Chapter 62
နယ်စားမင်းထန့်နန် ( ၃ )
နယ်စားမင်းထန့်နန်က နန်းမြို့တော်တွင် ကြာမြင့်စွာ မနေခဲ့ပေ။ သူက ရည်ရွယ်ချက်ရှိရှိဖြင့် ထန့်ယင်းကို နန်းတော်တွင် ကိုယ်ရံတော်အစောင့်အဖြစ် ထားခဲ့ကာ ခြွေရံသင်းပင်းများကိုခေါ်ပြီး တောင်ပိုင်းသို့ ပြန်သွားသည်။ နယ်စားမင်းထန့်နန်က ထန့်ယင်းကို ကိုယ်ရံတော်အဖြစ် ထားခဲ့သည်ဟု ဆိုသော်လည်း အမှန်တွင် ရွှယ်ဝမ်၏လှုပ်ရှားမှုများကို သူ့ထံသို့လျှောက်တင်ရန် သူလျှိုအဖြစ် ထားခဲ့ခြင်းဖြစ်သည်။ သို့မှသာ ကိစ္စတစ်ခုခုဖြစ်လာပါက ကြိုတင်ပြင်ဆင်ထားနိုင်မည်ဖြစ်သည်။
နယ်စားမင်းထန့်နန်က ရောက်လာပြီး ပြန်သွားသော်လည်း နန်းတော်အတွင်းဝင်၍ သမီးဖြစ်သူကို တွေ့မည့်အကြောင်း စကားတစ်ခွန်းမှ မဟခဲ့ပေ။ ထန့်ချမ်ယီက မျှော်လင့်တကြီးဖြင့် အဖေဖြစ်သူနှင့် ပြန်ဆုံတွေ့ရမည့်အချိန်ကို စိတ်ကူးယဥ်နေခဲ့သည်။ ကံမကောင်းစွာဖြင့် ထန့်ချမ်ယီ၏ မျှော်လင့်ချက်များက တစ်ဖက်သတ်သာ ဖြစ်နေခဲ့သည်။ နယ်စားမင်းထန့်နန်မှာ သူမ လက်ထပ်လိုက်ပြီးသည်နှင့် သူ့ထံတွင် သမီးတစ်ယောက်ရှိကြောင်း မေ့သွားခဲ့သညါ။
မကြာမီအချိန်တွင် နယ်စားမင်းထန့်နန်က ကိုယ်လုပ်တော်ဝမ်ကို နယ်စားမင်းဝမ်နျန်၏ အိမ်တော်သို့ ပို့ပေးခဲ့သည်။ ရွှယ်ဟုန်ယန်နှင့် ထန့်ရှန်တို့၏ ဆက်ဆံရေးက ပိုမိုရင်းနှီးလာစဉ်တွင် ရွှယ်ဝမ်က သူ့ကိုလှည့်စားပြီး ကိုယ်လုပ်တော်ဝမ်ကို လက်ခံခိုင်းလိုက်သည်။ ကိုယ်လုပ်တော်ဝမ်က မည်မျှပင် အော်ဟစ်ငိုယိုပြီး တောင်းပန်နေပါစေ ရွှယ်ဟုန်ယန်က သူမကို အိမ်တော်တွင် လက်ခံရမည့်အစား သေကြောင်းကြံလိုက်မည်ဟုပင် ပြောလာသည်။
အဆုံးတွင် ဤကိစ္စကို ရွှယ်ဝမ့်ထံသို့ လျှောက်တင်လိုက်သည်။ ရွှယ်ကျွင်းလျန်က ကိုယ်လုပ်တော်ဝမ်ကို နန်းတွင်းထဲခေါ်လိုက်သော်လည်း သူ့ကို ဇနီးအဖြစ်လက်ခံခြင်းမဟုတ်ပဲ ကျူးရှို့နန်းဆောင်မှ ကိုယ်လုပ်တော်ရွေးပွဲတွင် ပါဝင်နေသည့် မိန်းကလေးများထံ ပို့လိုက်သည်။
ကိုယ်လုပ်တော်ဝမ်၏ ကိစ္စပြီးသည့်နောက်တွင် ရွှယ်ကျွင်းလျန်က စာတစ်စောင် လက်ခံရရှိခဲ့သည်။ ထိုစာအရ စစ်ပွဲပြီးဆုံးသွားပြီးနောက်တွင် ထန့်တိုင်းပြည်တွင်း၌ ရောဂါတစ်မျိုး ပျံ့နှံ့လာခဲ့သည်။ အခုနောက်ပိုင်းတွင် ကူးစက်သူဦးရေက သိသိသာသာ တိုးမြင့်လာခဲ့သည်။ ရောဂါကူးစက်ပြန့်ပွားနေခြင်းအား တားစီးရန်အတွက် နယ်စားမင်းထန့်နန်က ရောဂါကူးစက်နိုင်သည့် နေရာများတွင် နေထိုင်သူများအား မြို့အပြင်ဘက်သို့ မောင်းထုတ်ခဲ့ပြီး အစောင့်ရဲမက်များအား ဂိတ်တံခါးကို ပိတ်ထားရန် အမိန့်ပေးခဲ့သည်။
မြောက်များစွာသောလူများက နေစရာအိမ်ကင်းမဲ့သွား၍ ရွှယ်တိုင်းပြည်ပိုင်နက်အတွင်း ဒုက္ခသည်အဖြစ် ခိုလှုံရန် ကြိုးစားတော့သည်။ နယ်စားမင်းထန့်နန်က ရောဂါကူးစက်မှုပပျောက်စေရေးအတွက် ငွေကြေး လုံလောက်စွာ မရှိသဖြင့် ရွှယ်ဝမ်ကို ဘဏ္ဍာငွေအချို့ တောင်းခံရန်အတွက် ဤစာကိုပို့လိုက်ခြင်းဖြစ်သည်။
ဤစာရောက်ရှိလာသည်မှာ အလွန်နောက်ကျသွားခဲ့သည်။
ဒုက္ခသည်များမှာ နေစရာအိမ်နှင့် အစားအစာမရရှိကြ၍ မြို့ရိုးအောက်၌ပင် အများအပြားသေဆုံးကုန်ကြသည်။ သူတို့၏အလောင်းများက တောင်တစ်လုံးကဲ့သို့ ပုံနေပြီး မနှစ်မြို့ဖွယ်အနံ့များ ထွက်ကုန်သည်။ အသက်ရှင်ကျန်နေခဲ့ပြီး ဗိုက်ဆာနေသော ဒုက္ခသည်များမှာ အော်ဟစ်ငိုယိုလျက်ပင် ထိုအလောင်းများကို စားသောက်နေရသည်။
မြို့ရိုးပေါ်မှ စောင်ကြည့်နေကြသော စစ်သည်များက ထိုမြင်ကွင်းများကို မကြည့်ရဲကြပေ။
ရွှယ်ကျွင်းလျန် အလွန်ဒေါသထွက်သွားသည်။ ညီလာခံအမတ်များရှေ့၌ပင် ထိုစာကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ပြီး အေးစက်စက်ရယ်လိုက်သည်။
" နယ်စားမင်းထန့်နန် အဲ့ဒီ မျိုးမစစ်ကောင်ကတော့..."
အမတ်များအားလုံး ခေါင်းသာငုံ့နေကြပြီး ရွှယ်ဝမ်၏ဒေါသကို မီးမြိုက်လိုက်သကဲ့သို့ဖြစ်စေမည့် စကားများကိုလည်း မပြောရဲကြပေ။ သို့မဟုတ်ပါက လက်ဝှေ့ထိုးသည့် သဲအိတ်အဖြစ် အဆုံးသတ်သွားနိုင်သည်။
ခဏအကြာတွင် အမတ်အချို့က ထန့်တိုင်းပြည်သို့ စားနပ်ရိက္ခာများ ပို့ဆောင်ပေးရန် ဂရုတစိုက်ဖြင့် လျှောက်တင်လာကြသည်။ ယခုအချိန်တွင် ဒုက္ခသည်များအား အစားအစာပို့ဆောင်ပေးရန် လိုအပ်နေသည်။ သို့မဟုတ်ပါက ပိုမိုများပြားသည့် ဒုက္ခသည်များက ရွှယ်တိုင်းပြည်ပိုင်နက်ထဲသို့ ပြောင်းရွှေ့လာကြမည်ဖြစ်ပြီး ရောဂါက ပိုမိုပျံ့နှံ့သွားမည်သာဖြစ်သည်။ ထို အချိန်ရောင်ပါက ကူးစက်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် ခက်ခဲသွားလိမ့်မည်။
ချန်ယီ ပြောလိုက်သည်။
" တာ့ဝမ် အဲ့ဒါက နယ်စားမင်းထန့်နန်ရဲ့ လှည့်စားချက် ဟုတ်မဟုတ် ကျွန်တော်မျိုးတို့ သေချာမသိသေးပါဘူး... သူက ဒုက္ခသည်တွေကို တမင်နှင်ထုတ်လိုက်ပြီး သူ့မှာ အာဏာနဲ့ ငွေကြေးမရှိဘူးလို့ ထင်သွားအောင် အယုံသွင်းပြီး တာ့ဝမ်ကို သူ့စစ်အင်အားတွေ ပြန်ပို့ပေးအောင် လုပ်နေတာလည်း ဖြစ်နိုင်ပါတယ်... ကျွန်တော်မျိုးတို့ ထန့်တိုင်းပြည်ကို စားနပ်ရိက္ခာတွေ ပို့ပေးလိုက်ရင် ငါးကို ရေထဲပြန်လွှတ်ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်... နယ်စားမင်းထန့်နန်ကလည်း သူ့ရဲ့တာဝန်ဝတ္တရားတွေနဲ့ ဒီကိစ္စရဲ့ အကျိုးဆက်တွေကနေ လွတ်မြောက်သွားနိုင်ပါတယ်..."
ချန်ယီပြောနေသည်များက ယုတ္တိရှိသော်လည်း အချို့လူများက သွေးအေးလွန်းသည်ဟု တွေးနေကြသည်။ ဒုက္ခသည်များအား လျစ်လျူရှု့ထား၍ မရပေ။ ယခင်ကမူ ထန့်တိုင်းပြည်ကို ရွှယ်တိုင်းပြည်က မပိုင်ဆိုင်ခဲ့၍ သူတို့ ဘာမှမလုပ်ပဲ ထိုင်ကြည့်နေ၍ ရသေးသည်။ သို့သော် ယခုအခါတွင် "ထန့်"သည်လည်းသူတို့နယ်မြေများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်လာ၍ ဒုက္ခသည်များကလည်း ရွှယ်တိုင်းပြည်သားများသာဖြစ်လာသောကြောင့် မဖြစ်မနေ ကူညီရတော့မည်သာဖြစ်သည်။
62.2
ရွှယ်ကျွင်းလျန်ပြောလိုက်သည်။
" မောင်မင်းက ဒီအကြောင်း ပြောရဲတယ်ဆိုတော့ အကြံဉာဏ် ရှိပုံပဲ..."
" မှန်လှပါ... တာ့ဝမ်က စားနပ်ရိက္ခာတွေနဲ့အတူ စစ်သားတွေကိုပါ ပို့လိုက်ပြီး နာမကျန်းဖြစ်နေတဲ့သူတွေကို ကုသပေးဖို့ သမားတော်အများအပြားလည်းစေလွှတ်နိုင်ပါတယ်... နယ်စားမင်းထန့်နန်က ကျွန်တော်မျိုးတို့ကို ထန့်တိုင်းပြည်နယ်စပ်ထဲ လာစေချင်တာဆိုတော့ ဒီအခွင့်အရေးကိုအသုံးချပြီး အဲ့နေရာကို စစ်တပ်တွေလွှတ်ထားရင်ရော ဘယ်လိုသဘောရပါသလဲ..."
ရွှယ်ဟုန်ယန် ရှေ့တိုးလာသည်။
" တကယ်လို့ ဒီအချိန်မှာ စစ်တပ်တွေစေလွှတ်လိုက်မယ်ဆိုရင် အများကဲ့ရဲ့စရာ ဖြစ်သွားပါလိမ့်မယ်... တာ့ဝမ်က ပြဿနာဖြစ်နေတဲ့အချိန်မှာမှ စစ်တပ်တွေ စေလွှတ်လိုက်ရင် လူတွေ အမြင်မကြည်ဖြစ်သွားပြီး ပြည်သူတွေရဲ့ နှလုံးသားကိုရဖို့ ခက်ခဲသွားပါလိမ့်မယ်..."
ချန်ယီ ပြုံးလိုက်သည်။
" ပြည်သူတွေရဲ့ နှလုံးသားကို ရရှိဖို့တဲ့လား... တကယ်နယ်စားမင်းထန့်နန်က ရွှယ်တိုင်းပြည်ကို သစ္စာခံလိုက်ရတဲ့ အဓိက အကြောင်းရင်းက ပြည်သူတွေရဲ့နှလုံးသားကို မရရှိလို့ပဲလေ... တာ့ဝမ် စစ်တပ်နဲ့ သမားတော်တွေ ပို့ပေးတာအပြင် ဆေးဝါးတွေလည်း ထောက်ပံ့ပေးလို့ ရပါတယ်..."
ရွှယ်ကျွင်းလျန် ယခုမှသာ စကားဝင်ပြောလာသည်။
" အိုး... ဘာဆေးဝါးများလဲ..."
" အဲ့ဒီ ဆေးဝါးကတော့ တာ့ဝမ်ကိုယ်တိုင်ပါပဲ... ထန့်တိုင်းပြည်က ဒုက္ခသည်တစ်ယောက်လို့ ကိုယ့်ကိုကိုယ် စိတ်ကူးယဉ်ကြည့်ပါ... နယ်စားမင်းထန့်နန်က ဒုက္ခသည်တွေကို မြို့ပြင်နှင်ထုတ်လိုက်ချိန်မှ ရွှယ်ဝမ်ကိုယ်တိုင်ရောက်လာပြီး လာကူညီမယ်ဆိုရင် လူတွေက ခေါင်းဆောင်ကောင်းက ဘယ်သူဆိုတာ စဉ်းစားတွေးတောနိုင်သွားမှာပါ..."
" ဒါပေမဲ့... ဒီ အဆိုပြုချက်က ကောင်းတယ်ဆိုပေမယ့် အရှင်မင်းကြီးရဲ့ လုံခြံမှုနဲ့ ကျန်းမာရေးက အရေးကြီးဆုံးအရာပဲလေ... မင်းကြီး နာမကျန်းဖြစ်သွားခဲ့ရင်..."
ရွှယ်ဟုန်ယန် ပြောလိုက်သည်။
" နယ်စားမင်းဝမ်နျန်က အစိုးရိမ်လွန်နေတာပဲ... တာ့ဝမ်က ခဏပဲ လူလုံးပြပေးဖို့လိုတာပါ ရောဂါပြင်းထန်နေတဲ့နေရာတွေကို သွားစရာမလိုပါဘူး... ဒုက္ခသည်တွေ အများကြီးရှိပေမယ့် တာ့ဝမ်က တစ်ယောက်ချင်းစီကို လိုက်တွေ့နေစရာမှ မလိုတာ..."
ရွှယ်ကျွင်းလျန်က အချိန်ကြာသည်အထိ စကားတစ်ခွန်းမှ မပြောပေ။ နောက်ဆုံးတွင်မှ ခေါင်းတစ်ချက်ငြိမ့်ပြီး ပြောလိုက်သည်။
" ကိုယ်တော် ဒီကိစ္စကို စဉ်းစားလိုက်ပါဦးမယ်..."
ညီလာခံပြီးဆုံး၍ အမတ်များကို ပြနိခွင့်ပြုလိုက်ပြီးသည့်နောက်တွင် ရွှယ်ကျွင်းလျန်က ဤကိစ္စတစ်ခုတည်းကိုသာ တွေးတောနေမိ၍ ကိုယ်တိုင်ပင်သတိမထားမိလိုက်ပဲ ယွင်ဖုန့်နန်းဆောင်ဘက်သို့ ဦးတည်လိုက်မိသည်။
ထန့်ယွင်သည်လည်း ဒုက္ခသည်များအကြောင်းကို ကြားထား၍ ရွှယ်ကျွင်းလျန်က သူ့ထင်မြင်ချက်များကို လာမေးမည်ကို သိသောကြောင့် စောင့်နေမိသည်။
ယွင်ဖုန့်နန်းဆောင်သို့ ရောက်သည့်အခါ ရွှယ်ကျွင်းလျန်က ချက်ချင်းစကားမပြောပေ။ အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်နေ၍ ထန့်ယွင် အစဖော်ပေးလိုက်ရသည်။
" မင်းကြီး ထန့်ကျန့်ရွှမ် အကြောင်းကို သိပါသလား..."
ဧကရီ၏ ရုတ်တရက်ဆန်လှသည့်မေးခွန်းကြောင့် ရွှယ်ကျွင်းလျန် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
" သေချာပေါက် သိတာပေါ့ သူက အရင် ထန့်မင်းကြီးလေ..."
ထန့်ယွင် ပြောလိုက်သည်။
" ထန့်ကျန့်ရွှမ်က နှစ်သုံးဆယ်တောင် ထီးနန်းစိုးစံခဲ့ပြီးတော့ အဲ့အချိန်တွင်းမှာ ထန့်တိုင်းပြည်က ကြွယ်ဝချမ်းသာပြီး အေးချမ်းခဲ့တယ်... နယ်စားမင်းထန့်နန်ကတော့ ၁၅နှစ်ပဲ အုပ်ချုပ်ခဲ့ရသေးတာတောင်မှ သူ့လက်ထက်မှာ တိုင်းပြည်က ပြိုကွဲလုနီးနီးဖြစ်နေပြီ..."
—
xxxxx