အပိုင်း ၆၁
Viewers 17k

Chapter 61

နယ်စားမင်းထန့်နန် ( ၂ )


ရက်အနည်းငယ်အကြာတွင် ထန့်ဝမ်နှင့် သူ၏‌အခြွေရံများက နန်းမြို့တော်သို့ ရောက်လာကြသည်။ သူ့ကို ရာထူးနိမ့်အမတ်တစ်ချို့ကသာ လာရောက်ကြိုဆိုကြ၍ ဆိုလိုရင်းကို ထန့်ဝမ်သဘောပေါက်လိုက်သည်။ ထိုညတွင် နန်းတော်အနီးတစ်ဝိုက်မှ ဧည့်သည်များအတွက် အိမ်တော်တွင်သာ နေလိုက်ရပြီးမှ နောက်တစ်နေ့မနက်တွင် ရွှယ်ဝမ်နှင့် မနက်ခင်းညီလာခံတွင်တွေ့ရန် ခွင့်ပြုချက်ရခဲ့သည်။


ညီလာခံခန်းမဆောင်၏ထိပ်တွင် ရွှယ်ကျွင်းလျန်က ဧကရီအား ပုတီးလိုက်ကာနောက်တွင် ထိုင်ရန် ဖိတ်ကြားခဲ့ပြီး ထန့်တိုင်းပြည်မှလူအားလုံးကို စစ်မှုရေးရာများတွင် ပါဝင်ကူညီမှုများကြောင့် သူမအား မည်မျှချီးမြှောက်ထားသည်ကို ကြည့်ရှုနိုင်‌စေရန် ရည်ရွယ်ခဲ့သည်။


သို့သော်လည်း ရွှယ်ကျွင်းလျန်က ဧကရီ မည်သူမည်ဝါဖြစ်ကြောင်းကို မသိပေ။ ညီလာခံ ခန်းမဆောင်တွင် ထိုင်နေရသည့်အတွက် ထန့်ယွင်မှာ စိတ်မသက်သာဖြစ်နေသည်။ လိုက်ကာနောက်မှနေ၍ ထန့်ဝမ်၏မျက်နှာကို ရှင်းလင်းစွာ မမြင်ရပေ။


ထန့်ဝမ် ရောက်ရှိလာသည့်အခါ စစ်သူကြီးအဆင့်လူနှစ်ယောက်က ညီလာခံခန်းမဆောင်ကို စောင့်ကြပ်နေကြောင်း တွေ့လိုက်ရသည်။ သူတို့ထဲမှတစ်ယောက်က ထန့်ရှင်းဖြစ်သည်။ ထန့်ဝမ်က ထန့်ရှင်းကို စူးစူးရဲရဲကြည့်နေသည်။


ထန့်ရှင်းက ထန့်ဝမ်ကို တစ်ချက်မှ မကြောက်သကဲ့သို့ ခေါင်းမော့ကြည့်လိုက်သည်။ သူနှင့် ထန့်ဝမ်က သားအဖဖြစ်ခဲ့သော်လည်း ထန့်ဝမ်က သူ့ကိုစွန့်ပစ်ခဲ့သည့်အတွက် သူတို့ကြားမှ သားအဖဆက်ဆံရေးကို လျစ်လျှူရှု့ထားရန်က ထန့်ရှင်းအတွက် မခက်ခဲလှပေ။


ရွှယ်ယွီပြောလိုက်သကဲ့သို့ပင် ရွှယ်ဝမ်က သူ့အား စကားအနည်းငယ်သာပြောပြီး ထန့်ဝမ်ကို နယ်စားမင်းအဖြစ် ခန့်အပ်သည့် လျှောက်တင်လွှာကို အမြန် ပေးလိုက်သည်။ သူက ထန့်တိုင်းပြည်တွင်သာ နေထိုင်ရခြင်းဖြစ်သော်လည်း သူ၏ရာထူးကမူ နယ်စားမင်းထန့်နန်အဖြစ်သို့ပြောင်းသွားကာ ထန့်တိုင်းပြည်က ရွှယ်တိုင်းပြည်၏လက်အောက်မှ နယ်မြေတစ်ခု ဖြစ်သွားသည်။


[T/N : ထန့်နန်ဆိုတဲ့ စာလုံးမှာ ထန့်က "ထန့်တိုင်းပြည်" ကို ရည်ညွှန်းပြီး နန်က "တောင်ဘက်ဆိုတဲ့ အဓိပ္ပါယ်ပါ... ထန့်တိုင်းပြည်က  ရွှယ်တိုင်းပြည်ရဲ့ တောင်ဘက်မှာတည်ရှိပါတယ် ]


ရွှယ်ကျွင်းလျန်က ထန့်ဝမ်ကို ချီးမြှင့်မြှောက်စားသည်ဟု ပြောသော်လည်း အမှန်တွင် သူက ထန့်ဝမ်ကို ထီးနန်းပေါ်မှ ကန်ချလိုက်သည့် သဘောပင်ဖြစ်သည်။ရွှယ်ကျွင်းလျန်ပြုံးလျက်နှင့်ပင် ပြောလိုက်သည်။


" တကယ်လို့ နယ်စားမင်းထန့်နန် မကန့်ကွက်ဘူးဆိုရင်တော့ ကိုယ်တော်ကိုဦးညွှတ် အရိုအသေပေးလို့ ရပါပြီ..." 


ထန့်ဝမ်က သေချာပေါက် မငြင်းဆန်နိုင်ပေ။ ခန္ဓာကိုယ်ကို ကိုင်းညွှတ်ကာ ဒူးထောက်လိုက်သော်လည်း တစ်ယောက်ယောက်က သူ့ဒူးကို ကန်ထားသကဲ့သို့ တောင့်တောင့်ကြီးဖြစ်နေသည်။ 


" အရှင်မင်းကြီးရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်..."


ရွှယ်ကျွင်းလျန် ခေါင်းငြိမ့်ပြလိုက်ပြီး ခုံတွင် ပြန်မှီလိုက်သည်။


" အခုကစပြီး ဒီဝတ်ရုံကို ဝတ်စရာမလိုတော့ဘူးလေ ချွတ်လိုက်တော့..."


သူက ယခုအခါတွင် နယ်စားမင်းတစ်ယောက်သာဖြစ်သွားပြီဖြစ်၍ ဘုရင်တစ်ပါး၏ အဆောင်အယောင်များကို ဝတ်ဆင်ခွင့် မရှိတော့ပေ။ ထန့်ဝမ်က ဤကိစ္စကို ကြိုသိခဲ့ပြီးဖြစ်သော်လည်း သူ့ရင်ထဲတွင် ခါးသီးနေမိဆဲပင်ဖြစ်သည်။


ရွှယ်ကျွင်းလျန်က ထန့်ဝမ်ကို အားစိုက်ထုတ်မှုမရှိပဲ လွယ်ကူစွာ ချေမှူန်းလိုက်နိုင်သည်ကို ထန့်ယွင်ကြည့်နေသည်။ ထန့်ယွင်၏ ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နေသည်။ သူ၏အဖေရင်းက သူ့ရှေ့တွင် ဤကဲ့သို့သော သနားစဖွယ်အခြေအနေမျိုးဖြင့် ဒူးထောက်နေရမည့်နေ့ရက် ရောက်လာလိမ့်မည်ဟု မထင်ခဲ့မိပေ။


ဧကရီက အနည်းငယ်စိတ်ဓာတ်ကျနေသည်ကို ရွှယ်ကျွင်းလျန် သတိပြုမိ၍ နေမကောင်းဖြစ်နေသည်ဟု ထင်လိုက်သည်။ စကားအနည်းငယ်ပြောပြီးသည့်နောက် မနက်ခင်းညီလာခံကို ရုတ်သိမ်းလိုက်သည်။


ထန့်ယွင်၏ ရင်ထဲတွင် ကသောင်းကနင်းဖြစ်နေသည်။ သူ့မျက်နှာကလည်း တဖြည်းဖြည်းဖြူရော်လာသည်။ ၎င်းကိုမြင်သည့်အခါ ရွှယ်ကျွင်းလျန်က နန်းတွင်းသမားတော်ကိုခေါ်ပြီး ဧကရီကို စစ်ဆေးခိုင်းလိုက်သည်။


ရွှယ်ကျွင်းလျန်ပြောလိုက်သည်။


" နေမကောင်းဖြစ်နေရင် စားသောက်ပွဲကို မတက်နဲ့တော့လေ... အနားယူလိုက်တာ ပိုကောင်းမယ်..."


" စိတ် အနှောင့်အယှက်တစ်ခုခုဖြစ်နေရင် မျိုသိပ်မထားနဲ့ ကိုယ်တော့်ကိုပြောလေ... နားထောင်ပေးမယ်..."


ရွှယ်ကျွင်းလျန်၏စကားကြောင့် ထန့်ယွင် ရင်တုန်သွားမိသည်။

ရွှယ်ကျွင်းလျန်က တစ်ခုခုကို သိနေတာများလား...


သို့ရာတွင် ထန့်ယွင် သံသယဝင်သွားသည်။

ချန်ယီ သတိပြုမိသွားတယ်ဆိုတာ သူက ထန့်တိုင်းပြည်မှာတစ်ခါနေဖူးခဲ့တဲ့အပြင် နေရာအနှံ့ကို ခရီးသွားလာနေတာဆိုတော့ အမြင်ကျယ်ပြီး ဗဟုသုတလည်းရှိလို့လေ... ဒါပေမဲ့ ရွှယ်ကျွင်းလျန်လိုမျိုး တစ်ကမ္ဘာလုံးရဲ့အထက်မှာ ထိုင်နေတဲ့ဘုရင်က ထန့်ယွင်ရဲ့ညာဘက်လက် ဒဏ်ရာရတဲ့ကိစ္စလိုမျိုး သတင်းအသေးအမွှားလေးကို သိမယ်တဲ့လား... ဒါမှမဟုတ် ဖုန့်ဝမ်ကို ဖုန့်တိုင်းပြည်မင်းသမီးက စော်ကားမိတာကိုရော သူသိနိုင်မှာလား...


မည်သို့ပင်ဖြစ်စေ ထန့်ယွင် စိတ်မသက်မသာဖြစ်လာသည်။


" စိတ်ပူစရာမလိုပါဘူးမင်းကြီး ကျွန်တော်မျိုးမ အဆင်ပြေပါတယ်..."


ရာသီဥတုက ပူနွေးလာပြီဖြစ်၍ စားပွဲသောက်ပွဲကို ပန်းဥယျာဉ်ထဲတွင်သာ ကျင်းပသည်။ နယ်စားမင်းထန့်နန်နှင့် အခြားမှူးမတ်များအားလုံး ရောက်ရှိလာကြပြီဖြစ်သည်။ နယ်စားမင်းထန့်နန်၏နောက်တွင် ကိုယ်ရံတော်တစ်ယောက် ရပ်နေသည်။ ထိုကိုယ်ရံတော်က အရပ်ရှည်၍ ခန္ဓာကိုယ်တောင့်တင်းကာ အပြုအမူကလည်း အထင်ကြီးလောက်စရာပင်ဖြစ်သည်။ သူ့လက်နှစ်ဖက်ထဲတွင် ဓားတစ်ချောင်းကို ဂရုတစိုက် ကိုင်ထားသည်။


ရွှယ်ကျွင်းလျန် ရောက်ရှိလာသည်နှင့် နယ်စားမင်းထန့်နန်က ရှေ့တိုးလာပြီး ပြောလိုက်သည်။


" ဒီ... ဒီနိမ့်ကျလှတဲ့ ကျွန်တော်မျိုးက အရှင်မင်းကြီး သိုင်းပညာထူးချွန်ကြောင်း ကြားသိရလို့ ဓားတစ်ချောင်း ပြင်ဆင်လာခဲ့ပါတယ်... ဒီဓားက သံမဏိတစ်တုံးကို ရွှံ့က်ု ပိုင်းဖြတ်လိုက်သလိုပဲ ချောချောမွေ့မွေ့ ပြတ်တောက်သွားနိုင်ပါတယ်... ဒါက အလွန်နာမည်ကြီးပြီး ထူးခြားလွန်းတဲ့ ဓားတစ်ချောင်းပါ... ရွှယ်ဝမ် လက်ခံမယ်လို့ ကျွန်တော်မျိုး မျှော်လင့်ပါတယ်..."


ထန့်ဝမ်က သူ့နောက်မှ ကိုယ်ရံတော်ကို ဓားကိုင်လျက် ရှေ့တိုးလာရန် အချက်ပြလိုက်သည်။

61.2


ရွှယ်ကျွင်းလျန်က ဓားကို ဓားအိမ်ထဲမှ ထုတ်လိုက်သည်။ ပူပြင်းလှသော နေ့လယ်ခင်းနေရောင်ခြည်အောက်တွင် ဓားက အေးစက်၍ ထည်ဝါသောအရှိန်အဝါများ ထုတ်လွှတ်နေသည်။ တစ်ချက်ကြည့်ရုံဖြင့် ဓားကောင်းတစ်လက်ဖြစ်ကြောင်းသိနိုင်ပေသည်။ ရွှယ်ကျွင်းလျန်ပြုံးပြလိုက်သည်။


" နယ်စားမင်းထန့်နန်က အရမ်းရက်ရောလွန်းပါတယ်..."


ကိုယ်ရံတော်ဖြစ်သူ၏ သာမန်နှင့် မတူသောပုံစံကို သတိပြုမိ၍ ရွှယ်ကျွင်းလျန်က သူ့နာမည်ကို မေးလိုက်သည်။


ကိုယ်ရံဝောာ်၏နာမည်က ထန့်ယင်းဖြစ်သည်။ သူ့မိသားစုနာမည်က ထန့်ဖြစ်နေသော်လည်း တော်ဝင်မိသားစုဝင်မဟုတ်သည့်အပြင် ကျွန်အဖြစ် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။အပြုအမူအနေအထိုင် ယဉ်ကျေး၍ ယခင်ထန့်တမ်က သူ့ကို ဓားများကိုဂရုစိုက်ရန် တာဝန်ယူခိုင်းခဲ့ခြင်းဖြစ်သည်။ ထန့်ယင်းက စကားပြောဆိုရာတွင် ကျွမ်းကျင်သော်လည်း အထူးတလည်အရည်အချင်း မရှိပေ။

  

ကိုယ်ရံတော်၏ မိတ်ဆက်မှုကို နားဆင်ပြီးသည့်နောက် ရွှယ်ကျွင်းလျန် စိတ်ဝင်စားမှုလျော့နည်းသွားသည်။ လူအများစုက ၎င်းတို့၏ အထက်အရာရှိများကို မြှောက်ပင့်ပြောဆိုရာတွင် ကောင်းမွန်သော်လည်း ၎င်းတို့၏ ဉာဏ်ပညာနှင့် အသိဉာဏ်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။  ထန့်ယင်းက အပေါ်ယံတွင်သာ လူကောင်းတစ်ယောက်ဖြစ်ကြောင်း ရွှယ်ကျွင်းလျန် ပြောနိုင်သည်။


နယ်စားမင်းထန့်နန်က ဧကရီ့ဘက်ကို လှည့်ကြည့်လိုက်ပြီး သူမကို လက်ဆောင်ဆက်သရန်အတွက် ထန့်ယင်းကို အချက်ပြလိုက်သည်။ လက်ဆောင်က တောင်ပိုင်းပင်လယ်မှ ပုလဲများသာဖြစ်သည်။ ထိုအရာများက အမျိုးသမီးများကိုသာ နှစ်သက်သဘောကျစေသော်လည်း ထန့်ယွင်က ၎င်းတို့ကို သဘောမကျပေ။


ဧကရီ၏ လက်ဆောင်အပေါ်  စိတ်မဝင်စားမှုကြောင့် နယ်စားမင်းထန့်နန်၏နှလုံးသားက အောက်ပြုတ်ကျမတတ် ဖြစ်သွားသည်။ ရွှယ်ဝမ်၏ မျက်နှာသာပေးမှုကို ရရှိနိုင်ခဲ့သည့် ဧကရီ၏စွမ်းရည်အကြောင်း ကြားဖူးထားခဲ့၍ တစ်စုံတစ်ယောက်က ဧကရီကိုစိတ်ကျေနပ်အောင် ပြုလုပ်နိုင်ပါက ရွှယ်ဝမ်ကိုလည်း စိတ်ကျေနပ်စေလိမ့်မည်ဖြစ်သည်။ သို့ရာတွင် နယ်စားမင်းထန့်နန်၏ နည်းဗျူဟာက အလုပ်မဖြစ်တော့ပေ။


မကြာမီ စားပွဲသောက်ပွဲ စတင်ပြီဖြစ်၍ ဖျော်ဖြေမှုများလည်း စတင်ပြီဖြစ်သည်။ ဝိုင်အနည်းငယ်သသောက်ပြီးသည့်နောက် နယ်စားမင်းထန့်နန်က ရွှယ်ဝမ်နှင့် အခြားအမတ်များကို ချီးကျူးမြှောက်ပင့်ကာ လူဝင်ဆံ့အောင်ပြုလုပ်နေသည်ကို ထန့်ရှင်းတွေ့သည့်အခါ အလွန်ဒေါသထွက်လာသည်။ သူ့ဓားကိုဆွဲကာ နယ်စားမင်းထန့်နန်ဘက်သို့ ချီတက်လာသည်။


နယ်စားမင်းက အစောင့်များဝန်းရံကာ သက်ဆောင့်သက်သာနေရသည့်ဘဝကို အသားကျနေပြီဖြစ်၍ ထန့်ရှင်း ရှေ့တိုးလာသည်ကို သတိမပြုမိပေ။ နယ်စားမင်း ထန့်နန်၏နောက်တွင် ရပ်နေသည့် ထန့်ယင်းက ထန့်ရှင်း၏ဓားကို ခုံဖြင့် တားဆီးလိုက်သည်။


ခွက်ခနဲအသံဖြင့် ခုံက နှစ်ပိုင်းကျိုးသွားသည်။ ထိုအဖြစ်အပျက်နှင့် အနီးဆုံးတွင် ရပ်နေသည့် ယဉ်ကျေးမှုနှင့် အရပ်ဘက်ရေးရာဝန်ကြီးက ထန့်ရှင်းကို ထိန်းထားလိုက်ပြီး စိတ်လိုက်မာန်ပါမလုပ်ရန် ဖြောင်းဖျလိုက်သည်။ သူတို့အားလုံးက ဘုရင်တစ်ပါးတည်း၏ လက်အောက်ငယ်သားများဖြစ်သည့်အတွက် မကျေနပ်ချက် နာကျည်းချက်များကို ဘေးဖယ်ထားပါက ပိုကောင်းလိမ့်မည်သာ။ ထို့အပြင် စားပွဲသောက်ပွဲက ကျင်းပနေဆဲဖြစ်၍ ရွှယ်ဝမ် ဒေါသထွက်မည်ကို မလိုလားကြပေ။


ထိပ်ဆုံးခုံတွင် ထိုင်နေသည့်ရွှယ်ဝမ်က မေ့စေ့ကို လက်ဖြင့်ထောက်ကာထိုင်နေပြီး အသေးစားရန်ပွဲများကို အာရုံစိုက်ရန် ပျင်းရိနေပုံပေါ်သည်။


ထန့်ယွင်သည်သာ ချွေးသီးချွေးပေါက်များ ကျနေသူဖြစ်သည်။ ထန့်ရှင်းက သူ့အစ်ကို အကြီးဆုံးဖြစ်ပြီး နယ်စားမင်းထန့်နန်က သူ့ဖခင်ဖြစ်သည်။ သူ့မိသားစုဝင်အချင်းချင်း တိုက်ခိုက်နေသည်ကို ထန့်ယွင် မမြင်ချင်ပေ။ အစ်ကိုအကြီးဆုံးထန့်ရှင်းက သစ္စာရှိပြီး ရိုးသားသူတစ်ယောက်ဖြစ်သည်။ သူက တည်တည်ငြိမ်ငြိမ်ရှိလှပြီး အိမ်ရှေ့စံမင်းသားတစ်ယောက်၏ တာဝန်များကိုလည်း ကျေပွန်သည်။ နယ်စားမင်းထန့်နန်က ကိုယ်လုပ်တော်ဝမ်ကို အလွန်အကြူးအလိုလိုက်၍သာ ထန့်ရှင်းက မိမိတိုင်းပြည်ကို သစ္စာဖောက်သူတစ်ယောက်ဖြစ်လာခြင်းပင်။


ရွှယ်ကျွင်းလျန်က ဝိုင်ခွက်ကိုယူပြီး နယ်စားမင်းထန့်နန်နှင့် ခွက်ချင်းတိုက်ရန် ခေါ်လိုက်သည်။ နယ်စားမင်းထန့်နန်က အံ့အားသင့်သွားပြီး ရှေ့သို့ အလျင်အမြန်ပြေးလာသည်။ ဝိုင်သောက်ပြီးသည့်နောက် ရွှယ်ကျွင်းလျန်ရယ်လိုက်သည်။ 


" ကိုယ်တော်ကြားတာတော့ နယ်စားမင်းထန့်နန်မှာ ကိုယ်လုပ်တော်ဝမ်လို့ခေါ်တဲ့ ဇနီးချောလေးရှိတယ်ဆို..."


ရွှယ်ကျွင်းလျန်၏ မှတ်ချက်ပြုမှုကြောင့် ရွှယ်ဝမ်က သူ့ကိုယ်သူ လူဆိုးနေရာတွင်နေပြီး လူအများ၏ကောင်းကွက်များကို အနိုင်ယူတော့မည်ဖြစ်ကြောင်း သိရှိခဲ့သည်။ နယ်စားမင်းထန့်နန်မှာ ရွှယ်ဝမ်၏ မေးခွန်းကို အတည်ပြုရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။


ရွှယ်ကျွင်းလျန်က ပြောလိုက်သည်။


" ကိုယ်တော်ကြားတာတော့ ကိုယ်လုပ်တော်ဝမ်က နေမင်းနဲ့ လမင်း ပေါင်းစပ်ထားတာထက်တောင် ပိုလှတယ်တဲ့ အဲ့ဒါအမှန်ပဲလား..."


ထိုသို့အမေးခံရသည့်အတွက် နယ်စားမင်းထန့်နန်က ခေါင်းခါလိုက်သည်။


" သူမရဲ့အလှက သာမန်ပါပဲ... နေမင်း လမင်းတွေနဲ့ နှိုင်းယှဉ်လို့မရပါဘူး... သူမက ဧကရီအရှင်မရဲ့အလှကိုမှီဖို့ အဝေးကြီးလိုပါသေးတယ်..."


ထိုအဖြေကိုကြားသည့်အခါ ရွှယ်ကျွင်းလျန်က အလွန် စိတ်ကျေနပ်သွားသည်။


" နေတို့ လတို့နဲ့ မနှိုင်းယှဉ်နိုင်ရင်တောင်မှ ကြယ်တွေလောက်တော့ လှမှာပေါ့... အဲ့လိုမှမဟုတ်ရင် မောင်မင်းက သူ့ကို အလိုလိုက်ပါ့မလား..."


ရွှယ်ကျွင်းလျန်၏လေသံက အေးစက်ပြင်းထန်လာသည်။

" ကိုယ်တော့အထင် မင်း အမှားလုပ်မိပြီထင်တယ်..."


နယ်စားမင်းထန့်နန်၏ ခြေထောက်များပင် တုန်ယင်လာကာ ကြမ်းပြင်ပေါ် အမြန်ဒူးထောက်ချလိုက်သည်။

" ကျွန်တော်မျိုးမှာ အပြစ်ရှိပါတယ် အရှင်မင်းကြီး..."


ရွှယ်ကျွင်းလျန်က နယ်စားမင်းထန့်နန်၏ တောင်းပန်နေပုံကို သဘောကျနှစ်ခြိုက်သွားသည်။ သူ ရယ်မောကာ ပြောလိုက်သည်။


" ကိုယ့်အမှားကိုယ်သိပြီဆိုတော့ ပြုပြင်ဖို့အခွင့်အရေးရှိတယ်... ကိုယ်တော်က သဘောထားကြီးမြတ်တဲ့ဘုရင်ဆိုတော့ ကိုယ်လုပ်တော်ဝမ်ကို နယ်စားမင်းဝမ်နျန်ရဲ့ အိမ်တော်ကိုပို့ပေးဖို့ မင်းက်ု အခွင့်အရေးပေးမယ်..."


" အရှင်မင်းကြီး..."

ရွှယ်ဟုန်ယန်က သူ့နာမည်ကို ရုတ်တရက် ကြားလိုက်ရ၍ စိတ်ရှုပ်သွားသည်။

ဘာလို့ ဒီကိစ္စတွေက သူ့ခေါင်းပေါ် ကျလာပြန်တာလဲ...


နယ်စားမင်း ထန့်နန်က တွန့်ဆုတ်နေသည်။


" ကျွန်တော်မျိုး နားမလည်နိုင်ပါဘူး... ဘာလို့ သူမကို  အရှင်မင်းကြီးဆီ မပို့ပဲ နယ်စားမင်းဝမ်နျန်ရဲ့အိမ်တော်ကို ပို့ခိုင်းရတာပါလဲ..."


ရွှယ်ကျွင်းလျန်က အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပြုံးလိုက်သည်။


" မင်းက ကိုယ့်စကားကိုယ် သဘောမပေါက်ဘူးပဲ... မောင်မင်းအရင်တစ်ခါ ဆက်သလိုက်တဲ့မိန်းမပျိုလေးတွေကို ကိုယ်တော်က နယ်စားမင်းဝမ်နျန်ကို ချီးမြှောက်လိုက်တယ်... ဒါပေမဲ့ မင်းမှာ အဲ့သုံးယောက်ထက်လှတဲ့ အမျိုးသမီးတစ်ယောက်ရှိတာတောင် သူမကို မပေးချင်ဘူးဆိုတာ ကိုယ်တော်သိလိုက်ရတယ်... အဲ့ဒီတော့ မင်းက နယ်စားမင်းဝမ်နျန်ကို အထင်သေးတယ်ဆိုတဲ့သဘောပေါ့... မင်းက အမှားလုပ်မိလို့ ကိုယ့်အမှားကို ဝန်ခံပြီးပြီမလား...  ကိုယ်လုပ်တော်ဝမ်ကို နယ်စားမင်း ဝမ်နျန်ရဲ့ အိမ်တော်ကို ပို့ပေးမယ်ဆိုရင် မင်းအပြစ်တွေကြေပြီ... နယ်စားမင်းဝမ်နျန်ကလည်း သဘောထားကြီးတဲ့သူဆိုတော့ မင်းရဲ့ အရင်တုန်းက အမှားကို အပြစ်မတင်လောက်ပါဘူး..."


နယ်စားမင်းထန့်နန်က ကိုယ်လုပ်တော်ဝမ်ကို မဆက်သဖြင့် ရွှယ်ကျွင်းလျန်မှာ အရှက်ရသွားသကဲ့သို့ ပြောလိုက်သည်။ သို့ရာတွင် ထိုနေရာ၌ရှိနေသည့် ညီလာခံအမိတ်များအားလုံးက ဤကိစ္စ၏နောက်ကွယ်မှ အဓိပ္ပါယ်ကို သိကြသည်။ နယ်စားမင်းထန့်နန်က ရွှယ်ဝမ်အတွက် တစ်စက်မှ အရေးပါ မနေပေ။


ရွှယ်ဝမ်က နယ်စားမင်းထန့်နန်ကို မည်သို့ကစား နေသည်ကို ထန့်ရှင်း‌စောင့်ကြည့်နေခဲ့ပြီး သူ၏ဒေါသများလည်း လျင်မြန်စွာ ပြေပျောက်သွားသည်။ ရင်ကော့ ခေါင်းမော့ကာ ရပ်နေလိုက်ပြီးနောက် မဆင်မခြင် မပြုမူတော့ပေ။


xxxxxx