အပိုင်း ၆၆
Viewers 13k

Chapter 66


" အရှင့်သမီးတော် အရှင့်သမီးတော် မင်းသမီးလေး... ဒီနိမ့်ကျတဲ့အစေခံကို မမှတ်မိတော့ဘူးလား..."


အစောင့်ရဲမက်က သူမကိုမင်းသမီးဟုခေါ်လိုက်သဖြင့် ထိုလူက ထန့်တိုင်းပြည်မှ တစ်ယောက်ယောက်ဖြစ်ကြောင်း သိလိုက်သည်။ ငုံ့ကြည့်လိုက်သည့်အခါ ထိုလူ့၏မျက်နှာကို အမှန်ပင် ‌ရင်းနှီးနေသည်။


ထန့်ချမ်ယီက သူ့ကိုမှတ်မိသွားသည်ကို ထန့်ယင်းသတိပြုမိ၍ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်သည်။ သူက အသံကျယ်ကျယ်ဖြင့် အော်ငိုလိုက်သည်။


" ဒီ အဆင့်နိမ့်တဲ့အစေခံက အရှင့်သမီးတော်ရဲ့ ခွင့်လွှတ်မှုကို တောင်းခံပါတယ်... ကျွန်တော်မျိုး အရှင်မင်းသမီးကို အဝေးက လှမ်းမြင်လိုက်‌တော့ ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပဲ မျက်ရည်တွေကျလာတာပါ..."


ထန့်ယင်းက အသေးစိတ်ကျသော ဇာတ်လမ်းတစ်ခုကို ကြံစည်ပြုလုပ်ထားသည်။ ထန့်ဝမ်က မင်းသမီးကို အမြဲတမ်းလွမ်းနေခဲ့ပြီး နေ့တိုင်း တွေ့ချင်စိတ်ကို တောင့်ခံထားရပြီး ထပ်ခါထပ်ခါ ငိုကြွေးနေကြောင်းလည်း ပြောလိုက်သည်။  ထန့်ယင်း ရံဖန်ရံခါ ထန့်ဝမ်ကို ခစားနေစဉ်တွင် ထန့်ဝမ်က မင်းသမီးကိုလွမ်း၍ ငိုယိုနေသည်ကိုလည်းမြင်သည်ဟု ပြောသည်။ သို့ဖြစ်၍ မင်းသမီးကို မြင်သည့်အခါ ထန့်ဝမ်၏ ဝမ်းနည်းပူဆွေးမှုကို အမှတ်ရသွား၍ ငိုမိသွားကြောင်း ပြောလိုက်သည်။


" မင်းသမီးလေး ခမည်းတော်က လာမတွေ့တာကို စိတ်မဆိုးပါနဲ့ တကယ်တော့သူက..."


သူ ဘေးပတ်ပတ်လည်ကိုကြည့်ကာ ဆက်ပြောလိုက်သည်။


" တကယ်တော့ အဲ့ဒီကိစ္စကို ဒီနေရာမှာပြောဖို့ မသင့်တော်ဘူးလို့ ကျွန်တော်မျိုးထင်ပါတယ်... ဒီမှာ လူအများကြီးရှိဆော့ ကျွန်တော်မျိုး အပြစ်ပေးခံရနိုင်တယ်... ကွပ်မျက်တဲ့အထိတောင် ဖြစ်သွားနိုင်ပါတယ်..."


ထန့်ချမ်ယီ့ကို လက်ထပ်ပြီးချိန်တည်းမှစ၍ ရွှယ်ကျွင်းလျန်က လက်ဖျားဖြင့်ပင် မထိခဲ့ပေ။ သို့ဖြစ်၍ သူမ မကျေမနပ်ဖြစ်နေမိသည်။

ဘယ်မိန်းကလေးက လက်ထပ်ပြီးတဲ့နောက် ခင်ပွန်းရဲ့ လျစ်လျူရှု့တာကို ခံချင်မှာလဲ... သူမရဲ့ လက်ရှိအဖြစ်က မုဆိုးမနဲ့တောင် သိပ်မကွာတော့ဘူး...


သို့ဖြစ်၍ ထန့်ယင်းပြောသည်ကို ကြားသောအခါ ထန့်ချမ်ယီ အပြည့်အဝ ယုံကြည်သွားခဲ့သည်။ သူမ မျက်ရည်များကိုသုတ်လိုက်ပြီး သူမ၏စိတ်ကြီးဝင်တတ်၍ အလိုလိုက်ခံထားရသော အကျင့်စရိုက်ကြောင့် ထန့်ယင်းကိုပြောလိုက်သည်။


" ဒီနေ့ကစပြီး မင်း ငါ့ရဲ့နောက်လိုက်လုပ်တော့... တကယ်လို့ ငါနဲ့ရင်းနှီးတဲ့တစ်ယောက်ယောက်ကို ကိုယ်ရံတော်အဖြစ် ထားချင်တယ်ဆိုရင် ဘယ်သူမှ ငြင်းရဲမှ မဟုတ်ပါဘူး..."


ထိုအချိန်မှစ၍ ထန့်ယင်းက သူ့နောက်ခံအင်အားကို ရရှိသွားခဲ့သည်။ နေ့စဉ်နေ့တိုင်း ထန့်ချမ်ယီ သဘောကျမည့်အရာများကိုသာ ပြောသည်။  ရွှယ်ဝမ်နှင့် နယ်စားမင်းဝမ်နျန်တို့လောက် မဟုတ်သော်လည်း ထန့်ယင်းကလည်း ကြည့်ကောင်းသူတစ်ယောက် ဖြစ်သည်။ ထန့်ယင်းက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော မျက်နှာမျိုးရှိပြီး သူ့အပြောတိုင်းကလည်း ပျားရည်ကဲ့သို့ ချိုသာလှသည်။ စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် အမျိုးသမီးများက သူ့ကိုအညံ့ခံသွားစေနိုင်သည်။


ထန့်ယင်း၏ ဆွဲဆောင်မှုကြောင့် ထန့်ချမ်ယီ ပြုစားခံနေရသည်။ ထန့်ယင်း၏ စကားပြောဆိုတတ်မှုကြောင့်သာမဟုတ်ပါက သူအသတ်ခံရသည်မှာ ကြာပြီဖြစ်သည်။ နောက်ဆုံးတွင် ထန့်ယင်းက ထန့်ချမ်ယီ၏ အိပ်ရာပေါ်ထိပါ တက်နိုင်ခဲ့သည်။


ယနေ့ ထန့်ချမ်ယီက ပန်းဥယျာဉ်ငယ်လေးထဲတွင် လေညင်းခံထွက်နေသည်။ ထန့်ယင်းက ပြုံးရယ်လျက်နှင့်ပင် ပြောလိုက်သည်။


" အရှင်မ တစ်ခါတစ်ရံ မပျော်မရွှင်ဖြစ်နေတာကို ဒီအစေခံတွေ့ရပါတယ် အဲ့ဒါကြောင့်မို့ အရှင်မအတွက် သီးသန့်ကိုယ်ရံတော်တစ်ယောက် ရှာလာခဲ့ပါတယ်... သူ့ကို‌မြင်ရင် သေချာပေါက် သဘောကျသွားပါလိမ့်မယ်..."


ထန့်ချမ်ယီက ရုပ်ရည်ရူပကာကြည့်ကောင်းသော ကိုယ်ရံတော်ကိုသာ အလိုရှိသည်။ သို့ရာတွင် ထန့်ယင်းက သူမအကြိုက်ကိုသိသူဖြစ်၍ ထိုကိုယ်ရံတော်ကိုတွေ့ရန် သဘောတူလိုက်သည်။


ထန့်ယင်းက ကိုယ်ရံတော်ကို လာခိုင်းလိုက်ပြီးနောက် ထန့်ချမ်ယီအနီးတွင် ရပ်နေလိုက်သည်။ တစ်ချက်တည်းကြည့်ရုံဖြင့် ထန့်ချမ်ယီ ထခုန်မိမတတ် လန့်သွားသည်။ သူမ အလွန်ဝမ်းသာသွားသည့်အတွက် ထိုအစောင့်၏လက်ကိုပင် ဆွဲမိသွားသည်။


" ရှင်... ဘယ်လိုဖြစ်လို့ ရှင်ဖြစ်နေရတာလဲ... ကျွန်မ ဒီနေရာမှာ ရှိနေတာကိုကြားပြီး လာရှာတာလား ဟုတ်တယ်မလား..."


ထန့်ချမ်ယီကို စိတ်ချမ်းသာအောင်လုပ်ပေးနိုင်ခဲ့ကြောင်း ထန့်ယင်းသိ၍  ရယ်ရယ်မောမောဖြင့်ပင် ပြောလိုက်သည်။


" အရှင်မနဲ့ သူနဲ့ ပြန်ပေါင်းစည်းလို့ရပြီပေါ့.. ဒါပေမဲ့ ကျွန်တော်မျိုးတို့ တစ်နေရာရာကိုသွားတာ ကောင်းမယ်ထင်တယ် ဒီမှာ စကားပြောရမှာ မသင့်တော်ဘူး..."


ထန့်ချမ်ယီက လူမြင်ကွင်းတွင် သူမ၏အမူအကျင့်များ မှားယွင်းသွားကြောင်း သဘောပေါက်သွားသည်။ ကိုယ်ရံတော်အသစ်ကို သူမနန်းဆောင်ထဲ ဆွဲခေါ်သွားကာ သူတို့နှစ်ယောက်တည်းသာ နေမည်ဟု အမိန့်ပေးလိုက်သည်။


ထန့်ချမ်ယီက ကိုယ်ရံတော်အသစ်ကို ချစ်ခင်မြတ်နိုးမှုများပြည့်နေသည့် မျက်လုံးဖြင့် ကြည့်နေသည်။ သူ့ကိုသိသောလူတိုင်းသော ထိုသူမှာ ရွှယ်ယွီ၏ အယုံကြည်ရဆုံးသောလက်ထောက် လန့်ကျင်းမှလွဲ၍ အခြားလူမဟုတ်ကြောင်း သိနိုင်မည်ဖြစ်သည်။


အမှန်တွင် လန့်ကျင်းက ရွှယ်ယွီ၏အမိန့်ကြောင့် နန်းတော်ထဲ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။


လန့်ကျင်းနှင့် ချန်ယီက အတန်းဖော်မိတ်ဆွေများဖြစ်ခဲ့သည်။ သူနှင့် ချန်ယီက အတူတူစာပေသင်ကြားခဲ့သူများဖြစ်ပြီး ချန်ယီက ရံဖန်ရံခါတွင် လန့်ကျင်းကို အစ်ကိုကြီးဟု ခေါ်လေ့ရှိသည်။


ထိုနှစ်က လန့်ကျင်းနှင့် ချန်ယီက ထန့်တိုင်းပြည်သို့ အတူတကွ ခရီးသွားခဲ့ကြသည်။ ကံဆိုးစွာဖြင့် လမ်းခရီးတွင် သူခိုးဓားပြများဖြင့် တွေ့ခဲ့ရသည်။


လန့်ကျင်းက ယခုအခါတွင် အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်တောင့်တင်းသူ ဖြစ်နေသော်လည်း ထိုအချိန်ကမူ သူ့ကိုယ်သူကာကွယ်ရန်သာသိသည့် ပညာရှင်တစ်ယောက်ဖြစ်သည်။ အဆုံးတွင် သူနှင့်ချန်ယီက လူချင်းကွဲသွားခဲ့သည်။


ချန်ယီက ထန့်တိုင်းပြည်သို့ ခရီးဆက်သွားခဲ့ပြီး လန့်ကျင်းကိုမူ ရွှယ်ယွီက ကယ်တင်ခဲ့သည်။ ထိုအချိန်မှစ၍ လန့်ကျင်းက ကျေးဇူးသိတတ်သောအားဖြင့် ရွှယ်ယွီနောက်ကိုသာလိုက်ခဲ့သည်။ လန့်ကျင်းက လိမ္မာပါးနပ်၍ အရည်အချင်းရှိသူဖြစ်သောကြောင့် လန့်ကျင့်ကို အယုံကြည်ရဆုံးလက်ထောက်အဖြစ်ထားခဲ့၍ လန့်ကျင်းက ပို၍ ကျေးဇူးတင်ခဲ့သည်။

66.2


လန့်ကျင်းက ရွှယ်ယွီထံတွင်သာ သူ့စိတ်ကို မြှပ်နှံထားသည်။ လန့်ကျင်း၏ အကြံဉာဏ်များကြောင့်သာ မဟုတ်ပါက ရွှယ်ယွီက ယနေ့အချိန်ထိ အသက်ရှင်နေနိုင်မည်မဟုတ်ပေ။ ရွှယ်ယွီက ‌အပြင်ပိုင်းတွင်သာ ဖော်ရွေ၍ အေးအေးချမ်းချမ်းနေသည့်ပုံရသော်လည်း အမှန်တွင် သွေးဆူလွယ်ပြီး စိတ်လိုက်မာန်ပါလုပ်တတ်သည်။ ရလဒ်ကို မစဉ်းစားမတွေးတောပဲနှင့် အလျင်စလို ပြုမူတတ်သည်။


ဤနှစ်တွင် ရွှယ်ယွီက သူ၏စစ်အင်အားက အတန်အသင့်ကြီးထွားလာပြီဟု သတ်မှတ်ခဲ့၍ ဘာမှမလုပ်ပဲ ထိုင်မနေနိုင်တော့ပေ။ လန့်ကျင်းက အချိန်မကျသေးကြောင်းပြောကာ ရွှယ်ယွီကို စိတ်တည်ငြိမ်အောင် ကြိုးစားခဲ့ရသည်။ သို့ရာတွင် ရွှယ်ယွီက နားမထောင်သည့်အတွက် ရွှယ်ယွီ့ကို ကူညီရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။


ထန့်ယင်းက သတ္တိနည်းသော်လည်း လောဘကြီးသူတစ်ယောက်ဖြစ်သည်။ သို့ရာတွင် သူ့စိတ်အခြေအနေက လန့်ကျင်းထက်နိမ့်ကျနေသေးသည်။ လန့်ကျင်း စကားအနည်းငယ်ပြောလိုက်ရုံဖြင့် ထန့်ချမ်ယီနှင့် တွေ့ဆုံရန်အတွက် ခေါ်သွားပေးမည်ဟု သဘောတူလိုက်သည်။


နှစ်အနည်းငယ်အကြာက ရွှယ်ယွီက ရုပ်ဖျက်ပြီး ထန့်တိုင်းပြည်သို့ သွားရောက်စဉ်က လန့်ကျင်းကို ခေါ်သွားခဲ့သည်။ နန်းတော်အပြင်ဘက်တွင် ရှု့ခင်းကြည့်နေသော ထန့်ချမ်ယီနှင့် ဆုံတွေ့ခဲ့ကြသည်။ လန့်ကျင်း၏ရုပ်ရည်သွင်ပြင်က အကြည့်ကိုဖမ်းစားနိုင်ပြီး သူ၏အပြုအမူကလည်း တည်ငြိမ်၍ စိတ်ကျေနပ်ဖွယ်ရာဖြစ်သည်။ ထန့်ချမ်ယီက လန့်ကျင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သဘောကျပြီးနောက် လန့်ကျင်းနှင့်ရွှယ်ယွီကို နန်းတော်သို့ ဖိတ်ခေါ်လိုက်ပြီး ရွှယ်ယွီထံမှ လန့်ကျင်းကို ခိုးယူရန်ကြိုးစားတော့သည်။ အမှန်တွင် ထန့်ချမ်ယီက မင်းသမီးဖြစ်နေခဲ့သော်လည်း လန့်ကျင်းက သူမကို တစ်ကြိမ်တစ်ခါမှ သဘောမကျခဲ့ဘူးပေ။


လန့်ကျင်းကို ပြန်လည်တွေ့ဆုံရသည်ကို အလွန်ပျော်ရွှင်နေ၍ ထန့်ချမ်ယီက သတိလစ်မတတ်ဖြစ်သွားသည်။


လန့်ကျင်းက ထန့်ချမ်ယီကို သဘောမကျသော်လည်း သူ၏ အရေးမစိုက်မှုကို လိမ်ညာလှည့်စားထားသည့် အပြင်ပန်းသွင်ပြင်တစ်ခုဖြင့် ဖုံးကွယ်ထားသည်။


" ဒီအစေခံက အရှင့်သမီးတော်ကို ရှာနေခဲ့တာပါ... ဒါပေမဲ့ ခြေတစ်လှမ်းနောက်ကျသွားပုံရတယ်..."


ထန့်ချမ်ယီ ချက်ချင်းပင် ငိုကြွေးတော့သည်။

" ကျွန်မကိုဘာလို့ စောစောမရှာခဲ့တာလဲ..."


ထိုစကားက လန့်ကျင်းစောင့်ဆိုင်းနေသော စကားလုံးပင်ဖြစ်သည်။


" တကယ်လို့ အရှင့်သမီးတော် ကျွန်တော်မျိုးပြောတဲ့အတိုင်းလုပ်ရင်တော့ ကျွန်တော်မျိုးတို့ နှစ်ယောက်လုံးအတွက် အရမ်းနောက်မကျသေးပါဘူး..."


ထန့်ချမ်ယီ နားထောင်ချင်စိတ်ဖြစ်ပေါ်လာသည်။ လန့်ကျင်း၏ နူးညံ့ညင်သာမှုကြောင့် သူမဖမ်းစားခံလိုက်ရပြီဖြစ်သည်။ သို့ရာတွင် လန့်ကျင်းက သူ့အကြံအကြောင်းပြောပြသည့်အခါ သူမ ကြောက်လန့်မှုကြောင့် တုန်လှုပ်သွားသည်။


" ဒါပေမဲ့... ဒါက မဖြစ်နိုင်တော့ဘူးလေ..."


လန့်ကျင်း ခပ်ပြတ်ပြတ် ရယ်လိုက်သည်။


" ကျွန်တော်မျိုးနဲ့ အတူရှိချင်တယ်လို့ ပြောခဲ့တာ အတုအယောင်တွေပေါ့‌..."


" ဒါပေမဲ့လည်း..."

ထန့်ချမ်ယီက ပိုကျယ်လောင်စွာငိုလိုက်ပြီး လန့်ကျင်း၏ရင်ခွင်ထဲ ဝင်လိုက်သည်။


" အရှင်နယ်စားမင်းက အကုန်လုံးကို စီစဉ်ပြီးသွားပြီ... ဧကရီသေသွားတာနဲ့ ကျွန်တော်မျိုးတို့ ဒီနေရာကနေ အဝေးကိုထွက်သွားလို့ရပြီ... တကယ်လို့ အရှင့်သမီးတော်က ချမ်းသာကြွယ်ဝမှုနဲ့ ရာထူးအဆင့်အတန်းတွေ လိုချင်တယ်ဆိုရင်လည်း အရှင်နယ်စားမင်းက ကျွန်တော်မျိုးကို နယ်စားမင်းရာထူးပေးမယ်လို့ပြောတယ်... ကျွန်တော်မျိုးတို့က ဒီတိုင်းပြည်တစ်ခုလုံးမှာ ဒုတိယအမြင့်ဆုံးနိုင်ငံသားဖြစ်သွားမှာ... အဲ့ဒါက လေးစားမခံတဲ့ ကြင်ယာတော်ထက် ပိုမကောင်းဘူးလား..."


ထန့်ချမ်ယီက ကြောက်လန့်နေဆဲဖြစ်သည်။ ဧကရီကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခြင်းကပင် ခွင့်လွှတ်ပေး၍ မရနိုင်သောပြစ်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။ ဤကဲ့သို့သော ကိစ္စကြီးက တစ်နေ့နေ့တစ်ချိန်ချိန်တွင် အဖြစ်မှန်ပေါ်အောင် ဖော်ထုတ်ခံရပြီး သူမသည်လည်း အေးအေးချမ်းချမ်း သေရမယ်မဟုတ်ပေ။


" အရှင်မ ထွက်ပြေးလွတ်မြောက်နိုင်ဖို့လည်း ကျွန်တော်မျိုး အစီအစဉ်ဆွဲထားပြီးပြီ... ထန့်ယင်းကို ယွင်ဖုန့်နန်းဆောင်ကို မီးရှို့ဖို့အတွက် ပို့ပေးဖို့ပဲ လိုတာပါ... တကယ်လို့ အဆင်မပြေခဲ့ရင်လည်း ဒီကိစ္စမှာ အရှင်မရဲ့ပါဝင်မှုက သေးငယ်လွန်းပါတယ်... ထန့်ယင်းကို အပြစ်တွေအားလုံး ပုံချလို့ရတာပဲ... အားလုံး အဆင်ပြေသွားမှာပါ... ထန့်ယင်းအတွက်တော့ မပူပါနဲ့ ဒီကိစ္စကို သူ လိုလိုလားလားနဲ့လုပ်ဖို့ ကျွန်တော်မျိုးမှာ နည်းလမ်းရှိပါတယ်..."


လန့်ကျင်း၏ နူးညံ့ညင်သာစွာ စကားပြောဆိုပုံကြောင့် ထန့်ချမ်ယီ၏စိတ်က ယိမ်းယိုင်သွားရသည်။ လန့်ကျင်းက အလွန် နူးညံ့နွေးထွေးလွန်း၍ သူမကိုယ်သူမ တိမ်ပေါ်သို့ ရောက်နေသည်ဟုပင် ခံစားရသည်။ အဆုံးတွင် ထန့်ချမ်ယီက တွန့်ဆုတ်စွာဖြင့် သဘောတူလိုက်သည်။


လန့်ကျင်းကို ခပ်ကြာကြာနေရန် ချွဲ့နွဲ့နေသော်လည်း လန့်ကျင်းက ငြင်းပယ်လိုက်ပြီး သူတို့နှစ်ယောက်လုံး မကြာမီ အတူတူနေထိုင်ရတော့မည်ဟုပြောသည်။ လန့်ကျင်းက လုပ်စရာကိစ္စများရှိနေ၍ အလောတကြီး ပြန်သွားချင်နေသည်။


ထန့်ချမ်ယီကို စည်းရုံးပြီးသည့်အခါ လန့်ကျင်းက ထန့်ယင်းကိုသွားရှာသည်။ လန့်ကျင်း၏ ကတိစကားများကြောင့်  ထန့်ယင်းက ဤအစီအစဉ်ကို ပျော်ရွှင်စွာဖြင့်ပင် သဘောတူ လက်ခံလိုက်သည်။


အရာအားလုံးကို အကွက်ကျကျ စီစဉ်ပြီးသည့်အခါမှ လန့်ကျင်း သက်ပြင်းချနိုင်ပြီး နန်းတော်ထဲမှ ထွက်လာသည်။


ထိုညနေခင်းတွင် ရွှယ်ယွီက သူ့စစ်တပ်များအား ရွှယ်ဟုန်ယန်ကိုသတ်ရန် အချက်ပြမည်ကို စောင့်ဆိုင်းခိုင်းထားသည်။ ညအချိန်ရောက်လာသော်လည်း လန့်ကျင်းက ပြန်မလာသေးပေ။


စစ်သားတစ်ယောက်က လန့်ကျင်းထံမှ စာတစ်စောင်လာပေးသည်။


စာထဲတွင် ရေးထားသည်မှာ...

( အရှင်နယ်စားမင်းက ကျွန်တော်မျိုးကို သနားကြင်နာခဲလို့ အရမ်းကျေးဇူးတင်နေပြီး ပြန်ပေးဆပ်လိုခဲ့ပါတယ်...ဒါပေမဲ့ အရှင်စားမင်းကို တစ်ခု ပြောချင်တာရှိပါတယ်... အခုချိန်မှာ မြောက်ပိုင်းနယ်စပ်ကိုပြန်ဆုတ်ပြီး စစ်အင်အားတောင့်တင်းလာအောင် ပြန်လုပ်ပြီးမှ အကြံအစည်တွေကို အကောင်အထည်ဖော်ပါ... တကယ်လို့ အရှင်နယ်စားမင်း ဒီစာကိုဖတ်ပြီး ဒေါသထွက်မယ်ဆိုရင်လည်း အဲ့ဒါက ကျွန်တော်မျိုးဖြစ်စေချင်တာပါပဲ... 


ကျွန်တော်မျိုး သမားရိုးကျမဟုတ်တဲ့ လမ်းတစ်ခု ဖောက်ပေးခဲ့ပါတယ်... အဲ့ဒါက အရှင်နယ်စားမင်းအတွက် ကျွန်တော်မျိုး နောက်ဆုံးလုပ်ပေးနိုင်တဲ့အရာပါပဲ... ကိုယ်ရံတော်ရဲမက်တစ်ယောက်ရဲ့ အကူအညီနဲ့ လန့်ကျင်း နန်းတွင်းကို တိတ်တဆိတ်ဝင်ပြီး ယွင်ဖုန့်နန်းတော်ကို မီးရှို့ပစ်ဖို့ ထန့်ဖေးကို စည်းရုံးခဲ့ပါတယ်... တကယ်လို့ အရှင့် အကြံအစည်တွေကျရှုံးသွားရင်လည်း အပြစ်အားလုံးကို နယ်စားမင်းထန့်နန်အပေါ်ပဲ ပုံချလိုက်ပါ... ပြီးတော့ နယ်စားမင်းက ရွှယ်ဝမ်ရဲ့ သွေးသားရင်းချာဖြစ်နေဆဲပါပဲ... အရင်ရွှယ်ဝမ် က သူ့မိသားစုဝင်တွေကို ကောင်းကင်ဘုံကလွဲပြီး ဘယ်သူမှ မသတ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်... ရွှယ်ဝမ်က အရှင့်ကို မသတ်လောက်ပါဘူး )


စာဖတ်ပြီးသွားသည့်အခါ ရွှယ်ယွီ၏တစ်ကိုယ်လုံး ဒေါသကြောင့် တဆတ်ဆတ်တုန်လာပြီး လက်များလည်း တုန်ယင်လာသည်။ စာ၏ နောက်ဆုံးတွင် ရေးထားသည်မှာ –

( ကျွန်တော်မျိုးက သေရမှာ မကြောက်ပေမယ့်... အောင်မြင်မှုက နယ်စားမင်းရဲ့ မျက်စိရှေ့မှောက်မှာ ရှိနေတာတောင်မှ ကျရှုံးသွားမှာကို မြင်ရမှာတော့ ကြောက်ပါတယ်...)


ရွှယ်ယွီက စစ်သားတစ်ယောက်၏ဓားကိုယူပြီး ထိုစာကို မီးလင်းဖိုထဲ ပစ်ထည့်လိုက်သည်။ စာက ချက်ချင်းပင် လောင်ကျွမ်းသွားပြီးမကြာမီ ပြာအဖြစ်ပြောင်းလဲသွားကာ မှောင်မိုက်နေသော ညအချိန်ကို ပိုမိုတောက်ပအောင် အလင်းရောင် ပေးနေသည်။


ယခုအချိန်ရောက်မှ ရွှယ်ယွီက အစီအစဉ်တစ်ခုလုံးကို  ပစ်ပယ်ပြီး ထွက်ပြေး၍ မရနိုင်တော့ပေ။  မြို့ရိုးမှမျှော်စင်အနီးတွင်‌ လေးသည်တော်အနည်းငယ်ကို နေရာချထားပြီးဖြစ်သည်။ မြို့ရိုးပေါ်မှ အလင်းမီးတိုင်များမှတစ်ဆင့် ဝတ်ရုံရှည်နှင့်အတူ ချပ်ဝတ်တန်ဆာအပြည့် ဝတ်ဆင်ထားသည့် တစ်စုံတစ်ယောက်ကို တွေ့မြင်နိုင်သည်။ ထိုလူက အခြေအနေကို စောင့်ကြည့်နေသကဲ့သို့ မြို့ရိုးပေါ်တွင် လှုပ်ရှားနေသည်။


ထိုအချိန်တွင် ထိုလူ၏ဘေးမှလျှောက်လာသည့်ပုံရိပ်က ဓားကို ဝှေ့ယမ်းလိုက်ပြီး သူ့ဘေးမှ မီးတိုင်ကိုငြှိန်းလိုက်သည်။ ၎င်းက သူတို့စောင့်ဆိုင်းနေသည့် အချက်ပြမှုဖြစ်ကြောင်း ရွှယ်ယွီသိလိုက်သည်။ လေးသည်တော်များကို မြို့ရိုးပေါ်မှပုံရိပ်အား မျှားဖြင့်ပစ်ရန် အမိန့်‌ပေးလိုက်သည်။


ထိုလေးသည်တော်များကို ရွှယ်ယွီကိုယ်တိုင် ဂရုတစိုက်ရွေးချယ်ထားခြင်းဖြစ်၍ သူတို့က သာမန်ထက်ထူးချွန်သူများဖြစ်သည်။ သူတို့၏ မြှားများက မြို့ရိုးမှ အကာအကွယ်များကို ကျော်လွန်သွားသည်။


မြို့ရိုးမျှော်စင်မှာ ချက်ချင်းပင် ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ စစ်သားများအော်ဟစ်လိုက်သံကိုပင် ရွှယ်ယွီကြားလိုက်ရသည်။


" အရှင်နယ်စားမင်း မြှားမှန်သွားပြီ... အရှင်နယ်စားမင်း မြှားမှန်သွားပြီ..."


xxxxx