အခန်း ( ၂၀ ) - ကျွန်တော့်မိန်းမက အဲ့နေရာမှာ ရှိနေတယ်
ကုဟွိုင်အန်း အိမ်သို့ပြန်ရောက်ချိန်တွင် ထင်ထားသည်နှင့်မတူဘဲ တိတ်ဆိတ်နေကြောင်း မြင်လိုက်ရသည်။
ကုဟွိုင်အန်းက ပေါ့ပေါ့ပါးပါးမေးဟန်ဖြင့် စကားစလိုက်သည်။ "မဒမ် ဘယ်မှာလဲ။"
အစ်မထောင်၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်နေသည်။ "မဒမ်က ရသစုံရှိုးတစ်ခုမှာ ပါဝင်ဖို့ ထွက်သွားပြီး အခု ကျွန်းတစ်ခုပေါ်မှာ ပိတ်မိနေတယ်၊ ဆရာ မဒမ်ကို ကယ်မှ ရမယ်။"
ဦးလေးဟယ်၏ မျက်နှာကလည်း သိပ်မကောင်းချေ။
ရှန်းတန်က ရသစုံရှိုးတွင် ပါဝင်ရန် ထွက်သွားခဲ့ကြောင်း သိစဉ်ကတည်းက သူတို့နှစ်ယောက်လုံး တစ်နေကုန် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေခဲ့ကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအောက်မှ ကောမန့်များမှာ အလွန်ကြမ်းကြုတ်လှသည်။ နှစ်ယောက်သားက ဖုန်းကိုထုတ်ပြီး ကိုးရိုးကားရားနိုင်စွာဖြင့် လူတိုင်းကို ရှင်းပြခဲ့သော်လည်း ရှန်းတန်၏ အရူးဖန်များဟု ခေါင်းစဉ်တပ်ခံခဲ့ရပြီး ဆွေမျိုး ( ၁၈ ) ဆက်လုံးပါ ကျိန်ဆဲခံခဲ့ရသည်။
အစ်မထောင်က မဒမ်မှာ ဤမျှသနားစရာကောင်းမည်ဟု မထင်ခဲ့ချေ။ ထိုစကားလုံးများကိုကြည့်ပြီး သူမပင် သည်းမခံနိုင်အောင်ဖြစ်နေရသော်လည်း မဒမ်က နှစ်ပေါင်းများစွာ သည်းခံခဲ့ရသည်။
ကုဟွိုင်အန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ "ငါ့ကို အချက်အလက်နဲ့ အတိအကျပြော။"
ဤသို့ဖြင့် အစ်မထောင်လည်း ဤနှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သမျှကို စကားတန်ဆာဆင်ကာ ချဲ့ကားပြောဆိုခဲ့လေသည်။
သူမ၏ စကားလုံးများထဲတွင် ရှန်းတန်က အင်တာနက်အသုံးပြုသူ ထောင်ပေါင်းများစွာထံမှ အပြစ်တင်ခံနေရသော သနားစရာ ကောင်မလေးတစ်ယောက် ဖြစ်နေခဲ့သည်။ ထို့အပြင် ယခုအချိန်၌ ကျွန်းတစ်ခုတွင် ပိတ်မိနေပြီး သေသလား ရှင်သလားပင် မသိချေ။
ကုဟွိုင်အန်း၏ မျက်နှာ မည်းမှောင်သွားခဲ့သည်။ "ဒီလို ကိစ္စမျိုး ဖြစ်နေတာတောင် ကျွန်တော့်ကို ဘာလို့ စောစောမပြောရတာလဲ။"
သူက ဖျော်ဖြေရေးလုပ်ငန်းမှ သတင်းများကို နားမစွင့်တတ်သဖြင့် ထိုအကြောင်းကို မသိခဲ့ချေ။
အစ်မထောင်၏ အမူအရာက တစ်မျိုး ဖြစ်သွားရသည်။ သူမက မပြောချင်တာတဲ့လား။ မပြောရဲတာလေ။
ဦးလေးဟယ်က ရှေ့သို့ ထွက်လာခဲ့သည်။ "ဦးလေး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ဖို့ ညွှန်ကြားထားပြီးပါပြီ၊ ရိုက်ကူးရေးအဖွဲ့ကလည်း လူတွေ ပို့ပြီးလောက်ပါပြီ၊ သူက အစိုးရိမ်လွန်နေတာပါ။"
ကုဟွိုင်အန်း၏ မျက်နှာ မဲမှောင်သွားပြီး လက်ထောင်ကန်းကို ချက်ချင်းဖုန်းဆက်လိုက်သည်။
ကျွန်းပေါ်တွင် ဖြစ်သည်။
ညဘက်အချိန်တွင် လှိုင်းလေထန်နေပြီး လေပြင်းများကလည်း တိုက်ခတ်နေကာ ပဲစေ့အရွယ် မိုးရေစက်များစွာ ကျဆင်းနေပြီး နေရာအနှံ့ကို ရွှဲရွှဲစိုနေစေသည်။
ဟော်ရင်ရင်က အဝတ်ပုံထဲတွင် ခွေနေပြီး မျက်ခုံးများကလည်း အိကျနေသည်။ "မိုးက ပိုပိုသည်းလာသလိုပဲ။"
ရုတ်တရက် မိုးခြိမ်းသံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး ဟော်ရင်ရင် ကြောက်လွန်းသဖြင့် ရှန်းတန်၏ လက်မောင်းကို ဖက်၍ အော်လေတော့သည်။ "အား၊ အစ်မရှန်းတန်၊ ညီမအရမ်းကြောက်တာပဲ။"
"မကြောက်နဲ့။ မကြောက်နဲ့။ အစ်မ ဒီမှာ ရှိတယ်နော်။"
ရှန်းတန်က နှစ်ဘဝလုံးတွင် မိဘမဲ့ဖြစ်သဖြင့်ကလေးများနှင့် ဆက်ဆံရာတွင် ကျွမ်းကျင်ပေသည်။ သူမက ဟော်ရင်ရင်ကို မသိစိတ်အရ ဖက်ထားပေးလိုက်ပြီး ခေါင်းလေးကိုပွတ်ကာ နောက်ကျောလေးကို ပုတ်ပေးလိုက်သည်။
ဟော်ရင်ရင် စိတ်ကျေနပ်စွာဖြင့် နှုတ်ခမ်းထောင့်လေးများ ကွေးညွတ်သွားခဲ့သည်။ အစ်မတန်တန်က အရမ်းချစ်ဖို့ကောင်းတာပဲ။
ဘေးနားမှ ဟဲယွမ်က မနာလိုဖြစ်သွားပြီး အောင်းကျစ်ဖျင်ကို မျှော်လင့်တကြီးကြည့်လိုက်လေသည်။
အောင်းကျစ်ဖျစ်။ "....."
သူ အလန့်တကြားမျက်လုံးပြူးသွားပြီး သူ့ရင်ဘတ်သူ အုပ်လိုက်သည်။
ဟဲယွမ် ကျောက်ကျဲ့ကို ကြည့်လိုက်ချိန်တွင် ကျောက်ကျဲ့က အေးစက်စွာဖြင့် အကြည့်လွှဲသွားခဲ့သည်။
ဟဲယွမ် ကျိုးဟောက်ကို လှမ်းကြည့်လိုက်သည်။ ကျိုးဟောက်က ချက်ချင်း မျက်ဆန်လှန်လိုက်သည်။ "ငါ့ကို လာမကြည့်နဲ့၊ ငါက လိင်တူဆက်ဆံရေးကို မုန်းတီးတဲ့လူ။"
ဟဲယွမ်။ "....."
"ငါ ကြိုပြောလိုက်မယ်၊ ငါက ဂေး မဟုတ်ဘူးနော်။"
"ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ်၊ မင်းက ဂေး မဟုတ်ပါဘူး၊ ယောကျာ်းတွေနဲ့ ပွတ်သီးပွတ်သပ်နေရတာပဲ ကြိုက်တာပါ။"
ဟဲယွမ်။ "....."
"ငါက တကယ် ဂေး မဟုတ်ဘူး။"
"ငါမင်းကို ယုံပါတယ်လို့ပြောနေတယ်လေ။"
ဟဲယွမ်က သူ ကျိုးဟောက်ကို ဒေါသထွက်လွန်း၍ သေတော့မည်ဟုခံစားနေရသည်။ တစ်ဖက်လူမှာ ပုံမှန်ဖြစ်နေပုံပေါ်သော်လည်း ပါးစပ်ဖွင့်လိုက်သည်နှင့် လူတိုင်းကို ရိုက်သတ်ချင်စိတ်ပေါ်လာအောင် လုပ်နိုင်သည်။
ထိုစကားဝိုင်းအပြီးတွင် လူတိုင်းက စိုးရိမ်ပူပန်ခြင်း သိပ်မရှိတော့ဘဲ စိတ်သက်သောင့်သက်သာဖြစ်သွားကြသည်။
ဟဲယွမ်က ရှန်းတန်ကို ကြည့်လိုက်သည်။ "အစ်မတန်တန်၊ ဘယ်လိုလုပ်ပြီး ဒီရှိုးမှာ ပါဝင်ဖြစ်တာလဲ။"
ရှန်းတန်၏ ဂုဏ်သတင်းက သိပ်မကောင်းသော်လည်း သူမ၏ နာမည်ကျော်ကြားမှုက သူတို့လို လူသစ်များထက် မြင့်မားပေသည်။
ရှန်းတန် သက်ပြင်းချလိုက်သည်။ "ငါ အစက ဒိတ်တင်းရှိုးမှာပါဖို့ တောင်းဆိုခံရပေမဲ့ ငါငြင်းလိုက်တော့ ဒီရှိုးမှာ ထည့်ပေးလိုက်တော့တာပဲ။"
"ဒိတ်တင်းရှိုးတဲ့လား၊ အချစ်ဘဝလို့ခေါ်တဲ့ရှိုးများလား။"
"ဟုတ်ပါ့။"
အောင်းကျစ်ဖျင်က အလွန်စိတ်လှုပ်ရှားသွားသည်။ "အဲ့ရှိုးက ဒီလောက် နာမည်ကြီးတာကို အစ်မက ငြင်းပစ်လိုက်တာပေါ့လေ။”
ရှန်းတန်က ထိုရှိုးမှာ အလွန်နာမည်ကြီးသော်လည်း ပါဝင်ပြီးသည်နှင့် အသက်ရှင်နိုင်ရန်က ပို၍အရေးကြီးသည်ဟု တွေးလိုက်မိသည်။ သူမ၏ ဘဝက ယခုတွင်ပင် အတော်လေး ဆိုးရွားနေပြီ ဖြစ်သည်။ ထိုရှိုးတွင်သာ ပါဝင်ပါက အပြင်ထွက်တိုင်း ကြက်ဥပုတ်များဖြင့် ပစ်ပေါက်ခံရလောက်မည်ဖြစ်သည်။
ရှန်းတန် ပြုံးလိုက်သည်။ "အစ်မရဲ့ ဂုဏ်သတင်းနဲ့ဆိုရင် သွားလိုက်ရင် စင်ဂယ်အဖြစ် ချန်ထားခံရတဲ့လူ ဖြစ်နေလိမ့်မယ်။"
မိန်းကလေးတစ်ယောက်အနေဖြင့် ဟော်ရင်ရင်က ပို၍ ဂရုစိုက်တတ်ပေသည်။ သူမ၏ မျက်ဝန်းထဲတွင် ရင်နာနေသော ခံစားချက်လေးများ ထွက်ပေါ်နေသည်။
"အစ်မတန်တန် စိတ်မပူနဲ့၊ ညီမက အစ်မကို အမြဲတမ်း ထောက်ပံ့ပေးနေမှာပါ။"
ရှန်းတန်။ "....."
ဒီကောင်မလေး ဘာတွေ ထပ်ပြီး စိတ်ကူးယဉ်နေပြန်ပြီလဲ။
ညဘက် ကင်းစောင့်ရန် လူအစဉ်သတ်မှတ်ပြီးနောက်တွင် လူတိုင်းက ထောက်ပံ့ရေးအိတ်များထဲမှ အိပ်ရာလိပ်များကိုထုတ်ပြီး အိပ်စက်ရန် ပြင်လိုက်ကြသည်။
အိပ်ရေးပျက်သောညတစ်ညပင်။
မနက်ရောက်လာသော်လည်း မိုးစဲသွားမည့် အရိပ်အယောင်လုံးဝမရှိချေ။ ဤသည်က လူတိုင်း၏နှလုံးသားကို လေးလံသွားစေပြီး စိတ်ဓာတ်ကျသွားစေခဲ့သည်။
ရှန်းတန်က ထောက်ပံ့ရေးအိတ်ထဲမှ အစားအသောက်များထုတ်၍ လူတိုင်းကို အညီအမျှ ခွဲဝေပေးလိုက်သည်။ "တစ်ခုခု စားထားကြ၊ ရိုက်ကူးရေးအဖွဲ့က ငါတို့ကို ဒီအတိုင်းတော့ မစွန့်ပစ်လောက်ကြပါဘူး။"
ခေါင်းဆောင်တစ်ယောက်၏ ဦးဆောင်မှုဟူသော ခံစားချက်တစ်ခုက ရှန်းတန်ထံမှ အခြားသူများဆီ သိမ်မွေ့စွာပျံ့နှံ့လာခဲ့သည်။ ပထမဆုံးအချက်အနေဖြင့် သူမက နာမည်အကြီးဆုံးဖြစ်၍ ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် သူမက အတည်ငြိမ်ဆုံးလူတစ်ယောက် ဖြစ်နေ၍ပင်။
အတွေးလွန်ခြင်းက အသုံးမဝင်ပေ။ ရှန်းတန်က အခြေအနေကိုလိုက်၍ နေထိုင်ရသည်ကို သဘောကျပြီး ပြဿနာဖြစ်လာလျှင် သက်သောင့်သက်သာအဖြစ်ဆုံး နည်းလမ်းဖြင့် နေထိုင်လေ့ ရှိသည်။
လူတိုင်း မနက်စာကို တိတ်တဆိတ် ထိုင်စားခဲ့ကြပြီး မတ်တတ်ရပ်၍ ဂူထဲတွင် လျှောက်ပတ်သွားကြည့်ခဲ့ကြသည်။
ရှန်းတန်က ထိုအခွင့်အရေးကိုယူပြီး မြွေများရှိနေမလားဟု လိုက်ကြည့်ခဲ့သည်။
ကံကောင်းစွာဖြင့် မြွေရှိနေသည့် လက္ခဏာကို မတွေ့ရသဖြင့် သူမကို အတော်လေး စိတ်သက်သာရာရသွားစေခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များ မည်သည့်အချိန်တွင် ရောက်လာမလဲ သိနိုင်ရန် နည်းလမ်း မရှိပေ။ သူတို့အားလုံး ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေပြီဖြစ်သည်။
သင်္ဘောဆိပ်ကမ်းတွင် ဖြစ်သည်။
လေနှင့် လှိုင်းလုံးများက အလွန်ကြီးမားနေသဖြင့် ဆိပ်ကမ်းရှိ သင်္ဘောများက ဘယ်ညာ ရှေ့နောက် ယိမ်းနွဲ့နေခဲ့သည်။
ဒါရိုက်တာက သူ့ထီးကို တင်းတင်းကြပ်ကြပ် ကိုင်ထားပြီး မျက်လုံးဖွင့်နိုင်ရန် အားယူ၍ မေးလိုက်သည်။ "အဲကို သွားဖို့ တကယ် နည်းလမ်း မရှိဘူးလား။"
အသားညိုညိုနှင့်လူက လေးပင်စွာ ခေါင်းခါပြလိုက်သည်။ "ဟင့်အင်း၊ အန္တရာယ်များလွန်းတယ်။"
ဒါရိုက်တာ၏ မျက်နှာတွင် ရေလား မျက်ရည်များ မခွဲခြားနိုင်သော ရေစီးကြောင်းတစ်ခု စီးကျလာသည်။ သူ အားပါးတရ ငိုချလုနီးနေပြီဖြစ်သည်။
ထို့နောက်တွင် ဇိမ်ခံကားများစွာ ရောက်ချလာသည်။
ထီးကိုင်းထားသော အနက်ရောင်ဝတ် ဒရိုင်ဘာတစ်ယောက် ထွက်လာပြီး ကား၏အခြားတစ်ဖက်သို့သွားကာ တံခါးဖွင့်ပေးလိုက်သည်။ ကားထံမှ ရှည်လျားလှသော ခြေထောက်တစ်ချောင်း ထွက်ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်ရုံဖြင့် ဒါရိုက်တာက သူ ထိုလူကို စော်ကားရန် မတတ်နိုင်ကြောင်း သိလိုက်ရသည်။
သူ ဘေးဖယ်ပေးလိုက်သော်လည်း ထိုလူက သူ့ထံ တည့်တည့်ရောက်လာမည်ဟု မထင်ထားခဲ့ပေ။
ဧည့်သည်ဖြစ်သူ၏ မျက်နှာကို ကြည့်ပြီး ဒါရိုက်တာ ပျာယာခတ်သွားရသည်။ ထိုမျက်နှာကို ပြာဖြစ်သွားလျှင်ပင် သူ မှတ်မိနေဆဲ ဖြစ်သည်။
"ကျွန်တော်က ဒါရိုက်တာပါ၊ အခု ရောက်လာရတာက…"
"ခင်ဗျားရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ပစ္စည်းက တည်နေရာကို လိုချင်တယ်။"
ထိုတိုက်ရိုက်ထုတ်လွှင့်မှုပစ္စည်းများတွင် တည်နေရာပြပစ္စည်းများ ရှိနေပြီး ပျောက်သွားလျှင် အလွယ်တကူ ပြန်ရှာနိုင်ရန် ဖြစ်သည်။
ဒါရိုက်တာက ပါးစပ်ဟလိုက်သော်လည်း ထိုလူက ဆက်ပြောလာသည်။ "ကျွန်တော့်မိန်းမက အဲ့မှာ ရှိနေတယ်။"
ဒါရိုက်တာ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ့မိန်းမက ဟော်ရင်ရင်လား၊ ရှန်းတန်လား။
သူ့စိတ်က မသိလိုက်မသိဘာသာဖြင့် ဟော်ရင်ရင်ဘက်ကို အလေးသာသွားသည်။ ရှန်းတန်က လှပသော်လည်း ဂုဏ်သတင်းက ဆိုးရွားလှပေသည်။
မိန်းမဟုခေါ်သော်လည်း အမှန်တကယ် မိန်းမ ဖြစ်နေသလား အပျော်လားတော့ သူ မသိပေ။
ထိုကဲ့သို့အရာမျိုးက ဤအသိုင်းအဝိုင်းတွင် ဖြစ်နေကြပင် ဖြစ်သည်။
သို့သော်လည်း ဤလူက လူကိုယ်တိုင် ရောက်လာသဖြင့် ထိုသူတို့၏ ဆက်ဆံရေးက သာမန် မဟုတ်လောက်ပေ။ အနာဂတ်တွင် သူ ဂရုစိုက်မှ ရပေတော့မည်။
တည်နေရာအချို့ကိုရပြီးနောက်တွင် ကုဟွိုင်အန်းနှင့် သူ့လူများက လှေပေါ်တက်၍ ထွက်ခွာကြလေသည်။
လှိုင်းလေထန်နေသော်လည်း သင်္ဘောက တည်ငြိမ်နေဆဲသာ ဖြစ်သည်။
ထိုအချင်းအရာကြောင့် ဒါရိုက်တာ၏ စိတ်က အတော်လေး သက်သာရာရသွားသည်။ ဒါက သူ့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်လေး လုံခြုံသွားပြီလို့ ဆိုလိုတာ မဟုတ်လား။