အပိုင်း ၆၅
Viewers 13k

Chapter 65


ချန်ယီက နန်းမြို့တော်သို့ မထွက်ခွာမီတွင် နယ်စားမင်းဝမ်နျန်ဆီသို့ အလည်သွားခဲ့သည်။ ကံဆိုးသည်မှာ ချန်ယီ၏ စကားပြောပုံဆိုပုံက စမ်းတဝါးဝါးနှင့် လျှို့ဝှက်ဆန်းကြယ်လွန်းနေသည်။ ရွှယ်ဟုန်ယန်က ချန်ယီပြောသည်ကို တစ်လုံးမှ နားမလည်လိုက်ပေ။


ထန့်ရှန်က သဘောပေါက်သော်လည်း သူဘာမှ ထပ်ပြောပြရန်မလိုဟု တွေးနေမိသည်။


ရွှယ်ဝမ် နန်းတော်မှ တောင်ပိုင်းသို့ ထွက်လာခဲ့စဉ်ကတည်းက ရွှယ်ဟုန်ယန်က အစစအရာရာစီစဉ်ဆောင်ရွက်နေရ၍ အလွန် အလုပ်များနေသည်။ ညီလာခံတွင်‌မှ ကိစ္စများက အရေးကြီးကိစ္စပင်ဖြစ်စေ အသေးအဖွဲကိစ္စပင်ဖြစ်စေ ဆုံးဖြတ်ချက်မချမီ ရွှယ်ဟုန်ယန်ကို တင်ပြကြရသည်။ ရလဒ်အနေဖြင့် ရွှယ်ဟုန်ယန်က ကိစ္စတိုင်းကို ဂရုတစိုက် စစ်ဆေးနေရသည်။ ထို့အပြင် နန်းမြို့တော်မှ စစ်သည်များ၏ စစ်စခန်းတွင် လေ့ကျင့်နေမှုများကိုလည်း သွားရောက်ကြည့်ရှုနေရသည်။


ရွှယ်ဝမ် နန်းတွင်းတွင်မရှိသည်မှာ လဝက်ခန့်ပင် မကြာမြင့်သေးသော်လည်း မြောက်ပိုင်းတွင် လှုပ်ရှားမှုတစ်ချို့ရှိနေကြောင်း တစ်စုံတစ်ယောက်က ရွှယ်ဟုန်ယန်ကို သတင်းပို့လာသည်။


ထိုလူများက တိုင်းပြည်မှ ဖြတ်သန်းသွားသော ခရီးသွားသူများပုံစံဖြင့် အဖွဲ့လိုက် လှုပ်ရှားကြသည်။ သို့သော်လည်း သူတို့၏ပုံစံက စစ်တပ်တစ်ခုကဲ့သို့ပင်ထင်ရသည်။ နယ်စားမင်းဝမ်နျန်က စစ်တပ်များကို မြောက်ပိုင်းသို့ မစေလွှတ်ခဲ့သည်မှာ ကြာပြီဖြစ်၍ သူ၏လက်အောက်ငယ်သားများက သံသယဝင်လာကြပြီး ဤကိစ္စအား နယ်စားမင်းကို လျှောက်တင်ရန် အကောင်းဆုံးဟု ထင်ခဲ့သည်။


ရွှယ်ဟုန်ယန်က အရေးကိစ္စများကို သာမန်ကာလျှံကာ မှတ်ယူတတ်သူမဟုတ်ပေ။ ထိုသတင်းပို့ချက်ကို ကြားသိသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ခုက မှားယွင်းနေသည်ကိုသိသည်။ သို့ဖြစ်၍ စုံစမ်းစစ်ဆေးရန်အတွက် သူလျှိုများ စေလွှတ်လိုက်သည်။


ထိုလူအုပ်စုအားလုံးက နန်းမြို့တော်သို့ သွားနေကြခြင်းဖြစ်ကြောင်းနှင့် အဖွဲ့တစ်ဖွဲ့တည်း မလှုပ်ရှားနေသကဲ့သို့ ကြုံရာကျပန်းနေရာများတွင် ရပ်နားတတ်ကြသည်ကို သူလျှိုများက သိရှိလာကြသည်။


ရွှယ်ဟုန်ယန်က ရွှယ်ယွီအကြောင်းကို အမှတ်ရပြီး စိတ်ထဲတွင် သတိထား၍ နေရတော့မည်ဟု ခံစားမိလာသည်။ ရွှယ်ယွီထံတွင် မြောက်ပိုင်း၌အခြေစိုက်ထားသော စစ်တပ်ကြီးတစ်ခု ရှိနေဆဲဖြစ်သည်။


ထိုအချိန်တွင်မှ နယ်စားမင်းဝမ်နျန်က ချန်ယီ၏ စမ်းတဝါးဝါးစကားများကို မှတ်မိလာသည်။ ချန်ယီထားခဲ့သည့် အထုတ်ကို ချက်ချင်းထုတ်လိုက်သည်။ ၎င်းက သေသပ်လှပစွာ အလှဆင်ထားသော ဘူးငယ်တစ်ဘူးဖြစ်ပြီး ထိုဘူးကို ဖွင့်လိုက်ချိန်တွင် အတွင်း၌ စာတစ်စောင်ကို မြင်လိုက်ရသည်။


စာပေါ်တွင် ရေးထားသည်မှာ...


— ဧကရီ့ဆီက အကြံတောင်းပါ...


ရွှယ်ဟုန်ယန် ထိုစာရွက်ကို ကြည့်နေလျက် သတ္တိမရှိတော့သကဲ့သို့ ခံစားလာရသည်။ ဧကရီက စစ်ရေးမဟာဗျူဟာများတွင် အလွန် အရည်အချင်းရှိကြောင်း သူသိသော်လည်း ဤကိစ္စက ပေါ့ပေါ့တန်တန်ယူဆ၍မရပေ။ အကယ်၍ ရွှယ်ယွီက နန်းမြို့တော်ကို တိုက်ခိုက်ရန် ကြိုးစားနေပါက ကိစ္စကြီးတစ်ခုဖြစ်ပြီး ရွှယ်ဝမ် ရှိနေရန်လည်း လိုအပ်လာသည်။


ချန်ယီ၏ စာကြောင့် ရွှယ်ဟုန်ယန် တွန့်ဆုတ်နေသည်ကို ထန့်ရှန် ကြည့်မနေ‌နိုင်တော့၍ ပြောလာသည်။


" ဧကရီ့ဆီကို အကြံသွားတောင်းတာ မကောင်းဘူးလား..."


ရွေးချယ်စရာ မရှိတော့ပေ။ ရွှယ်ဟုန်ယန်က အရာရှိ အဝတ်အစားများ ချက်ချင်းလဲပြီး နန်းတော်ထဲဝင်ကာ ဧကရီနှင့် တွေ့ခွင့်တောင်းလိုက်တော့သည်။


ရှို့ယောင်က နယ်စားမင်းဝမ်နျန်ကို ယွင်ဖုန့်နန်းဆောင် ပင်မခန်းမထဲ ခေါ်သွားသည်။ အခန်းထဲရောက်သည်နှင့် ရွှယ်ဟုန်ယန်က မထိုင်တော့ပေ။ ထိုနေရာတွင်သာ မတ်မတ်ရပ်နေပြီး ရှေ့မှ မြေပြင်ကိုသာ တည့်တည့် ကြည့်နေသည်။ ရွှယ်ဟုန်ယန်မှာ သူ၏ ရိုးသား၍ စည်းမျဉ်းများကို လိုက်နာတတ်သောအကျင့်စရိုက်အရ လူပြောစရာမဖြစ်စေရန် တရိုတသေဖြင့် ပြုမူနေထိုင်ခြင်းဖြစ်သည်ဟု ထန့်ယွင် တွေးလိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် သူ့မရီးတော်က ဧကရီတစ်ပါး ဖြစ်နေသောကြောင့်ပင်။


ထန့်ယွင်၏စိတ်ထဲတွင် လေးစားမှုတို့ ဖြစ်ပေါ်လာသည်။ ဤနယ်စားမင်းဝမ်နျန်က လူကြီးလူကောင်းတစ်ယောက်ပင်ဖြစ်သည်။


ရွှယ်ယွီက စစ်တပ်များစေလွှတ်လိုက်သည်ကို ထန့်ယွင် မကြားခဲ့ရသေးသော်လည်း ရွှယ်ဟုန်ယန်ပြောပြသည့်အခါတွင်လည်း အံ့သြသည့်ပုံမပေါ်ပေ။


ဧကရီက လျှောက်တင်ချက်ကို တည်ငြိမ်စွာဖြင့် နားထောင်နေသည်ကို ရွှယ်ဟုန်ယန် သတိပြုမိသည်။ ဤကိစ္စက သူမအတွက် သေရေးရှင်ရေးဖြစ်မနေသကဲ့သို့ ရှုပ်ထွေးနေသည့်ပုံလည်း မပေါ်ပေ။ ဧကရီ၏လက်ထဲတွင် ဖြေရှင်းချက်တစ်ခုရှိနေသည်ဟု ရွှယ်ဟုန်ယန် တွေးမိလိုက်သည်။


ထန့်ယွင် ခဏတာ တွေးတောနေပြီးနောက် ပြောလိုက်သည်။


" မင်းသားလေးရဲ့ဆရာက မထွက်ခွာခင်မှာ အကြံဉာဏ်တစ်ခု ချန်ထားခဲ့တာပဲ... ဒါပေမဲ့ သူပြောချင်တဲ့အချက်က ဝိုးတဝါးဖြစ်နေတယ်... ကြည့်ရတာ သူ့စာကို တခြားလူတွေလက်ထဲရောက်သွားစေပြီး ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားမှာ စိုးရိမ်လို့ဖြစ်မယ်... ရန်သူက ကျွန်မတို့ကို သူတို့အကြောင်း မသိစေချင်မှတော့ သူတို့အကြံနဲ့သူတို့ ပြန်ဒုက္ခရောက်အောင် လုပ်ကြတာပေါ့လေ..."


ဧကရီ၏ဆိုလိုရင်းကို ရွှယ်ဟုန်ယန် မရှင်းမလင်းဖြစ်သွားသည်။

65.2


ထန့်ယွင် ပြောလိုက်သည်။


" ကျွန်မတို့ တွေ့ခဲ့ရတာတွေအရဆိုရင် ရန်သူတွေက မြို့တော်ကို သူတို့ရဲ့ လှုပ်ရှားမှုအကြောင်း မသိစေချင်ဘဲ မြို့တော်ရဲ့ ခံစစ်ကို အားဖြည့်ဖို့ပဲ ဆက်လုပ်နေတာပါ... အဲ့ဒါက သူတို့ နန်းမြို့တော်ထဲ မဝင်နိုင်မှာကို ကြောက်လို့ မဟုတ်ပဲ သူတို့အင်အားမလုံလောက်လို့ ဖြစ်မယ်... ဂိတ်စောင့်ကို လာဘ်ထိုးပြီး သူတို့ကို ဝင်ခွင့်ပြုခိုင်းကြလိမ့်မယ်...နယ်စားမင်းဝမ်နျန်ရဲ့လူတွေကို ဂိတ်တွေကိုလွှတ်ပြီး စစ်ဆေးခိုင်းလိုက်ပါ..."


ရွှယ်ဟုန်ယန်က အကြံပြုချက်အတိုင်း ဆောင်ရွက်သည်။ အခြေအနေက အနည်းငယ်လေးနက်နေ၍ သူ၏အယုံကြည်ရဆုံး လက်အောက်ငယ်သားများကို  စုံစမ်းဆေးခိုင်းရန် ချက်ချင်းစေလွှတ်လိုက်သည်။ သို့ရာတွင် သူ၏လက်အောက်ငယ်သားများက လာဘ်ငွေများသည့်အရာရှိကို မည်သို့ဖမ်းရမည်မသိ ဖြစ်နေကြသည်။


ရွှယ်ဟုန်ယန်ကို အကြောင်းကြားရန်အတွင် ထန့်ယွင်က တစ်ယောက်ယောက်ကို စေလွှတ်လိုက်သည်။

" ဆုငွေတစ်ချို့ ပေးလိုက်မယ်ဆိုရင် ဖွင့်ပြောရဲတဲ့အစေခံတွေ ရှိလာပါလိမ့်မယ်..."


ရွှယ်ဟုန်ယန် ဆုငွေချီးမြှင့်လိုက်သည့်အခါ အစေခံများက သူတို့၏အထက်လူကြီးများအကြောင်း ထုတ်ဖော်ပြောပြကြသည်။ ရွှယ်ဟုန်ယန်က ဂိတ်စောင့်ခေါင်းဆောင်ကိုဖမ်းဆီးကာ ကွပ်မျက်လိုက်သည်။ ဂိတ်စောင့်ခေါင်းဆောင်၏ လက်ထောက်ကို ထွက်ပြေးသွားစေပြီး ရွှယ်ယွီထံသို့ သတင်းပြန်ပို့ရန် လွှတ်ပေးလိုက်သည်။


နယ်စားမင်းဝမ်နျန်မှာ သူတို့က ဂိတ်စောင့်ခေါင်းဆောင်ကို လာဘ်ထိုးခဲ့ခြင်းအား တစ်နည်းနည်းဖြင့် သိရှိသွားသည်ဟု ဂိတ်စောင့်ခေါင်းဆောင်၏ လက်ထောက်က  ရွှယ်ယွီကို သတင်းပို့လိုက်သည်။ လက်ထောက်မှာ ခေါင်းဆောင်ကို နယ်စားမင်းဝမ်နျန်က အမှန်တိုင်းပြောခိုင်းမည်ကို စိုးရိမ်သည့်အတွက် ခေါင်းဆောင်ကို သူကိုယ်တိုင်သတ်ပစ်ပြီး ခေါင်းကိုနယ်စားမင်းကျန့်ကျန်းဆီသို့ ယူဆောင်လာပေးခဲ့သည်။


လက်ထောက်၏ဇာတ်လမ်းကို မူလက ရွှယ်ယွီမယုံကြည်သော်လည်း သူ့လေသံက အမှန်တရားကိုပြောပြနေပုံရ၍  ယုံကြည်သွားခဲ့သည်။


ညသန်းခေါင်ယံအချိန်တိုင်း နယ်စားမင်းဝမ်နျန်က ဂိတ်ကို ကိုယ်တိုင်လာရောက်စစ်ဆေးကြောင်း လက်ထောက်က  ရွှယ်ယွီကို ပြောပြခဲ့သည်။ အရည်အချင်းရှိသော လေးသည်တော်များကို ပြင်ထားရန်အတွက်လည်း ရွှယ်ယွီကို အကြံပြုခဲ့သည်။ အစေခံက မြို့တော်ဂိတ်ဝကို ပြန်သွားပြီး မီးအချက်ပြလိုက်ချိန်တွင် လေးသည်တော်များက ဝမ်နျန်ကို သတ်ပစ်နိုင်ကြောင်း ပြောပြလိုက်သည်။


အကယ်၍ နန်းမြို့တော်မှ အရေးပါသည့်ပုဂ္ဂိုဟ်တစ်ယောက် သေဆုံးသွားပါက စစ်တပ်နှင့် အရပ်ဘက်မှ အမတ်များအားလုံး၏အခြေအနေက ကမောက်ကမဖြစ်သွားနိုင်သည်။ ထိုအခါမှ မြို့ဂိတ်တံခါးကို ဖွင့်လိုက်ပါက နယ်စားမင်းကျန့်ကျန်း နန်းမြို့‌တော်ကို သိမ်းပိုက်နိုင်ရန် ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။


ရွှယ်ယွီက လက်ထောက်၏ အကြံကို နားထောင်နေလျက် မျက်လုံးများ အရောင်တောက်လာသည်။ သူ့၏စိတ်ထဲတွင် တစ်ခြမ်းက ဤအကြံကို အကြံကောင်းဟုထင်သော်လည်း နောက်တစ်ခြမ်းက သေကြောင်းကြံသည့်အစီအစဉ်ဟု ထင်နေမိသည်။


လက်ထောက်က ပြောလိုက်သည်။

" အရှင်နယ်စားမင်း နားမလည်တာဖြစ်ပါလိမ့်မယ်... တကယ်လို့ အရှင်က မြို့တော်ကို သိမ်းပိုက်လိုက်မယ်ဆိုရင် ကျွန်တော်မျိုးက မြင့်မြတ်တဲ့မျိုးနွယ်ဖြစ်သွားနိုင်‌ပါတယ် ... ဒါပေမဲ့ ရွှယ်ဝမ်ရဲ့လက်ထက်မှာဆိုရင်တော့ ကျွန်တော်မျိုးက တစ်ဘဝလုံး လက်ထောက်အဖြစ်ပဲ နေသွားရပြီး တစ်ဘဝလုံး အရာရှိဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး...အခု ဂိတ်စောင့်ခေါင်းဆောင်လည်းသေပြီဆိုတော့ ကျွန်တော်မျိုးတို့ မြန်မြန်လှုပ်ရှားမှဖြစ်ပါမယ်... တကယ်လို့ အချိန်ဆွဲနေမယ်ဆိုရင် နယ်စားမင်းဝမ်နျန်က တစ်ခုခုကိုသိသွားပြီး ကျွန်တော်တို့အားလုံး သေကုန်ကြပါလိမ့်မယ်..."



ထန့်ယင်းက ယခင်အချိန်က ဓားများကို ထိန်းသိမ်းရသည့် အရာရှိတစ်ယောက်ဖြစ်ခဲ့သည်။ သူ့ထံတွင် အာဏာအစစ်မရှိသော်လည်း အထက်လူကြီးများနှင့် နီးစပ်ခွင့် ရရှိသည်။ ထိုလူများနှင့် ပိုနီးစပ်လေ သူတို့နှင့် တရင်းတနှီး နေနိုင်လေဖြစ်သည်။ ထန့်ယင်းက မြှောက်ပင့်ပြောဆိုရာတွင် အရည်အချင်းရှိသည်ဖြစ်၍  အထောက်အပံ့များ စုဆောင်းရာတွင်လည်းထူးချွန်သည်။


ယခုအခါ၌ ရွှယ်တိုင်းပြည်နန်းတွင်းတွင်မူ သူက အဆင့်နိမ့် အစောင့်တစ်ယောက်သာဖြစ်သည်။ ၎င်းကို ရာထူးအဆင့်လျှော့ကျသွားသည်ဟုလည်း သတ်မှတ်နိုင်သည်။ ရွှယ်ဝမ်က သူ့ကို ဟယ့်ညီအစ်ကိုသုံးယောက်၏ မျက်စိအောက်တွင်သာထားသည်။ ထိုညီအစ်ကိုသုံးယောက်က ပျင်းရိသောလက်အောက်ငယ်သားများကို နှိပ်စက်ရာတွင် ပျော်မွေ့ကြသော လူရိုင်းများဖြစ်သည်။ သူတို့ကထန့်ယင်းကို တာဝန်တစ်ခုပြီးတစ်ခု ပေးကြကာ ပင်ပန်းနွမ်းနယ်နေသည်အထိ ခိုင်းစေကြသည်။


အဆုံးတွင် ထန့်ယင်းက ထန့်ချမ်ယီကို သူ့‌ကျောထောက်နောက်ခံပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူမက မောင်းမဆောင်တွင် ကြင်ယာတော်အဆင့်သာဖြစ်သော်လည်း လူမှု့အဖွဲ့အစည်းလှေကားထစ်ကို တက်လှမ်းလိုပါက ကြင်ယာတော်မျာ၏ထောက်ပံ့မှုကလည်း အကူအညီကောင်းတစ်မျိုးပင်ဖြစ်သည်။


ထန့်ယင်းက ထန့်ချမ်ယီကိုချဉ်းကပ်ရန် အခွင့်ကောင်းကို စောင့်နေသည်။ တစ်နေ့၌ သူမက ရေကန်ငယ်လေးကို စိုက်ကြည့်ပြီး ဝမ်းနည်းပက်လက်ဖြင့် သက်ပြင်းချနေသည်ကို မြင်လိုက်သည်။ သူက ရေကန်ငယ်လေးနားကပ်သွားကာ ချက်ချင်း မျက်ရည်လည်ရွှဲဖြင့် အော်ငိုတော့သည်။


တစ်စုံတစ်ယောက်က ကျယ်လောင်စွာအော်ငိုနေသည်ကို ထန့်ချမ်ယီကြား၍ ဆူညံနေသည့်ကျူးကျော်သူကို ခေါ်လာပြီး ပျဉ်ချပ်ဖြင့်ရိုက်ရန် သူမအစေခံကို အမိန့်ပေးလိုက်သည်။


ထန့်ယင်းက အဖမ်းခံရပြီး မြေပြင်တွင် ဒူးထောက်ရန် အတင်းအကြပ် စေခိုင်းခံရသည်။ သူက မြေပြင်တွင် ဝပ်တွားလိုက်ပြီး ငိုယိုလျက်နှင့်ပင် ထန့်ချမ်ယီ၏ ခြေထောက်နားအထိ ကပ်လာသည်။


" အရှင့်သမီးတော် အရှင့်သမီးတော် မင်းသမီးလေး... ဒီနိမ့်ကျတဲ့အစေခံကို မမှတ်မိတော့ဘူးလား..."


xxxx