အပိုင်း ၆၀
Viewers 13k

Chapter 60

နယ်စားမင်းထန့်နန် ( ၁ )


နောက်တစ်နေ့မနက်တွင် ရွှယ်ဟုန်ယန်၏ အမူအရာက တောက်ပလန်းဆန်းနေသည်ကို မြင်သောအခါ ရွှယ်ကျွင်းလျန်က မေးလိုက်သည်။ 


" ဟုန်ယန့်ကို ကြည့်ရတာ ဒီနေ့ စိတ်ကြည်နေတဲ့ပုံပဲ... မိန်းမလှလေးသုံးယောက်က မင်းကို ကောင်းကောင်းပြုစုလိုက်တယ်ထင်တယ်..."


မူလက ရွှယ်ဟုန်ယန်၏ ပျော်ရွှင်မှုများမှာ ရွှယ်ကျွင်းလျန်ပြောသည့် မိန်းမလှလေးသုံးယောက်ကြောင့် ချက်ချင်းပျောက်ကွယ်သွားသည်။


" အရှင်မင်းကြီး ကျေးဇူးပြုပြီး ကျွန်တော့်ကို မကျီစားပါနဲ့... လောလောဆယ် ဟာသလုပ်ချင်နေတဲ့ စိတ်‌အခြေအနေမျိုးမဟုတ်ဘူး..."


ရွှယ်ကျွင်းလျန်ပြုံးလိုက်သည်။

" မင်း ပျော်နေတာ ကိုယ်တော့်ကြောင့် မဟုတ်ဘူးလား...  အဲ့မိန်းကလေးသုံးယောက်ကို ပေးလိုက်တာ မင်းနဲ့ ထန့်ရှန်တို့ ဆက်နွယ်သွားနိုင်ဖို့ တံတားတစ်စင်းဖြစ်သွားတာပဲလေ..."


ရွှယ်ဟုန်ယန် ပြုံးတစ်ဝက် ရှက်တစ်ဝက်ဖြစ်သွားသည်။ ၎င်းကို ရွှယ်ကျွင်းလျန်မြင်သည့်အခါ သက်ပြင်းချလိုက်မိသည်။

" ဟုန်ယန် မင်းရဲ့စိတ်ထားက ထန့်ရှန်လောက် မနက်ရှိုင်း မရှုပ်ထွေးဘူးဆိုတာတော့ သတိရပါဦး... ကိုယ်တော် ဘာပြောပြော အသုံးမဝင်ဘူးဆိုတာတော့သိပါတယ် ဒါပေမဲ့ ထန့်ရှန်က မင်းကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံပေးဖို့ပဲ မျှော်လင့်မိတာပါ..."


ထိုစကားကြောင့် ရွှယ်ဟုန်ယန် စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်သည်။ ပါးစပ်ဟ၍ ကျေးဇူးတင်မည်အပြုတွင် သူ့ထက် ရွှယ်ကျွင်းလျန်က ပိုမြန်စွာ ပြောလိုက်သည်။

" ဒါပေမဲ့ နယ်စားမင်းဝမ်နျန်က ဆက်ခံသူ မရှိလို့တော့မရဘူး..."


" အရှင်မင်းကြီး..."


ရွှယ်ကျွင်းလျန် လက်ကာပြပြီး သူပြောမည်ကိုတားမြစ်လိုက်သည်။

" ငြင်းလို့မရဘူး... အဲ့ဒါ မင်းရဲ့ ကောင်းကျိုးအတွက်လည်းဟုတ်တယ်... မင်းရဲ့ခံစားချက်ကိုသာ ကိုယ်တော် မထောက်ထားခဲ့ဘူးဆိုရင် ဒီနေ့ ဒီအချိန် မင်းရဲ့အိမ်တော်မှာ ဇနီးတွေ‌ တောင်လိုပုံနေမှာပဲ..."


ရွှယ်ကျွင်းလျန်က ခဏရပ်လိုက်ပြီး စကားလမ်းကြောင်းလွှဲရန်တွေးလိုက်သည်။ ရွှယ်ဟုန်ယန်ကို သူ အတင်းဖိအားမပေးသင့်ကြောင်း သိသည်။


" ထန့်ရှင်းက အကျဉ်းထောင်ထဲမှာပဲ ရှိသေးတယ် အချိန်ရရင် သူ့ကိုသွားတွေ့လိုက်ဦး...ငါတို့ဆီမှာ သူလက်နက်ချအောင်လို့ ထန့်ရှန်ကတော့ ဖြောင်းဖျပေးမှာမဟုတ်ဘူး... မင်းပဲကြိုးစားကြည့်ပါ... လိုအပ်ရင် နယ်စားမင်းရာထူးပါ ပေးမယ်ပြောလိုက်... ဒါတောင်မှ ငြင်းနေသေးရင်တော့..."


ရွှယ်ကျွင်းလျန် ဆက်မပြောသော်လည်း သူ့ဆိုလိုရင်းကို ရွှယ်ဟုန်ယန် သဘောပေါက်သည်။


" လက်နက်ချဖို့ ဖြောင်းဖျရမယ်ဆိုရင်တော့ ဧကရီအရှင်မကို မေးခိုင်းတာ ပိုကောင်းမယ်လို့ ချန်တိထင်ပါတယ်... အရှင်မက အသိဉာဏ်ကြွယ်ဝပြီး ပါးနပ်တော့ ဘာလုပ်ရမယ်ဆိုတယ သိမှာပဲ..."


" မင်း ဘယ်လိုထင်လဲ... ကိုယ်တော် သူ့ကို မမေးဘူးလား ထင်နေတာလား... ကိုယ်တော် မေးပေမယ့် ချက်ချင်း ငြင်းလိုက်တယ်လေ..."


" ဟမ် အရှင်မက ငြင်းလိုက်တာလား..."

တစ်စုံတစ်ယောက်ထံမှ ငြင်းပယ် ခံလိုက်ရသော်လည်း ရွှယ်ဝမ်က ဖော်ဖော်ရွေရွေပြုံးနေသေး၍ ရွှယ်ဟုန်ယန်ပင် ထူးဆန်းသည်ဟု ထင်နေသည်။


" ဒါပေမဲ့... ထန့်ရှင်းကို ဘာပြောရမယ်ဆိုတာ ချန်တိမသိဘူးလေ... စစ်ပွဲနဲ့ စစ်ရေးကိစ္စနဲ့ပတ်သက်တာဆိုရင်တော့ ချန်တိလုပ်နိုင်ပါတယ်..."


ရွှယ်ကျွင်းလျန်က ထန့်ရှင်းကိုဖြောင်းဖျရန် မည်သူ့ကိုမှ မတွေးမိပေ။ ထိုအချိန်တွင် ချန်ယီရောက်ရှိလာပြီး သူ့ကိုယ်သူလုပ်နိုင်သည်ဟု  အဆိုပြုလိုက်ပြီး ထန့်ရှင်းက ရွှယ်ဝမ့်ထံတွင် သေချာပေါက်အညံ့ခံရမည်ဟု ကတိပေးလိုက်သည်။


ချန်ယီထွက်သွားသည်မှာ နှစ်နာရီခန့်မကြာမီမှာပင် ရလဒ်တစ်ခုနှင့် ပြန်ရောက်လာသည်။ ထန့်ရှင်းက အညံ့ခံမည်ဟုကတိပေးကာ သူ့စစ်သားများကိုပါ ရွှယ်ဝမ့်ထံတွင် လက်နက်ချခိုင်းမည်ဟုဆိုသည်။ သူ့ကို နယ်စားမင်းရာထူးပေးရန် မလိုပေ။ ထန့်ရှင်း၏ တစ်ခုတည်းသောတောင်းဆိုချက်က သူ့လက်အောက်ငယ်သားများကို မသတ်ရန်နှင့် စစ်သည်များကို နွေးထွေးစွာဆက်ဆံရန် ဖြစ်သည်။


ချန်ယီ မည်သို့စည်းရုံးလိုက်သည်ကို ရွှယ်ကျွင်းလျန်မေးလိုက်သည်။


" ဒီကိစ္စက ရိုးရှင်းပါတယ်မင်းကြီး ထန့်ရှင်းက ရင်ထဲ အသည်းထဲကနေကို စစ်သားဖြစ်နေတဲ့သူပါ... စစ်သားမဖြစ်ရမယ့်အစား သေလိုက်မယ့်လူမျိုးပါ... စိတ်အားထက်သန်တဲ့ စစ်သားတစ်ယောက်ကို မျှော်လင့်ချက်ပေးလိုက်တာ အကောင်းဆုံးပါပဲ... တာ့ဝမ်က ထန့်ဝမ်ထက်ပိုကောင်းတဲ့ ဘုရင်ဖြစ်လို့ ထန့်ဝမ်နောက်ကိုလိုက်တာထက် အရှင်မင်းကြီးနောက်ကိုလိုက်တာ ပိုကောင်းမယ်လို့ ထန့်ရှင်းက ဆုံးဖြတ်လိုက်ပါတယ်... တကယ်လို့ သူ့ကို အခွင့်အရေးကြီးတစ်ခု ပေးလိုက်မယ်ဆိုရင် ထန့်ရှင်းက သစ္စာရှိတဲ့နောက်လိုက်တစ်ယောက်ဖြစ်လာမယ်ဆိုတာ ကျွန်တော်မျိုး အာမခံပါတယ်..."


ရွှယ်ကျွင်းလျန်က အကျဉ်းထောင်သို့ ရွှယ်ဟုန်ယန်ကို စေလွှတ်ပြီး ထန့်ရှင်းကို လွှတ်ပေးလိုက်သည်။ ထို့နောက် ထန့်ရှင်းအား တော်ဝင်နန်းတော်စောင့်တပ်များကို ဦးဆောင်ရသည့် စစ်သူကြီးအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။  ထန့်ရှင်း၏ လက်အောက်ခံတပ်သားများကို ဖမ်းဆီးထိန်းသိမ်းခြင်းမပြုဘဲ သူ့၏နောက်သို့ ဆက်လိုက်ခွင့်ပြုခဲ့သည်။  ထန့်ရှင်းနှင့် သူ၏စစ်သည်များအားလုံးက မြို့တော်တံတိုင်းအပြင်ဘက်ရှိ စစ်စခန်းတွင် အရံစစ်တပ်အဖြစ်။တပ်စွဲထားကြသည်။


ရွှယ်ဝမ်က သူ့ကို အမှုထမ်းစေရန် ကြိုးစားမည်ကို သိသော်လည်း တစ်စုံတစ်ဦးကို အမှုထမ်းခိုင်းရန် ဤမျှအထိ လုပ်ဆောင်မည့် ဘုရင်တစ်ပါးကို တွေ့မည်ဟု ထန့်ရှင်း မထင်ထားခဲ့ပေ။ ယခင်က ရွှယ်ကျွင်းလျန်နှကိ့ ထန့်ဝမ်ကို နှိုင်းယှဉ်ခဲ့မိခြင်းအား သူ့ကိုယ်သူပင် မယုံကြည်နိုင်ဖြစ်နေမိသည်။ သူတို့နှစ်ယောက်က ကွဲပြားခြားနားလွန်းသည်။

60.2


အမှန်မှာ ရွှယ်ကျွင်းလျန်က ထန့်ရှင်းကို နန်းတော်အား စောင့်ရှောက်သည့် စစ်သူကြီးအဖြစ် ရာထူးတိုးမြှင့်လိုက်ခြင်းမှာ သူ့ကိုယ်ပိုင်အစီအစဉ်ရှိနေသည်။ စစ်သူကြီးဟူသော ရာထူးက ကောင်းမွန်သည့်အပြင် ရှေ့တန်းတွင် တပ်စွဲထားခိုင်းခြင်းက ကောင်းမွန်သည်ဟု ထင်ရသော်လည်း အမှန်တွင် ထန့်ရှင်းက အာဏာအစစ်အမှန် မရှိပေ။ ထို့အပြင် မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်ရှိ စစ်စခန်းတွင် ထန့်ရှင်းနှင့် သူ၏တပ်သားများက သူစိမ်းများကြားတွင် သီးခြားဖြစ်နေမည်သာဖြစ်သည်။


မကြာမီအချိန်တွက် ထန့်ဝမ်က ရွှယ်ဝမ်ကို ရိုသေသမှုပြုရန်အတွက် ရွှယ်တိုင်းပြည်ကို ကိုယ်တိုင်ရောက်လာခဲ့သည်။ နန်းတော်ကို စောင့်ကြပ်သည့် စစ်သူကြီးတစ်ဦးအနေဖြင့် ထန့်ရှင်းက ရွှယ်တိုင်းပြည် ၏နန်းတော်ရှေ့တွင် ရပ်နေမည်ဖြစ်ပြီး ၎င်းကလည်း ရွှယ်ကျွင်းလျန် ထန့်ဝမ်ကို မြင်စေချင်သည့် မြင်ကွင်းဖြစ်သည်။



ထန့်ဝမ်က သွားရောက်ရန်အတွက် တွန့်ဆုတ်နေခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ ရွေးချယ်စရာမရှိတော့ပေ။ လဝက်ခန့် ပြင်ဆင်ပြီးသည့်အခါ ထန့်ဝမ်က ရွှယ်တိုင်းပြည်ကို ထွက်ခွာသွားတော့သည်။ ရွှယ်ဝမ်က နန်းမြို့တော်တွင် သူ့စစ်သည်များကို ဖမ်းဆီးထိန်းသိမ်းထားမည်စိုး၍ ထန့်ဝမ်က စစ်သားများများစားစား မခေါ်လာခဲ့ပေ။ ရလဒ်အနေဖြင့် တစ်လမ်းလုံးတွင် ရွှယ်ဝမ်က သူ့ကို တိတ်တဆိတ် ခြုံခိုတိုက်ခိုက်ခိုင်းကာ လုပ်ကြံခိုင်းမည်ကို စိုးရိမ်ကြောက်လန့် နေခဲ့ရသည်။


လမ်းတစ်ဝက်တွင်မူ ထန့်ဝမ်က အမှန်တကယ်ပင် ခြုံခိုတိုက်ခံရတော့သည်။ သို့သော် ထိုလူများက ရွှယ်ဝမ့်လူများ မဟုတ်ကြပဲ မိတ်ဆွေဟောင်းများ ဖြစ်သည်။


ရှေ့မှလူက ရိုးရှင်းစွာသာ ဝတ်စားထားပြီး သူ့နောက်မှ အစောင့်တစ်ယောက်သာ လိုက်ပါလာသည်။ ထိုလူကပြုံးပြကာ ပြောလိုက်သည်။

" မတွေ့ရတာကြာပြီနော် ထန့်ဝမ်..."


ထိုလူ၏ ရိုင်းပြသောအပြုအမူကြောင့် ထန့်ဝမ် ခံပြင်းသွားသည်။ ထန့်ဝမ်၏ အခြွေရံက အော်လိုက်သည်။

" ရိုင်းစိုင်းလိုက်တာ... ထန့်ဝမ်ကိုများ ဒီလိုပြောရဲတယ်ပေါ့..."


ထိုလူက ပြုံးနေဆဲဖြစ်ပြီး ဒူးထောက် အရိုအသေမပေးပေ။ 


" ထန့်ဝမ်တဲ့လား... ရွှယ်တိုင်းပြည်နန်းမြို့တော်ထဲ ဝင်သွားရင် ခင်ဗျားရဲ့နာမည်က ပြောင်းသွားပြီလေ... ကျုပ် စဉ်းစားပါရစေဦး ခင်ဗျားနာမည်က နယ်စားမင်းထန့် ဖြစ်သွားမယ်ထင်တယ်... ခင်ဗျားရဲ့တိုင်းပြည်က သိမ်းပိုက်ခံလိုက်ရတာဆိုတော့ ဘုရင်အသစ်ကို အရိုအသေပြုရမှာပဲလေ... ကိုယ့်ကိုကိုယ်ဘုရင်လို့ ထင်နေသေးတာလား ရှက်ဖို့ကောင်းလိုက်တာ..."


ထန့်ဝမ်က ဒေါသထွက်၍ တဆတ်ဆတ်တုန်နေသော်လည်း ထိုလူက ပြုံးနေဆဲပင်ဖြစ်သည်။


" အခု ခင်ဗျားက တောင်ပိုင်းနယ်မြေက နယ်စားမင်းတစ်ယောက် ဖြစ်သွားပြီဆိုတော့ ကျုပ် အရိုအသေပြုစရာမလိုတော့ဘူးပေါ့... စကားပြောနေတာကြာပေမယ့် ကိုယ့်ကိုကိုယ် မိတ်မဆက်မိဘူး... ကျုပ် မိသားစုနာမည်က ရွှယ်ပါ နာမည်က ယွီ... ကျုပ်က ရွှယ်တိုင်းပြည်ရဲ့ နယ်စားမင်းကျန့်ကျန်းပါ..."


ထန့်ဝမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဤလူက သူ၏သမီးဖြစ်သူ နန်းမြို့တော်သို့ ခေါ်လာခဲ့သည့် ခြေဦးတည့်ရာသွားနေသူဖြစ်သည်။ ထိုလူက ရွှယ်ဝမ်၏ညီငယ် ရွှယ်ယွီ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည်လည်း စစ်အင်အားကြီးသော နယ်စားမင်းတစ်ယောက်ဖြစ်သည်။


ရွှယ်ယွီက အေးအေးလူလူပင် ပြောလိုက်သည်။

" ကျုပ် ဒီကိုရောက်လာတာ ခင်ဗျားကို ပြဿနာရှာဖို့ မဟုတ်ပါဘူး... သတိပေးစရာလေးရှိလို့ပါ... အဲ့ဒါမှ ခင်ဗျား နန်းချခံရပြီး စစ်အင်အားတွေပါ ထိန်းသိမ်းခံလိုက်ရရင် အရမ်း မအံ့ဩနေမှာလေ..."


ရွှယ်ယွီက မောက်မာစွာဖြင့် ထန့်ဝမ်၏ပခုံးကိုပုတ်လိုက်ပြီးနောက် တစ်ဖက်သို့လှည့်သွားကာ ခေါ်လိုက်သည်။

" လန့်ကျင်း..."


ရွှယ်ယွီနောက်မှ လိုက်လာသူက တစ်ချိန်လုံးစကားတစ်ခွန်းမှ မဟပေ။ သူ့နာမည်ကိုခေါ်လိုက်သည့်အခါမှ ရွှယ်ယွီနောက်ကို လိုက်သွားသည်။


ရွှယ်ယွီက လမ်းလျှောက်သွားနေလျက် လက်မြှောက်ပြလိုက်သည်။

" ကျုပ်တို့ နောက်တစ်ခါထပ်တွေ့ရင်တော့ ထန့်ဝမ် အရမ်းရန်မလိုဖို့ မျှော်လင့်တယ်... တစ်ယောက်နဲ့တစ်ယောက် ထောက်ပံ့ပေးကြတာပေါ့..."


ထန့်ဝမ်က ညံ့ဖျင်းသည့်ဘုရင်ဖြစ်သော်လည်း နှစ်ပေါင်းများစွာ ထီးနန်းစိုးစံခဲ့သူဖြစ်၍ ဘုရင်တစ်ပါး၏မာန်မာနနှင့် မောက်မာသောစိတ်ထားရှိသည်။ ရွှယ်ယွီက သူ့ကိုရိုင်းစိုင်းစွာ ဆက်ဆံသွား၍ ‌သူ့နောက်မှလိုက်ကာ ပညာပြချင်သော်လည်း ဘေးမှ အခြွေရံက တားမြစ်လိုက်သည်။ ယခုအကြိမ်က ထန့်ဝမ်ရွှယ်တိုင်းပြည်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်၍ မဆင်မခြင် ပြုမူ၍မရပေ။ ထို့အပြင် ရွှယ်ယွီက ဤသို့မောက်မာနေရခြင်းမှာ သူ၏စွမ်းရည်နှင့် အာဏာကြောင့်သာဖြစ်လိမ့်မည်။


xxxx