အပိုင်း ၆၃
Viewers 14k

Chapter 63

ဘုရင်တစ်ပါး ဖြစ်ထိုက်တဲ့သူက တိုင်းသူပြည်သားတွေကို ငြိမ်းချမ်းမှုတွေ ယူဆောင်လာပေးတယ်


ဧကရီက ဤကိစ္စက စကားစလိုက်သည့်အတွက် ရွှယ်ကျွင်းလျန် ဇဝေဇဝါဖြစ်သွားသည်။ တစ်ခါတစ်ရံတွင် အချို့ကိစ္စများက ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း အလွန်ရိုးရှင်းနေလေ့ရှိသည်။ ဤကိစ္စသည်လည်း ထိုသို့ပင်ဖြစ်သည်။ ဧကရီက နာမည်တစ်ခုကို ပြောပြလိုက်ရုံဖြင့် ရွှယ်ကျွင်းလျန်မှာ သူတွေးနေသောကိစ္စ၏အဖြေကို ရှာတွေ့သွားပြီး အလွန်ရိုးရှင်းသည့်ကိစ္စဟု ထင်သွားသည်။


ရွှယ်ကျွင်းလျန် စိတ်ကြည်သွားသည်ကိုသိ၍ ထန့်ယွင်ပြောလိုက်သည်။


" အရှင်မင်းကြီး ထန့်ရှန်က ထန့်တိုင်းပြည်ကို ဘာလို့ သစ္စာရှိနေရတယ်ဆိုတာ သိပါသလား... ထန့်ရှန်က တခြားယောက်ျားတစ်ယောက်ကို အသက်ရှင်ဖို့အတွက် လက်ထပ်လိုက်ရပြီ ထန့်တိုင်းပြည်ကို သစ္စာခံနေရတာကိုရော ‌ဘာကြောင့်လဲ သိပါရဲ့လား... ဒါတွေအားလုံးက ထန့်ရှန်က အရူးဖြစ်နေလို့မဟုတ်ပဲ သူ ရရှိခဲ့တဲ့ အကြင်နာတရားတွေကို ပြန်ပေးဆပ်ချင်ခဲ့လို့ပါ..."


ထန့်ယွင် ဆက်ပြောသည်။ 


" အဲ့နှစ်က ထန့်ကျန့် ရွှမ်က ရန်သူတွေအများကြီးနဲ့ တိုက်ပွဲဝင်ခဲ့ရတယ်... စစ်ပွဲတစ်ခုဖြစ်တိုင်း လူပေါင်းများစွာက ဒဏ်ရာအနာတရဖြစ်ကြပြီး ရောဂါတွေဖြစ်ကြတယ်... စစ်ပွဲရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် စစ်ပွဲဒဏ်အခံရဆုံးက အပြစ်ကင်းတဲ့ သာမန်ပြည်သူတွေပဲ... ထန့်ကျန့်ရွှမ်က လူနာတွေကိုလာကြည့်ဖို့ ဘယ်တုန်းကမှ မတွန့်ဆုတ်ခဲ့ဖူးဘူး... သူတို့ကို ကိုယ်တိုင်လည်း စားစရာတွေကျွေးတယ်... တစ်ခါက သေခါနီးဖြစ်နေတဲ့ ကလေးလေးကိုတောင် ကယ်ခဲ့ဖူးတယ်... အဲ့ကလေးလေးက အရမ်းသနားစရာကောင်းလွန်းလို့ သူ့သားအဖြစ်ပါ မွေးစားမလို့ တွေ့ခဲ့ဖူးတယ်... အဲ့ကလေးလေးက ထန့်ကျန့်ရွှမ်ကို သူရက်အနည်းငယ်လောက် နွေးနွေးထွေးထွေးနေနိုင်ဖို့ အဝတ်အစားတစ်စုံပဲ တောင်းခဲ့တာ... အဲ့နောက်မှာ ထန့်ကျန့်ရွှမ်က အဲ့ကလေးကို ထန့်ရှန်လို့ နာမည်ပေးခဲ့တယ်..."


[T/N : ရှန့်ဆိုတဲ့စာလုံးက ယီရှန့်ဆိုတဲ့စာလုံးက လာတာပါ အဓိပ္ပါယ်ကတော့ "အဝတ်အစား" ပါ ]


ရွှယ်ကျွင်းလျန်က တိတ်ဆိတ်စွာ နားထောင်နေပြီးနောက် သက်ပြင်းချလိုက်သည်။


" အံ့ဩစရာ မရှိတော့ပါဘူး..."


" အရှင်မင်းကြီးက တစ်လောကလုံးကို လက်ထဲမှာ အပိုင်စားရထားတာပဲ... ဒီတစ်ကြိမ်မှာတော့ ကိုယ့်လက်ကိုကိုယ်သုံးပြီး ပြည်သူတွေကို အေးချမ်းမှုတွေ ယူဆောင်လာခဲ့ပေးပါလား..."


ရွှယ်ကျွင်းလျန်က အချိန်ကြာမြင့်စွာ တွေးတောနေပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ ယွင်ဖုန့်နန်းဆောင်မှ ပြန်လာပြီးသည့်နောက်တွင် အိမ်တော်သို့ ပြန်လာသည်။ ကပ်ဘေးမှ ကယ်ဆယ်ရေးတာဝန်များကို ဆွေးနွေးရန်အတွက် မှူးမတ်များအားလုံး ဆင့်ခေါ်ရန် ကျန်းယွီကို ဆင့်ခေါ်ခိုင်းလိုက်သည်။


စစ်သူကြီးထန့်ယွင်က ရွှယ်ဝမ်ကို ဖြောင်းဖျလိုက်သည်ဟု ချန်ယီ သိလိုက်သည်။ သူပြုံးပြပြီး ဦးညွှတ် အရိုအသေပြုလိုက်သည်။ 


" ဘုရင်တစ်ပါး ဖြစ်ထိုက်တဲ့သူက တိုင်းသူပြည်သားတွေကို ငြိမ်းချမ်းမှုတွေ ယူဆောင်လာပေးပါတယ်..."


ကပ်ဘေးကိစ္စကို ဖြေရှင်းရန်အတွက် စီမံဆောင်ရွက်ရခြင်းက အလျင်စလိုလုပ်ဆောင်ရန်လိုအပ်သော်လည်း ခရီးထွက်ရန်ကိစ္စကမူ အချိန်တစ်ခုယူရမည်ဖြစ်သည်။ ရွှယ်ကျွင်းလျန်က ပြင်ဆင်မှုတိုင်းကို တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်းသာ လုပ်ဆောင်ခိုင်းသော်လည်း ထိုနေရာသို့ရောက်ရန် အချိန်အတန်ငယ် ကြာမြင့်ဦးမည်ဖြစ်သည်။ သို့ဖြစ်၍ ချန်ယီနှင့်အတူ လူအနည်းငယ်ခေါ်ဆောင်သွားပြီး ထန့်တိုင်းပြည်တွင် အစားအစာဝေမျှရေးနေရာများ ဦးစွာပြုလုပ်ရန် အမိန့်ပေးလိုက်သည်။


ချန်ယီက အမိန့်ကို ချက်ချင်းလက်ခံလိုက်သည်။ ရွှယ်ဝမ်က အသေးစိတ် ညွှန်ကြားချက် မပေးလိုက်သော်လည်း ချန်ယီက လုပ်ဆောင်ရမည့်ကိစ္စများကိုသိသည်။ ရွှယ်ဝမ်၏နန်းဆောင်မှ ထွက်လာသည်နှင့် သူ့လူများကို ပစ္စည်းကိရိယာအနည်းငယ်ရှာဖွေရန် အမိန့်ပေးလိုက်သည်။ သူ မကြာမီ ထွက်ခွာရတော့မည်ဖြစ်သည်။


ဤတစ်ကြိမ်တွင် ရွှယ်ကျွင်းလျန်က နန်းမြို့တော်နှင့် အတော်အတန် ဝေးသည့်နေကာကို သွားရောက်ရမည်ဖြစ်သည်။ ရွှယ်ဟုန်ယန်ကို ကိစ္စအားလုံး ကြီးကြပ်ဆောင်ရွက်ခိုင်းထားလိုက်သည်။   မည်သည့်စစ်တပ်မဆို ရွှယ်ဟုန်ကို အသိပေးပြီးမှ ၎င်းတို့အား ပြောင်းရွှေ့ခြင်း သို့မဟုတ် ပြောင်းရွှေ့ခြင်းမပြုမီ သူ၏တရားဝင်တံဆိပ်ပြားဖြင့် အတည်ပြုခြင်း ပြုလုပ်ရမည်ဖြစ်သည်။ 


ရက်အနည်းငယ်အကြာတွင် ရွှယ်ကျွင်းလျန်၏ ခရီးစဉ်အတွက် ပြင်ဆင်ခြင်းများက ပြီးဆုံးသွားပြီဖြစ်သည်။ သူ ထွက်ခွာရတော့မည့်အချိန်က တဖြည်းဖြည်းနီးကပ်လာသော်လည်း ဧကရီက သူ့ကိုတစ်ကြိမ်တစ်ခါမှ လာရောက်တွေ့ဆုံခြင်း မရှိခဲ့ပေ။  ရွှယ်ကျွင်းလျန်က ကူကယ်ရာမဲ့စွာဖြင့်ပင် ထိုညတွင် ယွင်ဖုန့်နန်းဆောင်၌ အချိန်ကုန်ဆုံးရန် သွားရတော့မည်ဖြစ်သည်။


ရွှယ်ဝမ်က နောက်‌တစ်နေ့မနက်တွင် ထွက်ခွာတော့မည်ကိုသိ၍ ယနေ့ညတွင် ဧကရီ၏နန်းဆောင်တွင် လာအိပ်ရုံသက်သက် မဟုတ်ကြောင်းကို ရှို့ယောင် သ‌ဘောပေါက်သည်။ သူမက အရိပ်အကဲနားလည်စွာဖြင့် နန်းတွင်းအပျိုတော်များကို အခန်းထဲမှ ထွက်သွားခိုင်းထားသည်။ ထန့်ယွင်မှာ အတွေးပင်လယ်ထဲနစ်မျောနေ၍ ရှို့ယောင်၏ အကြံအစည်များကို သံသယ မဝင်ပေ။


ထန့်ယွင်နှင့် ရွှယ်ကျွင်းလျန်က ယခုနောက်ပိုင်းတွင် လက်ပွန်းတတီး မနေဖြစ်ကြတော့ပေ။ အထူးသဖြင့် ရွှယ်ဟုန်ယန်က ထန့်တိုင်းပြည်သို့သွားပြီး ထန့်ရှင်း၏ ပုန်ကန်မှုကို သွားရောက်ဖိနှိပ်စဉ် အချိန်မှစ၍ ဖြစ်သည်။ ရွှယ်ကျွင်းလျန်မှာ သူတို့နှစ်ယောက်ကြားတွင် တစ်ခုခုဖြစ်လာစေချင်ခဲ့သော်လည်း အဆုံးတွင်လည်း သူ့ဘက်မှစ၍ မလှုပ်ရှားနိုင်တော့ပေ။


တစ်ဖက်တွင်မူ ထန့်ယွင်က အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ရောက်နေခဲ့ရသော်လည်း သူ့စိတ်က ယောက်ျားသားတစ်ယောက်၏စိတ်သာဖြစ်သည်။ သို့သော်လည်း ထန့်ယွင်က ရွှယ်ကျွင်းလျန်ကို ယခင်ကကဲ့သို့ မမုန်းတီးတော့သည့်အပြင် ရွှယ်ကျွင်းလျန်က မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်ကြောင်းပါ သူ့စိတ်ထဲ ဝန်ခံလာမိသည်။ သူနှင့် ရွှယ်ကျွင်းလျန်အကြားမှ ဆက်ဆံရေးက မည်သို့ဖြစ်နေသည်ကို ထန့်ယွင် မတွေးတောနိုင်ခဲ့ပေ။


သာမန်လူများထက်သာလွန်သည့် ဉာဏ်ရည်ဉာဏ်သွေးရှိသော်လည်း ထန့်ယွင်က ခံစားချက်များနှင့် ပတ်သက်လာပါက ညံ့ဖျင်းလှသည်။ စစ်ပွဲနှင့်ဆိုင်သော သဘောတရားများကို အဆုံးမရှိ ထိုင်ပြောနေနိုင်သော်လည်း လူနှစ်ယောက်အကြားမှ ခံစားချက်အကြောင်း ပြောမည်ဆိုပါက ထန့်ယွင်၏ခေါင်းထဲတွင် မည်သည့်အရာမှ မရှိပေ။


ရံဖန်ရံခါတွင် ရွှယ်ကျွင်းလျန်ကသူ့ကို‌ ပွေ့ဖက်နမ်းရှုံ့ခြင်းများရှိသော်လည်းခုလက်ရှိတွင် ထန့်ယွင်က သူ၏ ဧကရီဖြစ်နေသောကြောင့်သာ ဖြစ်သည်။  ရွှယ်ကျွင်းလျန်ဘက်မှ ကြည့်လျှင်လည်း ဇနီးဖြစ်သူနှင့် နီးစပ်စွာနေချင်သည်မှာ သဘာဝဖြစ်သည်။


ဘယ်လိုယောကျာ်းကရော ဇနီးဖြစ်သူကလွဲပြီး တခြားလူနဲ့ တရင်းတနှီး နေချင်မယ်တဲ့လဲ...


  ရွှယ်ကျွင်းလျန်က ဘုရင်တစ်ပါးဖြစ်၍ မည်သည့်အရာကိုမဆို လွယ်ကူကူရနိုင်ခြင်းကို အသားကျနေသည်။ သူ့အတွက်မူ ဧကရီ့အပေါ် ခံစားချက်များအား ပွက့်လင်းရိုးသားစွာ ပြောပြရန်က မလွယ်ကူလှပေ။


ရလဒ်အနေဖြင့် ထန့်ယွင်ကို အမြဲစနောက်နေတတ်သော   ရွှယ်ကျွင်းလျန်နှင့်   ရွှယ်ကျွင်းလျန် စနောက်နေသည်ကို အသားကျနေသည့် ထန့်ယွင်တို့မှာ စားပွဲခုံတွင် တူတူထိုင်နေကြသော်လည်း စကားတစ်ခွန်းမှ မပြောတော့ပဲ တိတ်ဆိတ်နေသည်။


အခန်းထဲတွင် အပျိုတော်များအားလုံးလည်း မရှိကြပဲ သူတို့နှစ်ယောက်တည်းသာရှိ၍ အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသည်။ တံခါးများကိုပိတ်ထားပြီး ဖယောင်းတိုင်မီး အရောင်များသာရှိသည်။ စားပွဲပေါ်တွင်မူ ပေါ့ပေါ့ပါးပါးဟင်းပွဲအချို့နှင့် ဝိုင်များရှိသည်။


  ရွှယ်ကျွင်းလျန်က အဝေးကို သွားရတော့မှာဆိုတော့ သူ့ဇနီးဖြစ်တဲ့ ဧကရီက သူနည်းနည်းလောက် စိတ်ပျော်အောင်တော့ လုပ်ပေးသင့်တာမဟုတ်ဘူးလား... သူက အချိန်တစ်ခုလောက်အထိတော့ နန်းတော်မှာ ရှိနိုင်မှာ မဟုတ်ဘူးလေ...


ထန့်ယွင်က   ရွှယ်ကျွင်းလျန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။   ရွှယ်ကျွင်းလျန်က မစားမသောက် စကားမပြောပဲနှင့် ထိုင်ရုံသာထိုင်နေခြင်းကို သူ နားမလည်နိုင်ဖြစ်နေသည်။

မနက်ဖြန်မနက်စောစော သွားရမှာကို စောစောအိပ်ရာဝင်ပြီး အနားယူတာ မကောင်းဘူးလား...


  ရွှယ်ကျွင်းလျန် နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။ ချောင်းဟန့်ကာ ပြုံးပြလိုက်သည်။

" ဒီအတိုင်း ထိုင်နေရတာ ပျင်းစရာကြီး... ကိုယ်တော့်ကို ပုံပြင်တချို့ မပြောပြချင်ဘူးလား.

63.2


  ရွှယ်ကျွင်းလျန်က ပျင်းနေတာကို ထွက်မသွားပဲနဲ့ ပုံပြင် ထိုင်ပြောပြခိုင်းနေတာလား... အိမ်ရှေ့စံမင်းသားလေး ရွှယ်ဖေကလည်း ထန့်ယွင်ဆီ အမြဲတန်းလာလည်ပြီး ပုံပြင်တွေ ဖတ်ပြခိုင်းတတ်တယ်... သားအဖနှစ်ယောက် တော်တော်တူကြတာပဲ...အခုတော့ ပုံပြင်နားထောင်ချင်တာ ရွှယ်ဖေတစ်ယောက်တည်း မဟုတ်တော့ဘူး...


ထန့်ယွင်က သူ့မှတ်ဉာဏ်များထဲကို အနည်းငယ် ပြန်တွေးတောလိုက်သည်။ 

သူက စစ်ပွဲ‌အကြောင်းတွေပဲ သိတဲ့အပြင် တော်တော်များများကလည်း ရွှယ်တိုင်းပြည်နဲ့ဖြစ်ခဲ့တဲ့ စစ်ပွဲတွေဆိုတော့   ရွှယ်ကျွင်းလျန်ကို ပြောပြလည်း ကြိုက်မှာ မဟုတ်ဘူး... 


နောက်ဆုံးတွင် ထန့်ယွင်က ‌သမိုင်းထဲမှ အကြောင်းအရာများကိုသာ ပြောပြရန် ရွေးချယ်လိုက်သည်။


ထန့်ယွင်က တောင်ပိုင်းရှိ ထန့်တိုင်းပြည်မှ ဖြစ်သဖြင့် ရွှယ်တိုင်းပြည်ယဉ်ကျေးမှုနှင့် မတူညီပဲ ကွဲပြားခြားနားမှု များစွာရှိသည်။ ပျင်းရိနေ၍ စကားမရှိစကားရှာလိုက်သော   ရွှယ်ကျွင်းလျန်မှာ သူပြောပြသည်များကို သဘောကျနှစ်သက်သွားသည်။


" မင်းက ဗဟုသုတတွေ စုံမှန်းတော့သိပေမယ့် ထန့်တိုင်းပြည်အကြောင်း ဒီလောက် နှံ့စပ်အောင်သိမယ် မထင်ထားဘူး...


ထန့်ယွင်မှာ မလိုအပ်ပဲ စကားများစွာပြောမိသွား၍ ရင်တုန်သွားသည်။ သို့ရာတွင်  ရွှယ်ကျွင်းလျန်ကို တစ်ချက်ကြည့်လိုက်ချိန်တွင် သံယယဝင်ပုံမရ၍ ထန့်ယွင်၏စိတ်ထဲ တည်ငြိမ်သွားသည်။


" ဟုန်ယန်ပြောတာတော့ သူ မင်းဆီကနေ မြေပြင်စစ်ပွဲအကြောင်း နည်းဗျူဟာတွေ သင်ကြားခဲ့ရတယ်တဲ့... ဒါပေမဲ့ ပင်လယ်ပြင် တိုက်ပွဲတွေအကြောင်းတော့မသိသေးဘူးပြောတယ်... နောက်တစ်ကြိမ်မှ မင်းဆီလာပြီး လေ့လာလိမ့်မယ်..."


ထန့်ယွင် တွန့်ဆုတ်နေပြီး ချက်ချင်း ပြန်မဖြေနိုင်ပေ။ ထန့်တိုင်းပြည်က ရွှယ်တိုင်းပြည်၏ တစ်စိတ်တစ်ပိုင်းဖြစ်သွား၍ ထန့်ဝမ်က နယ်စားမင်းထန့်နန်ဖြစ်သွားသော်လည်း သူ့အတွေ့အကြုံများကို ရန်သူတိုင်းပြည်၏ ခေါင်းဆောင်စစ်သူကြီးဖြစ်သည့် ရွှယ်ဟုန်ယန်ကို ပြောပြရန် တွန့်ဆုတ်နေမိသည်။


နယ်စားမင်းဝမ်နျန်ကိုအနိုင်ယူရာတွင် ထန့်ယွင် ၏ယုံကြည်စိတ်ချရဆုံး ဗျူဟာမှာ ရေတပ်များကို ကျွမ်းကျင်စွာ ဦးဆောင်နိုင်မှုကြောင့်ပင်ဖြစ်သည်။


ရွှယ်ဟုန်ယန်က မြောက်ပိုင်းတွေ မွေးဖွားလာခဲ့သူဖြစ်သည်။ မြောက်ပိုင်းတွင် ထန့်တိုင်းပြည်ကဲ့သို့ မြစ်ချောင်းနှင့် ပင်လယ်များစွာမပေါများပေ။ ထန့်တိုင်းပြည်မှ စစ်သည်များက ကုန်းတွင်းပိုင်းတွင်သာ တိုက်ခိုက်ရသည်ကို အသားကျနေ၍ စစ်မြေပြင်က ပင်လယ်ထဲသို့ ရွှေ့သွားပါက သူတို့အားလုံး ကူကယ်ရာမဲ့သွားစေနိုင်သည်။ ပင်လယ်ပေါ်မှ သင်္ဘောများက ပင်လယ်ရေလှိုင်းများကြောင့် ဘေးဘယ်ညာယိမ်းနေ၍ မတည်ငြိမ်လှပေ။ သို့ဖြစ်၍ ရွှယ်တိုင်းပြည်စစ်သားများ၏ သုံးနေကျလက်နက်များဖြစ်သည့် ဓားနှင့် လှံရှည်တို့ကို သုံးရမည်ဆိုပါက ခက်ခဲလိမ့်မည်သာဖြစ်သည်။


ဖယောင်းတိုင်မီးရောင်အောက်တွင် လူနှစ်ယောက်က အချိန်ကြာမြင့်စွာ စကားပြောနေကြသည်။ ဧကရီက ပင်ပန်းပြီး အိပ်ချင်လာသည်ကို ရွှယ်ကျွင်းလျန် သတိပြုမိသွားသည်။ ရှို့ယောင်ကိုခေါ်၍ ဝိုင်နှင့် ဟင်းပွဲများ သိမ်းဆည်းခိုင်းကာ အိပ်ရာပြင်ခိုင်းလိုက်သည်။


ရွှယ်ကျွင်းလျန်က အိပ်ရာ၏ အစွန်ဘက်ခြမ်းတွင် လှဲလျောင်းကာ မျက်နှာကျက်ကို စိုက်ကြည့်နေသည်။ အကယ်၍ ဤခရီးစဉ်က ဒုက္ခသည်များကို ကူညီရခြင်းမဟုတ်ပါက သူ မသွားချင်ပေ။ ဧကရီကို အချိန်ကြာမြင့်စွာ မတွေ့ရတော့မည်ကို တွေးမိသွားသည့်အခါ သူ့စိတ်ထဲ မပျော်မရွှင်ဖြစ်လာသည်။


ဧကရီ့ကိုပါ သူနှင့်အတူ တောင်ပိုင်းသို့ ခေါ်ဆောင်သွားချင်သော်လည်း ဤခရီးစဉ်က ရှု့ခင်းကြည့်ရန်သက်သက်မဟုတ်ပဲ ဒုက္ခသည်များကို ကူညီရန်ဖြစ်‌၍ ထိုနေရာမှ အခြေအနေက ဧကရီ့အတွက် ခက်ခဲကောင်း ခက်ခဲနေနိုင်သည်။

ဧကရီပါ ရောဂါကူးသွားပြီး ဖျားနာနေရင် ဘယ်လိုလုပ်မလဲ...


ရွှယ်ကျွင်းလျန်က မျက်နှာကျက်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးနောက် သက်ပြင်းချလိုက်သည်။

တစ်စုံတစ်ယောက်ကို အရမ်းစွဲလန်းမိလို့ ဒီအခြေအနေရောက်တဲ့အထိ သောကရောက်နေရပြီး သေချာတောင် မတွေးတောနိုင်တဲ့အထိ ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ... ပြီးတော့ ဒီလူက တခြားတိုင်းပြည်ကလာတဲ့သူ...


ဤလူက အခြားလူများနှင့် ကွဲပြားနေ၍ ရွှယ်ကျွင်းလျန်မှာ သူနှင့် ရှိနေချိန် စိတ်အေးလက်အေးဖြစ်နေမိသည်။ ထန့်တိုင်းပြည်က ကျရှုံးသွား၍ သူ့တိုင်းပြည်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသော်လည်း ဖုန့်တိုင်းပြည်ကမူ အလားအလာရှိသော ရန်သူ ဖြစ်နေဆဲပင်။


ရွှယ်ကျွင်းလျန် တစ်ဖက်သို့လှည့်လိုက်သည်။ ဧကရီကလည်း သူ့ဘေးတွင် ကျောပေးကာလှဲလျောင်းနေသည်။ ရွှယ်ကျွင်းလျန်က သူမ၏ ပိုးသားကဲ့သို့သော ဆံနွယ်များကိုသာ မြင်နေရပြီး သူမ မျက်နှာ အမူအရာကို မတွေ့ရပေ။ အသက်ရှုသံမှန်မှန် ထွက်ပေါ်လာ၍ ဧကရီက နှစ်ခြိုက်စွာ အိပ်မောကျနေပြီဖြစ်ကြောင်း သိနိုင်သည်။


ရွှယ်ကျွင်းလျန်က တံတောင်ဆစ်ကိုအားပြုကာ ကိုယ်ကိုအနည်းငယ်ကြွလိုက်ပြီး လက်တစ်ဖက်က ဧကရီ၏ ပါးပြင်နှင့် လည်ပင်းအပေါ်မှ ဆံခြည်မျှင်များကို ပွတ်သပ်နေသည်။


ဆံပင်ကိုသပ်လိုက်၍ လည်ပင်းပေါ်တွင် ဆံပင်များ မကျနေတော့သဖြင့် ဧကရီက အေးစက်မှုများကို ခံစားလိုက်ရ၍ လည်ပင်းကို အုပ်ထားလိုက်သည်။ ဤအပြုအမူကြောင့် ရွှယ်ကျွင်းလျန်မှာ သူခိုးလူမိသွားသကဲ့သို့ ထိတ်လန့်သွားသည်။


ဧကရီ လှုပ်ရှားနေခြင်း ရပ်တန့်သွားပြီးနောက် ရွှယ်ကျွင်းလျန်က ဧကရီ မနိုးလာတော့မည်မှာ သေချာသည်အထိ စောင့်နေသည်။ သူမ၏ ရှည်လျားသော မျက်တောင်များက ပါးပြင်ပေါ်တွင် စက္ကူရပ်တောင်ကဲ့သို့ အရိပ်ဖြာကျနေသည်။ သူ့ရင်ထဲတွင် နွေးထွေးလှသော ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်သွားသည်။


ရုတ်တရက် ချန်ယီ ပြောသည်ကို ရွှယ်ကျွင်းလျန် အမှတ်ရသွားသည်။

ဘုရင်တစ်ပါး ဖြစ်ထိုက်တဲ့သူက တိုင်းသူပြည်သားတွေကို ငြိမ်းချမ်းမှုတွေ ယူဆောင်လာပေးတယ်...


ရွှယ်ကျွင်းလျန်က တဖြည်းဖြည်း ခေါင်းငုံ့လိုက်ပြီး ဧကရီ၏ နားရွက်ကို ငုံ့နမ်းလိုက်သည်။ ထို့နောက် သူမကို စောင်သေချာခြုံပေးလိုက်ပြီး ဘေးနားတွင် ပြန်လှဲနေလိုက်သည်။


နောက်တစ်နေ့မနက်တွင် ကျန်းယွီက ရွှယ်ကျွင်းလျန်ကို ကိုယ်လက်သန့်စင်ပေးရန်  ရောက်ရှိလာသည်။ ယနေ့တွင် ရွှယ်ကျွင်းလျန်၏ဝတ်ရုံက ပုံမှန်ထက်ပို၍ သမားရိုးကျ ဖြစ်နေသည်။


ရွှယ်ကျွင်းလျန်က ကျန်းယွီကို ဆူဆူညံညံအသံများမပြုရန် အမူအရာပြလိုက်သည်။ ဝတ်ရုံဝတ်ပြီးသည့်အခါ ဧကရီအိပ်မောကျနေသည်ကို အနှောင့်အယှက် မဖြစ်ရန်အတွက် မနက်စာကို အပြင်ဘက်အခန်းတွင်သာ ပြင်ခိုင်းလိုက်သည်။


တံခါးပိတ်သံကို ကြားမှ ကုတင်ပေါ်တွင် လှဲလျောင်းနေသူက မျက်လုံးများပွင့်လာသည်။ သူခဏတာကြောင်အနေပြီးမှ လက်ဆန့်ထုတ်၍ သူ့နားရွက်ဖျားကို ကိုင်ကြည့်လိုက်သည်။


ယမန်နေ့ညက ထန့်ယွင်မှာ အိပ်မပျော်ခဲ့ပေ။ ယမန်နေ့ညက ရွှယ်ဝမ် ယွင်ဖုန့်နန်းဆောင်တွင် ပထမဆုံးအိပ်ခဲ့သည့် အချိန်ကကဲ့သို့ ခံစားနေရသည်။ အမှန်တွင် ပထမဆုံး အချိန်ကတည်းက ရွှယ်ဝမ်က ယွင်ဖုန့်နန်းဆောင်တွင် အချိန်ကုန်ဆုံးချင်သည်ဟု အမှတ်မထင်ပြောခဲ့ခြင်းဖြစ်ပြီး ဤနန်းဆောင်တွင်သာ နေ့တိုင်းလိုလို လာအိပ်ခဲ့သည်။ ရွှယ်ကျွင်းလျန်က မည်သည့်အခါမှ လက်ဦးမှုယူပြီး မလှုပ်ရှားခဲ့ပေ။ ထန့်ယွင်ကို အကြိမ်အနည်းငယ်ခန့် ကျီစယ်ပြီးနောက် စောင်ခြုံပေးလိုက်ပြီး ဘေးနားတွင် ဝင်အိပ်နေသည်သာ။


သို့ဖြစ်၍ ထန့်ယွင်မှာ ရွှယ်ကျွင်းလျန်နှင့် အတူတူအိပ်စက်ရသည်ကို နေသားကျနေခဲ့သော်လည်း ယမန်နေ့ညကမူ ယခင်ကဲ့သို့ နှစ်ခြိုက်စွာ အိပ်မပျော်ခဲ့ပေ။


ရွှယ်ကျွင်းလျန်က သူ့နားသို့ ပိုကပ်လာခဲ့ပြီး ထန့်ယွင်၏ကျောနှင့် သူ့ရင်ဘတ်က ထိနေသည်။ ထန့်ယွင်က တောင်ပိုင်းထက် အေးစက်လှသော မြောက်ပိုင်း၏ ရာသီဥတုနှင့် ‌အသားမကျသေးပေ။ ရွှယ်ကျွင်းလျန်၏ခန္ဓာကိုယ်ကို ထန့်ယွင်၏ကိုယ်နှင့် ထိထားသည့်အခါ အလွန်နွေးထွေးနေခဲ့သည်။ အလွန်နွေးထွေးလွန်းလှ၍ ထန့်ယွင် အိပ်မောကျတော့မည့်အချိန်တွင် ရွှယ်ကျွင်းလျန် သက်ပြင်းချပြီး အိပ်နေရာမှ ထလာသည်။


သူအိပ်ပျော်နေစဉ်တွင် ရွှယ်ကျွင်းလျန်က မသင့်တော်သည့် တစ်စုံတစ်ရာ ပြုလုပ်တော့မည်ထင်၍ ထန့်ယွင် ကြောက်လန့်သွားသော်လည်း ရွှယ်ကျွင်းလျန်က မပြုလုပ်ခဲ့ပေ။ သူ့လက်က ထန့်ယွင်၏ ဆံပင်များကိုသာ နူးညံ့စွာ ကိုင်တွယ်နေသည်။ ထန့်ယွင် အနည်းငယ်လှုပ်လိုက်သည့်အခါ သူ့နောက်က လူကလည်း လန့်သွားသကဲ့သို့ ရပ်တန့်သွားသည်။ ခဏအကြာတွင် ထန့်ယွင်၏ လည်တိုင်တွင် နွေးထွေး‌သော အသက်ရှုသံနှင့်အတူ နားရွက်ဖျားတွင် စိုစွတ်သော အနမ်းတစ်ပွင့်ကို ခံစားလိုက်ရသည်။ ထန့်ယွင် ထခုန်မိမတတ်ဖြစ်သွားသော်လည်း တောင့်ခံထားလိုက်သည်။ ရွှယ်ကျွင်းလျန်က ထိုအခါမှ ထန့်ယွင်ကို  စောင်ခြုံပေးထားလိုက်သည်။


အကယ်၍ ထန့်ယွင်အိပ်မနေသည်ကို ရွှယ်ကျွင်းလျန်သိသွားခဲ့ပါက သူ့ကို မည်သည့်အရာမျိုး ပြုလုပ်တော့မည်ကို မသိနိုင်ပေ။


xxxxxx