အပိုင်း ၆၇
Viewers 17k

Chapter 67 (V1 end)

ကံတော်ကုန်ခြင်း


နောက်တစ်နေ့မနက်တွင် ရွှယ်ယွီက လူလွှတ်ပြီး သတင်းများ စုံစမ်းခိုင်းလိုက်သည်။ နယ်စားမင်းဝမ်နျန်က အဆိပ်မြှားဖြင့် ပစ်ခံရသည့်အပြင် အဆိပ်က သွေးလှည့်ပတ်မှုကိုပါ သက်ရောက်သွားစေကြောင်း သူလျှိုများမှတစ်ဆင့် သတင်းကြားသိရသည်။ သူ့ကို ကုသပေးရန်အတွက် နန်းတွင်းသမားတော်ကို ချက်ချင်းဆင့်ခေါ်ခဲ့သော်လည်း အဆိပ်က သူ့နှလုံးထဲတွင် ပျံ့နှံ့နေပြီဖြစ်၍ ကုသရန် မဖြစ်နိုင်တော့ပေ။


နယ်စားမင်းကျန့်ကျန်းစောင့်ဆိုင်းနေသည်မှာ ထိုကဲ့သို့သော သတင်းမျိုးပင်ဖြစ်သည်။ သို့ရာတွင် လန့်ကျင်း၏စာထဲမှ စကားများကြောင့် တွန့်ဆုတ်နေမိဆဲဖြစ်၍ လူတချို့ကိုစေလွှတ်ပြီး သေချာစုံစမ်းခိုင်းထားသည်။ နန်းမြို့တော်မှ လူအားလုံးမှာ ထိတ်လန့်နေကြကြောင်း သူလွှတ်လိုက်သည့် သူလျှိုများအားလုံးက သတင်းပြန်ပို့ကြသည်။ ရွှယ်ဝမ်နှင့် နယ်စားမင်းဝန်နျန်တို့ မရှိပါက ညီလာခံခန်းမဆောင်ကို ဦးဆောင်မည်သူ့မရှိတော့သည့်အပြင် အမတ်များအကြား၌လည်း စိတ်သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာသည်။


ထိုအကြောင်းများကို ကြားသည့်အခါ ရွှယ်ယွီက စိတ်လှုပ်ရှားမှုကို မထိန်းချုပ်ထားနိုင်တော့ပေ။ သူ့စစ်သားအားလုံးကို နန်းမြို့တော်ထဲသို့ ချက်ချင်းဝင်ရောက်ရန် အမိန့်ပေးလိုက်သည်။ မည်သူကအနိုင်ရရှိပြီး မည်သူက ရှုံးနိမ့်သွားသည်ကို လန့်ကျင်းအား ပြသနိုင်တော့မည်ဖြစ်သည်။


နယ်စားမင်းကျန့်ကျန်းက သူ၏လက်ရွေးစင်တပ်သားများကို ကိုယ်တိုင်ဦးဆောင်သည်။ ဤတစ်ကြိမ်တွင်မူ သူတို့ကိုယ်သူတို့ ခရီးသွားများကဲ့သို့ ရုပ်ဖျက်ရန် မလိုအပ်တော့ပဲ နန်းမြို့တော်အနားသို့ ချဉ်းကပ်လာကြသည်။ ရွှယ်ယွီကို အစောပိုင်းက ဆက်သွယ်ထားသည့်လက်ထောက်က ဂိတ်တံခါးကိုဖွင့်ပေးပြီး ကတိပေးထားသည့်အတိုင်း ဝင်လာခိုင်းလိုက်သည်။


သို့ရာတွင် ဂိတ်တံခါးဝကိုကျော်ဖြတ်ပြီး ဝင်ရောက်လာသည်နှင့် တစ်စုံတစ်ရာမှားယွင်းနေကြောင်း ရွှယ်ယွီခံစားလိုက်မိသည်။ နန်းမြို့တော်အတွင်းတွင် အဓိကရုဏ်းဖြစ်ပါက ဤမျှ တိတ်ဆိတ်မနေသင့်ပေ။ လမ်းမပေါ်တွင်ပင် လူတစ်ယောက်မှ မရှိပေ။


ရွှယ်ယွီ သဘောပေါက်သွားချိန်တွင် စစ်တပ်တစ်တပ်လုံးက မြို့ဂိတ်တံခါးဝကို ကျော်ဖြတ်လာပြီဖြစ်သည်။  ကတိုက်ကရိုက်ဖြင့် အားလုံးကိုတပ်ဆုတ်ရတ် အမိန့်ပေးလိုက်သော်လည်း အလွန်နောက်ကျသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ရွှယ်ဟုန်ယန်က စစ်သားများကို ဦးဆောင်လာပြီး ရွှယ်ယွီ၏ စစ်သားများကို မြိုအတွင်း၌ပင် ဝန်းရံလိုက်သည်။ ထိုအချိန်တွင် ထန့်ရှန်က အခြားစစ်သားတစ်ဝက်ကိုဦးဆောင်ပြီး မြို့ရိုးအပြင်ဘက်တွင် အတားအဆီးများလုပ်ကာ ပိတ်ဆို့ထားလိုက်သည်။


ရွှယ်ယွီ၏စစ်သားများက ရွှယ်ဟုန်ယန်နှင့်ယှဉ်ပါက နည်းပါးလွန်းနေသည်။ သူတို့ဖမ်းဆီးထိန်းသိမ်းမခံရခင်အထိ ဓားကိုမြှောက်ရန်ပင် အချိန်မရလိုက်ကြပေ။


တစ်စုံတစ်ယောက်ကိုမှ မသတ်ဖြတ်ရန် ရွှယ်ဟုန်ယန်က သူ့စစ်သားများကို အမိန့်ပေးထားသည်။ ဤနေရာက နန်းမြို့တော်အတွင်း၌ဖြစ်နေ၍ နေရာအနှံ့တွင် အလောင်းများ ပြန့်ကျဲနေပါက မြို့သူမြို့သားများ ထိတ်ထိတ်ပျာပျာဖြစ်သွားနိုင်သည်။ ပုန်ကန်သူစစ်သားတစ်ယောက်ကိုဖမ်းဆီးနိုင်သည့် မည်သူမဆို ငွေဒင်္ဂါးတစ်ပြားစီ ဆုချပြီး ပုန်ကန်သူခေါင်းဆောင်ကို အရှင်ဖမ်းဆီးနိုင်သူများကို ရွှေဖြင့်ဆုချကာ သူကောင်းမျိုးအဖြစ် အဆင့်မြှင့်တင်ပေးမည်ဟု ကြေညာလိုက်သည်။


သို့ဖြစ်၍ ရွှယ်ဟုန်ယန်၏စစ်သားများက ပုန်ကန်သူများကို အ‌‌ရှင်ဖမ်းမိရန်သာ စိတ်အားထက်သန်ကုန်ကြသည်။


ယခုအခြေအနေမှာ ချောင်ပိတ်မိနေသည့်ခွေးကို တုတ်ဖြင့်ရိုက်နေသည်ဟုပင် ဖော်ညွှန်း၍ရနိုင်သည်။ ပုန်ကန်သူစစ်သားများအားလုံး ထိတ်ပျာကုန်ကြပြီး ခေါင်းနှင့်ကိုယ် အိုးစားမကွဲရန်အတွက် တတ်နိုင်သမျှမြန်မြန်လက်နက်ချလိုက်ကြရသည်။ အဆုံးတွင် ပုန်ကန်သည့်စစ်တပ်မှ စစ်သားအများစုက လက်နက်များကို ပစ်ချလိုက်ကြသည်။


ရွှယ်ယွီကို ယခင်ရွှယ်ဝမ်က မျက်နှာ‌သာပေးထားခဲ့၍ စာပေးဆိုင်ရာနှင့် စစ်ရေးစစ်ကာတွင် အသိပညာဗဟုသုတကြွယ်ဝသည်။ ကံဆိုးသည်မှာ အရည်အချင်းရှိသော်လည်း လူအယောက်တစ်ရာကို တစ်ကြိမ်တည်း မတိုက်ခိုက်နိုင်သကဲ့သို့ အတောင်ပံဖြန့်ကျက်၍ ပျံသန်းထွက်ပြေးခြင်းလည်း မပြုလုပ်နိုင်ပေ။ ဆုလာဘ်များရရှိရန် စိတ်ကူးယဉ်နေ‌ကြသောစစ်သားများက ရွှေကဲ့သို့သော အခွင့်အရေးကြီးကို လက်လွတ်မခံနိုင်ကြပေ။ မကြာမီတွင် ရွှယ်ယွီကိုဖမ်းမိသွားပြီး ကြိုးများဖြင့် ခပ်တင်းတင်းတုပ်ထားကြသည်။


ရွှယ်ယွီက မာနကြီးသူတစ်ယောက်ဖြစ်၍ ရှုံးနိမ့်မှုက ဤမျှခါးသီးမည်ဟု စိတ်ကူးမယဉ်ခဲ့ဖူးပေ။ ယခုချိန်ရောက်မှ လန့်ကျင်း၏စာထဲမှ စကားများကိုတွေးမိပြီး သူ၏ဆိုလိုရင်းကို သဘောပေါက်သွားတော့သည်။ လန့်ကျင်းက သူ့ကို သရော်ခဲ့ခြင်းမဟုတ်ပဲ သတိပေးခဲ့ ခြင်းသာဖြစ်သည်။


နယ်စားမင်းကျန့်ကျန်းသည်လည်း ရွှယ်ဟုန်ယန်၏ညီတော်ပင်ဖြစ်သည်။ ရွှယ်ဟုန်ယန်၏ ကြင်နာတတ်သောနှလုံးသားဖြင့်ဆိုလျှင် ရွှယ်ယွီကို ဤသို့တွေ့ရခြင်းကလည်း ခက်ခဲလွန်းနေသည်။ ရွှယ်ယွီ၏ သံချပ်ကာနှင့် လက်နက်များကို ချက်ချင်းဖယ်ရှားပစ်ရန် အမိန့်ပေးလိုက်သည်။ အချိန်တစ်ခုအထိ ရွှယ်ယွီကို နန်းမြို့တော်မှ နယ်စားမင်းကျန့်ကျန်း၏အိမ်တော်တွင် အကျဉ်းချထာားပြီး အစောင့်ထူထပ်စွာချထားမည်ဖြစ်သည်။ ရွှယ်ဟုန်ယန်၏ခွင့်ပြုချက်နှင့် တရားဝင်တံဆိပ်ပြားမရှိပဲ မည်သူမျှ အိမ်တော်ထဲသို့ဝင်ခွင့်ရမည်မဟုတ်ပေ။


အစောင့်နှစ်ယောက်က ရွှယ်ယွီကို ဦးဆောင်ခေါ်သွားသည်။ နယ်စားမင်းကျန့်ကျန်း၏ အိမ်တော်အတွင်းသို့ ဝင်မည့်အချိန်တွင် စစ်သားတစ်ယောက်က မြင်းစီးလျက် သူတို့ထံသို့ တစ်ဟုန်ထိုးလာနေသည်။ ထိုစစ်သားကိုကြည့်ရသည်မှာ ဒုက္ခရောက်နေပုံရသည်။ ရွှယ်ဟုန်ယန်၏ရှေ့သို့ ရောက်သည့်အခါ ထိုစစ်သားက မြင်းပေါ်မှ ခုန်ဆင်းလာပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာအော်လိုက်သည်။

67.2


" အရှင်နယ်စားမင်း...မကောင်းတော့ဘူး... နန်းတော်မှာ မီးလောင်နေပါတယ်..."


ရွှယ်ဟုန်ယန်၏နှလုံးသားက ပြုတ်ကျလုမတတ်ဖြစ်သွားပြီး ရွှယ်ယွီကို စူးစူးရဲရဲကြည့်လိုက်သည်။


ရွှယ်ယွီလည်း ကြောင်အနေသည်။ ၎င်းက လန့်ကျင်းမထွက်ခွာသွားမီ သူ့အတွက်ဖန်တီးပေးခဲ့သည့် သမားရိုးကျမဟုတ်သည့်နည်းလမ်းဖြစ်နိုင်သည်။


ရွှယ်ဟုန်ယန်၏စိတ်အာရုံက သူ့ထံတွင်သာရောက်နေပြီး သူ၏ကိုယ်ပိုင်မိသားစုကို ကြည့်ရှု့ရန် မေ့လျော့နေခဲ့သည့်အတွက် ရွှယ်ယွီလှောင်ပြောင်ရယ်မောချင်လာသည်။ သို့ရာတွင် သူက အေးစက်စက်ရယ်သံက ထွပ်ပေါ်မလာခဲ့ပေ။ လန့်ကျင်း၏စကားများကြောင့် သူ့ရင်ထဲတွင် တစ်စုံတစ်ရာကို လက်လွတ်ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။


၎င်းက ရွှယ်ယွီ၏လှည့်ကွက်များထဲမှ တစ်ခုဖြစ်ကြောင်း ရွှယ်ဟုန်ယန်သဘောပေါက်လိုက်သည်။ ရွှယ်ယွီကို သေချာစောင့်ကြည့်ခိုင်းထားပြီး အမှားမလုပ်မိစေရန် သူ့လူများကို အမိန့်ပေးလိုက်သည်။ ရွှယ်ဟုန်ယန်က ရွှယ်ယွီကို စောင့်ကြည့်သူတစ်စုံတစ်ယောက် မရှိပဲထားခဲ့ရမည်ကို စိတ်မချကြောင်းသိ၍ ထန့်ရှန်က သူကိုယ်တိုင် စောင့်ကြည့်ပေးထားမည်ဟု ပြောလိုက်သည်။ ထို့နောက် ရွှယ်ဟုန်ယန်က သူ့စစ်သားများကို နန်းတော်သို့ ဦးဆောင်ခေါ်သွားသည်။


နန်းတွင်းမှ အစောင့်ရဲမက်များက မီးငြှိမ်းသတ်ရန် အပြင်းအထန် ကြိုးစားနေရသည်။ မီးတောက်က ကြီးမားလွန်းလှသည်။ ဤမီးတောက်က တစ်စုံတစ်ယောက်၏ သတိလက်လွတ်ဖြစ်မှုကြောင့် စတင်လောင်ကျွမ်းလာသည့်မီးနှင့်မတူပေ။ ရွှယ်ဟုန်ယန်က ရဲမက်တစ်ယောက်ကိုဆွဲခေါ်ပြီး လက်ရှိအခြေအနေကို သတင်းပို့ခိုင်းသည်။


ထိုရဲမက်က မီးငြှိမ်းသတ်ရန်သာ အာရုံများနေ၍ နယ်စားမင်းဝမ်နျန်ကိုပင် အမှတ်မရတော့ပဲ ပြောလိုက်သည်။


" ယွင်ဖုန့်နန်းဆောင်မှာ မီးငြှိမ်းဖို့ ရေမရှိတော့ဘူး..."



ချန်ယီ၏ စီစဉ်မှုကြောင့် ရွှယ်ကျွင်းလျန်၏တောင်ပိုင်းသို့ ခရီးစဉ်က အဆင်ပြေချောမွေ့နေခဲ့သည်။ ထန့်ကျန့်ရွှမ်က သာမန်ပြည်သူများကို ရောဂါကုသပေးရာတွင် ကူညီပေးခဲ့သည့် နေရာသို့ပင် ရောက်ရှိလာကြသည်။ ဤနေရာမှ လူများက နတ်ကွန်းတစ်ခုပင်တည်ဆောက်ထားပြီး ထန့်ကျန့်ရွှမ်ကို အမွှေးတိုင်ထွန်းညှိပူဇော်ကြသည်။


သွားစရာနေစရာမရှိတော့သည့် ဒုက္ခသည်များက ဤနေရာတွင်သာ သောင်တင်နေသည်။ သူတို့က လေမိုးဒဏ်မှ ကာကွယ်ရန် ဤနတ်ကွန်းလေးတွင် ခိုလှုံနေရသည်။ မယုံကြည်နိုင်စရာအကောင်းဆုံးအရာမှာ ဒုက္ခသည်များစွာ လာရောက်ကြသည်ဖြစ်စေ မည်သူမျှ ဖြတ်ဝင်ခြင်း၊ အမွှေးတိုင်ထွန်းရန် အလှည့်ကျော်ခြင်းတို့ မရှိကြပေ။ ဤမြင်ကွင်းကြောင့်ရွှယ်ကျွင်းလျန်ရင်ထဲတွင် တစ်မျိုးတစ်မည် ခံစားသွားရသည်။ 


ရွှယ်ဝမ်က နတ်ကွန်း၏ရှေ့တွင် စားဖိုဆောင်တစ်ဆောင် ဖွင့်လှစ်ပြီး ဒုက္ခသည်များကို အစားအစာများဝေငှရန် အမိန့်ပေးခဲ့သည်။ ဤလူများကိုကူညီချင်စိတ်ရှိသည်မှာ သူ့အပြင် အခြားလူများလည်း ရှိသေးကြောင်း ရွှယ်ကျွင်းလျန်က ထန့်ကျန့်ရွှမ်ကို မြင်စေချင်ခဲ့သည်။


အစားအစာရပြီးသွားသည့်အခါ ယာယီနေထိုင်ရန်အတွက် နေရာထိုင်ခင်းများ ပြင်ဆင်ရတော့မည်ဖြစ်သည်။ တောင်ပိုင်းတွင် မိုးများသည့်အတွက် ဤယာယီနေရာများက လေနှင့်မိုးဒဏ်မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ‌ဒုက္ခသည်များက မြေပြင်တွင်ဒူးထောက်ကာ ရွှယ်ဝမ်ကို ကျေးဇူးတင်ကြောင်း ပြောကြသည်။


ထိုအချိန်တွင် ဒုက္ခသည်အများစုက ရွှယ်ကျွင်းလျန်က နတ်ကွန်းထက်သို့ ဆင်းသက်လာသည့် သူတော်စင်တစ်ပါးနှင့်တူ၍ ထန့်ကျန့်ရွှမ် လူဝင်စားဖြစ်လာသည်နှင့်တူသည်ဟု ချီးကျူးပြောဆိုနေကြသည်။ အခြားနေရာများမှ ဒုက္ခသည်များလည်း သတင်းကြားသည့်အခါ ဘုရားကျောင်းသို့ ရောက်ရှိလာပြီး အစားအစာများ လာယူကြသည်။ ရက်အနည်းငယ်အတွင်းမှာပင် ဒုက္ခသည်အရေအတွက် ပိုမိုတိုးပွားလာသည်။ ထိုလူများအတွင်းမှ သန်မာဖျတ်လတ်သောလူငယ်များစွာရှိပြီး သူတို့က စစ်တပ်သို့ ပျော်ရွှင်စွာဖြင့် ဝင်ရောက်ပြီးအမှုထမ်းကြသည်။


ဤခရီးစဉ်တွင် စိတ်ချမ်းမြေ့ဖွယ်အံ့အားသင့်စရာများစွာဖြင့် ကြုံတွေ့ရမည်ဟု ရွှယ်ကျွင်းလျန်မထင်ထားခဲ့ပေ။ အကယ်၍ ဒုက္ခသည်များအား ကူညီပေးရန် ဧကရီက သူ့ကို မဖြောင်းဖျခဲ့ပါက ယနေ့မြင်တွေ့ရသောအံ့အားသင့်စရာများကို မြင်တွေ့နိုင်မည်မဟုတ်ပေ။ ထို့အပြင် ဤခရီးစဉ်၌ ကျေးဇူးတင်ထိုက်သော သင်ခန်းစာများစွာ ရရှိခဲ့သည်။ ထန့်ကျန့်ရွှမ်၏  နတ်ကွန်းထဲဝင်သွားပြီး လက်အုပ်ချီကာ အရိုအသေပြုလိုက်သည်။


ရွှယ်ကျွင်းလျန်က ထန့်ကျန့်ရွှမ်ကို ဒူးမထောက်ပဲ ဦးညွှတ်၍သာ အရိုအသေပြုလိုက်သော်လည်း ယခင်ထန့်ဝမ်ကို မည်မျှ ရိုသေလေးစားကြောင်း သိသာထင်ရှားနေသည်။


ရွှယ်ကျွင်းလျန်က ထန့်ကျန့်ရွှမ်ကို တစ်စုံတစ်ခုပြောရန် တွေးလိုက်စဉ်မှာပင် ချန်ယီက မျက်နှာပျက်ယွင်းလျက်ဖြင့် နတ်ကွန်းထဲဝင်လာသည်။


ချန်ယီက သူ့ကိုယ်သူဂုဏ်ယူပြီး စိတ်ကြီးဝင်တတ်သူဖြစ်ကာ တစ်ခါတစ်ရံတွင် ယုံကြည်မှုလွန်ကဲနေလေ့ရှိသည်။ သို့ဖြစ်၍ ချန်ယီက ထိုကဲ့သို့သော မျက်နှာအမူအရာမျိုးဖြစ်နေသည်မှာ ရှားပါးလှသည်။


ရွှယ်ကျွင်းလျန်ပြုံးလျက်ဖြင့် ပြောလိုက်သည်။


" မောင်မင်း မျက်နှာက ဘာလို့ အဲ့လိုဖြစ်နေရတာလဲ... ဒုက္ခသည်တွေကို ကြောက်လို့များလား..."


" အရှင်မင်းကြီး..."


ချန်ယီ သက်ပြင်းချပြီး မြေပြင်ပေါ် ဒူးထောက်ချလိုက်သည်။


" ဧကရီအရှင်မ ကံတော်ကုန်သွားပါပြီ..."


—V1 End 


xxxxxx