Ch 6
Viewers 7k

အခန်း ( ၆ ) - ကျွန်မ ရှင့်ကို တွဲထားပေးရမလားဟင်


နောက်ဆုံးတော့ ကုဟွိုင်အန်းသည် ရှန်းတန်ရဲ့ စိတ်ထဲမှာ တွေးနေတဲ့ အတွေးတွေကို သူ နားလည်နိုင်တယ် ဆိုတာကို ကိုယ့်ကိုယ်ကိုယ် လက်ခံလိုက်တော့သည်။ ဒီလို ဆိုရင်လည်း ဆိုးတော့ မဆိုး။ သူမ ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာဖို့ ကြိုးစားနေလျှင် သူလည်း သတိထားလို့ ရသည်။ ဒီမိန်းမရဲ့ စိတ်ထဲက အသံက အရမ်း ဆူညံလွန်းလို့ သူ လုပ်လက်စ အလုပ်တွေကို လက်စမသတ်နိုင်တာလေး တစ်ခုပဲ ရှိတာပါ။


ကားထဲကနေ ဆင်းလာပြီးနောက် ကုဟွိုင်အန်းက လက်ကို ဆန့်လိုက်သည်။ ထိုအချိန် ခဏအတွင်းမှာပဲ ရှန်းတန်ရဲ့ စိတ်ထဲမှာ အတွေးပေါင်းများစွာ ပြေးလွှားသွားကာ ကုဟွိုင်အန်းရဲ့ လက်ကို လက် နှစ်ဖက်နှင့် တွဲကူပေးထားလိုက်လေသည်။ “ ကျွန်မ ရှင့်ကို တွဲထားပေးရမလားဟင်။ ” 


ကုဟွိုင်အန်း : “ … ”


သူ အဲ့လောက် မအိုသေးပါဘူး … ။ 


ကုဟွိုင်အန်းသည် မှုန်ကုပ်ကုပ် အမူအရာဖြင့် ရှန်းတန်ရဲ့ လက်မောင်းကို ဖက်ကာ နှစ်ယောက်သား လျှောက်ဝင်သွားလိုက်သည်။ တည်ကြည်ခန့်ညားတဲ့ ယောက်ျားနှင့် ချောမောလှပတဲ့ မိန်းကလေးတို့ စုံတွဲက အမှန်တကယ်ပင် အကြည့်မလွှဲချင်စရာကောင်းရဲ့။ 


အပြင်မှာ လက်တွေ့ မြင်လိုက်ရတော့ စံအိမ်ကြီးက ပိုလို့တောင် ကြီးကျယ်ခမ်းနားသေးသည်ဟု ပြောလို့ ရသည်။ ခန်းမထဲကို သူတို့ နှစ်ယောက် ဝင်လိုက်သည်နှင့် မျက်လုံးပေါင်းများစွာက သူတို့ဆီ ကျရောက်လာသောကြောင့် ရှန်းတန်းရဲ့ နှလုံးသားလေးက အထိန်းအချုပ်ကင်းမဲ့စွာ ဒိန်းခနဲ ခုန်သွားသည်။ 


[ အကျိုးနည်း ၊ လန့်သေတော့မလို့ပဲ။ ]


သူမရဲ့ အရင်ဘဝတုန်းက အတွေ့အကြုံကြောင့်သာ မဟုတ်လျှင် အခုလို တည်တည်ငြိမ်ငြိမ် ရပ်နေနိုင်မှာ မဟုတ်လောက်။ 


ရှန်းတန်သည် မစ်ရှင်အကြောင်းကို ပြန်တွေးမိတော့ အနည်းငယ် ခေါင်းမော့ကာ ရှက်နေသလို အပြုံးလေးကို ဖန်တီးယူထားလိုက်၏။ 


အမုန်းတရားတွေ ပြည့်နှက်နေသော အကြည့် တစ်ခု ရောက်လာသောကြောင့် ရှန်းတန် လှမ်းလိုက်ကြည့်တော့ ငိုတော့မလို အမူအရာဖြင့် အောက်နှုတ်ခမ်းကို ကိုက်ထားသော်လည်း ငိုချင်စိတ်ကို ထိန်းထားသည့် နီရဲရဲ မျက်လုံးပိုင်ရှင် မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရသည်။ 


[ ဘာလို့ သူ ငါ့ကို အဲ့လိုကြီး လာကြည့်နေတာလဲ။ ငါ့ရဲ့ အပေါစား ခင်ပွန်းရဲ့ ရည်းစားဟောင်းလား။ ဒါမှမဟုတ် ကုဟွိုင်အန်းကို တိတ်တိတ်လေး သဘောကျနေတာများလား။ ဟယ် ၊ ဒါမှမဟုတ် အရွေးချယ်မခံလိုက်ရတဲ့ သတို့သမီးလောင်းများလား။ ] 


“ ပေါက်ကရတွေ လျှောက်ထင်မနေနဲ့။ အဲ့ဒါ ငါ့ညီမဝမ်းကွဲ။ ” 


“ အမ် ၊ ဪ .. ဟုတ်လား။ ” 


[ ထူးဆန်းလိုက်တာ။ သူ ဘယ်လိုလုပ် ငါ့အတွေးတွေကို သိနေတာလဲ။ ]


ကုဟွိုင်အန်းကလည်း ထိုအချက်ကို သတိထားမိသောကြောင့် သူ့ကိုယ်သူ ရှေ့လျှောက် ပိုသတိထားဖို့ ဆုံးမလိုက်သည်။ 


ဒါက ကုမိသားစုဝင်တွေနှင့် ရှန်းတန် ပထမဆုံးအကြိမ် တွေ့ဆုံဖူးတာပါ။ ကုမိသားစုဝင်တိုင်းဟာ အလွန် ရုပ်ချောသည်ဟု ပြောလို့ ရသည်။ 


သို့သော်လည်း သူတို့ အားလုံးက အပေါ်မှာသာ ဟန်လုပ် ပြုံးနေကြပြီး စိတ်ထဲက မပါသလို ပုံစံမျိုဖြင့် ခပ်တောင့်တောင့် ခပ်တန်းတန်း ဖြစ်နေသည်။ 


ကုမိသားစုထဲမှာ လူတွေ အများကြီး ရှိသော်လည်း ထူးဆန်းစွာဖြင့် ကလေးကတော့ အနည်းငယ်သာ ရှိသည်။ 


ကုဟွိုင်အန်းရဲ့ ဘေး ၊ ခေါင်းရင်း ထိုင်ခုံမှာ ထိုင်နေသည့် အဘိုးကြီးက သူ့တောင်ဝှေးကို ဒေါသတကြီး ဆောင့်ချလိုက်သည်။ 


“ မင်းက ပြန်လာဖို့တော့ သိသေးသားပဲ။ ” 


“ အဖေ .. အမေ … ” 


ရှန်းတန်က ပါးစပ်ဟလိုက်သော်လည်း သူမ “အ‌ဖေ ” လို့ မခေါ်ရသေးခင်မှာပဲ အဘိုးကြီးက “ ငါ့ကို အဖေလို့ မခေါ်နဲ့။ ငါ မင်းအဖေ မဟုတ်ဘူး။ ” ဟု ပြောလာခဲ့သည်။ 


ရှန်းတန်က စကားလုံး အသုံးအနှုန်းကို နာခံစွာ ပြောင်းလိုက်၏။ “ မင်္ဂလာပါ ဦးလေး။ ” 


စားပွဲမှာ ထိုင်နေကြသူများ : “ …. ” 


သူ့ဘေးမှာ ထိုင်နေသည့် ကျက်သရေရှိရှိ မဟာဆန်သော အမျိုးသမီးကြီးက သူ့လက်ကို ဖျတ်ခနဲ လှမ်းပုတ်လိုက်ပြီး သူမရဲ့ လက်ကောက်ဝတ်မှာ ဝတ်ထားသော လက်ကောက်ကို ချွတ်ကာ ရှန်းတန်ရဲ့ လက်ထဲ ထည့်ပေးလိုက်သည်။ “ အန်တီတို့ ပထမဆုံးအကြိမ် တွေ့တာအတွက် လက်ဆောင် ကောင်းကောင်းတွေ ပြင်မထားမိလို့ ဒါလေးကိုပဲ လက်ဆောင်ပေးမယ်နော် ကလေး။ ဒီလက်ကောက်ကို အထင်တော့ မသေးနဲ့နော်။ ”


စားပွဲမှာ ထိုင်နေတဲ့ လူတွေက ထိုမြင်ကွင်းကို မြင်တော့ ချက်ချင်းပဲ မျက်နှာ အမူအရာတွေ ပြောင်းလဲသွား၏။ အထူးသဖြင့် တစ်ခုခု ပြောချင်နေပုံပေါ်သည့် မျက်လုံးရဲရဲ ကောင်မလေးကို သူမဘေးမှာ ရပ်နေသော အမျိုးသမီးကြီးက တားမြစ်လိုက်သည်။ 


ရှန်းတန်ကတော့ အဲ့ဒါကို လုံးဝ ဂရုစိုက်ဘဲ ယဉ်ကျေးစွာ ပြန်ပြောလိုက်၏။ “ ကျေးဇူးတင်ပါတယ် အမေ။ ” 


စားပွဲမှာ ထိုင်နေကြသူများ : “ … ” 


ရှန်းတန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ချိုးသွားသည်။ 


အဘိုးကြီးရဲ့ မျက်နှာ အမူအရာကလည်း အခြေအနေ သိပ်မကောင်းတော့ပါ။ တစ်ယောက်ကို ဦးလေး ခေါ်လိုက် ၊ နောက်တစ်ယောက်ကို အမေ ခေါ်လိုက်နဲ့ ဘာတွေ ဖြစ်နေတာလဲ။ 


ဒါပေမဲ့ သူမကို အခေါ်အဝေါ် နောက်တစ်ခေါက် ပြန်ပြင်ခိုင်းဖို့ ဆိုတာ မဖြစ်နိုင်ပါ။ ဘာမိသားစုနောက်ခံမှ မရှိတဲ့ ဒီမိန်း‌ကလေးကို သူ လုံးဝ မျက်နှာသာမပေးနိုင်။ သူမက ကုဟွိုင်အန်းအတွက်လည်း ဘာမှ အကျိုးဖြစ်ထွန်းစေမှာ မဟုတ်ပေ။ 


“ အယ် ၊ သူမက တကယ့်ကို သိတတ်သလောက် ဟွိုင်အန်းကတော့ အေးတိအေးစက် လုပ်နေတာ။ မင်းတော့ သူ့ကို ပိုအလျှော့ပေး ပိုနားလည်ပေးရလိမ့်မယ်။ ဒီနှစ်တွေ အများကြီးမှာ မင်းက သူ ခေါ်လာတဲ့ ပထမဆုံး မိန်းကလေးပဲ။ သူ ဒီလောက် ပျော်နေတာကို အန်တီ မမြင်တာ ကြာပြီ။ ”


[ ဝတ္ထုထဲမှာ ဒီစကားတွေကို ဘဏ္ဍာစိုးက ပြောခဲ့တာ မဟုတ်ဘူးလား။ ကျွတ် ကျွတ် ၊ မျက်နှာတည်ကြီးနဲ့ အေးတိအေးစက် လုပ်နေတာက ကုသမှု ခံယူဖို့ လိုအပ်နေတဲ့ ရောဂါ ဝေဒနာ တစ်မျိုးပဲ။ ]


ရှန်းတန်က ကုဟွိုင်အန်းကို မျက်လုံးထောင့်ကပ် ကြည့်လိုက်သည်။ ဒီကျောက်တုံးမျက်နှာကြီးကို ပျော်နေပါတယ်လို့ ဘယ်လိုလုပ်‌ပြီး ပြောနိုင်ရတာလဲ။ 


ကုဟွိုင်အန်း : “ … ” 


တခြား အိမ်ထောင်သည် အမျိုးသမီးကြီး တစ်ယောက် ဝင်ပြောသည်။ “ နင် ငါ့ကို မေးရင်တော့ ဟွိုင်အန်းကလည်း လုံလုံလောက်လောက် အသက်ကြီးနေပြီ ဆိုတော့ နင်တို့ နှစ်ယောက် မြန်မြန် ကလေးယူသင့်တယ်။ ” 


မျှော်လင့်မထားစွာဖြင့် ဒီလူချမ်းသာ မိသားစုကလည်း ကလေးယူဖို့ တိုက်တွန်းနေပါသည်။ ရှန်းတန် တစ်ယောက် ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။ 


ကုဟွိုင်အန်းကတော့ ခပ်တည်တည်ပဲ ပြောလိုက်သည်။ “ အဲ့ကိစ္စကို ဒုတိယအန်တီ စိုးရိမ်ပေးစရာ မလိုပါဘူး။ ဒုတိယဦးလေးက အသစ်ခန့်ထားတဲ့ အတွင်းရေးမှူးမလေးနဲ့ တော်တော် ရင်းနှီးနေတယ်လို့ ကျွန်တော် ကြားထားတယ်။ ” 


ဒုတိယအန်တီရဲ့ မျက်နှာ အမူအရာက ချက်ချင်း ပြောင်းလဲသွားကာ ဒုတိယဦးလေး ကုရုန်က အလျင်အမြန် ဝင်ရှင်းပြသည်။ “ အဲ့ကလေးမလေးရဲ့ ဘဝက တော်တော်လေး သနားစရာကောင်းလို့ ငါက ကြည့်ရှုစောင့်ရှောက်ပေးနေတာပါကွာ။ ” 


ဒုတိယအန်တီက အေးစက်စွာ လှောင်ရယ်လိုက်သည်။ “ ဒါပေါ့ ၊ အိပ်ရာထဲထိတောင် လိုက်ပြီး ကြည့်ရှုစောင့်ရှောက်ပေးနေရတာလေ။ ” 


ကုရုန် မျက်မှောင်ကြုတ်လိုက်သည်။ “ အဓိပ္ပာယ်မရှိတာတွေ လာပြောမနေနဲ့။ ” 


ဒုတိယအန်တီက ပခုံးတွန့်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။ အခြေအနေကို ဆူဆူပူပူ ဖြစ်သွားအောင်လည်း သူမ မလုပ်ချင်ပါ။ 


ရှန်းတန်ကတော့ စိတ်ထဲကနေ လက်မထောင်ပြလိုက်သည်။ ကိစ္စတွေ အကုန်လုံးကို ဖော်ကောင် လုပ်လိုက်တဲ့ ကုဟွိုင်အန်းက တကယ် အမိုက်စားပဲ။ 


စားပွဲ တစ်ဖက်ခြမ်းကနေ ရယ်သံထွက်လာ၍ အသံလာရာဆီ ရှန်းတန် လှမ်းကြည့်လိုက်တော့ သူမကို မျက်တောင်မခတ်ဘဲ ပြုံးပြီး ကြည့်နေသည့် ၊ ရှည်လျားလှပသော မျက်ဝန်းအိမ်ပိုင်ရှင် ကိုလူချော တစ်ယောက်ကို မြင်လိုက်ရသည်။ 


ရှန်းတန် : “ … ” 


[ ဟယ် ၊ ချောလိုက်တာ။ ]


ကုဟွိုင်အန်းရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် ကော့တက်သွား၏။ 


“ အစ်ကိုကြီး။ ” ဟု ထိုလူက ပြောတော့ ကုဟွိုင်အန်းကလည်း ခေါင်းညိတ်ပြပြီး “ ဒုတိယညီလေး။ ” ဟု ပြန်ပြောခဲ့သည်။ 


ဝတ္ထုထဲမှာ ကုဟွိုင်အန်းရဲ့ မိသားစုတွေအကြောင်းကို အများကြီး ဖော်ပြမထား၍ ဒီတစ်ယောက်ကို ရှန်းတန် မမှတ်မိပေ။ သို့သော်လည်း တစ်ချက်လောက် ကြည့်လိုက်ရုံဖြင့် လူကောင်း မဟုတ်ဘူးလို့ ခံစားရသည်။ 


ခဏအကြာမှာပဲ မိသားစု စားသောက်ပွဲ စတင်ခဲ့သည်။ လူတိုင်းက အစာစားစဉ် စကားမပြောရဘူး ဆိုတဲ့ စည်းမျဉ်းကို မြေဝယ်မကျ လိုက်နာကာ တိတ်တိတ်ဆိတ်ဆိတ် စားနေကြ၏။ 


အဲ့ဒါက ရှန်းတန်ကို အလွန် စိတ်မသက်မသာဖြစ်စေသည်။ ချစ်စရာ စုံတွဲလေး တစ်တွဲလို သရုပ်ဆောင်ပြရမည် ဆိုတာကို ပြန်သတိရသွားတော့ ပုဇွန် တစ်ကောင်ကို ကိုယ်တိုင် အခွံခွာကာ ကုဟွိုင်အန်းရဲ့ ပန်းကန်ထဲ ထည့်ပေးလိုက်၏။ ထို့နောက် အသံကို အနည်းငယ် မြှင့်ပြီး “ ပုဇွန်လေး စားကြည့်ဦးနော် အချစ်။ ” ဟု ပြောလိုက်သည်။ 


ရှန်းတန်သည် ပါးစပ်ကနေ အဲ့လို ပြောပြီးမှ သူမ သရုပ်ဆောင်ပြတာ လွန်သွားပြီမှန်း သိလိုက်သည်။ သူမက ထိုအသံနှင့် ကိုယ့်ကိုယ်ကိုယ် ချောက်ထဲ ကျအောင် လုပ်လိုက်မိတော့မလို ဖြစ်သွားသည်။ 


“ အစ်ကိုကြီးက ပုဇွန် မကြိုက်ဘူး။ ” မျက်လုံးအနီရောင်ကနေ ပန်းရောင် ပြောင်းလာပုံရတဲ့ ခုနတုန်းက ကောင်မလေးက ခပ်ကျယ်ကျယ် ဝင်ပြောသည်။ 


ရှန်းတန်ရဲ့ မျက်နှာက ချက်ချင်း ပြောင်းလဲသွား၏။ 


[ သေစမ်း။ ငါ ကုဟွိုင်အန်းရဲ့ အကြိုက်တွေကို မမှတ်မိဘူး ဖြစ်သွားတယ်။ သူ ငါ့ကို လစာမဖြတ်ပါစေနဲ့။ ]


ကုဟွိုင်အန်းက အပြုံးရိပ်တွေ စွန်းနေသော မျက်လုံးတို့ဖြင့် သူမကို ကြည့်ကာ ပုဇွန်ကို တူနှင့် ညှပ်ယူပြီး ပါးစပ်ထဲ ထည့်လိုက်၏။ ပြီးတော့ နူးညံ့စွာ ပြောလာခဲ့သည်။ “ အရသာရှိလိုက်တာ။ ” 


ရှန်းတန်ရဲ့ မျက်နှာက ချက်ချင်း နီရဲသွားလေသည်။ 


[ မကောင်းတဲ့ လူ။ ]


သူ သူမကို စိတ်မဝင်စားဘူး ဆိုတာကိုသာ မသိလျှင် သူ့ဆွဲဆောင်မှုအောက်မှာ ကျရှုံးလုနီးပါး အခြေအနေထိ ကျရောက်သွားမှာ ဖြစ်သည်။ 


ကောင်မလေးက ထမင်းကို ဒေါသတကြီး စားနေပုံမှာ ရှန်းတန်အား “ သူ ထမင်းအစား ငါ့ကို စားချင်နေတာလား မသိဘူး။ ” ဟူ၍ပင် အတွေးဝင်စေလေသည်။ 


လူတိုင်းက စိတ်မပါလက်မပါ ထမင်းစားနေကြတာ ဖြစ်ပြီး ရှန်းတန်က လွဲလို့ ဘယ်သူမှ ကောင်းကောင်း မစားကြပေ။ 


ထမင်းစားပြီးနောက် ရှန်းတန်သည် အစာကျေအောင် လမ်းလျှောက်ရန်အတွက် ဥယျာဉ်ထဲကို ဆင်းလာခဲ့လိုက်သည်။ 


အရသာရှိလွန်းတဲ့ အစားအသောက်တွေကို သူမ မတွန်းလှန်နိုင်ဘဲ အများကြီး စားခဲ့မိသဖြင့် ဗိုက်လေးလည်း ပူထွက်လာခဲ့ပါပြီ။ ကိုယ့်ပုံရိပ်ကို ထိန်းသိမ်းရမည် ဟူသော အတွေးက ခေါင်းထဲမှာ တဝဲဝဲ လည်နေသည်။ 


ဥယျာဉ်က လှပကျယ်ဝန်းသော်လည်း ခြင်တွေတော့ နည်းနည်းလေး များသည်။ 


ဖတ်။ 


ရှန်းတန်သည် သူမကို တိုက်ခိုက်ဖို့ ကြံနေသော ( ၃၈ ) ကောင်မြောက် ခြင်ကို သတ်ပစ်လိုက်၏။ 


“ ဟင်း ၊ နင် အရင်တုန်းက အရသာရှိတဲ့ အစားအသောက်တွေ တစ်ခါမှ မစားဖူးဘူးလား။ ” ပန်းရောင်မျက်လုံးပိုင်ရှင် ကောင်မလေးက အထင်တသေး ပြောလိုက်သည်။ 


ရှန်းတန်ကတော့ ရိုးသားစွာ ခေါင်းညိတ်ပြလိုက်ပါသည်။ “ အင်း ၊ အရင်က တစ်ခါမှ မစားဖူးဘူး။ ” 


ထိုတုံ့ပြန်စကားက ကောင်မလေးကို ဘာပြန်ပြောလို့ ပြောရမှန်း မသိအောင် ဆွံ့အသွားစေသည်။ 


ခဏကြာတော့မှ သူမလေးက ခြိမ်းခြောက်လာပြန်သည်။ “ ငါ နင့်ကို ပြောမယ် ၊ ငါ နင့်ကို ဘယ်တော့မှ အသိအမှတ်ပြုပေးမှာ မဟုတ်ဘူး။ အစ်ကိုကြီးနဲ့ လျန်ကျယ်ကျဲကမှ နတ်ဖက်တဲ့ စုံတွဲတွေပဲ။ ”


“ အိုး။ ” 


“ အထင်မှားမနေနဲ့။ လျန်ကျယ်ကျဲက ပြန်မလာသေးလို့သာ အစ်ကိုကြီးက နင့်ကို လက်ခံထားတာ။ သူမက ပြန်လာတာနဲ့ နင့်ကို ချက်ချင်း ကန်ထုတ်ပစ်လိုက်လိမ့်မယ်။ ” 


“ ဟုတ်လား … ” 


“ နင် ၊ နင် .. မကောင်းတဲ့ မိန်းမ။ ” ကောင်မလေးက ဒေါသထွက်ကာ ချက်ချင်း ပြေးထွက်သွား၏။ 


ရှန်းတန် သက်ပြင်းချလိုက်သည်။ သူမ ဘာမှ မလုပ်တာကို ကောင်းကင်နဲ့ မြေကြီး အသိပင်။ 


ဟူး ၊ လူချမ်းသာ မိသားစုဘဝက တကယ့်ကို အန္တရာယ်များပြီး မလွယ်တာပဲ။ 


“ မရီး ဝမ်းနည်းသွားတာလား။ ” 


ရှန်းတန် မော့ကြည့်လိုက်တော့ လသာဆောင်မှာ ရပ်ကာ ပျော်ပွဲရွှင်ပွဲ တစ်ခုကို ကြည့်နေသကဲ့သို့ သူမကို ကြည့်နေသော အပေါစားခင်ပွန်းရဲ့ ဒုတိယညီလေးကို မြင်လိုက်ရသည်။ 


သူ့ဆီမှာ မရီးလို့ အခေါ်ခံရတာကလဘာ့ကြောင့်မှန်းမသိ ထူးဆန်းနေသလို ခံစားရသည်။ 


သူ့ကို ကြည့်ရတာ သူမကို ဖြားယောင်းချင်နေသလိုပဲဟု ခံစားရသော်လည်း သူမမှာ ဘာသက်သေမှ မရှိပေ။ 


ယွမ် သန်း ( ၂၀၀ ) အကြောင်း ပြန်တွေးမိတော့ ရှန်းတန်သည် သတိကြီးကြီးထားကာ ခြေ တစ်လှမ်း နောက်ဆုတ်လိုက်သည်။ “ ဝမ်းနည်းစရာ ဘာရှိလို့လဲ။ ” 


“ အစ်ကိုကြီးက သူ့အချစ်ဇာတ်‌လမ်းဟောင်းလေးကို ပြန်အသက်သွင်းမှာကို မရီး မစိုးရိမ်ဘူးလား။ ” 


ရှန်းတန်ရဲ့ မျက်လုံးတွေက ဟိုဒီ ဝေ့လည်သွားပြီး ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။ “ အိုက်ယား။ အဲ့လို အေးစက်တဲ့ စကားတွေကို နင် ဘယ်လိုလုပ် လက်လွတ်စပယ် ပြောနိုင်ရတာလဲ။ ဟွိုင်အန်းက သူ့ဘဝမှာ ကျွန်မ တစ်ယောက်တည်းကိုပဲ ချစ်တာလို့ ပြောထားတယ်။ ကျွန်မ သူ့ကို ယုံတယ်။ ” 


အပေါ်ထပ်က ကုကျီနန်ရဲ့ အမူအရာဟာ ခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ 


သူ့ရဲ့ အေးတိအေးစက် အလုပ်သရဲ အစ်ကိုကြီးက အဲ့လို စကားမျိုးကို တကယ်ကြီး ပြောနိုင်တယ်ပေါ့ … ။ 


ရှန်းတန်သည် အခန်းထဲ ပြန်ရောက်လျှင် သူမရဲ့ အပေါစား ခင်ပွန်းနှင့် တစ်ခန်းထဲ အတူ နေရမည် ဆိုတာ သိသွားသည်။ 


ကံကောင်းစွာဖြင့် အတော်လေး ကျယ်ဝန်းသော အခန်းထဲမှာ ဆိုဖာရှည်ကြီး တစ်လုံးလည်း ရှိသည်။ 


ရေချိုးခန်းထဲကနေ ရေသံတွေကို ကြားနေရသည်။ ယောက်ျား တစ်ယောက်နှင့် တစ်ခန်းထဲ အတူ နေဖူးတာ ဒါ ပထမဆုံးအကြိမ်မို့ ရှန်းတန်သည် နည်းနည်းလေး အနေရခက်နေကာ ဂိမ်းဆော့ဖို့ ဖုန်းကို ထုတ်လိုက်သည်။ 


ခဏကြာတော့ ရေချိုခန်းထဲကနေ ရေသံတွေ ရပ်သွား၍ ဖုန်းကို ချပြီး လှမ်းကြည့်လိုက်သောအခါ ဝတ်ရုံရှည်ကို ခပ်တင်းတင်း ပတ်ချည်ဝတ်ဆင်ထားသည့် ကုဟွိုင်အန်းကို မြင်လိုက်ရ၏။ 


ရှန်းတန် : “ … ”


သူမရဲ့ မျက်လုံးထဲမှာ စိတ်ပျက်လက်ပျက် အရိပ်အယောင်တွေ ယှက်သန်းသွားသည်။ 


[ ထင်ထားတဲ့အတိုင်းပဲ ကြီးမြတ်ပြီး ကိုယ်ကျင့်တရားကောင်းတဲ့ ဥက္ကဥကုက ဝတ်ရုံရှည်ကို တင်းနေအောင် ပတ်ထားပါရောလား။ ]


[ ဟူး ၊ သူ့မှာ ကြွက်သားမြောင်းတွေ ရှိလား ဆိုတာ သိချင်လိုက်တာ။ ]


ကုဟွိုင်အန်းက သူ့ခါးချည်ကြိုးကို သေသေချာချာ တင်းနေအောင် ပတ်ချည်ထားလိုက်သည်။ 


ရှန်းတန်က အရင်ကတည်းက ဒီလို ပုံစံမျိုးလား။ 


ကုဟွိုင်အန်း တစ်ယောက် အတွေးထဲ နစ်မြုပ်သွားသည်။