အခန်း ( ၅ ) - ဒါက မင်း ငါ့ကို ပန်းအိုးနဲ့ ရိုက်ရတဲ့ အကြောင်းအရင်းလား
“ အဲ့တော့ မင်း ငါ့ကို ပန်းအိုးနဲ့ ရိုက်ရတဲ့ အကြောင်းအရင်းက အဲ့ဒါလား။ ”
ကုဟွိုင်အန်းက ဆိုဖာပေါ်မှာ ထိုင်နေပြီး သူ့နဖူးပေါ်က ဒဏ်ရာကိုတော့ မိသားစုဆရာဝန်က ပတ်တီးစည်းပေးနေသည်။ ကိုယ့်အိမ်မှာကိုယ် သူခိုး တစ်ယောက်လို ဆက်ဆံခံရလိမ့်မည်ဟု သူ တစ်ခါမှ တွေးမကြည့်ဖူး။
ကုဟွိုင်အန်းက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ “ လူတွေက ဒီနေရာကို သူတို့ သွားချင်တိုင်းသွား ၊ လာချင်တိုင်းလာလို့ ရတယ်လို့ မင်း ဘာလို့ ထင်နေတာလဲ ရှန်းတန်။ ”
ရှန်းတန်က သူ့ကို မလုံမလဲ ခံစားချက်ဖြင့် ကြည့်ကာ မဝံ့မရဲ ပြောလိုက်သည်။ “ ကျွန်မ တောင်းပန်ပါတယ်။ ”
တွေးကြည့်တော့မှ ဒီမှာ နေတဲ့ လူတွေက လူချမ်းသာတွေရယ် ၊ ဆွေကြီးမျိုးကြီးက ဆင်းသက်လာတဲ့ လူတွေရယ်ပါပဲ။ သူခိုးတွေက ဘယ်လိုလုပ် အလွယ်တကူ ဝင်လို့ ရမှာလဲ။
သူမ အခု စိတ်လွတ်သွားတာ ဖြစ်ရမည်။
ရှန်းတန်က စိတ်ထဲမှာ တစ်ယောက်တည်း အသံတိတ် ငြင်းခုံနေမိသည်။ ရှင့်ကိုရော ဘယ်သူက မီးတွေ မဖွင့်ဖို့ ပြောထားလို့လဲ … ။
ကုဟွိုင်အန်းအတွက်ကတော့ သူ ဒီမှာ နေတာ ကြာလှပြီမို့ မီးဖွင့်ချင် ဖွင့် ၊ ပိတ်ချင် ပိတ် ကြိုက်သလို လုပ်လို့ ရသည်။ ဒီမှာ နေလာတာ ကြာလှပြီမို့ မျက်လုံးမှိတ်ပြီး သွားရင်တောင်မှ ခလုတ်တိုက်မိမှာ မဟုတ်ပေ။
ကုဟွိုင်အန်းရဲ့ နားထင်သွေးကြောတွေ တင်းကျပ်လာကာ သူ့ဒဏ်ရာကို တဆစ်ဆစ် ကိုက်ခဲသွားစေသည်။ သူ ဘာမကောင်းမှုတွေများ ကျူးလွန်ခဲ့မိလို့ ရှန်းတန်နဲ့ လာတွေ့ဆုံရတာလဲ။ နေပါဦး ၊ ရှန်းတန် အခု တောက်လျှောက် ပါးစပ်ပိတ်ပြီး စကားပြောနေတာ မဟုတ်လား။
ကုဟွိုင်အန်း မျက်မှောင်ကြုတ်လိုက်သည်။ ရိုက်ချက်ကြောင့် သူ မျက်စိလည် လမ်းပျောက် ဖြစ်သွားရသည်။ လူ တစ်ယောက်က ပါးစပ်မလှုပ်ဘဲနဲ့ ဘယ်လိုလုပ် စကားပြောနိုင်ရတာလဲ။
“ ကောင်းပြီ။ မင်း အခု သွားအနားယူလို့ ရပြီ။ ”
သူမကို သူ စကားမပြောချင်တာကို မြင်တော့ ရှန်းတန်က ချက်ချင်းပဲ နေရာမှ ထကာ သူ့ကို သုံးကြိမ်တိုင်တိုင် လှည့်ကြည့်ပြီးမှ ထွက်သွားသည်။ “ အဲ့ဒါဆို ကျွန်မ သွားပြီနော်။ ”
ကုဟွိုင်အန်းကတော့ သူမကို တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့ပေ။
ရှန်းတန်သည် အိပ်ရာပေါ်မှာ လဲလျောင်းရင်း ကိစ္စတွေက ဘယ်လိုလုပ် ဒီလို ပုံစံ ဖြစ်သွားတာလဲ ဆိုတာ အဖြေရှာမရ ဖြစ်နေမိသည်။ ဒီကိစ္စကြောင့် သူ သူမကို အလုပ်ထုတ်ပစ်မှာလား။
“ အဲ့လို ဖြစ်လို့ မရဘူး။ ”
ရှန်းတန် အိပ်ရာပေါ်ကနေ ငေါက်ခနဲ ထထိုင်လိုက်သည်။ အလုပ်ထုတ်မခံရစေရန်အတွက် သူမ တစ်ခုခုတော့ လုပ်ရမည်။
စာအုပ်ထဲမှာ ပါတဲ့ ဇာတ်လမ်းကို သေချာလေး ပြန်စဉ်းစားကြည့်တော့ အချိန် အကြာကြီး ဆက်တိုက် အလုပ်လုပ်ပြီး အစာစားချိန် မမှန်တာကြောင့် ကုဟွိုင်အန်းရဲ့ အစာအိမ်က မကောင်းဘူး ဆိုတာ သူမ ပြန်သတိရသွားသည်။
ရှန်းတန် လက်ဖျောက်တီးလိုက်၏။ စီးပွားရေးလုပ်ငန်းရှင် ဆယ်ယောက်မှာ ကိုးယောက်က အစာအိမ်ရောဂါတွေ ရှိကြသည်။
အဲ့လိုနှင့် နောက်တစ်နေ့မနက် ကုဟွိုင်အန်း ကုမ္ပဏီကို မသွားသေးခင်မှာ အစ်မထောင်က သူ့ကို အိတ် တစ်အိတ် လာပေးခဲ့သည်။
“ ဒါ ဘာလဲ။ ”
အစ်မထောင်က စနောက်ချင်သလို ပြုံးလိုက်၏။ “ သခင်မလေးက ကျွန်မကို သခင်လေးအတွက် ဆန်းဒ်ဝစ်ခ်ျတွေ လုပ်ခိုင်းထားတာပါ။ ကုမ္ပဏီမှာ စားဖို့ ယူသွားနော် သခင်လေး။ ”
ကုဟွိုင်အန်းက စားမှာလား ၊ မစားဘူးလား ဆိုတာ မပြောဘဲ ယူလာခဲ့လိုက်သည်။
ကုမ္ပဏီရောက်တော့ သူ ထုံးစံအတိုင်း ဘလက်ခ်ကော်ဖီ တစ်ဖွက် သောက်ပြီးနောက် ရိုးရာမပျက် ဗိုက်အောင့်လာမိသည်။
အတွင်းရေးမှူးချန်က မျက်မှောင်ကြုတ်လိုက်သည်။ “ ဘော့စ် ဗိုက်အောင့်နေပြန်ပြီလားဟင်။ ကျွန်တော် ဆေးယူပေးရမလား။ ”
ကုဟွိုင်အန်း ဆေးသောက်ပြီးသွားချိန်မှာ စက္ကူအိတ်ထဲကနေ ဆန်းဒ်ဝစ်ခ်ျတွေကို ယူနေသော အတွင်းရေးမှူးချန်ကို မြင်လိုက်ရသည်။ “ ဘော့စ်က မနက်စာကျ ယူလာပြီးတော့ မစားဘူးလား။ ”
ကုဟွိုင်အန်း အဲ့ဒါကို တကယ် စားချင်စိတ် မရှိပေ။ အဲ့ဆန်းဒ်ဝစ်ချ်ကို ရှန်းတန် ပြင်ဆင်ပေးထားတယ် ဆိုတာ တွေးမိလျှင် သူ ပိုလို့တောင် စားချင်စိတ် မရှိတော့။
သူမ သူ့ကို မျက်နှာချိုသွေးဖို့ ကြိုးစားနေတာလား။
ပါဝင်ပစ္စည်းတွေကို သူ့ပိုက်ဆံနှင့် ဝယ်ထားတာ ဖြစ်ကာ ဆန်းဒ်ဝစ်ခ်ျတွေကိုလည်း အစ်မထောင် လုပ်ထားတာ ဖြစ်သည်။ ရှန်းတန်ကဝောာ့ သူမရဲ့ မျက်နှာကိုတောင် ထုတ်မပြခဲ့။
ကုဟွိုင်အန်း လှောင်ပြုံး ပြုံးလိုက်သည်။ အဲ့မိန်းမက တကယ့်ကို ကောင်းကောင်း ဟန်မဆောင်တတ်ဘူးပဲ။
“ ငါ ဗိုက်မဆာဘူး ၊ မင်း စားလိုက်လို့ ရတယ်။ ”
အတွင်းရေးမှူးချန်ကတော့ မနက်စာ စားမလာခဲ့တာမို့ ငြင်းမနေဘဲ ယူစားလိုက်၏။
အဲ့ဒီညမှာ ကုဟွိုင်အန်း ဗီလာကို ပြန်မသွားပါ။ သူ့မှာ ရှန်းတန်ကို သူ့အနားကပ်ခွင့် ပေးဖို့ အစီအစဉ်မရှိ။
သူ မသိခဲ့တာကတော့ သူ ဒီည အိမ်ပြန်မလာဘူး ဆိုတာကို ရှန်းတန် သိသွားချိန်မှာ ထမင်းသုံးပန်းကန်တောင် ပျော်ပျော်ရွှင်ရွှင် စားခဲ့တယ် ဆိုတာပဲ ဖြစ်သည်။
အစ်မထောင်က အနည်းငယ် တွန့်ဆုတ်ဆုတ် ဖြစ်နေသည်။ “ သခင်မလေးရဲ့ ခင်ပွန်းကို ဖုန်းဆက်ခေါ်သင့်တယ် မဟုတ်ဘူးလားဟင်။ ”
ညားခါစ လင်မယားတွေ ဒီလို ခွဲနေတယ် ဆိုတာ တော်တော်လေးကို သဘာဝမကျတာပါ။
ရှန်းတန်နှင့် ကုဟွိုင်အန်းဟာ နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေစေရန်အတွက် စာချုပ်အရ လက်ထပ်ထားတယ် ဆိုတာကို ဘဏ္ဍာစိုးနှင့် အတွင်းရေးမှုးချန်သာ သိပြီး အစ်မထောင်ကတော့ လုံးဝ မသိတာ ဖြစ်သည်။
ရှန်းတန်က ဘာကိုမှ မစိုးရိမ်ဘဲ လက်ဝှေ့ရမ်းပြလိုက်သည်။ “ အိမ်မှာ နေတာက ကုမ္ပဏီနဲ့ အိမ်နဲ့ အသွားအပြန် လုပ်ရမယ့် အချိန်တွေကို ချွေတာရာရောက်တယ် အစ်မထောင်ရဲ့။ ပြီးတော့ အခုလို တစ်ခါတလေ ခွဲနေတာက အချစ်စိတ်တွေကိုလည်း ပိုနိုးကြားလာစေတယ်။ စိတ်မပူပါနဲ့။ ”
သို့သော်လည်း အစ်မထောင်ကတော့ တစ်ခုခု သိပ်မူမမှန်ဘူးဟု ခံစားနေရဆဲ ဖြစ်သည်။
“ အဲ့ဒါဆို ဆန်းဒ်ဝစ်ခ်ျတွေကို ကျွန်မ ဆက်လုပ်ရမှာလား ၊ ရပ်လိုက်ရမှာလား။ ”
ရှန်းတန်က သူမရဲ့ ဖုန်းကို ချပြီး ခဏလောက် စဉ်းစားကြည့်လိုက်သည်။ “ ဆက်လုပ်လိုက်ပါ။ ဒရိုင်ဘာနဲ့ ပို့ခိုင်းလိုက်လို့ ရသားပဲ။ ”
ဘာပဲပြောပြော သူက ဒီအိမ်ရဲ့ အချုပ်အချာ အိမ်ဦးနတ်ပဲ။ သူမကလည်း လောလောလတ်လတ် အမှားလုပ်မိထားတာမို့ သူ့ကို သူမအပေါ် အမြင်ကြည်လာအောင် လုပ်ဖို့ လိုသည်။
ထို့ကြောင့် အဲ့ဒီ အဖြစ်အပျက် ဖြစ်သွားပြီးတဲ့ နောက်ပိုင်း မနက်ခင်းတွေမှာ ကုဟွိုင်အန်းသည် မနက်တိုင်း ဆန်းဒ်ဝစ်ခ်ျတွေကို လက်ခံ ရလေ့ရှိသည်။ ထိုဆန်းဒ်ဝစ်ခ်ျတွေ အကုန်လုံးကလည်း အတွင်းရေးမှူးချန်ရဲ့ အစာအိမ်ထဲကိုသာ တန်းတန်းမတ်မတ် ရောက်သွားကြသည်။
ကုဟွိုင်အန်းက ဒီတိုင်း ငြိမ်နေသော်လည်း ကြာလာတော့ အတွင်းရေးမှူးချန်က သည်းခံနိုင်စွမ်း မရှိတော့ပေ။ မနက်တိုင်း ထပ်တလဲလဲ မြင်နေရသော ဆန်းဒ်ဝစ်ခ်ျတွေကို ကြည့်ကာ သူ့မျက်နှာက ရှုံ့မဲ့နေသည်။ “ ဥက္ကဌကု … ”
“ ဘော့စ်ရဲ့ မိသားစုကို မနက်စာအတွက် တခြား တစ်မျိုး ချက်ဖို့ ပြောပေးလို့ မရဘူးလားဟင်။ ” ဆန်းဒ်ဝစ်ခ်ျတွေ စားရလွန်းလို့ သူ တကယ် အန်ထွက်တော့မည်။
ကုဟွိုင်အန်း : “ … ”
“ နောက်တစ်ခေါက် သူမ လာပို့ရင် ထပ်မပို့တော့ဖို့ ပြောလိုက်ပါ။ ” သူတို့နှစ်ယောက်ကြားမှာ ဖြစ်ခဲ့တဲ့ ပြဿနာကို သူ မေ့လုနီးပါး ဖြစ်နေပါပြီ။ ရှန်းတန်ကို ဒီလောက် ဇွဲကောင်းလိမ့်မည်ဟု သူ ထင်မထားခဲ့။
ကုဟွိုင်အန်းက နှာခေါင်းက လေထွက်ရုံ လှောင်ရယ်လိုက်ချိန်တွင် မျက်လုံးထဲမှာတော့ သည်းမခံနိုင်သော အငွေ့အသက်တွေ ပါးပါးလေး ပျော်ဝင်နေ၏။
အဲ့ဒါကို သတိထားမိသွားတဲ့ အတွင်းရေးမှူးချန်က ဘာမှတော့ မပြောသော်လည်း စိတ်ထဲမှာတော့ နည်းနည်းလေး နောင်တရသွားမိသည်။
သူ့လစာက များသလို မနက်စာကလည်း အလကား စားရတဲ့ မနက်စာ ဖြစ်ပါသည်။
မနက်တိုင်း တူညီတဲ့ မနက်စာကိုပဲ စားနေရတာ ဆိုပေမဲ့ သုံးထားတဲ့ ပါဝင်ပစ္စည်းတွေကတော့ အကောင်းဆုံးတွေချည်းမို့ အရသာကတော့ ကောင်းနေပါသေးသည်။
ဒရိုင်ဘာ လှမ်းပို့တဲ့ မက်ဆေ့ခ်ျကို လက်ခံ ရရှိပြီးနောက် အစ်မထောင်က ခပ်တိုးတိုး မေးလိုက်သည်။ “ ဒီဆန်းဒ်ဝစ်ခ်ျတွေကို ပို့ရဦးမှာလား သခင်မလေး။ ”
“ ပို့လိုက်ပါ ၊ ဘာပဲဖြစ်ဖြစ် ပို့သာ ပို့လိုက်။ သူ စားတာ ၊ မစားတာက သူ့အပိုင်း။ သူ စားသည်ဖြစ်စေ ၊ မစားသည်ဖြစ်စေ ဝတ္တရားမပျက် ပို့ပေးနေရမှာကတော့ ကျွန်မအပိုင်းပဲ။ ” ပါးစပ်လေး လှုပ်ပြီး ပြောရုံမို့ သူမ အဲ့လို ပြောရတာ ဘာမှ အပန်းမကြီးပါ။
အစ်မထောင်က သက်ပြင်းရှိုက်လိုက်သည်။ သခင်မလေးက သခင်လေးကို တကယ် ချစ်တာပဲ။
ဒါပေမဲ့ တော်တော်လေး ဝတ္တရားပျက်ကွက်လွန်းတဲ့ သခင်လေးကတော့ အလုပ်ကိုသာ အာရုံစိုက်ထားသည်။ ဒီပုံအတိုင်းသာဆို သခင်လေးနဲ့ သခင်မလေး မွေးတဲ့ ကလေးကို သူမ ဘယ်တော့မှ ချီရမလဲ ဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ဘူး။
“ မနက်ဖြန် မနက်စာကို ဘာစားချင်လဲ သခင်မလေး။ ”
“ မနက်ဖြန်ကျရင်တော့ တရုတ် မနက်စာပဲ စားရအောင်။ ကျွန်မ ပေါက်စီစားချင်နေတယ်။ ”
“ သိပါပြီ။ ”
နောက်တစ်နေ့မနက် ရောက်တော့ ရှန်းတန်သည် စိတ်လှုပ်ရှားမှုကြောင့် သွားရည်ယိုလျက် သူမ ပုံမှန်အားဖြင့် စားချင်စိတ် မရှိသော ဂဏန်းဥအစာသွပ်ထားတဲ့ ပေါက်စီကို စားနေခဲ့သည်။
အစ်မထောင်ရဲ့ အချက်အပြုတ် လက်ရာက ဆွေမျိုးမေ့လောက်သည်။ ထို့နောက် သူမ မနက်စာ စားပြီးရုံပဲ ရှိသေး ၊ သူမရဲ့ ဖုန်းထဲကို ဘယ်သူ ပို့မှန်း မသိတဲ့ မက်ဆေ့ခ်ျ တစ်စောင် ဝင်လာသည်။ ဟိုင်ရှန်းတောင်ပေါ်ကို ဒီည လာခဲ့ပါ ရှန်းတန် တဲ့။
လူလိမ်တွေက အခုဆို ဒီလောက်ထိ အဆင့်မြင့်လာပြီလား။ သူတို့က သူမရဲ့ နာမည်ကို သိနေတဲ့အပြင် ညဘက်ကြီး တောင်ပေါ်ကိုပါ တက်ခိုင်းနေသေးသည်။
ရှန်းတန်သည် အေးစက်စက် ရယ်မောကာ ချက်ချင်းပဲ ထိုနံပါတ်ကို ဘလော့ခ်ပြီး ဖျက်ပစ်လိုက်လေသည်။
ပြီးတော့ ညအိပ်ဝတ်စုံ ဝတ်ထားသော ရှန်းတန်သည် ထိုညမှာပဲ ဒီဇိုင်နာချုပ် ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ ၊ သူမနှင့် စာချုပ်အရ လက်ထပ်ထားသည့် ခင်ပွန်းနှင့် ရင်ဆိုင်လိုက်ရသည်။
“ ဒါဆို အဲ့မက်ဆေ့ခ်ျကို ရှင် ပို့လိုက်တာလား။ ”
ကုဟွိုင်အန်းက သူမ မေးတာကို ပြန်မဖြေပါ။ “ မင်းမှာ အဆင်သင့် ဖြစ်အောင် ပြင်ဖို့ အချိန် မိနစ် သုံးဆယ် ရမယ်။ ခဏနေရင် ငါတို့ ဟိုင်ရှန်းတောင်ပေါ်က စံအိမ်ကြီးဆီ သွားရမယ်။ ”
“ စိတ်မပူနဲ့။ ကျွန်မ အခုချက်ချင်း အဆင်သင့်ပြင်လိုက်မယ်။ ”
သူမ စိတ်ထဲကနေ မကျေမနပ် ပြောလိုက်၏။ စံအိမ်ကြီးတဲ့လား … ၊ အဲ့ဒါဆိုလည်း ဘာလို့ ဟိုင်ရှန်းတောင်လို့ ပြောသေးလဲ။ ဟိုင်ရှန်းတောင်ပေါ်မှာ စံအိမ်ကြီး ရှိမှန်း သူမက ဘယ်လိုလုပ် သိမှာလဲ။
ကုဟွိုင်အန်းက ဖျတ်ခနဲ မော့ကြည့်လိုက်ချိန်မှာ ရှန်းတန်ကတော့ အပေါ်ထပ် တက်သွားပြီ ဖြစ်သည်။ မျက်ခုံး တစ်ခုနှင့်တစ်ခု ထိစပ်လုနီးပါး တွန့်ချိုးသွားကာ ဆိုဖာပေါ် ထိုင်ချလိုက်မိသည်။
ရှန်းတန်က မိတ်ကပ်ပြင်တာ မြန်သော်လည်း ဝတ်စုံရွေးတာကတော့ နည်းနည်း ကြာသည်။
အထူးသဖြင့် သူမ အခုတလော နည်းနည်းလေး ဝိတ်တက်လာတာမို့ ဗိုက်ခေါက်လေးလည်း ထွက်လာတာမို့ ဝတ်စုံ ရွေးချယ်ရာမှာ ပိုလို့ ဂရုစိုက်ရသည်။ ရှန်းတန်သည် နောက်ဆုံးတော့ သူမရဲ့ ဗိုက်ခေါက်ကို ဖုံးကွယ်ပေးနိုင်သော ဝတ်စုံကို ရှာတွေ့သွားကာ မိနစ် သုံးဆယ် ပြည့်သည်နှင့် အမြန် အောက်ဆင်းခဲ့လိုက်သည်။
ရှန်းတန်က သူ့ကို စိတ်တထင့်ထင့်နှင့် ကြည့်လိုက်သည်။ “ ကျွန်မ အဆင်သင့်ဖြစ်ပြီနော်။ ”
“ အင်း။ ”
သူတို့ နှစ်ယောက် ကားထဲကို ရှေ့ဆင့်နောက်ဆင့် ဝင်ခဲ့လိုက်ကြ၏။ ကုဟွိုင်အန်းက ကားထဲမှာတောင် အလုပ်နှင့် ပတ်သက်သော စာရွက်စာတမ်းတွေကို ငုံ့ဖတ်နေဆဲ ဖြစ်ပြီး ဘေးတစောင်း မြင်ရတဲ့ သူ့မျက်နှာက အလွန် ကြည့်ကောင်းသည်။
ရှန်းတန်က သူ့ကို သုံး ၊ လေးခါလောက် ခိုးကြည့်လိုက်၏။
[ သူ့အသားအရေက လှလိုက်တာ။ ညတိုင်း အိပ်ရာဝင် နောက်ကျတာတောင်မှ ဘာလို့ နည်းနည်းလေးတောင် မျက်ကွင်းမညိုရတာလဲ။ ]
[ စီးပွားရေးလုပ်ငန်းရှင် ဘော့စ်တွေက အဲ့လောက်တောင် အလုပ်ရှုပ်ကြတယ်လား။ သူက ကားထဲမှာတောင် အလုပ် လုပ်နေတုန်းပဲ။ ]
[ ဟီးဟီးဟီး ~ ငါ့ရဲ့ လျှော့ဈေးနဲ့ ရထားတဲ့ ခင်ပွန်းမှာ ကြွက်သားမြောင်း ရှစ်မြောင်း ရှိလား ဆိုတာ သိချင်လိုက်တာ။ ]
ကုဟွိုင်အန်း : “ တိတ်တိတ် နေစမ်း။ ”
ရှန်းတန် တစ်ယောက် ထိတ်လန့်သွားသည်။ “ ကျွန်မ ဘာမှ မပြောမိပါဘူး။ ”
ဒရိုင်ဘာကလည်း နောက်ကြည့်မှန်ကနေ တစ်ဆင့် တအံ့တဩ လှမ်းကြည့်နေခဲ့သည်။
ကုဟွိုင်အန်းက သူ့မျက်ခုံးတွေကို လက်ဖြင့် ဆိတ်လိုက်၏။ သူပဲ ထင်ယောင်ထင်မှားတွေ ကြားနေတာလား။
သူ ရှန်းတန်ကို ကြည့်လိုက်သည်။
[ ဘုရားရေ ၊ သူ ဘာလို့ ငါ့ကို လာကြည့်နေတာလဲ။ ငါလည်း တကယ့်ကို ဘာတစ်လုံးမှ မပြောမိဘဲနဲ့။ ဒီလူ အလုပ် လုပ်တာ များပြီး ရူးသွားတာလား။ ]
ကုဟွိုင်အန်းရဲ့ မျက်လုံးထဲမှာ ထိတ်လန့်မှုတွေ သိသိသာသာ ပေါ်လွင်လာခဲ့သည်။
ရှန်းတန်ရဲ့ နှုတ်ခမ်းတွေက သေချာပေါက် လှုပ်မသွားပေမဲ့ သူမ ပြောတဲ့ စကားတွေကို သူ ပီပီသသ ကြားနေရပါသည်။ ဘာတွေ ဖြစ်နေတာလဲ … ။
“ ငါတို့စာချုပ်ထဲမှာ ပါတဲ့ အကြောင်းအရာတွေကို မင်း မှတ်မိသေးလား။ ” သူ့မေးခွန်းက ဖြေရလွယ်တဲ့ ပေါ့ပေါ့ပါးပါး မေးခွန်း ဖြစ်သည်။
“ မှတ်မိတာပေါ့ ၊ မှတ်မိတယ်။ စိတ်မပူပါနဲ့ ၊ ကျွန်မ ဒီည အရည်မွန်ဆုံး ၊ အယဉ်ကျေးဆုံး ဖြစ်အောင် နေပေးပါ့မယ်။ ” ရှန်းတန်က စာချုပ်ကို စိတ်ထဲကနေ အလွတ်ရွတ်ပြလိုက်ပြီးနောက် သူမ ဖတ်ဖူးသော အချစ်ဝတ္ထုတွေကို ပြန်တွေးနေမိသည်။
တစ်ယောက်ကို တစ်ယောက် သည်းသည်းလှုပ် ချစ်ကြတဲ့ အိမ်ထောင်သည် စုံတွဲ တစ်တွဲလို သရုပ်ဆောင်ပေးရုံပါပဲ။ ပြဿနာမရှိပါဘူး။