အပိုင်း ၆၄
Viewers 17k

Chapter 64


ရွှယ်ကျွင်းလျန်ထွက်သွားပြီး အချိန်အတန်ကြာသည့်အခါမှ ရှို့ယောင် အခန်းထဲ ဝင်လာသည်။


ဧကရီက အိပ်ရာပေါ်တွင်ထိုင်ပြီး သူမရှေ့ကို ကြောင်အအဖြင့် ငေးကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ လက်တစ်ဖက်ဖြင့် နားရွက်ဖျားကို ကိုင်နေပြီး သူမ၏ ပါးပြင်ကလည်း နီရဲနေသည်။


ရှို့ယောင် ခပ်တိုးတိုး ရယ်လိုက်သည်။

" အရှင်မ အိပ်ရာထပါတော့..."


ထန့်ယွင် လန့်သွားသဖြင့် ရှို့ယောင်၏ရယ်သံက ပိုကျယ်လာသည်။


" ဧကရီ ညတုန်းက တော်တော်ပင်ပန်းသွားတယ်ထင်တယ်... အဲ့ဒါကြောင့် မနက်စောစောစီးစီး ထင်ယောင်ထင်မှားဖြစ်နေတာ... အရှင်မင်းကြီးက စောစောတည်းက ထွက်သွားပါပြီ..."


ထန့်ယွင်က ရှို့ယောင်ကို စိုက်ကြည့်လိုက်၍ သူမ ဟာသမလုပ်ရဲတော့ပေ။ သူမ၏ အရှင်မက ဆတ်ဆတ်ထိမခံနိုင်ကြောင်းကို သူမသိသည်။ သူမ ကျီစားခံရပါက ဒေါသထွက်လာပြီး ခံစားရမည့်သူက ရှို့ယောင်အပြင် မည်သူမျှ မရှိပေ။


ရှို့ယောင်က စာအိတ်တစ်အိတ်ကို ဧကရီ့ကိုပေးကာ ပြောလိုက်သည်။

" ဧကရီ မင်းကြီး မထွက်သွားခင် ကျွန်တော်မျိုးမကို ဒါလေးပေးခဲ့ပါတယ်... အရှင်မနိုးလာရငိ ပေးလိုက်ပါလို့ မှာသွားခဲ့ပါတယ်..."


ရွှယ်ကျွင်းလျန်က အဘယ့်ကြောင့် လျှို့ဝှက်ဆန်းကြယ်စွာ ပြုလုပ်နေသည်ကို ထန့်ယွင် အံ့ဩနေသည်။ သူတို့ပုံစံက လျှို့ဝှက်အကြံအစည်နှင့် နည်းဗျူဟာများ ဖလှယ်နေသည်နှင့်တူသည်။


ထန့်ယွင်က စာအိတ်ကိုဖြဲပြီး အတွင်းမှစာရွက်ကို ထုတ်လိုက်ပြီးနောက် ဖတ်လိုက်သည်။


— ဘုရင်တစ်ပါး ဖြစ်ထိုက်တဲ့သူက တိုင်းသူပြည်သားတွေကို ငြိမ်းချမ်းမှုတွေ ယူဆောင်လာပေးတယ်...


ထန့်ယွင်က စာကို ထပ်ခါထပ်ခါဖတ်နေသော်လည်း အဓိပ္ပါယ်ကို နားမလည်နိုင်ဖြစ်နေသည်။


ဧကရီက စာကို လေးလေးနက်နက်ကြည့်နေသည်ကို ရှို့ယောင်မြင်၍ စာရွက်ပေါ်မှ အကြောင်းအရာကို ခိုးမကြည့်ရဲတော့ပေ။ ခဏအကြာတွင် သူမ တဖြည်းဖြည်း နောက်ဆုတ်သွားလိုက်သည်။ ဧကရီက မည်သည့်အကြောင်းများ တွေးတောနေသည်ကို သူမ နားမလည်တော့ပေ။



ထန့်တိုင်းပြည်သို့အပြန်တွင် နယ်စားမင်းထန့်နန်က လမ်းတွင် ခရီးတစ်ထောက်နားသည်။


တည်းခိုရာနေရာက သေးငယ်သောကြောင့် နယ်စားမင်းထန့်နန်က အရာထူးနိမ့်အရာရှိများတည်းခိုသည့် အခန်းကိုသာ သုံးရသည်။ သူတို့စားသည့် ဟင်းပွဲများကလည်း သာမန်လူများစားသည့် ရိုးရှင်းသော ဟင်းများသာဖြစ်သည်။


ညစာစားပြီးသည့်နောက်တွင် နယ်စားမင်းထန့်နန်က အခန်းသို့ပြန်၍ အနားယူရန်ပြင်လိုက်သည်။ နောက်နေ့မနက်စောစောတွင် ခရီးဆက်ကြရဦးမည်ဖြစ်သည်။


နယ်စားမင်းထန့်နန်၏ ကိုယ်ရံတော်က တံခါးပိတ်မည်အပြုတွင် နယ်စားမင်းကို ဧည့်သည်တစ်ယောက်က လာရှာကြောင်း လျှောက်တင်သည့်လူ ရောက်လာသည်။ 


နယ်စားမင်းထန့်နန်က ဤနေရာတွင် တစ်စုံတစ်ယောက်ကို တွေ့ရလိမ့်မည်ဟု မထင်ခဲ့မိပေ။ ဤနေရာက ရွာငယ်များနှင့် ဝေးသည့်အပြင် မြို့တော်များနှင့်လည်း အလှမ်းတဝေးလှ၍ သူ့ကို တွေ့ဆုံမည့်သူ မရှိလောက်ပေ။ ညနက်နေချိန်၌ပင် အရေးကြီးကိစ္စတစ်စုံတစ်ရာမရှိပဲ ရောက်လာခြင်းဖြစ်၍ အလွန်ထူးဆန်းနေသည်။


သူ့ကို လာရှာသည့်လူက ရွှယ်ယွီမှလွဲ၍ အခြားလူမဟုတ်ပေ။ 


ဤတစ်ကြိမ်တွင် ရွှယ်ယွီက လက်ထောက်ဖြစ်သူ လန့်ကျင်းမပါပဲ တစ်ယောက်တည်းရောက်လာသည်။ သို့ဖြစ်၍ နယ်စားမင်းထန့်နန်က ရွှယ်ယွီ ရောက်လာရခြင်း အကြောင်းအရင်းကို သံသယဝင်နေမိသည်။


နယ်စားမင်းထန့်နန်၏ စိုးရိမ်ပူပန်နေသော အမူအရာကို မြင်သည့်အခါ ရွှယ်ယွီ ပြုံးလိုက်သည်။


" အရှင် နယ်စားမင်း အဲ့လိုကြီး မနေပါနဲ့... နောက်တစ်ကြိမ်ပြန်တွေ့ရင် ကျွန်တော်တို့အချင်းချင်း ကူညီ ထောက်ပံ့ရမယ်လို့ မပြောခဲ့ဘူးလား... အဲ့ဒါမှ ခင်ဗျားလည်း 'နန်းတော်'မှာ ပြန်နေနိုင်ပြီး ကျွန်တော်လည်း မြောက်ပိုင်းနယ်စပ်ကို ကာကွယ်ထားလို့ရမှာပေါ့..."


နယ်စားမင်းထန့်နန် တိတ်ဆိတ်သွား၍ ရွှယ်ယွီ ဆက်ပြောသည်။

" နယ်စားမင်းအဖြစ် ရာထူးကျသွားသော ခင်ဗျားဒေါသထွက်နေမှာပေါ့... ဒါဆိုရင် ကျွန်တော် ဘယ်လိုခံစားနေရတယ်ဆိုတာလည်း နားလည်နိုင်မှာပဲ... အရင်ရွှယ်ဝမ် ရှိနေတုန်းကတော့ ကျွန်တော်က သူ အချစ်ဆုံးသားပဲ... ရွှယ်ကျွင်းလျန်ရဲ့ လှည့်ကွက်တွေကြောင့် အမြန်ထွက်ပြေးခဲ့ရပြီး မြောက်ပိုင်းမှာ ကိုယ်ပိုင်စစ်တပ်အင်အားရှိအောင် စုဆောင်းခဲ့ရတယ်... အဲ့လိုမှ မဟုတ်ရင်တော့ ကျွန်တော်လည်း သေတာကြာလှပြီ... အခု ခင်ဗျားလည်း နယ်စားမင်း ၊ ကျွန်တော်လည်း နယ်စားမင်းပဲ... ကျွန်တော့်ခံစားချက်တွေကိုလည်း နားလည်နိုင်တယ်မလား..."


နယ်စားမင်းထန့်နန်က ဘာမှမပြောပေ။ 


" ခင်ဗျား အရင်တုန်းကတော့ အရှင်မင်းကြီးလို့ အခေါ်ခံခဲ့ရတယ် အခုတော့ တခြားလူတစ်ယောက်ကို အရှင်မင်းကြီးလို့ ခေါ်ရတော့မယ်... ဒေါသမထွက်ဘူးလား... ခင်ဗျား ဒေါသမထွက်ရင်တော့ ကျုပ်ချက်ချင်း ပြန်လှည့်သွားပြီး ခင်ဗျားကို ဘယ်တော့မှ မနှောင့်ယှက်တော့ဘူး..."


နောက်ဆုံးတွင် နယ်စားမင်းထန့်နန်၏ အမူအရာက ပြောင်းလဲသွားပြီး ပြောလိုက်သည်။

" မင်းမှာ အကြံတစ်ခုခု ‌ရှိလို့လား..."


" ကျွန်တော် ဒီနေရာကို လာရဲမှပေါ့ သေချာပေါက် အကြံရှိလို့ပေါ့..."

ရွှယ်ယွီ ပြုံးလိုက်သည်။


" ဒီလောက်ဆိုရင် ကျွန်တော်တို့က မိတ်ဟောင်းဆွေဟောင်းတွေတောင် ဖြစ်နေပြီလို့ပြောလို့ရတယ်... ခင်ဗျားက ဘယ်လိုလူမျိုးလဲ‌ဆိုတာလည်း ကျွန်တော်သိတယ်... ‌ဒီနေရာမှာတော့ နည်းဗျူဟာတွေအကြောင်း ပြောလို့မရသေးဘူး... ခင်ဗျား ထန့်တိုင်းပြည်ကို ရောက်သွားမှ ကျွန်တော့်ရဲ့ အကြံအစည်တွေကို ပြောပြဖို့ လူတစ်ယောက်လွှတ်လိုက်မယ်..."


နယ်စားမင်းထန့်နန် ဒေါသထွက်လာသည်။ သူယခင်က ဘုရင်တစ်ယောက်ဖြစ်ခဲ့၍ မည်သူကမှ သူ့ကို သံသယမဝင်ရဲသကဲ့သို့ လျှို့ဝှက်ချက်လည်း မထားရဲခဲ့ပေ။ ရွှယ်ယွီ၏ စကားပြောပုံဆိုပုံအရ သူက နယ်စားမင်းထန့်နန်ကို မကြောက်ရွံ့ကြောင်း သိသာနေသည်။


ရွှယ်ယွီ ပြုံးပြကာ ပြောလိုက်သည်။

" အားလုံးရဲ့အထက်ကလူ ဖြစ်ချင်လား ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ ကျွန်အဖြစ်နေမလားဆိုတာကို ရွေးချယ်ရမယ့်အချိန် ရောက်လာပြီ... တောင်ပိုင်းကို အုပ်ချုပ်တဲ့လူကလည်း ခင်ဗျားတစ်ယောက်တည်းပဲဖြစ်သလို‌ မြောက်ပိုင်းမှာ အာဏာအကြီးဆုံးလူကလည်း ကျုပ်ပဲ ဖြစ်ရမယ်... ကျုပ်တို့ မိတ်ဆွေကောင်းတွေ ဖြစ်လာမှာပါ..."


ရွှယ်ယွီက ပြုံးလျက်နှင့်ပင် တံခါးဖွင့်ပြီး ပြန်ထွက်သွားသည်။


နယ်စားမင်းထန့်နန်က သံသယဝင်နေဆဲဖြစ်ပြီး ရွှယ်ယွီက အခွံသက်သက်စကားများကိုသာ ပြောသွားခြင်းဖြစ်နိုင်သည်ဟု တွေးနေမိသည်။ သူ့စိတ်ထဲတွင် သံသယတစ်ဝက် မျှော်လင့်ခြင်းတစ်ဝက်ဖြင့်ပင် ထန့်တိုင်းပြည်သို့ ပြန်သွားခဲ့သည်။


နယ်စားမင်းထန့်နန် ထန့်တိုင်းပြည်သို့ ပြန်ရောက်ပြီး မကြာမီတွင် ရွှယ်ယွီက သူ့လူများကို စေလွှတ်လိုက်သည်။တိုက်ဆိုင်စွာဖြင့်ပင် ထိုအချိန်၌ ကပ်ရောဂါတစ်ခု စတင်ဖြစ်ပွားလာပြီး  နန်းမြို့တော်မှ လူပေါင်းများစွာ ရောဂါကူးစက်ခံရသည်။ ရွှယ်ယွီက နယ်စားမင်းထန့်နန်၏လူများကို ဖျားနာနေသူများအား တစ်အိမ်တက်ဆင်း လိုက်ရှာဖွေခိုင်းသည်။ နာမကျန်းဖြစ်သူများက သူဌေးသူကြွယ်များဖြစ်စေ သာမန်လူတန်းစားများဖြစ်စေ တစ်မိသားစုလုံးကို မြို့ထဲမှ နှင်ထုတ်ရန် အမိန့်ပေးသည်။ ငြင်းဆန်သူများကို အရှင်လတ်လတ်မြေမြှုပ်ပစ်သည်။


နှစ်ပေါင်းများစွာကြာအောင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် လူများ၏ အသက်မွေးဝမ်းကျောင်းနှင့် စားဝတ်နေရးက အဘက်ဘက်မှ ကျဆင်းနေခဲ့ပြီးဖြစ်သည်။ ယခုအခါတွင်လည်း စစ်သားများကြောင့် မွေးရပ်မြေမှ နှင်ထုတ်ခံရ၍ လူများ၏ အမျက်ဒေါသက ပိုမိုကျယ်လောင်လာပြီး မကြာမီတွင် ရွှယ်ကျွင်းလျန်၏ နားထဲသို့ပါ ပေါက်ကြားသွားသည်။


သို့ဖြစ်၍ ရွှယ်ယွီ၏ လူများနှင့်အတူ နယ်စားမင်းထန့်နန်က သိုင်းပညာထူးချွန်သော အဖွဲ့တစ်ဖွဲ့ကို စုစည်းပြီး ရွှယ်တိုင်းပြည်မှ ထန့်တိုင်းပြည်တစ်လျှောက်လမ်းတွင် နေရာချထားပြီး ရွှယ်ဝမ်ကို စောင့်‌ဆိုင်းနေသည်။


နယ်စားမင်းထန့်နန်က ၎င်းကို  တုံးအသောအကြံတစ်ခုဟု ထင်သည်။ 

တိုင်းပြည်တစ်ခုရဲ့ ဘုရင်က ကပ်ဘေးဖြစ်နေတဲ့နေရာကို ဘယ်တုန်းက တစ်ယောက်တည်းလာလို့လဲ... ရေကြီးတယ်ဆိုရင်တော် ဖြစ်နိုင်သေးတယ် ... ဒါပေမဲ့ ဒီတစ်ခေါက်က ကပ်ရောဂါဖြစ်တာလေ... ဘယ်ဘုရင် မဆို  ရောဂါအကူးခံရမှာတော့ ကြောက်မှာပဲ...


ရွှယ်ကျွင်းလျန်က ‌ကပ်ရောဂါဖြစ်ပွားနေသည့်နေရာသို့ သူကိုယ်တိုင်လာရောက်မည်ဖြစ်ကြောင်း ရွှယ်ယွီက နယ်စားမင်းထန့်နန်ကို ပြောပြထား၍ အံ့အားသင့်သွားမိသည်။


သို့ရာတွင် ရွှယ်ကျွင်းလျန်က များပြားသောအစောင့်စစ်သားများ မခေါ်လာပဲနေမည်မဟုတ်ပေ။ ရွှယ်ကျွင်းလျန် နန်းတော်အပြင်သို့သွားတိုင်း လက်ရွေးစင်ကိုယ်ရံတော်အုပ်စုလိုက်ကြီးက သူ့ကို လိုက်လံကာကွယ်စောင့်ရှောက်လေ့ရှ်ိသည်။

လုပ်ကြံသူတစ်အုပ်စုလောက်က သူ့ကို လွယ်လွယ်သတ်နိုင်မယ်တဲ့လား...

64.2


ပြီးတော့ ရွှယ်ယွီက တွေ့ကရာသူခိုးဓားပြတစ်အုပ်စုက်ု လွှတ်လိုက်မယ်ဆိုရင် ရွှယ်ကျွင်းလျန်ကို သတိပေးလိုက်သလိုရော မဖြစ်သွားဘူးလား... ရွှယ်ကျွင်းလျန်ကို လမ်းမှာ အကြိမ်အနည်းငယ် ချုံခိုတိုက်နိုင်ရင်တောင်မှ သူကတော့ ဟာသတစ်ခုလိုပဲ ထင်နေမှာပဲ...


ရွှယ်ယွီက နည်းဗျူဟာများဖြင့် အကွက်ချစီစဉ်ထားသည်။ သူက ရယ်မောလျက်ဖြင့်ပင် ထိုသူခိုးတစ်အုပ်စုက ရွှယ်ကျွင်းလျန်ကို သတ်နိုင်မည်မဟုတ်ကြောင်း ပြောလာသည်။ သူတို့၏ ရည်ရွယ်ချက်က ရွှယ်ကျွင်းလျန်ကို အာရုံလွှဲရန်သာဖြစ်သည်။ နယ်စားမင်းကျန့်ကျန်းက ရွှယ်ကျွင်းလျန်ကို သတ်ဖြတ်လိုခြင်းမဟုတ်ပဲ သူ့တိုင်းပြည်ကို ရန်သူများလာရောက်တိုက်ခိုက်မည်ကို အသက်ရှင်လျက်နှင့်ပင် ကြည့်စေလိုခြင်းဖြစ်သည်။


မည်သို့ပင်ဖြစ်စေ နယ်စားမင်းထန့်နန်က သံသယဝင်နေဆဲဖြစ်သည်။

ရွှယ်ယွီက အာဏာရှိပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့သူဆိုတော့ ဒီကိစ္စမှာနယ်စားမင်းထန့်နန်ကို ဘာလို့ ဝင်ပါခိုင်းပါလိမ်... ရွှယ်ယွီက နယ်စားမင်းထန့်နန်ကို ပစ်မှတ်ထားနေတာလည်း ဖြစ်နိုင်တယ်...ရွှယ်ကျွင်းလျန်သိသွားရင် အပြစ်တွေအားလုံးကို သူ့အပေါ် ပုံချမှာလည်း ဖြစ်နိုင်တယ်...


ထို့အပြင် ရွှယ်ယွီက ရွှယ်တိုင်းပြည်သားသာဖြစ်ပြီး မိသားစု နာမည်ကလည်း ရွှယ်ဖြစ်သည်။ သူ့အကြံအစည်များ ကျရှုံးသွားပါက နယ်စားမင်းထန့်နန်က ဤရိုက်ချက်ကို ပထမဆုံးခံရမည့်သူဖြစ်သည်။


သို့ဖြစ်၍ နယ်စားမင်းထန့်နန်က ဖော်ရွေပြီး နှစ်လိုဖွယ်ကောင်းသော အမူအရာဖြင့်ပင် ရွှယ်ယွီ၏ နည်းဗျူဟာမှူး အမိန့်အတိုင်း လုပ်ဆောင်ခဲ့သည်။ လူဆိုးသူခိုးတစ်အုပ်စုကို ရွှယ်ဝမ်အားတိုက်ခိုက်ရန် လွှတ်လိုက်သည်။ ထို့နောက်တွင် သူ့မျက်နှာက တစ်မျိုးပြောင်းသွားပြီး နည်းဗျူဟာမှူးကို ဖမ်းဆီးအကျဉ်းချထားလိုက်သည်။ ထိုလူ့အား အစောင့်များဖြင့် စောင့်ကြည့်ခိုင်းထားပြီး ထွက်ပြေးခွင့် သတ်သေခွင့်မပြုပေ။


နယ်စားမင်းထန့်နန်က သူ၏ ပါးနပ်မှုအတွက် သူ့ကိုယ်သူ ဂုဏ်ယူဝမ်းမြောက်နေသည်။ အကယ်၍ စီစဉ်ထားသည့်အတိုင်း ဖြစ်မလာပါက နည်းဗျူဟာမှူးကို လက်လွှဲပေးလိုက်ပြီး အပြစ်အားလုံးကို ရွှယ်ယွီအပေါ်တွင်သာ ပုံချလိုက်မည်ဖြစ်သည်။



တောင်ပိုင်းသို့ ခရီးစဉ်တစ်လျှောက်လုံးတွင် ရွှယ်ကျွင်းလျန်က လှပပြီး စိမ်းလန်းစိုပြေသောရှုခင်းများ၊ စိမ်းလန်းသောတောင်ကုန်းများနှင့် ကြည်လင်သောရေပြင်များကို ဖြတ်သန်းခဲ့သည်။ ၎င်းက ကျယ်ပြန့်သော သဲကန္တာရများနှင့် နှင်းထူထပ်သောတောင်တန်းများရှိသည့် ရွှယ်တိုင်းပြည်နှင့် မတူညီလှပေ။


ထန့်တိုင်းပြည်တွင် ရေအရင်းမြစ်ပေါင်းများစွာ ရှိရုံသာမက ၎င်း၏ မြေပိုင်နက်အတွင်းတွင် စိမ်းစိုလှပသော တောင်တန်းများရှိသည်။  ဤတိုင်းပြည်က လယ်ယာမြေလုပ်ငန်း ငါးဖမ်းလုပ်ငန်းတို့ဖြင့် ကိုယ်တိုင်ထောက်ပံ့ပေးနိုင်မည့်ပုံရသော်လည်း နယ်စပ်နားသို့ ရောက်သည်နှင့် များပြားသော ဒုက္ခသည်များကို ရွှယ်ကျွင်းလျန် တွေ့လိုက်ရသည်။


ရွှယ်ဟုန်ယန်က ထန့်ရှင်းကို နှိမ်နင်းပြီးနောက် ၎င်း၏စစ်တပ်ကို ပြန်လည်သိမ်းယူသောအခါတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်လိုသော ဒုက္ခသည်မည်သူမဆို စစ်ဆေးရေးပြီးပါက နယ်စပ်ဖြတ်သန်းခွင့်ကို ရရှိနိုင်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။


ရွှယ်ကျွင်းလျန်၏ ရထားလုံး ရောက်ရှိလာချိန်တွင် အစားအစာများ ယာယီဝေငှပေးသော နေရာနှစ်ခုတွင် အမတ်တစ်အုပ်စု ကြိုတင်ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။


ရွှယ်ကျွင်းလျန်က ဘေးနားတွင်ရပ်နေပြီး ဒုက္ခသည်များက အစားအစာများကို အလုအယက်ယူဆောင်ကာ အော်ဟစ်စားသောက်နေသည်ကို ကြည့်နေသည်။ ထိုအခါမှ‌ ဤသာမန်ပြည်သူများ၏မျက်လုံးထဲတွင် မည်သူက ဘုရင်ဖြစ်သည် မဖြစ်သည်မှာ အရေးမကြီးကြောင်း ရွှယ်ကျွင်းလျန်သဘောပေါက်သွားခဲ့သည်။ ဆာလောင်မှုနှင့် အေးစက်မှုကို ရင်ဆိုင်ရသည့်အခါတွင် ဘုရင်နှင့် တော်ဝင်မိသားစုများအကြောင့် အေးဆေးဆေးဆေး ထိုင်‌ဆွေးနွေးရန်မ‌ဆိုနှင့် တိုင်းပြည်အကြောင်းကိုပင် မဆွေးနွေးနိုင်ကြပေ။


ထိုဒုက္ခသည်များ ညဘက်တွင် အိပ်ရန် ဧရာမတဲကြီးများထိုးပြီး နွေးထွေးသော အဝတ်အထည်များ ဝေငှပေးလိုက်ရန် ရွှယ်ကျွင်းလျန် အမိန့်ပေးလိုက်သည်။ သူနှင့် ခေါ်လာသည့် နန်းတွင်းသမားတော်အချို့ကိုလည်း ဒုက္ခသည်များအား ကုသခိုင်းလိုက်သည်။


ထို့နောက် ရှေ့သို့ ခရီးဆက်လာသည်။ ရက်အနည်းငယ်ကြာသည့်အခါ ထန့်တိုင်းပြည်သို့ ဦးစွာထွက်ခွာသွားသော ချန်ယီ၏အဖွဲ့နှင့်တွေ့ဆုံခဲ့သည်။


ရွှယ်ကျွင်းလျန်နှင့်အတူ လိုက်ပါလာသည့် အရာရှိများနှင့် အမှုထမ်းများက ချန်ယီကို ဤနေရာတွင် မြင်လိုက်ရသည့်အတွက် အံ့ဩသွားကြသည်။

ချန်ယီက သူတို့ထက်အစောကြီး နန်းတော်က ထွက်သွားခဲ့တာမလား.. ဒီအချိန်ဆို ကြိုရောက်နေ‌ရမှာလေ... 

ချန်ယီက နဖူးမှချွေး မြေကျသည်အထိ အလုပ်မလုပ်ချင်သူတစ်ယောက်ကို သူတို့အားလုံး ထင်လိုက်ကြသည်။


ချန်ယီက ပြုံးကာ ပြောလိုက်သည်။

" ဒီရက်ပိုင်းတွေမှာ ကျွန်တော်မျိုး ကောင်းကင်နဲ့ ကြယ်တာရာတွေကို စောင့်ကြည့်နေမိတော့ တောင်ပိုင်းနယ်မြေပေါ်မှာ တိမ်မည်းတွေစုနေတာကို တွေ့လိုက်ရပါတယ်... ကျွန်တော်မျိုးက သာမန်လူတစ်ယောက်ပဲဆိုတော့ ခုချိန်မှာ အန္တရာယ်များနိုင်မယ့်တောင်ပိုင်းကို ကတိုက်ကရိုက် မသွားရဲပါဘူး..."


ထိုစကားကြောင့် အားလုံးရယ်လိုက်ကြသည်။ အားလုံးက ချန်ယီမှာ ဘေးအန္တရာယ်ရှိသောနေရာသို့ မသွားလိုသည့် မျက်နှာဖြူဖျော့ဖျော့ပညာရှင်ဟုသာ တွေးလိုက်ကြသည်။


[T/N : 'မျက်နှာဖြူဖျော့ဖျော့ပညာရှင်'က စာအုပ်တွေထဲကပဲသင်ယူပြီး လက်တွေ့ဘဝမှာ အတွေ့အကြုံမရှိတဲ့လူကို ပြောချင်တာပါ... အဲ့စကားကို ဟာသအနေနဲ့ဖြစ်ဖြစ် တစ်ယောက်ယောက်ကို လှောင်ပြောင်သရော်ချင်လို့ပဲဖြစ်ဖြစ် သုံးကြပါတယ် ]


ချန်ယီ ရှင်းပြသည်ကို ရွှယ်ကျွင်းလျန် ကြားသည့်အခါ ရယ်လိုက်သည်။


" အိုး မောင်မင်းက ကြယ်တာရာတွေကိုကြည့်ပြီး ကံကောင်းမလားဆိုးမလား ပြောနိုင်သေးတာလား... ဒါဆိုရင်လည်း ဘာတွေတွေ့တယ်ဆိုတာ ကိုယ်တော့်ကို ပြောပြလေ..."


ချန်ယီပြောလိုက်သည်။

" အရှင်မင်းကြီးကို ပြန်ဖြေကြားပါတယ်... အဲ့ဒီတိမ်မည်းတွေ‌က မြောက်ဘက်ကို တဖြည်းဖြည်းရွှေ့သွားတာကို ကျွန်တော်မျိုးမြင်လိုက်ပါတယ် ဖြစ်နိုင်တာကတော့ နန်းမြို့တော်ဘက်ကို ဖြစ်ပါလိမ့်မယ်...နန်းမြို့တော်မှာ တစ်ခုခုဖြစ်သွားမှာကိုပဲ စိုးရွံ့မိပါတယ်..."


ချန်ယီ၏ ဇဝေဇဝါပုံစံက အစပိုင်းတွင် အားလုံးကို ရယ်မောနေအောင် ပြုလုပ်ခဲ့သော်လည်း သူစကားဆက်ပြောသည့်အခါ ချန်ယီ၏ မှန်းဆချက်ကို အားလုံးက အတည်ယူလာသည်။ သူတို့ ချက်ချင်းပင် အော်လိုက်ကြသည်။


" မကောင်းတော့ဘူးပေါ့..."


ချန်ယီ ပြုံးလိုက်သည်။


" မကောင်းတာတော့ အမှန်ပဲ... တိမ်မည်းက ကံဆိုးမှုတွေကို ယူဆောင်လာတတ်တယ်... ဒါပေမဲ့ ကျွန်တော်မျိုးစိတ်ထဲမှာလည်း မကောင်းဘူးလို့ ခံစားမိတာနဲ့ နယ်စားမင်းဝမ်နျန်ကိုပို့ဖို့ စာ‌တစ်စောင် ချန်ထားပါတယ်..."


ရွှယ်ကျွင်းလျန်က ရယ်မောလျက်နှင့်ပင် ပြောလိုက်သည်။


" ‌မောင်မင်းက နန်းမြို့တော်မှာဖြစ်လာမယ့် ပြဿနာကိုပါ ကာကွယ်ဖို့စီမံထားတာ ချီးကျုးထိုက်ပါပေတယ်... အခု ကိုယ်တော်တို့ရဲ့ လက်ရှိပြဿနာအတွက် ဖြေရှင်းချက်ကရောဘာလဲ..."


ချန်ယွီက နန်းမြို့တော်တွင် အရာအားလုံးကို ကြိုတင်စီမံထားခဲ့နိုင်ခြင်းမှာ သူ၏အနာဂတ်ကို ကြိုမြင်နိုင်မှုကြောင့်ဖြစ်၍ သူ့ကိုယ်သူဂုဏ်ယူနေမိသည်။ ပြုံးရယ်လျက်နှင့်ပင် ပြောလိုက်သည်။


" မင်းကြီးရဲ့ ချီးကျူးမှုကို ကျွန်တော်မျိုး မခံယူဝံ့ပါဘူး... နန်းမြို့တော်ကို ကာကွယ်ရမယ့်သူက နယ်စားမင်းဝမ်နျန်ပါ... လက်ရှိပြဿနာအတွက်ကတော့... တာ့ဝမ်က ကျွန်တော်မျိုးတို့ရဲ့ရှေ့က သစ်တောထဲကို လေးသည်တော်တစ်ရာ စေလွှတ်လိုက်ရုံပါပဲ... ပြီးရင်တော့ တာ့ဝမ်လည်း ခရီးစဉ်ကို အနှောင့်အယှက်ကင်းကင်းနဲ့ ဆက်သွားနိုင်ပါပြီ... ဒီခရီးစဉ်က မူလက စီစဉ်ထားတဲ့အတိုင်း ချောမွေ့နေပါလိမ့်မယ်..."


xxxxxxx