Chapter 58
ထန့်တိုင်းပြည်နန်းတော်အတွင်းမှလူများက အပြင်ဘက်မှ အော်ဟစ်မြည်ကြွေးသံများကိုကြားကြ၍ ထန့်ရှင်း၏ ဝန်းရံထားမှု ကျိုးပျက်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။ အစောင့်ရဲမက်များက နန်းတော်တံခါးဖွင့်၍ အသက်သခင်ကျေးဇူးရှင်ကို ကြိုဆိုကြသည်။
နန်းတွင်းအစောင့်ရဲမက်တစ်ယောက်က အပြင်ဘက်မှ ညီလာခံခန်းမဆောင်အထိ တစ်လျှောက်လုံး ပြေးလာသည်။ ဒူးထောက်လျက်လဲကျသွားကာ ဝမ်းသာအားရ ပြောလိုက်သည်။
" အရှင်မင်းကြီး... အမတ်ထန့် ပြန်ရောက်လာပါပြီ... အမတ်ထန့်က ပုန်ကန်တဲ့စစ်တပ်ကို နှိမ်နင်းပြီး နန်းတော်ကိုဝိုင်းထားတဲ့ တပ်ဖွဲ့ကို ထိုးဖောက်ပေးခဲ့ပါတယ်..."
ထန့်ဝမ် မူလက ပျော်သွားသည်။
ကပ်ဘေးကြီးကနေ လွတ်မြောက်သွားပြီဆိုရင် ဘယ်သူက မပျော်ပဲနေမှာလဲ...
သို့ရာတွင် သူ့စိတ်ထဲ အမျက်ဒေါသတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။ ဤတစ်ချိန်လုံး သာမန်ပြည်သူများသာမက သူ၏ နန်းတွင်းရဲမက်များက ထန့်ရှန်ကို သူတို့ရင်ထဲတွင် ရှိနေကြဆဲဖြစ်သည်။
ထန့်ဝမ်က အရာအားလုံးကို သံသယဝင်တတ်သူဖြစ်၍ ထန့်ရှန်က ယခုအခွင့်အရေးကိုယူပြီး အာဏာပြန်ရအောင်လုပ်ကာ သူ့ထီးနန်းကို လုယူချင်သည်ဟု ထင်လာသည်။ ထို့အပြင် ထန့်ရှန်က ရွှယ်ကျွင်းလျန်၏အမိန့်အရ ရောက်လာရခြင်းဖြစ်သည်။ ထန့်ရှန်က ရွှယ်တိုင်းပြည် ရောက်သွားခဲ့သော်လည်း အသတ်ခံရမည့်အစား အင်အားကြီးစစ်တပ်ကြီးကို ဦးဆောင်ခွင့်ရခဲ့သည်။ သို့ဖြစ်၍ ထန့်ရှန်က မိမိတိုင်းပြည်ကို သစ္စာဖောက်ပြီး ရန်သူတိုင်းပြည်နှင့် လျှို့ဝှက်ကြံစည်လှုပ်ရှားနေကြောင်း ထင်ရှားသည်။
ထန့်ဝမ်က ပို၍တွေးလေ ထန့်ရှန်ကို ပို၍ကြောက်လာလေဖြစ်သည်။ ထိုအချိန်တွင် ထန့်ရှန်က ညီလာခံခန်းမဆောင်သို့ ရောက်ရှိလာပြီး သူ့အနောက်မှ အစောင့်နှစ်ယောက်က ထန့်ရှင်းကို ကြိုးတုတ်ပြီး ဆွဲခေါ်လာသည်။
ညီလာခံခန်းမဆောင်အလယ်တွင် ရပ်လိုက်သော်လည်း ထန့်ရှင်းက ဒူးမထောက်ပဲ အေးစက်စက်သာရယ်လိုက်သည်။
ထန့်ဝမ် အော်လိုက်သည်။
" မျက်နှာပြောင်လိုက်တာ... မင်း ရယ်ရဲသေးတယ်ပေါ့..."
ထန့်ရှင်း ပြောလိုက်သည်။
" ဘာလို့ မရယ်ရဲရမှာလဲ... ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနေ့ ထန့်ရှန်သာ ရောက်မလာခဲ့ရင် ခင်ဗျားအသက်ရှင်နေမှာလည်း မဟုတ်သလို ကျုပ်ကို တွေ့ရမှာလည်း မဟုတ်ဘူး..."
ထန့်ဝမ် ဒေါသထွက်လွန်း၍ အသားများ တဆတ်ဆတ်တုန်လာသည်။ သူ့ရှေ့စားပွဲပေါ်မှစာလွှာတစ်ခုကို ဆွဲယူပြီး ထန့်ရှင်း၏ မျက်နှာကို ကောက်ပေါက်လိုက်သည်။
" အရိုအသေမဲ့လိုက်တဲ့ကောင် အမြှောင်မယားရဲ့သားကများ..."
ထန့်ရှင်း၏ အမူအရာက အနည်းငယ်တင်းမာသွားပြီးနောက် ကျယ်လောင်စွာအော်ရယ်လိုက်ပြီး ပြောလိုက်သည်။
" ကျုပ်က ခင်ဗျားရဲ့သားဆိုတာတော့ သိသေးတယ်ပေါ့..."
စကားမဆုံးမီမှာပင် ထန့်ရှင်းက သူ့ကိုချည်ထားသော ကြိုးများကို ဆွဲဖြဲလိုက်ပြီး အစောင့်တစ်ယောက်၏ဓားကိုဆွဲပြီး ထန့်ဝမ်ဆီသို့ ပြေးလာနေသည်။
ဘေးတွင်ရပ်နေပြီး ဘာမှဝင်မပြောသည့်ထန့်ရှန်က ထန့်ရှင်း လုပ်ရှားမည်ကို သတိပြုမိလိုက်သည်။ ရှေ့တစ်လှမ်းတိုးလာပြီး ထန့်ရှင်း၏လက်ထဲမှဓားကို ရိုက်ချလိုက်သည်။ အစောင့်များက ထန့်ရှင်းကိုဝိုင်းဖမ်းပြီး ချုပ်ထားကြသည်။
ထန့်ရှင်း၏ ရုတ်ချည်းလှုပ်ရှားမှုကြောင့် ကြောက်လန့်သွားသောထန့်ဝမ်က စားပွဲအောက်တွင် ဝင်ပုန်းနေသည်။ ထန့်ရှင်း ဖမ်းချုပ်ခံလိုက်ရပြီးနောက်မှ သူ့အပြုအမူက လူအများ၏အမြင်တွင် မည်မျှမသင့်လျော်ဖြစ်သွားသည်ကို သဘောပေါက်လိုက်မိသည်။ ချက်ချင်းမတ်တပ်ရပ်လိုက်သော်လည်း စားပွဲခုံအောက်တွင် ရောက်နေသည်ဖြစ်၍ စားပွဲနှင့်ခေါင်း ဆောင့်မိသွားသည်။ ခေါင်းဆောင်းလည်း ပြုတ်ကျသွားပြီး ဆံပင်ကို ချည်နှောင်ထားသည့် ဆံညှပ်လည်း ပြေကျလာသည်။
ထန့်ဝမ်က လူအားလုံး၏ရှေ့တွင်ပင် ဖရိုဖရဲပုံစံဖြစ်နေသည်။ သူ့မျက်နှာက ရှက်၍ နီရဲနေရာမှ အစိမ်းရောင်ပြောင်းသွားပြီးနောက် ခရမ်းရောင်သန်းလာသည်။ အစေခံတစ်ယောက်ကို ဓားယူလာခိုင်းလိုက်ပြီး ထန့်ရှင်းကို ယခုချိန် ဤနေရာ၌ပင် ခေါင်းဖြတ်ပစ်ရန် ကြံနေသည်။
ထန့်ဝမ်နှင့် အနီးဆုံးနေရာတွင် ရှိနေသည့် အမတ်များက သူ့ကို ဆွဲထားကြပြီး မသတ်ရန် တောင်းပန်နေကြသည်။ ရှေးယခင်တည်းမှစ၍ ဘုရင်များက မိမိသားသမီးကို ပြန်သတ်ခြင်းဟူသည်မှာ သမိုင်းမှတ်တမ်းထဲတွင် မရှိပေ။ မင်းမျိုးမင်းနွယ်မှ သားတော် သမီးတော်များ ဘုရင်ကို ပုန်ကန်လျှင်ပင် ဘုရင်က စစ်တပ်စေလွှတ်၍ ပုန်ကန်မှုကိုသာ နှိမ်နင်းရပြီး သားသမီးများကို မသတ်ကြပေ။ အကယ်၍ ထန့်ဝမ် ဤတစ်ကြိမ်တွင် သူ့အသားအရင်းကို သတ်လိုက်ပါက သူ့လူများအကြားတွင်ပင် အုတ်အော်သောင်းနင်း ဖြစ်သွားနိုင်သည်။
ထန့်ဝမ်က ထန့်ရှင်းကို ခေါင်းဖြတ်တော့မည့်အတွက် လူအားလုံးက မလုပ်ရန်တားမြစ်နေကြသော်လည်း ထန့်ရှန်က တိတ်ဆိတ်နေဆဲဖြစ်သည်။ ရွှယ်ကျွင်းလျန်ကို တွေ့ဆုံပြီးချိန်မှစ၍ ထန့်ဝမ်က လူဖျင်းလူညံ့တစ်ယောက်သာဖြစ်ကြောင်း သူသိရှိလာခဲ့သည်။
ဒီလူက ထန့်ရှန် နှစ်ပေါင်းများစွာ သစ္စာရှိလာခဲ့တဲ့ တိုင်းပြည်က ဘုရင်တဲ့လား...
ထန့်ဝမ်ကို ဖျောင်းဖျရာတွင် မအောင်မြင်သည့် အမတ်များက ထန့်ရှန်ကို ကူညီပေးရန် တောင်းဆိုလာကြသည်။ ထန့်ရှန် ပါးစပ်မဟမီမှာပင် တစ်ယောက်ယောက်က ညီလာခံခန်းမထဲ ဝင်လာသည်။ ထိုလူက ရွှယ်ဟုန်ယန်၏ အယုံကြည်ရဆုံးသော စစ်သူကြီးများထဲမှ တစ်ယောက်ဖြစ်သည်။
ထိုလူက ပြောလိုက်သည်။
" ရွှယ်ဝမ်က ထန့်ဝမ်ကို သက်ညှာပေးစေချင်ပါတယ်... စစ်သူကြီးထန့်ရှင်းက ရဲစွမ်းသတ္တိရှိတဲ့ စစ်သူကြီးတစ်ယောက်ဖြစ်လို့ ကျွန်တော်မျိုးတို့ မင်းကြီးက သူ့အရည်အချင်းကို တန်ဖိုးထားပါတယ်... ထန့်ရှင်းကို ရွှယ်တိုင်းပြည်ကို လက်လွှဲပေးဖို့ ရွှယ်ဝမ်က တောင်းဆိုလိုက်ပါတယ်..."
ထန့်ဝမ်က မနှစ်မြို့သော အမူအရာ ဖြစ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ရွှယ်ဝမ်၏ အကူအညီပေးထားမှုကြောင့် သူ့ကိုကျေးဇူးကျွေးတင်နေ၍ ရွှယ်ဝမ်၏တောင်းဆိုချက်ကို လိုက်လျောပေးရုံမှတစ်ပါး မရှိပေ။
နှစ်ရက်ခန့်ကြာသောအခါ ရွှယ်ဟုန်ယန်နှင့် သူ့စစ်သည်များက နန်းတော်သို့ ရောက်လာသည်။ ရွှယ်ဟုန်ယန်က နန်းတွင်းသို့ ဝင်လာရမည့်အစား ထန့်ရှန်ကိုသာ အပြင်ထွက်လာရန် တစ်ယောက်ယောက်ကို သတင်းပို့ခိုင်းလိုက်သည်။ ထို့နောက်တွင် သူတို့အားလုံး ရွှယ်တိုင်းပြည်သို့ ပြန်ကြမည်ဖြစ်သည်။
ထန့်ဝမ်က ရွှယ်ဟုန်ယန်နှင့် ထန့်ရှန်ကို ကိုယ်တိုင် လိုက်ပါပို့ဆောင်နှုတ်ဆက်ပြီး ရက်အနည်းငယ်အတွင်း ရွှယ်တိုင်းပြည်သို့ သူကိုယ်တိုင်လာရောက်မည့်အကြောင်း ပြောလိုက်သည်။
ဤနည်းဖြင့် ထန့်တိုင်းပြည်က ရွှယ်ကျွင်းလျန်၏ အမည်နာမအောက်မှ နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။
—
ထန့်ယွင်နှင့် အိမ်ရှေ့စံမင်းသားလေးရွှယ်ဖေက လေ့ကျင့်ရေးကွင်းတွင် ကိုယ်ခံပညာ လေ့ကျင့်နေကြသည်။ ထိုအချိန်မှာပင် မင်းသားလေး၏ဆရာဖြစ်သူ ချန်ယီက ထိုနေရာမှဖြတ်သွား၍ ခဏရပ်လိုက်ပြီး အရိုအသေပြုလိုက်သည်။
ရွှယ်ဖေက သူ့ဆရာကို သဘောကျပုံ မရပေ။ သူ။တမင်တကာဖြင့် ရယ်မောကာပြောလိုက်သည်။
" ဆရာ ကျွန်တော်တို့နဲ့အတူ မြှားပစ်လေ့ကျင့်ပါလား..."
ချန်ယီက အိမ်ရှေ့စံမင်းသား၏ ရည်ရွယ်ချက်ကိုသိ၍ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။
" ကျွန်တော်မျိုး မြှားမပစ်တတ်ပါဘူး..."
" ဒါဆိုရင်လည်း မြင်းစီးလေ့ကျင့်ပါလား..."
" ကျွန်တော်မျိုး မြင်းလည်း မစီးတတ်ပါဘူး..."
" အိုး..."
ရွှယ်ဖေ၏ အပြုအမူများက ရွှယ်ကျွင်းလျန်နှင့် အလွန်တူလှသည်။
" ဒီကျောင်းသားက ဟာသတစ်ခုကို သတိရသွားပြီ... ဆရာက နားထောင်ချင်မလား မထောင်ချင်ဘူးလားတော့ မပြောတတ်ဘူး..."
" ပြောလို့ရပါတယ် အရှင့်သား..."
ရွှယ်ဖေက ပြုံးရွှင်စွာဖြင့်သာ ပြောလိုက်သည်။
" အသားဖြူတဲ့ ပညာရှင်တွေက သူတို့ပခုံးပေါ် ဘာအလေးချိန်မှ မတင်နိုင်ကြသလို လက်ထဲမှာလည်း ဘာလက်နက်ကိရိယာမှ မကိုင်နိုင်ကြဘူးတဲ့..."
[T/N : အသားဖြူတဲ့ ပညာရှင်ဆိုတဲ့ idiomရဲ့အဓိပ္ပါယ်က ငယ်ရွယ်ပြီး အတွေ့အကြုံမရှိပဲ စာအုပ်တွေထဲကစာပဲလေ့လာတတတ်တဲ့သူက လက်တွေ့ကျကျ အတွေ့အကြုံလည်း မရှိနိုင်ဘူးလို့ ဆိုလိုတာပါ ]
ထန့်ယွင်က အသံကျယ်ကျယ် ချောင်းဟန့်လိုက်ပြီး ရွှယ်ဖေကို သတိပေးလိုက်သည်။ ချန်ယီက အရည်အချင်းရှိသည့် လူတော်တစ်ယောက်ဖြစ်၍ သူ့ကိုလှောင်ပြောင်ခြင်းက မသင့်တော်သကဲ့သို့ ဖြစ်နေသည်။
ချန်ယီက ထိုစကားကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားပုံမရပေ။
" နိမ့်ကျတဲ့ကျွန်တော်မျိုးက ပခုံးပေါ် ဘာအလေးချိန်မှ အတင်မခံနိုင်သလို ဘာလက်နက်ကိရိယာကိုမှ အသယ်နိုင်တာလည်း မှန်ပါတယ်... ဒါပေမဲ့ ကျွန်တော်မျိုးက ထိုင်ခုံမှာ ထိုင်နေရုံနဲ့ လောကကြီးကို မြင်နိုင်သလို ပဲစေ့တွေကို ဖြန့်ကျက်လိုက်ရုံနဲ့ အင်အားကြီးစစ်သည်တွေကို ဖန်တီးနိုင်ပါတယ်... ရုပ်ပိုင်းဆိုင်ရာခွန်အားက ကမ္ဘာကို လှုပ်ခါစေနိုင်ပေမယ့် အသိအညာကတော့ ငြိမ်းချမ်းမှုကို ယူဆောင်လာပေးတယ်ဆိုတာကို အရှင့်သားစိတ်ထဲ မှတ်သားထားရပါမယ်..."
ရွှယ်ဖေ နှုတ်ခမ်းကိုက်ထားသည်။ ထန့်ယွင်က အိမ်ရှေ့စံမင်းသား၏ အမူအရာကို သတိပြုမိ၍ ရွှယ်ဖေက သူ့ဆရာနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်သွားသော်လည်း ထုတ်မပြောရဲဖြစ်သွားသည်ဟု ထင်မိလိုက်သည်။
ချန်ယီ ထွက်သွားသည့်အခါမှ ထန့်ယွင်က ရွှယ်ဖေကို မေးလိုက်သည်။
" ဘာလို့ ဆရာ့ကို အရမ်းရိုင်းရတာလဲ... သူက မင်းရဲ့ဆရာဖြစ်ဖို့အထိ မတော်ဘူးလို့ တွေးနေတာလား..."
ရွှယ်ဖေက ကျစ်ခနဲအသံပြုပြီး နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။
58.2
" သူက စာပေနဲ့ဆိုင်တာတစ်မျိုးပဲ တော်တာပါ... သားတော် တခြားလူတွေကို လိုက်မေးကြည့်တော့ ဟယ့်ကျုံးတို့ ညီအစ်ကိုက အဲ့လူကို မယုံဖို့ပြောတယ်... ဒါပေမဲ့ ဒီနေ့တော့ လက်ခံသွားပါပြီ.. သားတော်ကို သူပြောသွားတဲ့ စကားတွေကလည်း ရိုင်းတာပဲ..."
ထန့်ယွင်က ရွှယ်ဖေ၏ ထင်မြင်ချက်ကို သဘောတူဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ချန်ယီ စာအုပ်စာပေများကိုသာ အားကိုးလွန်းသူဖြစ်ကာ မာန်မာနကြီးသူလည်းဖြစ်သည်။ သို့ဖြစ်၍ သူ့မူနှင့်သူ လိုက်လျောညီထွေဖြစ်နေစေသည်။ အခြားလူများအတွက်မူ သူ့ပုံစံက တဲ့တိုးဆန်၍ ရိုင်းပြလွန်းသည်။ သူက ထန့်တိုင်းပြည်မှ ဖုန့်တိုင်းပြည်သို့ ပြောင်းရွှေ့ခဲ့ရပြီးနောက်တွင်လည်း ရွှယ်တိုင်းပြည်သို့ ထပ်မံပြောင်းရွှေ့ခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် သူ့အနားမှလူများက သူ့ကိုသည်းမခံနိုင်ကြပဲ အရောတဝင် မနေချင်ကြသောကြောင့်ဖြစ်သည်။
ထန့်ယွင် ပြောလိုက်သည်။
" ဒါပေမဲ့ သူက သားတော်ရဲ့ဆရာဖြစ်နေတုန်းပဲလေ... သူပြောသမျှ လုပ်သမျှ အရာအားလုံးနောက်ကွယ်မှာ သင်ခန်းစာတစ်ခု ရှိနေတယ်လို့ပဲ သဘောထားရမယ်..."
ခဏတာ လေ့ကျင့်ပြီးသည့်နောက် ရွှယ်ဖေက စာပေသင်ကြားရန် ပြန်ထွက်သွားရပြီး ထန့်ယွင်သည်လည်း ယွင်ဖုန့်နန်းဆောင်သို့ ပြန်လာခဲ့သည်။
ယွင်ဖုန့်နန်းဆောင်သို့အပြန်တွင် ချန်ယီက လမ်းတစ်ဝက်တွင် စောင့်နေသည်ကို ထန့်ယွင် တွေ့လိုက်သည်။
ချန်ယီက သု့ကိုပြုံးပြသည်။
" ကျွန်တော်မျိုး အရှင်မနဲ့ ဆွေးနွေးစရာကိစ္စလေးရှိလို့ပါ... အရှင်မရဲ့ အခြွေအရံတွေကို နောက်နည်းနည်း ဆုတ်ခိုင်းထားလို့ ရမလား..."
ချန်ယီက အဘယ့်ကြောင့် ဤမျှလျှို့ဝှက်နေသည်ကို မသိသော်လည်း ထန့်ယွင်က ရှို့ယောင်နှင့် အခြာအပျိုတော်များကို နောက်ဆုတ်ခိုင်းလိုက်သည်။
ချန်ယီက ပြောသည်။
" တကယ်တော့ ကျွန်တော်မျိုးမှာ ပြဿနာနှစ်ခုရှိတေပါတယ် အရှင်မ ဖြေနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်..."
ချန်ယီက ပြုံးနေသော်လည်း ထန့်ယွင်၏လှုပ်ရှားမှုတိုင်းကို မျက်တောင်တစ်ချက်မခတ်ပဲကြည့်နေသည်မှာ သူ့တုံ့ပြန်မှုကို စောင့်ကြည့်နေသကဲ့သို့ပင်။
" ကျွန်တော်မျိုး ဖုန့်တိုင်းပြည်ကို ရောက်ခဲ့တုန်းက မင်းသမီးအကြောင်းတွေကို ကြားဖူးခဲ့ပါတယ်..."
သူက ထန့်ယွင်ကို စူးစူးရဲရဲကြည့်နေပြီး ဆက်ပြောသည်။
" အရှင်မက အမတ်ချုပ်ကို ဘယ်လိုလုပ်ရပ်မျိုးတွေများ လုပ်ခဲ့မိလို့ အိမ်နဲ့အဝေးကို ပို့ခံလိုက်ရတယ်ဆိုတာ ကျွန်တော်မျိုး နားမလည်ဘူး..."
ထန့်ယွင် မျက်မှောင်ကြုတ်လိုက်သည်။ သူက ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်အကြောင်းနှင့် ပတ်သက်ပြီး ဘာမှမသိပေ။ ထို့အပြင် ဖုန့်တိုင်းပြည် မင်းသမီးက တော်ဝင်မိသားစုဝင်ဖြစ်၍ သူမလုပ်ခဲ့သမျှအပြစ်တိုင်းကို နန်းတော်အပြင်မှလူတိုင်းသာမက အခြားတိုင်းပြည်မှ လူများလည်းသိကြမည်ဖြစ်သည်။ ထန့်ယွင်က ရွှယ်တိုင်းပြည်နယ်စပ်တွင် တိုက်ပွဲဝင်၍ မအားမလပ်ဖြစ်နေခဲ့သောကြောင့် ဖုန့်တိုင်းပြည်မင်းသမီးအကြောင်းသတင်းများကို မကြားသိခဲ့ဖူးပေ။
သို့ဖြစ်၍ ချန်ယီက ထိုသို့မေးလိုက်သည့်အခါ ဘာပြောရမည် မသိတော့ပေ။
ချန်ယီ၏အပြုံးက ပို၍ သိသာထင်ရှားလာသည်။ ထန့်ယွင်ကို ပထမမေးခွန်းဖြေရန် ဖိအားမပေးတော့ပဲ ဆက်ပြောသည်။
" ကျွန်တော်မျိုး နောက်တစ်ခု ထပ်မေးပါရစေ... ထန့်ယွင်ဆိုတဲ့နာမည်နဲ့ တစ်ယောက်ယောက်ကို ဧကရီကြားဖူးပါသလား..."
ထန့်ယွင်၏ နှလုံးသားထဲတွင် ဒိန်းခနဲဖြစ်သွားသော်လည်း တည်ငြိမ်နေရန် ကြိုးစားလိုက်သည်။
" မင်းသားလေးရဲ့ဆရာက ဟိုဟိုဒီဒီတွေပြောနေတာဆိုတော့ တကယ်ပြောချင်တဲ့ စကားက ဘာပါလိမ့်..."
" ကျွန်တော်မျိုး အရှင်မကို ဘာမှ ဖုံးကွယ်မထားရဲပါဘူး... ကျွန်တော်မျိုး ထန့်တိုင်းပြည်မှာနေခဲ့တာ နှစ်နှစ်ဆယ်လောက်ရှိပြီဆိုတော့ ဇာတ်လမ်းတွေ ဖြစ်ရပ်တွေ မျိုးစုံအောင်ကြားဖူးခဲ့ပြီး သူရဲကောင်းဆန်တဲ့ လူတွေအကြောင်းလည်း ကြားဖူးနားဝ ရှိပါတယ်... ကျွန်တော်မျိုး အလေးစားဆုံးသူရဲကောင်းက ထန့်တိုင်းပြည်ရဲ့ ဆဌမမြောက်မင်းသား ထန့်ယွင်ပါ သူ့ကို ဂုဏ်သတင်းကျော်စောတဲ့ စစ်သူကြီးအဖြစ်လည်း သိကြပါတယ်... အရှင်မက သူ့ကို မကြားဖူးတာလည်းဖြစ်နိုင်တယ် ကျွန်တော်မျိုးပြောပြတဲ့ဇာတ်လမ်းကို စိတ်မဝင်စားတာလည်း ဖြစ်နိုင်ပါတယ်... ထန့်ယွင်က အရမ်းကို အရည်အချင်းရှိတဲ့ သံမဏိစစ်သူကြီးတစ်ယောက်ပါ... တစ်ခါက နယ်စားမင်းဝမ်နျန်နဲ့တိုက်ခိုက်တော့ သူ့ညာလက်မှာ ဒဏ်ရာအပြင်းအထန် ရသွားပါတယ်... နောက်ပိုင်းမှာ မြှားကို ကျွမ်းကျွမ်းကျင်ကျင်ပစ်နိုင်ခဲ့သေးပေမယ့် လေးကိုဆွဲတဲ့အချိန်တိုင်း နည်းနည်းတော့ တုန်ယင်နေပါသေးတယ်..."
ထန့်ယွင်၏ မျက်နှာက အနည်းငယ်ဖြူရော်လာသည်။ ချန်ယီက ၎င်းကို သတိပြုမိပြီး ဆက်ပြောသည်။
" အဲ့အချိန်တုန်းက အမတ်ထန့်က နာမည်ကြီးသမားတော်တစ်ယောက်ကို နယ်စပ်ကို ပို့ပေးခဲ့ပြီး ထန့်ယွင်ရဲ့ ညာဘက်လက်က ဒဏ်ရာကို စစ်ဆေးခိုင်းခဲ့ပါတယ်... ဒါပေမဲ့ ကျွန်တော်မျိုးထင်တာတော့ ထန့်ယွင်ရဲ့ ဒဏ်ရာက အရမ်းပြင်းလွန်းလို့ အရှင်းပျောက်ကင်းသွားပုံ မရပါဘူး... အခု မြင်လိုက်ရတဲ့ အရှင်မရဲ့ လေးပစ်စွမ်းရည်လိုမျိုးပဲ... ညာဘက်လက်က နည်းနည်းလှုပ်နေပေမယ့် ပစ်မှတ်ကို တစ်ချက်မှမလွဲအောင် ပစ်လိုက်နိုင်တယ်... အနေကြာလာတော့ အကျင့်ဖြစ်သွားတာလို့ ကျွန်တော်မျိုးထင်ပါတယ်..."
ထန့်ယွင် မျက်လုံးများ မှေးကျဉ်းလိုက်သော်လည်း သူစကားပြောနေသည်က မပြီးသေးပေ။
" ခုနက အရှင်မက အမတ်ချုပ်ကို ဘယ်လို အပြစ်ပြုမိခဲ့လဲလို့ ကျွန်တော်မျိုးမေးပါတယ်... ဒါပေမဲ့ အဖြစ်မှန်ကတော့ အရှင်မက အမတ်ချုပ်ကို တစ်ခါမှ မစော်ကားဖူးပါဘူး...အဲ့အစား ဖုန့်တိုင်းပြည်မင်းကြီးကို အပြစ်ပြုမိခဲ့တာပါ... သူမက ဖုန့်ဝမ်နဲ့ နယ်စားမင်းကျူးလုရဲ့ဆက်ဆံရေးကို ဆန့်ကျင်မိလို့ ဖုန့်ဝမ်က ရွှယ်တိုင်းပြည်နဲ့ မဟာမိတ်ဖြစ်အောင် ထိမ်းမြားဖို့ စေလွှတ်ခံခဲ့ရတာပါ..."
" ဒါဆိုရင် ဒီကိစ္စကို အရှင်မ ဘယ်လိုထင်လဲ..."
ချန်ယီ ရယ်လိုက်သည်။
ထန့်ယွင် ချန်ယီကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးနောက် ရယ်လိုက်သည်။
" မင်းသားလေးရဲ့ဆရာက အတော်လေး သတိကြီးတာပဲ... ကျွန်မတောင် ဘယ်လိုပြန်ပြောရမှန်းမသိ ဖြစ်သွားတယ်... အဲ့တော့ ပြောချင်တာကဘာလဲ..."
" ကျွန်တော်မျိုး ဘာမှ မပြောချင်ပါဘူး... ကျွန်တော်မျိုးက စိတ်ထဲမှာ တစ်ခုခုရှိနေရင် သည်းမခံနိုင်လို့ အကုန်ထုတ်ပြောရတာပါ... ဒီကိစ္စတွေကို ဘယ်သူ့ကိုမှမပြောပြဘူးဆိုတာ အရှင်မ စိတ်ချလို့ရပါတယ်... ဒါက အံ့အားသင့်စရာကြီးဆိုတော့ တခြားလူတွေကို ပြောပြရင်လည်း အထင်မှားတယ်ပဲ ထင်ကြမှာ... အစတည်းက ပြောခဲ့သလိုပဲ ကျွန်တော်မျိုးက စစ်သူကြီးထန့်ယွင်ကို အမြဲလေးစားအားကျခဲ့ရတာ...ချန်ယီက တစ်ဘဝလုံးစာအုပ်တွေပဲ ဖတ်နေမယ်ဆိုရင်တောင် စစ်သူကြီး ထန့်ယွင်လို ဖြစ်လာနိုင်မှာမဟုတ်ပါဘူး..."
ထန့်ယွင်ပြောလိုက်သည်။
" အိုး... ငါ မင်းကို ခေါင်းဖြတ်ပစ်မှာ မကြောက်ဘူးလား..."
" ကျွန်တော်မျိုးရဲ့ တစ်ဘဝတာလုံးမှာ တစ်ယောက်ယောက်ဆီက ခေါင်းဖြတ်သတ်ခံရမှာကို အကြောက်ဆုံးပါပဲ... ဒါပေမဲ့ ဘယ်သူမှ အဲ့လိုမလုပ်နိုင်ဘူးဆိုတာ သေချာပါတယ်... စစ်သူကြီးထန့်ယွင်ကို အားလုံးက လေးစားကြတယ် အဲ့ဒါကလည်း စစ်သူကြီးက စိတ်သဘောထားကြီးလို့ဖြစ်မယ်... တကယ်လို့ သူသာ မကြင်နာဘူးဆိုရင် သူ့ကို ဘယ်သူမှ လေးစားကြမှာ မဟုတ်ဘူး..."
ထိုစကားကြောင့် ထန့်ယွင် ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။
" မင်းက ငါ့ရဲ့အထက်ကို ရောက်နေတာပဲ မင်း ဘာပြောပြော ငါငြင်းလို့ မရတော့ဘူးလေ... မင်း ပါးစပ်ပိတ်ထားပေးဖို့ပဲ မျှော်လင့်ရတော့မှာပေါ့..."
ထို့နောက် ထန့်ယွင်တစ်ဖက်သို့ပြန်လှည့်သွားပြီး ရှို့ယောင်နှင့် အခြားလူများကိုခေါ်ကာ ယွင်ဖုန့်နန်းဆောင်သို့ ပြန်သွားသည်။
ချန်ယီက အချိန်အတော်ကြာသည်အထိ တအံ့တဩဖြစ်နေမိသည်။ ထန့်ယွင်၏ ဂုဏ်သတင်းအကြောင်း သူများစွာကြားခဲ့ဖူးသည်။ သူက ထန့်တိုင်းပြည်တွင် အချိန်အတန်ကြာ နေထိုင်ခဲ့သော်လည်း ဖုန့်တိုင်းပြည်သို့ မဖြစ်မနေပြောင်းရွှေ့ခဲ့ရသည်။ ယခုအခါ ရွှယ်တိုင်းပြည်သို့ ရောက်လာခဲ့သော်လည်း ရောက်ရောက်ချင်းပင် ထိတ်လန့်စရာကိစ္စကြီးနှင့် ကြုံတွေ့လိုက်ရသည်။ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ခြင်းနှင့် အသေးစိတ် လေ့လာခဲ့ခြင်းမရှိပါက ယုံကြည်နိုင်လိမ့်မည်မဟုတ်ပေ။
xxxxxx