်းလိုက်ရသည်။ သူနှင့်မတူညီသည်မှာ လူအုပ်ကြီးက လှိုင်းကြီးသဖွယ် မြေပြင်ပေါ်ဒူးထောက်ကာ အရိုအသေပြုကြသည်။ မြို့ဂိတ်ဝကို စောင့်ကြပ်နေကြသော အစောင့်ရဲမက်များပင် ခေါင်းဆောင်းများချွတ်ပြီး မြေပေါ်ဝပ်တွားကာ အရိုအသေပြုကြသည်။


ထိုမြင်ကွင်းကြောင့် ထန့်ရှန်၏ မျက်ဝန်းထဲတွင် မျက်ရည်ဝဲလာစေသည်။


xxxxx